Pages

Friday, December 7, 2007

ကလေးတွေ ပညာသင်နိုင်ကြစေဖို့ ...

ကလေးတွေ ပညာသင်နိုင်ကြစေဖို့ ...

လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေရင်း စားပွဲထိုးလေးနှစ်ယောက်ကို ခေါ်ပြီး အသက်မေးလိုက်တော့ တစ်ယောက်က ၁၆နှစ်၊ နောက်တစ်ယောက်က ၁၃ နှစ်။ ညဘက် လိုင်းကားစီးပြီး အိမ်ကိုပြန်တော့ ၁၀၅ကားပေါ်မှာ ပါးစပ်ကနေ မိုက်မိုက်ရိုင်းရိုင်းတွေပြောပြီး စပယ်ယာလုပ်နေတဲ့ကောင်လေးရဲ့ အသက်ကို ခန့်မှန်းကြည့်တော့ အလွန်ဆုံးရှိမှ ၁၄ နှစ်၊ ဟိုနားဒီနားသွားချင်လို့ ဆိုက်ကားငှားမယ်လုပ်တော့ နင်းတဲ့သူက ကလေးဖြစ်နေတာနဲ့ မင်းငါ့ကိုတင်နင်းနိုင်လို့လားလို့မေးတော့ နောက်ထပ်နှစ်ယောက်တောင် ထပ်တင်လို့ ရသေးတယ်တဲ့၊ သူရဲ့အသက်ကလည်း အလွန်ဆုံးရှိမှ ၁၆နှစ်၊ အိမ်မှာ ညနေပိုင်း ကော်ဖီလေးထိုင်သောက်နေတုန်း ... စာအုပ်အဟောင်းတွေဝယ်တယ်၊ ဒန်တွေဝယ်တယ်၊ ကော်တွေဝယ်တယ် ... ဆိုတဲ့ အသံစာစာလေးကိုကြားလို့ လှမ်းကြည့်လိုက်တော့ ... ၁၃နှစ်သာသာ လောက်ပဲရှိဦးမယ့် ကောင်လေးတစ်ယောက် ...။ ဒါတွေဟာ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်တွေပါ ... ။ လူ့လောကကြီးထဲက လက်တွေ့ဘ၀တွေထဲကို ဆင်းပြီး အမြင်အာရုံရှင်းရှင်းနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး မြင်နိုင်တဲ့မြင်ကွင်းတွေလဲဖြစ်ပါတယ် ...။ ဒီကလေးတွေရဲ့အနာဂတ်အိပ်မက်တွေဟာ ဘာတွေလဲ ...။ ဆရာဝန်ကြီးလား ... မဖြစ်နိုင်ပါဘူး၊ အင်ဂျင်နီယာကြီးလား ... ဒါဟာလဲ တော်တော်ကိုဝေးပါတယ်၊ ဒါဆို အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးလား ... ဟင့်အင်းလို့ပဲဖြေရမှာပါ ...။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ် ...။ ဒီကလေးငယ်တွေဟာ အခုအရွယ်ကတည်းက ကျောင်းမနေနိုင်ရှာပဲ မိသားစုရဲ့ စားဝတ်နေရေးအတွက် ရရာအလုပ်ကိုဝင်လုပ်နေကြရပြီဆိုတော့ သူတို့ရဲ့ အနာဂတ်ဟာ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သာမာန် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ဘ၀တစ်ခုထက်ဘယ်လိုမှ ပိုလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အဲဒါတွေထက်ပိုတဲ့ တစ်စုံတစ်ယောက် တစ်စုံတစ်ဦး အဖြစ်ကိုရောက်သွားနိုင်ပါတယ် ...။ တစ်ခုတည်းလိုတာပါ ... သူတို့ရဲ့ဘ၀တွေကို ဆွဲတင်ဖို့အားအင်ပြည့်ဝတဲ့ လက်တစ်ဖက်ပဲလိုတာပါ ...။ အဲဒီလက်တစ်ဖက်ဟာ ခင်ဗျားရဲ့လက်ဖြစ်နိုင်သလို၊ ကျွန်တော့်ရဲ့လက်လဲ ဖြစ်နိုင်သလို၊ လူအားလုံးထဲက တစ်ယောက်ယောက်ရဲ့လက်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေရဲ့ ဘ၀ကို ဆွဲတင်မြင့်မားစေမယ့် လက်တစ်ဖက် ဖြစ်နိုင်ခွင့်တွေရှိနေပါတယ် ...။ အဲဒီ့လိုဖြစ်နိုင်ဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့စိတ်ထဲမှာ တစ်ခုတည်း ရှိနေဖို့လိုတာပါ ...။ အဲဒါကတော့ ကိုယ်ချင်းစာစိတ်ပါ ...။

တော်တော်များများကတော့ ကျောင်းတက်ပြီး ပညာရှာမှီးနေရမယ့် အရွယ်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရတဲ့ ကလေးငယ်တွေကိုမြင်တဲ့အခါ ဘယ်လိုတွေးကြမယ် ဆိုတာမသိပေမယ့် ... ကျွန်တော်ကတော့ ဒီကလေးတွေရဲ့ဘ၀၊ ဒီကလေးတွေကို ဒီလိုဖြစ်နေစေတဲ့ သူတို့ မိဘတွေရဲ့ဘ၀၊ နောက်ပြီး ဒီကလေးတွေရဲ့အနာဂတ် ... ၊ ဒီလိုကလေးမျိုးတွေလူကြီးဖြစ်လာပြီး တစ်ယောက် တစ်နေရာစီကနေ ၀င်ပါကြမယ့် နိုင်ငံရဲ့ အနာဂတ် ...၊ ပြီးတော့ ဒီကလေးတွေရေးထွင်းရမယ့် ... နိုင်ငံရဲ့သမိုင်း စာမျက်နှာအသစ် တွေ ... စတာ စတာတွေအထိကို အတွေးနယ်ချဲ့ မိပါတယ် ...။ ဒါဟာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်သလို အချိန်မီပြောင်းပစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ လဲကျွန်တော်မြင်ပါတယ် ...။ ဒါကြောင့်လဲ ... ဒီပြဿနာကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဥာဏ်မီသလောက်လေး အခါခါ စဉ်းစားအဖြေရှာကြည့်ခဲ့ဖူးပါတယ်။

ပထမဦးဆုံးအနေနဲ့ ဒီကလေးတွေကို ဒီလိုအခြေအနေရောက်လာစေတဲ့ အခြေခံအချက်ကတော့ သူတို့မိဘတွေရဲ့ ဘ၀အခြေအနေပဲဖြစ်ပါတယ်။ မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဆိုတဲ့ မိဘတို့ရဲ့ ၀တ္တရားငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်ပြီး အရေးအကြီးဆုံး၊ အခြေခံအကျဆုံးဖြစ်တဲ့ အတတ်ပညာသင်ကြားပေးရမယ်ဆိုတဲ့ ၀တ္တရားကို မိဘတွေတော်တော်များများက မကျေပွန်နိုင်ကြတော့တဲ့အချက်ကို သွားတွေ့ရပါတယ် …။ တကယ်တမ်းသေသေချာချာ စဉ်းစားမယ်ဆိုရင် အဲဒီ့ဝတ္တရားငါးပါးထဲက အတတ်သင်စေဆိုတဲ့ ၀တ္တရားတစ်ပါးကိုသာ မိဘတိုင်းကျေနိုင်မယ်ဆိုရင် … အခြားဝတ္တရားတွေကိုပါ အလိုလို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ …။ ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်ဟာ ကောင်းမှုနဲ့ မကောင်းမှုကို အတိုင်းအတာတစ်ခုအထိ ခွဲခြားတတ်သွားပါတယ် …။ နောက်ပြီး … ကိုယ်တတ်တဲ့ ပညာနဲ့ အရင်းအနှီးကို ကိုယ်တိုင်ရှာဖွေရပ်တည်နိုင်စွမ်းလဲရှိသွားနိုင်ပါတယ် …။ ပညာရေးဆုံးခန်းတိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါ သင့်တင့်လျောက်ပတ်တဲ့ အသိတရားရှိနေပြီဖြစ်တာကြောင့် ထိမ်းမြားလက်ထက်မှုတစ်ခုကိုလဲ သူ့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း ရှိသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အခြားဝတ္တရားတွေမကျေချင်နေပါစေ … အတတ်သင်စေဆိုတဲ့ ၀တ္တရားလေးတစ်ခုကိုတော့ တတ်စွမ်းသမျှကျေပွန်အောင် ထမ်းဆောင်သင့်ကြတယ်လို့ မြင်ပါတယ်။ ဒါက ကျွန်တော်ဖြစ်စေချင်တဲ့ဆန္ဒပါ …။ ဒါပေမယ့် … တကယ့်လက်တွေ့ဘ၀မှာ ကျွန်တော်တို့တွေ့နေရတာက ဒီတာဝန်လေးတစ်ခုကိုတောင် မကျေနိုင်ကြတဲ့ မိဘတွေကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်တွေ မြှုတ်နှံစတေးပစ်နေရတဲ့ မြင်ကွင်းတွေပါ။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ ဆိုတာကိုထပ်စဉ်းစား ကြည့်တဲ့အခါမှာ အခြေခံလူတန်းစားအလွှာတွေရဲ့ အသိပညာဗဟုသုတချို့တဲ့မှုကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေပြန်တာကို တွေ့ရပါတယ် …။ ကိုယ်မွေးလာမယ့် ကလေးတွေကို တာဝန်ယူနိုင်တဲ့ အခြေအနေ ကိုယ့်မှာ မရှိသေးဘူးဆိုရင် … ကလေးမယူသေးလို့ရပါတယ် …။ ဒါပေမယ့် အဲဒီ့လို အသိတွေအခြေခံလူတန်းစားအလွှာမှာ ရှိမနေပါဘူး။ စားဝတ်နေရေးအတွက် အချိန်မအားမလပ်အောင်ကို ရုန်းကန်လှုပ်ရှားနေရလို့ ကျန်တာတွေအတွက် ဘယ်လိုမှ စဉ်းစားချိန်မရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပြဿနာရဲ့ အကြောင်းရင်းကို စဉ်းစားကြည့်နေတာဖြစ်ပါတယ် …။ ဟုတ်ပါပြီ … အခု ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ပါမယ် …။ အခြေခံလူတန်းစားတွေကို သားစပ်ခြားရေးနဲ့ပတ်သက်တဲ့ အသိတွေကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့လိုပါတယ် …။ နောက်ပြီး … လူတိုင်းရဲ့ အခြေခံစားဝတ်နေရေးပြေလည်နေစေဖို့ကိုလဲ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ရပါမယ် …။ ပညာမသင်နိုင်ပဲ အလုပ်ထွက်လုပ်နေရတဲ့ကလေးငယ်တစ်ယောက်ရဲ့ဘ၀ကို ကယ်တင်ချင်တယ်ဆိုရင် အဲဒီ့ကလေးငယ်ရဲ့ မိသားစုရှိရာကို သွားပြီး အဲဒီ့မိသားစုထဲက မိခင်နဲ့ ဖခင်ကို သားစပ်ခြားရေးအသိပညာတွေပေးရပါမယ် …။ ပြီးရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်အတွက် … မိသားစုတစ်စုလုံးရဲ့ အခြေခံစားဝတ်နေရေးကိုတာဝန်ယူနိုင်လောက်တဲ့ အလုပ်တစ်ခုခုကို စီမံပေးဖို့လဲ လိုပါလိမ့်မယ် …။ ဒီလိုလုပ်နိုင်မယ်ဆိုရင် … အဲဒီ့ မိသားစုတစ်စုအတွက် အဲဒီ့ ပြဿနာဟာ ပြေလည်သွားနိုင်ပါတယ် …။ ဒါပေမယ့် အဲဒီ့လိုမိသားစုတွေများစွာရှိနေပါတယ် …။ ဒါကြောင့် အဲဒီ့လိုမိသားစုတွေ အားလုံးရဲ့ ဘ၀ကို ဆွဲတင်ဖို့ဆိုတာကတော့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့အားနဲ့ မရနိုင်တော့ပါဘူး …။

ဒါဆို နောက်ထပ်အခြေအနေတစ်ခုကို စဉ်းစားကြည့်ပါမယ် …။ အထက်မှာ စဉ်းစားခဲ့တာက ကလေးရော၊ သူ့မိသားစုကိုပါ ဆွဲတင်ဖို့ကြိုးစားတဲ့နည်းပါ …။ အဲဒီ့လိုမျိုးလုပ်နိုင်ဖို့ သိပ်မလွယ်ကူဘူးဆိုရင် … ကလေးနဲ့ မိသားစုကိုခွဲပြီး ကျွန်တော်တို့စဉ်းစားကြည့်ပါမယ် …။ ပညာမသင်နိုင်ပဲ အလုပ်ထွက်လုပ်နေရတဲ့ ကလေးငယ်တွေကို အခြေခံအားဖြင့် နှစ်ပိုင်းခွဲလို့ရပါတယ် … တစ်မျိုးကတော့ မိဘက ကျောင်းဆက်မထားနိုင်တော့လို့ ဒီအတိုင်းအအားမနေခိုင်းချင်တာနဲ့ အလုပ်ထွက်လုပ်ခိုင်းထားတာမျိုးပါ။ မိဘက သူ့အပေါ်မှာ မှီခိုနေရတာမျိုး မဟုတ်သေးပါဘူး။ နောက်တစ်မျိုးကကျတော့ … မိသားစုရဲ့ စားဝတ်နေရေးအတွက် ကိုယ်တိုင်ကကို တစ်တပ်တစ်အား ပိုက်ဆံထွက်ရှာမှရတော့မယ်ဆိုတဲ့ အခြေအနေကို ရောက်လာလို့ ကျောင်းထွက်ပြီး ငွေရှာနေရတာမျိုးပါ။ ဒါမျိုးဆိုရင်တော့ သူ့ရဲ့လုပ်အားခကို မိသားစုက မှီခိုနေရတာမျိုးဖြစ်သွားပါပြီ။ ပထမကလေးမျိုးဆိုရင်တော့ သူ့ကို အလုပ်မလုပ်ခိုင်းပဲ ကျောင်းထားပေးမယ်ဆိုရင် မိဘတွေအနေနဲ့ အလွယ်တကူ ကြည်ကြည်ဖြူဖြူလက်ခံကြမှာဖြစ်ပေမယ့် … ဒုတိယကလေးမျိုးဆိုရင်တော့ … သူ့ကို မိသားစုကနေခွဲထုတ်ပြီး သူ့ဘ၀ကို မြှင့်တင်ပေးချင်တယ်ဆိုတဲ့နေရာမှာ အခက်အခဲတွေရှိလာပါတယ် …။

ဒီဆောင်းပါးလေးရေးနေတုန်း ... စိတ်ကသိကအောင့်ဖြစ်စရာကိစ္စလေးတွေပေါ်လာတာနဲ့ ဆက်ရေးဖို့ရာ အာရုံမလာဘူးဖြစ်သွားတယ်။ ဒါပေမယ့် ဆက်ရေးမှာပါ ...။ ကျွန်တော့်သူငယ်ချင်းတွေလဲ စိတ်ပါရင် ကျွန်တော်နဲ့ အတူတူ ပူးပေါင်းခေါင်းစားနိုင်ပါတယ် ...။ လုပ်ရပ်တွေအားလုံးဟာ စိတ်ကူးတွေမှာ အခြေတည်ခဲ့ကြတာပဲ မဟုတ်လားဗျာ ...။

4 comments:

Anonymous said...

Why kids has to work.. it is because of the poverty..
why there is poverty.. it is because of the Government's mismanagement
why there is mismanagement.. recent government officials don't have ability to manage the country..
How can we change it.. Change the government.. "CNG" is the only solution to solve that problem.

Anonymous said...

Why kids have to work.. it is because of the poverty..
why there is poverty.. it is because of the Government's mismanagement
why there is mismanagement.. recent government officials don't have ability to manage the country..
How can we change it.. Change the government.. "CNG" is the only solution to solve that problem.

Anonymous said...

မိဘတစ်ဦးတစ်ယောက်၊အိမ်ထောင်စုတစ်ခုသာမက
အဖွဲ့ အစည်းတစ်ခုလည်းဆိုင်ပါတယ်။
ကျောင်းမှာပညာသင်ရမဲ့အချိန်မှာကျောင်းထဲကိုရောက်
အောင်ခေါ်ယူရမှာကသက်ဆိုင်ရာပညာရေးဌာန
နဲ့ အစိုးရရဲ့ တာဝန်ပါ။
အကယ်ရ်ျအကြောင်းကြောင်းကြောင့်ထွက်ရင်တောင်မှ
ညဖက်မှာပညာသင်ပေးတဲ့ကျောင်းလိုမျိုး၊အသက်မွေးဝမ်း
ကျောင်းကိုတဖက်တလမ်းမှအထောက်အကူပညာကိုပံပိုး
ပေးရမှာပါ။သက်ကြီးသင်ပညာရေးမျိုးကိုပံပိုးပေးသင့်ပါတယ်။
ိိအစိုးရအနေနဲလည်းပညာရေးစစ်တမ်းလိုမျိုးကို
ကောက်ပြီး လိုအပ်တဲ့၊ထိရောက်တဲ့စနစ်မျိုးကို
ချမှတ်သင့်ပါပြီး၊
ဝင်ငွေနည်းမိသားစုကမြန်မာလူငယ်တွေအတွက်
စိတ်မကောင်းစရာပါပဲ။

MELODYMAUNG said...

ကလေးတွေကို ကျောင်းထားပေးဖို့
အင်း ငါတို့ စဉ်းစားဖူးတယ်
ကော့မှူး ဆင်ခြံကျေးရွာမှာ ဘုန်းကြီးသင် စာသင်ကျောင်းရှိတယ်
4တန်းထိပီးတာနဲ့ ထွက်ပြီး အလုပ်လုပ်ကြတယ်
မြို့တက်ပြီး စာသင်နိုင်ကြဘူး
ကျောင်းလဲဆောက်ပေးပြီးပြီ
ဆရာဆရာမတွေလဲ ခေါ်ထားတယ်
တလကို အသုံးစားရိတ် (ဗလာစာအုပ်ဖိုး+စာရေးကိရိယာ+ ပုံနှိပ်စာအုပ် အပါအ၀င်) အတွက် အလှူရှင်တွေလဲရှိတယ်
အစိုးရကျောင်းအတွက် တက်ဖို့ စားရိတ်မတတ်နိုင်လို့ မတက်ပေမဲ့
အဲ့ ဘုန်းကြီးကျောင်းမှာတော့ ဘုန်းကြီး အမိန့်နဲ့ မတက်မနေရ 4တန်းလောက်ထိတော့
ကျောင်းတက်တယ်ဗျ
ဒါပေသိ အလယ်တန်းတက်မဲ့ အရွယ်မှာ ထပ်မတက်ချင်ကြတော့ဘူး
အလုပ်လုပ်ပြီး အိမ်က မိသားစု အတွက် တတပ်တအား ပိုက်ဆံရှာကြရတယ်
ကျောင်းနေလဲပျော်ပါတယ်တဲ့
ဒါပေသိ ကျောင်းပြီးမှ ပိုက်ဆံဘယ်လောက်ရှာနိုင်မှာထက်
ကျောင်းဆက်မတက်ပဲ ပိုက်ဆံရှာလဲ အခြေအနေသိပ်မကွာပါဘူး
စောစော အလုပ်လုပ်ရတာပဲ ရှိတယ်လို့ မြင်ကြပါတယ်ခင်ဗျ
အဓိကက ပညာတတ်ဘွဲ့ရဖြစ်စေချင်ပေမဲ့
ဘယ်လောက်ရမှာလဲ ဘယ်လောက်တောင် အချိန်တွေ ရင်းနှီးမြှုပ်နှံရမှာလဲဆိုတာ တွက်ချက်တတ်ကြတယ်
သူတို့တွေ တချို့တွေက နလပိန်းတုံးမဟုတ်ဘူး
အဲလိုပေမဲ့ part time အလုပ်လဲလုပ်လို့ရအောင် စီစဉ်ပေး ကျောင်းလဲ တက်ခိုင်းပေးလို့ရရင်တော့ မဆိုးဘူးထင်ရဲ့
ဘယ်တော့စမှာလဲ အချိန်မဆွဲနဲ့ ခုစလေ
အဲဒီကလေးတွေဘ၀ကို ဆွဲတင်ဖို့လို့ လှုပ်ရှားမှု တခုခု
ငွေ၊ အချိန်၊ လုပ်အား
ဒါပေသိ ငါတို့လက်တဖက်တည်းဆိုရင် ဘယ်လောက်ထိနိုင်မှာလဲ
လက်တွေတွဲလိုက်ရင်တော့...
ငါက ဟိုမှာတွဲလိုက် ဒီမှာ တွဲလိုက်ပါလေ
နင်လက်ပေးရင် လာတွဲမယ် ရယ်ဒီပါပဲနော်..