Pages

Thursday, December 27, 2007

မိမိနဲ့ ငါ ခဏခဏရန်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဦးကြီး ...

မိမိနဲ့ ငါ ခဏခဏရန်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဦးကြီး ...

ဒီနေ့ဟာ ... သိပ်ပြီးတော့ ချစ်ခင်စည်းလုံးကြတဲ့ ကျွန်တော်တို့ မိသားစုရဲ့ ဘ၀ထဲကနေ တစ်စုံတစ်ယောက်သောသူ အပြီးအပိုင်ထွက်ခွာသွားတဲ့နေ့တစ်နေ့ပါ ...။ ၇နှစ်ရှိခဲ့ပါပြီ ...။ တခုတ်တရကြီး သတိရနေတာမျိုးမဟုတ်ပေမယ့် ... ကျွန်တော် မမေ့ခဲ့တာ သေချာပါတယ် ...။ သူဟာ ကျွန်တော်တို့ မိသားစုထဲက အနုပညာနဲ့ပတ်သက်တဲ့ ပထမဆုံးမျိုးဆက်လို့ဆိုရင်မှားမယ်မထင်ပါဘူး ...။ သူကတော့ ကျွန်တော်တို့ မောင်နှမတွေအားလုံး ဦးကြီးလို့ခေါ်ကြတဲ့ အဖိုးအဖွားတို့ရဲ့ သားကြီး အမေတို့ အဒေါ်တို့ရဲ့ အစ်ကိုအကြီးဆုံး ဦးမျိုးညွှန့် (မျိုးရာဇာညွှန့်) ပါ ...။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ရဲ့ မိသားစုထဲမှာ ကျွန်တော့်ဦးကြီးရဲ့ အရင် ဘယ်သူမှ အနုပညာဆိုတာကို သိပ်ပြီးဝါသနာမပါခဲ့သလို ... လေးလေးနက်နက်လဲ မရှိခဲ့ဘူးထင်ပါတယ် ...။ ဦးကြီးက ဦးမင်းလူတို့နဲ့ သူငယ်ချင်းတွေပါ ...။ တက္ကသိုလ် တက်ကြတုန်းက သူတို့သူငယ်ချင်းတစ်စု စုပြီးထုတ်ကြတဲ့ ကဗျာစာအုပ်လေးတွေကို ကျွန်တော် ဖတ်ဖူးပါတယ် ...။ ဦးကြီးက အဲဒီ့တုန်းက မျိုးရာဇာညွန့်ဆိုတဲ့ နာမည်နဲ့ ကဗျာတွေရေးပါတယ် ...။ ဒါကတော့ ဦးကြီးတို့ ငယ်ငယ်က ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးထဲက ဦးကြီးရဲ့ လက်ရာတစ်ခုပါ ...။

နှလုံးသားမြို့တော်သာယာစေရမည်

တချိန်တခါက
လှပငြိမ်းချမ်းစွာ တည်ရှိနေခြင်းကြောင့်
နာမည်ကျော်ကြားခဲ့သော
ဤမြို့တော်ကြီးတွင်
အမုန်းမုန်တိုင်းဝင်နှောက်
ကြောက်စရာ့ငလျင်လှုပ်ခတ်
လောင်မီးကပ်ဆိုက်ရောက်ခဲ့ပါသည်။

ထိုအဖြစ်ဆိုးများကြောင့်

သစ္စာမြို့ရိုး
ပေါက်ကျိုးသွားသည်။

မေတ္တာအုတ်မြစ်
နွံနစ်သွားသည်။

မျက်ဝန်းရေကန်
ပြည့်လျှံသွားသည်။

အလွမ်းမီးခဲ
လောင်စွဲနေသည်။

ဝေဒနာမီးတောက်
ဖြိုးမောက်နေသည်။

သောကပြာတွေ
ကျန်ရစ်နေသည်။

အဆုံးအရှုံးပေါင်းများစွာနှင့်
ပျက်စီးယိုယွင်းသွားသော
နှလုံးသားမြို့တော်ကြီးအား
စည်ကားသိုက်မြိုက်စွာ
ပြန်လည်စည်ပင်သာယာရေးအတွက်
`မေတ္တာ´ဖြင့် ကူညီကြပါရန်။ ။


ကျွန်တော့် ဦးကြီးဟာ အနုပညာနဲ့ပတ်သက်လာရင် စိတ်ကူးစိတ်သန်းအရမ်းကောင်းပြီး “ဇ ရှိတယ်ဆိုတာကို ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်တောင် မှန်းဆနိုင်ခဲ့ပါတယ် ...။ သူ့အခန်းလေးမှာ ဆိုရင် စွန့်ပစ်ရမယ့် ပစ္စည်းအတိုအထွာလေးတွေကို ပေါင်းစပ်ပြီးလုပ်ထားတဲ့ အရုပ်ကလေးတွေရှိပါတယ် ...။ နောက်ပြီး ... လက်ရေးကို စတိုင်အမျိုးမျိုးနဲ့ထွင်ရေးထားတဲ့ သီချင်းစာအုပ်ကြီးတစ်အုပ်လဲ ရှိပါတယ် ...။ ဦးကြီးက ဂစ်တာတီးလဲ ကောင်းပါတယ် ...။ သူကြိုက်တဲ့သီချင်းတွေကို စာအုပ်ကြီးတစ်အုပ်ထဲမှာ လက်ရေးလှလှနဲ့ ပြန်ကူးထည့်ထားတတ်ပါတယ် ...။ ကျွန်တော်တို့ ဂစ်တာစတီးတတ်စအရွယ်က ဦးကြီးရဲ့ အဲဒီ့ စာအုပ်ကြီးနဲ့ လေ့ကျင့်ခဲ့ကြရတာလေ ...။ ဦးကြီးက ကျွန်တော့်ကို ဟိုလိုလုပ် ဒီလိုလုပ်ဆိုတာမျိုးသင်မပေးပေမယ့် ... အနုပညာနဲ့ပတ်သက်ရင် ဦးကြီးက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ် ...။ ဦးကြီးဟာ ကျွန်တော့်ကို အနုပညာနဲ့ပတ်သက်ပြီး အများကြီး နည်းပေးလမ်းပြလုပ်ခဲ့သလို ... ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ တပုံတခေါင်းကိုလဲ သူ့အသက်နဲ့ရင်းပြီး ပေးခဲ့ပါတယ် ...။

ကျွန်တော် ဦးကြီးရဲ့ ဘ၀အကြောင်းကို နဲနဲလောက်ပြောပြချင်ပါတယ် ...။ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ ကျွန်တော့်ဦးကြီးဟာ အနုပညာကို ကိုယ်တိုင်ကလည်း ၀ါသနာပါ ... အနုပညာနဲ့ ပတ်သက်တဲ့ “ဇ လဲ ရှိပေမယ့် ... ဘာကြောင့်များ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက်အဖြစ်ကို မရောက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် ဦးကြီး အကြောင်းကို စဉ်းစားမိတိုင်း အဖြေရှာကြည့်ခဲ့ဖူး ပါတယ် ...။

ကျွန်တော် တခါက ကဗျာစာအုပ်လေးတစ်အုပ်မှာ ဒီလိုရေးခဲ့ဖူးပါတယ် ...။

“အနုပညာသမားတစ်ယောက်ရဲ့စိတ်ဟာ နူးညံ့သိမ်မွေ့တယ် ... ဒါပေမယ့် အဲဒီ့နူးညံ့သိမ်မွေ့မှုဟာ ပျော့ညံ့မှုအသွင်ကို ပြောင်းမသွားဖို့တော့ အရေးကြီးတယ် ”လို့ ...

ဒီ ဒဿန ကို သင်ကြားပေးခဲ့တာ ကျွန်တော့်ရဲ့ဦးကြီးပေါ့ ...။ သူက အရမ်းအားနာတတ်တယ် ...။ သူတပါးရဲ့ ဆန္ဒကို ငြင်းဆန်လိုက်ဖို့ အရမ်းဝန်လေးတတ်တယ် ...။ သူ့ရဲ့နူးညံ့သိမ်မွေ့မှုက ပျော့ညံ့မှုအသွင်ကို ပြောင်းသွားတယ်လို့ ကျွန်တော်မြင်မိတယ် ...။ ဦးကြီးဟာ အနုပညာကို အရမ်းဝါသနာပါပေမယ့် မိဘတွေဖြစ်တဲ့ ကျွန်တော့်ရဲ့အဖိုးနဲ့အဖွားက လုံးဝကိုအားမပေးခဲ့ဘူး ...။ အဖိုးတို့အဖွားတို့က စာရေးဆရာလို့ဆိုရင် စီးကရက်လေးလက်ကြားညှပ်၊ လွယ်အိတ်ကလေးလွယ်ပြီး လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန်နဲ့ စကားတွေဖောင်ဖွဲ့နေတဲ့လူစားမျိုးလို့ပဲ မြင်ကြတယ် ...။ ခေတ်ကာလကလည်း အဲဒီ့အတိုင်းကို ဖြစ်နေတဲ့ ခေတ်ပေါ့ ...။ အဲဒီ့တော့လဲ အနုပညာနဲ့ပတ်သက်ပြီး ပါရမီရှင်ဖြစ်လာရမယ့် ဦးကြီးဟာ ၀ါသနာရှင်အဆင့်မှာပဲရပ်ပြီး ... မိဘတွေရဲ့သဘောအတိုင်း ... အနုပညာနဲ့မပတ်သက်တဲ့ အခြားသော အလုပ်တွေကိုပဲလုပ်ခဲ့ရတယ် ...။ အဲ ... အနုပညာနဲ့နီးစပ်တာဆိုလို့ စာပုံနှိပ်စက်တစ်ခုတော့ လုပ်ခဲ့ဖူးတယ် ... ဒါပေမယ့် အဲဒီ့တုန်းကလဲ မအောင်မြင်ခဲ့ဘူး။ ကျွန်တော့်အထင်တော့ “လုပ်ချင်တာတွေလုပ်နိုင်ဖို့ လုပ်သင့်တာအချို့ကို အရင်ဆုံးလုပ်ရမယ်” ဆိုတဲ့ အတွေးမျိုးကို ဦးကြီး မတွေးခဲ့မိဘူးလို့ စဉ်းစားမိတယ်။ အဲဒါကြောင့်လဲ ... သူဝါသနာမပါပဲ လုပ်ခဲ့တဲ့ အလုပ်တွေ ဘာတစ်ခုမှ မဖြစ်မြောက်ခဲ့တာပေါ့ ...။

“အခြေအနေအရ အခွင့်အရေးမပေးသေးတဲ့ အခါမှ ကိုတကယ်လုပ်ချင်နေတာတွေကို ခဏဘေးဖယ် ထားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို သေသေချာချာလုပ်ဖို့ လိုတယ်၊ နောက် ... ကို့ရဲ့ တကယ့်ယုံကြည်ချက်ကို မပျောက်ပျက်အောင်ထိန်းသိမ်းပြီး လုပ်ခွင့်ရမယ့် အခွင့်အရေးတွေကို မျက်ခြေမပျက် စောင့်ကြည့်နေရမယ် ... အခွင့်အရေးရတာနဲ့ ကိုလုပ်ချင်တာတွေကို နဲနဲချင်းလုပ်ယူသွားရမယ် ”

အဲဒီ့ ဒဿနကိုလဲ ဦးကြီးက ကျွန်တော့်ကို သင်ပေးခဲ့တာပဲ ...။ ဦးကြီးရဲ့ အမျိုးသမီးကလည်း ဦးကြီးရဲ့ စိတ်ကို နားမလည်ဘူးလို့ပြောလို့ရတယ် ...။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်လဲဆိုတော့ မိဘတွေနဲ့ ဇနီးရဲ့ အလိုကိုလိုက်ပြီး ဦးကြီးက သူ့ရဲ့ ယုံကြည်ချက်တွေ၊ သူ့ရဲ့ဝါသနာတွေ၊ သူရင်ခုန်ရူးသွတ်တာတွေ အားလုံးကို စွန့်လွှတ်လိုက်တယ် ...။ ကိုယ် ယုံကြည်ရာပန်းတိုင်တစ်ခုကို ကို ယုံကြည်ရာလမ်းကြောင်းကနေ လျှောက်နေတာမျိုး မဟုတ်တော့ပဲ သူများအလိုကျနေနေရတဲ့ ဘ၀ဖြစ်သွားတယ် ...။ သူ ... ဘယ်ပျော်မလဲ ...။ ကျွန်တော် ခံစားလို့ရတယ် ...။ မိဘတွေလွှတ်၊ ဇနီးကလည်း အားပေးလို့ နိုင်ငံခြားကို မသွားချင်ပဲ သူသွားခဲ့တယ်။ စာရေးနေရမယ့်လက်တွေ၊ ဂစ်တာတီးနေရတဲ့လက်တွေ၊ အနုပညာပစ္စည်းတွေကို ဖန်တီးနေရမယ့် လက်တွေက ပင်လယ်ကူးသင်္ဘောကြီးရဲ့ ၀မ်းဗိုက်ထဲက ဓါတုဗေဒဆေးရည်တွေနဲ့ မိတ်ဖွဲ့နေရတယ်။ ဆိုးတာက သူ ... အနုပညာအလုပ်တွေကို မရရတဲ့အချိန်မှာ ဆက်လုပ်နေသင့်ပေမယ့် မလုပ်ပဲ အရက်ပဲလှိမ့်သောက်နေတာပဲ ...။ အဲဒါနဲ့ သူ တဖြေးဖြေး အရက်စွဲလာခဲ့တယ် ...။ အဲဒီ့လိုနဲ့ ရန်ကုန်ပြန်လာတယ် ... အိမ်ထောင်ရေး အဆင်မပြေဘူး ...။ အရက်တွေပဲလှိမ့်သောက်တယ် ...။ အဲဒီ့လိုနဲ့ ... သူ့ရဲ့သွေးတွေဟာ အယ်လကိုဟော (Alcohol) အငွေ့မပါပဲ မလည်ပတ်တော့ဘူးဆိုတဲ့ အဆင့်ကို ရောက်သွားတယ် ...။ အရက်ဖြတ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားကြပေမယ့် ... မအောင်မြင်ခဲ့ဘူး ...။ အရက်က သူ့ကိုနိုင်သွားပြီ ...။ သက်မဲ့အရာတစ်ခုဖြစ်တဲ့ အရက်က သက်ရှိလူသားတစ်ယောက်ရဲ့ဘ၀ကို ဟိုးချောက်နက်နက်ထဲ ဆွဲချသွားတယ် ...။ အားလုံးကတော့ ပြောကြတယ် ... ဦးကြီးက အရက်ကြောင့်သေရတယ်တဲ့ ...။ ကျွန်တော်ကတော့ မထင်ဘူး ... အရက်တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး ... ... ... ... ။

“ လုပ်ချင်တာတစ်ခုနဲ့လုပ်သင့်တာတစ်ခု တစ်ခုခုကိုပဲ မဖြစ်မနေရွေးချယ်ရတော့မယ်ဆိုရင်တော့ ... လုပ်ချင်တာတွေကိုသာလုပ်လိုက်ပါ ... ခဏလေးရတဲ့လူ့ဘ၀တစ်ခုကို ဘာဖြစ်လို့ စိတ်ညစ်ခံနေပြီး ကုန်ဆုံးမှာလဲဗျာ ...”

ကျွန်တော့်ကို ဦးကြီး ဘ၀နဲ့ရင်းပြီး ပေးခဲ့တဲ့ သင်ခန်းစာတွေ ၊ ဒဿနတွေအများကြီးပါ ...။ အဲဒီ့သင်ခန်းစာတွေ အဲဒီ့ ဒဿနတွေနဲ့ ကျွန်တော်ကတော့ အခုအချိန်အထိ လုပ်သင့်တာလေးတွေနဲ့ လုပ်ချင်တာလေးတွေကို ... ပါးပါးနပ်နပ်နဲ့ ပိုင်းခြားပြီးလုပ်နေနိုင်တုန်းပါ ...။ ဒါပေမယ့် ဦးကြီးပေးခဲ့တဲ့ သင်ခန်းစာတွေကို ကျွန်တော်အမှန်တကယ်ကျေညက်ရဲ့လားဆိုတာကိုတော့ ကျန်သေးတဲ့ ဘ၀တစ်လျှောက်လုံးစာ ကျွန်တော့်ကို ကျွန်တော့် စောင့်ကြည့်ရပါဦးမယ် ...။ သေချာတာတစ်ခုကတော့ ဘယ်သူကမှ အနုပညာကိုချစ်မြတ်နိုးတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို ချွေးသိပ်လို့မရနိုင်ဘူး ဆိုတာပါပဲ ...။ ဦးကြီး ကောင်းရာသုဂတိမှာ သူချစ်မြတ်နိုးတဲ့ အနုပညာနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်နိုင်ပါစေ ဗျာ ...။

PS - ကျွန်တော်တို့မိသားစုကို ခွဲခွာသွားတာ ၇နှစ်ရှိသွားပြီဖြစ်တဲ့ ဦးကြီးကို ရည်စူးပြီး ဒီစာစုလေးကို ရေးပါတယ် ...။ ကျွန်တော့်ရဲ့ ဦးကြီးရေးခဲ့တဲ့ မိမိနဲ့ငါရန်ဖြစ်ခြင်းဆိုတဲ့ ကဗျာခေါင်းစဉ်လေးကို ဒီပို့စ်လေးရဲ့ ခေါင်းစဉ်မှာ ယူသုံးထားပါတယ် ...။ ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ အဲဒီ့ကဗျာလေးကို ကျွန်တော်ရန်ကုန်ပြန်ရောက်တဲ့အခါ ပြန်ရှာပြီးတင်ပေးပါဦးမယ် ...။

11 comments:

Anonymous said...

That is one of my favourite Haymar Nay Win's songs.

Thet Htoo@Myat Lone said...

အကိုရေ။ အကို့ဦးကြီးကို ကိုယ်ချင်းစာပါတယ်ခင်ဗျာ။ အဲဒါကြောင့် ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ရည်းစားစကားပြောဖို့ပဲ ကြံစည်တာပေါ့။ ငါနဲ့ မိမိ ရန်မဖြစ်ချင်တော့ဘူး။

su wai said...

ဘဘအတွက် အမှတ်တရ ရေးထားတဲ့ ပို့စ်လေးကို ဖတ်ပြီး ဆုဝေ ဖေဖေ့ကို သတိရမိတယ်…။ ငယ်ငယ်ကဆို ဖေဖေနဲ့မြို့ထဲလိုက်တိုင်း ဘဘနဲ့ ခဏခဏ ဆုံဖြစ်တယ်။ သဘောကောင်းတဲ့ ဘဘက တွေ့လိုက်တိုင်း ၀မ်းသာအားရ အပြုံးနဲ့ နှုတ်ဆက်တတ်တာ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါပဲ။ ဖေဖေနဲ့ ဘဘက တကယ့်ကို ၀ါသနာတူတွေပါ။ သီချင်းလေးတွေကို လက်ရေးနဲ့ ကူးတတ်တာကအစ ကဗျာစာအုပ်ထုတ်ဖို့ ၀ါသနာကြီးတာ အဆုံးပေါ့…။ ခုဆို ဘဘဆုံးတာ ၇ နှစ် ပြည့်သွားသလို ဖေဖေဆုံးတာလဲ ၄ နှစ်ကျော်သွားပါပြီ။ အကိုဆုတောင်းသလို ကောင်းရာသုဂတိမှာ ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေ လုပ်ပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုဝေလဲ ဆုတောင်းပေးပါတယ်။

MELODYMAUNG said...

ဦးကြီးကဗျာလေးခိုက်တယ်ကွ ဦးကြီးကာင်းရာသုဂတိမှာ ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေ လုပ်ပြီး ပျော်ရွှင်နိုင်ပါစေလေ

Anonymous said...

တသက်လုံး မလုပ်ချင်တာတွေ သိမ်းကြုံး လုပ်ရင်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာတွေထက် ဘ၀ရဲ့ နောက်ဆုံး အချိန်လေးမှာ လုပ်ချင်တာလေး လုပ်လိုက်ရလို့ ဖြစ်လာတဲ့ ပီတိက မနှိုင်းယှဉ် သာအောင် ပို ခံစားလို့ ကောင်းတယ် မလဲနိုင်ဘူး။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီတဲ့.. ကိုယ်လုပ်တဲ့ အလုပ်က သူတပါးကို ဘယ်လိုနည်းနဲ့မှ မထိခိုက်လို့ ကတော့ ချသာချ.. နို့မို့ရင် နောက်ဆုံး ထွက်သက်မှာ ၀မ်းနည်း နေရရင် ဘ၀ကူး ကောင်းမှာ မဟုတ်ဘူး

Anonymous said...

ဒါပေမယ့် အနုပညာသမား စစ်စစ် ဆိုတာ ပေးဆပ်ဖို့ အတွက် လူဖြစ်လာတာမို့ ကိုယ့်ဖန်တီးမှု တိုင်းဟာ လောက ကောင်းကျိုးဆိုတဲ့ စိတ်စေတနာ ကတော့ ကောင်းရာမွန်ရာကို ရောက်စေမှာ အသေအချာပါ

Unknown said...
This comment has been removed by a blog administrator.
Unknown said...
This comment has been removed by a blog administrator.
Anonymous said...

ဦးကြီးမရှိတော့တာ၇နှစ်ရှိပြီနော်ကျွန်တော်ဂီတဆိုတာကို
နားထောင်သူသက်သက်အနေနဲ.ကနေကိုယ်တိုင်ဖန်တီး
နိုင်ဖို.ဂစ်တာကို၇တန်းနှစ်မှာဦးကြီးစသင်ပေးခဲ့ပါတယ်။
အခုဆိုဦးကြီးတီးခဲ့တဲ့ဂစ်တာနဲ.ဦးကြီးရဲ.သီချင်းစာအုပ်ကိ
ုကျွန်တော်သိမ်းထားတာ၇နှစ်ရှိပြီပေါ့။၂၈ရက်နေ.ညက
ဦးကြီးရဲ့သီချင်းစာအုပ်ထဲကကျွန်တော်ရတဲ့သီချင်း
အကုန်လုံးကိုကျွန်တော်ထိုင်တီးပြီးဆိုဖြစ်ပါတယ်။
ကျွန်တော့်ဦးကြီးတစ်နေရာရာကနားထောင်နေမှာပါ။

Anonymous said...

Zarkino

I knew his poem when I high school student . I sorry for him bro ,he's is my favourite artist but I can't understand why can't I find his poem & now I knew.So sorry for u lost & his position.

Anonymous said...

KO nay myo,
Ah myan sone loot myawt par say....
Get the dinner with your lovely family as soon as possible....