Pages

Monday, January 30, 2012

ဆန့်ကျင်ခြင်းတွေထဲကအလှတရား

၁.၀ တိတ်ဆိတ်ခြင်းရဲ့ အသံ

တိတ်ဆိတ်မှုက အေးစက်တဲ့ အထိအတွေ့တစ်ခုနဲ့ ကိုယ့်ရဲ့စိတ်ကို ချောက်ချားစေတယ်။ အသံတစ်ခုတစ်လေရဲ့ နွေးထွေးမှု တစ်စုံတစ်ရာက ကိုယ့်ရဲ့ အေးစက်နေရခြင်း ဒုက္ခကို ပါးလျသွားစေမလား ဆိုတဲ့ ၀ိုးတ၀ါးအတွေးနဲ့… ကိုယ် မပီမသ စကားတစ်ပိုင်းတစ်စကို တိုးတိုးလေး ရေရွတ်လိုက်တယ်။ တိုးတိုးလေး ဆိုပေမယ့် အသံက ကိုယ့်ပါးစပ်ဆီကနေ ကိုယ့်နားထဲကို ကျယ်လောင်ဆူပွက်စွာနဲ့ ရောက်လာတယ်။ ကိုယ့်အသံတစ်ခုတည်းကိုပဲ… သီးသီးသန့်သန့် ကိုယ်တိုင် ပြန်ကြားနေရခြင်းက… တစ်ယောက်တည်းဆိုတဲ့ လက်တွေ့ဘ၀ရဲ့ အထီးကျန်ဆန်မှုကို ပိုပြီး ထင်ရှားပီပြင်လာစေတယ်။ အခုအချိန်မှာ… အထူးသဖြင့် အခုလိုအချိန်မျိုးမှာ… ကိုယ့်အတွက် တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်တယ်… အဲဒီလိုချင်မှုနဲ့ တစ်ချိန်တည်းမှာပဲ နှလုံးသားကို နွေးထွေးသက်ဝင်နေစေမယ့် အသံတစ်ခုတစ်လေကိုလဲ ကြားချင်နေမိပြန်တယ်။ ကိုယ်… ပါးစပ်တွေကို ပိတ်ပြီး အမှောင်ထဲ တိတ်ဆိတ်နေလိုက်တယ်။ ဘာသံကိုမှ မကြားရတော့ဘူး…။ ဘာအသံကိုမှ မပြုမိအောင် ထိန်းရင်း တိတ်ဆိတ်ခြင်းထဲမှာ အသံတစ်ခုကို လိုက်ရှာကြည့်မိတယ်။ တွေ့တယ်…။ အသံတစ်ခုကို နားနှစ်ဖက်နဲ့ ရှာတွေ့လိုက်ချိန်မှာပဲ… တိတ်ဆိတ်ခြင်းဆိုတာက ပျောက်သွားတယ်။ မဟုတ်ဘူး…။ ကိုယ်လိုချင်နေတာ ဒီလို အခြေအနေမျိုး မဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကို ချေဖျက်ပစ်ပြီးမှ ဖြစ်တည်လာနိုင်တဲ့ အသံမဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကိုယ်တိုင်ရဲ့… တိတ်ဆိတ်သောအသံ…။

“နားတွေကို ပိတ်ထား … နှလုံးသားကို ဖွင့်ထား

အပြင်ကို လျှောက်မသွားစေနဲ့ … အထဲမှာ စုစည်းထား … ”

ဟိုးအဝေးကြီးက ဆိုတာပဲ သေချာပြီး ဘယ်ကမှန်း မသိတဲ့ အသံတစ်ခုက အလင်းတစ်ခုလို လက်လာတယ်။ လျှပ်ပြက်သလို… နောက်ထပ် ကြားရပြန်တယ်…။

“တိတ်ဆိတ်ခြင်းက… လှိုင်းမဲ့အသံနဲ့ စကားတွေ ပြောတယ်

အဲဒီစကားသံကို နားတွေနဲ့တော့ မကြားနိုင်ဘူး… နှလုံးသားနဲ့ ခံစားနားလည်ရတယ်”

တိတ်ဆိတ်မှုရဲ့ အေးစက်သော အထိအတွေ့ကို ကိုယ် မခံစားရတော့ဘူး။ တိတ်ဆိတ်ခြင်းရဲ့ အသံကလဲ ကိုယ့်စိတ်တွေကို ဆူညံပေါက်ကွဲပြရင်း… ချောက်ချားစေတာမျိုး မဖြစ်ခဲ့ဘူး။ ကိုယ့်နှလုံးသားဟာ… နွေးထွေးစွာ သက်ဝင်လှုပ်ရှားနေရင်းကကိုပဲ… တိတ်ဆိတ်ငြိမ်သက်ခဲ့ပါပြီ…။

သူတို့ပြောနေကြတဲ့ စကားတွေကို မကြားလို့ တဲ့…။ လူအချို့က ကိုယ့်ကို နားပင်းနေပြီ လို့ ပြောကြတယ်…။ တကယ်တမ်းက… တိတ်ဆိတ်ခြင်းရဲ့အသံကို မကြားနိုင်လောက်အောင်ကို သူတို့ရဲ့ နှလုံးသားတွေ ပင်းနေကြတာ…။ အဲဒီအတိုင်းပဲ ထားလိုက်ပါတယ်… ဘာသာစကားချင်း တူပေမယ့် ရင်ခုန်သံစည်းချက်ချင်း ကွဲနေတဲ့အခါ နားမလည်နိုင်ခြင်းတွေဖြစ်တတ်တာ သဘာဝပဲလေ…။ ခံစားနားလည်ပေးနိုင်မယ့်သူတွေ ရှိရင်တော့ တိတ်ဆိတ်ခြင်းရဲ့ အသံတွေအကြောင်း ကိုယ် နှလုံးသားနဲ့ စာလုံးပေါင်းပြချင်ပါသေးတယ်…။

၁.၁ အေးမြသော အလင်း

ကိုယ်က… လင်းနေရတာကို သဘောကျတယ်။ အမှောင်ရဲ့ နှောင်ကြိုးမဲ့ တွယ်ရစ်မှုတွေကို မလူးသာ မလွန့်သာ ကြိတ်မှိတ်သည်းခံခဲ့ရတာ ကြာပြီလေ။ အမှောင်ကို ခွင်းနိုင်ဖို့ ကိုယ်ကိုယ်တိုင် လင်းနေချင်ပေမယ့် အပူကိုတော့လဲ မုန်းပြန်တယ်။

“ခက်တော့တာပဲ…”

တဖျစ်ဖျစ် တဖျောက်ဖျောက်နဲ့ ထွန်းပမြင့်မောက်နေတဲ့ မီးတောက်ကြီးတစ်ခုက ကိုယ့်ကို အားမလို အားမရနဲ့ လှမ်းပြောတယ်…။ သူ့ခြေရင်းမှာ စုပုံလောင်မြိုက် ပေးနေကြရရှာတဲ့ ထင်းတုံးတွေကို ကြည့်ရင်း ကိုယ် မဲ့ပြုံးပြုံးမိတယ်။ ပိုဆိုးပါတယ်… သူတပါးကို လောင်ကျွမ်းပြာချပစ်ပြီးမှ တောက်ပခွင့်ရမယ့် ဘ၀မျိုးကို ကိုယ်မှ မလိုချင်ပဲလေ…။

“ငါ့လိုရော မဖြစ်ချင်ဘူးလား…”

နေက… အကွာအဝေးကို ၀တ်ရုံတစ်ခုလို ခြုံထားရင်း ကိုယ့်ကို အယောင်ယောင် အမှားမှားဖြစ်အောင် သိမ်းသွင်းတယ်…။ အကွာအဝေးဆိုတဲ့ ၀တ်ရုံကို ခွာလိုက်တဲ့အခါ… သူက… အရာရာကို ဆွဲယူလောင်မြိုက်ပစ်တတ်တာကို ကိုယ် မသိတာမှ မဟုတ်ပဲလေ…။ ပြီးတော့… သူက… သူ့အားသူ့အင်ကို သူကိုယ်တိုင် ထိန်းကွပ်ချိန်ညှိနိုင်သူမှ မဟုတ်ပဲ…။ သူ့ကြောင့် နွေးထွေးခဲ့ရသူတွေ ရှိပေမယ့်… သူ့ကြောင့်… ပူလောင်နေရသူတွေလဲ ဒုနဲ့ဒေးလေ…။

“လင်းနေချင်မှတော့ ပူမှာကို ကြောက်မနေပါနဲ့တော့ကွာ…”

အငွေ့တလူလူထွက်နေတဲ့ ဖယောင်းတိုင်လေးက သူတတ်စွမ်းသမျှ တုန်ခါလင်းမြပြနေရင်း ကိုယ့်ကို လှမ်းပြီး ဖျောင်းဖျတယ်။ လင်းလင်းနေရင်းက တိုတိုလိုက်လာတဲ့ ဖယောင်းတိုင်လေးကို ငေးကြည့်ရင်း ဒီလိုအဖြစ်မျိုးဟာ အမြဲတမ်းအတွက် လိုအပ်သော အမှန်တရားတစ်ခုလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ ဘယ်သူ့အတွက်မှ… ဘယ်သူကမှ အနစ်နာခံစရာ မလိုတဲ့… အပြန်အလှန် အကျိုးပြုနေနိုင်သော ၀န်းကျင်မျိုးကိုပဲ ကိုယ် လိုလားပါတယ်…။

ကိုယ်… အားလုံးကို ခေါင်းခါပြခဲ့တယ်…။ အလင်းရဲ့ အကြောင်းရင်းဟာ ပူလောင်ခြင်းတစ်ခုတည်း ရှိတယ် ဆိုတဲ့ သိမှတ်မှုတစ်ခုကို ကိုယ့်ရဲ့ မသိစိတ်က ငြင်းနေတယ်။ ယုံကြည်မှုတစ်ခုနဲ့… ကိုယ့်စိတ်ကို ရဲဆေးတင်လိုက်တယ်။ အဲဒီအချိန်မှာပဲ… ကိုယ့်လက်ပေါ်မှာ တလက်လက် ဖြစ်နေတဲ့ အလင်းစိမ်းလေးတစ်ခုကို တွေ့လိုက်ရတယ်။ ပိုးစုန်းကြူးလေးတစ်ကောင်ပဲ…။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အစိမ်းရောင် အလင်းစလေးတစ်ခု တဖျတ်ဖျတ် တောက်ပနေတာကို ကြည့်ရင်း… ကိုယ် ကြည်နူးပျော်ရွှင်လာတယ်။ သူနားနေတဲ့ ကိုယ့်ရဲ့လက်က ဘယ်လိုပူလောင်မှုမျိုးကိုမှ မခံစားရဘူး။ သူကိုယ်တိုင်ကရော… အလင်းတစ်ခုကို ရင်ခွင်ထဲ ကိုက်မြိုထားပါရက်က ပျံသန်းရင်း စိမ်းမြလှပနေနိုင်တုန်း…။ ပိုးစုန်းကြူးလေးက ကိုယ့်ကို… လှမ်းပြောတယ်။

“အေးမြတဲ့အလင်း ဆိုတာက… မင်းနှလုံးသားရဲ့ အတွင်းထဲမှာပဲ ရှိတယ်

အဲဒီအလင်းကို ဘယ်လိုလောင်စာမျိုးမှ မရှိတော့ခြင်းနဲ့ ထွန်းညှိရတယ်…”

ပိုးစုန်းကြူးလေး ကိုယ့်လက်ပေါ်ကနေ ထပျံသွားချိန်မှာ… ကိုယ်လဲ ပေါ့ပါးလန်းဆန်းစွာနဲ့ ကျန်ခဲ့တယ်။ ဘ၀အတွက် လောင်စာတွေကို တပ်မက်ခြင်း ကင်းသထက်ကင်းအောင် ကြိုးစားရင်း… တဖြည်းဖြည်းနဲ့ နှလုံးသားဟာ လင်းလင်းလာနိုင်လိမ့်မယ် လို့ ကိုယ် ယုံကြည်ပါတယ်။ ဒါပေမယ့်… ကိုယ် ကြိုးစားရဦးမယ်။

၁.၂ ချိုမြိန်သော ခါးသီးမှု

ကိုယ် ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်…။ အဲဒီဒဏ်ရာရဲ့ နာကျင်မှုက… ကိုယ့်ကို မျက်ရည်ကျစေခဲ့တယ်။ နာကျင်ခံစားရခြင်းရဲ့ နောက်ကလိုက်လာတဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်ကို ခါးသီးသော ရသတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ ယုံကြည်မှု ပျက်သုဉ်းခြင်း၊ သံသယစိတ်များ ပေါက်ဖွားရှင်သန်လာခြင်း… ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်စိတ်ဓါတ်တွေ ယိုယွင်းပြိုလဲခဲ့ရတယ်။ အခန်းက အကျယ်ကြီး ဆိုပေမယ့် ကိုယ်က ဒေါင့်တစ်နေရာမှာပဲ ငြိမ်ပြီး ကုပ်နေရတဲ့သူလိုပဲ…။ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ မလုံမလဲစိတ်၊ မ၀ံ့မရဲစိတ်တွေနဲ့… ကိုယ်က ပျောက်ဆုံးသွားမတတ်ကို သေးငယ်ကျုံ့ဝင်နေတယ်…။ ဒဏ်ရာဟောင်းပေါ်မှာပဲ ဒဏ်ရာအသစ်တစ်ခု ထပ်ရတယ်…။ ဒီတစ်ခါတော့… ယုန်သူငယ်တစ်ကောင်ရဲ့ သေးနုပ်သိမ်ငယ်မှုနေရာမှာ ကျားနာတစ်ကောင်ရဲ့ ခံပြင်းဒေါသက အစားထိုး ၀င်ရောက်လာခဲ့တယ်…။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အလိုလို ပျိုးမိနေတဲ့ နာကျင်မှု အစို့အညှောင့်က မထီမဲ့မြင်ပြုမှုအဖြစ်နဲ့ အပင်ပေါက်လာတယ်။

“မင်းက ငါ့ကို အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေလို သဘောထားနေတာပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့အစဖြစ်တယ်…။

“ရှင်ဟာ… သိပ်ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အလယ်ဖြစ်တယ်…။

“အဲဒီမိန်းကလေးတွေနဲ့ ပတ်သက်ခဲ့မှုတွေအားလုံးဟာ… ချစ်ခြင်းမေတ္တာမပါတဲ့ ဆက်ဆံရေးတွေချည်းပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အဆုံးဖြစ်တယ်…။ ဓါတ်ဆီကုန်သွားတဲ့ကားလို လမ်းဘေးထိုးရပ်သွားချိန်မှာ… ကိုယ့်ဘ၀တစ်ခုလုံးလဲ အစွန်းအထင်း အညစ်အကြေးတွေနဲ့ မဲမှောင်ညစ်ပတ်လို့…။ ပင်လယ်ကမ်းစပ် မဟုတ်ပေမယ့်… ကြယ်ငါးလေးတစ်ကောင်နဲ့… ကိုယ် ဆုံတွေ့ခဲ့တယ်။ သူက ပြောတယ်…

“ငါ့ရဲ့ လက်ငါးဖက်စလုံးဟာ တစ်ခုမှ ဒဏ်ရာဒဏ်ချက် မကင်းခဲ့ဘူး… အချို့သော လက်တွေဆို ပြတ်တောင် ထွက်သွားခဲ့ဖူးတယ်… နာကျင်မှုကို ကြိတ်ခံရင်း နောက်တော့လဲ ပြန်ထွက်လာတာပါပဲ…”

စိုးစိုးစီစီနဲ့ အော်မြည်ပျံသန်းနေတဲ့ ငှက်ကလေးတွေကလည်း… ကိုယ့်ကို ၀ိုင်းပြောကြတယ်။

“နာကျင်ခံစားရတာတွေကို သီချင်းလုပ်ဆိုပစ်လိုက်ပေါ့ကွာ… စိတ်သက်သာရာ ရရုံမကဘူး… ကံကောင်းရင် နာမည်တောင် ကြီးသွားဦးမယ်…”

ကိုယ် ပြုံးမိပြီး စာရေးဆရာ သစ္စာနီ ပြောခဲ့တာကိုလည်း သွားသတိရမိတယ်…။

“အသည်းကွဲလို့ ကဗျာဆရာဖြစ်လာတာ…” တဲ့လေ။

ဒဏ်ရာတွေကြောင့် အရာရာကို ကြောက်သွားပြီး အချိန်တိုင်း တုန်လှုပ်ချောက်ချားနေရတဲ့ ယုန်သူငယ်လို ဘ၀မျိုးလဲ ကိုယ် မရောက်ချင်ပါဘူး။ ခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် အထိန်းအကွပ်မဲ့ ရိုင်းစိုင်းရက်စက်သွားတဲ့ ကျားနာတစ်ကောင်လဲ မဖြစ်ချင်ဘူး…။

ကိုယ်… ဒဏ်ရာတစ်ခု ရပြန်တယ်။ အခုတော့… အဲဒီဒဏ်ရာရဲ့ နာကျင်မှုကို အရသာတစ်ခုလို ခံစားသာယာနေတတ်ခဲ့ပြီ။ ဒဏ်ရာက အနာကျက်သွားခဲ့တာတောင်… ကျန်ခဲ့တဲ့ အမာရွတ်ကလေးကို ပွတ်သပ်ရင်း တစ်ခါတုန်းက ခံစားခဲ့ရတဲ့ ခါးသီးသော နာကျင်မှုတွေကို တသသနဲ့ ပြန်တွေးရင်း အရသာ ခံတတ်နေပြီ…။ ကိုယ့်ဒိုင်ယာရီ စာအုပ်လေးရဲ့ တစ်ခုသော စာမျက်နှာမှာ… ဒီလို ချရေးလိုက်တယ်။

“နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ

ခါးသီးမှုမှာ အရသာခံတတ်စေ

ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”


Saturday, January 28, 2012

အင်တာဗျူး

Eleven Media Group နဲ့ ဗျူးထားတဲ့ အင်တာဗျူးကို ဒီနေရာမှာသွားဖတ်နိုင်ပါတယ်

Tuesday, January 24, 2012

“ခေတ်အဆက်ဆက်လင်းလက်နေမယ့်ကြယ်”

“ခေတ်အဆက်ဆက်လင်းလက်နေမယ့်ကြယ်”


“ကျွန်တော် မင်းကိုနိုင်ပါ…”

သံတိုင်တွေကြားထဲကနေ
ကမ်းပေးလာတဲ့လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိချိန်မှာပဲ
ကျွန်တော့်ရဲ့ သွေးကြောတွေထဲ
အားအင်တွေ ပြင်းအားတစ်ခုနဲ့စီးဝင်လာ
“အစ်ကို… ငါတို့နဲ့အတူ ရှိနေတယ်” ဆိုတဲ့စိတ်နဲ့
အရာရာကို ရင်ဆိုင်ရဲခဲ့ပါတယ်။


သွေးသားမတော်စပ်ပေမယ့်
ကျွန်တော်တို့တွေ ရင်ဘတ်ချင်း နီးကပ်ခဲ့ကြ
အစ်ကို… ပါးစပ်နဲ့ရေးပြတဲ့ ၀တ္ထုတိုတွေ
ကျွန်တော် နားနဲ့ဖတ်ခဲ့ရဖူးတယ်
ည ည ရွတ်တဲ့ အစ်ကို့ရဲ့ကဗျာတွေကို
အိပ်ယာဝင်ပုံပြင်တွေလို ကျွန်တော် နားထောင်အိပ်စက်ခဲ့ဖူးတယ်
အစ်ကိုက… နှလုံးသားနဲ့ သီချင်းတွေဆိုပြတော့လဲ
ကျွန်တော် မျက်ရည်စက်လက်နဲ့ ခံစားနာကျင်ခဲ့ရ...
“ကောင်းကျိုးအထွေထွေ ချွန်စေမြစေ
ဒေါင်းအိုးဝေ တွန်စေ က,စေ
တို့အဘိုးရဲ့ ရိုးရာလက်ရာအမွေ
ကျောင်းအနှံ့ ဒေါင်းအလံစိုက်ကာပေ…”
အစ်ကို မျှော်လင့်တဲ့အချိန်ကာလ
ကျွန်တော်တို့ တွန်ရင်း က,ရင်း ဆက်လျှောက်ကြရဦးမယ်။


“ရေခဲသေတ္တာထဲ နေရသလိုပဲ…” တဲ့
အစ်ကိုပြောလိုက်တဲ့စကား တဆင့်ပြန်ကြားရတော့
ကျွန်တော့်ဒုက္ခတွေကို မေ့သွားတယ်
အစ်ကို ရင်းနှီးခဲ့ရတဲ့
ဆယ်စုနှစ် နှစ်ခုစာကာလ
ပျိုမြစ်စိမ်းလန်းသော လူငယ်ဘဝ
ခက်ခဲကြမ်းတမ်းလွန်းလှတဲ့
သမိုင်းရဲ့စာမျက်နှာ အပိုင်းအစတွေထဲမှာ
အစ်ကိုတောင် ပြုံးနေနိုင်သေးရင်
ကျွန်တော်က ဘာလို့ စိတ်ဓါတ်ကျရမလဲ
အဲဒီလို… အဲဒီလို
အစ်ကို့ရဲ့ အရှိတရားသက်သက်က
ကျွန်တော့်ကို အားတက်စေခဲ့တယ်။


ကျေးဇူးပါ… အစ်ကို
မနက်လင်းချိန်တိုင်း ကြားခဲ့ရဖူးတဲ့
မင်္ဂလာပါ ဆိုတဲ့ အစ်ကို့အသံအတွက်
ကျေးဇူးပါ… အစ်ကို
ရံဖန်ရံခါ မြင်ခဲ့ရဖူးတဲ့
ရိုးသားရဲရင့်သော အပြုံးသန့်သန့်တွေအတွက်
ကျေးဇူးပါ… အစ်ကို
အစ်ကို နယ်ဖတ်ကျွေးခဲ့ဖူးတဲ့
စုံစီနဖာအသုတ်စုံဟင်းလျာအတွက်
ကျေးဇူးပါ… အစ်ကို
ညီတွေအားလုံးကို တစ်ယောက်မှ မလပ်စေခဲ့တဲ့
အစ်ကို့ရဲ့ ဂရုစိုက်ဖြည့်စွက်ပေးမှုတွေအတွက်
အထူးသဖြင့်…
အစ်ကို ဘ၀နဲ့ရင်းပြီး နားလည်စေခဲ့တဲ့
ယုံကြည်ချက်အတွက် အဆုံးစွန်ဆုံးအထိ ရဲရင့်ရမယ် ဆိုတဲ့
အသိတရားတစ်ခုအတွက်
လေးလေးနက်နက်
ကျေးဇူးတင်လျက်ပါ… အစ်ကို။


လောကဓံရဲ့ရိုက်ချက်တွေ ဘယ်လောက်ကြမ်းကြမ်း
အစ်ကို လိပ်ပြာသန့်သန့်နဲ့ ဖြတ်သန်းနေမယ်ဆိုတာ
ကျွန်တော်… ယုံပါတယ်
အခက်အခဲ အတားအဆီးတွေများစွာအတွက်
ဆင်ခြေဆင်လက်တွေ လိုက်ရှာမနေဘဲ
အစ်ကို… လုပ်စရာရှိတာတွေ ဆက်လုပ်နေမှာကိုလဲ
ကျွန်တော်… နားလည်တယ်
အချိန်ကာလနဲ့ နေရာဒေသရဲ့ အကန့်အသတ်ကို
စိတ်ဓါတ်ခွန်အားနဲ့ ကျော်ဖြတ်
“မင်းကိုနိုင်” ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုကို
ဘယ်လိုအရာမျိုးကမှ
တွန်းဖြိုချေဖျက်လို့ မရနိုင်ဘူးလို့လဲ
ကျွန်တော်… ယုံကြည်တယ်
သူရဲကောင်းတို့ရဲ့ နှလုံးသားဟာ
ခေတ်အဆက်ဆက် ကူးစပ်တည်မြဲပါတယ်
အစ်ကိုလျှောက်ခဲ့တဲ့လမ်းကို
အစ်ကို့လို ပွင့်ရဲတဲ့ပန်းတွေ
မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်း
အစဉ်ထာဝရ လျှောက်လှမ်းနေကြဦးမယ်ဆိုတာ
မလွဲနိုင်တဲ့… သေချာမှုတစ်ခုပါ အစ်ကို။


အစ်ကို တာဝန်ကျေခဲ့ပါတယ်
ကျွန်တော်တို့ တာဝန်ကျေရဦးမယ်
မျိုးဆက်သစ်တွေ တာဝန်ကျေကြပါလိမ့်မယ်
လူငယ်ဆိုတာ…
သမိုင်းရဲ့ အချိုးအကွေ့တွေတိုင်းမှာ
ဘယ်သောအခါမှ မတွေဝေ မတုံ့ဆိုင်းခဲ့တဲ့သူ
လူငယ်ဆိုတာ…
ခေတ်ရဲ့ အဆိုးအကောင်းတွေထဲမှာ
ဘယ်တော့မှ ယိမ်းယိုင်ပြောင်းလဲမသွားတတ်တဲ့သူ
လူငယ်ဆိုတာ…
လိုအပ်ရင် လိုအပ်တဲ့ အချိန်တွေတိုင်းအတွက်
အမြဲအဆင်သင့်ရှိနေတတ်တဲ့သူ
ကြယ်တွေအစင်းစင်း ကြွေခဲ့ကြဖူးပေမယ့်
ကြယ်တွေအစင်းစင်း ဝေမြဲဝေဆဲ… ကောင်းကင်
လူငယ်ဆိုတာ…
အမှောင်ထုတိုင်းကို အန်တုဆန့်ကျင်မယ့်
ခေတ်တိုင်းရဲ့ အလင်းစွမ်းအင်ဖြစ်တယ်။


အစ်ကို့ရဲ့ မွေးနေ့တွေတိုင်းမှာ
အစ်ကို့ရဲ့ ညီတွေညီမတွေအားလုံးက
သူတို့ကိုယ်သူတို့
အလင်းလက်ဆုံး ထွန်းညှိပြကြရင်းသူတို့ကိုယ်တိုင်ကိုက
အစ်ကို့အတွက် လက်ဆောင်တွေဖြစ်နေကြလိမ့်မယ်
အဲဒီအခါ… အစ်ကိုကလည်း
ချမ်းမြေ့စွာ တောက်ပခက်ဖြာနေရင်း
ကြည်နူးကျေနပ်နေဦးမှာ
ကျွန်တော်… သိပါတယ်။


ချစ်ခင်လေးစားစွာဖြင့်

နေဘုန်းလတ်

18.10.2011 (Tuesday) မှာ ကျရောက်သော ကိုပေါ်(ကိုမင်းကိုနိုင်)ရဲ့ (၄၉) နှစ်ပြည့် မွေးနေ့အမှတ်တရ...

ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့ခဲ့တဲ့ ကဗျာလေးပါ။ Facebook ပေါ်မှာဖတ်ပြီးကြသူတွေ ကိုတော့ တောင်းပန်ပါတယ်။

Tuesday, January 17, 2012

Teen Magazine ရဲ့စာပေဆွေးနွေးပွဲမှာ ပြောဖြစ်ခဲ့တာတွေ

ရပ်တန့်မနေဘူးဆိုတဲ့ ဘလော့ဂါ နေဘုန်းလတ်@ ဘုန်းဦးမော်

“ ကျွန်တော် ဘလော့ဂါဖြစ်လာရတာက နည်းနည်းဆန်းတယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေဆီက ကျွန်တော် စာတွေ ကံအားလျော်စွာ ဖြန်သန်းလာခဲ့ပြီးတော့၊ စီစစ်ရေးက သွေးသံတရဲရဲနဲ့ ခုတ်ထစ်တာ ခံရပြန်တယ်၊ ကျွန်တော်တို့ ရေးထားတဲ့ စာတွေဟာ ကျွန်တော်တို့ရဲ့ ရင်ထဲ အသည်းနှလုံးထဲက ရင်သွေးတွေ၊ ကျွန်တော်တို့ရဲ့ သားသမီးတွေပါ၊ ခုတ်ထစ်တယ်ဆိုတာ ဓားနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ.. မှင်နီတွေနဲ့ ခုတ်ထစ်တာပေါ့၊ ကျွန်တော်တို့ သားသမီးတွေဟာ သွေးသံတရဲရဲနဲ့၊ ဘယ်မိဘက ကြည့်ရက်မလဲ၊ အဲ့ဒီလို ခုတ်ထစ်ဖြတ်တောက်တာ မခံနိုင်တော့ ကျွန်တော် အွန်လိုင်းပေါ် တက်ရေးတယ်၊ ဘယ်သူ ဖြတ်တောက်ဦးမလဲ၊ လွတ်လပ်မှုဆိုတာ ဘယ်သူကမှ မပေးပါဘူး၊ ကျွန်တော့်ဟာ ကျွန်တော် ဖန်တီးရယူရတာ၊ လွတ်လပ်ခြင်းက သူများဆီက တောင်းယူရတာ မဟုတ်ပါဘူး၊ သူများမပေးလည်း ကိုယ့်ဖာသာကိုယ် ရအောင် ယူနိုင်ရမယ်၊ အဲ့ဒီစိတ်မျိုး မွေးခဲ့လို့ ကျွန်တော် ဘလော့ဂ်ဂါဖြစ်လာရတာပါ၊ နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” ဆိုပြီး ကျွန်တော် ဘလော့ဂ်ရေးတယ် ”

အဲ့ဒီနောက် နေဘုန်းလတ်က “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” နဲ့ နေဘုန်းလတ်တဖြစ်လဲ “ဘုန်းဦးမော်” ဖြစ်လာခဲ့ပုံကို အခုလို ဆက် ပြောပြခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ စာရေးဆရာဖြစ်ချင်တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရတဲ့ အတွက် ကျွန်တော့်ဘလော့ဂ်ကို ဒီနာမည်ပေးဖြစ်ခဲ့တာပါ၊ ကံဆိုးတာ လား ကံကောင်းတာလားမသိ၊ ကျွန်တော် ထောင်ကျတယ်၊ အဆိုးထဲမှာ ကျွန်တော်ကောင်းတာတွေ ရှာနိုင်ခဲ့ တယ်၊ ကျွန်တော့်ကို ထောင် အနှစ်(၂၀)နဲ့(၆)လ အချခံရတယ်၊ ကျွန်တော် ထိုင်ငိုနေရမှာလား၊ ကျွန်တော် ဒါသထွက်နေရမှာလား၊ အဲ့ဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး၊ ဆိုးဝါးလှတဲ့ အကန့်အသတ်တွေနဲ့ အခြေအနေ တစ်ခုမှာပဲ ဘာလုပ်နိုင်မလဲဆိုတာကို နည်းလမ်းရှာရင်းနဲ့ ဘုန်းဦးမော်ဖြစ်လာခဲ့တယ်၊ နေဘုန်းလတ်ကို အထဲထည့်တော့ ဘုန်းဦးမော် ထပ်ဖြစ်လာခဲ့တာပေါ့၊ လူကိုပဲ အကျဉ်းချလို့ရမယ်၊ အနုပညာရှင်တစ်ယောက်ရဲ့ နှလုံးသား၊ သူ့ခေါင်းထဲက အတွေး၊ သူ့ရင်ထဲက ခံစားမှုတွေကို ဘာနဲ့လာပြီး တားရမှာလဲ၊ ကျွန်တော့်ကို တားလို့မရဘူး၊ ရပ်တန့်လို့မရဘူး၊ ကျွန်တော့်ကို တံခါးပိတ်ထားရင် အဲ့ဒီတံခါးကို ကျွန်တော် တနည်းနည်းနဲ့ ဖောက်ထွက်မှာပဲ၊ ကျွန်တော် မရပ်ခဲ့ဘူး၊ ကျွန်တော် ဆက်သွားနေမှာပဲ ကျွန်တော် IT သမား၊ Speed နဲ့သွားနေတာ။ ကျွန်တော်ရပ်နေရင် အနှစ်၂၀ပြည့်လို့ ပြန်ထွက်လာရင် ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့မှာ။ အခုခေတ် လူငယ်တွေကို ပြောချင်ပါတယ်၊ ဘယ်တော့မှ ရပ်တန့်မနေပါနဲ့။ ကျွန်တော်လဲ ရပ်မနေဘူး။ ကျွန်တော် ကဗျာရေးထားတယ်၊ ဒုတိယလူရဲ့ ပထမမြို့တော်လို့၊ နေဘုန်းလတ်က ပထမလူပေါ့၊ နေဘုန်းလတ်ကို ထောင်ထဲထည့်တော့ နည်းလမ်းရှာရင်း ဘုန်းဦးမော်အနေနဲ့ ဒုတိယလူ ဖြစ်လာရတာပေါ့၊ ဒုတိယလူအနေနဲ့ ပထမမြို့တော်လေးကို ဆက်ပြီး တည်ဆောက်နေတဲ့ သဘောပေါ့” လို့ ပြောပြခဲ့ပါတယ်။

teen Magazine အပေါ် သူ့ရဲ့ အမြင်နဲ့အတူ၊ လူငယ်တွေ မတုံးဘူး၊ လူငယ်တွေအတွက် အခွင့်အရေးပေးဖို့ကို ဘလော့ဂါနေဘုန်းလတ်က အခုလို ဆက်ပြောခဲ့ပါတယ်။

“ teen Magazine က ကျွန်တော့်အပေါ်မှာ ကျေးဇူးအများကြီး ရှိပါတယ်၊လူငယ်တွေအတွက် ကွင်းမရှိဘူး၊ လူငယ်ခြေတက်တွေ အများကြီးပဲ၊ ဘယ်နား သွားကစားရမလဲမသိဘူး၊ teen လို မဂ္ဂဇင်းမျိုးပေါ်လာတာ အရမ်းလည်း ကျေနပ်တယ်၊ အရမ်းလည်း ၀မ်းသာတယ်၊ လူငယ်တွေ ကစားဖို့ ကွင်းဖန်တီးပေးထားတာပဲ၊ ကျွန်တော်တို့ ကစားစရာ ကွင်းမရှိပဲ ဘယ်လိုခြေစွမ်းသွားပြရမလဲ၊ လူငယ်တွေမှာ talent ရှိသူတွေ အများကြီး ရှိတယ်၊ ဗမာတွေ ထက်မြက်တယ်၊ ငတုံးတစ်ယောက်မှ မပါဘူး၊ ကန်ဖို့ ကွင်းမရှိတော့ မကန်ရဘူး၊ အဲ့ဒါကို ဗမာတွေ တုံးတယ် ပြောချင်ကြတယ်၊ တုံးတယ်လိုပြောရင် ကျွန်တော်က ပြန်ပြောမှာပဲ၊ ခင်ဗျားတို့ အခွင့်အရေးမှ မပေးကြတာလို့၊ အခု teen Magazine က လူငယ်ခြေတက်တွေအတွက် ကစားကွင်းပဲ၊ ဒီလို ကစားရင်းမှ ခြေတက်လာမှာ၊ အရည်အချင်းရှိသူတွေ ပေါ်ပေါက်လာမယ်။ teen Magazine လိုပဲ တခြားမဂ္ဂဇင်းတွေကလဲ လူငယ်တွေအတွက် အခွင့်အရေးပေးပါ၊ ကစားကွင်းတွေ ဖန်တီးပေးတဲ့ မဂ္ဂဇင်းမျိုး၊ ဒီထက်များများ ပေါ်ပေါက်လာပါစေလို့ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဘလော့ဂါနေဘုန်းလတ် ဆက်ပြောခဲ့တာကတော့ “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” အတွက် ကျွန်တော် ဘယ်သူဆီကမှ တောင်းမယူဘူး၊ ကိုယ့်ဟာကိုယ် ရအောင်ယူမယ်၊ လွတ်လပ်ခြင်း ဆိုတာကလဲ ဘယ်သူတွေ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား၊ ကိုယ့်စိတ်က လွတ်လပ်နေရင် လွတ်လပ်နေတာပဲ၊ ငြိမ်းချမ်းရေးဆိုတာကလဲ သူများပေးတာကို စောင့်နေစရာမလိုဘူး၊ ကိုယ့်ဟာကို ရအောင်ယူနိုင်ရမယ်၊ အနုပညာ.. အနုပညာကလဲ ရှင်းတယ်၊ ဘာတွေ ဘယ်လို အခက်အခဲတွေ တားဆီးထားပါစေ၊ သူက ရင်ဘတ်ထဲက ကိစ္စ၊ ဒီရင်ဘတ်ထဲက နှလုံးသား ခုန်နေသ၍ ဖန်တီးလို့ရတယ်၊ အဲ့ဒီနှလုံးသားကို ဓါးနဲ့လာထိုးဖောက်သွားလို့ ကျွန်တော် သေသွားရင်တော့ တစ်မျိုးပေါ့နော်၊ မဟုတ်ပဲ ကျွန်တော့်ကို နံရံလေးဘက်ထဲ ထည့်ထားလဲ ရင်ခုန်သံ ရပ်မသွားဘူး၊ အနုပညာသွေးတွေ စီးဆင်းနေသ၍ ဖန်တီးရယူသွားမယ်၊ ဒါကြောင့် “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတာ သူများပေးမှ ရမှာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင် အရယူ ဖန်တီးနိုင်ရမယ့်အရာလို့ ကျွန်တော်မြင်တယ်”

teen Magazineမှာ ဘုန်းဦးမော်အမည်နဲ့ ကဗျာ၊ ၀တ္တုများစွာ ရေးသားခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ရဲ့ ဆွေးနွေးမှု အပြီးမှာတော့ ခန်းမတစ်ခုလုံး လက်ခုပ်သံများ ပဲ့တင်ထပ်သွားပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေရဲ့ မျက်ဝန်းမှာ တောက်ပတဲ့ ရောင်ခြည်တွေ လင်းလက်လာကြတယ်။ ခန္ဓာကိုယ်က သွေးတွေ ပူနွေးလာကြတယ်။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ အနုပညာကို ဖန်တီးဖို့ စိတ်ခွန်အားတွေ ပိုမို တိုးပွားလာကြတယ်။ ဒီသုံးခုကနေ ရရှိလာမယ့် အနှစ်သာရတွေကို မြည်းစမ်းချင်လာကြတယ်။ တစ်ချိန်ထဲမှာပဲ ယုံကြည်ချက်တွေလည်း ကိုယ်စီရှိလာကြတယ်။


“ ကျွန်တော် ဘလော့ဂါဖြစ်လာရတာက နည်းနည်းဆန်းတယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေဆီက ကျွန်တော် စာတွေ ကံအားလျော်စွာ ဖြန်သန်းလာခဲ့ပြီးတော့၊ စီစစ်ရေးက သွေးသံတရဲရဲနဲ့ ခုတ်ထစ်တာ ခံရပြန်တယ်၊ ကျွန်တော်တို့ ရေးထားတဲ့ စာတွေဟာ ကျွန်တော်တို့ရဲ့ ရင်ထဲ အသည်းနှလုံးထဲက ရင်သွေးတွေ၊ ကျွန်တော်တို့ရဲ့ သားသမီးတွေပါ၊ ခုတ်ထစ်တယ်ဆိုတာ ဓားနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ.. မှင်နီတွေနဲ့ ခုတ်ထစ်တာပေါ့၊ ကျွန်တော်တို့ သားသမီးတွေဟာ သွေးသံတရဲရဲနဲ့၊ ဘယ်မိဘက ကြည့်ရက်မလဲ၊ အဲ့ဒီလို ခုတ်ထစ်ဖြတ်တောက်တာ မခံနိုင်တော့ ကျွန်တော် အွန်လိုင်းပေါ် တက်ရေးတယ်၊ ဘယ်သူ ဖြတ်တောက်ဦးမလဲ၊ လွတ်လပ်မှုဆိုတာ ဘယ်သူကမှ မပေးပါဘူး၊ ကျွန်တော့်ဟာ ကျွန်တော် ဖန်တီးရယူရတာ၊ လွတ်လပ်ခြင်းက သူများဆီက တောင်းယူရတာ မဟုတ်ပါဘူး၊ သူများမပေးလည်း ကိုယ့်ဖာသာကိုယ် ရအောင် ယူနိုင်ရမယ်၊ အဲ့ဒီစိတ်မျိုး မွေးခဲ့လို့ ကျွန်တော် ဘလော့ဂ်ဂါဖြစ်လာရတာပါ၊ နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” ဆိုပြီး ကျွန်တော် ဘလော့ဂ်ရေးတယ် ”

အဲ့ဒီနောက် နေဘုန်းလတ်က “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” နဲ့ နေဘုန်းလတ်တဖြစ်လဲ “ဘုန်းဦးမော်” ဖြစ်လာခဲ့ပုံကို အခုလို ဆက် ပြောပြခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ စာရေးဆရာဖြစ်ချင်တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရတဲ့ အတွက် ကျွန်တော့်ဘလော့ဂ်ကို ဒီနာမည်ပေးဖြစ်ခဲ့တာပါ၊ ကံဆိုးတာ လား ကံကောင်းတာလားမသိ၊ ကျွန်တော် ထောင်ကျတယ်၊ အဆိုးထဲမှာ ကျွန်တော်ကောင်းတာတွေ ရှာနိုင်ခဲ့ တယ်၊ ကျွန်တော့်ကို ထောင် အနှစ်(၂၀)နဲ့(၆)လ အချခံရတယ်၊ ကျွန်တော် ထိုင်ငိုနေရမှာလား၊ ကျွန်တော် ဒေါသထွက်နေရမှာလား၊ အဲ့ဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး၊ ဆိုးဝါးလှတဲ့ အကန့်အသတ်တွေနဲ့ အခြေအနေ တစ်ခုမှာပဲ ဘာလုပ်နိုင်မလဲဆိုတာကို နည်းလမ်းရှာရင်းနဲ့ ဘုန်းဦးမော်ဖြစ်လာခဲ့တယ်၊ နေဘုန်းလတ်ကို အထဲထည့်တော့ ဘုန်းဦးမော် ထပ်ဖြစ်လာခဲ့တာပေါ့၊ လူကိုပဲ အကျဉ်းချလို့ရမယ်၊ အနုပညာရှင်တစ်ယောက်ရဲ့ နှလုံးသား၊ သူ့ခေါင်းထဲက အတွေး၊ သူ့ရင်ထဲက ခံစားမှုတွေကို ဘာနဲ့လာပြီး တားလို့ရမှာလဲ၊ ကျွန်တော့်ကို တားလို့မရဘူး၊ ရပ်တန့်လို့မရဘူး၊ ကျွန်တော့်ကို တံခါးပိတ်ထားရင် အဲ့ဒီတံခါးကို ကျွန်တော် တနည်းနည်းနဲ့ ဖောက်ထွက်မှာပဲ၊ ကျွန်တော် မရပ်ခဲ့ဘူး၊ ကျွန်တော် ဆက်သွားနေမှာပဲ ကျွန်တော် IT သမား၊ Speed နဲ့သွားနေတာ။ ကျွန်တော်ရပ်နေရင် အနှစ်၂၀ပြည့်လို့ ပြန်ထွက်လာရင် ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့မှာ။ အခုခေတ် လူငယ်တွေကို ပြောချင်ပါတယ်၊ ဘယ်တော့မှ ရပ်တန့်မနေပါနဲ့။ ကျွန်တော်လဲ ရပ်မနေဘူး။ ကျွန်တော် ကဗျာဆန်ဆန်စဉ်းစားမိတာက ဒုတိယလူရဲ့ ပထမမြို့တော်လို့၊ နေဘုန်းလတ်က ပထမလူပေါ့၊ နေဘုန်းလတ်ကို ထောင်ထဲထည့်တော့ နည်းလမ်းရှာရင်း ဘုန်းဦးမော်အနေနဲ့ ဒုတိယလူ ဖြစ်လာရတာပေါ့၊ ဒုတိယလူအနေနဲ့ ပထမမြို့တော်လေးကို ဆက်ပြီး တည်ဆောက်နေတဲ့ သဘောပေါ့” လို့ ပြောပြခဲ့ပါတယ်။

teen Magazine အပေါ် သူ့ရဲ့ အမြင်နဲ့အတူ၊ လူငယ်တွေ မတုံးဘူး၊ လူငယ်တွေအတွက် အခွင့်အရေးပေးဖို့ကို ဘလော့ဂါနေဘုန်းလတ်က အခုလို ဆက်ပြောခဲ့ပါတယ်။

“ teen Magazine က ကျွန်တော့်အပေါ်မှာ ကျေးဇူးအများကြီး ရှိပါတယ်၊လူငယ်တွေအတွက် ကွင်းမရှိဘူး၊ လူငယ်ခြေတက်တွေ အများကြီးပဲ၊ ဘယ်နား သွားကစားရမလဲမသိဘူး၊ teen လို မဂ္ဂဇင်းမျိုးပေါ်လာတာ အရမ်းလည်း ကျေနပ်တယ်၊ အရမ်းလည်း ၀မ်းသာတယ်၊ လူငယ်တွေ ကစားဖို့ ကွင်းဖန်တီးပေးထားတာပဲ၊ ကျွန်တော်တို့ ကစားစရာ ကွင်းမရှိပဲ ဘယ်လိုခြေစွမ်းသွားပြရမလဲ၊ လူငယ်တွေမှာ talent ရှိသူတွေ အများကြီး ရှိတယ်၊ ဗမာတွေ ထက်မြက်တယ်၊ ငတုံးတစ်ယောက်မှ မပါဘူး၊ ကန်ဖို့ ကွင်းမရှိတော့ မကန်ရဘူး၊ အဲ့ဒါကို ဗမာတွေ တုံးတယ် ပြောချင်ကြတယ်၊ တုံးတယ်လိုပြောရင် ကျွန်တော်က ပြန်ပြောမှာပဲ၊ ခင်ဗျားတို့ အခွင့်အရေးမှ မပေးကြတာလို့၊ အခု teen Magazine က လူငယ်ခြေတက်တွေအတွက် ကစားကွင်းပဲ၊ ဒီလို ကစားရင်းမှ ခြေတက်လာမှာ၊ အရည်အချင်းရှိသူတွေ ပေါ်ပေါက်လာမယ်။ teen Magazine လိုပဲ တခြားမဂ္ဂဇင်းတွေကလဲ လူငယ်တွေအတွက် အခွင့်အရေးပေးပါ၊ ကစားကွင်းတွေ ဖန်တီးပေးတဲ့ မဂ္ဂဇင်းမျိုး၊ ဒီထက်များများ ပေါ်ပေါက်လာပါစေလို့ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဘလော့ဂါနေဘုန်းလတ် ဆက်ပြောခဲ့တာကတော့ “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” အတွက် ကျွန်တော် ဘယ်သူဆီကမှ တောင်းမယူဘူး၊ ကိုယ့်ဟာကိုယ် ရအောင်ယူမယ်၊ လွတ်လပ်ခြင်း ဆိုတာကလဲ ဘယ်သူတွေ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား၊ ကိုယ့်စိတ်က လွတ်လပ်နေရင် လွတ်လပ်နေတာပဲ၊ ငြိမ်းချမ်းရေးဆိုတာကလဲ သူများပေးတာကို စောင့်နေစရာမလိုဘူး၊ ကိုယ့်ဟာကို ရအောင်ယူနိုင်ရမယ်၊ အနုပညာ.. အနုပညာကလဲ ရှင်းတယ်၊ ဘာတွေ ဘယ်လို အခက်အခဲတွေ တားဆီးထားပါစေ၊ သူက ရင်ဘတ်ထဲက ကိစ္စ၊ ဒီရင်ဘတ်ထဲက နှလုံးသား ခုန်နေသ၍ ဖန်တီးလို့ရတယ်၊ အဲ့ဒီနှလုံးသားကို ဓါးနဲ့လာထိုးဖောက်သွားလို့ ကျွန်တော် သေသွားရင်တော့ တစ်မျိုးပေါ့နော်၊ မဟုတ်ပဲ ကျွန်တော့်ကို နံရံလေးဘက်ထဲ ထည့်ထားလဲ ရင်ခုန်သံ ရပ်မသွားဘူး၊ အနုပညာသွေးတွေ စီးဆင်းနေသ၍ ဖန်တီးရယူသွားမယ်၊ ဒါကြောင့် “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတာ သူများပေးမှ ရမှာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင် အရယူ ဖန်တီးနိုင်ရမယ့်အရာလို့ ကျွန်တော်မြင်တယ်”

teen Magazineမှာ ဘုန်းဦးမော်အမည်နဲ့ ကဗျာ၊ ၀တ္တုများစွာ ရေးသားခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ရဲ့ ဆွေးနွေးမှု အပြီးမှာတော့ ခန်းမတစ်ခုလုံး လက်ခုပ်သံများ ပဲ့တင်ထပ်သွားပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေရဲ့ မျက်ဝန်းမှာ တောက်ပတဲ့ ရောင်ခြည်တွေ လင်းလက်လာကြတယ်။ ခန္ဓာကိုယ်က သွေးတွေ ပူနွေးလာကြတယ်။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ အနုပညာကို ဖန်တီးဖို့ စိတ်ခွန်အားတွေ ပိုမို တိုးပွားလာကြတယ်။ ဒီသုံးခုကနေ ရရှိလာမယ့် အနှစ်သာရတွေကို မြည်းစမ်းချင်လာကြတယ်။ တစ်ချိန်ထဲမှာပဲ ယုံကြည်ချက်တွေလည်း ကိုယ်စီရှိလာကြတယ်။


ဆရာမမြသွေးနီရဲ့ Website ကနေကူးယူဖော်ပြပါတယ် ...။ ပွဲတစ်ခုလုံးအကြောင်းပြည့်ပြည့်စုံစုံဖတ်ချင်ရင်တော့ www.myathwayni.com မှာ သွားဖတ်နိုင်ပါတယ် ...။ ကျနော်ပြောခဲ့တာတွေကို မမှတ်မိချိန်မှာ အခုလို ပြည့်ပြည့်စုံစုံရေးထားပေးတဲ့အတွက် ဆရာမမြသွေးနီကိုလဲ အထူးကျေးဇူးတင်ပါတယ် လို့ ဒီနေရာကနေပြောပါရစေ။

Sunday, January 15, 2012

အကျဉ်းစံနေ့ရက်များအကြောင်း

“သူတို့ရှိနေတယ်”

ကျွန်တော်ဒီနေရာကို ဘာလို့ ရောက်လာရတာလဲ ဆိုတဲ့ အမေးအတွက် အဖြေကို စဉ်းစားတော့ သိသာထင်ရှားတဲ့ အကြောင်းပြချက်တွေက ပျောက်နေတယ်။ အရင်နေရာမှာ ကျွန်တော် အဆင်ပြေနေသားပဲ….။ဘာစည်ကမ်းကိုမှ လဲမဖောက်ဖျက်မိပါပဲနဲ့ ဘာကြောင့်များ ဒီလိုမျိုးနေထိုင်မှု ပုံသဏ္ဍာန် ကိုကန့်သတ်ပစ်လိုက်ကြတာလဲ…။ပြဿနာက ကျွန်တော့် စွမ်းဆောင်နိုင်စွမ်းရဲ့ အပြင်ဘက်ကိုရောက်သွားပြီ….။ငြင်းဆန်လို့ မရနိုင်တာ သေချာသွားမှတော့ လက်ခံလိုက်ရုံပဲပေါ့…
ကျွန်တော် မလိုချင်တဲ့ ဒီအခြေအနေ ကို…။ အခန်းသစ်ကို ကျွန်တော် လှည့်ပတ် ကြည့် လိုက်တယ်…အရင်နေခဲ့တဲ့ အခန်းထက် လေးဆလောက်ကျယ်မယ်…။ရေလောင်းအိမ်သာရှိတယ် ။ရေချိုးဖို့ အတွက်နေရာ တစ်ခုနဲ့ ရေဘုံဘိုင်တစ်ခု၊ရေထည့်ဖို့ စဉ့်အိုးခပ်ရွယ်ရွယ် တစ်ခုရှိတယ်…။ ဒီပုံစံအတိုင်းဆိုအပြင်ထွက်ခွင့်တောင်ရှိမယ်မထင်ဘူးလို့စိတ်ထဲကတွေးမိတယ်။

ကျွန်တော် ပြောင်းလာရတဲ့ အချိန်က ညဖက်ကြီးဆိုတော့ အတွင်းသံတံခါးကို ပိတ်
သွားပြီး…အပြင်က သစ်သားတံခါးကိုတော့ ဖွင့်ပေးထားခဲ့တယ်..။ကျွန်တော်….. အပြင်ကို
လှမ်းကြည့်တော့ ကျွန်တော့်ရဲ့မျက်နှာချင်းဆိုင် ပေလေးဆယ်လောက် အကွာမှာ သုံးခန်းတွဲ
တိုက်ပုလေး တစ်ခုကို တွေ့ရတယ်။ပြီးတော့…အဲဒီသုံးခန်းတွဲတိုက်ရဲ့ တတိယမြောက်အခန်း
မှာ ဘယ်ပြန်ညာပြန်လမ်းလျှောက်နေတဲ့ အရိပ်တစ်ခု…။အဲဒီတစ်ည တာကိုကျော်ဖြတ်ဖို့ စိတ်ကို မနဲငြိမ်အောင် ကြိုးစား လိုက်ရတယ်…။ မနက်ဖြန်မှာ ခြားနားမှု တစ်ခုခု ရှိလာ နိုင်တယ်လေ…။
မနက်လင်းတော့ အတွင်းက သံတံခါးကို လာဖွင့်ပေးပြီ…အပြင်က သစ်သားတံခါးကို
လာပိတ်သွားတယ်။…တစ်နေကုန် ပိတ်ထားမှာလား..လို့ ..မေးတော့ မသိဘူးလို့ဖြေတယ်။
အတွင်းသံတံခါးနဲ့ အပြင်သစ်သားတံခါး ကြားမှာ ကွန်ကရစ်ခင်းကွက်လပ်လေးတခုရှိတယ်..။
ကောင်းကင်ကို လှမ်းမြင်ရပေမဲ့ သံဇကာကွက်ကတော့ ကြားကနေ ခြားထားသေးတယ်..။
ပိတ်သွားတဲ့ သစ်သားတံခါး မှာမျက်စိတစ်လုံးစာလေးထောင့် ပေါက်လေးတစ်ခု ရှိတယ်..။
အဲဒီအပေါက် ကနေအပြင်ကို ချောင်းကြည့်ရင် ခပ်ကျဉ်းကျဉ်း မြင်ကွင်းတစ်ခုကိုမြင်နိုင်တယ်။
ဒီလို မဖြစ်သင့်ဘူးဆိုတာ သိနေပေမဲ့လည်း ဒါကိုဘယ်သူ့သွားပြောမလဲ ..။မနက်အစောကြီး
ရေနွေးလာတယ်..။ထမင်းစားချိန် ထမင်းလာတယ်..။အဲဒီအချိန် မျိုးတွေမှာ အပြင်တံခါး ခဏ ပွင့်သွား တယ်..။ပြီးတော့ ပြန် ပိတ်တယ် ..။လာသမျှ လူတိုင်းကိုလဲ ဘာပဲမေးမေး မသိဘူး
ပဲ အဖြေပေးတယ်..။ ရေချိုးချိန် မှာရေ ဖွင့်ပေးတယ် ..။နေ့လည် ၁၂နာ၇ီ မှာအတွင်းတံခါး
လာပိတ်ပြီး …အပြင်တံခါးကို ဖွင့်ပေးသွားတယ်..။အပေါက်ကျဉ်းကျဉ်း လေးကနေ ချောင်း
ကြည့်ရတာထက် နဲ နဲ ပိုကျယ် တဲ့ မြင်ကွင်းကို အဲဒီ အချိန် မှာမြင် ရ တယ် ..။အရင်ကဆို
၁၂ နာရီ ကနေ ၂နာရီ ထိ ခဏတဖြုတ် အိပ်နေ ကျပေမဲ့ အဲဒီ နေ့ ကတော့ မအိပ်ဖြစ် ဘူး.။
တစ်ယောက် ယောက် ကိုများ လှမ်းတွေ့ ရမလားဆိုတဲ့ မျှော်လင့်ချက် ခပ်ပါးပါး နဲ့ …..
ကျွန်တော် သံတံခါး နားမှာ သံတိုင်တွေကိုင် ပြီး ထိုင် နေမိတယ်..။ရှေ့က တိုက်ခန်းထဲက
လမ်းလျှောက် နေ တဲ့ အရိပ်တခု ကို ညဘက် မီးအလင်းရောင် အောက်မှာမြင်ရပေမဲ့…
အခုတော့ ဘာမှ မမြင်ရ ဘူး..။လက်တစ်ဖက် ၀င်စာ လေးထောင့် အပေါက်လေးတွေရှိတဲ့
အုတ် နံရံ ဖြူဖြူ ကလဲ အဲဒီ တိုက်ခန်းတွေ ကို ကာထားသေးတယ်…။ဘာမှမမြင်ရပေမဲ့လည်း
တခုခုများပေါ် လာမလားဆိုတဲ့ စိတ် နဲ့ ကျွန်တော် အဲဒီ တိုက်ခန်း လေးဆီကိုလှမ်းကြည့် နေမိတယ် ….။အသံ တစ်သံများကြား ရ မလား ဆို ပြီး တော့ လဲ နားကို စွင့်ထားသေးတယ်။
အဲဒီ အချိန်မှာပဲ တံခါးဖွင့် သံသဲ့သဲ့ ကိုကြား လိုက် တယ်….။တကယ်ကို မှ သဲ့သဲ့လေး..
ဘယ်ကမှန်းတောင် မရေရာဘူး…။ကျွန်တော် အကြည့်အာရုံ ကို ပိုပြီး စူးစိုက် လိုက်တယ် .။
တစ်ယောက် ယောက် များ ရှိ နေရင် တနည်းနည်း နဲ့နှုတ်ဆက် မှာပဲဆိုတဲ့ ယုံကြည် စိတ်
ကလဲစိတ်ကို ကြီးစိုးထားတယ်..။ အဲဒီ အချိန်မှာပဲ… ကျွန်တော်မျက်စိ ရှေ့တည့်တည့် ပေလေးဆယ် လောက်အကွာမှာ ရှိတဲ့ နံရံဖြူဖြူ ကြီးရဲ့ လေးထောင်ကွက် လေးတွေ များစွာထဲက တစ်ခု ကနေ လက်တစ်ဖက် ထွက်လာတယ်။ ပထမတော့ လက်သီးဆုပ်ပဲ…..ခဏနေတော့ လက်ညှိုး တစ်ချောင်း ထောင်ပြီး…..လက်ညှိုးကို ဘယ်ပြန် ဘာပြန် ဖြည်းဖြည်းချင်းယမ်းပြတယ်..။သူဘယ်သူ လဲ ကျွန်တော် မသိဘူး…သူဘာဆိုလို မှန်းလဲ ကျွန်တော် သေသေချာချာ မသိဘူး…ဒါပေမဲ့ …စိတ်မညစ်နဲ့ လို့ပြောတာပဲဖြစ်ရမယ် လို့တွေးလိုက်ပြီး…လက်မ ပြန်ထောင် ပြလိုက်တယ်…ဒါပဲ…။လက်ကလေး…ပြန်ဝင်ရောက် ပျောက်ကွယ် သွားတယ်..။ပေလေးဆယ် အကွာအဝေး ကိုဖြတ်ပြီး…ကျွန်တော့ ဆီကို အားအင် တွေစီးဆင်း လာသလို
ခံစားလိုက်ရတယ်…။ခဏနေတော့…ရေချိုးသံကြားရတယ်…ပြီးတော့…..လေချွန်သံ….
ကျွန်တော် သိလိုက်ပြီ ဒါ…အစ်ကိုပဲ….။

၂နာ၇ီ ထိုးထိုးချင်းပဲ အတွင်းတံခါး လာဖွင့်ပြီး အပြင်တံခါးကို ပြန်ပိတ် သွား တယ်။
အစ်ကိုများအပြင်ထွက်ပြီးလမ်းလျှောက်မလားဆိုတဲ့အတွေးနဲ့အပေါက်လေးကနေ…..
ချောင်းကြည့်ဖြစ် တယ် မတွေ့ဘူး….။အစ်ကို ကို လဲ ကျွန်တော့်လိုပဲ တစ်နေကုန် ပိတ်
ထားတာဖြစ် မယ်… စိတ်ကတော့ အရင်ကထက်စာရင် ပိုပြီးတော့ ပေါ့ပါးနေတယ်။
စာဖတ်၊လေ့ကျင့်ခန်းလုပ်၊ရေမိုးချိုး အပြီးမှာ ညနေကစောင်းစ ပြုနေပြီ….။အမှောင်မလာခင်
အပြင်ကို ခဏတဖြုတ်ကြည့် ဦး မှပဲ ဆိုပြီး ချောင်းကြည့်လိုက်တယ် ။ကျွန်တော့် မြင်ကွင်း
ထောင့်စွန်း တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အဖြူရောင် အရိပ်တစ်ခု ကို လှမ်းတွေ့
လိုက်တယ်..။အ၀တ်အစားတွေ က အဖြူ ၊ဆံပင်တွေက လည်းအဖြူ…။ကျွန်တော့်မြင်ကွင်း
ကို ကျောခိုင်းထားတာကြောင့် သူဘယ်သူလဲဆိုတာ မသိရသေးဘူး….။ကျွန်တော် ကြည့်
နေရင်း….သူ ကျွန်တော့် ဖက် ကို လှည့်လာတယ်…။အသက်အရွယ် နဲ့ မလိုက်အောင် တက်ကြွ လန်းဆန်းနေတဲ့သူ့ ရုပ်သွင်က ကျွန်တော့်စိတ်ထဲကိုအတွေးတစ်ခုဝင်လာစေတယ်
ဒါ…..အဘ …ပဲဖြစ်ရမယ်….။ကျွန်တော့် အထင်မှန်ခဲ့ပါတယ်…။အဲဒါ …အဘ…ပါပဲ..။
နောက်ပိုင်းရက်တွေမှာ နေ့လည်တိုင်း နေ့လည်တိုင်း အစ်ကို က လက်လေးတစ်
ဖက်ထွက်ထွက် လာ ပြီး ကျွန်တော့် ကိုနှုတ်ဆက်တယ်..။ညနေတိုင်း ညနေတိုင်း ပဲ …အဘ..
လမ်းလျှောက်လျှောက် နေ တာ ကို ကျွန်တော် မြင်ရ တယ်.. “သူတို့ရှိနေတယ်”။
သေချာပါတယ် …..ကျွန်တော် တစ်ယောက် ထဲ အထီးကျန် နေ့ရက်တွေကို…အဲဒီစိတ်
တစ်ခုထဲနဲ့ …ကျွန်တော် ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့တယ် ဆိုတာ …..သိပ်ကိုသေချာပါတယ်..။ ။


ငါးဆောင်တိုက်ကနေ အထူးဆောင်ထဲကို အပြောင်းမှာ ကိုသူရ(ဇာဂနာ) ၊ အဘဦးဝင်းတင်တို့နဲ့ ဆုံခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည်ခံစားရေးဖွဲ့ထားတာပါ ။ ဖတ်ကြည့်ကြပါဦး ...။

Saturday, January 14, 2012

ငါတို့ပြန်လိုချင်တဲ့အရာ

ငါတို့ပြန်လိုချင်တဲ့အရာ

မျှော်လင့်နေခြင်းမှာတင်
ငါတို့ရပ်တန့်မနေခဲ့ကြ ...
ခြေလှမ်းတွေကိုကန့်သတ်ထားကြလို့
နံရံအထပ်ထပ်နဲ့ကာရံကွယ်ဟန့်ထားလို့
ခြောက်လုံးလှန့်လုံးတွေကို ကြောက်လန့်နေရလို့
ဘယ်လိုအခြေအနေမျိုးထဲမှာမဆို
ငါတို့ရှေ့ဆက်လှမ်းရဲခဲ့ကြတယ်
ကာလတရားရဲ့ရှည်ကြာမှုမှာ
အဆက်ဆက်သောမျိုးဆက်တို့ရဲ့
ဝင်သက်ထွက်သက်တွေတောင်
ကိုက်ခဲနာကျင်ခဲ့ကြရ ...
ပေးဆပ်ခဲ့ရခြင်းတွေများစွာအတွက်
ငါတို့ရဲ့ ... တစ်ခုတည်းသောပြန်လိုချင်မှုဟာ
ထာဝရငြိမ်းချမ်းသော ကမ္ဘာဖြစ်တယ် ...။ ။

ထာဝရငြိမ်းချမ်းသော မြန်မာပြည်မှသည် ထာဝရငြိမ်းချမ်းသော ကမ္ဘာဆီသို့ ...


What we want back ...

At the state of hoping
We didn't stop and still
As the steps were limited
As the walls obstructed us
As we were afraid of scary facts
No matter how the situation was
We dared to go ahead
In the longevity of the period
Even the breath in and out
Of the incessant generations
Become achy and feel pain
For much sacrifices
The only thing we want back
Is the forever peaceful planet.


From the peaceful Myanmar to the peaceful world .