Pages

Wednesday, February 1, 2012

ဘီလူးတစ်ကောင်ရဲ့ ကကြိုး

ဘီလူးတစ်ကောင်ရဲ့ ကကြိုး

ကောင်းကင်ပြာကိုနောက်ခံထားပြီး …. တိမ်လွှာဖြူဖြူတွေက မသိမသာ လွင့် ပါးနေကြတယ်….သိပ်မကြာခင်အချိန်က ဒီကောင်းကင် ပြာကြီးကို သူမော့ကြည့်နေခဲ့ တာကို ပြန်သတိရလိုက်တယ်….အဲဒီ တုန်းက ကောင်းကင်ပြာကြီးက အနက်….ပြီးတော့ ကြယ်မှုန် ကြယ်မွှား လေးတွေက တလက်လက်….ပြီးတော့ လမင်းကြီးက ၀ိုင်းစက်စက်…. အခုတော့ …ကောင်းကင်က အပြာ…တိမ်ခိုးတွေမျှင်တွေက ပါးပါးလွှာလွှာ….နေခြည်နုနုလေးတွေကလဲ ယဉ်ယဉ်ကလေးဖြာလို့…. သူဘာကိုမှ ဆက်မတွေးတော့ပဲအဲဒီကောင်းကင် ရှုခင်းလေးကိုပဲငေးနေမိတယ်….။အဲဒီအချိန်မှာ…အဲဒီအခိုက်အ တန့် လေးမှာ……

********

အသံ….သာယာညင်ပြောင်းတဲ့အသံ…ဘယ်ကမှန်းမသိပေမယ့် သူ့ နားစည်ကို စည်းချက်ကျကျရိုက်ခတ်နေတဲ့အသံ….။ အဲဒီကြည်မြ မြ အသံကို ပိုပြီးပီသစေဖို့ နားစွင့်လိုက်ချိန်မှာပဲ….ခုဏက ခပ်ဝါးဝါး ပြေးနေတဲ့ တိမ်လွှာပါးပါးလေးတွေထဲက….လက်ခနဲ တစ်ချက်ဖြစ်သွား တယ်။ဘာလဲ….နားကိုစွင့်ထားရင်းက အကြည့်အာရုံကိုလဲ ပိုပြီးစူးနစ် အောင် မြှင့်လိုက်တဲ့အခါ…တိမ်လွှာပါးပါးတွေကြားမှာ….တလက်လက် တလက်လက်…. သန်လျက်။ဟုတ်တယ်….အဲဒါယိမ်းထိုးလှုပ်ရှားနေတဲ့ သန်လျက်တစ်လက်ပဲ။ သန်လျက် ကြီးပဲလား…. ဟင့်အင်း….မဟုတ်ပါဘူး….အဲဒီသန်လျက်ကို တစ်ယောက်က ကိုင်ထားတယ်….။ ပြီးတော့… အဲဒီတစ်ယောက်ကလည်း….နူးညံ့လှပတဲ့ တေးသွားတစ်ခုနဲ့ စည်းချက်ကျနစွာ ကနေသေး တယ်။ပထမတော့ဝိုးတ၀ါးပါပဲ။ဒါပေမယ့်တဖြည်းဖြည်း ပြတ်သားလာတယ်။ဘယ်သူလဲ?။ကြည်လင်ပြတ်သား လာတဲ့ မြင်ကွင်းကို သရုပ်ခွဲလို့ သူ …အာရုံတွေကို လိုတာထက်ပိုပြီး စုစည်းလိုက်တယ်။ဘယ်သူလဲ?

ဘီလူး…..သိပ်ဟုတ်တာပေါ့။ဒါဟာဘီလူးတစ်ကောင်ပဲ…တိတိကျကျထပ်ပြောရရင် အစိမ်းနုရောင်ဘီလူးတစ်ကောင်ပဲ။ပိုပြီးတိတိကျ ကျ ထပ်ပြောရရင်….သာယာညင်ေ ပြာင်းတဲ့ သံစဉ်နဲ့ ခမ်း နားပြေ ပြစ်တဲ့ ကကွက်တွေကိုပေါင်းစပ်ပြီး…အံ့သြစရာကောင်းတဲ့ ကကြိုးတစ် ခုကို လွတ်လွတ်လပ်လပ် ကနေတဲ့ အစိမ်းနုရောင်ဘီလူးတစ်ကောင်….

“ဟာ …..”

လက်တစ်ဖက်က သံလျက်….နောက်လက်တစ်ဖက်က တင်းတင်း ဆုပ်ထားတဲ့ လက်သီး….အဲဒီလက်နှစ်ဘက်ကို အနုပညာ မြောက်စွာ ချိုးဆစ်ဝှေ့ယမ်းလိုက်တိုင်းမှာ… .နေရဲ့ အလင်းနဲ့ သံလျက် ကိုထိတွေ့ပြီး တစ်လက်လက်ဖြစ်သွားပုံက…. သိပ်ကိုလှလွန်းတယ်….။ ခြေထောက် အနင်းအကြွ….အဖိ အပေါ့….ပြီးတော့ ကိုယ်လိုသလို ရွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတို့ရဲ့ အရွေ့….လှတယ်…..ဘာလို လှနေမှန်း မသိအောင်ကိုလှတယ်…..နောက်…မျက်နှာ….ဘီလူးရဲ့ ပြုံး နေတဲ့မျက်နှာ…. အထူးသဖြင့်….. နှုတ်ခမ်းလွှာရဲ့ အစွန်းနှစ်ဘက်က ဖြူ စင်းတောက်ပနေတဲ့ အစွယ်နှစ်ချောင်း……။ အဲဒီအစွယ်တွေနဲ့ပဲ နူးညံ့စွာပြုံးလိုက်တဲ့ အပြုံးတစ်ပွင့်….အာ…ဒါ ဘီလူးအစစ်ရော ဟုတ်ရဲ့လား.....။ဘီလူးက…ကတယ်။သူကငေးတယ်…..။သူကငေး တယ် ….ဘီလူးက ….ကတယ်။ဘီလူးကနေတာကို သူသိပေမယ့် ။ သူငေးနေတာကို ဘီလူးသိချင်မှ သိလိမ့်မယ်။ဒါက ကိစ္စမရှိပါဘူး။ကိစ္စရှိ တာက ဘီလူးတစ်ကောင်ကနေတာကိုကြည့်ပြီး ဖြစ်လာတဲ့သူ့စိတ်ထဲ က ဒွိဟတွေပေါ့။ပြုံးနေတဲ့ဘီလူး…။ကနေတဲ့ဘီလူး…။ဒီထက်ပိုတာက သူ့ စိတ်ထဲမှာ လှနေတဲ့ဘီလူး…..။သူသိဘူးတဲ့ဘီလူးကခက်ထန်ကြမ်းတမ်းမှုတို့ရဲ့ ပြယုဂ်….။ဒေါသတရားတွေကိုဘယ်တော့ မှ မထိမ်းချုပ်တဲ့ အမြဲတမ်း သုန်မှုန်စူပုတ်နေတဲ့ သတ္တ၀ါ…။အခုတော့… သူက ပြုံးလို့….အစွယ်ကြီးတကားကားနဲ့ ပြုံးလို့…..။သူသိခဲ့ဖူးတဲ့ ဘီ လူးက ကတဲ့အခါမှာတောင် လက်သီးလက်မောင်းတန်း၊သန်လျက်ကြီး တရမ်းရမ်းနဲ့ လောဘဒေါသမာန်မာနတွေကို အထင်းသားမြင်ရနိုင်တဲ့ အကွက်တွေနဲ့ ခြေတဆောင့်ဆောင့် ကတတ်သူ….။ အခုတော့….သူက နူးညံ့ပြေပြစ်စွာကလို့….. လှပပျော့ပျောင်းစွာကလို့….. သူ့အတွေးတွေဒွိဟတွေနဲ့ ဖရိုဖရဲဖြစ်နေပေမယ့်…ဘီလူးကတော့ကကောင်းနေတုန်း.။

ဘာပဲဖြစ်ဖြစ်…ကြည့်လို့ကောင်းတာကတော့ သေချာတယ်….။ ပြီး တော့ ….တစ်ခါမှ မခံစားရဖူးတဲ့ခံစားမှုတစ်ခုကို ခံစားနေရတာလဲသေ ချာတယ်…။အတွေးတွေကို ခဏချိတ်ပြီး…. သူ…ကောင်းကင်ကို မော့ ကြည့်နေမိတယ်….။တေးသံသာက တဖြေးဖြေး….. သူနဲ့ ဝေးလာတယ်…။နောက်ဆုံး….တေးသွားကလုံးဝတိတ်သွားသလို…ဘီလူးလဲ သူ့ အမြင်အာရုံထဲကနေလုံးဝပျောက်ကွယ်သွားတယ်…..။

“ဟင်….”

ရင်ဘတ်ထဲ ထည့်မြိုထားတဲ့ခံစားချက်တနင့်တပိုးကို သူရှိုက်ထုတ်လိုက်တယ်….။ အဲဒီသက်ပြင်းရှည်ကြီးရဲ့ အဆုံးမှာပဲ… သူ့ မျက်လုံးတွေပွင့်ထွက်သွားတယ်….. မျက်စိရှေ့မှာက မီးချောင်းရဲ့ အလင်းစူးစူး…..။

“သြော်….ဒါ…အိပ်မက်ပဲ…..”

လန့်နိုးခဲ့တာမဟုတ်ပေမယ့်….အိပ်မက်ကတော့ပြီးသွားခဲ့ပြီ….။သူ့ ရင်ထဲမှာ တော့ ဘီလူးတစ်ကောင်နဲ့ ကကြိုး၊အဲဒီဘီလူးရဲ့ နှုတ်ခမ်းပေါ်က အစွယ်နဲ့ အပြုံး၊ ခက်ထန်ကြမ်းတမ်းမှုနဲ့ နူးညံ့သိမ်မွေ့မှု၊စူးရှထက်မြတ်မှုနဲ့ အေးမြလှပမှု….ဆန့်ကျင်ဘက် တွေရဲ့ မျှတစွာပေါင်းစပ်မှုက အလှတရားတစ်ခု မွေးဖွား….ပြီးတော့ အဲ ဒီအလှတရားကပဲ ခံစားချက်အသစ်တစ်ခုကို လူငယ်တစ်ယောက်ရဲ့ နှလုံးသားထဲကနေ ချူချပေးလိုက်သလို……

ဟုတ်တယ်…အချို့အိပ်မက်တွေက….အိပ်မက်ထက်ပိုတယ်…။

13 comments:

kokoseinygn said...

စာလာဖတ်သွားတယ်ညီလေး
အောင်မြင်ပါစေကွာ။

လရောင်ချို.... said...

ဟုတ်တယ်…အချို့အိပ်မက်တွေက….အိပ်မက်ထက်ပိုတယ်…။

Nuria 's World said...

အိမ်မက်ဆိုတာ...ကိုယ်ကြိုမျှော်လင့်လို့ မရတဲ့ပြကွက်တစ်ခုပဲ..ဒါပေမယ့်မရေရာဘူး.မသေချာပါဘူး..လန့်နိုးသွားတဲ့အချိန်မှာဘာမှရေရေရာရာစုပ်ကိုင်ပြီး..ပြန်ပြလို့ မရတာအိမ်မက်ပဲ

Seinn Mya Linn Thit said...

"ဘီလူးတစ်ကောင်ရဲ့ ကကြိုး" :)

May Oo Moe said...

အခုရက်ပိုင်းတော့
မမြင်စဖူး ပြုံးနေကနေတဲ့ ဘီလူး သူ့ အရင်ဇာတိရုပ်ပြန်ပြနေသလားလို့ ...
အိပ်မက်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေပါတယ်...
အောင်မြင်ကြပါစေ...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကျွန်မ စာလာဖတ်သွားပါတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

Sophie said...

ရောက်ခဲ့တယ် အစ်ကို။

ရတနာ

kopainglay said...

ကောင်းလိုက်တဲ့ရေးသားချက်ဗျာ ဘီလူးကိုတောင် လှပအောင်ဖွဲ့ဆိုနိုင်တယ်ဗျာ လေးစားပါတယ်အကို ဘားကန့် မှသိလိုက်တဲ့ညီငယ် ကိုပိုင်လေး

kopainglay said...

ကောင်းလိုက်တဲ့ရေးသားချက်ဗျာ ဘီလူးကိုတောင်လှပအောင် ဖွဲ့ဆိုတက်တယ် လေးစားပါတယ်အကို ဘားကမ့်ပွဲမှသိလိုက်တဲ့ညီငယ် ကိုပိုင်လေး

waiwaisoe07 said...

ဘီးလူး တကောင်၇ဲ့ ကကွက် နဲ့ အပြုံး က မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာတယ် ....

Z@! said...

ဘီလူးဆိုတာ ရက်စက်ကြမ်းကြုတ်တယ်လို့ပဲ သိခဲ့တဲ့ ကျွန်တော်တို့အတွက် သူ့ရဲ့ ကကွက်တွေက အိပ်မက်ထဲမှာတင်မက အပြင်မှာလဲ လှပါနေစေချင်တယ် တချို့အိပ်မက်တွေကို အပြင်မှာ တကယ်ဖြစ်စေချင်တဲ့အခါမှာ အဲ့ဒီအိပ်မက်ကို အိပ်မက်ဆိုတာထက် တကယ်ဖြစ်စေချင်တယ်။ ဘာပဲပြောပြော ဘီလူးလက်ခမောင်းခတ်ခဲ့တဲ့ အချိန်တွေကို ပြန်မရောက်စေချင်တော့ဘူး

အမတငယ် said...

အကိုရေ လာဖတ်သွားပါတယ်ရှင်

စံပယ်ဖြူ (Jasmine White) said...

စာလာဖတ်သွားပါတယ်။ နောင်အားရင်လာ ဖတ်ပါအုံးမယ်။
ကျွန်မရဲ့ blog မှာ ကိုနေဘုန်းလတ်ရဲ့ဆိုက်ကို link ထားမယ်နော်။
အချိန်ရရင်သွားဖတ်ကြည့်နိုင်ပါတယ်။
မအားတာရယ် စိတ်လေတာတွေရယ်ကြောင့် ပို့စ်တွေ များများတော့ မတင်ဖြစ်ပါဘူး။

ခင်မင်လေးစားစွာဖြင့်
NTTH