Pages

Thursday, April 19, 2012

သင်္ကြန်ခရီးစဉ် ... (၂)


           ဒုတိယအကြတ်နေ့ညနေပိုင်းမှာ … ရွာတစ်ရွာက ညီငယ်တစ်ယောက်ရောက်လာပြီး … အိုင်သပြုနဲ့ ငါးသို်င်းချောင်းကြားမှာ ဆည်ဆောက်ဖို့အတွက် မြေတွေဖို့တာ ပါသွားတဲ့ လယ်ကွက်တွေကို လျှော်ကြေးမပေးဘူး ဆိုတဲ့အကြောင်း၊ခမောက်စုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ကျောင်းသား၊ ကျောင်းသူတွေစီကနေ … ပိုက်ဆံတွေအကောက်ကြမ်းပြီး ခြံတွေတစ်ခြံပြီးတစ်ခြံဝယ်နေတယ်ဆိုတဲ့အကြောင်း ၊စာမေးပွဲကြေး ၇၀၀ ကိုလည်း တစ်ယောက် ၇၀၀၀ ကောက်ပြီး ဆရာမကြီးနဲ့ အကြံပေးဆရာ တစ်ယောက် တို့ ပေါင်းစားနေတယ်ဆိုတဲ့အကြောင်း … တွေလာပြောပြကြတယ်။ မသိနားမလည် တဲ့ တောသူတောင်သားတွေကို လည်မျိုညှစ်ပြီး စီးပွားရှာနေတဲ့ အကျင့်ပျက်လူယုတ်မာတွေရဲ့ ရန်က တော်တော်မသေးပါလားလို့ ကိုယ်တွေးမိပြီး … ဥပဒေဘောင်ထဲကနေ ဘယ်လိုဘယ်လိုမျိုးတွေ လုပ်သင့်တယ်ဆိုတဲ့ အကြောင်း အကြံပေးလိုက်ပြီး ၊ ကိုယ်ကိုယ်တိုင်းလဲ  ဒီလိုမျိုးကိစ္စတွေ ပပျောက်သွားအောင် တတ်နိုင်သလောက် ကြိုးစားပေးမယ့် အကြောင်း ကတိပေးလိုက်တယ်။ တောသူတောင်သားတွေရဲ့ ရိုးသားမှု၊ အသိအမြင် နည်းပါးမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားအတွက် ရသလောက်ချူယူနေတဲ့ တောကြောင်တွေ လက်ခမောင်းဆက်မခတ်နိုင်အောင် ကိုယ်တို့အားလုံး တာဝန်သိသိနဲ့ ကြိုးစားကြဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အသေအချာပဲ။ မီဒီယာတွေကိုလည်း … မြို့ကြီးပြကြီးတွေနဲ့ နာမည်ကြီးတွေ နောက်ကိုချည်း  လျှောက်လိုက်မနေပဲ နယ်ဝေးဒေသတွေအထိ ခြေဆန့်ကြရင် သိပ်ကောင်းမှာပဲလို့လဲ တွေးမိတယ်။ မြို့ကြီးပြကြီးနဲ့ ဝေးလံခေါင်သီတဲ့ တောရွာကျေးလက်က ပြည်သူတွေရဲ့ ရင်ထဲမှာ မကျက်သေးတဲ့ အနာရွတ်တွေပေါ် ဒဏ်ရာတွေ ထပ်ထပ်ပြီးရနေတုန်းပဲ … ပြီးတော့ … သူတို့မှာ ပြောချင်နေကြတဲ့စကားတွေများစွာကို နှုတ်ခမ်းကိုက်ပြီး မြိုသိပ်ထားရတဲ့ မချိမဆန့် ရင်ဘတ်တွေလဲ ရှိကြသေးတယ်။ ပြည်သူ့အသံကို တကယ်ဖော်ထုတ်ချင်တယ်ဆိုရင် … သူတို့တွေကို ကိုယ်တို့ ဘယ်လိုချန်ထားခဲ့လို့ဖြစ်မှာလဲ ။
          အတက်နေ့ နေ့လည်စာဆွမ်းစားပြီးတော့ လူထွက်ဖို့အတွက်ကျောင်းထိုင်ဘုန်းဘုန်းက သိက္ခာချပေးတယ်။ ဘုန်းကြီးအဖြစ်ကနေ ကိုရင်၊ ကိုရင်အဖြစ်ကနေမှ သာမာန်လူ ဆိုတဲ့အဆင့်နှစ်ဆင့်ကို ဆရာတော်တိုင်ပေးတာတွေလိုက်ဆိုပြီးမှပဲ သာမာန်လူပြန်ဖြစ်တယ်။ ရဟန်းသံဃာဖြစ်ဖို့မလွယ်သလို၊ လူပြန်ထွက်ရတာလဲ လွယ်လွယ်နဲ့မပြီးဘူးလို့ ဆရာတော်ကပြောတယ်။ ရဟန်းတော်တွေကို သင်္ဃန်းဆွဲချွတ်လိုက်ရုံနဲ့ သိက္ခာကျမသွားဘူးဆိုတာကို ဆရာတော်က သေသေချာချာရှင်းပြတယ်။ လူထွက်ပြီးပြီးချင်းပဲ ၁၉ ဂျူလိုင်မှာ ကျဆုံး သွားတဲ့ အာဇာနည်တွေထဲက တစ်ဦးဖြစ်တဲ့မန်းဘခိုင်ရဲ့ အမျိုးတွေရှိရာ ယုန်တလင်းကျေးရွာလေးကို ကိုယ်တို့တွေထွက်ခဲ့ကြတယ်။ ငါးသိုင်းချောင်းသူနဲ့ညားပြီး ရွာမရောက်တာကြာပြီဖြစ်တဲ့ အိုင်သပြုသား ကိုပေါက်ကြီးက သူ့ကားနဲ့လိုက်ပို့ပေးလို့ ကိုယ်တို့တွေ ချောချောမောမောနဲ့ ယုန်တလင်းကိုရောက်သွားကြတယ်။ ယုန်တလင်းက အိုင်သပြုနဲ့ဆို ၁၀မိုင်လောက်ဝေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဟင်္သာတမှာ ဆုတော်ငွေ ငါးကျပ်ထုတ်တဲ့ကာလ … ဒေါ်မေရီလှတောက ဗိုလ်ချုပ်ကိုခေါ်လာပြီး ဗိုလ်ချုပ်ကိုရန်ကုန်ပြန်ပို့ပေးဖို့ ကရင်လူမျိုးမန်းဘခိုင်ကို အကူအညီ တောင်းတယ်။

Wednesday, April 18, 2012

သင်္ကြန်ခရီးစဉ် ...


၁၁.၀၄.၂၀၁၂ မနက် ၅နာရီထွက်မယ်လို့ ချိန်းထားကြပေမယ့် ထုံးစံအတိုင်း ကိုယ်တို့တွေ ၆နာရီကျော်မှ ထွက်ဖြစ်ကြတယ် …။ အဖွား၊ အဖေ၊အမေ၊ဦးလေး၊ အဒေါ်တွေနဲ့ စုစုပေါင်း ကိုယ်တို့ ၁၁ ယောက်ပေါ့။ ကားပေါ်မှာ အလှူအတွက် ပစ္စည်းတွေပါတယ်ဆိုပေမယ့် ကိုယ်တို့တွေ ချောင်ချောင်ချိချိပါပဲ။ လှိုင်သာယာကားဂိတ်အနားရောက်ခါနီးမှာ သင်္ကြန်တွင်း ရန်ကုန်ကနေ နယ်ပြန်ကြတဲ့သူတွေများတာကြောင့် ကားတွေပိတ်နေလိုက်တာ နာရီဝက်နီးပါးလောက်ကြာသွားတယ် …။ နယ်တွေကနေ ရန်ကုန်တက်လာကြပြီး အလုပ်လုပ်နေကြသူတွေများနေခြင်းဟာ … အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်တယ် ဆိုပေမယ့် ကိုယ်ကတော့ ဒါဟာ တိုးတက်မှု မညီမျှခြင်းရဲ့ ပြယုဂ်တစ်ခုပဲလို့ မြင်မိတယ်။ သင်္ကြန်တွင်း ခရီးထွက်ကြ သူတွေများ တာကြောင့်လဲ ကားဂိတ်မှာ ကားတွေကျပ်နေတာ ဖြစ်နိုင်ပါတယ်။ သင်္ကြန်ကျဖို့ တစ်ရက်လိုသေး တယ်ဆိုပေမယ့် … လမ်းမှာ အချို့သူတွေက ရေပက်ချင်စိတ်တွေ ထိမ်းမရသိမ်းမရပေါ်နေကြပြီထင်ပါရဲ့ … ရေသန့်ဗူးထဲကရေတွေနဲ့ ကားကိုလှမ်းလှမ်းပက်ကြသေးတယ်။ ဗိုလ်မြတ်ထွန်းတံတားကိုဖြတ် အပြီး ပြည်ကြီးတံခွန်မှာ အစာပြေ၀င်စားတော့ အချိန်က ၈နာရီထိုးလုနေပြီ … ငါးသိုင်းချောင်းကို ၁၀နာရီခွဲလောက်ရောက်ပြီး ရွာကို ဖုန်းဆင်းအဆက်မှာ အသိတစ်ယောက်နဲ့တွေ့တာနဲ့ သူကအအေးဗူးတွေ ၀ယ်တိုက်လိုက်သေးတယ်။ ပြီးတော့ နောက်ထပ် နာရီဝက်လောက် ထပ်မောင်းအပြီး ၁၁ နာရီထိုးခါနီးမှာပဲ … ကိုယ်တို့ရဲ့ ဦးတည်ရာရွာလေးဖြစ်တဲ့ အိုင်သပြုရွာကို ရောက်သွားတယ်။ ငါးသိုင်းချောင်းကနေ အိုင်သပြုကို ၀င်တဲ့လမ်းက ဖုန်ထူတော့ ကိုယ်တို့တွေ အားလုံး ဖုန်တွေနဲ့ ဖွေးနေတော့တာပေါ့။
အိုင်သပြုအနီးအနားရွာတွေက တွေ့ချင်လို့ဆိုပြီးရောက်နေကြတဲ့ ဧည့်သည်တွေနဲ့ အသစ်ဆောက် ထားတဲ့ ဆွမ်းလောင်းရုံလေးမှာ ခဏတဖြုတ်စုပြီး စကားပြောဖြစ်တယ် …။ တက္ကသိုလ်ကျောင်းက ဆရာမတွေက သူတို့ကျောင်းက ကျောင်းသားတွေ ကျောင်းသားသမဂ္ဂဖွဲ့တဲ့ ကိစ္စကို ပညာရေးမှူးက ခွင့်မပြုတဲ့အကြောင်းပြောကြတယ် …။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက ခွင့်ပြုထားပြီးသား အခွင့်အရေးဖြစ်ပြီး … ဒါကို တားမြစ်သူဟာ ဖွဲ့စည်းပုံကို ဆန့်ကျင်တာပဲ လို့ ပြောပြလိုက်တယ်။ ဒီမိုကရေစီအလေ့အထကို နားမလည်သေးကြတဲ့သူတွေရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ ရှိနေသေးသရွေ့တော့ ကိုယ်တို့တိုင်းပြည်ဟာ အမှန်တကယ်ဒီမိုကရေစီရပါပြီလို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်ကြဦးမှာ မဟုတ်ဘူး။ ဒီလိုမျိုးသူတွေရဲ့ မသိနားမလည်မှုကို လည်စင်းမခံကြရဖို့လဲ ကိုယ်တို့လိုပြည်သူတွေဘက်က ဒီမိုကရေစီစနစ်တစ်ခုကနေ ကိုယ့်ကိုပေးထားတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေက ဘာလဲ၊ ကိုယ့်ရဲ့တာဝန်တွေကရောဘာတွေလဲဆိုတာကို သိအောင် ကြိုးစားကြသင့်တယ် နောက်ပြီး ကိုယ့်အခွင့်အရေးကို မရရင် ရအောင်တောင်းယူတတ်ဖို့နဲ့ ကိုယ့်ရဲ့ တာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်ကြဖို့ လဲ အရေးကြီးသေးတယ်လို့ ပြောဖြစ် တယ်။ 

Friday, April 6, 2012

ပွင့်ရဲတဲ့ပန်း

မကြာမီ ပန်းပွင့်ချိန်ရောက်တော့မယ်…အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရရီနဲ့ နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။တိုးတိုးလွှ လွှ တိုက်ခတ် လာတဲ့ လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကိုသယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့ သတင်းကို ….ပန်းဥယျဉ်မှူးကြီး ဆီသယ်ဆောင်သွားတယ်….။ အဲဒီ လိုနဲ့….တစ်ရက်…နှစ်ရက်….သုံးရက်…. ရေလောင်း၊ပေါင်းသင်၊ ပိုးရှင်း…….။သူ့ဘက်ကတာဝန် တွေ မလစ်ဟင်းပါပဲနဲ့ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါ လိမ့်?။ ဥယာဉ်မှူးနဲနဲစိတ်ညစ်လာတယ်။တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ မ၀ံမရဲ ထင်နေမိတယ်။ သူထင်သလိုပါပဲ…..ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်း ကပ်လွဲပြီး မပွင့်နိုင်ပဲ ဖြစ်နေကြ တယ်။ အနီရောင်အဆင်းကို ဆောင်ထားတဲ့ နှင်းဆီနီရဲ့ စကားတစ်ခွန်းကနေစတဲ့ ပြ ဿနာပေါ့….။

“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ကောင်မလေးကအရမ်းကြိုက်တာကွ…..ဒီအပင်ကပွင့် သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး…အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရ တာ ချည်းပဲ…..လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်း သက်မရှည်ရှာ ဘူးပေါ့ကွာ….အဲဒါကြောင့် ငါလဲပွင့်လိုက်ဖို့အရေးတွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ…..”

နှင်းဆီနီရဲ့စကားကိုကြားတော့…အရင်ကဘာမှမစဉ်းစားမိကြတဲ့ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး….သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေ အကြောင်းကို ကိုယ်စီ ကိုယ်စီပြန်တွေးမိကြတယ်။ကိုယ့်အတွေးနဲ့ကိုယ်…..။ သူတို့တွေ တိုးတိုးလေးစီးမျောနေကြ တုန်းမှာ အ၀ါရောင်နှင်းဆီဖူးတွေများစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ် ထဲက စကားတစ်စကို ထုတ်ပြောပြတယ်…။

“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက် အစောကြီး ရောက်ချလာတယ်။ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှမရောင်းနဲ့လို့ …..ပွင့်ပွင့်ချင်း အကုန်လုံးသူယူမယ်လို့ပြောတာ…..ငါသေသေချာချာကြီးကို ကြားလိုက်ရ တယ်ကွ”