ကျွန်တော်က ဇွန် ၂၈ မှာမွေးတာဆိုတော့ ကရကဋ်ရာသီဖွားပေါ့ ...။ ဒီရာသီဖွားတွေကို ကိုယ်စားပြုတာက ကဏန်းလေ ...။ ကဏန်းတွေကဘာပဲဖြစ်ဖြစ် သူတို့ရဲ့အိမ်လို့ပြောလို့ရတဲ့ သူတို့နေတဲ့ကျင်းလေးတွေထဲကို ပြန်ပြန်ပြေးဝင်သွားတတ်ကြတာကို အားလုံးမြင်ဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်ကလည်း ကဏန်းတစ်ကောင်လိုပါပဲ ...။ ကိုယ့်အိမ်ကိုယ့်ယာကိုခင်တွယ်တယ် ... မိသားစုရဲ့အရိပ်ကိုတောင့်တတယ် ... မိဘ၊ ညီအစ်ကိုမောင်နှမ နဲ့ ခင်တွယ်ရတဲ့ဆွေမျိုးတွေကြားက အဖြူရောင်သံယောဇဉ်ကြိုး တွေကို မြတ်နိုးတယ်။ ဒီဝတ္ထုတိုလေးထဲမှာ ကျွန်တော်နဲ့ ကျွန်တော်ချစ်တဲ့အိမ်ကလေးတို့ တစ်ယောက်တစ်ပေါက်ပြောကြတဲ့ စကားတွေရှိတယ်။ အဲဒီ့စကားလုံးတွေက အိမ်ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ပြည့်ဝမှုအကြောင်း၊ မေတ္တာတရားတွေဖုံးလွှမ်းနေတဲ့ မိသားစုဘ၀တစ်ခုရဲ့ အကြောင်း အားလုံးကိုပြောပြလိမ့်မယ်။ မျက်စိနဲ့ကြားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်နှင့် အိမ်ကလေး
ဖေဖေ၊ မေမေ နဲ့ ညီငယ်တို့ တစ်ညအိပ်ခရီးထွက်သွားတဲ့နေ့၊ ဖြိုးဖြိုးဖျောက်ဖျောက်ကျနေတဲ့ မိုးစက်မိုးပေါက်တွေနဲ့ အေးစိုလှပနေတဲ့နေ့၊ အဲဒီနေ့ရဲ့ ညနေခင်းတစ်ခုထဲမှာ ကျွန်တော်နဲ့ အိမ်ကလေး စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။
လျှပ်စစ်မီးရောင်စုံတွေကြားက သပ္ပါယ်တင့်တယ်လှတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့မျက်နှာတော်ကို ကျွန်တော် ဖူးမျှော်ကြည်ညို နေရင်း ငြိမ်းအေးမှုတွေကျွန်တော့်ရင်ထဲကိုစီးဝင်နေတုန်းမှာ အိမ်ကလေးက အသံတစ်သံနဲ့ ကျွန်တော့်ကို လှုပ်နှိုးလိုက်တယ်။
[[ဒီအခန်းထဲမှာ ရှိနေရတဲ့ အချိန်တွေဟာ မင်းရဲ့ဘ၀အတွက် အဓိပ္ပါယ်အရှိဆုံးကာလတွေဖြစ်မှာ ပဲနော် ... ]]
အိမ်ကလေးရဲ့အမေးကို ကျွန်တော်ခေါင်းညိတ်ပြီး အဖြေပေးလိုက်တယ်။
[[ဟုတ်တယ် ... လူသားဘ၀ရဲ့အမြင့်မားဆုံး အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖော်ကျူးပေးနိုင်တာ ဗုဒ္ဓပဲ။ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေ ကိန်းဝပ်စံပယ်တော်မူနေတဲ့ ဒီအခန်းလေးဟာ ကျွန်တော်တို့ မိသားစုရဲ့ဘ၀ကို ငြိမ်းအေးစေတယ်။ ဒီအခန်းလေးက ကျွန်တော်တို့ရဲ့ စိတ်ဝိÓဉ်တွေကို အဖြူစင်ဆုံးဖြစ်အောင် ဆေးကြောသန့်စင် ပေးတယ်။ ဒီအခန်းလေးဟာ ခင်ဗျားရဲ့ အခမ်းနားဆုံးသော အစိတ်အပိုင်းတစ်ခုပဲမဟုတ်လား။]]
ကျွန်တော် စကားတပြောပြောနဲ့ ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။ ဧည့်ခန်းထဲက ဆိုဖာတစ်ခုပေါ်ကို ကျွန်တော်ထိုင်ချလိုက်တဲ့အချိန်မှာပဲ ...
[[ဧည့်ခန်းရဲ့ အဆင်အယင်တွေကရော မင်းရဲ့စိတ်ကိုကြည်လင်စေရဲ့လား ...}
အိမ်ကလေးက အဲဒီလိုမေးတော့မှ ကျွန်တော်လည်း ဧည့်ခန်းထဲကို သေသေချာချာလှည့်ပတ်ကြည့် မိတယ်။ မေမေဟာ ဧည့်ခန်းထဲက ပရိဘောဂတွေကို တစ်လတစ်ကြိမ်လောက်နီးပါး အရွှေ့အပြောင်းလုပ်လေ့ရှိတယ်။ မေမေ့ရဲ့ အဲဒီ့ အလေ့အထလေးက ကျွန်တော်တို့ကို ငြီးငွေ့မှု၊ ရိုးအီမှုတွေကို ပြေပျောက်စေပြီး ကျွန်တော်တို့အတွက် ဧည့်ခန်းအသစ်လေး တွေကို ခဏခဏတိုင်း ပြန်လည်မွေးဖွားပေးတယ်။
[[ဒီအခန်းလေးဟာ ကျွန်တော်တို့မိသားစုရဲ့ စုဝေးအပန်းဖြေရာ နေရာလေးတစ်ခုပဲလေ။ တစ်ခါတစ်လေကျတော့လည်း ဧည့်သည်တွေကို ဧည့်ခံစကားပြောတဲ့ နေရာပေါ့။ နောက်ပြီး ... ဒီအခန်းလေးဟာ ခင်ဗျားရဲ့ ရင်ခွင်ထဲက လူမှုဆက်ဆံရေး နယ်ပယ်လေးတစ်ခုလို့လဲ ပြောလို့ရတာပဲ မဟုတ်လား ... ]]
[[ မင်းပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တချို့ဧည့်သည်တွေနဲ့ အတူ လောဘတွေ၊ မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေ စတဲ့ စတဲ့ စိတ်အပူတွေ ဒီအခန်းလေးထဲကို ပါပါလာတဲ့အခါ မင်းစိတ်မညစ်ဘူးလား ... ]]
[[ထွေထွေထူးထူးတော့ စိတ်မညစ်ပါဘူး။ ဘယ်လိုလူမျိုးတွေ ဘယ်လိုစိတ်အခြေအနေမျိုးနဲ့ပဲ ၀င်လာလာ ကျွန်တော်တို့ကတော့ အပြုံးနဲ့ ကြိုဆိုနေမှာပဲလေ။ သူတို့ဘာတွေပြောမလဲ၊ နားထောင်လိုက်မယ်။ သူတို့ဘာတွေလုပ်ကြမလဲ၊
ကြည့်နေလိုက်မယ်။ အရေးကြီးတာက ... ဒေါသနဲ့ဝင်လာသူတွေရဲ့ဒေါသတွေ၊ လောဘနဲ့ဝင်လာသူတွေရဲ့လောဘတွေ ကျွန်တော်တို့ဆီကူးစက်မလာဖို့ပဲမဟုတ်လား ...။ ကိုယ့်စိတ်ကို ကိုယ်သိနေပြီး နိုင်အောင်ထိမ်းနိုင်ဖို့ပဲ လိုတာပါဗျာ ...]]
အိမ်ကလေးရဲ့အမေးကို ဖြေနေရင်း ဒီဧည့်ခန်းလေးထဲကို ၀င်ဝင်လာတတ်ကြတဲ့ အမျိုးမျိုးသော စိတ်အခြေအနေတွေအကြောင်းကို ကျွန်တော်ပြန်ပြောင်း စဉ်းစားနေမိတယ်။ ရိုးသားမှုတစ်ခုနဲ့ ဖြူဖြူစင်စင် ၀င်ရောက်လာကြတဲ့ မိတ်ဆွေတွေရှိသလို ၊ ရည်ရွယ်ချက်တစ်ခုခု၊ မျှော်လင့်ချက်တစ်ခုခုနဲ့ အရောင်းဆိုးချင် ကြတဲ့ ဧည့်သည်တွေလဲရှိခဲ့ဖူးတယ်။ ဧည့်သည်တွေကို ဧည့်ဝတ်ကျေရမှာ အိမ်ရှင်တွေရဲ့ တာဝန်ပါ။ ဒါပေမယ့် ... အဲဒီ့ဧည့်သည်တွေပြန်သွားကြတဲ့အခါ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးထားအပ်တဲ့အရာတွေ သူတို့နဲ့ အတူပါမသွားဖို့နဲ့ သူတို့ဆီက မလိုလားအပ်တဲ့ အရာတွေကို ယူမထားလိုက်မိစေဖို့ စောင့်ထိမ်းရမှာကလည်း အိမ်ရှင်တွေရဲ့ တာဝန်တစ်ခုပါပဲ။ အိမ်ကလေးနဲ့ မိသားစုတို့ရဲ့ သာယာအေးချမ်းမှုတစ်ခုအတွက်လေ ...။
ကျွန်တော် ပျင်းပျင်းရှိလာတာနဲ့ စာဖတ်မယ်လို့စိတ်ကူးပြီး ကျွန်တော့်ရဲ့ စာဖတ်ခန်းလေးထဲကို ၀င်လိုက်တယ်။
[[ ဒီအခန်းလေးထဲမှာ မင်းရဲ့အချိန်တော်တော်များများကိုကုန်လွန်စေတယ်နော် ...။ ဒီအခန်းလေးထဲကို မင်းမ၀င်တဲ့နေ့ဆိုရင် ငါ့ရင်ထဲမှာ တစ်ခုခုလိုနေသလိုတောင်ခံစားရတယ် ]]
[[ဟုတ်တယ်ဗျ ... စာအုပ်တွေက ကျွန်တော့်ကို အမျိုးမျိုးသော အခြေအနေတွေအကြောင်းကို ပြောပြတယ်။ နောက်ပြီး ... အချို့ဝါကျတွေက ကျွန်တော့်ကို တွေးချင်လာအောင်၊ တွေးတတ်လာအောင် နှိုးဆွပေးတယ်။ လူတစ်ယောက်ဟာ သူကိုယ်ထိလက်ရောက်ကြုံတွေ့လိုက်ရတာတွေကိုပဲ သိမယ်ဆိုရင် ဘ၀မှာ သူသိတာနဲနဲလေးပဲ ဖြစ်နေမှာပေါ့။ နောက်ပြီး ... အရာရာကိုကိုယ်တိုင်မှားဖူးမှ အမှန်သိမယ်ဆိုရင်လည်း ဘ၀မှာ နောင်တတွေပဲ အခါခါရနေရမှာပေါ့ ...။ စာဖတ်ခြင်းက ကျွန်တော့်ကို အများကြီးသိစေတယ် ...။ နောင်တတွေကနေလည်း လွတ်မြောက်စေတယ်ဗျာ ...]]
စာဖတ်ရခြင်းရဲ့အကြောင်းရင်းကို ဒီထက်ပိုပြီးရှည်ရှည်ဝေးဝေးပြောစရာတွေရှိပေမယ့် ကျွန်တော် တိုတိုနဲ့ လိုရင်းပဲ အိမ်ကလေးကိုရှင်းပြလိုက်တယ်။ ကျွန်တော် စာကြည့်စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေကို စာအုပ်စင်ပေါ် စနစ်တကျပြန်တင်လိုက်ရင်း မနေ့ကရေးလက်စ ၀တ္ထုတိုတစ်ပုဒ်ကို အဆုံးသတ်ဖို့ ပြင်လိုက်တယ်။
[[အချို့စာရေးဆရာတွေက ဟိုတယ်တွေ ဘာတွေသွား၊ အချို့က အေးချမ်းတဲ့ နေရာဒေသတစ်ခုခုကို ခရီးတွေဘာတွေထွက်ပြီး စာရေးကြတယ် ...။ မင်းကတော့ မင်းရဲ့စာပေလက်ရာတွေ အားလုံးလိုလိုကို ဒီအခန်းလေးထဲမှာပဲ ဖန်တီးတယ်နော် ... ]]
အိမ်ကလေးက အဲဒီလိုပြောတော့ ကျွန်တော်ပြုံးမိတယ်။ ကျွန်တော်ကလဲ ကျွန်တော်ပဲ အခြားနေရာတွေမှာ စာရေးခဲတယ်။ တစ်ခါတစ်လေ ရုတ်တရက်ပေါ်လာတတ်တဲ့ အတွေးစလေးတွေကို စာအုပ်ထဲမှာချက်ချင်း ချရေးထားတတ်တာကလွဲလို့ ကျန်တာတွေကို ကျွန်တော့်ရဲ့အိမ်ကလေးထဲက ဒီအခန်းလေးထဲမှာပဲ ရေးခဲ့တယ်။
[[အခြားတစ်နေရာရာကို သွားစရာမှ မလိုပဲဗျာ ...။ ဒီအခန်းလေးက ကျွန်တော့်ရဲ့ စိတ်အာရုံကို စာရေးနိုင်လောက်တဲ့ အခြေအနေတစ်ခုဆီရောက်အောင်ဆွဲခေါ်နိုင်နေတာပဲ ...။]]
ကျွန်တော်ပြောရင်းဆိုရင်းပဲ စားပွဲအနားကပြူတင်းပေါက်လေးကို ထဖွင့်လိုက်တယ်။ ရေးခိုးရေငွေ့ လေးတွေ ကပ်ပါလာတဲ့ လေနုအေးက ကျွန်တော့်ဆီကို တိုးဝှေ့တိုက်ခတ်လာတယ်။
[[ဒီပြူတင်ပေါက်လေးကိုဖွင့်ပြီး ကြည့်လိုက်ရင် အိမ်ရှေု့က မြင်ကွင်းတွေအားလုံးကို မြင်နိုင်တယ်။ အိမ်လေးရဲ့ရှေ့မှာ မေမေစိုက်ထားတဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ သစ်ပင်ပန်းပင်တွေ၊ နောက် ... ဖေဖေလုပ်ထားတဲ့ စာကလေးအိမ်လေးတွေ၊ နောက်ပြီး ... မြေနီနီလမ်းကလေးပေါ်က နိစ္စဓူဝသွားလာလှုပ်ရှားနေကြတဲ့ ဘ၀အထွေထွေတွေ ...။ ဒါတွေဟာ ... ကျွန်တော့်ရဲ့အာရုံတွေကို အကောင်းဆုံးနှိုးဆွပေးနိုင်တဲ့ အရာတွေပဲ မဟုတ်လား ...။ ]]
ကျွန်တော်ရေးလက်စ ၀တ္ထုလေးကို အဆုံးသတ်ပြီးချိန်မှာ ဗိုက်ထဲကဆာသလိုလိုရှိလာတာနဲ့ ထမင်းစားခန်းလေးထဲကို ထွက်လာခဲ့လိုက်တယ်။ မနက်ကမေမေချက်သွားတဲ့ ထမင်း၊ ဟင်းတွေက စားပွဲပေါ်မှာ အဆင်သင့် ...
[[ဒီတစ်ညတော့ ခြောက်သွေ့တိတ်ဆိတ်တဲ့ ထမင်းဝိုင်းတစ်ခုကို မင်းတစ်ယောက်တည်း ဆင်နွှဲရတော့မှာပေါ့နော် ...]]
[[ဒါတော့ ဘယ်တတ်နိုင်မှာလဲဗျာ ...။ အားလုံးက ခရီးထွက်သွားကြတာကိုး ...။ ဒါပေမယ့် ဒါကလည်း တစ်ခါတစ်လေမှပါ ...။ ညနေခင်းတော်တော်များများမှာတော့ ကျွန်တော်တို့မိသားစုတွေ စုံစုံလင်လင်ဝိုင်းဖွဲ့ပြီး ထမင်းစားကြတာ ခင်ဗျားအမြင်ပဲမဟုတ်လား ...]]
ဒါက ဖေဖေ၊ မေမေတို့ပျိုးထောင်ပေးထားတဲ့ ချစ်စရာအလေ့အကျင့်လေးတစ်ခုပါ။ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့တွေ အိမ်ကို အချိန်မီပြန်လာပြီး ညနေစာအတူတူ စားကြစမြဲပါ။ မေမေချက်ထားတဲ့ ထမင်း၊ ဟင်းတွေကို မိသားစုလက်စုံစားရတဲ့ အရသာဟာ ကမ္ဘာကျော် စာဖိုမှူးကြီးတွေရဲ့လက်ရာကို အဆင့်မြင့်ဟော်တယ်ကြီးတွေမှာ စားရတဲ့ အရသာနဲ့ မလဲနိုင်ပါဘူး။ ကျွန်တော်ညစာကို တို့ကနန်း၊ ဆိတ်ကနန်းစားပြီး ... ကျွန်တော့်ရဲ့ အိပ်ခန်းလေးထဲကို ၀င်လိုက်တယ်။ ပြာလွင်သန့်စင်နေတဲ့ အိပ်ရာလေးပေါ်ကို ကျွန်တော်လှဲချလိုက်တဲ့ အချိန်မှာပဲ အိမ်ကလေးကကျွန်တော့်ကိုပြောတယ်။
[[ဒီအခန်းလေးကတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို ခဏတာအနားပေးတဲ့အခန်းလေးပေါ့နော် ...။ ဒီအခန်းလေးရဲ့ အပြင်အဆင်တွေက မင်းကို နှစ်ခြိုက်စွာအိပ်ပျော်ခွင့်တစ်ခုကိုပေးနိုင်ရဲ့လား ]]
[[အင်း ... ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်။ အခန်းလေးရဲ့ခရမ်းနုရောင်လေးဘက် လေးလံနံရံတွေ၊ အပြာရောင်အိပ်ယာခင်းတွေ၊ ခြင်ထောင်တွေ စတဲ့ ပတ်ဝန်းကျင်တွေက ကျွန်တော့်ကို ကောင်းမွန်တဲ့ အိပ်စက်ခွင့်တစ်ခုကိုရဖို့ အများကြီး အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် ... တကယ်တမ်း အပူအပင်ကင်းစွာ အိပ်ပျော်နိုင်ဖို့က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေမှာ ပိုပြီးမူတည်ပါတယ်ဗျာ ...။ ငြိမ်သက်နေတဲ့ စိတ်အခြေအနေတစ်ခုနဲ့ အိပ်ရာမ၀င်နိုင်သရွေ့တော့ ဘယ်လောက်တန်ဖိုးကြီးတဲ့ မွှေ့ယာကြီး တွေပေါ်မှာ အိပ်နေနေ ... ညတာတွေကတော့ ရှည်နေဦးမှာပါပဲ ...]]
ကျွန်တော့်ရဲ့စကားကို အိမ်ကလေးက ဆိတ်ဆိတ်နေခြင်းအားဖြင့်ထောက်ခံတယ်။ ကျွန်တော့်ရဲ့ အပြာရောင်ခုတင်လေးပေါ်မှာလှဲနေရင်း မျက်စိတွေစင်းလာတာနဲ့ ကျွန်တော်အိမ်ကလေးကို နှုတ်ဆက် လိုက်တယ်။
[[ကျွန်တော်အိပ်တော့မယ် ...။ ကိုယ်ရောစိတ်ပါ လုံခြုံစိတ်ချမှုကို ပေးနိုင်တဲ့ ခင်ဗျားရဲ့ရင်ခွင်ထဲက ဒီအခန်းငယ်လေးထဲမှာ တစ်ညတာဆိုတဲ့ အချိန်ကာလကို ကျွန်တော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းတော့မယ် ...။ အဲဒီ့အတွက် ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ် ...။]]
အချို့အိမ်တွေရဲ့ အချို့အခန်းတွေမှာ မီးတွေလင်းနေကြတုန်း ...။ အချို့နေရာတွေရဲ့ အချို့လမ်းတွေမှာ မအိပ်စက်နိုင်ကြသေးသူတွေ ကံကြမ္မာရဲ့သယ်ဆောင်ရာကို လှမ်းလျှောက်နေကြတုန်း ...။ ကျွန်တော် သက်ပြင်းတစ်ခုကို ခပ်ဖွဖွချရင်း မျက်စိကို ဖြည်းဖြည်းချင်းမှိတ်လိုက်တယ်။ လျှပ်စစ်မီးရောင်တွေမရှိတော့တဲ့ လရောက်လွှလွှရဲ့အောက်မှာ အိမ်ကလေးကလည်း တိတ်ဆိတ်ငြိမ်းအေးစွာမျက်လွှာချလို့ ...။ ။
No comments:
Post a Comment