Pages

Monday, February 19, 2007

ကျွန်တော်နှင့်အရောင်များ

ပိတောက်မြေမဂ္ဂဇင်း
အမှတ်(၃၀)၊ အောက်တိုဘာလ၊ ၂၀၀၅ခုနှစ် မှာပါခဲ့တဲ့ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ လူငယ်တစ်ယောက်ရဲ့ဘ၀ထဲမှာစိမ့်ဝင်ရောပါနေကြတဲ့ အရောင်တွေနဲ့ အဲဒီ့အရောင်တွေနဲ့ပတ်သက်တဲ့ လူငယ်တစ်ယောက်ရဲ့ခံစားချက်တွေအကြောင်းကို ရေးဖွဲ့ထားတာပါ။ ဖတ်ကြည့်ပြီးဝေဖန်ပေးကြပါဦး။


ကျွန်တော်နှင့်အရောင်များ

လောကထဲမှာ အရောင်တွေကတော့ သူ့ဖာသာသူရှိနေကြတာပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းလေ လူတွေနဲ့တွေ့တော့ သူတို့လည်း အမည်တပ်ခံရ၊ အဓိပ္ပါယ်တွေဖွင့်ဆိုခံလိုက်ကြရတယ်။ အဲဒီ့လို ... အဓိပ္ပါယ်တွေကိုယ်စီ စိမ့်ဝင်နေကြတဲ့ အရောင်မျိုးစုံနဲ့ ဘ၀မှာ လူတိုင်းကျွမ်းဝင်ဖူးခဲ့ကြမှာပါ ...။ ကျွန်တော့်ရဲ့ စိတ်ကိုလည်း အရောင်တွေက အတိုင်းအတာတစ်ခုအထိလွှမ်းမိုးခဲ့ဖူးပါတယ်။ အသက်အရွယ်အလိုက် ဘ၀ကိုဖြတ်သန်းရပုံတွေ မတူခြားနားလာခြင်းနဲ့အညီ ကျွန်တော့်ရဲ့ အရောင်တွေအပေါ် ကြိုက်နှစ်သက်မှု တွေကလည်း အမြဲ ပြောင်းလဲ နေခဲ့တယ်လေ ...။
ကျွန်တော့်ရဲ့ငယ်ဘ၀တွေကတော့ အဖြူရောင်နေ့စွဲတွေပဲပေါ့။ အဖြူအစိမ်းဝတ်စုံလေးကို ၀တ်ဆင်ပြီး ကျောင်းတက်နေရတဲ့ကာလတွေမှာ ကျွန်တော့်ရဲ့စိတ်ကို အဖြူဆိုတဲ့အရောင်တစ်ခုတည်းက လွှမ်းမိုး နေခဲ့တာလေ။ အစိမ်းရောင်ကိုသိပ်သဘောမကျလှပေမယ့် မေမေအသန့်စင်ဆုံးလျှော်ဖွတ်ပေးထားတဲ့ အဖြူရောင်အင်္ကျီလေးတွေနဲ့ ကျောင်းကို ကြော့ကြော့မော့မော့လေးထွက်သွားရတာကိုပဲ ကျွန်တော်သာယာ ကျေနပ်နေခဲ့တယ်။ အဖြူရောင်အင်္ကျီလေးနဲ့လိုက်ဖက်ညီစွာပဲ ကျွန်တော်တို့ရဲ့ စိတ်တွေဟာလည်း ဖြူစင်နေဆဲလေ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အင်္ကျီလေးတွေ အမြဲတမ်းဖြူဖွေးသန့်စင်နေစေဖို့ မေမေက နေ့တိုင်းလျှော်ဖွတ်ပေးနေရတယ်ဆိုတာ နဲ့ သေသေချာချာဂရုစိုက်မထိန်းသိမ်းရင် အချိန်မရွေးစွန်းထင်း ညစ်ပေသွားနိုင်တယ်ဆိုတဲ့အချက်တွေကို ငယ်ရွယ်သေးတဲ့ ကျွန်တော် မစဉ်းစားခဲ့မိသေးတာ အမှန်ပါ။
အထက်တန်းကျောင်းအပြီး တက္ကသိုလ်မြေကို ခြေချတဲ့အခါမှာလည်း ကျွန်တော်ဟာ အဖြူရောင် အင်္ကျီလေးတွေကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်လေ့ရှိခဲ့ပါတယ်။ တစ်နေ့ ကျွန်တော်ကျောင်းကပြန်အလာ လိုင်းကားပေါ် ကစက်ဆီတွေစွန်းထင်းလာတဲ့ အင်္ကျီအဖြူလေးကို ကြည့်ပြီး မေမေကပြောတယ် ...
`သား ... အင်္ကျီအဖြူတွေ သိပ်မ၀တ်နဲ့လေ၊ ဟိုဟိုဒီဒီ သွားရပါများလားတဲ့အခါ အင်္ကျီအဖြူနဲ့ မကိုက်ဘူး သားရဲ့။ အဖြူဆိုတာက အစွန်းအထင်းလွယ်တယ်။ လျှော်ဖွတ်ဖျောက်ဖျက်ပစ်လို့ရတာဆို တော်သေးတယ်။ အခုလို ... ဖျက်ပစ်လို့မရတဲ့ အစွန်းအထင်းမျိုးဆိုရင် နှမြောစရာကြီး ... ။´
မေမေပြောတဲ့စကားကြောင့် ကျွန်တော်ရဲ့အဖြူရောင်အင်္ကျီလေးတွေကို ဘီရိုထဲခေါက်သိမ်းထားလိုက် ရတယ်။ အဖြူရောင်အင်္ကျီလေးတွေမှမဟုတ်ပါဘူး ဖြူစင်လွန်းတဲ့စိတ်ကလေးတွေကိုလည်း လောကမာယာ တွေက အုံနဲ့ကျင်းနဲ့စွန်းထင်းစေတတ်ကြတယ်ဆိုတာ ... ကျွန်တော်တစတစနဲ့သိလာတယ်။အဲဒီ့လိုနဲ့ ကျွန်တော့်ရဲ့ အဖြူရောင်စိတ်ရင်းအချို့ကိုလည်း အလုံခြုံဆုံးနေရာမှာ သိမ်းဆည်းတတ်လာခဲ့တယ်။
အသက်အရွယ်ကိုလိုက်ပြီး ကျွန်တော်ဆက်ဆံပတ်သက်ရတဲ့ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ လိုင်းကားစီးနေရင်း ခုံနေရာတစ်နေရာကို လူလတ်ပိုင်းတစ်ယောက်က အဘွားကြီး တစ်ယောက်နဲ့ ယှဉ်လုပြီးထိုင်တယ်။ လူသုံးယောက်အထုပ်ခံရပြီး ရှစ်ယောက်သာကျန်တော့တဲ့ ဘောလုံး အသင်းကို တစ်ဘက်အသင်းကဂိုးတွေတရစပ်သွင်းပြီး အနိုင်ယူသွားတယ်။ ယုံကြည်ချက်တွေကို ရိုးသားစွာ ဆုပ်ကိုင်ထားကြတဲ့ ဘ၀တွေ တတိတိနဲ့ လုံးပါးပါးသွားကြတယ်။ အဆိုတော် ကိုခင်ဝမ်းရဲ့ မြားဘုရင် ဆိုတဲ့ သီချင်းကို ကျွန်တော်တိုးတိုးလေးညည်းမိတယ်။
`ဖြူစင်သူတွေရုံးနိမ့်ထွက်ခွာတဲ့ ဘ၀စက်ဝန်းကို ချိန်ရွယ်ပါလေ အို ... မြားဘုရင် ´
အ၀ါရောင်ဟာ တရားမျှတခြင်းကိုကိုယ်စားပြုတယ်လို့ မေမေတစ်ခါကပြောတာကြားဖူးရဲ့။ အဲဒီ့လိုနဲ့ ကျွန်တော်အ၀ါရောင်ကိုချစ်တတ်လာတယ်။ အ၀ါရောင်အင်္ကျီတွေက ယောင်္ကျားလေးတွေနဲ့သိပ် မလိုက်တာကြောင့် အ၀ါရောင်အင်္ကျီတွေကိုသိပ်မ၀တ်ဖြစ်ပေမယ့် ... ကျွန်တော့်ရဲ့စာကြည့်စားပွဲကပန်းအိုး လေးထဲမှာ အ၀ါရောင်နှင်းဆီပန်းလေးကိုကျွန်တော်အမြဲထိုးထားလေ့ရှိတယ်။ နှင်းဆီပန်းအ၀ါရောင်လေးကို စိတ်ထဲမှာအမြဲ အမှတ်ရနေပြီး ဘယ်သူ့ကိုမှ မတရားမလုပ်မိအောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ဖြစ်နိုင်ရင် ကျွန်တော် တစ်လောကလုံးကို အ၀ါရောင်တွေနဲ့လိမ်းခြယ်ချင်တယ်။
နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘ၀တွေက မျက်စိရှေ့မှာ ပြဇာတ်ကပြနေသလိုပါပဲ။ ကိုကိုယ်တိုင်လည်း ဘ၀ဆိုတာ အခက်အခဲတွေကိုရင်ဆိုင်နေရခြင်းနဲ့ ပြဿနာတွေကိုဖြေရှင်းနေရခြင်းပဲလို့ ခံယူလာတတ်ချိန်ပေါ့။ မြစ်ကမ်းနဘေးမှာထိုင်နေရင်း ရေလှိုင်းတွေတလိမ့်လိမ့်ကြားမှာ ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ဗေဒါပွင့်ကလေးတွေက လောကကြီးထဲကဘ၀တွေအကြောင်း ကျွန်တော့်ကိုပြောပြပြီး ဘ၀မှာဘယ်လို နေထိုင်ရမယ်ဆိုတာကို လက်တွေ့ဖူးပွင့်ပြနေသလိုပါပဲ။ ခရမ်းနုရောင်ဗေဒါပွင့်လေးတွေက ကျွန်တော့်ရဲ့စိတ် ထဲကိုရောက်လာကြပြန်တယ်။ ကျွန်တော့်အခန်းလေးရဲ့ အတွင်းဘက်နံရံတွေကို ခရမ်းနုရောင်သုတ်လိုက် တယ်။ ပြီးတော့ အဖြူရောင်စာရွက်ပေါ်မှာ (Life is like that) ဆိုတဲ့ စာတန်းကိုရေးပြီး နံရံမှာကပ်ထား လိုက်တယ်။ ညညတွေဆိုမီးရောင်အောက်မှာ ခရမ်းရောင်ဖျော့ဖျော့လေးလင်းနေတဲ့ ကျွန်တော့်ရဲ့အခန်းလေး ကို အဝေးကနေတောင်မြင်နိုင်ပါတယ်။
လုပ်ငန်းခွင်တွေထဲရောက်ပြီး အစုအဖွဲ့တွေနဲ့ အလုပ်လုပ်ကြရတဲ့အခါ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ်မှုတို့ရဲ့ အရေးပါပုံကိုနားလည်လာခဲ့တယ်။ ကျွန်တော်က ဘောလုံးပွဲကြိုက်တတ်တဲ့သူ ဆိုတော့ ဘောလုံးသမားတွေရဲ့ အချိတ်အဆက်သေသပ်လှပမှုနဲ့ ညီညွတ်တက်ကြွတဲ့စိတ်ဓါတ်တွေကို မြက်ခင်းစိမ်းစိမ်းကြီးနဲ့ တွဲပြီးမှတ်မိနေတတ်တယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပါယ်ကိုဘယ်သူတွေဘယ်လို ဖွင့်ဆိုကြတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အစိမ်းရောင်ကိုမြင်တိုင်းဘောလုံးကွင်းကြီး ကိုသတိရ၊ ကွင်းထဲမှာပြေးလွှားကစားနေကြတဲ့ ဘောလုံးသမားတွေရဲ့စိတ်ဓါတ်နဲ့စွမ်းအင်တွေကိုအားကျပြီး လောကဆိုတဲ့ကစားကွင်းထဲမှာ မျှော်လင့်ခြင်းအနိုင်ဂိုးတွေသွင်းနိုင်ဖို့ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ် မှုတို့ရဲ့ အရေးပါပုံတွေအကြောင်းကို နက်နက်နဲနဲစဉ်းစားနေမိတတ်တယ်။ ငယ်ငယ်ကအစိမ်းရောင် ဘောင်းဘီ၊လုံချည်တွေကိုသိပ်မနှစ်သက်တတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘောလုံးကွင်းစိမ်းစိမ်းကြီးတွေက ကျွန်တော့်အတွက် လေ့လာသင်ယူစရာတွေပြည့်နှက်နေတဲ့ နေရာဒေသတစ်ခုဖြစ်နေခဲ့ပြန်တယ်လေ။ အဲဒီ့လိုနဲ့ အစိမ်းရောင်ကိုနှစ်သက်တတ်ခဲ့ရာက အိမ်ရှေ့မြေကွက်လပ်လေးမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ စိုက်ပျိုးတဲ့ အလေ့အထကိုရခဲ့တယ်။
ကိုယ်လမ်းကိုယ်လျှောက်နေပေမယ့် လမ်းကိုကန့်လန့်ဖြတ်ပိတ်နေသူတွေနဲ့ ရင်ဆိုင်ရတာတွေရှိလာ တယ်။ ကောင်းကင်ကိုပိတ်ထားတဲ့တိမ်တွေက အမြင့်ဆုံးပျံချင်တဲ့စိတ်တွေနဲ့ပဋိပက္ခဖြစ်လာတယ်။
`ဘ၀ဆိုတာ ကြောက်ရွှံ့ပြီး နောက်လှည့်ပြေးလို့ရတဲ့အရာမဟုတ်ဘူးကွ၊ ရင်ဆိုင်စရာရှိရင် မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာကအကောင်းဆုံးပဲ၊ အမှန်တရားကိုတော့ မျက်ခြေမပြတ်စေနဲ့ပေါ့ကွာ။´
ဘ၀မှာလိုအပ်ရင်ရဲရင့်ပြရမယ်ဆိုတဲ့အသိကို ဖေဖေပြောခဲ့ဖူးတဲ့ စကားတွေထဲကရလိုက်တယ်။ ကြောက်နေလို့မပြီးတဲ့အခြေအနေတွေမှာ သတ္တိတွေကိုအလိုလိုမွေးယူတတ်လာခဲ့တယ်။ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကိုငေးကြည့်ရင်း တစ်ချိန်ကဆရာတစ်ယောက်ပြောဖူးတဲ့ စကားကိုလည်းပြန်ကြားမိရဲ့...
`အနီရောင်ဆိုတာ ရဲရင့်ခြင်းပဲကွ...။ မြန်မာတွေရဲ့သတ္တိသွေးဘယ်လောက်စွေးစွေးနီတယ်ဆိုတာကို ကမ္ဘာကသိအောင်ပြခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတော်အလံကိုအနီရောင် အောက်ခံထားခဲ့ကြတာပေါ့ကွာ ...´
အနီရောင်ကကျွန်တော့်ကို သတ္တိတွေပေးတယ်။ ကျွန်တော့်ရဲ့အံဆွဲထဲမှာ လိုအပ်ရင်ဝတ်ဆင်ဖို့ အတွက် အနီရောင်လက်ပတ်ကြိုးလေးတွေကို အမြဲတမ်းအဆင်သင့်ပြင်ထားခဲ့တယ်။
တီဗွီဖန်သားပြင်ပေါ်မှာ ယမ်းငွေ့တွေတဝေေ၀နဲ့ ပလူပျံနေတဲ့စက်သေနတ်ကျည်ဆံတွေ၊ အပြင်းထန် ဆုံးပေါက်ကွဲလောင်ကျွမ်းမှုတွေနဲ့ တလူလူလွင့်နေတဲ့မီးခိုးတိမ်တိုက်တွေ၊ အလျှံညီးညီးတောက်နေတဲ့ ဒေါသမီးလျှံတွေကြားထဲမှာ မခမ်းခြောက်နိုင်ကြရှာသေးတဲ့ မျက်ရည်ပူစီးကြောင်းတွေ၊ သေဆုံးဝိဥာဉ်တို့ရဲ့ နားမလည်ခြင်းမျက်ဝန်းတွေနဲ့ ကျန်ရစ်သူအချို့တစ်ဝက်ရဲ့ ကြေကွဲဖွယ့်ရှိုက်သံတွေ ... ။ ကမ္ဘာမြေဟာ ငြိမ်းချမ်းရေးကို နင့်နင့်သီးသီးကိုဆာလောင်နေတယ်။ သံလွင်ရွက်ကိုသွားရှာနေတဲ့ ငြိမ်းချမ်းရေးချိုးငှက်ရေ ...
အတောင်တွေညောင်းလို့များ တစ်နေရာရာမှာမင်းခိုနားနေရော့သလား၊ သံလွင်ခက်ကိုရှာရင်း မင်းကို မြား တစ်စင်းစင်းကများ ခွင်းသွားခဲ့ပြီလား ...၊ ဒါမှမဟုတ် ... ဒီကမ္ဘာမြေမှာခြေချစရာနေရာ မင်းရှာမတွေ့
လေလို့လား။ ကျွန်တော့်ရဲ့စိတ်တွေ မှိုင်းညို့ပြာဝေလာတယ်။ ဂြိုလ်ပြာကြီးလို့တစ်ခါကအခေါ်ခံခဲ့ရဖူးတဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာ အခု ဘာအရောင်များပြောင်းသွားခဲ့ပြီလဲ ...။ စကြ၀ဋ္ဌာထဲမှာ ရပ်စရာတစ်နေရာပေး ကြပါ။ ကျွန်တော် ကမ္ဘာကြီးကိုဆေးပြာတွေနဲ့သုတ်ချင်လို့ ...။ အခုဆို အပြာရောင်ကို ကမ္ဘာသူကမ္ဘာသား တွေအားလုံးအတွက် ကျွန်တော်တမ်းတတတ်နေခဲ့ပြီလေ။ တစ်နေ့တာလုံး မငြိမ်းချမ်းတဲ့မြင်ကွင်းတွေနဲ့ ပေါင်းဖော်ကြီးပြင်းနေရတဲ့ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မွေ့ပျှော်အိပ်စက်ချင်ခဲ့တယ်လေ။ အဲဒါနဲ့ ... ကျွန်တော်ရဲ့ အိပ်ရာလေးဟာ အပြာရောင်အိပ်ရာခင်း၊ အပြာရောင်ခေါင်းအုံးစွပ်၊ အပြာရောင်ခြင်ထောင်တို့ နဲ့ ပြာလွင်သန့်စင်လာခဲ့တယ်။
အချစ်ဆိုတဲ့အရာက ကျွန်တော့်နှလုံးသားကို ပန်းနုရောင်တွေသုတ်လိမ်းသွားတယ်။ အဲဒီ့ ပန်းနုရောင်ရဲ့ အစွမ်းက တကယ့်ကိုအံ့သြလောက်စရာပါပဲ။ ကျွန်တော့်ရင်ထဲမှာရှိတဲ့ အခြားအရောင်တွေ အားလုံးကို မှေးမှိန်သွားစေတယ်။ အဲဒီ့နှလုံးသားရဲ့တောင့်တမှုတွေက ကျွန်တော့်ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေခဲ့တယ်။ အချစ်ဆိုတဲ့ပန်းနုရောင်နတ်သမီးဟာ ကျွန်တော့်ရဲ့ ဘ၀ထဲကိုမလိုလားအပ်တဲ့ နောက်လိုက်နောက်ပါတွေပါခေါ်ဝင်လာခဲ့တာလေ။ စာရေးဆရာတစ်ယောက်ရေးဖူးတဲ့ စာသားလေးတစ်ခုကို မှတ်မှတ်ရရ ကျွန်တော်သတိရလိုက်မိသေးတယ်။
`ချစ်မိသူဆိုတာ လောကမှာစစ်အရှုံးဆုံးသူပါ မသီတာ၊ ချစ်မိပြီဆိုတာနဲ့ အဲဒီ့လူဟာ တယုတယနဲ့ ကိုသေမိန့်ကျသွားခဲ့ပါပြီ´
အဲဒီ့ ပန်းနုရောင်လေးကပေးတဲ့ဝေဒနာတွေနဲ့ နာကျင်နေခဲ့ရတဲ့နေ့ရက်တွေထဲမှာ တည်ငြိမ်ရင့်ကျက် မှုတစ်ခုကိုကျွန်တော် ရှာဖွေတွေ့ရှိခဲ့တယ်။
`၀မ်းနည်းခြင်းအထိမ်းအမှတ်တော့မဟုတ်ပါဘူး ပန်းနုရောင်လေးရယ်...၊ ဒါပေမယ့် ငါ ... ဘယ်လိုအစွန်းအထင်းမျိုးကိုမှ မမှုတဲ့ အနက်ရောင်အင်္ကျီတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်ခဲ့ပြီလေ။´
လောကဓံကဓားရှစ်စင်းနဲ့ စစ်ရေးပြနေတတ်တဲ့အခါ၊ မှော်ရုံရဲ့ ပဉ္စလက်လှည့်ကွက်တွေက ကျွန်တော့်ကို အရိုင်းဆန်ဆန် ၀င်တိုးကြတဲ့အခါ၊ ညစ်မှောင်ပေလူးနေတဲ့ လက်ကြီးလက်ငယ်အသွယ်သွယ်နဲ့ လောက က ကျွန်တော့်ကိုပွေ့ဖက်နှုတ်ဆက်တတ်တဲ့အခါ ... ကျွန်တော်ကတော့ အနက်ရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး အနက်ရောင်စိတ်သန္ဓေတစ်ခုနဲ့ တည်တည်ငြိမ်ငြိမ်နေတတ်နေခဲ့ပါပြီ။ အမှောင်တွေကို ၀တ်ဆင်ထားကြသူတွေနဲ့တော့ ကျွန်တော်အတူတူရောယောင်မနေချင်ပါဘူး။ ကျွန်တော်က ခန့်ညား တည်ငြိမ်တဲ့၊ ပေစွန်းမှုတွေကို အတော်အတန်ခံနိုင်ရည်ရှိတဲ့ အနက်ရောင်ကိုကြိုက်တာလေ။
ကျွန်တော့်ရဲ့ပတ်ဝန်းကျင်သေးသေးလေးတစ်ခုထဲမှာ ကျွန်တော်နှစ်သက်ခဲ့တဲ့အရောင်တွေအားလုံး ကိုတွေ့နိုင်ပါတယ်။ ခရမ်းနုရောင်လိမ်းသုတ်ထားတဲ့ ကျွန်တော့်အခန်းလေးရဲ့ လေးဘက်လေးလံနံရံတွေ၊
ပြာလွင်သန့်စင်နေတဲ့ ကျွန်တော့်ရဲ့ အိပ်ရာ၊ စားပွဲပေါ်ကပန်းအိုးလေးထဲမှာ အ၀ါရောင်နှင်းဆီပန်းကလေး၊ အံဆွဲထဲမှာက လိုအပ်ရင်ဝတ်ဖို့ အဆင်သင့်ပြင်ထားတဲ့ အနီရောင်လက်ပတ်ကြိုးလေးတွေ၊ အိမ်ရှေ့မှာက ကျွန်တော်စိုက်ပျိုးထားတဲ့ မြက်ခင်းစိမ်းစိမ်း၊ နံရံမှာယှဉ်တွဲချိတ်ဆွဲထားတဲ့ အဖြူရောင်အင်္ကျီတစ်ထည်နဲ့ အနက်ရောင်အင်္ကျီတစ်ထည်၊ နောက် ... ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာသိမ်းဝှက်ထားတဲ့ ကျွန်တော့်ရဲ့ ပန်းနုရောင်နှလုံးသားတစ်ခု ...။ ဒါတွေအားလုံးဟာ လူငယ်တစ်ယောက်ရဲ့ဘ၀ကို အပီပြင်ဆုံးအဓိပ္ပါယ် ဖွင့်ဆိုပေးနေတဲ့ အရောင်တွေပဲပေါ့။
ကျွန်တော်ငယ်ငယ်တုန်းကကြိုက်ခဲ့ဖူးတဲ့ အဖြူရောင်နဲ့ အခုကျွန်တော်စွဲစွဲမြဲမြဲနှစ်သက်သုံးစွဲနေမိတဲ့ အနက်ရောင်၊ ဘာကြောင့် ဆန့်ကျင်ဘက်ဖြစ်နေရတာလဲဆိုတာကိုတော့ ကျွန်တော်အခုအချိန်အထိ စဉ်းစားနေဆဲပါ။ ဒါပေမယ့် ... အဖြူရောင်အင်္ကျီလေးတွေကိုတွေ့တိုင်း ၀တ်ဆင်ဖို့မတွေးမိတော့ပေမယ့် ကျွန်တော်ဝယ်ယူသိမ်းဆည်းမိနေတုန်းလေ။ တစ်နေ့နေ့ ... စွန်းထင်းစေမယ့်အရာတွေအားလုံးရဲ့အဝေးကို ကျွန်တော်သွားနိုင်မယ့်တစ်နေ့နေ့ပေါ့ ... ကျွန်တော် အဖြူရောင်အင်္ကျီလေးတွေကိုပြန်ဝတ်ဖြစ်ဦးမှာပါ။

နေဘုန်းလတ်

5 comments:

jit said...

I like this post. Thanks for that. I like white color a lot and also realize it's so prone to be colored. This post makes me long to get back my naive child life. Don't know why can't we stay naive and pure as we age. sigh!

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

we have to try to get the purity of mind in our childhood , friend. That is what we should do.

ဂျစ်တူး - gyit_tu said...

ကိုကလိုစေထူး ဆိုဒ်က တွေ့ လို့ ၀င်လာတာပါ ။ ဒီပို့စ်လေး အတော်ကောင်းပါတယ် ။ နောက်လည်း လာလည်ပါဦးမယ် ။

နောက်.. ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် ဆိုတဲ့ နာမည်ကို အရမ်းကြိုက်တယ်

Eduking said...
This comment has been removed by the author.
Eduking said...

"မေမေအသန့်စင်ဆုံးလျှော်ဖွတ်ပေးထားတဲ့ အဖြူရောင်အင်္ကျီလေးတွေ".. အဲဒီ စာသားလေးကို မြင်လိုက်တဲ့အခါ.. ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်ဗျာ... ၀မ်းနည်းသွားသလို ခံစားရတယ်...အမေ့ရဲ့လက်တွေအောက်က အဖြူစင်ဆုံး ကလေးဘ၀ကို ကျွန်တော်တို့ နှစ်ခါပြန်မရနိုင်တော့ဘူးလေ..