Pages

Friday, April 6, 2012

ပွင့်ရဲတဲ့ပန်း

မကြာမီ ပန်းပွင့်ချိန်ရောက်တော့မယ်…အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရရီနဲ့ နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။တိုးတိုးလွှ လွှ တိုက်ခတ် လာတဲ့ လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကိုသယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့ သတင်းကို ….ပန်းဥယျဉ်မှူးကြီး ဆီသယ်ဆောင်သွားတယ်….။ အဲဒီ လိုနဲ့….တစ်ရက်…နှစ်ရက်….သုံးရက်…. ရေလောင်း၊ပေါင်းသင်၊ ပိုးရှင်း…….။သူ့ဘက်ကတာဝန် တွေ မလစ်ဟင်းပါပဲနဲ့ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါ လိမ့်?။ ဥယာဉ်မှူးနဲနဲစိတ်ညစ်လာတယ်။တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ မ၀ံမရဲ ထင်နေမိတယ်။ သူထင်သလိုပါပဲ…..ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်း ကပ်လွဲပြီး မပွင့်နိုင်ပဲ ဖြစ်နေကြ တယ်။ အနီရောင်အဆင်းကို ဆောင်ထားတဲ့ နှင်းဆီနီရဲ့ စကားတစ်ခွန်းကနေစတဲ့ ပြ ဿနာပေါ့….။

“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ကောင်မလေးကအရမ်းကြိုက်တာကွ…..ဒီအပင်ကပွင့် သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး…အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရ တာ ချည်းပဲ…..လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်း သက်မရှည်ရှာ ဘူးပေါ့ကွာ….အဲဒါကြောင့် ငါလဲပွင့်လိုက်ဖို့အရေးတွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ…..”

နှင်းဆီနီရဲ့စကားကိုကြားတော့…အရင်ကဘာမှမစဉ်းစားမိကြတဲ့ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး….သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေ အကြောင်းကို ကိုယ်စီ ကိုယ်စီပြန်တွေးမိကြတယ်။ကိုယ့်အတွေးနဲ့ကိုယ်…..။ သူတို့တွေ တိုးတိုးလေးစီးမျောနေကြ တုန်းမှာ အ၀ါရောင်နှင်းဆီဖူးတွေများစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ် ထဲက စကားတစ်စကို ထုတ်ပြောပြတယ်…။

“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက် အစောကြီး ရောက်ချလာတယ်။ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှမရောင်းနဲ့လို့ …..ပွင့်ပွင့်ချင်း အကုန်လုံးသူယူမယ်လို့ပြောတာ…..ငါသေသေချာချာကြီးကို ကြားလိုက်ရ တယ်ကွ”
       
“သူက နှင်းဆီဝါတွေအများကြီး ဘာလုပ်မလို့လဲမသိဘူးနော်…..” 
  
ပန်းနုရောင်ရေမွှေးနှင်းဆီလေးရဲ့ ကြားဖြတ် အမေးကို နှင်းဆီဝါ၀ါလေးက သူ့စကားကို ဆက်ပြောပြီး ဖြေပေးတယ်….။
  
“အိမ်တွင်းရဲက ငြိမ်ငြိမ်လေးဖြစ်ရအောင်  နှင်းဆီအ၀ါတွေ  ဘုရားပန်းတင်ရမယ်လို့ သူ့ဗေဒင်ဆရာ က ဟောလိုက်တယ်လို့ ဆက်ပြောသေးတယ်ကွ  ”
           
သူ့ရဲ့ စကားအဆုံးမှာပဲ သက်ပျင်းချသံ အရှည်ကြီးတစ်ခု နင်းဆီဝါတွေစုနေတဲ့ ဘက်ကနေထွက်လာတယ်…..။စကားတစ်ခွန်းနဲ့ အတူပေါ့……

“ဟင်….ဒါဆို ငါတို့လည်း ပွင့်ပွင့်ချင်းပဲ အခူးခံရပြီး အဲဒီအဘွားကြီးရဲ့ ဘုရားစင်ရှိရာ ကို တစ်အုံတစ်မကြီးချီတက်ရမှာပေါ့နော်…..မပွင့်ပဲ ဒီအတိုင်းငုံနေတာပဲကောင်းမယ်ထင်ပါ တယ် ကွာ…"

နှင်းဆီဝါတွေရဲ့ ညဉ်းတွားသံသဲ့သဲ့အဆုံးမှာ ပန်းနုရောင်ရေမွှေးနှင်းဆီလေးကလည်း  သူသိထားတဲ့ အရင်က သူ့နောင်တော်ပန်းပွင့်တွေရဲ့ ဖြစ်အင်ကို ၀င်ပြောတယ်။

“ကျွန်တော်အရင်က အခုးခံရတဲ့ နောင်တော် ပန်းပွင့်တွေရဲ့ ဖြစ်အင်ကတော့ စုံတယ်ဗျ……။ရနံ့က အခြားသူတွေထက်ပိုမွှေးလေတော့ ဧည့်ခန်းထဲမှာထိုး၊စားကြည့်စားပွဲ မှာ ထိုးနဲ့ အဆိုးဆုံးကတော့ မှောင်မှောင်မဲမဲ စာအုပ်တွေကြားထဲ အညှပ်ခံရတာပါပဲဗျ…..။အဆိုးဆုံးရဲ့ အဆိုးဆုံးက ကွယ်လွန်သူတွေရဲ့ မန္ဓာကိုယ်အနှံ့မှာ အ ပုပ်နံ့ပျောက်အောင်သွားနေရတဲ့ အဖြစ်ပေါ့ဗျာ…..ကျွန်တော်လဲပွင့်ပြီးရင် ဘယ်ဘ၀ရောက် မယ်မသိပါဘူး”

 ရေမွှေးနှင်းဆီလေးရဲ့ စကားကို သဘောကျလို့အားလုံး မချိပြုံးလေးတွေကိုယ်စီနဲ့ဖြစ်သွား ချိန်မှာပဲ…..အဖြူရောင်နှင်းဆီပွင့်လေးက သူခံစားနေရတဲ့ ဝေဒနာကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ဟတယ်…

"ပန်းပွင့်တွေအားလုံးကတော့အခူးခံလိုက်ရပြီးတစ်နေရာရာ ရောက်သွားမှာကို ကြောက်နေကြတယ် ... ငါကတော့ တမျိုးကွ….အခူးခံရမှာကိုမကြောက်ဘူး…..ငါပွင့်လိုက်ပြီဆိုတာနဲ့ ဘယ် ကမှန်းမသိရောက်ရောက်လာကြပြီး ငါ့ရဲ့ နှလုံးသားတည့်တည့်ကို နှာခေါင်းချွန်ချွန်တွေနဲ့ လာ လာထိုးကြတဲ့…..ပျားတို့၊ပိတုန်းတို့ဆိုတဲ့ အကောင်တွေကို အကြောက်ဆုံးပဲ……"

နှင်းဆီဖြူလေးရဲ့ စကားကို နှင်းဆီနီက ‘ဒါလည်းဟုတ်တာပဲ’ဆိုတဲ့ အာလုပ်စကားနဲ့ ထောက်ခံပြီး သူဘ၀င်မကျတာတစ်ခုကိုပါ ထပ်မံတင်ပြပြန်တယ်။

‘ဥယျာဉ်မှုးက ငါတို့ကိုခူးခုးပြီး သူ့ကောင်မလေးကို  မပေးခင်မှာ ဆူးတွေကို ဓားနဲ့ခုတ် ခုတ်ပစ်တာကလည်း ဆိုးလွန်းပါတယ်ကွာ….နှင်းဆီသိက္ခာကျတယ်……’

အဲဒီလို…အဲဒီလို…တစ်ခွန်း…တစ်ခွန်းနဲ့ စကားလုံးတွေဖောင်ဖွဲ့ မပွင့်ရဲခြင်းပြဿနာ တက်နေလိုက်တာ….နေမင်းတောင် အနောက်ဘက်ယွန်းယွန်းမှာမေးတင်ရင်းတစ်နေ့တာ အတွက် 
 နောက်ဆုံးနှုတ်ဆက်ချိန်ကိုရောက်လာခဲ့တယ်။ထူးခြားတာကတော့စကားဝိုင်းတစ် လျှောက်လုံးဘာမှဝင်မပြောပဲ…..ငြိမ်ငြိမ်ကလေးစဉ်းစားခန်းဝင်နေတဲ့ နှင်းဆီဖူးလေးတစ်ဖူးရှိ တယ်….။သူက အနက်ရောင်…..။သေချာအောင်ထပ်ပြောရရင် နှင်းဆီနက်….။အခြားနှင်းဆီ တွေအားလုံး မရေရာတဲ့ တွေးဆချက်တွေနဲ့ သေချာတဲ့ ဆုံးဖြတ်ချက် တစ်ခုကိုမချနိုင်ပဲ… နောက်တစ်နေ့ဆီကို လေးပင်တဲ့ စိတ်တွေနဲ့ ဒီအတိုင်း ကူးဖြတ်လိုက်ကြဖို့ ပြင်ဆင်နေချိန်မှာ…။အဲဒီနှင်းဆီနက်လေးရဲ့ တစ်ခွန်းတည်းသောစကားက ဆည်းဆာ နဲ့ အတူ ပီပီသသ လျှံကျလာတယ်…..။

‘မနက်ဖြန်မနက် အာရုဏ်ကျင်းတာနဲ့ ပွင့်ပစ်လိုက်ဖို့ ငါဆုံးဖြတ်လိုက်ပြီ……’

အိပ်ဖို့ပြင်ဆင်နေကြတဲ့ အားလုံးရဲ့ မျက်လုံးတွေ အဲဒီစကားကြောင့် ပြန်ကျယ်သွား ကြတယ်။ ဘယ်လိုဖြစ်တာလဲ……ပွင့်ပစ်လိုက်ဖို့ သူများတွေ ကြောက်ရွံ့တွံ့ဆုပ်နေချိန်မှာ… သူက ဘာကြောင့်ကောက်ကာငင်ကာ ရဲရင့်သွားရတာလဲ…….

‘မင်းတို့ပြောနေတာတွေကိုကြားရင်းအတွေးတစ်မျိုးရသွားလို့ပါ…’ 

သူကတည်တည် ငြိမ်ငြိမ်နဲ့ ပြောနေပေမယ့် အားလုံးကပြာပြာသလဲနဲ့မေးကြတယ်။

“မင်းကို တစ်ယောက်ယောက်က ခူးပြီး ခေါင်းပေါ်ပန်ပစ်လိုက်မှာကို မကြောက်ဖူး  လား ………..”

“ဟင့်အင်း…..ငါ့ရဲ့ အလှနဲ့ ပေါင်းစပ်ပြီး ပန်လိုက်တဲ့သူရဲ့ အလှပိုလို့တင့်တယ်သွား 
 နိုင်တာပဲလေ…ဒီအတွက်သူကျေနပ်နိုင်သလို ….ငါလည်းကျေနပ်နိုင်ပါတယ်”

“ဘုရားခန်းကျဉ်းကျဉ်းလေးထဲမှာ ညှိုးနွမ်းသွားတဲ့ အချိန်ထိနေရင်း ဘ၀ဆုံးသွား မှာကို ရောမကြောက်ဘူးလား……”

“ဘုရားစင်ရဲ့ ခန်းနားသပ္ပာယ်မှုကို ငါတို့ရဲ့ လှပကျက်သရေရှိမှုနဲ့ ထပ်ဆင့်ပူဇော်ခွင့် ရတာ သိပ်ကိုကျေနပ်စ၇ာပေါ့ကွာ….။ငါတို့ကြောင့် ဘုရားပူဇော်သူတွေရဲ့ စိတ်မှာ နဲနဲလေးပဲဖြစ်ဖြစ် ငြိမ်းအေးမှုပိုရသွားတယ်ဆိုရင်…..နေရင်းထိုင်ရင်း ကုသိုလ်တောင်ပိုရ သွား အုံးမှာကွ…."

“ပန်းအိုးထဲထိုးကြတာကိုတော့ ထားလိုက်ပါတော့……ခင်ဗျား……စာအုပ်ကြား အညှပ်ခံရတာကိုရော မကြောက်ဘူးလား…..”

“စာအုပ်ကြားထဲမှာ ဘယ်လိုပဲညှပ်ညှပ် ထုတ်နမ်းတဲ့အချိန်မှာ မွှေးနေရင် ပြီးတာပါပဲ ကွာ….အရေးကြီးတာက ကိုယ့်ရနံ့ကိုထိန်းသိမ်းဖို့နဲ့ နမ်းရှိုက်သူကို ကျေနပ်စေဖို့ပါ့ပဲ”

“အခေါင်းထဲမှာ အလောင်းကောင်ကြီးနဲ့ အတူတူနေရမယ်ဆိုရင်ကောဗျာ…..”

“ဒါဟာ အင်မတန်မွန်မြတ်တဲ့အလုပ်ပါကွာ…..အနံ့ဆိုးတစ်ခုကို ရနံ့တစ်ခုနဲ့ ဖုံးလွှမ်း ပစ်လိုက်နိုင်တာ…..ဂုဏ်ယူစ၇ာကောင်းတဲ့ အောင်ပွဲတစ်ခုပါ”

“ပျားတွေပိတုန်းတွေ နှုတ်ခမ်းချွန်ချွန်ကြီးတွေနဲ့ လာထိုးတာကိုလဲ ….မင်းမကြောက်ဘူးပေါ့…..ဟုတ်လား…”

“ငါတို့တွေ အခုလို ဖူးငုံလာကြတာ သူတို့ရဲ့ ကျေးဇူးမကင်းပါဘူးကွာ….ပျားတို့ ပိ တုန်းတို့ဆိုတာ သူတို့အလုပ်လုပ်ရင်းနဲ့ ငါတို့ရဲ့ မျိုးဆက်ပြန့်ပွားမှုကို တစ်ဘက်တစ်လမ်းက အထောက်အကူပေးနေတဲ့သတ္တ၀ါတွေပါ…..ကျေးဇူးတင်စ၇ာကောင်း ပါတယ်…..”

နှင်းဆီနက်လေးရဲ့ ချက်ကျလက်ကျအဖြေတွေက အားလုံးကို ရှဲခနဲငြိမ်ကျသွားစေ တယ်…..။သူ့ရဲ့ အဖြေစကားတွေကို အလေးအနက်ထားပြီး တွေးတောချိန်ဆနေကြတဲ့ သူငယ် ချင်း နှင်းဆီတွေကို အပြုံးတစ်ပွင့်နဲ့ကြည့်ရင်း သူက စကားဆက်တယ်….။

“အပင်ပေါ်မှာ ဒီအတိုင်းနေရင်လဲ တစ်နေ့နေ့မှာ ညှိုးနွမ်းကြွေကျကြရမှာ ပါပဲကွာ……. ။နှေးတာနဲ့မြန်တာပဲကွာမှာပါ။အဲဒီတော့…တစ်ယောက်ကိုပဲဖြစ်ဖြစ်၊ အများကိုပဲ ဖြစ်ဖြစ်ပေါ့..ငါ့တို့ ပိုင်ဆိုတာလေးနဲ့ တတ်နိုင်သလောက်လေး ….. စိတ်ကျေနပ်မှုတွေပေး ရင်း ဘ၀ကိုကုန်ဆုံးလိုက်ရတာပိုကောင်းပါတယ်…..”

သူတို့ရဲ့ စကားကိုအားလုံးကတွေးတွေးဆဆနဲ့ ခေါင်းညိတ်လက်ခံကြတယ်…..။ သူက နောက်ဆုံးစကားတစ်ခွန်းကို အားလုံးကြားရအောင် လေသံကိုမြှင့်ပြီး ထပ်ပြောတယ်..။

“ဒီထက်ပိုပြီးရှင်းရှင်းပြောရရင်တော့…ပန်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်ဟာ…..ဘာလဲဆိုတော့ …အလှပဆုံးပွင့်ပစ်လိုက်ဖို့ပဲ…..မဟုတ်ဘူးလားကွာ…….”

****

နေ့သစ်တစ်ခုရဲ့  အစ….အာရုဏ်ဦးဟာလဲ့လဲ့ပင်ပင်လေးနဲ့ လှနေတယ်…. ပန်းတစ်ခင်းလုံး လဲ ရောင်စုံနှင်းဆီပန်း တွေပွင့်လို့……၀င့်လို့….. လေညင်းလေးကလည်း …ပန်းတွေပွင့်နေပြီဆိုတဲ့ သတင်းကို ဥယျာဉ်မှုးလေးကို သတင်းပေးဖို့ သူ့ခရီးကိုနှင်လို့…..။
                                                                            
  27.11.08
  Wed.13:00
ဝန်ခံချက် ။    ။ ကိုမင်းကိုနိုင်၏ ကဗျာထဲမှစာသားတစ်ခုကို ခေါင်းစဉ်ယူထားပါသည်။

2 comments:

ချာတိတ်မလေး said...

ကျွန်မလည်း ပွင့်ရဲတဲ့ပန်းလေးတစ်ပွင့် ဖြစ်ချင်မိတယ်..

May Lay said...

........“အခေါင်းထဲမှာ အလောင်းကောင်ကြီးနဲ့ အတူတူနေရမယ်ဆိုရင်ကောဗျာ…..”

“ဒါဟာ အင်မတန်မွန်မြတ်တဲ့အလုပ်ပါကွာ…..အနံ့ဆိုးတစ်ခုကို ရနံ့တစ်ခုနဲ့ ဖုံးလွှမ်း ပစ်လိုက်နိုင်တာ…..ဂုဏ်ယူစ၇ာကောင်းတဲ့ အောင်ပွဲတစ်ခုပါ”......
(အတွေးအခေါ် အယူအဆနဲ့ ခိုင်းနှိုင်းထားတာလေး အရမ်းကြိုက်ပါတယ်...ပွင့်ရဲတဲ့ ပန်းတပွင့် ဖြစ်ချင်မိပါတယ်)