Pages

Monday, January 30, 2012

ဆန့်ကျင်ခြင်းတွေထဲကအလှတရား

၁.၀ တိတ်ဆိတ်ခြင်းရဲ့ အသံ

တိတ်ဆိတ်မှုက အေးစက်တဲ့ အထိအတွေ့တစ်ခုနဲ့ ကိုယ့်ရဲ့စိတ်ကို ချောက်ချားစေတယ်။ အသံတစ်ခုတစ်လေရဲ့ နွေးထွေးမှု တစ်စုံတစ်ရာက ကိုယ့်ရဲ့ အေးစက်နေရခြင်း ဒုက္ခကို ပါးလျသွားစေမလား ဆိုတဲ့ ၀ိုးတ၀ါးအတွေးနဲ့… ကိုယ် မပီမသ စကားတစ်ပိုင်းတစ်စကို တိုးတိုးလေး ရေရွတ်လိုက်တယ်။ တိုးတိုးလေး ဆိုပေမယ့် အသံက ကိုယ့်ပါးစပ်ဆီကနေ ကိုယ့်နားထဲကို ကျယ်လောင်ဆူပွက်စွာနဲ့ ရောက်လာတယ်။ ကိုယ့်အသံတစ်ခုတည်းကိုပဲ… သီးသီးသန့်သန့် ကိုယ်တိုင် ပြန်ကြားနေရခြင်းက… တစ်ယောက်တည်းဆိုတဲ့ လက်တွေ့ဘ၀ရဲ့ အထီးကျန်ဆန်မှုကို ပိုပြီး ထင်ရှားပီပြင်လာစေတယ်။ အခုအချိန်မှာ… အထူးသဖြင့် အခုလိုအချိန်မျိုးမှာ… ကိုယ့်အတွက် တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်တယ်… အဲဒီလိုချင်မှုနဲ့ တစ်ချိန်တည်းမှာပဲ နှလုံးသားကို နွေးထွေးသက်ဝင်နေစေမယ့် အသံတစ်ခုတစ်လေကိုလဲ ကြားချင်နေမိပြန်တယ်။ ကိုယ်… ပါးစပ်တွေကို ပိတ်ပြီး အမှောင်ထဲ တိတ်ဆိတ်နေလိုက်တယ်။ ဘာသံကိုမှ မကြားရတော့ဘူး…။ ဘာအသံကိုမှ မပြုမိအောင် ထိန်းရင်း တိတ်ဆိတ်ခြင်းထဲမှာ အသံတစ်ခုကို လိုက်ရှာကြည့်မိတယ်။ တွေ့တယ်…။ အသံတစ်ခုကို နားနှစ်ဖက်နဲ့ ရှာတွေ့လိုက်ချိန်မှာပဲ… တိတ်ဆိတ်ခြင်းဆိုတာက ပျောက်သွားတယ်။ မဟုတ်ဘူး…။ ကိုယ်လိုချင်နေတာ ဒီလို အခြေအနေမျိုး မဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကို ချေဖျက်ပစ်ပြီးမှ ဖြစ်တည်လာနိုင်တဲ့ အသံမဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကိုယ်တိုင်ရဲ့… တိတ်ဆိတ်သောအသံ…။

“နားတွေကို ပိတ်ထား … နှလုံးသားကို ဖွင့်ထား

အပြင်ကို လျှောက်မသွားစေနဲ့ … အထဲမှာ စုစည်းထား … ”

ဟိုးအဝေးကြီးက ဆိုတာပဲ သေချာပြီး ဘယ်ကမှန်း မသိတဲ့ အသံတစ်ခုက အလင်းတစ်ခုလို လက်လာတယ်။ လျှပ်ပြက်သလို… နောက်ထပ် ကြားရပြန်တယ်…။

“တိတ်ဆိတ်ခြင်းက… လှိုင်းမဲ့အသံနဲ့ စကားတွေ ပြောတယ်

အဲဒီစကားသံကို နားတွေနဲ့တော့ မကြားနိုင်ဘူး… နှလုံးသားနဲ့ ခံစားနားလည်ရတယ်”

တိတ်ဆိတ်မှုရဲ့ အေးစက်သော အထိအတွေ့ကို ကိုယ် မခံစားရတော့ဘူး။ တိတ်ဆိတ်ခြင်းရဲ့ အသံကလဲ ကိုယ့်စိတ်တွေကို ဆူညံပေါက်ကွဲပြရင်း… ချောက်ချားစေတာမျိုး မဖြစ်ခဲ့ဘူး။ ကိုယ့်နှလုံးသားဟာ… နွေးထွေးစွာ သက်ဝင်လှုပ်ရှားနေရင်းကကိုပဲ… တိတ်ဆိတ်ငြိမ်သက်ခဲ့ပါပြီ…။

သူတို့ပြောနေကြတဲ့ စကားတွေကို မကြားလို့ တဲ့…။ လူအချို့က ကိုယ့်ကို နားပင်းနေပြီ လို့ ပြောကြတယ်…။ တကယ်တမ်းက… တိတ်ဆိတ်ခြင်းရဲ့အသံကို မကြားနိုင်လောက်အောင်ကို သူတို့ရဲ့ နှလုံးသားတွေ ပင်းနေကြတာ…။ အဲဒီအတိုင်းပဲ ထားလိုက်ပါတယ်… ဘာသာစကားချင်း တူပေမယ့် ရင်ခုန်သံစည်းချက်ချင်း ကွဲနေတဲ့အခါ နားမလည်နိုင်ခြင်းတွေဖြစ်တတ်တာ သဘာဝပဲလေ…။ ခံစားနားလည်ပေးနိုင်မယ့်သူတွေ ရှိရင်တော့ တိတ်ဆိတ်ခြင်းရဲ့ အသံတွေအကြောင်း ကိုယ် နှလုံးသားနဲ့ စာလုံးပေါင်းပြချင်ပါသေးတယ်…။

၁.၁ အေးမြသော အလင်း

ကိုယ်က… လင်းနေရတာကို သဘောကျတယ်။ အမှောင်ရဲ့ နှောင်ကြိုးမဲ့ တွယ်ရစ်မှုတွေကို မလူးသာ မလွန့်သာ ကြိတ်မှိတ်သည်းခံခဲ့ရတာ ကြာပြီလေ။ အမှောင်ကို ခွင်းနိုင်ဖို့ ကိုယ်ကိုယ်တိုင် လင်းနေချင်ပေမယ့် အပူကိုတော့လဲ မုန်းပြန်တယ်။

“ခက်တော့တာပဲ…”

တဖျစ်ဖျစ် တဖျောက်ဖျောက်နဲ့ ထွန်းပမြင့်မောက်နေတဲ့ မီးတောက်ကြီးတစ်ခုက ကိုယ့်ကို အားမလို အားမရနဲ့ လှမ်းပြောတယ်…။ သူ့ခြေရင်းမှာ စုပုံလောင်မြိုက် ပေးနေကြရရှာတဲ့ ထင်းတုံးတွေကို ကြည့်ရင်း ကိုယ် မဲ့ပြုံးပြုံးမိတယ်။ ပိုဆိုးပါတယ်… သူတပါးကို လောင်ကျွမ်းပြာချပစ်ပြီးမှ တောက်ပခွင့်ရမယ့် ဘ၀မျိုးကို ကိုယ်မှ မလိုချင်ပဲလေ…။

“ငါ့လိုရော မဖြစ်ချင်ဘူးလား…”

နေက… အကွာအဝေးကို ၀တ်ရုံတစ်ခုလို ခြုံထားရင်း ကိုယ့်ကို အယောင်ယောင် အမှားမှားဖြစ်အောင် သိမ်းသွင်းတယ်…။ အကွာအဝေးဆိုတဲ့ ၀တ်ရုံကို ခွာလိုက်တဲ့အခါ… သူက… အရာရာကို ဆွဲယူလောင်မြိုက်ပစ်တတ်တာကို ကိုယ် မသိတာမှ မဟုတ်ပဲလေ…။ ပြီးတော့… သူက… သူ့အားသူ့အင်ကို သူကိုယ်တိုင် ထိန်းကွပ်ချိန်ညှိနိုင်သူမှ မဟုတ်ပဲ…။ သူ့ကြောင့် နွေးထွေးခဲ့ရသူတွေ ရှိပေမယ့်… သူ့ကြောင့်… ပူလောင်နေရသူတွေလဲ ဒုနဲ့ဒေးလေ…။

“လင်းနေချင်မှတော့ ပူမှာကို ကြောက်မနေပါနဲ့တော့ကွာ…”

အငွေ့တလူလူထွက်နေတဲ့ ဖယောင်းတိုင်လေးက သူတတ်စွမ်းသမျှ တုန်ခါလင်းမြပြနေရင်း ကိုယ့်ကို လှမ်းပြီး ဖျောင်းဖျတယ်။ လင်းလင်းနေရင်းက တိုတိုလိုက်လာတဲ့ ဖယောင်းတိုင်လေးကို ငေးကြည့်ရင်း ဒီလိုအဖြစ်မျိုးဟာ အမြဲတမ်းအတွက် လိုအပ်သော အမှန်တရားတစ်ခုလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ ဘယ်သူ့အတွက်မှ… ဘယ်သူကမှ အနစ်နာခံစရာ မလိုတဲ့… အပြန်အလှန် အကျိုးပြုနေနိုင်သော ၀န်းကျင်မျိုးကိုပဲ ကိုယ် လိုလားပါတယ်…။

ကိုယ်… အားလုံးကို ခေါင်းခါပြခဲ့တယ်…။ အလင်းရဲ့ အကြောင်းရင်းဟာ ပူလောင်ခြင်းတစ်ခုတည်း ရှိတယ် ဆိုတဲ့ သိမှတ်မှုတစ်ခုကို ကိုယ့်ရဲ့ မသိစိတ်က ငြင်းနေတယ်။ ယုံကြည်မှုတစ်ခုနဲ့… ကိုယ့်စိတ်ကို ရဲဆေးတင်လိုက်တယ်။ အဲဒီအချိန်မှာပဲ… ကိုယ့်လက်ပေါ်မှာ တလက်လက် ဖြစ်နေတဲ့ အလင်းစိမ်းလေးတစ်ခုကို တွေ့လိုက်ရတယ်။ ပိုးစုန်းကြူးလေးတစ်ကောင်ပဲ…။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အစိမ်းရောင် အလင်းစလေးတစ်ခု တဖျတ်ဖျတ် တောက်ပနေတာကို ကြည့်ရင်း… ကိုယ် ကြည်နူးပျော်ရွှင်လာတယ်။ သူနားနေတဲ့ ကိုယ့်ရဲ့လက်က ဘယ်လိုပူလောင်မှုမျိုးကိုမှ မခံစားရဘူး။ သူကိုယ်တိုင်ကရော… အလင်းတစ်ခုကို ရင်ခွင်ထဲ ကိုက်မြိုထားပါရက်က ပျံသန်းရင်း စိမ်းမြလှပနေနိုင်တုန်း…။ ပိုးစုန်းကြူးလေးက ကိုယ့်ကို… လှမ်းပြောတယ်။

“အေးမြတဲ့အလင်း ဆိုတာက… မင်းနှလုံးသားရဲ့ အတွင်းထဲမှာပဲ ရှိတယ်

အဲဒီအလင်းကို ဘယ်လိုလောင်စာမျိုးမှ မရှိတော့ခြင်းနဲ့ ထွန်းညှိရတယ်…”

ပိုးစုန်းကြူးလေး ကိုယ့်လက်ပေါ်ကနေ ထပျံသွားချိန်မှာ… ကိုယ်လဲ ပေါ့ပါးလန်းဆန်းစွာနဲ့ ကျန်ခဲ့တယ်။ ဘ၀အတွက် လောင်စာတွေကို တပ်မက်ခြင်း ကင်းသထက်ကင်းအောင် ကြိုးစားရင်း… တဖြည်းဖြည်းနဲ့ နှလုံးသားဟာ လင်းလင်းလာနိုင်လိမ့်မယ် လို့ ကိုယ် ယုံကြည်ပါတယ်။ ဒါပေမယ့်… ကိုယ် ကြိုးစားရဦးမယ်။

၁.၂ ချိုမြိန်သော ခါးသီးမှု

ကိုယ် ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်…။ အဲဒီဒဏ်ရာရဲ့ နာကျင်မှုက… ကိုယ့်ကို မျက်ရည်ကျစေခဲ့တယ်။ နာကျင်ခံစားရခြင်းရဲ့ နောက်ကလိုက်လာတဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်ကို ခါးသီးသော ရသတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ ယုံကြည်မှု ပျက်သုဉ်းခြင်း၊ သံသယစိတ်များ ပေါက်ဖွားရှင်သန်လာခြင်း… ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်စိတ်ဓါတ်တွေ ယိုယွင်းပြိုလဲခဲ့ရတယ်။ အခန်းက အကျယ်ကြီး ဆိုပေမယ့် ကိုယ်က ဒေါင့်တစ်နေရာမှာပဲ ငြိမ်ပြီး ကုပ်နေရတဲ့သူလိုပဲ…။ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ မလုံမလဲစိတ်၊ မ၀ံ့မရဲစိတ်တွေနဲ့… ကိုယ်က ပျောက်ဆုံးသွားမတတ်ကို သေးငယ်ကျုံ့ဝင်နေတယ်…။ ဒဏ်ရာဟောင်းပေါ်မှာပဲ ဒဏ်ရာအသစ်တစ်ခု ထပ်ရတယ်…။ ဒီတစ်ခါတော့… ယုန်သူငယ်တစ်ကောင်ရဲ့ သေးနုပ်သိမ်ငယ်မှုနေရာမှာ ကျားနာတစ်ကောင်ရဲ့ ခံပြင်းဒေါသက အစားထိုး ၀င်ရောက်လာခဲ့တယ်…။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အလိုလို ပျိုးမိနေတဲ့ နာကျင်မှု အစို့အညှောင့်က မထီမဲ့မြင်ပြုမှုအဖြစ်နဲ့ အပင်ပေါက်လာတယ်။

“မင်းက ငါ့ကို အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေလို သဘောထားနေတာပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့အစဖြစ်တယ်…။

“ရှင်ဟာ… သိပ်ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အလယ်ဖြစ်တယ်…။

“အဲဒီမိန်းကလေးတွေနဲ့ ပတ်သက်ခဲ့မှုတွေအားလုံးဟာ… ချစ်ခြင်းမေတ္တာမပါတဲ့ ဆက်ဆံရေးတွေချည်းပဲ…”

အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အဆုံးဖြစ်တယ်…။ ဓါတ်ဆီကုန်သွားတဲ့ကားလို လမ်းဘေးထိုးရပ်သွားချိန်မှာ… ကိုယ့်ဘ၀တစ်ခုလုံးလဲ အစွန်းအထင်း အညစ်အကြေးတွေနဲ့ မဲမှောင်ညစ်ပတ်လို့…။ ပင်လယ်ကမ်းစပ် မဟုတ်ပေမယ့်… ကြယ်ငါးလေးတစ်ကောင်နဲ့… ကိုယ် ဆုံတွေ့ခဲ့တယ်။ သူက ပြောတယ်…

“ငါ့ရဲ့ လက်ငါးဖက်စလုံးဟာ တစ်ခုမှ ဒဏ်ရာဒဏ်ချက် မကင်းခဲ့ဘူး… အချို့သော လက်တွေဆို ပြတ်တောင် ထွက်သွားခဲ့ဖူးတယ်… နာကျင်မှုကို ကြိတ်ခံရင်း နောက်တော့လဲ ပြန်ထွက်လာတာပါပဲ…”

စိုးစိုးစီစီနဲ့ အော်မြည်ပျံသန်းနေတဲ့ ငှက်ကလေးတွေကလည်း… ကိုယ့်ကို ၀ိုင်းပြောကြတယ်။

“နာကျင်ခံစားရတာတွေကို သီချင်းလုပ်ဆိုပစ်လိုက်ပေါ့ကွာ… စိတ်သက်သာရာ ရရုံမကဘူး… ကံကောင်းရင် နာမည်တောင် ကြီးသွားဦးမယ်…”

ကိုယ် ပြုံးမိပြီး စာရေးဆရာ သစ္စာနီ ပြောခဲ့တာကိုလည်း သွားသတိရမိတယ်…။

“အသည်းကွဲလို့ ကဗျာဆရာဖြစ်လာတာ…” တဲ့လေ။

ဒဏ်ရာတွေကြောင့် အရာရာကို ကြောက်သွားပြီး အချိန်တိုင်း တုန်လှုပ်ချောက်ချားနေရတဲ့ ယုန်သူငယ်လို ဘ၀မျိုးလဲ ကိုယ် မရောက်ချင်ပါဘူး။ ခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် အထိန်းအကွပ်မဲ့ ရိုင်းစိုင်းရက်စက်သွားတဲ့ ကျားနာတစ်ကောင်လဲ မဖြစ်ချင်ဘူး…။

ကိုယ်… ဒဏ်ရာတစ်ခု ရပြန်တယ်။ အခုတော့… အဲဒီဒဏ်ရာရဲ့ နာကျင်မှုကို အရသာတစ်ခုလို ခံစားသာယာနေတတ်ခဲ့ပြီ။ ဒဏ်ရာက အနာကျက်သွားခဲ့တာတောင်… ကျန်ခဲ့တဲ့ အမာရွတ်ကလေးကို ပွတ်သပ်ရင်း တစ်ခါတုန်းက ခံစားခဲ့ရတဲ့ ခါးသီးသော နာကျင်မှုတွေကို တသသနဲ့ ပြန်တွေးရင်း အရသာ ခံတတ်နေပြီ…။ ကိုယ့်ဒိုင်ယာရီ စာအုပ်လေးရဲ့ တစ်ခုသော စာမျက်နှာမှာ… ဒီလို ချရေးလိုက်တယ်။

“နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ

ခါးသီးမှုမှာ အရသာခံတတ်စေ

ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”


11 comments:

မန်းကိုကို said...

net ပေါ် ပြန်ရောက်လာတာကို ကြိုဆိုပါတယ်ဗျာ ။

Yin Moe said...

ကြယ်ငါးလေးနဲ့ ဥပမာပေးတာကိုကြိုက်ပါတယ် အရှုံးထဲက နာကျင်စွာနဲ့ ရုန်းထွက်ရမယ် ထာဝရအရှုံးမဖြစ်အောင်ပေါ့

စာချစ်သူ said...

နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ ခါးသီးမှုမှာ အရသာခံတတ်စေ ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”

လောကဓံနဲ့ ထိတွေ့မှုကို နေတတ်အောင် သင်ပေးတဲ့ အကို့ကို ကျေးဇူးတင်ပါတယ်။

အဖြူရောင်နတ်သမီး said...

“နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ
ခါးသီးမှုမှာ အရသာခံတတ်စေ
ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”


စာသားလေးက စိတ်ဓာတ်ကျနေ(လဲကျနေ)တဲ့ လူတစ်ယောက်ကို ပြန်လည်တည့်မတ်စေတယ်..။
ကျေးဇူးပါ ကိုနေဘုန်းလတ်...

san htun said...

“နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ
ခါးသီးမှုမှာ အရသာခံတတ်စေ
ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”

ကြိုက်၏

မဒမ်ကိုး said...

နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ

ခါးသီးမှုမှာ အရသာခံတတ်စေ

ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”

သဘောကျသွားတယ်ကိုနေဘုန်းလတ်ရေး)

May Oo Moe said...

ဒဏ်ရာတွေကြောင့် အရာရာကို ကြောက်နေမိတဲ့ ယုန်သူငယ်လေးလို မဖြစ်အောင် အားတင်းကြိုးစားနေရဆဲပါ...
နာကျင်မှုမှာ ပျော်ရွှင်ဖို့ ၊
ခါးသီးမှုမှာ အရသာခံတတ်ဖို့ ၊
ရှူံးနှိမ့်ခြင်းမှာ သာယာနိုင်ဖို့ တော့ အဝေးကြီးလိုသေးတယ်ထင်တယ်...
ဘာပဲဖြစ်ဖြစ် ဒီပိုစ့်လေးကြောင့်
ဘ၀မှာ ဘယ်လို ဒဏ်ရာတွေရှိခဲ့ရှိခဲ့
ပျော်အောင်နေတတ်ရင် နေနိုင်တယ်ဆိုတာ
သတိပေးလိုက်လို့  ကျေးဇူးတင်ပါတယ်...

စိတ်ကူးချိုချိုများ said...

ဘယ်လိုပဲဖြစ်ဖြစ်အားတင်းပြီးရှေ့ဆက်ရအောင်နော်
အကို......ဘ၀ဆိုတာအမြဲတမ်းတော့မကြမ်းလောက်ပါဘူးနော်

စိတ်ကူးချိုချိုများ said...

လဲသွားရင်ပြန်ထရမှာကိုယ့်တာဝန်.....
ကိုယ်ပြန်ထမထကိုစောင့်ကြည့်တာကသူများတွေတာဝန်....ဘာတွေဘယ်လိုဖြစ်ဖြစ်ကိုယ်လုပ်သင့်တာကိုကိုယ်ဆက်လုပ်ရမှာပဲလေ

နေဘုန်းလတ် said...

လာရောက်ဖတ်ရှုပြီး ဝေဖန်အကြံပြုကြတဲ့သူတွေရော၊ မျှဝေခံစားကြတဲ့သူတွေရော အားလုံးကို လှိုက်လှိုက်လဲလဲကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

မြသွေးနီ said...

ဆန့်ကျင်ခြင်းတွေကြားထဲမှာ စစ်မှန်တဲ့ အလှတရားက အမြဲ ရှင်သန်နေမှာပါ...ကိုနေဘုန်းလတ်..။