Pages

Friday, September 21, 2007

မျက်စိဖွင့်ပြီး အိပ်ကြသူများ ...

မျက်စိဖွင့်ပြီး အိပ်ကြသူများ ...


နေမင်းက ခေါင်းပြူကြည့်

နံနက်ခင်း ဆိုတာကိုပေးသိပေမယ့်

အိပ်မက်တွေတခမ်းတနားနဲ့

ငါ တို့တွေ မနိုးတမ်းအိပ်ခဲ့ကြတယ် …။


နောက်မကျဖို့အရေးကြီးတယ်တဲ့

အော်ခေါ်သံအဟောင်းတွေကြားမှာ

နာရီတွေပြောင်းပြန်လည်

ငါတို့ ဘယ်အချိန်ထရမလဲကွယ် …။


နံနက်ခင်းမပါတဲ့ နေ့ရက်တွေထဲက

ကျနေဆဲနေရောင်မှာ

ဘာဒဏ်ရာတွေ ပါလာဦးမှာလဲ

လျှောက်နေကြလမ်းတွေကရော

ဘယ်လို မာယာတွေထဲမျောဦးမှာလဲ …။


အဲဒါတွေထားလိုက်ပါ …

မရှိခြင်းတွေက မွေးဖွားတဲ့

မသိခြင်းတွေများစွာနဲ့ အိပ်

ငါတို့ရဲ့ ညတွေကတော့ …

အလင်းတွေကို ဘေးချပြီး တိတ်ဆိတ်လို့ …။


ဒီကဗျာလေးအတွက် စကားလုံးတွေကူစဉ်းစားပေးတဲ့ သူငယ်ချင်းကိုဖြိုးကို ကျေးဇူးပါ ...။

Tuesday, September 18, 2007

တောင်ရောက်မြောက်ရောက်အလွမ်းများ(၂)

တောင်ရောက်မြောက်ရောက်အလွမ်းများ(၂)

အက်ဆေးတစ်ပုဒ်စရေးမယ်ဆိုတော့ ငယ်ငယ်ကစာစီစာကုံးတွေရေးခဲ့ရတာကိုသွားသတိရမိတယ်။ ပထမဆုံးပြေးမြင်လိုက်တာကmyself(ကျွန်တော်အကြောင်း) ...။ ရေးမယ်ကြံကာမှ ဇင်ကိုလတ်ဆိုတဲ့ငနဲက ကိုယ့်ထက်လက်ဦးမှုရသွားတာကို တွေ့လိုက်ရတယ်။ လျှင်သူစားစတမ်းဆိုတော့လည်း ခံပေါ့ ...။ ကိုယ့်အကြောင်းကို မရေးရတော့လဲ သူများတွေအကြောင်းရေးမယ်လို့စိတ်ကူးမိပြန်တယ်။ ဒါဆိုလည်း အတင်းပြောရာကျဦးမယ်လေဆိုပြီး စိတ်လျှော့လိုက်ရပြန်တယ်။ ဘာအကြောင်းရေးရရင် ကောင်းမလဲ ... စဉ်းစား ... စဉ်းစား ...။ သေသေချာချာစဉ်းစားကြည့်မှ ကျွန်တော့်ရဲ့တောင်ရောက်မြောက်ရောက်အလွမ်း တွေက ဆုံးမှမဆုံးသေးတာကိုသွားသတိရတယ်။ ဟုတ်တယ် ... အချိန်တွေသာ ကုန်ကုန်သွားတယ် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကတော့ အလွမ်းတွေနဲ့ လှိုက်တုံနေတုန်းပဲ။ စင်ကာပူဆိုတဲ့နိုင်ငံမှာ ဘယ်အရာကို မြင်မြင် ငါတို့နိုင်ငံမှာဆိုရင်တော့ဖြင့် ဘယ်လိုဆိုပြီး ကိုယ့်ရဲ့အမိမြေကမြင်ကွင်းတွေကို ပြန်ပြန်မြင်ယောင်နေ မိတော့လည်း အဲဒီ့အလွမ်းတွေက ဘယ်မှာသွားဆုံးမလဲနော်။
ဒီမှာ မနက်မနက်အလုပ်ကိုအသွားMRT Station ကို ရောက်ပြီဆိုရင်ဖြင့် တန်းစီနေတဲ့လူတန်း ရှည်ကြီးကို စတွေ့ရတော့တာပါပဲ။ ဘာများလဲလို့ စပ်စုလိုက်တော့မှ ...။ သြော် ... သတင်းစာအလကားဝေနေ တာကို ...။ အချိန်လေးကလည်းရ၊ ရထားပေါ်မှာလည်း အပြင်းပြေသတင်းလေးဘာလေးဖတ်ရအောင်ဆိုပြီး ဘာရယ်ညာရယ်မဟုတ်ပဲ ကျွန်တော်လည်း ၀င်ပြီးတန်းစီလိုက်တယ်။ သတင်းစာရဲ့နာမည်ကToday တဲ့။
သတင်းတွေကတော့ အစုံပါပဲ...။ မြန်မာနိုင်ငံ၊ ရွှေပြည်သာမြို့နယ်က အမျိုးသမီးတစ်ယောက် အရှင်လတ်လတ် ကြီး ယောင်္ကျားဘ၀ပြောင်းသွားတယ်ဆိုတဲ့သတင်းတောင်ပါသေး။Hot news, Singapore news, world news, Voices, Business news, Infotech, Health today, Sports စတဲ့ခေါင်းစဉ်တွေနဲ့အတူ မပါမဖြစ်တဲ့ ကြော်ငြာတွေ၊ တီဗွီအစီအစဉ်တွေနဲ့ စုံလို့စုံလို့ပေါ့။ အဲဒီ့ခေါင်းစဉ်တွေများစွာထဲမှာမှ ကျွန်တော် အကြိုက်အတွေ့ဆုံးကတော့ Voices ဆိုတဲ့ခေါင်းစဉ်အောက်မှာရေးကြတဲ့ ပြည်သူ၊ ပြည်သား တွေရဲ့ ခံစားချက်တွေ၊ အထင်အမြင်တွေနဲ့ ဝေဖန်ချက်လေးတွေကိုပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ ... လူထုအော်သံပေါ့။ မတူတာက ဒီကအသံတွေက ပြည်သူလူထုရဲ့တကယ့်ရင်ထဲကနေလာတဲ့ အစစ်အမှန် အော်သံတွေဆိုတာပါ။ တခါတခါ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် လိုက်ပြီးအပြစ်တင်နေတာမျိုးတွေ ပါလာလို့ ကိုယ်ကတောင်အစိုးရဘက်ကနေပြန်ပြီး မခံချင်ဖြစ်မိရပါသေးတယ်။ ဟိုတလောကပါလာတဲ့ အော်သံတစ်ခုအကြောင်းကို ပြောပြပါမယ်။ ရေးတဲ့အမျိုးသမီရဲ့ခင်ပွန်းက ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ မသန်မစွမ်းပါ။ စင်ကာပူမှာက ဘီးတပ်ကုလားထိုင်ကိုအသုံးပြုနေရတဲ့ မသန်မစွမ်းတွေအတွက် သီးသန့် သန့်စင်ခန်းလေးတွေကို အဆင်ပြေအောင်လုပ်ပေးထားပါတယ်။ ယောင်္ကျားသက်သက်၊ မိန်းမသက်သက်ပေါ့ ။
အဲဒါကို အဲဒီ့အမျိုးသမီးက သူ့ယောင်္ကျားကို ကျားသန့်စင်ခန်းထဲအထိသူတွန်းပို့ပေးနေရလို့တဲ့ လိုအပ်သလို စီစဉ်ပေးဖို့ရေးထားပါတယ်။ ကျွန်တော်တောင် ကြားထဲကနေဘယ်လိုလုပ်ပေးရရင်ကောင်းမလဲလို့ ဦးနှောက် ခြောက်ရပါသေးတယ်။ စင်ကာပူနိုင်ငံရဲ့ခေါင်းဆောင်တွေကတော့ ဒီစာတွေကို တကယ်ဖတ်၊ တဖတ် ကျွန်တော် အတိအကျမသိပါဘူး။ ဒါပေမယ့် ... ဒီကဏ္ဍလေးဟာ ဖတ်ရင်၊ ဖတ်သလို နိုင်ငံအတွက်အင်မတန်ပဲ အကျိုး ရှိတယ်ဆိုတာကို ကျွန်တော်ပြောချင်တာပါ။ နိုင်ငံအကြီးအကဲတွေအနေနဲ့ နေရာတကာကို ပြည်သူတွေနည်းတူ လျှောက်သွားနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ နစ္စဓူဝသွားလာလှုပ်ရှားနေကြရတဲ့ ပြည်သူတွေကို သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေနဲ့ ထင်မြင်ယူဆချက်လေးတွေကို လွတ်လွတ်လပ်လပ်တင်ပြခွင့်ပြုလိုက် ခြင်းအားဖြင့် နိုင်ငံရဲ့ကဏ္ဍအသီးသီးက ဟာကွက်၊ ထောက်ကွက်လေးတွေကို အနည်းနဲ့အများမြင်ရလာနိုင် ပါတယ်။ အရင့် အရင်တုန်းကဆို ကျွန်တော်တို့နိုင်ငံကသတင်းစာတွေမှာလည်း လူထုအော်သံဆိုတဲ့ ကဏ္ဍလေးမှာ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေပါတယ် ဘယ်လိုလုပ်ပေးပါဆိုတာမျိုးလေးတွေအပြင် နောက်နေ့တွေမှာ ဘယ်နေရာက ဘာကိုတော့ဖြင့် သက်ဆိုင်ရာကဖြေရှင်းပေးလိုက်ပြီဖြစ်ကြောင်းလေးတွေကိုပါ ဖတ်ရတတ်ပါတယ်။ တကယ့်ကိုကြည်နူးစရာပါ။ အခုတော့ အဲဒီ့ကဏ္ဍလေးလည်းကြည်ပျောက် ငှက်ပျောက်ပျောက်သွားခဲ့ပါပြီ။ ဘာပဲပြောပြော ... ကျွန်တော်ကတော့ စင်ကာပူနိုင်ငံထုတ်သတင်းစာ တစ်စောင်ကို ဖတ်နေရင်း ကောက်ကိုင်လိုက်တာနဲ့ နာရေးသတင်းကို အရင်ဆုံးစလှန်ရတတ်တဲ့ ကျွန်တော်တို့နိုင်ငံကသတင်းစာတွေကို လွမ်းနေမိပါတယ်။
နောက်တစ်ခုပြောပြချင်တာက ညနေညနေအလုပ်ဆင်းချိန်ဆိုရငMRT Station တွေမှာ ကိုယ်ကျွမ်းကျင်ရာ တူရိယာတစ်ခုခုကို တီးမှုတ်ဖျော်ဖြေပြီး ပိုက်ဆံအလှူခံနေကြတဲ့ (Busker ) တွေအကြောင်းပါ။ အများစုကတော့ မျက်စိမမြင်သူတွေ နဲ့ မသန်မစွမ်းတွေများပါတယ်။ မြန်မာလိုခပ်ရိုင်းရိုင်းပြောရရင်တော့ သူတောင်းစားပေါ့ ...။ ဒါပေမယ့် ပိုက်ဆံကိုအလကားတောင်းစားနေတာမျိုးမဟုတ်ပဲ ကိုယ့်တတ်စွမ်းတဲ့ အနုပညာနဲ့ အသက်မွေးနေကြတာကို ကြည့်ရတာကြည်နူးပီတိဖြစ်စရာပါ။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခု ချို့ယွင်းနေသူတွေဆိုပြီး အထင်သေးလို့တော့မရပါဘူး။ တခါတခါ အလုပ်ပင်ပန်းလွန်းလို့ အိမ်အရမ်းပြန်ချင်နေတဲ့စိတ်ကိုတောင်မေ့သွားပြီး အချိန်အတော်ကြာရပ်နားထောင်ရတဲ့အထိ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက ကောင်းမွန်ထိရောက်လှပါတယ်။ ကိုယ်ကြိုက်တဲ့အင်္ဂလိပ်သီချင်းတွေရှိရင်တောင် သူတို့ကိုပြောပြပြီး ဆိုခိုင်းလို့ရပါသေးတယ်။ သူတို့ကလည်းသိမယ်ဆိုရင်ပေါ့ ...။ ( Busker ) တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုကိုလည်းပြောပြချင်ပါသေးတယ်။ စင်ကာပူမှာ Project Superstar ဆိုတဲ့ ဂီတအနုပညာကိုမြတ်နိုးကြတဲ့လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်လေးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဆိုကြမယ်ပျော်ကြမယ်လိုပေါ့။ ဒါပေမယ့် Project Superstar မှာက ဒိုင်တွေကချည်း အမှတ်ပေးတာမဟုတ်ပဲ ပရိသတ်ကပါဆန္ဒမဲပေးပိုင်ခွင့်ရှိပါတယ်။ ရမှတ်ရဲ့ ၂၅ရာခိုင်နှုန်းဟာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီး ကျန်တဲ့ ၇၅ရာခိုင်နှုန်းကတော့ ပရိသတ်ရဲ့ဆန္ဒမဲပေါ်မှာမူတည်ပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြသူတွေအများကြီးထဲကနေ တဆင့်ပြီးတဆင့်ရွေးချယ်ဆုံးဖြတ်ပြီး နောက်ဆုံးတစ်ယောက်ကို Project Superstar အဖြစ်ရွေးချယ်တာပါ။ ပြိုင်ပွဲကာလက လနဲ့ချီပြီးကြာပါတယ်။ ကျွန်တော်အဓိက ပြောချင်တာက အရင်တုန်းကMRT Station တွေမှာ ဂစ်တာတီး၊ သီချင်းဆို၊ ပိုက်ဆံအလှူခံပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့Tan Wei Lian (တန်ဝီလျှံ) ဆိုတဲ့ မျက်မမြင်လူငယ်လေးဟာ ပြိုင်ပွဲဝင်ပေါင်းများစွာကိုကျော်ဖြတ်ပြီး Project Superstar တစ်ယောက်ဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုအဖြစ်အပျက်မျိုးကိုကြားသိလိုက်ရတဲ့အခါ ကျွန်တော့်ရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံအရပ်ရပ်က ဘာအသက်မွေးမှုပညာမှ မတတ်ပဲခွက်လက်ဆွဲပြီးတောင်းရမ်း စားသောက်နေကြရတဲ့ဘ၀များစွာတွေကို သတိရလိုက်မိပါတယ်။ မိဘရဲ့အုပ်ထိမ်းမှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းနေရမယ့် အရွယ်မရောက် သေးတဲ့ကလေးငယ်တွေကစလို့၊ ဘုရား၊ ကျောင်းကန်၊ ရိပ်သာတွေမှာ တရားဘာဝနာတွေပွားများအားထုတ် နေကြရမယ့် အဘိုးအို၊ အဘွားအိုအရွယ်တွေပါမကျန် နေရာတကာမှာ တောင်းရမ်းစားသောက်နေကြရတဲ့ မြင်ကွင်းတွေဟာ မလိုလားအပ်တဲ့၊ မမြင်ရက်စရာ မြင်ကွင်းတွေပါ။ သူတို့မှာ စင်ကာပူနိုင်ငံက တန်ဝီလျှံလို ဘ၀မျိုးရောက်သွားနိုင်ဖို့အတွက် ဘယ်လိုမျှော်လင့်ချက်မျိုးမှ ရှိမနေဘူးလို့တွေးမိတော့ ကျွန်တော် အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပြီး ... ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းတစ်လျှောက်က ``သားသားတို့လမ်းပြင်ထားပါတယ် ... ကုသိုလ်လေးတွေပါဝင်သွားကြပါ ´´ ဆိုတဲ့ ကလေးငယ်တွေရဲ့ တစာစာအော်သံလေးတွေကိုလည်း ကျွန်တော်အခါခါ ပြန်ကြားယောင်နေမိတယ်။ သူတို့လေးတွေရဲ့အနာဂတ်ကို ကျွန်တော်တို့ ဒီလိုအခြေအနေဆိုးတွေရဲ့လက်ထဲကနေ ဘယ်လိုနည်းနဲ့ပြန်ရွေးယူလို့ရနိုင်မလဲလို့လဲ စဉ်းစား နေမိပါသေးတယ်။
အလုပ်ထဲမှာ စင်ကာပူလူမျိုးတွေနဲ့ ဆက်ဆံရတာ တခါတခါ ဒေါသဖြစ်စရာလေးတွေကြုံရတတ် ပါတယ်။ တခါကဆို သူဌေးရဲ့ညီက အောက်မှာချထားတဲ့ဘူးတစ်ဘူးမှာရေးထားတဲ့စာကို ခြေထောက်နဲ့ထိုးပြီး ပြပါတယ်။ ပထမစစခြင်းတော့ စိတ်ထဲမှာတော်တော်လေးကို မခံမရပ်နိုင်ဖြစ်မိပါတယ်။ နောက်မှ ... သူတို့ငါ့ကို နှိမ်ပြီးဒီလိုဆက်ဆံတာလားလို့သေသေချာချာလေ့လာကြည့်တော့လည်း ... မဟုတ်ပါဘူး။ သူတို့အချင်းချင်းလဲ အသက်ကြီးသူကိုတောင် အသက်ငယ်သူက တစ်ခုခုအနိမ့်ပိုင်းကပစ္စည်းကိုပြချင်ပြီဆိုရင် အပင်ပန်းခံပြီး ကုန်းနေတာမျိုး၊ ထိုင်ချလိုက်တာမျိုးမလုပ်တော့ပဲ လွယ်လွယ်ပဲခြေထောက်နဲ့ထိုးပြတတ် ကြပါတယ်။ အဲဒီ့တော့မှကျွန်တော်လည်း ယဉ်ကျေးမှုဆိုတဲ့စကားလုံးကိုပြေးပြီး သတိရမိပါတော့တယ်။ တကယ်တမ်းကျတော့ ယဉ်ကျေးမှုဆိုတာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေကြောင့် သူတပါးကို စိတ်အနှောက်အယှက် မဖြစ်စေရအောင် စောင့်စည်းထိန်းသိမ်းခြင်းပါပဲ။ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ငယ်ငယ်လေးကတည်းက မိဘတွေ၊ ဆရာ၊ ဆရာမတွေနဲ့ လူကြီးသူမတွေရဲ့ သင်ကြားပြသ လမ်းညွှန်မှု တွေကြောင့် ယဉ်ကျေးသိမ့်မွေ့တဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို နားလည်သင်ယူခွင့်ရကြပေမယ့် သူတို့မှာက အဲဒီ့လိုမဟုတ်ခဲ့ဘူးလို့ယူဆမိပါတယ်။ စင်ကာပူလူမျိုးတွေဟာ အဲဒီ့လိုယဉ်ကျေးမှုမျိုးကို သေသေချာချာ သင်ယူခဲ့ရခြင်းမျိုးမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အလုပ်ထဲက မန်နေဂျာမှာ ၈နှစ်အရွယ်သမီးတစ်ယောက်ရှိပါတယ်။ အဲဒီ့ကလေးဆိုရင် လမ်းလျှောက်ရင်လည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း၊ စကားပြောရင်လည်း အော်ကြီးဟစ်ကြယ်၊ လူကြီးတွေကိုလည်း ရိုသေလေးစားခြင်းနဲနဲမှမရှိတာကို တွေ့ရပါတယ်။ ဒါကို သူ့ရဲ့မိခင်ကလည်း အရေးတယူလုပ်ပြီးဆုံးမတာမျိုးမရှိပါဘူး။ တခါတခါ အရမ်းစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရတော့လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာကို စိတ်ထဲကနေ လှိုက်လှိုက်လဲလဲကို ဂုဏ်ယူကျေနပ်မိပါတယ်။ ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေယဉ်ကျေးသိမ်မွေ့ပြီး စိတ်ထားလှတဲ့ မြန်မာတွေကို ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့၊ စည်းစနစ်ရှိတဲ့လွတ်လပ်ခြင်းတွေ ကိုသာဖြည့်ဆည်းပေးနိုင်ခဲ့မယ် ဆိုရင် မြန်မာဆိုတာကမ္ဘာပေါ်မှာ အလှဆုံးနိုင်ငံတစ်ခုဖြစ်လာနိုင်တယ်ဆိုတာ အသေအချာပါပဲ။ တကယ်ပါ ... စင်ကာပူနိုင်ငံမှာ စင်ကာပူလူမျိုးတွေရဲ့ကြားထဲ အလုပ်လုပ်နေရတာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေရဲ့ အပြောအဆို၊ အနေအထိုင်တွေကို တသသလွမ်းဆွတ်စရာပါ။ ဒီနိုင်ငံကို ရောက်တော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ခဏခဏ စဉ်းစားမိတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ... ဒီနိုင်ငံက လူတွေလိုသာ ငါတို့နိုင်ငံသားတွေ နေနိုင်ခွင့်ရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓသာသနာ ထွန်းကား တဲ့နိုင်ငံပီပီ စည်းစည်းလုံးလုံး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကမ္ဘာနိုင်ငံအားလုံးက စံနမူနာထားကြရတဲ့ ငြိမ်းချမ်းရေး သင်္ကေတတစ်ခု အဖြစ်တောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစရာဖြစ် လာနိုင်တယ်ဆိုတာပါပဲ။
စင်ကာပူနိုင်ငံဟာ နိုင်ငံကျဉ်းပေမယ့် မြေနေရာတွေကိုစည်းစနစ်ကျကျစီမံနေရာချထားနိုင်တာကို တွေ့ရပါတယ်။ MRT Station တိုင်းလိုလိုရဲ့အနီးအနားမှာ ဈေးရောင်းပွဲတော်တွေကျင်းပဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်နိုင်ဖို့အတွက် အတော်အသင့်ကျယ်တဲ့မြေကွက်လပ်တစ်ခုကို စီမံထားပါတယ်။ နောက်ပြီးHDB (House Developing Board) တိုက်ခန်းတွေရဲ့ အနီးအနားတစ်နေရာမှာလည်း တိုက်ခန်း အရေအတွက်နဲ့ ရှိနိုင်တဲ့လူဦးရေပမာဏအတွက် လုံလောက်နိုင်မယ့် မြေနေရာတစ်ခုမှာ ကလေးတွေအတွက် ကစားကွင်းနဲ့ လူကြီးတွေအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်မယ့် အထောက်အကူပြုကိရိယာပစ္စည်း တွေကို တပ်ဆင်ဖန်တီးပေးထားပါတယ်။ အဲဒီ့တော့ ညနေခင်းဆိုရင် အလုပ်ကပြန်ရောက်ကြပြီဆိုတာနဲ့ တစ်မိသားစုလုံးကွင်းထဲဆင်းပြီး ကလေးကဆော့၊ လူကြီးတွေကလည်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နဲ့ အင်မတန်ကိုအဆင်ပြေပါတယ်။ ကျွန်တော်လည်း အလုပ်ကနေအပြန် သူများတွေနည်းတူ အောက်ဆင်းပြီး အားကစားလေးလုပ်နေရင်း ကျွန်တော်တို့နိုင်ငံကအောက်ခြေလူတန်းစား တွေရဲ့ မလှပတဲ့ အိမ်အပြန် ညနေခင်း လေးတွေအကြောင်းကို ပြန်ပြောင်းအောက်မေ့နေမိပါတယ်။ ရန်ကုန်မှာတုန်းက အလုပ်ပြီးချိန် အိမ်ပြန်ဖို့ ပန်းခြံနားကဖြတ်လျှောက်ပြီဆိုရင်ဖြင့် ပန်းခြံထဲမှာ အရက်မူးပြီးလဲနေတဲ့ သူတွေ၊ အမှောင်ဝင် တာနဲ့ အလုပ်စကြဖို့ပြင်ဆင်နေကြတဲ့ ညဥ့်ငှက်ငယ်လေးတွေကို ဟိုတစ်ယောက် ဒီတစ်ယောက် တွေ့ကြရမှာပါ။ နောက်ပြီး ... ကားပေါ်မှာဆိုရင်လည်း အလုပ်ကပြီးတာတောင် ရင်ထဲကမီးတွေက လောင်နေတုန်းပဲရှိသေးတဲ့ အိမ်ထောင်ဦးစီးအချို့ရဲ့ သက်ပြင်းချသံတွေ၊ အိမ်ပြန်ရောက်ရင် ကြုံတွေ့ရမယ့် ပြဿနာတွေကို ဖြေဖျောက်ပစ်နိုင်ဖို့အတွက် အရက်တွေအလွန်အကျွံသောက်ပြီး အိမ်အပြန်လမ်း ပျောက်နေကြသူတွေရဲ့ မရေရာတဲ့ရွေ့လျားမှုတွေ ၊ နောက်ဆုံး ... အိမ်ဆိုတဲ့အရာကို အိပ်မက်ထဲမှာ မရအရရှာဖို့ ကျောခင်း စရာနေရာတစ်ခုဆီကို လေးတိလေးကန်နဲ့ လျှောက်လှမ်းနေကြရတဲ့ အိမ်ယာမဲ့အချို့ရဲ့ ဦးတည်ရာမဲ့ ခြေလှမ်းတွေ၊ ဒါတွေကိုပဲ တစ်နေ့ပြီးတစ်နေ့ မရိုးနိုင်အောင်ကို ခင်ဗျားတို့တွေ့နေကြရမှာလေ။
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုက စည်းစနစ်ကျတဲ့ လုပ်ပုံလုပ်နည်းတွေကို အားကျမိနေရင်း ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့နိုင်ငံထဲက ကွက်လပ်အပိုင်းအစလေးတွေကို နင့်နင့်သီးသီး ကိုလွမ်းနေမိပါတယ်။ အဲဒီ့လို ပြန်တမ်းတလွမ်းဆွတ်မိနေရင်းက တဆက်တည်းမှာပဲ သူတို့တွေအတွက် မျှော်လင့်ခြင်းအလင်းတစ်ခုကိုလည်း အမြန်ဆုံးဆောင်ကျဉ်းပေးချင်နေမိပြန်ပါတယ်။ ခင်ဗျားတို့အားလုံး ကိုလည်း ကျွန်တော်ပြောချင်ပါတယ်။ ကိုယ်က ဘယ်လိုအခြေအနေကိုပဲရောက်နေနေ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေကို လွမ်းဆွတ်သတိရနေဖို့နဲ့ အဲဒီ့အလွမ်းတွေကို လက်တွေ့ဘ၀တွေထဲပေါင်းထည့်ပြီး တတ်စွမ်းသရွေ့တော့ ပြန်လည်ပေးဆပ်ကြဖို့တော့ လိုလိမ့်မယ်ဆိုတာပါပဲ။


နေမျိုး(သံလွင်)

Monday, September 17, 2007

တောင်ရောက်မြောက်ရောက်အလွမ်းများ (၁)

စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့တုန်းက ရေးထားတဲ့ အက်ဆေးလေးပါ။ သံလွင်အိပ်မက်မှာနဲ့ သောင်းပြောင်းထွေလာမဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့ဖူးပါတယ်။ မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအားလုံးအတွက် ကျွန်တော့်ဘလော့ဂ်လေးမှာ တင်ပြလိုက်ပါတယ်။ အထူးသဖြင့် စင်ကာပူနိုင်ငံ မှာ အလုပ်သွားလုပ်နေတဲ့ ညီငယ် မောင်ပွတ် အတွက် အဓိက ရည်ရွယ်ပါတယ်။ နိုင်ငံရပ်ခြားကိုရောက်နေကြတဲ့ လူငယ်တွေအားလုံး ပတ်ဝန်းကျင်အသစ်တစ်ခုကိုရောက်နေချိန်မှာ စိတ်ပျက်အားလျှော့မနေပဲ ငါတို့နိုင်ငံနဲ့ ဘာတွေများကွာခြားလဲ ငါတို့နိုင်ငံအတွက် ဘာတွေများအတုယူစရာရှိလဲ ဆိုတာတွေကို လေ့လာနေပြီး အခါအခွင့်သင့်တဲ့အခါ ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ ကိုယ့်နိုင်ငံရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို တစ်တပ်တစ်အား ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


``တောင်ရောက်မြောက်ရောက်အလွမ်းများ (၁)´´

ကမ္ဘာ့မြေပုံရဲ့တစ်နေရာမှာ ခြေထောက်လေးတစ်ချောင်းထောက်ရင်း ဟိုယိမ်းသည်ထိုးနဲ့ ခပ်ကြော့ကြော့လေးရပ်တည်နေတဲ့ မြန်မာဆိုတဲ့နိုင်ငံမှာ နှစ်ဆယ့်လေးနှစ်ခွဲလောက် ဟိုတိုးသည်ဝှေ့နဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်တော် အခုတော့ စင်ကာပူဆိုတဲ့ နိုင်ငံငယ်လေး တစ်ခုရဲ့ သိပ်မကျယ်ဝန်းလှတဲ့ မြေနေရာတွေပေါ်မှာ ခြေချမိနေပါပြီ။ မွေးကတည်းက ရင်နှီးကျွမ်းဝင်ခဲ့ရတဲ့ မြန်မာတို့ရဲ့ အငွေ့အသက်တွေ က ကျွန်တော့်အာရုံတွေထဲမှာယှက်သန်း ကျွန့်တော်ရဲ့နေ့ရက်တွေတိုင်းမှာ အလွမ်းတွေကသိုက်သိုက်ဝန်းဝန်း ပေါ့... ။ အချိုမြိန်ဆုံး အကြင်နာမေတ္တာတရားတွေနဲ့ ရစ်ဖွဲ့နှောင်ပတ်ထားတဲ့ မိသားစုဆိုတဲ့ အသိုက်အ၀န်း လေးတစ်ခုကို ခွဲခွာရပြီး ဝေးမြေရပ်ခြားတစ်နေရာမှာ ဘ၀အတွက်ရုန်းကန်လှုပ်ရှားနေကြရတဲ့ သူတိုင်းရဲ့ အဆိုးဝါးဆုံးသော ဝေဒနာကတော့ အဲဒီ့အလွမ်းတွေပါပဲ။ ကျွန်တော်ကလည်း လူတွေထဲက လူတစ်ယောက် ဖြစ်တဲ့အပြင် ခံစားချက်တွေကိုရှေ့တန်းတင်တတ်တဲ့ အနုပညာသမားတစ်ယောက်မို့ ဝေးကွာခဲ့ရတဲ့ အရာတွေအားလုံးကို လွမ်းပြီးရင်းလွမ်းလို့နေတာပေါ့ဗျာ။
အားလုံးသိနေကြပြီးဖြစ်တဲ့ ( Homesick)ဆိုတဲ့ အိမ်ကိုလွမ်းတဲ့ရောဂါအကြောင်းကိုတော့ ကျွန်တော်ထွေထွေထူးထူး ပြောမနေ ချင်တော့ပါဘူး။ ကျွန်တော်ပြောပြချင်တာက စင်ကာပူကိုစရောက် ကတည်းက ကျွန်တော့်ရဲ့ရင်ထဲမှာ မှိုလိုပေါက်ပေါက်လာတတ်တဲ့ တောင်ရောက်မြောက်ရောက်အလွမ်းတွေ အကြောင်းကိုပါ။ စင်ကာပူမှာ ကျွန်တော်တို့နေတဲ့နေရာက လေယျာဉ်ကွင်းနဲ့နီးတာကြောင့် မနက်အိပ်ရာနိုးတာနဲ့ ပထမဆုံးစကြားရတာက တ၀ူးဝူးနဲ့ ထထပျံနေကြတဲ့ လေယျာဉ်တွေရဲ့အသံပါပဲ။ ကျွန်တော်ဖြင့်လေ ပြူတင်းပေါက်ကနေ ကောင်းကင်ပေါ်ကိုတ၀ူးဝူးအသံပေးပြီး ပျံတက်သွားကြတဲ့ လေယာဉ်ကြီးတွေကိုကြည့်ငေးရင်း မြန်မာနိုင်ငံအရပ်ရပ်က အားလုံးကိုလှုပ်နှိုးနေကျ နှိုးစက်တွေဖြစ်တဲ့ ကြက်ဖတွန်သံ၊ အုန်းမောင်းခေါက်သံနဲ့ ရထားဥသြဆွဲသံတွေကို တမ်းတမ်းတတကိုလွမ်းနေမိတယ်။ ကျွန်တော့်ရဲ့အလုပ်က ကားတစ်တန်၊ ရထားတစ်တန်နဲ့သွားရတာမို့ ပထမဆုံး ကားဂိတ်ကိုပြေးပြီး ဘတ်(စ်)ကားစောင့်ရတယ်။ ဘတ်(စ်)ကားဆိုလို့ စင်ကာပူနိုင်ငံမှာ ဘတ်(စ်)ကားစီးရပုံလေးပြောပြဦးမယ်။ (e-z Link Card) လို့ခေါ်တဲ့ Card လေးကိုစင်ကာပူဒေါ်လာ ဆယ့်သုံးကျပ်နဲ့ဝယ်ရတယ်။ အဲဒီပိုက်ဆံကုန်သွားရင် အဲဒီ့ကဒ်ထဲကိုပဲ ATM (Automatic Ticketing Machine) လို့ခေါ်တဲ့အလိုအလျှောက်ငွေဖြည့်စက်လေးတွေမှာ ပိုက်ဆံကိုထပ်ဖြည့်လို့ရတယ်။ အဲဒီ့ကဒ်နဲ့ ဘတ်(စ်)ကားရော၊ ရထားရောစီးလို့ရတယ်လေ။ ဘတ်(စ်)ကားပေါ်တက်ပြီဆိုတာနဲ့(Ticketing Machine) လေးတွေမှာ အဲဒီ့ကဒ်လေးတွေကိုသွားပြီးကပ်လိုက်ရုံပဲ။ ကျွန်တော်လဲကားပေါ်ရောက်တာနဲ့ လွတ်နေတဲ့နေရာတစ်ခုမှာဝင်ထိုင်ရင်း စိတ်တွေကရန်ကုန်ကိုပြန်ရောက်သွားတယ်။
``ဘားလမ်း ... ဆူးလေ ... မော်တင် ... အပေါ်လမ်း ... အပေါ်လမ်း ...´´
``စိန်ပေါလ်ရောက်လားဟင် ...´´
``ကားခလေးတွေလှမ်းမယ်နော် ... လက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ်´´
``ခုဏက နှစ်ယောက်ခပေးပြီးပြီလေ ... ဘာလာကြောင်နေတာလဲ´´
``အထဲမှာအချောင်ကြီးနော် ... အထဲဝင်စီးပါ ... အပေါက်ပိတ်မရပ်ကြပါနဲ့ဗျာ ... ဒီအပေါက်ကလေးနဲ့ လုပ်စားနေရတာ´´
``ချောင်ရင် မင်းကိုယ်တိုင်ဝင်တိုးပါလားကွ ... လာ ... လာ ´´
``အကြွေလေးတွေဆောင်ထားမယ်နော် ... ထောင်တန်ပေးရင်မနက်ဖြန်မှပြန်အမ်းမယ်´´
``ဟဲ့ ... ငါးဆယ်တန်ပေးထားတယ်နော် ... ရှေ့မှတ်တိုင်ဆင်းမှာ ... ´´
``ဆွဲ ဆရာရေ ဆွဲ ... နောက်ကားဝင်လာပြီ ...´´
``ဟဲ့ ... ဟဲ့ ... ဖြည်းဖြည်းလုပ်ပါ ... ဒီမှာတက်နေတုန်းရှိသေးတယ်´´
ရန်ကုန်ဘတ်(စ်)ကားတွေပေါ်က စပယ်ယာတွေနဲ့ခရီးသည်တွေရဲ့ အပြန်အလှန်ပြောစကားတွေကို ပြန်ကြားပြီး ကျွန်တော်တစ်ယောက်တည်းပြုံးနေမိတယ်။ စင်ကာပူမှာ ဘတ်(စ်)ကားစီးရတာ တကယ့်ကို ပျင်းစရာကြီးပါဗျာ။ တကယ်ပါ ... ပျော်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်းကောင်းတဲ့ ရန်ကုန်က ဘတ်(စ်)ကားတွေနဲ့ စပါယ်ယာတွေကို ကျွန်တော်လွမ်းနေမိတယ်။ ဆင်းမယ့်မှတ်တိုင်နီးလာတော့ တိုင်မှာ ကပ်ထားတဲ့ ခလုပ်လေးကိုနှိပ်လိုက်ရင် ဒရိုက်ဘာအနားက (Bus Stopping)လို့ရေးထားတဲ့မီးလေးက အသံမြည်ပြီးလင်းလာတယ်။ ဆင်းပြီဆိုရင်လည်း (e-z Link Card) လေးကိုပြန်ကပ်ပေးလိုက်ရုံပဲ။ အဲဒါဆို အဲဒီ့ (Ticketing Machine)လေးကကိုယ်စီးလာတဲ့မှတ်တိုင်ရဲ့အကွာအဝေးကိုတွက်ပြီး သူ့ဖာသာသူ ပိုက်ဆံဖြတ်ယူထားလိုက်ရော။ (Air-con) ဖွင်ထားတဲ့ကားပေါ်ကနေအဆင်း အပြင်မှာလည်းနေက ပွင့်နေတာကြောင့် ကျွန်တော့်မျက်မှန်မှာ ရေခိုးရေငွေ့တွေတောင်ရိုက်သွားတယ်။ အဲဒါနဲ့ ဘာမှမမြင်ရတော့ တာကြောင့် မျက်မှန်ကိုချွတ်ပြီးလက်ကိုင်ပုဝါနဲ့ သုတ်နေရင်း ရန်ကုန်က မနက်ပိုင်းဆို ရေမွှေးနံ့၊ နှုတ်ခမ်းနီနံ့၊ ဟင်းနံ့တွေ၊ ညနေပိုင်းဆို ချွေးနံ့၊ အရက်နံ့တွေနဲ့ တထောင်းထောင်းထနေတတ်တဲ့ (Air-con) မဖွင့်တဲ့ (Air-con) ဘတ်(စ်)ကြီးတွေကိုသတိရလိုက်မိသေးတယ်။
ဘတ်(စ်)ကားပေါ်ကဆင်းပြီးရင်တော့MRT (Mass Rapid Transit) လို့ခေါ်တဲ့ မီးရထားဘူတာရုံကိုရောက်ပါပြီ။ ခုဏက e-z Link Card လေးနဲ့ပဲ ဘူတာထဲဝင် ရထားစောင့်ရပါတယ်။ ရထားဘယ်အချိန်ဝင်မယ်ဆိုတာကို ဘူတာအ၀င်ဝ မှာ ကတည်းက ဆိုင်းဘုတ်မှာ တစ်စီးပြီးတစ်စီးရေးပြထား ပါတယ်။ ၄မိနစ်၊ ၃မိနစ်၊ ၂မိနစ်၊ ၁မိနစ် ပြီးတော့ ရောက်ရမယ့်အချိန်ကျတာနဲ့ ဝေါကနဲထိုးစိုက်လာတတ် တဲ့ရထားကြီးတွေကိုကြည့်ပြီး ... မြန်မာစံတော်ချိန်ဆိုတဲ့စကားကို ဖြစ်ပေါ်စေခဲ့တဲ့ အမြဲတမ်းနောက်ကျတတ် တဲ့ ရန်ကုန်ဘူတာကြီးက ရထားကြီးတွေကို လွမ်းနေမိသေးတယ်။ စင်ကာပူမှာ ရထားစီးရတာ လေယာဉ်ပျံစီးရ သလိုပါပဲ။ ရထားလမ်းတွေတော်တော်များများက မိုးပေါ်မှာလေ။ ပြူတင်းပေါက်ကနေလှမ်းကြည့်ရင် အောက်မှာ ကားတွေနဲ့လူတွေ။ တစ်ခါတစ်ခါကျရင်တော့ ရထားကြီးက မြေအောက်ထဲ ရောက်သွားပြန်ရော။ စင်ကာပူနိုင်ငံကကျဉ်းတော့ ရထားတွေက မြို့တိုင်းလိုလိုကိုရောက်နိုင်တယ်လေ။
``ဂျုံးဂျုံး ... ဂျက်ဂျက် ... ဂျုံးဂျုံး ... ဂျက်ဂျက် ´´
``ဘော် ... ဘူ ... ဘော် ...´´
သံလမ်းကြီးတွေပေါ်မှာ ဘယ်ညာယိမ်းထိုးပြီး တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းပြေးလွှားနေတဲ့ မီးရထားအိုကြီးတွေရဲ့ ဥသြဆွဲသံတွေကို ကျွန်တော်လွမ်းနေမိတယ်။ ရန်ကုန်မှာ ရထားစီးရင်တော့ အုပ်အုပ်ဆိုင်းဆိုင်းသစ်ပင်တွေ၊ တိုက်၊ တဲ၊ ပျဉ်ထောင်စတဲ့ အိမ်မျိုးစုံရဲ့ အနောက်ဘက်မြင်ကွင်းတွေ၊ တစ်ခါတစ်ခါ ခြောက်သွေ့တိတ်ဆိတ်နေတတ်တဲ့ ဘူတာရုံအိုလေးတွေ၊ ရထားလမ်းတစ်လျှောက်မှာ ပြေးလွှား လှုပ်ရှားနေကြတဲ့ အရွယ်စုံဈေးသည်တွေ၊ အချို့ဘူတာရုံလေးတွေရဲ့ ကြမ်းပြင်မှာ ရွှေရောင်အိပ်မက်တွေ မက်နေကြ တဲ့ အိမ်ယာမဲ့မိသားစုတွေ၊ စတဲ့ ... စတဲ့ မရိုးနိုင်တဲ့မြင်ကွင်းတွေကို ခင်ဗျားတို့ သံလမ်းတစ်လျှောက်လုံးမြင်နေကြရမှာလေ။ အခုတော့ ဒါတွေအားလုံးဟာ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။
စင်ကာပူမှာ တစ်ခါတစ်လေအချိန်လုသွားရပြီဆိုရင်တောTaxi ငှားရပြီပေါ့။ တွေ့တဲ့ တက္ကစီကိုတား တက်ထိုင်ပြီး သွားချင်တဲ့နေရာပြောလိုက်တာနဲ့ တန်းကိုမောင်းတော့တာပဲ။ တက္ကစီတိုင်းမှာက မီတာဖတ်တဲ့ စက်ကလေးတွေ တပ်ထားတယ်လေ။
``မြို့ထဲ ပန်းဆိုးတန်းလမ်းသွားချင်လို့ ဘယ်လောက်လဲ´´
``နှစ်ထောင်ပါ ...´´
``ဟာ ... များတယ်ဗျာ ... သွားနေကျ ... ၁၅၀၀တည်းပါ´´
``၁၈၀၀တော့ပေးပါဗျာ ... ဆီဈေးတွေကခေါင်ခိုက်နေလို့ပါ´´
``ဟင့်အင်း ... ဟင့်အင်း ... ၁၅၀၀ပဲ မရရင်မသွားဘူး´´
``ခင်ဗျား အဲဒီ့လိုလုပ်နေရင် ဒီနေ့ ပန်းဆိုးတန်းလမ်းတော့ ရောက်မှာမဟုတ်ဘူး။ ဒရိုက်ဘာတွေ ဆင်းရိုက်လို့ ပုဆိုးတန်းလန်းနဲ့ ထွက်ပြေးနေရလိမ့်မယ်´´
``၀ူး ...´´
``တောက် ... တက္ကစီဒရိုက်ဘာကများ ... ငါ့ကို ...´´
တစ်ခါက တက္ကစီငှားရင်း ဒရိုက်ဘာကအဲဒီ့လိုပြောသွားတာကိုခံလိုက်ရတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အဖြစ်ကိုပြန်တွေး ကြည့်နေရင်း ရန်ကုန်က CITY TAXI လေးတွေကိုလွမ်းနေမိပြန်တယ်။ အဲဒီ့သူငယ်ချင်းကလည်းပြောချင်စရာပဲလေ ... သူကအမှတ်မရှိဘဲ နောက်ထပ် တက္ကစီတစ်စီးကိုပါ ၁၅၀၀ရမလားလို့ထပ်စစ်တော့ ... အဲဒီ့ တက္ကစီဒရိုက်ဘာက ဘာပြန်ပြောလည်းဆိုတော့ ...
``ဒီလောက်တောင် ၁၅၀၀ပေးချင်နေရင်လည်း အိမ်သာလိုက်ခဲ့ပေတော့ဗျို့´´ တဲ့ ...
ဒီမှာ ည၁၂နာရီကျော်တဲ့အထိ ဘတ်(စ်)ကားတွေက ပြေးဆွဲပေးတယ်လေ။ ကားတိုင်းကားတိုင်းရဲ့ ပထမဆုံးကားထွက်မယ့်အချိန်နဲ့ နောက်ဆုံးကားထွက်မယ့်အချိန်ကို ဂိတ်တိုင်းမှာရေးထားပေးတယ်။ တစ်ခါ ရန်ကုန်မှာတုန်းက ၆နာရီကျော်ရုံလေး မြို့ထဲကနေအိမ်ကိုကြားကားစီးပြီး ပြန်လာတုန်း ကားပေါ်မှာ ကြားခဲ့ဖူးတဲ့ ပြဿနာလေးတစ်ခုကို ကျွန်တော်ခဏခဏ ပြန်သတိရနေမိတတ်တယ်။
``အဘ ... အဘ ... နှစ်ဆယ်မဟုတ်ဘူး ... တစ်ယောက်ကို ၁၀၀ဗျ ...´´
``ဟေ ဘာတုန်းကွ ... ငါအမြဲစီးနေကျ ... ၂၀ပဲပေးရတာ´´
``အဘရယ် ... နာရီလည်းပြန်ကြည့်ပါဦး။ ၆နာရီကျော်နေပြီဗျ၊ ဒါ လိုင်းကားမဟုတ်တော့ဘူး၊ ကြားကားဖြစ်သွားပြီ´´
အဲဒီလို ၆နာရီကျော်တာနဲ့ဘ၀ပြောင်းသွားတတ်တဲ့ လိုင်းကားမျိုးတွေတော့ဒီမှာမရှိပါဘူး။ ရန်ကုန်မှာ ကြားကားစီးမိပြီဆိုရင် အိမ်ကိုအမြန်ပြန်ရောက်ချင်နေတဲ့ စိတ်တွေကို တတ်နိုင်သမျှလျှော့ထား နိုင်မှ အဆင်ပြေပါတယ်။ မှတ်တိုင်တစ်ခုခုမှာ လူမပြည့်သေးလို့ ရပ်စောင့်ပြီများဆိုရင်လေ ...
``လာ ... လာ ... စံပြဈေး ... စံပြဈေး ... သုံးယောက်ပဲလိုတော့တယ်နော် ...´´
``အခုထွက်မယ် ... တော်ကြာထွက်မယ် ... ထွက်ချင်မှထွက်မယ် ... လာထား ... လာထား ...´´
``လာနော် ... စဉ်းစားမနေနဲ့ တော်ကြာအိမ်ပြန်နောက်ကျလို့ ညစာငတ်နေဦးမယ်´´
ကျွန်တော်ကတော့ အပူအပင်သိပ်မရှိပဲ ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူဆိုတော့ စပါယ်ယာတွေရဲ့ အဲဒီ့လို ပေါက်ကရလေးဆယ် စကားတွေကို နားထောင်ရင်း တစ်ယောက်ထဲ ပြုံးစိပြုံးစိဖြစ်နေတတ်တယ်။ ဒီမှာကတော့ စပါယ်ယာတွေရဲ့အသံတွေအစားTicketing Machine ရဲ့တတီတီမြည်သံကိုပဲ အခါခါကြားနေရတယ်။ အစစအရာရာဟာ အင်မတန်လွယ်ကူအဆင်ပြေလွန်းနေတော့လည်း ဘ၀ဟာ တကယ့်ကို ပျင်းစရာကောင်းပါတယ်ဗျာ။ တစ်ခုတော့ ရှိတယ်ဗျ။ အသေးအဖွဲပြဿနာလေးတွေမှာ အားအင်တွေခြွေသုံးလိုက်ရတော့ တကယ့် အခက်အခဲကြီးကြီးမားမားတွေနဲ့တွေ့တဲ့အခါ အကောင်းဆုံး အနေအထားတစ်ခုမှာ ရှိမနေနိုင်တာ မျိုးတွေတော့ ရှိတတ်တာပေါ့ဗျာ။
ရန်ကုန်မှာ ညကြီးမိုးချုပ် ကြားကားစီးပြီးလို့ အိမ်နားကိုအရောက် ကားပေါ်ကဆင်းလိုက်ပြီ ဆိုတာနဲ့ ဘဲလ်လေးတွေ ကလင် ... ကလင် တီးပြီး သူတို့ကိုများခေါ်မလားလို့ မျှော်လင့်တကြီးနဲ့ ၀ိုင်းကြည့်နေတတ်ကြတဲ့ ဆိုက်ကားဆရာတွေရဲ့မျက်နှာတွေကိုလည်း ဘတ်(စ်)ကားပေါ်ကဆင်းတိုင်း ကျွန်တော်လွမ်းနေမိသေးတယ်။ ရန်ကုန်မြို့ကြီးထဲမှာ မိုးလင်းကမိုးချုပ် ဟိုဟိုဒီဒီလျှောက်သွားနေရတာဟာ ရုပ်ရှင်ပြကွက်တွေကို တစ်ကွက်ပြီးတစ်ကွက်ကြည့်နေရသလိုပါပဲ။ ဘ၀အထွေထွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုး သော ဖြစ်တည်ရှေ့ဆက်နေမှုတွေဟာ စိတ်ဝင်စားစရာကောင်းသလို၊ တစ်ခါတစ်ခါ ရင်နင့်စရာလည်း ကောင်းပါတယ်။ ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းတစိမ့်စိမ့်နဲ့ လွမ်းနေမိတာကတော့ နိစ္စဓူဝတွေ့မြင်နေရတဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး မျက်လုံးတွေထဲက မပြည့်စုံခြင်းကွက်လပ်အပိုင်းအစတွေကိုပါပဲ။ စင်ကာပူမှာ ကတော့ မနက်မနက်ဆိုရင် သံပတ်ပေးပြီး လွှတ်လိုက်တဲ့ စက်ရုပ်တွေနဲ့ တူတဲ့လူတွေ ပြေးလွှားလှုပ်ရှားနေတာ မြင်နိုင်ပြီး၊ ညနေဆိုရင်တော့ သံပတ်လျှော့နေတဲ့စက်ရုပ်တွေ ပင်ပန်းတကြီး လေးတိလေးကန်နဲ့ အိမ်ပြန်ကြတဲ့မြင်ကွင်းတွေကိုနေ့တိုင်းမြင်ရမှာလေ။
ကျွန်တော့်ရဲ့ တောင်ရောက်မြောက်ရောက်အလွမ်းတွေက ခင်ဗျားတို့အတွက်တော့ ရယ်စရာဟာသတွေ ဖြစ်ကောင်းဖြစ်နေမှာပါ။ ကျွန်တော်ကတော့ အဲဒါတွေအားလုံးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေ နင့်နင့်သီးသီးကိုလွမ်းနေမိရင်း ဘ၀ဆိုတာ ကိုယ်တိုင် ရှင်သန်ရပ်တည် နေနိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရခြင်းပါပဲဆိုတဲ့ သတ်မှတ်ချက်ထက်ပိုတဲ့ အဓိပ္ပါယ်တစ်ခုကို ရှာဖွေပြဌာန်းနိုင်ဖို့ ကြိုးစားနေမိပါတယ်။

Thursday, September 13, 2007

Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)

Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)

ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။ mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘ၀အတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အ၀ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ၀င်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ Zawgyi One ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှုတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်(post)တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ၀င်ရေးသွားသေးသလဲ စတာတွေကို ၀င်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ၀မ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတစ်ယောက်ရဲ့ ဘ၀ထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ Zawgyi-One Font နဲ့ရိုက်ထည့်ပြီးရှာကြည့်လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကို ညွှန်းရမယ်ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက်ဖတ်ရှုနိုင်ပါသေးတယ် …။ လူငယ်တွေအားလုံး ချက်တာ ဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြပါစေဗျာ …။

နေဘုန်းလတ်

www.nayphonelatt.blogspot.com

Wednesday, September 12, 2007

စာဖတ်သူစိတ်ကြိုက် ...

ကျွန်တော့်ဘလော့ဂ်ကိုလာဖတ်ကြတဲ့သူတွေကို သူတို့စိတ်ကြိုက်ပို့စ်ငါးခုကိုရွေးချယ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ် ...။ ၇ ယောက်ဝင်ရွေးပေးကြပါတယ် ...။ အခုလို အရေးတယူနဲ့ ၀င်ရွေးပေးကြတဲ့ သူတွေကို အထူးကျေးဇူးတင်ပါတယ်လို့ပြောပါရစေ ...။
စာဖတ်သူစိတ်ကြိုက်တွေကို ချရေကြည့်တော့ လေးမဲရတာက နှစ်ခု ၊ သုံးမဲရတာက သုံးခုပါ။ အဲဒါတွေကတော့ ...
ကျွန်တော်နှင့် အရောင်များ (အရောင်တွေနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေပါ)
ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ဒါလေးက ၁ ကနေ ၆ အထိရှိပါတယ်)
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကခေါင်းဆောင်မှု (သံဃာအဖွဲ့အစည်းကြီးကို ဗုဒ္ဓ ဦးဆောင်ဦးရွက်ပြုသွားပုံကို လူငယ်တစ်ယောက်ရဲ့ အမြင်နဲ့ သုံးသပ်ထားတာလေးပါ)
ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော် ... (ကျွန်တော့်ရဲ့လွတ်ကျခဲ့တဲ့ မြို့တော်လေးတစ်ခုအကြောင်းပါ)
တန်ဖိုး
( ကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးတစ်ခုကို ခံစားရေးဖွဲ့ထားတာပါ)

Sunday, September 9, 2007

ကျွန်တော်နှင့်သူတို့တွေ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကရေးခဲ့ဖူးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ ...။ ပိတောက်မြေမဂ္ဂဇင်းမှာလားမသိဘူး ဖော်ပြခံခဲ့ရဖူးပါတယ် ...။ အစွန်းရောက်နေသူတွေနဲ့ ဆုံတွေ့ပါများရာကနေ ... ဒီဝတ္ထုတိုလေးဖြစ်လာတယ်လို့ပြောလို့ရပါတယ် ...။

ကျွန်တော်နှင့်သူတို့တွေ


အခန်းအမှတ်(၁)
`` သြော် . . . မင်းကိုး . . . လာကွာ . . . ထိုင်´´
သူကကျွန်တော့်ကို ခရီးဦးကြိုပြုပြီး ခုံမှာဝင်ထိုင်ခိုင်းပါတယ်။ သူကတော့သူရဲ့ ခုတင်ပေါ်ကို ခြေနှစ်ဖက်လုံး တင်ပြီး တင်ပလ္လင်ခွေထိုင်လိုက်တယ်။
``ပြောပါဦး . . . မင်း ဘာကိစ္စ ငါ့ဆီရောက်လာရပြန်တာတုန်း . . . ပိုက်ဆံချေးဖို့တော့ စိတ်မကူးနဲ့နော် . . . ဒါပဲ . . .´´
ဝင်ဝင်ချင်း ဆောက်နဲ့ထွင်းသလို သူကအဲ့ဒီလို ပြောလိုက်တော့ ကျနော်လည်းသည်းခံပြီး အခြားကိစ္စ တွေဆီ ရောက်မသွားခင် ကိုယ်ကပဲစပြီး စကားလမ်းကြောင်း ခင်းပေးလိုက်ရတယ်။
``သြော် . . . ဒီလိုပါ . . . ဟိုတစ်နေ့က အန်ကယ် ပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော် မရှင်းလို့ဗျ . . . ဘာလဲ . . . လူတွေအားလုံးက အန်ကယ်ကို ၀ိုင်းပြီးမနာလိုဖြစ်နေကြတာဆို . . . အဲဒါသူတို့က အန်ကယ်ကို အလကားနေရင်း မနာလိုဖြစ်နေရအောင် အန်ကယ်ရဲ့ လုပ်ရပ်တွေက သူတို့ကို ဘယ်လိုများ ထိခိုက်နေလို့လဲဗျ´´
``ဒါက . . . ဒီလိုရှိတယ်ကွ . . .´´
သူအဲဒီလို စကားစလိုက်တဲ့အချိန်မှာပဲ ကျွန်တော်လဲ အိတ်ကပ်ထဲက အသံဖမ်းစက်ကို သူမသိအောင် မသိမသာလေး ခလုတ်နှိပ်လိုက်တယ် . . . ။
``အဓိက ကတော့ . . . သူတို့ကိုယ့်အတွက် နေရာတွေဖယ်ပေးနေရလို့ပေါ့ကွာ . . .။ ကိုယ့်ကို မယှဉ်နိုင်လို့ ကိုယ့်နောက်ကို ရောက်နေရတာကို မကျေနပ်နိုင်ကြလို့ပေါ့ . . .။ ကိုယ်ကလည်း အားနာတာတို့ စာနာညှာတာတာတို့ စတဲ့စကားလုံးတွေကို သိပ်နားလည်တာမဟုတ်ဘူးကွ . . . အဲဒီတော့ . . . ကိုယ်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတစ်ခု ဖြစ်လာပြီဆိုရင်တော့ . . . ကန်ထုတ်ပစ်လိုက်တာပဲ . . . ။ ကိုယ့်ကိုဖက်ပြိုင်ပြီး သူတို့ ဘာမှမလုပ်နိုင်ကြတော့လဲ အဝေးကနေ ၀ိုင်းမနာလိုဖြစ်ကြပြီး ကိုယ့်ကို ၀ိုင်းအကောက်ကြံဖို့ပဲ စဉ်းစား နေကြ တာပေါ့ . . .။´´
သူကအဲဒီ့လို ပြောနေရာကနေ ခဏထပြီး ကျွန်တော့်နောက်က တံခါးကို သော့ခလောက်အကြီးကြီးနဲ့ သွားခတ်လိုက်ပါတယ်။
``သူတို့က အန်ကယ်ကို မကောင်းကြံကြလိမ့်မယ်လို့ အန်ကယ် ယုံကြည်နေတယ်ပေါ့ . . . ´´
``ဒါပေါ့ကွာ . . . ဒါက အတိအကျကို သေချာနေတဲ့ ကိစ္စပဲ တချို့အပင်တွေက အမြင့်ရောက်ရင် လေပိုတိုက်တာခံရတယ်လို့ ကြားဖူးတယ် . . . သူတို့ကတော့ ကိုယ့်ကို လေနဲ့တိုက်ရုံတင်မကဘူး . . . ခုတ်လှဲ ပစ်ဖို့ပါ ကြိုးစားချင်နေကြတာကွ . . . အခု . . . ဒီမှာနေနေရတာတောင် သိပ်စိတ်ချရတာ မဟုတ်ဘူး . . . တစ်ခါတစ်ခါ ကုတ်အင်္ကျီအဖြူရောင်ရှည်ရှည်ကြီးတွေ ၀တ်ထားတဲ့ကောင်တွေက ငါအခန်းကို လာချောင်းတတ် သေးတယ် . . .။ အဲဒါကြောင့် . . . မင်းမြင်တဲ့အတိုင်းပဲ . . . သော့ကြီးကြီးနဲ့ ခတ်ထားရတာလေ . . .´´
သူဒီလောက် လူကြောက်နေပြီးတော့များ . . . ကျွန်တော့်ကိုကြတော့ ကောင်းကောင်းမွန်မွန် လက်ခံစကားပြောနေသားပဲလို့ . . . ကျွန်တော်တွေးမိတာနဲ့ . . .။
``အန်ကယ် ကျွန်တော့်ကိုကျတော့ အန်ကယ်ကို မနာလိုဖြစ်ပြီး တစ်ခုခု လုပ်မှာမကြောက်ဘူးလား´´
``ဟား . . . ဟား . . . ဟား မင်းဗလလေးနဲ့များကွာ မင်းဝင်လာကတည်းက ငါကြည်ြ့ပီးသားပါကွ မင်းမှာ ဘာလက်နက်မှမပါဘူး။ နောက်ပြီး . . . မင်းငါ့ထက် လူကောင်လည်းသေးတော့ မင်းငါ့ကို ဒီအတိုင်း ဘယ်လိုမှ ယှဉ်ချနိုင်မှာ မဟုတ်ဘူး . . . အဲဒါကြောင့် မင်းကို ငါအခုလို လက်ခံစကားပြောနေတာပေါ့ကွ . . .။ ယုံကြည်လွန်းလို့တော့ မဟုတ်ဘူး . . . ကိုယ့်လူရေ ဟား . . . ဟား . . . ဟား ´´
သူပြောတာလဲဟုတ်တော့ဟုတ်တာပဲ . . . ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ကျန်းမာရေးကောင်းတဲ့ သူ့လောက် ကျွန်တော်ကမှ ဗလမတောင့်တာ . . .။
``ဟုတ်ပါပြီ . . . ဟုတ်ပါပြီ၊ ဒါနဲ့ . . . အခုအန်ကယ် စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကို . . . အန်ကယ့်ဇနီးနဲ့ လွှဲထားတာပေါ့နော် . . .´´
``အေးပေါ့ကွ . . . ကိုယ့်ရဲ့လုပ်ငန်းတွေအကုန်လုံးမှာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပေမယ့်လဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးက ပိုပြီးအရေးကြီးတယ် မဟုတ်လား။ အဲဒီတော့လဲ . . . မလွှဲချင်လည်း ဒီလိုပဲ လွှဲထားရတာပေါ့ကွာ . . . ´´
သူကအဲဒီ့လိုလဲ ပြောပြီးရော . . . သူရဲ့သော့ခလောက်ကြီးကို ထပြီးစစ်ဆေးပြန်ပါတယ်။ ကျွန်တော်လဲ သူအေးအေးဆေးဆေး နားသင့်ပြီထင်တာနဲ့ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။ အင်း . . . မထွက်ခင်မှာ သူရဲ့ဖွင့်စရာမလိုတဲ့ သော့ခလောက်ကြီးကို သူလိုက်ဖွင့်ပေးလို့ အလိုက်အထိုက်နဲ့ ဟန်ဆောင်လိုက်ရသေးတယ်။
``သွားပြီ အန်ကယ်ရေ . . . နောက်အားတော့မှလာခဲ့ပါဦးမယ် . . .´´

အခန်းအမှတ် (၂)
ဒေါက် . . . ဒေါက် . . . ဒေါက်
တံခါးကို သုံးချက်ခေါက်ပြီး ကျွန်တော်ဝင်သွားတော့ . . . ။ သူက ခုတင်ပေါ်ကနေ စာအုပ်တစ်အုပ်ကို ဖတ်နေရင်းနဲ့ပဲ ကျွန်တော့်ကို လှမ်းပြောတယ် ။
``ပညာရှိကို မှီဝဲဆည်းကပ်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏တဲ့ . . . ကဲဆို . . . မင်းဘာသိချင် ပြန်ပြီလဲ . . . ´´
ကျောင်းဆရာတစ်ယောက်က စာလာမေးတဲ့ တပည့်တစ်ယောက်ကို ပြောတဲ့လေသံနဲ့ သူက အဲဒီ့လို ပြောတော့ ကျွန်တော်နဲနဲ အောင့်သက်သက် ဖြစ်သွားတယ်။ သူ့ကိုယ်သူများ ပညာရှိတဲ့ . . . ပညာရှိမရှိတော့ မသိပါဘူး . . . ဒါပေမယ့် တစ်ခါတစ်ခါ သူပြောတဲ့စကားတွေက ဟုတ်တာမဟုတ်တာ အပထား ကျွန်တော်တောင် ပါးစပ်အဟောင်းသားဖြစ်သွားရတာတွေ အများကြီးပါ . . . ကျွန်တော်လည်းသူ့နားကခုံကို ဆွဲယူထိုင်ရင်း စဉ်းစား လာပြီးသား မေးခွန်းကို စမေးလိုက်တယ်။
``အခုတလော သောမတ်(စ်)အယ်လ်ဖရိုင်းမန်း (Thomas L.Friedman) ရေးတဲ့ ကမ္ဘာကြီးသည် ပြားသည် (The World Is Flat)ဆိုတဲ့ စာအုပ် အရမ်းနာမည်ကြီးနေတယ်ဗျ . . . ။ အစ်ကိုကရော အဲဒီ့ အယူအဆကို ဘယ်လိုသဘောရလဲ´´
ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ သူက ဖတ်လက်စစာအုပ်ကို ဘေးချပြီး အိပ်လျက်သားကနေပဲ ကျွန်တော့်ကို လှမ်းပြောတယ်။
``ကမ္ဘာကြီးကိုတော့ လုံးသလား၊ ပြားသလား ငါ . . . မငြင်းချင်ဘူး။ ဒါပေမယ့် . . . ငါသိထားတာ တစ်ခုကတော့ လူလောကကြီးက လေးထောင့်ကြီးကွ . . . ´´
သူပြောတော့မှပဲ ကျွန်တော်လည်း လည်ထွက်သွားတယ်။ အယူအဆသစ်တစ်ခုကိုတော့ ဘယ်လို အတွေးအခေါ်တွေနဲ့ စာဖွဲ့ပြဦးမလဲ မသိပါဘူး . . . ကျွန်တော်ဘာမှ ဆက်မမေးရသေးခင်မှာပဲ သူကဆက် ပြောတယ် ။
``ဒီလိုကွာ . . . လေးထောင့်ပုံ ကုဗတုံးတစ်ခုမှာ အပေါ်ယံမျက်နှာပြင်တစ်ခု၊ အောက်မျက်နှာပြင် တစ်ခုနဲ့ လေးဘက်လေးလံမျက်နှာပြင် လေးခုရှိတယ် မဟုတ်လား။ လူ့လောကကြီးကလဲ အဲ့ဒီလိုပါပဲကွာ . . . အပေါ်ယံမျက်နှာပြင်ပေါ်က လူတွေကတော့ အေးအေးဆေးဆေးပေါ့။ လေးဖက်လေးလံ နံရံတွေပေါ်က လူတွေကတော့ ပြုတ်မကျအောင် အတင်းကာရော ကုပ်တွယ်ဖက်တက်နေကြရတာလေ အောက်မျက်နှာပြင်ကို ရောက်ပြီဆိုရင်တော့ ပြုတ်ကျကြရောပေါ့ကွာ . . .´´
အဲ . . . သူအတွေးလေးကလည်း မဆိုးဘူးလို့ ကျွန်တော်တွေးမိတယ် သူကဆက်ပြောတယ်
``အဲဒီ့လေးထောင့်ပုံ လူ့လောကကြီးက တစ်ခါတစ်ခါဘေးတိုက်ကြီး လည်နေတတ်တယ်ကွ . . . အဲဒါသိပ်မကောင်းဘူ၊တခါတခါ အထက်အောက် ပြောင်းပြန်လည်မှ မျှတမှာပေါ့ကွ . . . ´´
သူ့စကားကို ခေါင်းညိတ်ထောက်ခံနေရင်းက ကျွန်တော်သူ့ခုတင်ပေါ်ကို မျက်စိရောက်သွားတယ်။
``အစ်ကို . . . ဒီစာအုပ်တွေကို ခေါင်းအုံးအိပ်တော့ ခေါင်းမနာဘူလား . . . ခေါင်းအုံးကို သူတို့က ၀ယ်မပေးကြဘူးလား . . . ´´
ကျွန်တော်က ပြောရင်းဆိုရင်း ခေါင်းအုံးလိုက်ရှာမယ်လုပ်တော့ သူက ကပျာကယာနဲ့တားတယ်။
``ဟေ့ . . . ဟေ့ . . . မရှာနဲ့ . . . မရှာနဲ့ . . . ငါတမင်သက်သက် စာအုပ်တွေကို ခေါင်းအုံး အိပ်တာကွ၊ အဲဒါမှ အိပ်မက်ထဲမှာပါ စာဖတ်လို့ရမှာပေါ့ . . . ခေါင်းအုံးအိပ်ရုံတင်မကဘူး . . . ဒီမှာကြည့်´´
သူက ပြောလည်းပြော ...သူ့ခုတင်ပေါ်မှာခင်းထားတဲ့ ဖျာကိုလည်း ဆွဲလှန်ပြပါတယ်။ ဖျာအောက်မှာ အစီအရီခင်းထားတဲ့ စာအုပ်တွေက ထပ်လျက်သား . . .
``ငါ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ငါ့အသွေးအသားတွေထဲကို ဒီစာအုပ်တွေထဲက စိတ်ဓါတ်တွေ၊ ၀ိဥာဉ်တွေ၊ နှလုံးသားတွေ စီးဝင်လာအောင် ဒီတိုင်းစီမံထားရတာပဲကွ . . . ဒါ့ကြောင့်လဲ . . . ငါ အခုလို ပညာ၇ှိ ဖြစ်နေတာပေါ့ . . .´´
စကားအကောင်းပြောနေရာကနေ . . . ဖောက်လာပါပြီ . . . အဲဒါတွေကြောင့်လဲ သူ့အခန်းထဲမှာ ကျွန်တော် ကြာကြာမနေချင်တာပါ။ အဲဒါနဲ့ . . . ကျွန်တော်ပြန်တော့မယ်ဆိုပြီး ထထွက်မယ် အပြင်မှာ သူက လှမ်းတားပါတယ်။
`` ဟေ့ . . . ဟေ့ . . . နေဦးလေ၊ ငါမင်းကို ပြောစရာရှိသေးတယ်ကွ၊ သိပ်မကြာသေးခင်က ငါစာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်၊ လူတစ်ယောက်ရဲ DNA ကိုယူပြီး ကလုံး (Clone) တွေ ကူးယူလို့ ရတော့မယ်တဲ့ . . . ။ အဲဒါဆို . . . ငါရဲ့ DNA တွေနဲ့ ငါ့လို ပညာရှိတွေ အများကြီးပွားယူလို့ ရတော့မှာ ပေါ့နော် . . . အဲဒီလိုဆိုရင်တော့ . . . ငါတို့နိုင်ငံမှာ ငါလိုပညာရှိတွေ ပေါလာဦးတော့မှာပဲ . . . မင်းငါ့ကို အဲဒီ့ကိစ္စလေး တစ်ချက်လောက်စုံစမ်းပေးပါကွာ . . . ၊ ဒါ . . . အနာဂတ်အတွက် အရမ်းအရေးကြီးတယ်ကွ´´
``အင်း . . . အင်း . . . အင်းပါဗျာ . . . ကျွန်တော် စုံစမ်းကြည့်လိုက်ပါ့မယ် အခုတော့ ပြန်လိုက်ဦးမယ်´´
ကျွန်တော်လဲ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းတွေစွတ်ညိတ်ပြခဲ့ပြီး သူ့အခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်။

အခန်းအမှတ်(၃)
``ဟယ် . . . မောင်လေး . . . လာလေ . . . ဘယ်လိုလဲ . . . မ´ ပြောထားတဲ့ မော်ဒယ်လ် လုပ်ဖို့ကိစ္စ စဉ်းစားပြီး သွားပြီးလား . . . မင်းရုပ်မင်းရည်နဲ့ ခန္ဓကိုယ်အချိုးအစား ကျအောင်သာ နဲနဲလေ့ကျင့်လိုက်မယ် ဆိုရင် . . . ဖြစ်နိုင်တယ်ကွ . . . ´´
သူက ကျွန်တော့် ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး၊ အဲဒီ့လိုပြောတော့ ကျွန်တော် အမြန်အမြန်ပဲ ခုံတစ်ခုဆွဲပြီး ထိုင်လိုက်ရတယ်။
`` အမ . . . နေကောင်းရဲ့လား . . . ´´
`` အမလေး . . . ကောင်းလွန်းသမှ ဒေါင်ဒေါင်မြည်နေတာပဲ . . . ရင် -၃၂၊ ခါး-၂၈၊ တင်-၃၆ တစ်ပြားသားမှကို မလျှော့သေးဘူး´´
သူကပြောရင်းဆိုရင်း ကျွန်တော့်ေ၇ှ့မှာ ကိုယ်ဟန်ပြသလို လုပ်ပြနေလို့ အတင်းဆွဲပြီး ပြန်ထိုင်ခိုင်းရ ပါသေးတယ်။
``သြော် . . . ဟုတ်ပါတယ် . . . အမ အရင်လိုလှနေသေးတယ်ဆိုတာ၊ ကျွန်တော်သိပါတယ်။´´
``အရင်လိုလှတယ်ဆိုလို့ . . . မင်းကိုပဲ မ´ပြောပြရဦးမယ် . . . ။ မ´ ပထမဆုံးမယ်ပြိုင်ပွဲဝင်တုန်းက ဆိုလေ . . . ။ မ´အလှမှာ ယစ်မူးပြီး ပရိသတ်ထဲက ကောင်လေးတစ်ယောက် စင်ပေါ်အတင်းတက်လာလို့ ပွဲတောင် မနည်းငြိမ်အောင် ထိမ်းလိုက်ရသေးတယ်ကွဲ့ . . . သိလား . . . နောက်ပြီး . . . အချို့ဒိုင်လူကြီး တွေဆိုရင် မ´အလှည့်ရောက်ပြီဆို အမှတ်ပေးဖို့တောင် မေ့နေကြတဲ့သူတွေရှိတယ် . . . မောင်လေးရဲ့´´
သူပြောနေတာတာတွေက လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က မလွဲအောင်ကို သေချာခဲ့မယ်ဆိုတာ အခုလောလောဆယ်သူရဲ့ ရုပ်ရည်ကိုမှန်းကြည့်ရုံနဲ့ သိသာပါတယ်၊ ဒါပေမယ့် . . . အခုနဲနဲဆိုးတာက အသက် ၄၀-နားကပ်လာလို့ လျော့တိလျော့ရဲ ဖြစ်ချင်လာတဲ့ မျက်နှာပြင်ကို မိတ်ကပ်တွေ အဖွေးသားဖို့ထားပြီး နှုတ်ခမ်းနီတွေ ရဲပလောင်းခတ်အောင် ဆိုးထားတာပါ . . . ။
``ဒီအတိုင်းလေးလဲ . . . လှပါတယ် အမရယ် . . . ဘာလို့ အဲဒီ့လောက်တောင် အလှတွေ ပြင်ထားရတာလဲ . . . ´´
``မင်းမသိပါဘူး . . . မောင်လေးရယ် . . . အခုခေတ်နောက်တက်လေးတွေက သူတို့ရဲ့ မလောက်လေးမလောက်စား ကိုယ်လုံးလေးတွေနဲ့ အသက်အရွယ်လေးကို အားကိုးပြီး မ´တို့ကို ပုခုံးခြင်းယှဉ်ချင် ကြတယ်လေ၊ အဲဒါကြောင့် . . . သူတို့တွေ ကိုယ့်ထက်သာမသွားအောင် အခုလိုပဲ အမြဲတမ်း ဖြီးလိမ်း ချယ်သနေရတယ် . . . မောင်လေးရေ . . . ´´
သူကပြောရင်းဆိုရင်းကိုပဲ မှန်ရှေ့သွားပြီး ခေါင်းဖြီးလိုက်၊ မိတ်ကပ်လေးတို့လိုက် လုပ်နေပြန်ပါတယ်။
``နောက်ပြီး . . . မ´နောက်ဆုံးပြိုင်တဲ့ မယ်ရွေးပွဲအကြောင်း ပြောပြဦးမယ် . . . တကယ်ဆို ဒီမယ်ဘွဲ့က မ´အတွက်ပဲဆိုတာ ပြိုင်ပွဲမစခင်ကတည်းက သေချာပြီးသား . . . ။ မ´အလှကို ယှဉ်နိုင်တဲ့သူမှ မရှိသေးတဲ့ဟာကို . . . ပြိုင်ပွဲလဲစရော အားလုံးရဲ့ မျက်စိတွေကလည်း မ´ဆီမှာ . . . အားလုံးကလဲ ဒီမယ်ဘွဲ့ သရဖူကိုဆောင်းမယ့်သူဟာ မ´ပဲလို့ ထင်နေကြတဲ့အချိန်ပေါ့ . . . အဲဒီ့မှာ အကဲဖြတ်ဒိုင်လူကြီးတွေရဲ့အမှတ် တွေကိုပေါင်းအပြီး . . . မယ်ဘွဲ့ကို ကြေလဲကြေငြာရောလေ . . . အမယ်လေး . . . မောင်လေးရေ . . .သူတို့ကြေငြာတဲ့နာမည်က မ´နာမည်မဟုတ်ဘူးဖြစ်နေရော . . . သိလား ´´
အဲဒီ့စကားကို အံတကြိတ်ကြိတ်၊ တက်တခေါက်ခေါက်နဲ့ ပြောနေတာပါ။ သူဒေါသတွေ ထွက်နေတာကိုကြည့်ပြီး ကျွန်တော်နဲနဲကြောက်လာတယ်။
``ပရိသတ်တွေအားလုံးကလည်း လက်ခုပ်တွေတဖြောင်းဖြောင်း တီးနေကြပေမယ့် . . .သူတို့ မ´ဘက်မှာရှိနေတယ်ဆိုတာ မ´သိနေတယ်လေ။ အဲဒါနဲ့ . . . မ´လဲ အဲဒီ့စင်ပေါ်ကနေပဲ အကဲဖြတ်တွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး . . . ရှင်တို့ ပိုက်ဆံဘယ်လောက်ရလို့ . . . ဒီလိုလုပ်ရတာလဲ ဒီမိန်းမကကျမထက်ဘယ်လောက်တောင် ပိုပြီးတော့ လှနေလို့လဲဆိုပြီး အပြတ်ချဲတော့တာပါ . . . ။ အဲဒါနဲ့ ပွဲလဲပျက် ပါလေရော . . . မောင်လေးရယ် ´´
သူကပြောနေရင်းနဲ့ မျက်ရည်တွေ စီးကျလာပါတယ် . . . မျက်လုံးမှာရှဲဒိုးတွေ ဆွဲထားတာကြောင့် သူရဲ့မျက်ရည်တွေက မဲမဲကြီးတွေပါ။ ခဏနေတော့ မျက်ရည်တွေကို ပြန်သုတ်ပြီး မဲနေတဲ့ပါးပြင်ကို ပါးနီတွေနဲ့ ရိုက်နေပြန်ပါတယ်။ ကျွန်တော်ရှိနေရင် သူရဲ့ရှုံးခဲ့တဲ့ အခြားမယ်ရွေးပွဲတွေအကြောင်း ထပ်ပြောပြီး ထပ်ငိုဦးမှာ စိုးတာနဲ့ အမြန်အမြန် နှုတ်ဆက်ပြီး ထထွက်လာခဲ့လိုက်တယ်။

အခန်းအမှတ်(၄)
အခန်းအပြင်ကနေ . . . ချောင်းကြည့်လိုက်တော့ သူကုတင်ပေါ်မှာ တရားထိုင်နေတာနဲ့ ကျွန်တော်လည်း တံခါးကို အသာအယာလေးတွန်းဖွင့်ပြီး သူဘေးနားကခုံလေးမှာ ထိုင်စောင့်နေလိုက်တယ်။ ကျွန်တော်သူ့ကို စောင့်ကြည့်နေတုန်း သူက ဗြုန်းခနဲ မျက်လုံးပွင့်လာပြီး . . . ကျွန်တော်ကို ပြူးကြည့်နေတယ် . . .
``အဘ . . . ကျွန်တော်လေ . . . မမှတ်မိတော့ဘူးလား´´
``အေး . . . မှတ်မိတယ်။ မင်းရဲ့အနာဂတ်အကြောင်းတွေ ငါကြိုမြင်နေလို့ . . . အဲဒါမင်းကို ပြောပြမလို့ . . . မင်းမှဟုတ်ရဲ့လားဆိုတာ . . . သေချာအောင် ကြည့်နေတာ . . . ´´
သူကပြောရင်းဆိုရင်း ကျွန်တော်ရဲ့ခေါင်းကို လက်တစ်ဘက်နဲ့အုပ်ရင်း အာရုံခံသလို လုပ်နေပါတယ် ကျွန်တော်လဲ မကြိုက်ပေမဲ့ သူ့ကိုစိတ်အနှောက်အယှက် မဖြစ်စေချင်တာနဲ့ ဒီအတိုင်းပဲ ငြိမ်နေလိုက်တယ်။
``မင်းမကြာခင် ရာထူးတက်လိမ့်မယ် . . . ´´
ဒါတော့ဟုတ်တယ် . . . မကြာခင်မှာ ကျွန်တော်အခုလုပ်နေတဲ့ သုတေသနစာတမ်းပြီးရင် . . . ဘွဲ့လွန်တစ်ခု ထပ်ရတော့မှာလေ။
``အဲဒီနောက်ပိုင်းတွေက သိပ်မကောင်းဘူးကွ . . . အဲဒီ့တော့ ငါမပြောချင်တော့ဘူး . . . ငါက ကောင်းတာတွေပဲ ဟောချင်တာကွ´´
``အင်း . . . ဟုတ်တယ် . . . အဒါကောင်းတယ်။ မကောင်းဘူးဆိုရင် ကျွန်တော်လဲ နားမထောင်ချင်ဘူး၊ အဲဒီ့တော့ အဘမြင်တာတွေကို အဘပဲမှတ်ထားလိုက်တော့နော် . . . ကျွန်တော် အခုလာတာက အဘကို မေးခွန်းလေးတစ်ခုလောက် မေးချင်လို့ပါ . . . ´´
ကျွန်တော်အဲဒီ့လိုပြောတော့ သူက တစ်ချက်စဉ်းစားဟန်ပြုပြီး ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေတယ်။
``မေး . . . မေးလေ . . . ငါအာရုံရတဲ့မေးခွန်းဆိုရင် ငါဖြေမယ်´´
``ဒီလိုပါ . . . အဘ . . . သူများတွေရဲ့ ရှေ့ဖြစ်၊ နောက်ဖြစ်တွေကို မြင်မြင်နေရတယ်ပြောတယ်၊ အဲဒါ . . . အဘရဲ့ နောက်ဖြစ်မယ့် အနာဂတ်ကိုရော အဘပြန်မကြည့်ဘူးလားလို့ . . . ´´
ကျွန်တော်အဲဒီ့လို မေးလိုက်တော့ သူက သူရဲ့မေးစေ့ကို လက်နဲ့တပွတ်ပွတ်လုပ်ရင်း တဟင်းဟင်းနဲ့ ရယ်တယ် . . . အချိန်အတော်ကြာတော့မှ . . .
``ငါ အဲဒီ့လို ငါရဲ့အနာဂတ်ကိုမြင်ပြီး လူတွေကို လိုက်လိုက်ပြောပြနေလို့လဲ သူတို့နဲ့ငါနဲ့ အကြော မတည့်တာပေါ့ကွ . . . ´´
`` ကျွန်တော်ကို ပြောပြပါဦး . . . အဘမြင်တဲ့ အဘရဲ့အနာဂတ်အကြောင်းလေး . . . ´´
အရင်တစ်ခေါက်လာတုန်းကလည်း သူက အရမ်းချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်ဖြစ်မယ့် အကြောင်း၊ ငွေတွေထားစရာနေရာ မရှိလို့ အလှူအတန်းကို နေ့စဉ်ရက်ဆက် လုပ်ရမယ်ဆိုတဲ့အကြာင်းတွေပြောပြခဲ့ပြီးပါပြီ။ ဒါပေမယ့် သူရဲ့အနာဂတ်က တစ်ခါနဲ့တစ်ခါ မတူတတ်တာကြောင့် ကျွန်တော်ထပ်မေးလိုက်တာပါ။
``အေး . . . လွန်ခဲ့တဲ့ . . . ၅-ရက်လောက်ကပဲ . . . ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ နတ်သားတစ်ပါးက ငါ့ကို လာပြောသွားတယ်။ နတ်ပြည်မှာငါ့အတွက် ဘုံဗိမာန်တစ်ခု ပေါ်လာပြီတဲ့၊ အဲဒါ ငါသေတာနဲ့ အဲဒီ့ကို တခါတည်းတန်းသွားရမှာတဲ့။ ဒါပေမယ့် . . . ငါကလည်း တော်တော်နဲ့ သေဦးမှာ မဟုတ်ပါဘူးကွာ . . . အဲဒါ . . . မင်းအရင်သွားနေရင်နေနှင့်ပါလား . . . ´´
``ဟာဗျာ . . . မပြောကောင်းမဆိုကောင်း . . . ´´
ကျွန်တော်ကအဲဒီလို အကြောက်အကန် ငြင်းတော့ သူကတစ်ယောက်တည်းသဘောတွေကျပြီး ဆက်ပြောပါတယ်။
``နတ်သမီးလေးငါးရာလဲ အဆင်သင့်ဖြစ်နေပြီလို့ သူကပြောတာပဲ။ သူအဲဒီလိုပြောတော့ ငါ အခု ချက်ချင်းတောင် သေချင်စိတ်ပေါက်လာတယ်ကွာ . . . ´´
အဲဒီလိုပြောတော့ ကျွန်တော်နဲနဲလန့်သွားတယ်၊ ဒါပေမယ့် . . . အခန်းထဲမှာသူ သူကိုယ့်ကို သေအောင်လုပ်ဖို့ ဘယ်လိုအရာဝတ္တုမှ ရှိမနေတာကိုတွေ့မှ နဲနဲစိတ်အေးသွားတယ်။
`` အင်း . . . ဟုတ်ပြီ . . . ဟုတ်ပြီ . . . ဒါဆိုလဲ ကျွန်တော်ပြန်လိုက်ဦးမယ် . . . အဘ ပြောသလို ကျွန်တော်ရာထူးတက်ရင် အဘကို အရင်ဆုံး ပြုစုမယ် . . . ဟုတ်ပြီလား . . . ´´
အဲဒီလိုနဲ့ ကျွန်တော်အခန်းအမှတ်(၄)ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`` ကျေးဇူးတင်ပါတယ် . . . ဒေါက်တာ . . . ကျွန်တော်ကို ဒီတစ်လလုံး အခုလို အနီးကပ် လေ့လာခွင့်ပေးတဲ့အတွက် . . . ဒေါက်တာတို့ကို ဘယ်လိုကျေးဇူးဆပ်ရမယ်မှန်းတောင် မသိတော့ပါဘူး . . .´´
`` ရပါတယ် . . . ငါ့ညီရယ် . . . မင်းရဲ့စာတမ်းပြီးလို့ဘွဲ့လွန်ရတဲ့အခါ ဒီနေရာလေးကို ပြန်သတိရရှိလာမယ် ဆိုရင် ကျေနပ်ပါပြီ . . . ´´
ကျွန်တော်တာဝန်ကျ ဆရာ၊ ဆရာမ တွေအားလုံးနဲ့ ၀န်ထမ်းတွေကို တစ်ယောက်မကျန် လိုက်နှုတ်ဆက်ပြီး အဲဒီ့ဆေးရုံကြီးကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူတို့ဟာ တသီးတသန့်ထားပြီး သုတေသနပြုရလောက်အောင် ထူးခြားတဲ့ စိတ်ဝေဒနာရှင်တွေပါ . . . ။ အမှန်အတိုင်းပြောရမယ်ဆိုရင် လူကောင်းတွေကတောင် ပြန်ပြီး ဆရာတင်ရလောက်တဲ့ အဆင့်မြင့်အရူးတွေလို့တောင် ပြောလို့ရပါတယ်။ တစ်ခါတစ်ခါ သူတို့နဲ့ ကျွန်တော် သွားပြီးစကားပြောရတာ တဖြေးဖြေးနဲ့ကိုက ရူးချင်သလိုလို ဖြစ်လာပြီး၊ သူတို့နဲ့အတူတူ ငါပါဝင်နေလိုက်ရကောင်းမလားဆိုတဲ့ အတွေးတောင် ခဏခဏ ပေါ်မိပါတယ်။ ဒါပေမယ့် . . . သူတို့အားလုံးရဲ့ တူညီတဲ့အချက်တစ်ခုကတော့ အစွန်းရောက်နေတဲ့ အာရုံအ၀န်းအ၀ိုင်းတွေကြားထဲမှာ မိမိကိုယ်ကို ရှာမတွေ့ကြဘဲ ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာတွေ ပျောက်ဆုံးနေကြခြင်းပါ။
သူတို့လေးယောက်ရဲ့ အဖြစ်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတာတစ်ခုက၊ တစ်ယောက်တစ်မျိုးစီ ယဉ်ယဉ်လေးရူးနေကြတဲ့ လူတိုင်းလူတိုင်းဟာ (စိတ်အခြေအနေတစ်ခုခုသာ လွန်ကဲပြင်းထန်သွားရင် ) အချိန်မရွေး သွက်သွက်ခါအောင် ရူးသွားနိုင်တယ်ဆိုတာပါပဲ . . . ။

နေဘုန်းလတ်
၁၆-၁၁-၀၅(Wed)

Wednesday, September 5, 2007

ကျွန်တော်ဘာတွေပြောခဲ့သလဲ ...

အောက်မှာရေးထားတာတွေကတော့ ပြီးခဲ့တဲ့ဆီမီနာမှာ ကျွန်တော်ပြောခဲ့တာလေး တွေရဲ့ အကျဉ်းချုပ်ပါ ...

ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ ဟောပြောပွဲလေးရဲ့ခေါင်းစဉ်ကတော့ အားလုံးသိကြတဲ့အတိုင်း why do we blog … ? ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ် …။ ကျွန်တော်တို့ဘာ့ကြောင့် ဘလော့ဂ်ရေးကြသလဲပေါ့ …။ ကျွန်တော်တို့ ဘာ့ကြောင့် ဘလော့ဂ်ရေးကြသလဲဆို တာကို နောက်ပြောမယ့် ဘလော့ဂါညီအစ်ကိုမောင်နှမတွေက မပြောခင်မှာ ကျွန်တော်အနေနဲ့ … ဘလော့ဂ်ဆိုတာဘာလဲ …၊ ဘလော့တွေ ဘယ်လိုစဖြစ်လာသလဲ … ဆိုတဲ့ တော့ပစ်လေးတွေကို တင်ပြပေးမှာဖြစ်ပါတယ် …။

ဒါကတော့ Wikipedia မှာဖော်ပြထားတဲ့ ဘလော့ဂ်ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်လေးပါ …။

A blog (a portmanteau of web log) is a website where entries are written in chronological order and commonly displayed in reverse chronological order. "Blog" can also be used as a verb, meaning to maintain or add content to a blog.

ဘလော့ဂ်ဆိုတာ ၀ပ်ဘ်ဆိုဒ်တစ်ခုပါပဲ ဒါပေမယ့် သူ့အထဲမှာ ပါဝင်တဲ့ စာတွေပုံတွေ၊ အမြဲတမ်း ထပ်ထပ်တင်နေတာတွေ chronological order အရ တင်ထားတဲ့ ၀ပ်ဘ်ဆိုဒ်တွေကိုပဲ နောက်ထပ်နာမည်အသစ်တစ်ခုအနေနဲ့ထပ်ပေးလိုက်တာပါ …။ ဘလော့ဂ်ဆိုတဲ့စကားလုံးကို verb (ကြိယာ) တစ်ခုအနေနဲ့လဲ သုံးလို့ရပါတယ်။

Blog = A a website where entries are written in chronological order

Blogging = To write entries in, add material to, or maintain a weblog.

Blogger = a person who keeps and updates a blog

ဘလော့ဂ်တွေရဲ့ သမိုင်းကိုလိုက်ကောက်ကြည့်မယ်ဆိုရင်တော့ ဂျပ်စတင်ဟော(Justin Hall) ဆိုတဲ့သူက ဆွက်မိုးကောလိပ် (Swarthmore College) မှာ ကျောင်းသားတစ်ယောက်အဖြစ် စာပေသင်ယူနေစဉ် ၁၉၉၄ခုနှစ်မှာပဲ Justin's Links from the Underground လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.links.net ကိုစတင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရတော့ သူ့ကို မျက်မှောက်ခေတ်ဘလော့ဂါ (Blogger) တွေရဲ့ ဘိုးအေလို့ယူဆလို့ရပါတယ်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလထုတ် နယူးယောက်တိုင်း မဂ္ဂဇင်း ကလည်း သူ့ကို ကိုယ်ပိုင်ဘလော့ဂ်တွေရဲ့တည်ထောင်သူ the founding father of personal blogging အဖြစ်ဖော်ပြခဲ့ပါတယ်။

အဲဒီ့နောက်ပိုင်းမှာ chronological order နဲ့ လုပ်ကြတဲ့ ၀ပ်ဘ်ဆိုဒ်တွေပေါ်လာကြပြီး … Logging the Web ဆိုတဲ့စကားခေတ်စားလာပါတယ်။ ၀ပ်ဘ်ဆိုဒ်တွေထဲကို အစဉ်လိုက်စီတန်းထည့်ခြင်းပေါ့ဗျာ …။ ဒါပေမယ့် ဘလော့ဂ် Blog ဆိုတဲ့ စကားလုံးဖြစ်လာစေတဲ့ web ဆိုတဲ့စကားလုံးနဲ့ log ဆိုတဲ့စကားလုံးကို ပေါင်းစပ်လိုက်တဲ့သူကတော့ ဒီလူပါ …။ ဂျွန်ဘာဂါ (Jorn Barger) လို့ခေါ်ပါတယ်။ ဂျွန်ဘာဂါက weblog ဆိုတဲ့စကားလုံးအတွဲအဆက်ကို ၁၉၉၇ ဒီဇင်ဘာလမှာပဲ robot wisdom weblogs လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.robotwisdom.com ထဲမှာ ချပြခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ဘလော့ဂ်ပါ …။ Weblog ဆိုတဲ့စကားလုံးဟာ the Oxford English Dictionary မှာ အမှန်တကယ်တရားဝင် ပါဝင်ခဲ့တာကတော့ ၂၀၀၃ခုနှစ် မတ်လမှဖြစ်ပါတယ်။ "weblog" "weblogging" “weblogger” ဆိုပြီး verb အနေနဲ့ပါဝင်လာခဲ့တာပါ။

၁၉၉၉ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ Peter Merholz ဆိုတဲ့သူက Weblog ဆိုတဲ့စကားလုံးကို we blog လို့ခွဲချလိုက်ပြီး BLog ဆိုတဲ့စကားလုံးတစ်ခုပေါ်လာခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ Merriam-Webster's Dictionary က blog ဆိုတဲ့စကားလုံးကို the word of the year in 2004 အဖြစ် ဖော်ပြခဲ့ပါတယ်။

အကြမ်းမျဉ်း ဒီလိုမြင်ကြည့်လို့ရပါတယ် ...။

website ------ loggingthe web

logging the web ------ weblog

weblog ------ we blog

we blog ------ blog

ဘလော့ဂ် (Blog) တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေအားလုံးဆီကို အလွန်လျှင်မြန်တဲ့နှုံးနဲ့ ရောက်ရှိသတင်းပေး နိုင်တဲ့အပြင်၊ ဘလော့ဂ်ရေးသူနဲ့ ဘလော့ဂ်ဖတ်သူတွေ အပြန်အလှန်ဆက်သွယ်ပြောဆိုလို့လဲရနေတာကြောင့် နောက်ပိုင်းမှာ blogosphere လို့ခေါ်တဲ့ ဘလော့ဂ်လောကဟာ အင်တာနက်နဲ့အကျွမ်းတ၀င်ရှိကြတဲ့လူတန်းစားအားလုံးရဲ့ အတွေ့အကြုံ၊ အတွေးအမြင်၊ အယူအဆ၊ ခံစားချက်တွေဖလှယ်ရာ စကားဝိုင်း ( forum) တစ်ခုအသွင်ဆောင်လာပါတယ်။

စက်တင်ဘာ ၁၁ ရက် (World Trade Center) အကြမ်းဖက်မှုအပြီးမှာဆိုရင် ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ထင်မြင် ယူဆချက်တွေ၊ တွေ့ကြုံခံစားရမှုတွေကို ဆက်သွယ်ဖလှယ်ကြတဲ့နေရာမှာ ဘလော့ဂ်တွေဟာ အခြားသောနည်းလမ်းဟောင်းတွေထက် ပိုမိုလွယ်ကူမြန်ဆန်တာကြောင့် အဓိကအနေနဲ့ အသုံးပြုခြင်း ခံခဲ့ရပါတယ်။ အီရတ်စစ်ပွဲဟာဆိုရင်လဲ တနည်းအားဖြင့် ဘလော့ဂ်စစ်ပွဲတစ်ခုလို့ဆိုရလောက်အောင်ကို ဘဂ္ဂဒက်မှာရှိတဲ့ ဘလော့ဂါတွေရဲ့ဘလော့ဂ်တွေဟာ များစွာသောဖတ်ရှုသူတွေရရှိခဲ့ပါတယ်။ စလမ်ပက်ရှ် (Salam Pax) ဆိုသူဟာဆိုရင် သူ့ရဲ့ဘလော့ဂ်ဖြစ်တဲ့ dear_raed.blogspot.com ကို စာအုပ်အဖြစ်တောင် ထုတ်ဝေခဲ့ပါသေးတယ်။

အခုနောက်ပိုင်းမှာ ၀ပ်ဘ်ဆိုဒ်တွေကိုကျော်ပြီး ဘလော့ဂ်တွေခေတ်စားလာတာ သိသိသာသာပါပဲ …။ နောက်ပြီး ဘလော့ဂါတွေလဲ သိသိသာသာကိုများလာပါတယ် … ဒါဟာ ခေတ်ကတောင်းဆိုလို့ဖြစ်လာတဲ့ အခြေအနေတစ်ခုပါ …။ ခုနောက်ပိုင်း ကမ္ဘာပေါ်မှာ websiteတွေကိုကျော်ပြီး ခေတ်စားလာတာကတော့ Web log (Blog) တွေပဲဖြစ်ပါတယ်။ Website တစ်ခု တည်ဆောက်ရတာလောက်အလုပ်လဲမများ၊ ပိုက်ဆံလဲမကုန်တဲ့အတွက် အခုနောက်ပိုင်းမှာ(Blog)အရေအတွက်ဟာ သိသိသာသာကြီးကို တိုးလာတာတွေ့ရပါတယ်။(Blog) တွေကို အသုံးများလာရခြင်းရဲ့အဓိကအချက်ကတော့ အသုံးပြုရတာလွယ်ကူ အဆင်ပြေလွန်းတဲ့အတွက်ပဲဖြစ်ပါတယ်။ Domain Name တွေ web host တွေအတွက်လဲ free service ပေးနေတဲ့ ဆိုဒ်တွေရှိနေပါတယ်။ ကျွန်တော်က ဒီလိုပြောလို့ ဘလော့ဂ်တွေအားလုံးဟား အလကားယူပြီးတော့ပဲ လုပ်ကြတယ်လို့တော့ မဟုတ်ပါဘူး ….။

Nir Ofir ဆိုတဲ့သူက ၂၀၀၅ ခုနှစ်မှာစပြီး ဘလော့ဂ်ဒေးကို သတ်မှတ်ပြုလုပ်ခဲ့ပါတယ် …။

ဒါကတော့ ဘလော့ဂ်ဒေးမှာ လုပ်ဖို့ပြောထားတဲ့ အလေ့အထလေးတွေပါ။ ဒါတွေလုပ်ခြင်းအားဖြင့် ဘလော့ဂါအသစ်တွေတိုးပွားစေနိုင် တဲ့ အတွက် ဒီအလေ့အထလေးကို ကျွန်တော်တို့ လက်ဆင့်ကမ်းသယ်ဆောင်သွားသင့်ပါတယ် ...။

Find 5 new Blogs that you find interesting

Notify the 5 bloggers that you are recommending them as part of BlogDay 2007

Write a short description of the Blogs and place a link to the recommended Blogs

Post the BlogDay Post (on August 31st)

အခုလောလောဆယ်တော့ ဒီနေ့ကို ဘလော့ဂ်ဒေးလို့ခေါ်နိုင်ပေမယ့် ဝေါဘလော့ဂ်ဒေးလို့တော့ ခေါ်လို့မရသေးပါဘူး။ တစ်နေ့နေ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ ဘလော့ဂ်တွေအားလုံးက သူရဲ့သတ်မှတ်ချက်ကို မငြင်းပယ်တော့ပဲ လက်ခံလိုက်ကြပြီဆိုရင်တော့ ဒီနေ့ဟာ ဝေါဘလော့ဂ်ဒေးဖြစ်လာမှာပါ။

အခုဆိုရင် ကျွန်တော်ပြောခဲ့တဲ့အထဲမှာ အတိုင်းအတာတစ်ခုအထိတော့ စုံသလောက်ဖြစ်နေပြီလို့ ပြောလို့ရပါတယ် …။ ထပ်မံလေ့လာစရာ တွေကတော့ အများကြီးပါ …။ ဘလော့ဂ်လုပ်တယ်ဆိုတာဟာ နည်းပညာပိုင်းဆိုင်ရာအလုပ်တစ်ခုကို လုပ်နေခြင်းသက်သက်မဟုတ်ပါဘူး။ ဘလော့ဂ်ထဲမှာ အသိပညာ၊ အတတ်ပညာတွေပါသလို၊ အနုပညာတွေလဲ စိမ့်ဝင်နေပါတယ်။ နောက်ပြီး အွန်လိုင်းပေါ်မှာ အဆင့်အတန်းတစ်ခု နဲ့ ရပ်တည်နေတဲ့ ဘလော့ဂါတွေ၊ ဘလော့ဂ်ဖတ်သူတွေ အပြန်အလှန်နားလည်မှုနဲ့တည်ဆောက်ထားတဲ့ Society (လူ့အသိုင်းအ၀ိုင်းတစ်ခု) ရှိနေပါတယ်။ ကျွန်တော်တို့ အခု ဒီပွဲလေးကို ၀ိုင်းဝန်းစီစဉ်ကြတဲ့ မြန်မာဘလော့ဂါတွေအားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ အားလုံးကို ခေတ်နဲ့မျက်ခြေမပျက်စေချင်တာပါ …။ ဒီနေရာမှာ ကျွန်တော်ရဲ့ဆရာတစ်ယောက် ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့ စကားလုံးလေးတစ်ခု ကို ပြောပြချင်ပါတယ်။ living fossil မဖြစ်ပါစေနဲ့တဲ့ …။ living fossil ဆိုတာ … အခုလက်ရှိအသက်ရှင်နေပေမယ့် သူတို့ရဲ့ မျိုးစိတ်တွေက ရှေးခေတ်က မျိုးစိတ်တွေနဲ့သွားတူနေတဲ့ သက်ရှိတွေကိုဆိုလိုတာပါ…။ သူဆိုလိုတာက အသက်ရှင်နေရက်နဲ့ ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိပဲ ကျန်နေခဲ့တဲ့ သူတစ်ယောက် မဖြစ်ပါစေနဲ့လို့ပါ …။ အဲဒီ့လိုလူတွေအများကြီးရှိနေပါတယ် …။ ကျွန်တော်က မသိတဲ့သူတွေကို မသိရကောင်းလားဆိုပြီး အပြစ်တင်နေတာမဟုတ်ပါဘူး။ တကယ်တမ်းက သိခြင်းနဲ့ မသိခြင်းကို ခြားထားတဲ့အလွှာက တကယ့်ကိုပါးပါးလေးပါ။ ကျွန်တော်အနေနဲ့လဲ living fossil တစ်ကောင်မဖြစ်အောင်ကြိုးစားနေသလို … နိုင်ငံရဲ့အနာဂတ်ကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပုခုံးလွှဲယူကြမယ့် လူငယ်ထုကြီးတစ်ရပ်လုံးကိုလဲ … living fossil တွေဖြစ်မနေအောင်ကြိုးစားကြပါလို့ တိုက်တွန်းရင်း ကျွန်တော့်ရဲ့ဟောပြောမှုကို နိဂုံးချုပ်လိုက်ပါတယ်ဗျာ …။ အားလုံးကိုကျေးဇူးတင်ပါတယ် …။

Sunday, September 2, 2007

ဆီမီနာကြီးတစ်ခုကျွန်တော်တို့လက်ကနေ လှလှပပကြီးလွတ်ကျသွားတယ် … ။

ဆီမီနာကြီးတစ်ခုကျွန်တော်တို့လက်ကနေ လှလှပပကြီးလွတ်ကျသွားတယ် …

အဲဒီ့နေ့က MICT Park ကို ၈နာရီခွဲလောက်ကတည်းကကျွန်တော်ရောက်နေခဲ့တယ် … ချိန်းထားတာက ၉နာရီမှပါ … ကျွန်တော်ကိုက စိတ်စောနေပြီး အစောကြီးရောက်သွားတာ။ ကိုယ့်ထက်စောတဲ့သူ တစ်ယောက်က ရှိနေတယ် … သူက စိတ်ကူး …။ ခန်းမထဲကို ခဏ၀င်ကြည့် … နောက်ဆုံးတန်းကခုံတွေကိုရှေ့နဲနဲတိုးစီခိုင်းပြီး … ကျန်တာဘာမှလုပ်စရာမရှိတာနဲ့ … Service + ကအဖွဲ့တွေကို လည်တဆန့်ဆန့်နဲ့မျှော်နေလိုက်တယ် …။ လာကြပါပြီ … ရှေ့ပြေးတစ်ဖွဲ့ … သူတို့နဲ့အတူ ကပ်ဖို့ဗီနိုင်းတွေ၊ ဝေဖို့ စာရွက်စာတမ်းတွေက ပါလာပြီ …။ အဲဒီ့ကစပြီး အလုပ်စရှုပ်ပါပြီ …။ ဗီနိုင်းတွေချိတ် … စာရွက်စာတမ်းတွေပြင်ဆင် …။ အဲဒီ့အချိန်မှာပဲ ဘလာဂေါက်ဦးဆောင်တဲ့ နောက်တစ်ဖွဲ့ထပ်ရောက်လာတယ် …။ ယူလာတဲ့ လက်ပ်တော့လေးကိုထုတ်၊ ဘလာဂေါက်ကလဲ ပါလာတဲ့ လက်ပ်တော့ကိုထုတ် … ပြီးတော့ ဒီပွဲလေးရဲ့ live blog (www.why-do-we-blog.blogspot.com) လေးကိုတင်ဖို့ ကော်နက်ရှင်တွေစစမ်းကြတယ် …။ အဲဒီ့အဖွဲ့ကို မလေးရှားကနေ တကူးတကပြန်လာတဲ့ ကိုကျော်ဇေယျ(၀ိုင်ချို) ကြီးက ဦးဆောင်တယ် …။ ဘလာဂေါက်က ဟောပြောသူတွေကို ရိုက်ဖို့ ဗွီဒီယိုကင်မရာဆင်တယ် …။

`ကိုမျက်လုံးဘယ်မှာလဲ ကိုမျက်လုံး …´

အရပ်အရှည်ဆုံး ကိုမျက်လုံးကြီးနဲ့ တိုင်းပြီးဆင်ရမယ်ဆိုလို့ လိုက်ရှာတော့ ဟိုလူက အိမ်သာထဲမှာ အ၀တ်အစားလဲနေတုန်း …။

`အခမ်းအနားမှူး … ပင့်ဂိုး … ပင့်ဂိုးမရောက်သေးဘူး …။ ´

` ဟိုမှာ … ဟိုမှာ ´

` အင် … ဘောင်းဘီရှည်ကြီးနဲ့ … ´

အဲလိုပြောလိုက်တော့ပင့်ဂိုးခမြာ ခဏပျောက်သွားပြီး ပြန်ရောက်လာတယ် … ၀မ်းဆက်နဲ့ အကြမ်းဖက်ခံဖို့ အဆင်သင့်ဖြစ်သွားတယ် …။ J

လာပါပြီဗျာ … မမီ …

`လူတောင်မှားတယ်ဗျာ …´

တကယ်တမ်းကျတော့ ဒီလူနဲ့ဒီလူ ခွေးချီသွားတာတောင်မှတ်မိတဲ့ကိစ္စကို … အဲဒီ့လို လောကွတ်ချော်တဲ့သူက ရှိသေး …။

` စလိုက်ရှိုးတွေ ပြင်ရဦးမယ် … လုပ်ပါဦး ကိုကြီးကျော်(ကိုကျော်ဇေယျ)ရဲ့ …´

`အာ … ခဏနေပဲပြောရတော့မယ် … စလိုက်ရှိုးက အခုထိမပြီးသေးဘူးလားဗျ …´

အဲဒီလိုနဲ့ အားနေလို့ ညလေးနဲ့ချက်ဖို့ပြင်နေတဲ့ကိုကျော်ဇေယျ မမီကြောင့် အလုပ်ရသွားတယ် … ။ J

ပြောမယ့်သူတွေက ကိုမောင်စစ်ရဲ့ လက်ပ်တော့ကိုသုံးမှာဆိုတော့ သူ့ကို မျှော်ရတာလည်ပင်းလဲရှည် … စိတ်တွေလဲမော …။ ဖုန်းခေါ်တော့လဲ ဖုန်းကမကိုင် … ဟူး …..။

`လာပြီ လာပြီ … ကိုစစ်လာပြီ …´

အိတ်ကြီးနှစ်အိတ်ကိုဆွဲပြီး ကိုစစ်ကြီးရောက်လာပါပြီ …။ ကွန်ပျူတာတွေထုတ် … ဖွင့်ကြည့်တော့ … အားပါးပါး … Desktop တစ်ခုလုံးဘာဖိုင်တွေမှန်းကိုမသိဘူးပြည့်နေတာပဲ … ပြီးတော့ ကြွက် ကြွက် (Mouse) လဲပါမလာဘူးတဲ့ …။ ဒါနဲ့ပဲ ကိုစစ်စက်ကိုအောက်မှာထားပြီး ကျွန်တော့်စက်ကိုပဲတင်ဖို့လုပ်ကြတယ် …။

ကော်နက်ရှင်ကလဲ အခုအထိစမ်းနေတာ အဆင်ကိုမပြေသေးဘူး …။ Myanmar Info Tech ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ …။ မိန်းစပွန်ဆာတွေရောက်လာတော့ ၁၀နာရီကျော်နေပြီ … သူတို့အတွက်ပေးမယ်ဆိုတဲ့ စားပွဲပေါ်မှာ ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေကပဲ သုံးလုံးဖြစ်နေတယ် …။ တစ်လုံးက အပေါ်ကိုတင်ဖို့အဆင်သင့်မဖြစ်သေးပဲ စလိုက်ရှိုးတွေပြင်နေတုန်း … ကျန်နှစ်လုံးက ကိုစစ်၊ ကိုတက်၊ ဇာနည်တို့ တရုံးရုံးနဲ့ ကော်နက်ရှင်စမ်းနေတုန်း …။ အဲဒါနဲ့ပဲ စားပွဲနောက်တစ်လုံး ထပ်တိုးပေးလိုက်တယ် … ။ အပြင်မှာလဲ စပွန်ဆာတွေအတွက် စားပွဲမဆန့်တာနဲ့ တစ်လုံးထပ်တိုးပေးလိုက်တယ် …။ ပရိသတ်တွေကလဲ တစ်ယောက်စနှစ်ယောက်စ နဲ့ တော်တော်များနေပြီ …

၁၀ နာရီခွဲခါနီးကျတော့ စိုးဇေယျကြီးကအနားကပ်လာပြီးပြောတယ် … နာရီဝက်ပဲလိုတော့တယ်တဲ့ … အစီအစဉ်ကို အတိအကျစမှဖြစ်မယ်တဲ့ …။ အိုကေ … စလိုက်ရှိုးတွေပြီးရင် စက်ကိုအပေါ်တင်ပြီး ပရိုဂျက်တာနဲ့စမ်းကြမယ် … ။

` ဘာညာ မလာသေးဘူးလေ …´

` အာ … ဒါဆိုလဲ ရှိတာနဲ့ပဲတင်ပြီးစမ်းလိုက်တော့ဗျာ … နောက်မှပဲ သွားထည့်လိုက်တော့မယ်´

အဲဒါနဲ့ပဲ ကိုတက်စ်နဲ့ ကိုကျော်ဇေယျ အပေါ်တက်ပြီး ပရိုဂျက်တာကိုစမ်းကြတယ် … ။ အားလုံးအိုကေ အပိုအလိုမရှိကွက်တိ … ။

၁၀နာရီ၄၅လောက်မှာ အခမ်းအနားမှူးပင့်ဂိုးရဲ့အသံထွက်လာတယ် …

` ကျွန်မတို့ရဲ့ဆီမီနာကို ၁၁နာရီတိတိအချိန်မှာစတင်မှာဖြစ်တဲ့အတွက် … တက်ရောက်လာသူလူကြီးမင်းများ နေရာယူပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှင် … ´

သူပြောတာ အဲလိုလားတော့အတိအကျမမှတ်မိတော့ဘူး … ဒါပေမယ့် အဲဒီ့သဘောအတိုင်းပါပဲ သူထပြောတယ် …။ အမှန်အတိုင်းပြောရရင် … ထင်တောင်မထင်ရဘူး … J

ကျွန်တော်တို့အချင်းချင်း လက်မထောင်ပြကြတယ် … ဂွတ်တယ်ပေါ့ …။ အစကတော့ကောင်းသွားပါပြီ …။

အဲဒီလိုနဲ့ ၁၁ နာရီမထိုးခင်လေးမှာပဲ ဘာညာလဲရောက်လာတယ် … စလိုက်ရှိုးတွေလဲအကုန်ပြီးသွားတယ် …။

၁၁ နာရီ နဲနဲအစွန်းမှာပဲ အခမ်းအနားကိုစတင်လိုက်တယ် …။

အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာတယ် …

ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း ….

အစီအစဉ်(၂) ဦးရဲမြတ်သူက အဖွင့်အမှာစကားပြောကြားပေးတယ် … လက်ခုပ်သံတွေက တရစပ် … ကင်မရာတွေများစွာကလည်း တဖျတ်ဖျတ် …။

ဘလော့ဂါတွေဟာ ဇော်ဂျီဖောင့်ကို အဓိကအသုံးပြုနေကြသူတွေဖြစ်ပြီး … အခုလိုစုစုစည်းစည်းနဲ့ ဖြစ်လာတဲ့အတွက် အရမ်းဝမ်းမြောင်ဝမ်းသာဖြစ်မိကြောင်း ပြောသွားတယ် … (၁၅) မိနစ်လောက်ပါပဲ …

အစီအစဉ်(၃) ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်အလှည့်ရောက်လာတယ် …

လွတ်ကျခဲ့တဲ့မြို့တော်တွေကိုခဏထား ပုဆိုးကိုကျွတ်မကျအောင်သတိထားပြီး စင်ပေါ်တက်သွားလိုက်တယ် … ပြီးတော့ ထုံးစံအတိုင်းပေါ့ … မင်္ဂလာပါ ဘာညာကွိကွပြောပြီး … Slide Show လေးကိုစဖွင့်လိုက်တယ် … စလိုက်ရှိုးတွေတစ်ခုပြီး တစ်ခုနဲ့အတူ ကျွန်တော့်ပါးစပ်ကလဲ စကားလုံးတွေ တစ်ခွန်းပြီး တစ်ခွန်း ထွက်ကျလာတယ်…၊ လာရောက်ကြတဲ့ ပရိသတ်တွေရဲ့မျက်လုံးတွေထဲမှာလဲ စိတ်ဝင်စားမှုတွေကို သိုက်သိုက်ဝန်းဝန်းမြင်လိုက်ရတော့ ကျွန်တော်အားတက်သွားတယ် … ။ slide show တွေပေါ်နေတဲ့ screen ကြီးကို လက်ညှိုးထိုးထိုးပြီးပြောနေတဲ့ ကျွန်တော့်ကို မကြည့်ရက်လို့ စိုးဇေယျကြီးက လေဆာပွိုင့်တာလေးလာပေးတယ် …။ information ကိုအဓိကဇောင်းပေးပြောရတဲ့ ဘလော့ဂ်ရဲ့သမိုင်းကြောင်းလေးကို ကိုယ်သိသလောက်လေး ပြောအပြီး … နောက်ဆုံးမှာ လူငယ်တွေကို living fossil တွေမဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းပြီး … နိဂုံးချုပ်လိုက်တယ်… ။ လက်ခုပ်သံတွေလျှံထွက်အကျမှာပဲ ကျွန်တော် စင်ပေါ်ကနေဆင်းလာခဲ့လိုက်တယ် …။

အစီအစဉ်(၄) ဘာညာဘာညာက ဘာဘာညာညာတွေတက်ပြောတယ် …။ အောက်ကနေအလိုက်တသိနဲ့ ခုံခုပေးဖို့ကို ကျွန်တော်တို့အားလုံးသတိမရကြတော့ … သူ့ခမျာ … မော့မော့ မော့မော့နဲ့ပြောရရှာတယ် …။ သူပြောနေတဲ့တချိန်လုံး ကျွန်တော်လဲ … စင်ရဲ့ဘယ်နားက တဂျွတ်ဂျွတ်အသံမြည်လာမလဲလို့ နားစွင့်နေရတယ် …။ သိချင်တာရှိရင် သူ့လို အကျီင်္ဝတ်ထားတဲ့သူတွေကို မေးနိုင်ပါတယ်တဲ့ … သူ့လိုအကျီင်္ဝတ်ထားတဲ့သူက တစ်ယောက်မှ မရှိဘူးသူတစ်ယောက်တည်းဟာကိုဆိုပြီး ကျွန်တော့်အနောက်နားမှာထိုင်နေတဲ့ ဆရာအော်ပီကျယ်က နောက်တယ် …။ Service + က ၀ါရင့်ဆရာမတစ်ယောက်ပီပီ … ပရိသတ်ကိုအကောင်းဆုံးထိန်းခေါ်ဟောပြောသွားခဲ့တယ် …

ဖြောင်း … ဖြောင်း … ဖြောင်း …. ဖြောင်း ….။

အစီအစဉ်(၅) မိန်းစပွန်ဆာဖြစ်တဲ့ စုဗူးက မချိုဇင်အေး စကားတက်ပြောတယ် …

ဝက်ရုပ်ကလေးနဲ့စုဗူးလေးအကြောင်းကိုရှင်းပြတယ် … ပြီးခါနီး သူက သူလုပ်လာတဲ့စလိုက်ရှိုးလေးကိုဖွင့်အပြမှာ အသံလဲ မထွက်ဘူးတဲ့ … အသံနဲ့လုပ်လာတဲ့ဟာကိုတဲ့ … ။ အဲဒါနဲ့ MIT ကလူတွေကိုအပြေးသွားခေါ်ပေမယ့် … သူက အသံမပါပဲ သူကိုယ်တိုင်ပြောပြီးတော့ပဲ နိဂုံးချုပ်လိုက်ရတယ် …။ (နို့ … သူတို့က အသံပါပါမယ် ဆိုတာကို ကြိုမှမပြောတဲ့ဟာကို …) ။

ဒီအစီအစဉ်ပြီးတော့ … အချိန်က ၁၂နာရီနဲ့ ၁၅ မိနစ်ပဲရှိသေးတယ်။

အစီအစဉ်(၆) အားလုံးမျှော်လင့်နေကြတဲ့ အစားအသောက်အစီအစဉ် အတွက် အချိန် ၄၅ မိနစ်ပေးလိုက်တယ်…။ ကော်ဖီတစ်ခွက် မုန့်ကတစ်ခု …။ စားကြသောက်ကြ … live Blog တင်နေကြတဲ့သူတွေကတော့ မနားရဘူး … (live တင်သယောင်နဲ့ ချက်နေကြတာလားတော့မသိဘူး)၊ Jအကြီးဆုံးမုန့်ကိုရွေးမှာခဲ့ပေမယ့် … ထမင်းမစားရသေးတော့ ဘယ်လိုမှမ၀ဘူး … အဲဒါနဲ့ရေတွေပဲလှိမ့်သောက်နေရတယ် …။ တစ်နာရီတိတိမှာအစီအစဉ်ကိုပြန်စတယ် … ။ အစီအစဉ်ပြန်အစမှာ ကျွန်တော်ရယ်၊ ကိုညီလင်းဆက်ရယ်၊ ကိုမျက်လုံးရယ်က အထဲကိုပြန်မ၀င်ကြပဲ … Brake Time မှာ ပြန်ပေးထားကြတဲ့ မေးခွန်းစာရွက်တွေကို ဘယ်မေးခွန်းတွေဖြေမယ် … ဘာတွေကိုတော့မဖြေဘူး … ဘယ်မေးခွန်းကိုတော့ ဘယ်သူ့ဖြေမယ် … ဘယ်မေးခွန်းကိုတော့ ဘယ်သူ့ကိုဖြေခိုင်းမယ် … စသည်ဖြင့် ခေါင်းစားကြတယ် …။

အစီအစဉ် (၇) အရ စေတန်ဂေါ့(ကိုထိန်လင်းရွှေ) က ဘလော့ဂ်ရဲ့သဘောသဘာဝကိုပြောတယ် …။ စကားပြောနဲနဲမြန်နေတာကလွဲလို့ အားလုံးအဆင်ပြေတယ် …။

အစီအစဉ် (ဂ)ကတော့ ကြားဖြတ်အစီအစဉ်လေးအဖြစ် Service +ရဲ့ပိုင်ရှင် ကိုရဲ စင်ကာပူကနေလှမ်းပို့လိုက်တဲ့ စာကို ကိုဝေ(သတင်းစာ)က သူပြောချင်တာလေးတွေကိုပါ ပေါင်းထည့်ပြီးတက်ပြောတယ် …။ ကျွန်တော်က အဲဒီ့အချိန်အပြင်မှာ မေးခွန်းတွေပြန်ဖြေဖို့ခေါင်းစားနေလို့ သူဘာတွေပြောသွားသလဲဆိုတာတော့မသိလိုက်ဘူး ။ သူများတွေပြန်ပြောတာကြားရသလောက်တော့ …သူပြောတဲ့အထဲမှာ အရေပြား … အယားပြေ ဆိုတာရယ် … အသည်းနှလုံးက ကျွဲပုခုံးထဆိုတာရယ်လားမသိဘူး ပါတယ်ဆိုပဲ … J

အစီအစဉ် (၉) မှာ နာမည်ကျော် သတင်းထောက်ကြီးစိုးဇေယျက တက်ရောက်လာသူတွေထဲကို မိုက်တစ်လုံးနဲ့ဝင်ပြီး ဗျူးတဲ့ အစီအစဉ်ပေါ့ …။ သူမေးတာတွေက အမေးခံရတဲ့သူတွေက ဒီလူမဖြေရင်ထိုးမယ့်ရုပ် လို့စဉ်းစားမိလို့လားမသိဘူး … မေးသမျှကိုသေသေချာချာလေးဖြေပေးကြတယ် …။ ခမ်းမကျယ်ကြီးထဲမှာ သတင်းထောက်ကြီး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ … နဲနဲဟောဟဲဆိုက်သွားတယ် …။ ဒီလိုနဲ့ပဲ

အစီအစဉ် (၁၀)ကိုရောက်လာတယ် … မမီ … စင်ပေါ်ရောက်ရောက်ခြင်း ပရိသတ်တွေများလွန်းလို့ရင်တောင် ခုန်သွားတယ် ဆိုတဲ့စကားလုံးနဲ့ အားလုံးကိုစချုပ်လိုက်တယ် …။ ပြီးတော့စပြောတယ် … ဘလော့ဂ်တွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေအကြောင်းကို Screen Shot တွေ ဝေေ၀ဆာဆာနဲ့ ဘလော့ဂါတွေ တကယ်ပိုက်ဆံရတာမရတာအပထား အားလုံးကို သရေကျအောင်ပြောသွားတယ် …။ သေချာတာတော့ ပြောသွားတဲ့အထဲမှာ မမီအကြာဆုံးပဲဆိုတာပါ …။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

အစီအစဉ် (၁၁)ကတော့ ကိုမျက်လုံးပါ …။ အားလုံး အမြင်ကြည်လင်စေဖို့ ကိုမျက်စဉ်းကိုသုံးကြပါစို့ … လို့ပြောမယ်ကြံပြီးကာမှ သူ့သားလေးမျက်နှာနဲ့ပင့်ဂိုးက ချမ်းသာပေးလိုက်တယ် …။ ကိုမျက်စိကြီးစပြောပါပြီ … ဒီတစ်ခါတော့ သူများပြောတာတွေကို ခေါင်းလိုက်လိုက်ညိတ်နေတဲ့ ကိုမျက်စိ သူပြောတာတွေကို အောက်က ပရိသတ်တွေက ခေါင်းညိတ်ညိတ်ပြနေတာနဲ့ ကြုံလိုက်ရတယ် …။ သူက မြန်မာဘလော့ဂါတွေရဲ့ နောက်ထပ်သော ခြေလှမ်းတွေဖြစ်တဲ့ portal နဲ့ စာအုပ်အကြောင်းကိုပြောတယ် …။

အစီအစဉ်(၁၂) အနေနဲ့ ကိုမျက်လုံးကြီး … ဘလော့ဂ်တစ်ခုကိုလုပ်ပြတော့မယ်လဲဆိုတော့ … ပရိသတ်ထဲက လူတော်တော်များများက စာအုပ်လေးတွေထုတ်ပြီး စိတ်ဝင်တစားလိုက်မှတ်ကြတာကိုတွေ့ရတယ် …။

ကိုမျက်လုံးပြီးတော့ အစီအစဉ် (၁၃) ပရိသတ်များမေးမြန်းထားသည်များကိုပြန်လည်ဖြေကြားခြင်းအစီအစဉ်။

အခမ်းအနားမှူးကဖိတ်ခေါ်တာနဲ့ ကျွန်တော်လဲ ကျွန်တော်ဖြေရမယ့်မေးခွန်းစာရွက်လေးတွေကို ကိုင်ပြီး ဒုတိယအကြိမ် စင်ပေါ်ကိုထပ်တက်လိုက်တယ် …။ မေးခွန်းတွေကိုဖြေနေချိန်မှာပဲ ကိုဖြိုးကစာရွက်လေးတစ်ရွက်လာပေးတယ် … ဆရာအော်ပီကျယ်ကရေးပေးလိုက်တာ … သူ့လက်မှတ်ကလေးနဲ့ … မေးခွန်းတွေများသည်ဟုထင်ပါသည် တိုတိုဖြေသင့်သည်ဟုထင်ပါသည် … တဲ့ …။ ဟုတ်တော့လဲ ဟုတ်တယ် … မေးခွန်းတွေ ဒီလောက်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့လဲထင်မထားခဲ့ … ပရိသတ်ကလဲ ကျွန်တော်ဖြေပေးနေတာကို စိတ်ဝင်တစားနားထောင်နေကြပေမယ့် ကျွန်တော်ဗိုက်ဆာနေကြသလို သူတို့လဲ ဆာနေကြမှာပဲလို့ တွေးလိုက်မိတယ် … ။ အဲဒါနဲ့ပဲ တိုတိုတုတ်တုတ် ထိထိမိမိဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး မေးခွန်းတွေကိုဖြေပေးလိုက်တယ် …။ ကျွန်တော်ဖြေအပြီးမှာ ကိုညီလင်းဆက်ကိုထပ်မံဖိတ်ခေါ်လိုက်တယ် … သူလဲ မေးခွန်းလေးတွေကို ပါးပါးနပ်နပ်နဲ့ ဖြေပေးသွားခဲ့တယ် …။ ပြီးတော့ Technical ဆိုင်ရာမေးခွန်းအချို့ကိုဖြေဖို့ စေတန်ဂေါ့ဒ် တက်လာတယ် … သူလဲ လိုရင်းကို မြန်မြန်လေးပဲဖြေပေးသွားတယ် …။ ပြီးတော့ စုဗူးနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မချိုဇင်အေးကပဲတက်ဖြေပေးသွားတယ် …။

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ အစီအစဉ်(၁၄) ကိုရောက်လာခဲ့ပါပြီ …။ အချိန်ကလဲ ၄နာရီကို နဲနဲစွန်းနေပါပြီ။ ကံစမ်းမဲအစီအစဉ်စပါပြီ … ကံစမ်းမဲနှိုက်ပေးကြမယ့် MBS အဖွဲ့သားအချို့စင်ပေါ်ကိုတက်လာကြပါပြီ …။

တီရှပ်တွေ၊ ဘလော့ဂ်လုပ်နည်းသင်တန်းတွေ၊ အင်တာနက် ၁၀နာရီသုံးစွဲခွင့်ကဒ်တွေ၊ နောက် 512 memory stick တစ်ချောင်း ၊ 1G memory stick တစ်ချောင်းတို့ကို ဦးရဲမြတ်သူ၊ စင်ကာပူကဘလော့ဂါ ကိုဝေယံလင်း၊ မလေးရှားကဘလော့ဂါ ကိုကျော်ဇေယျ ၊ ကိုတက်စလာ၊ ကိုစစ်အိမ်၊ မဘာညာ စသူတွေက မဲနှိုက်ပြီး ပရိသတ်ထဲက မဲပေါက်သူတွေကို လက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ကြတယ် …။ ဇင်ကိုလတ်ရဲ့ဦးလေးက စပို့ရှပ်တစ်ထည်မဲပေါက်သွားတယ် …။ ရှားရှားပါးပါး တီရှပ်ပဲလားမသိဘူး မဲပေါက်တဲ့သူကို ကျော်ဇေယျလို့အခေါ်မှာ နှစ်ယောက်ထထွက်လာတယ် … အဲဒါနဲ့ မှတ်ပုံတင်စစ်ကြည့်ပြီး မှန်တဲ့သူကရသွားလို့ … တစ်ယောက်က လှည့်ပြန်သွားရတယ် …။ အဲဒီ့လှည့်ပြန်သွားတဲ့ ကိုကျော်ဇေယျပေါ့ 512 memory stick လဲမဲဖောက်ရော … သူ ပေါက်သွားတယ် …။ ကံထူးပါပေး ကိုကျော်ဇေယျရယ် …။ မလေးရှားကဘလော့ဂါကြီး ကိုကျော်ဇေယျကလဲ သူ့နာမည်ပါဆိုပြီး အဲဒီ့ 512 memory stick ကိုအတင်း သွားလုမယ်လုပ်နေလို့ ၀ိုင်းဆွဲထားရသေးတယ် …။ J

အားလုံးပြီးဆုံးသွားပါပြီ …

အစီအစဉ် (၁၅) စီမီနာကြီး အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာအပ်ပါသည်တဲ့ …။

ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း …. ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း ….

အဲဒီ့လက်ခုပ်သံတွေထဲမှာ မြန်မာဘလော့ဂါတွေအားလုံးရဲ့ အဖြူရောင်ပျော်ရွှင်မှုတွေပါတယ် …။ အခက်အခဲတွေများစွာကိုကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အားရကျေနပ်မှုတွေပါတယ် …။ ပင်းပန်းနွမ်းနယ်မှုတွေကြားထဲက ပေါ့ပါးလန်းဆန်းမှုတွေပါတယ် …။

အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ် …။ ခန်းမတစ်ခုလုံးအပြည့် တက်ရောက်အားပေးကြတဲ့ ပရိသတ်ကြီးကိုကြည့်ပြီးတော့လဲ ပီတိတွေဖြစ်ရတယ် …။ အစီအစဉ် (၁၆) နဲ့ (၁၇) အကြောင်းကိုတော့ နောက်တော့မှပြောပြတော့မယ် … ။

ကျွန်တော် မြန်မာဘလော့ဂါတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပါတယ်ဗျာ …။