Pages

Monday, February 20, 2012

“မင်းသား… လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ”


အချိန်က အနက်တစ်ရောင်တည်းကို မြင်နေရလောက်အောင် မှောင်နေတာလဲ မဟုတ်။ ဒါပေမယ့် ညီရင်းအစ်ကိုတွေတောင် ခွန်းကြီးခွန်းငယ် ပြောဟယ် ဆိုဟယ်၊ အော်ဟယ် ဟစ်ဟယ် ဖြစ်နေကြ တာကို ထောက်ပြီး ညီအစ်ကို မသိတသိ အချိန်ပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ နေက ၀င်သွား တာလား… ထွက် မလာသေးတာလား… အလင်းရောင်က အမှောင်ဘက်ဆီ ကူးနေတာလား… အလင်းဘက်ဆီ ရွေ့နေတာလား…။ သေချာတာကတော့ ဘာဆိုဘာမှ မရေရာသေးဘူးဆိုတာပဲ…။ ပွဲခင်းထဲမှာ လူမစုံသေးပေမယ့် ပွဲကတော့ စတော့မယ်…။ ၀န်းကျင်ရဲ့ မှုန်မှိုင်းရီဝေမှုနဲ့အတူ လူတိုင်းရဲ့ မျက်နှာတွေပေါ်မှာလဲ မအီမလည် ခံစားမှုတစ်ခုက တွဲခိုလို့…။ နောက်ကျတော့ ဇာတ်ရုံ ရဲ့  နောက်နား မှာပဲ နေရာလို့ မဆိုသာတဲ့ နေရာတစ်ခုကို ရတယ်။ ခြေနှစ်ချောင်း ချရရုံ… ဇာတ်စင်ကို လှမ်းမြင်နေ ရရုံ…။ မြင်နေရတယ် ဆိုပေမယ့် အလှမ်းနည်းနည်းဝေးသလို ဇာတ်စင်နဲ့ ကိုယ်နဲ့ကြားက လူအတိပြီးတဲ့ အဆီးအတားကလဲ နည်းနည်းကြီးတယ်။ ဘာမှ မတတ်နိုင်ခြင်းတွေကို ခဏတာ ကြိတ်မှိတ်မြိုချပြီး ဘာမှန်းမသိလိုက်မှာစိုးတဲ့ စိတ်နဲ့ ကိုယ် ဇာတ်စင်ကို အားစိုက်ပြီး ကြည့်နေမိတယ်။ 

အပြင်အဆင် အခြယ်အသတွေက အစိမ်းရောင် နည်းနည်းကဲပေမယ့် အေးချမ်းငြိမ်သက်တဲ့ စိမ်းလန်းတောအုပ်တစ်ခုနဲ့တော့ တူမနေဘူး…။ ရာသီဥတုကြောင့်ပဲ လူတွေ ပူနေတာလား… လူတွေကြောင့်ပဲ ရာသီဥတုက ပူနေရတာလား ဆိုတာကလဲ မကွဲပြားဘူး…။ ဇာတ်စင်ပတ်ပတ်လည်မှာ ရှိတဲ့ အဲယားကွန်းတွေက လေအေးတွေကို တဟူးဟူး မှုတ်ထုတ်ပေးနေကြတာ အငွေ့တထောင်းထောင်း ထလို့…။ လူတွေက ပူလောင်နေကြပေမယ့် အဲယားကွန်းတွေရဲ့ အကူအညီနဲ့ အိုက်စပ်နေကြပုံတော့ မရဘူး…။ 

“………………………………………………………………………” 

“ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း……….” 

ဘာပြောလိုက်မှန်း မသိတဲ့ စကားတစ်ခွန်းကို လက်ခုပ်သံတွေက လွှမ်းသွားတယ်။ လက်ခုပ်မတီးမိတဲ့ ကိုယ့်ကို ဘေးနားကလူက ဘုရှိုးလှမ်းရှိုးတယ်။ သူ့အကြည့်ကို သိသိကြီးနဲ့ မသိချင်ယောင်  ဆောင်နေလိုက် ရတယ်။ စင်နောက်ကနေ ခေါင်းပေါင်းတလူလူ ပေါင်းပြီး ပုဆိုးစလေး မ,ကာ.. မ,ကာနဲ့ ထွက်လာတဲ့သူရဲ့ ဟန်ပန်အမူအရာကို ကြည့်ပြီး ဒါ မင်းသားပဲလို့ မှန်းလိုက်တယ်။ အဲဒီတော့မှ ခုနက မင်းသားနာမည်  ကြော်ငြာလို့  လက်ခုပ်ဝိုင်းတီးကြမှန်း ကိုယ် သဘောပေါက်တော့တယ်။ 

“ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်းတို့… မင်္ဂလာအပေါင်းနဲ့ ခညောင်းကြစေဖို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သကြောင်းပါ ခင်ဗျား…”  

စကားလုံးတွေက ပီသရုံတင်မက အသံလေးကလဲ ချိုလို့ မြလို့…။ အသံလေး ချိုမြရုံ မကသေးဘူး… လက်အုပ်ကလေးချီပြီး ပရိသတ်ကို ကွေးညွတ်ဂါရ၀ ပြုနေပုံကလဲ တကယ့်ကို ခခယယ…။ ပရိသတ်ကြီးရဲ့ နှလုံးသည်းပွတ်တွေ တစ်ချီတည်းနဲ့ ကြွေဆင်းသွားမလား မှတ်ရရဲ့…။ နည်းနည်း စိတ်ဝင်စားသွားတာနဲ့ ကိုယ် လူအုပ်ကြီးထဲကို ရသလောက် ရသလောက်နဲ့ နည်းနည်း နည်းနည်းဆီ တိုးသွားရင်း ဇာတ်စင်နားရောက်အောင် ကြိုးစားနေမိတယ်။ မင်းသားလေးက တစ်ခွန်းပြောလိုက်… လက်ခုပ်သံတွေ စီကနဲ ညံသွားလိုက်… ဟိုနားဒီနားက လက်ခေါက်မှုတ်သံတွေ ရွှီးကနဲ ရွှီးကနဲ ထွက်လာလိုက်နဲ့… ကိုယ် ခန္ဓာကိုယ်တစ်ခုလုံးပါ မကဘူး… နားထဲမှာပါ ပူစပ်ပူလောင် ဖြစ်လာတယ်…။ ကိုယ် တတိတိ တိုးနေပေမယ့်လဲ ဇာတ်စင်နဲ့က ဝေးသထက် ဝေးနေတုန်း…။ အဲဒီအချိန်မှာပဲ ပွဲကျနေတဲ့ ပရိသတ်ကို ဇာတ်မင်းသားက သီချင်းတစ်ပုဒ် စဆိုပြီး ထိန်းလိုက်တယ်။ သီချင်းသံ စထွက်လာချိန်မှာ သြဘာပေးသံတွေ ဝေါကနဲ တစ်ချက် ဆူညံသွားပေမယ့် ခဏနေတော့ အားလုံး ငြိမ်ကျသွားတယ်။ ဆူဝေပေါက်ကွဲထွက်လာတဲ့ ပတ်မကြီးသံက ခန့်ညားနေပြီးသား သီချင်းသံကို ပိုပြီး ခမ်းနားသွားစေတယ်။ မင်းသားရဲ့ ပီပြင်ကြည်မြတဲ့ အသံကလဲ မြူးကြွကြွ ဟန်ပန်အနုအလှတွေနဲ့ ပေါင်းလိုက်တဲ့အခါ တကယ့်ကို ပန်းလေးတစ်ပွင့် သီချင်းလေး တဆိုဆိုနဲ့ ပွင့်အာလာသလိုတောင် ထင်ရရဲ့…။ သီချင်းတစ်ပုဒ်ဆိုလိုက်… ပြီးတော့… ခြေ၊ လက်၊ ခန္ဓာရဲ့ အချိုးအဆစ်တွေကို ကွေးညွတ်ဆစ်ချိုးပြီး ရွှင်မြူးကခုန်လိုက်နဲ့…။ ပရိသတ်ခမျာ… ပင့်သက်တွေ တဖြာဖြာနဲ့ အနုအရွ အလှတို့ရဲ့ ဖမ်းစားမှုမှာ စီးမျောပျော်ရွှင်နေကြပုံများ အတိုင်အဖောက်ကို ညီလို့…။ ဆိုလိုက်၊ ကလိုက်၊ ကလိုက်၊ ဆိုလိုက်၊ စကားလေးတွေ ပြောလိုက်၊ ပရိသတ် လက်ခုပ်သံ တနေဲ့ဖြာင်းဖြောင်းကို ငြိမ်သက်ခံယူလိုက်နဲ့… လူရွှင်တော်မပါဘဲမင်းသား တစ်ယောက် တည်းနဲ့  ထိန်းထားလိုက်တာ အချိန်တွေသာ ကြာသွားတယ်… မင်းသားကတော့ မောတယ် ပန်းတယ်လို့ မရှိ…။ ကိုယ်လဲ လူအုပ်ကြီးကြားထဲ တိုးသထက် တိုးလာရင်း ဇာတ်စင်နဲ့ နီးသထက် နီးလာတယ်… ဒါမှမဟုတ် နီးသထက် နီးလာတယ်လို့ ထင်ရတယ်။ ဆိုတဲ့သီချင်းရဲ့ စာသားလေးတွေက  ကောင်းလိုက်တာ…။  လက်ချောင်းလေးတွေ ဆစ်ချိုးကပြသွားတာကလဲ လှလိုက်တာ…။ ကိရိယာ အကူမပါဘဲ လွှားကနဲ လွှားကနဲ ခုန်ပေါက်ဂျွမ်းထိုး သွားတာကလဲ ပေါ့ပါးသွက်လက်လွန်းလိုက်တာ…။ ဒါမှ တို့မင်းသားကွ… ဒါမှ တို့မင်းသားကွ ဆိုတဲ့ ချီးမွမ်းမြှောက်ပင့်သံတွေ များစွာက ပရိသတ်တွေကြားမှာ တီးတိုး တီးတိုးနဲ့ သောသောညံနေတော့တယ်။ အားလုံး ၀ိုင်းချီးမွမ်းရလောက်အောင်ပဲ မင်းသားက တော်လွန်းပါတယ်။ ဒါကို ကိုယ်လဲ မျက်မြင် မြင်နေရတာပဲလေ…။ ဒါပေမယ့် ဇာတ်စင်နဲ့ နည်းနည်းတော့ လှမ်းနေသေးတယ်။ ဒီလောက်တော်တဲ့ မင်းသားကို ကိုယ် အနီးကပ်တော့ သေသေချာချာ ကြည့်ချင်သေးတယ်။ အဲဒီအတွေးနဲ့ ရှေ့မှာကာနေတဲ့ လူအုပ်ကြပ်ကြပ်ထဲကို ကိုယ် အားနည်းနည်းစိုက်ပြီး တိုးဝင်လိုက်တယ်။ သိပ်မတိုးလိုက်ရဘူး… ကိုယ့်ရဲ့ရှေ့မှာ စီတန်းပြီး ပိတ်ထားတဲ့ သံဆူးကြိုးတန်းတွေနဲ့ ဆုံလိုက်ရတယ်။ ဒီနေရာမှာ ပရိသတ်ရဲ့နေရာက ဆုံးနေပြီ။ ဒါပေမယ့် ဇာတ်စင်နဲ့က လှမ်းမြဲလှမ်းနေတုန်း….။ ပရိသတ်နဲ့ ဇာတ်စင်ကြီးနဲ့ကြားမှာ ဟင်းလင်းပြင်တစ်ခုက ပြောင်စပ်စပ်နဲ့ ခြားမြဲခြားနေတုန်း…။ ကိုယ် သံဆူးကြိုးတွေ ကို ကျော်ဖြတ်ပြီး အတင်းဝင်မယ်လုပ်တော့ ဇာတ်ပွဲစီစဉ်သူတွေ ကိုယ့်ကို လာတားတယ်…။ ဒီနေရာ ကနေပဲ ကြည့်ခွင့်ရှိတယ် တဲ့…။ မင်းသားက ဘယ်နှစ်ပုဒ်မြောက်မှန်း မသိတဲ့ သီချင်းနောက်တစ်ပုဒ်ကို ထပ်ဆိုနေပြီ…။ ပြီးတော့ မမောနိုင် မပမ်းနိုင် ထပ်မံ ကခုန်နေပြန်ပြီ…။ ကိုယ့်မှာသာ ချွေးသံ တရွှဲရွှဲနဲ့ ရှေ့ဆက်တိုးခွင့် မရတော့လို့ စိတ်အလိုမကျ ဖြစ်နေရတယ်။ မတတ်နိုင်ခြင်းတွေကို ထပ်မံမြိုချလိုက်ရပြန်တယ်။ ကိုယ့်ဘေးပတ်ပတ်လည်က ပရိသတ်ထဲကို ကြည့်တော့လဲ အေးရာအေးကြောင်းနဲ့ မင်းသားရဲ့ ခြေအကြွ၊ လက်အလှ၊ ပုဆိုးအမတွေကို ရင်သပ်ရှုမော ကြည့်မ၀ ငေးမ၀ ဖြစ်နေကြသူတွေက ခပ်များများ ဖြစ်နေတယ်။ မင်းသား ကတာ လှပါတယ်၊ မင်းသား ဆိုတာ ကောင်းပါတယ်၊ မင်းသား ပြောနေတဲ့ စကားတွေကလဲ ပရိသတ်အကြိုက်တွေပါပဲ…။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ ဇာတ်ခုံရဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေမိတယ်…။ ဘာလုပ်ရရင် ကောင်းမလဲ…။ နောက်ဆုံး ဘယ်လိုမှ ကြံရာမရတော့မှပဲ ကိုယ့်အိပ်ကပ်ထဲက မျက်မှန်အသစ်ကလေးကို သတိရတော့တယ်…။ လိုလိုမယ်မယ် ပါဝါသွားတိုးထားတဲ့ မျက်မှန်လေးပေါ့…။ ကမ္ဘာမှာ ပါဝါအမာ၊ ပါဝါအပျော့တွေအပြင် စမတ်ပါဝါဆိုတာပါ ထပ်ပေါ်လာနေပြီဆိုတော့ ကိုယ်ကလဲ ကိုယ့်ရဲ့မျက်မှန်လေးကို ခေတ်နဲ့အမီ ပါဝါတွေ လိုက်တိုးထားရတာလေ…။ ကိုယ် အဲဒီမျက်မှန်လေးကို ထုတ်တပ်လိုက်တယ်…။ကိုယ့်ရှေ့မှာအကွာအဝေးတစ်ခုက သိသိသာသာ  ခြား ထားသေးပေမယ့်  မြင်နေရတဲ့ မြင်ကွင်းက အရင်ကထက် ပိုပြီး ပြတ်သားသွားတယ်…။ 

“မြို့မေတ္တာ ခံယူမယ့် သားပါမို့ … မိဘများက ချစ်အားပိုတယ်…..”

 သီချင်းသံ ပီပီသသကို နားနဲ့ဆတ်ဆတ် ကြားနေရပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့ မင်းသားရဲ့ ပါးစပ်က တုတ်တုတ်မှ မလှုပ်တာ မြင်လိုက်ရတယ်…။ အမြင်အာရုံကို ဒီထက်ပို စူးစိုက်ပြီး ဇာတ်စင်ရဲ့ ဟိုဟိုဒီဒီ မျက်စိကစားကြည့်တော့ ဇာတ်စင်ရဲ့ အနောက်ဘက် ထောင့်တစ်နေရာမှာ မဲမဲအရာတစ်ခု ကို မြင်လိုက် ရတယ်။ ကက်ဆက်နဲ့ ဆောင်းဘောက်စ်…။ သြော်.. သီချင်းဖွင့်ထားတာပဲ…။ တစ်ခုခုကို တဖြည်းဖြည်း နားလည်လာသလို ရှိတာနဲ့ ကိုယ့်ရဲ့အကြည့်တွေကို မင်းသားဆီ ပြန်ပို့လိုက်တယ်။ မင်းသားကတော့ ပရိသတ် သေချာမမြင်ရတဲ့ အကွာအဝေးမှာ ပြေးလွှားခုန်ပေါက် ကပြ အသုံးတော်ခံနေတုန်း…။

“ဟာ………..” 

မသေချာမှာစိုးလို့ မျက်မှန်ကို ချွတ်ပြီး အင်္ကျီစနဲ့ သေသေချာချာ သုတ်လိုက်တယ်။ ပြီးမှ ပြန်တပ်ပြီး နောက်ထပ်တစ်ခါ ထပ်ကြည့်လိုက်တယ်။ ကိုယ့်ရဲ့ အမြင်အာရုံက မလွဲပါဘူး…။ လွဲနေတာက မင်းသားပါ…။ မင်းသားရဲ့ ခြေ၊ လက်၊ ခေါင်း၊ ခါးနဲ့ ကိုယ် နေရာအစုံကို ချိတ်ဆွဲလှုပ်ရှားပေးနေတဲ့ ကြိုးမျှင်စလေးတွေကို ပြတ်ပြတ်ထင်ထင်ပဲ မြင်လိုက်ရတယ်။ အံ့သြသွားခဲ့သင့်ပေမယ့် ကိုယ် အံ့အားမသင့်ခဲ့ဘူး…။ မင်းသားက ကကြိုးကို အဆုံးသတ်တော့မယ်။ ဆိုင်းသံက ပိုပြီး မြိုင်ဆိုင်လာတယ်။ ကကြိုးကကွက်တွေကလဲ ရင်သပ်ရှုမောဖွယ်  မြန်ဆန်သွက်လက် လာတယ်။ ကိုယ့်အတွက်တော့ ကြိုးတွေပါ မြင်နေရတဲ့အတွက် ရယ်စရာကြီး ဖြစ်နေတယ်။ ပတ်မကြီးရဲ့ ၀ုန်းကနဲ အချသံနဲ့အတူ မင်းသားက ဖြုတ်ကနဲ ပုံကျသွားပြီး ကကြိုးကို အဆုံးသတ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်… ကိုယ်ရှိရာဘက်ကို မျက်နှာလှည့်လို့…။ အဲဒါကြောင့်လဲ ကိုယ်က အသေအချာ ကို မြင်လိုက်ရတယ်။ မင်းသားရဲ့ အသက်မဲ့တဲ့ မျက်နှာအသေ…။ 

“ဝေး ….. ရွှီး ….. ဖြောင်း ….. ဖြောင်း ….. ဖြောင်း …..”

“ဟေး… ဒါမှ တို့မင်းသားကွ…..” 

“နောက်တစ်ပုဒ် ကပါဦး… နောက်တစ်ပုဒ်… နောက်တစ်ပုဒ်…” 

ဆူညံပွက်လောရိုက်နေတဲ့ အော်သံတွေကို ထားခဲ့ပြီး ကိုယ် ဇာတ်ရုံထဲကနေ လှည့်ပြန်ခဲ့တယ်။ ဘာအတွက်မှန်း မသိတဲ့ လက်ခုပ်သံတွေက ကိုယ့်နားထဲကနေ ပြန်လျှံထွက်ကျလာတယ်။ ဒီဇာတ်ပွဲကို သွားကြည့်မိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နင့်နင့်သီးသီးကို ပြန်အားနာနေမိတယ်။ မင်းသားရဲ့အနုအရွ၊ အလှအပတွေမှာ မိန်းမူးပြီး ကိုယ် လက်ခုပ်များ တီးမိခဲ့သေးလား…။ ကိုယ်ကိုယ်တိုင်လဲ  ဝေခွဲမရ  ဖြစ်နေတယ်။ အခြားသူတွေ အားလုံးကိုပါ ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို ကိုယ်တစ်ယောက်တည်း ကြားရရုံ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်ခဲ့တယ်။

 “ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ် မဖြစ်ဖို့တော့ လိုမယ်… နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်…” လို့….။ 


 နေဘုန်းလတ်

6 comments:

winlathan said...

ဟုတ်ပါ့ ။ အချိန်တွေ နှမြောဖို့ ကောင်းတယ်နော် ။

ပွဲတော်လာပရိတ်သတ်တစ်ဦး said...

မင်းသားဆိုတာကိုယ်တတ်ကျွမ်းသောအနုပညာအစွမ်း
အစနဲ့ကိုယ့်ကိုချစ်ခင်လေးစားသောပွဲကြည့်ပရိသတ်ကို
အစွမ်းကုန်ဖျော်ဖြေတင်ဆက်သင့်တာပေါ့။ဒါပင်မယ့်
ကိုယ့်လက်ကိုယ့်ခြေအဂါင်္အစိတ်အပိုင်းများကိုကိုယ့်စိတ်
သွားတိုင်းကိုယ်မပါအောင်ထိန်းချုပ်ထားသူရှိမှပွဲစည်
မည့်အဖြစ်တော့ရှောင်သင့်ပါတယ်။လှည့်စားခဲ့ဖူးရင်
လည်းကိုယ့်ပရိတ်သတ်တွေပါဝါတင်ထားတဲ့မျက်မှန်
တတ်ပြီးမကြည့်ချင်၊နှောင်ကြိုးမှန်သမျှဖြတ်ပြီးကိုယ့်
လက်ကိုယ့်ခြေ၊ကိုယ့်အစွမ်းအစနဲ့သာပရိသတ်ကိုဖြေ
ဖျော်သင့်ပါကြောင်း။အတွေးနက်နက်၊အရေးသွက်သွက်
နဲ့အခင်းအကျင်းတစ်ခုကိုကွင်းကွင်းကွက်ကွက်မြင်လာ
အောင်ရေးသားနိုင်တဲ့ကိုနေဘုန်းလတ်ကိုလေးစားချစ်
ခင်လျက်။ (ပွဲတော်လာပရိတ်သတ်တစ်ဦး)

OA6 said...

ကိုနေဘုန်းလတ်ရဲ့ ဒိုင်ယာလော့ခ်တွေကို တန်ဖိုးထားနှစ်ခြိုက်လို့ gtalk custom message မှာ တင်ခွင့်ပြုပါ အစ်ကို

thurein06 said...

စိတ်ကြိုက်တွေ့ တယ်ဗျာ။စဉ်းစားဆင်ခြင်ဥာဏ်ပိုမိုရပါတယ်။
ကျေးဇူးများစွာတင်ပါတယ်။

mabaydar said...

ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ် မဖြစ်ဖို့တော့ လိုမယ်… နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်….
ပေးချင်တဲ့ အဓိပ္ပါယ်လေးကို အဆုံးမှာ ထင်ထင်ရှားရှား ဖော်ပြထားတာ ကောင်းတယ်...
ရုပ်သေးရုပ်လို ကြိုးကိုင်ခံထားရတဲ့သူကို အားပေးရင် တဒဂ် လိုဘက်ရှိတုန်းပဲကောင်းမယ်... အစစ်အမှန် ဘာမှရမှာမဟုတ်ဘူး...

MANDY MAW said...

လက်ခုပ်တီးတဲ့သူကများပြီး ဘယ်လိုကနေတာလဲ ဆိုတာကို လေ့လာသူက နည်းသားလေနော်