Monday, November 10, 2008

ငါ့ စိတ်ဓါတ်နှင့် အနုပညာ


လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။

နေဘုန်းလတ်

Tuesday, January 22, 2008

Happy Birthday ... Mr Pooh

ဒီနေ့က ညီငယ်တစ်ယောက်လိုခင်ရတဲ့ ဘလော့ဂါလေး အိုအေစစ်မောင်ပွတ်ရဲ့ မွေးနေ့ပါ ... သူ့အတွက်တော့ စင်ကာပူနိုင်ငံရဲ့ အလုပ်ခွင်တစ်နေရာထဲက တစိမ်းတရံတွေကြားမှာ ခြောက်ခြောက်ကပ်ကပ်ကြီး ဖြတ်သန်းရမယ့် ပျင်းစရာမွေးနေ့လေးတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ...။ မောင်ပွတ်ရဲ့ မွေးနေ့လေးမှာ မွေးနေ့လက်ဆောင်ပို့စ်လေးတစ်ခု တင်ပေးဖို့ စဉ်းစားရင်း ကျွန်တော် ... ` တစ်ယောက်တည်း ဖြတ်သန်းရသော အထိမ်းအမှတ်နေ့များ ´ ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အတွေးနယ်ချဲ့မိခဲ့ပါတယ် ...။


မောင်ပွတ်လဲ ... မိသားစုနဲ့ ဒါမှမဟုတ် ခြူကလေးနဲ့ ရွှေတိဂုံဘုရားပေါ်တက်၊ မွေးနေ့လေးကို ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်နေရမယ့် အခုလိုအချိန်မှာ ... သူ့ရဲ့ဆ န္ဒတွေနဲ့ ဆန့်ကျင်စွာပဲ ... စင်ကာပူနိုင်ငံရဲ့ လုပ်ငန်းခွင်တစ်နေရာက တစိမ်းတရံတွေကြားမှာ ... အလုပ်တွေဇယ်ဆက်သလိုလုပ်နေရမှာသေချာပါတယ် ...။
ဒါဟာ ကျွန်တော်တို့မလိုချင်တဲ့ အခြေအနေတစ်ခုပါ ...။ ဒါပေမယ့် ဒါဟာ အခြေအနေနဲ့ အချိန်အခါအရ ကျွန်တော်တို့ တွေ လက်ခံလိုက်ရဖို့ဖြစ်လာတဲ့ အနေအထားတစ်ခုဖြစ်တယ်ဆိုတာကိုလဲ ကျွန်တော်တို့ သိထားပါတယ် ...။ ဒါကြောင့် ကျွန်တော်တို့တွေ ... ဆန္ဒတွေနဲ့ ထပ်တူမကျတဲ့ နေ့ရက်တွေကို ဒီလိုပဲ လက်ခံနိုင်ဖို့ ကြိုးစားကြရတာပါပဲ ...။ အချို့သောရက်တွေမှာ သိပ်မသိသာပေမယ့် ... မိမိတို့ရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ ဖြစ်ခဲ့တဲ့ ... အလေးအနက်ထား မှတ်သားထားခဲ့တဲ့ အထိမ်းအမှတ်နေ့လေးတွေနဲ့ တိုက်ဆိုင်လာတဲ့အခါ ... ကျွန်တော်တို့ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတစိတ်ဟာ ... တစ်ဆစ်ဆစ် နာကျင်လာတဲ့ အထိအောင်ကို ဖြစ်လာတတ်တာ ကိုယ်တိုင်ခံစားဖူးတဲ့ အတွက် ကျွန်တော် နားလည်ပါတယ် ...။
မောင်ပွတ်လဲ ... အဲဒီ့လိုပဲခံစားနေလိမ့်မယ်လို့ ကျွန်တော် မှန်းလို့ရပါတယ် ...။
အဲဒီ့လိုအခါမျိုးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်အနားမှာ ရှိမနေဘူး ဆိုတဲ့အတွေးတွေကို ဘေးချထားပြီး ... ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့သူတွေ ဟာ တစ်နယ်စီခြားနေပေမယ့် စိတ်ချင်းနီးနေကြတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ စိတ်ဓါတ်တွေကို ထိမ်းကြောင်း ရှေ့ဆက်ကြရပါတယ် ...။

အဲဒီ့တော့ ဒီနေရာကနေ ညီငယ်မောင်ပွတ်ကိုပြောချင်တာက ... ရှေ့ဆက်ပါ ... ကြိုးစားပါ ... မင်းရဲ့ မွေးနေ့လေးမှာ မင်းချစ်တဲ့သူတွေ၊ မင်းကိုချစ်တဲ့သူတွေ မင်းအနားမှာ ရှိမနေပေမယ့် ... ထပ်တူနီးပါးတူညီတဲ့ စိတ်တွေနဲ့ မင်းကိုသတိတရရှိနေကြတယ်ဆိုတာကို သိထားပြီး ... အားအင်တွေမွေးပါလို့ ...။

ပြောချင်တဲ့ စကားလေးနဲ့အတူ ... နောက်နောင်မွေးနေ့လေးတွေကို မိမိရဲ့ဆန္ဒနဲ့ ထပ်တူကျတဲ့ ပတ်ဝန်းကျင်လေးတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလွန်မြောက်နိုင်ပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ် ...။

Happy Birthday ... ပါ ... မောင်ပွတ်ရေ ...။


မွေးနေ့လက်ဆောင်ကြီး ... မစ်ကီမောက်စ်လေးကို မင်းဆီအရောက်ပို့ ခိုင်းလိုက်တယ် ...။ အထဲမှာ ဘာပါလဲဆိုတော့ ... မင်းဖာသာပဲဖွင့်ကြည့်ပေါ့ကွာ ...။ စိတ်ကူးတွေကိုအတောင်ပန်ဖြန့်လိုက်ရင် ... ကိုယ်လိုချင်တာမှန်သမျှ ... ရင်ထဲကိုရောက်လာမှာပဲလေ ...။

Sunday, January 20, 2008

ကျွန်တော်နှင့် အိပ်မက်များ (၄)

ကျွန်တော်နှင့် အိပ်မက်များ (၄)

အိပ်မက် (၇)

ဒီအိပ်မက်ထဲမှာ ကျွန်တော် လူတွေအများကြီးနဲ့တွေ့တယ် …။ ဘယ်လိုလူတွေ ၊ ဘယ်လို ပုံစံတွေဆိုတာကို ကျွန်တော် သေချာမမှတ်မိပေမယ့် … သူတို့တွေအားလုံးမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ထူးခြားမှုတွေ ကိုတော့ ကျွန်တော်သေသေချာချာကို မှတ်မိနေတယ် …။ ပထမလူက … ထိုင်ခုံအကြီးကြီးတစ်ခုကို ထမ်းပြီး လျှောက်သွားနေတုန်း ကျွန်တော်နဲ့ လမ်းမှာတွေ့တယ် …။ သူက ထိုင်ခုံကြီးကို ထမ်းသွားလိုက် … တစ်နေရာရာရောက်ရင် အဲဒီ့ထိုင်ခုံပေါ်မှာထိုင်ပြီး ခဏနားလိုက် … အမောပြေလို့ … ရှေ့ဆက်ချင်ပြီဆိုရင် အဲဒီ့ထိုင်ခုံကြီးကို ထမ်းပြီးဆက်သွားလိုက် … နားချင်ရင်ခဏချပြီး … ထိုင်ခုံပေါ်မှာထိုင်နားလိုက်နဲ့ … လုပ်နေတာ … ကျွန်တော်လဲ နဲနဲထူးဆန်းနေတာနဲ့ သူ့ကိုမေးကြည့်လိုက်တယ် …။

“ဘာလို့ ဒီထိုင်ခုံကြီးကို တစ်လမ်းလုံးလျှောက်သယ်နေရတာလဲဗျာ … ရောက်ရာနေရာမှာ ဖြစ်သလို နားလိုက်လဲ ရတာပဲလေ … ။”

ကျွန်တော်က အဲဒီ့လိုပြောတော့ သူက ကျွန်တော့်ကိုပြုံးပြပြီးငြင်းတယ် …

“ ငါလိုချင်တာ ဒီထိုင်ခုံကနေရတဲ့ သက်တောင့်သက်သာဖြစ်မှုပဲ … နောက်ထပ်တွေ့နိုင်တဲ့ ထိုင်ခုံတွေက ဒီထိုင်ခုံလောက် … သက်တောင့်သက်သာဖြစ်ပြီး ငါ့ကို ကျေနပ်မှုပေးနိုင်မလား မပေးနိုင်ဘူးလားဆိုတာ မသေချာဘူး … ငါ အသေအချာကိုရမှာဖြစ်တဲ့ ဒီစိတ်ကျေနပ်မှုအတွက် ငါ ဒီထိုင်ခုံကြီးကို အလေးခံပြီး သယ်နေရတယ်ဆိုတဲ့ စိတ်ပင်ပန်းမှုတွေဟာ ထိုက်တန်တယ်လို့ ငါ မြင်နေသရွေ့ ငါကတော့ ဒီအတိုင်းပဲ ဆက်သွားနေမှာပဲကွ …”

ကျွန်တော့်ကို အဲဒီ့လိုရှင်းပြပြီး … သူဆက်ထွက်သွားတယ် …။ အဲဒီ့အချိန်မှာပဲ နောက်ထပ်လူတစ်ယောက်ကို ထပ်တွေ့လိုက်ရတယ် …။ သူကလဲ အရင်လူလိုပဲ … ခုံကြီးတစ်ခုံကို သွားလေရာကို သယ်သွားနေတယ် …။ ဒါပေမယ့် တစ်ခုပိုထူးခြားတာက သူက သူ့ရဲ့ခုံကြီးမှာ ဘီးလုံးတွေတပ်ထားပြီး … ဟိုဟိုဒီဒီကို တွန်းသွားတယ် …။ အရင်လူလောက်လဲ မပင်ပန်းဘူး … သူလိုချင်တဲ့အရာကိုလဲ … သူဆောင်ယူသွားနေနိုင်တယ် …။ ကျွန်တော်လဲ သူရဲ့အိုင်ဒီယာကို သဘောကျလို့ … သူ့ကိုစကားတစ်ခွန်းပြောလိုက်တယ် …။

“ ခင်ဗျားရဲ့ အိုင်ဒီယာမဆိုးဘူးနော် … နဲနဲပိုပြီး သက်သာသွားတာပေါ့ …”

“ ဒီလိုပါပဲကွာ … လူတိုင်းဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို အမြဲတမ်းပိုင်ဆိုင်နိုင်ဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတာပဲလေ …။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ဖာသာကိုယ် ကျေနပ်နေရင် ပြီးတာပါပဲ …”

အဲဒီ့သူနဲ့ စကားစဖြတ်အပြီးမှာ နောက်ထပ်လူတစ်ယောက်နဲ့ ထပ်တွေ့တယ် …။ သူကတော့ ကျောပိုးအိတ်လေးတစ်လုံးကိုလွယ်ပြီး အရမ်းကိုပေါ့ပါးလန်းဆန်းနေတယ် … ။ တစ်ခုခုကို ထမ်းပိုးထားရလို့ ပင်ပမ်းနွမ်းနယ်နေတဲ့ အရိပ်အယောင်တွေ သူ့မှာမတွေ့ရဘူး …။ ဒီလူဟာ သူ့ဘ၀တစ်လျှောက်လုံးအတွက် ဘာကိုမှ သယ်ဆောင်မလာဘူးလားလို့ ကျွန်တော်တွေးမိတယ် …။ အဲဒါနဲ့ပဲ သူ့ကို သွားမေးလိုက်တယ် …။

“ ခင်ဗျားက ဘာကိုမှ သယ်ဆောင်မလာဘူးလား … ခင်ဗျားကို ကြည့်ရတာ တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ ”

ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ သူက ကျောပိုးအိတ်ထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်ပြီး တဆင့်ခြင်း ဖြေချလိုက်တာ လှပသေသပ်တဲ့ ထိုင်ခုံလေးတစ်ခုဖြစ်သွားပြီး … အဲဒီ့အပေါ်မှာ အေးအေးလူလူပဲ ထိုင်လိုက်တယ် …။

“ ကျုပ်သယ်လာတာတွေ အများကြီးပဲဗျ … ဒါပေမယ့် ကျုပ်က အဲဒါတွေအားလုံးကို ကျုပ်နဲ့ တသားတည်းအဖြစ် ပေါင်းစပ်ပစ်လိုက်နိုင်အောင် ကြိုးစားထားလို့ … လူတွေအမြင်မှာ ဘာမှသယ်ဆောင်မထားဘူးလို့ မြင်နေကြတာပါဗျာ ”

ကျွန်တော် နောက်ထပ် ထပ်တွေ့တဲ့လူတွေဟာလည်း … တစုံတရာကို သယ်ဆောင်ယူလာကြသူတွေပါပဲ … အချို့တွေက လေးလေးပင်ပင်ထမ်းပိုး၊ အချို့တွေက ပေါ့ပေါ့ပါးပါး ဆောင်ယူ၊ အချို့ကျတော့လဲ …ကိုယ်နဲ့ တသားတည်းဖြစ်သွားအောင် ပေါင်းစပ်သယ်ဆောင်ကြ … အမျိုးမျိုးပါပဲ …။ ကျွန်တော့်ရဲ့ ဘ၀တစ်လျှောက်လုံး ကျွန်တော်ယူဆောင်သွားချင်တဲ့ အချို့အရာတွေကို ဘယ်လိုပုံစံနဲ့ သယ်ဆောင်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ ကျွန်တော် အိပ်မက်ကနေလန့်နိုးသွားတယ် …။

Tuesday, January 15, 2008

ကျွန်တော် မသိခဲ့သော နေ့ ...

ကျွန်တော် မသိခဲ့သော နေ့ ...

ဒီနေ့ ဆေးစစ်ထားတာ အဖြေသွားယူရမယ့်နေ့ပဲ ... ။ အလုပ်ရှင်ဆီက ခွင့်တောင်းပြီး အလုပ်ကနေ စောစောထွက်လာခဲ့လိုက်တယ် ...။ မနေ့က ညနေက မိုးနဲနဲမိသွားလို့ ... ဖျားချင်သလိုလိုဖြစ်နေပြီး ... လူက နဲနဲနုံးနေတယ် ...။ အခုတလော နဲနဲလေး အအေးမမိလိုက်နဲ့ အဖျားက၀င်ဝင်လာပြီး ခေါင်းတွေကိုက်ကိုက်လာ တာ ဒါပါနဲ့ဆို လေး၊ ငါးခါလောက်ရှိနေပြီ ...။ ဘယ်လိုဖြစ်တယ် မသိပါဘူး ...။ ရထားတစ်တန်၊ ကားတစ်တန် စီးအပြီး မှာ ဆေးစစ်ထားတဲ့ ဆေးခန်းကိုရောက်သွားတယ် ...။ ဒီနေ့က ဆေးစစ်ချက် အဖြေ Result ယူရုံပဲဆိုတော့ စောင့်စရာ မလိုတော့ဘူးလို့ တွေးမိပြီး ကောင်တာက ကောင်မလေးကို ဘောင်ချာလေးလှမ်းပေးလိုက်တယ် ...။ ကောင်မလေးက ဘောင်ချာကနံပါတ်နဲ့တိုက်ပြီး ကျွန်တော့်အတွက် Result တွေကိုလိုက်ရှာပေးနေတယ် ...။ ဟော ... သူတွေ့သွားပြီထင်တယ် ... ။ ကောင်မလေးက အဖြေစာရွက်ထုတ်လေးကိုကိုင်ပြီး စာအိတ်ပေါ်က မှတ်ချက်လေးတွေကို ဖတ်နေတယ် ...။ ပြီးတော့ ကျွန်တော့်ကိုလှမ်းပြောတယ် ...။

“ အခန်း (၁၁) က ဒေါက်တာ့ဆီမှာ သွားယူလိုက်နော် ... ကျွန်မ အဲဒီ့ကိုပို့ပေးထားလိုက်မယ် ”

အာ ... တခါတည်းပေးလိုက်လဲ ရတဲ့ဟာကို ဘာလို့ ဒေါက်တာဆီကိုထက်သွားရဦးမှာလဲ ...။ စိတ်ထဲက မသွားချင်ပေမယ့် သူက ကျွန်တော့်ကိုပြောပြီး ပြီးချင်းပဲ ... လှည့်ထွက်သွားတာကြောင့် မလိုက်ချင်လိုက်ချင်နဲ့ပဲ အခန်း (၁၁) ထဲကို လိုက်သွားလိုက်ရတယ် ...။

“ ထိုင်ပါ ... ခင်ဗျာ ...”

ဆရာဝန်က အသက်သိပ်မကြီးသေးဘူး ... အလွန်ဆုံးရှိမှ ၃၀ပေါ့ ...။ သူက ကျွန်တော့်ကို သူ့ရှေ့မှာထိုင်ခိုင်းပြီး ... ကျွန်တော့်ရဲ့ ဆေးစစ်ချက်တွေကို ကြည့်နေတယ် ...။ ဒီဆရာဝန် ဒီအချိန်မှာ ငါ့ကို ပြန်စမ်းသပ်ရင်တော့ ... ဖျားနေတာသိသွားပြီး ပြဿနာရှာဦးမလားမသိဘူးလို့ ကျွန်တော်တွေးနေမိတယ် ...။ သူက ကျွန်တော့်ကို တစ်ခုခုပြောချင်နေပေမယ့် ... ဘယ်က ဘယ်လိုစပြောရမလဲဆိုတာကို စဉ်းစားနေပုံပေါက်တာနဲ့ ကျွန်တော်ကပဲ လမ်းကြောင်းစခင်းပေးလိုက်တယ် ...။

“ဆရာ ... ကျွန်တော့်ဆေးစစ်ချက်မှာ ဘာများလိုအပ်တာရှိလို့လဲ ... ဆရာ ... တစ်ခုခုများ ထပ်စစ်ဖို့ လိုအပ်လို့လား ...”

“သြော် ... မဟုတ်ပါဘူး ... ခင်ဗျားဆေးစစ်ချက်တွေက အကုန်လုံးပြည့်စုံသွားပါပြီ ... ထပ်စစ်စရာမလိုပါဘူး ... ဒါပေမယ့် ခင်ဗျားကို ... ကျန်းမာရေးအသိပညာလေးနဲနဲပေးချင်လို့ပါ ...”

ဟာ ... ဘာလို့လဲကွာ ...။ ကျွန်တော် ခေါင်းထဲမှာ ငြီးစီစီကြီး ဖြစ်နေပါတယ်ဆိုမှာ ... ဆရာဝန်က ကျွန်တော့်ကို စကားတွေပြောဦးမယ်ဆိုတော့ ကျွန်တော်နဲနဲစိတ်ညစ်သွားတယ် ...။ နောက်မှ ပေးလို့ မရဘူးလားဆရာရယ် လို့ ပြောလိုက်ချင်ပေမယ့် ... အားနာတဲ့ စိတ်တစ်ခုကြောင့်ပြောမထွက်ခဲ့ဘူး ...။

“ ကျွန်တော်က ခင်ဗျားကို HIV ရောဂါပိုးအကြောင်းလေး နဲနဲရှင်းပြမလို့ပါ ... ”

“ ဗျာ ... ဘာလုပ်ဖို့လဲဗျ ...”

ဒီလောက်နာမည်ကြီးတဲ့ ရောဂါအကြောင်းကို ကျွန်တော်သိတာပဲ ... အဲဒါကို သူလဲရိပ်မိမှာပဲ ...။ ဒါပေမယ့် အဲဒါကို သူက ကျွန်တော့်ကို အထူးအထွေလုပ်ပြီးရှင်းပြချင်တယ်ဆိုတာက ဘာသဘောလဲ ...။ ကျွန်တော့်ကို အခြားသူတွေဆီသွားပြီး ဆင့်ပွားပညာပေးစေချင်လို့လား ...။ ဒါလဲ မဖြစ်နိုင်ပါဘူး ... ။ ဒါဆို ဘာဖြစ်လို့လဲ ...။

“ HIV ရောပါပိုးဆိုတာက လူတွေရဲ့ ကိုယ်ထဲမှာရှိတဲ့ ခုခံစွမ်းအားတွေကို လျှော့ကျစေတဲ့ ရောဂါပိုးမျိုးလေ ... သူ့ချည်းပဲက လူတွေကို ဒုက္ခမပေးပေမယ့် ... အခြားရောဂါတွေ ၀င်လာတဲ့အခါ ... ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုမှ ပြန်ပြီးခုခံနိုင်စွမ်းမရှိတော့ပဲ ... အဲဒီ့ရောဂါတွေရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရတာမျိုးလေ ...
အဲဒီ့တော့ ကိုယ်ကသာ အခြားရောဂါတွေ မ၀င်အောင် ကြံဆောင်နေထိုင်နိုင်မယ်ဆိုရင် အခြားသူတွေလိုပဲ ကောင်းကောင်းမွန်မွန်နေနိုင်ပါတယ် ...”

သူ ဘာတွေ ပြောနေတယ်ဆိုတာ ကျွန်တော် ကြားတစ်ချက်မကြားတစ်ချက်ပါပဲ ... ။ သူပြောနေတာတွေကို စိတ်မ၀င်စားနိုင်အားအောင်ကို ကျွန်တော်ရဲ့အာရုံထဲမှာ ... ငါ့မှာ HIV ရောဂါပိုးတွေ့လို့များ သူ ဒါတွေလာပြောပြနေတာလား မသိဘူးဆိုတဲ့ မေးခွန်းတစ်ခုက နေရာယူထားလိုက်ပြီလေ ...။ အဲဒါကြောင့်ပဲ သူ စကားစ နဲနဲ ပြတ်သွားတာကို အခွင့်ကောင်းယူပြီး ကျွန်တော် အမြန်အမြန်ပဲ မေးလိုက်တယ် ...

“ ဆရာ ... ကျွန်တော့်သွေးထဲမှာ ... HIV ရောဂါပိုးတွေ့လို့လား ... ဆရာ ...။ အဲဒါကြောင့် ဆရာ ... ကျွန်တော့် ကို ဒီစကားတွေ လာပြောနေတာလား ... ဆရာ ...”

“HIV ရောဂါပိုးရှိလို့ ဆိုပြီး ဘာမှ စိတ်ပျက်အားလျှော့သွားစရာမရှိပါဘူး ...။ ဖြစ်လာတဲ့ အခြေအနေတစ်ခုကို လက်ခံလိုက်ပြီး ကျွန်တော်တို့တွေ အကောင်းဆုံးရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပဲလေ ...”

အာ ... စိတ်တိုလိုက်တာ ...။ ကျွန်တော်မေးတာကို မဖြေဘူး ... သူပြောချင်တာတွေပဲ လျှောက်ပြောနေတယ် ...။

“ကျေးဇူးတင်ပါတယ် ... ဆရာ ...။ ကျွန်တော် ဒါလေးကိုယူသွားလို့ရပြီလား ... ဆရာ ...”

ကျွန်တော်လဲ စိတ်မရှည်တော့တာနဲ့ ဆေးစစ်လွှာကို ကောက်ကိုင်ပြီးမေးလိုက်တော့ သူက ခေါင်းညိတ်ပြတယ်။
အဲဒါနဲ့ ကျွန်တော်လဲ ... ဆေးစစ်လွှာလေးကို လှမ်းယူလိုက်ပြီး သူ့ရှေ့ကနေ အမြန်ဆုံးထွက်လာခဲ့လိုက်တယ် ...။

“ခင်ဗျား ... ဆွေးနွေးချင်စရာရှိရင် အချိန်မရွေး ကျွန်တော်နဲ့ လာဆွေးနွေးနိုင်ပါတယ် ...”

သူလှမ်းပြောတဲ့ စကားကိုတောင် ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့ပဲ ... အဲဒီ့ဆေးခန်းလေးထဲ ကနေ ကျွန်တော် လှမ်းထွက်လာခဲ့လိုက်တယ် ...။ ကားပေါ်ကို ဘယ်ကနေ ဘယ်လို ရောက်သွားတယ် မသိပါဘူး ... ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်သိလိုက်ချိန်မှာ ကျွန်တော်နေတဲ့ တိုက်ခန်းလေးနားကိုတောင် ကားကရောက်နေပြီ ...။ ကျွန်တော် ... ကားပေါ်ကဆင်းပြီး တိုက်ခန်းလေးကို မသွားခင်မှာပဲ ကားမှတ်တိုင်မှာ ထိုင်နေရင်း လက်ထဲက ဆေးစစ်လွှာစာရွက်လေးကို ဖွင့်ကြည့်ဖို့ ကျွန်တော် အားတွေကို မရမက မွေးယူ နေရတယ် ။ ဆေးခန်းလေးမှာ ဖြစ်သွားတဲ့ အနေအထားနဲ့ ဆရာဝန်ပြောလိုက်တဲ့ စကားတွေရဲ့ အသွားအလာကို ထောက်ရှုရင် ကျွန်တော့်မှာ အဲဒီ့ရောဂါရှိနေပြီဆိုတာ သေချာသလောက်ရှိနေပြီပဲ ... ။
ကျွန်တော့်ရဲ့ စိတ်ဓါတ်တွေ ဟိုးအောက်ဆုံးအထိထိုးကျသွားတယ် ...။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ...။
ကျွန်တော် မူးယစ်ဆေးသုံးတဲ့ကောင်လဲ မဟုတ်ပါဘူး၊ မိန်းမလိုက်စားနေတဲ့သူလဲ မဟုတ်ဘူး ...။ ဒါပေမယ့် ... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ...။ အခြားဖြစ်နိုင်ခြေတွေ အများကြီးရှိတာပဲလေ ... ဆိုတဲ့အသိက ကျွန်တော့်ရဲ့ သံသယတွေကို လက်ခံလိုက်ဖို့ ဆွဲညှိယူသွားတယ် ...။

“ ဟေ့ကောင် ... မင်း ပြန်မလာသေးဘူးလား ... ငါ ထမင်းစားဖို့စောင့်နေတယ်”

အိမ်မှာအတူနေတဲ့ သူငယ်ချင်းဆီက မက်ဆေ့ခ်ျဝင်လာတယ် ...။

“ ငါ ပြန်မလာသေးဘူး ... စားနှင့်လိုက် ” လို့ ကျွန်တော် ပြန်ပို့လိုက်တယ် ...။ ကျွန်တော့်မှာသာ ဒီရောဂါရှိတယ်ဆိုတာ သိရင် သူငယ်ချင်းက ကျွန်တော်နဲ့အတူတူ ထမင်းကို တစ်ဝိုင်းတည်းစားဦးမှာလား ...။
ဘာမှတော့ မဆိုင်ပေမယ့် မသေချာဘူး ...။ ကျွန်တော် အိမ်မပြန်သေးဘူးလို့ ဆုံးဖြတ်ပြီး အနီးဆုံး ကမ်းနားတစ်နေရာကို သွားဖို့ စဉ်းစားလိုက်တယ် ...။ ကျွန်တော့်ရဲ့ အာရုံထဲမှာ ကျွန်တော် ပြန်အလာကို စောင့်မျှော်နေမယ့် ... ချစ်သူရဲ့ မျက်နှာလေးကို မြင်ယောင်လာတယ် ...။ သေချာတယ် ... ကျွန်တော် သူနဲ့ဝေးရတော့မယ် ...။ ဘယ်တော့မှ မခွဲပါဘူးဆိုတဲ့ သစ္စာစကားတွေနဲ့ ... ပြန်လည်ဆုံတွေ့မယ့် အချိန်တစ်ခု ကို အလွမ်းတွေထွေးပွေ့ပြီး မျှော်နေကြတဲ့ ကျွန်တော်တို့နှစ်ယောက် အခု ဝေးရတော့မယ် ...။ သူလက်ခံနိုင်ပါ့ မလားဆိုတဲ့ အတွေးကို ကျွန်တော် မတွေးဖြစ်ပါဘူး ...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ခံရမယ့် အပြစ်တစ်ခုကို သူ့အတွက်လဲ မျှဝေမပေးချင်တော့ဘူး ...။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ...။ အမှန်အတိုင်းဖွင့်ပြောပြီး ... သူမနဲ့ ဝေးရာကိုထွက်ပြေးသွားရမလား ...။ အဲဒီ့လိုဆိုရင် သူမက ကျွန်တော့်ကိုသွားခွင့်ပြုမှာလား ...။ ဒါဆိုလဲ ... ဘာမှမပြောပဲ ဒီအတိုင်းကြီးပဲ အဆက်အသွယ်ဖြတ်လိုက်ရမလား ...။ အဲဒီ့လိုဆိုရင်ရော ကျွန်တော်က ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူခံစားနေရတာတွေကို လျှစ်လျှူရှုပြီး အချိန်အကြာကြီး နေနိုင်လို့လား ...။ ကျွန်တော် ဟိုဟိုဒီဒီတွေ စဉ်းစားနေတုန်း ကျွန်တော်တို့ နှစ်ယောက်ထားခဲ့ဖူးတဲ့ ကတိတစ်ခုကိုသွားသတိရလိုက်တယ် ...။

“ တစ်ခုခုကို ဆုံးဖြတ်မယ်ကြံတိုင်း ... နှစ်ယောက်စလုံးစာအတွက် စဉ်းစားရမယ် ... ဟုတ်ပြီနော် ...”

ကျွန်တော်ဘာလုပ်ရမလဲ ... ။ ထွက်ပေါက်မရှိတဲ့ စိတ်ကူးတွေထဲမှာ ရုန်းထွက်မရပဲပိတ်မိနေတဲ့ ကျွန်တော် ... အေးမြတဲ့ လေပြေညင်းရဲ့ အထိအတွေ့ကိုရမှ ... ကမ်းနားကိုရောက်နေပြီပဲဆိုတာကို သတိရလိုက်တယ် ...။ တသွင်သွင်စီးနေတဲ့ မြစ်ရေပြင်ကို ကြည့်ရင်း ... “ မြစ်တစ်မြစ်ထဲမှာ ရေနှစ်ခါချိုးလို့ မရဘူး” ဆိုတဲ့စကားကို သတိရသွားတယ် ...။ ဟုတ်တယ် ...။ လောကကြီးက အပြောင်းအလဲ မြန်တယ် ။ အဲဒါထက် အဲဒီ့လောကြီးထဲမှာနေနေကြတဲ့ လူတွေက ပိုပြီး အပြောင်းအလဲ မြန်တယ် ...။ တခါတခါ ဘ၀ရဲ့ အချိုးအကွေ့ဆိုတာတွေက ... ဘယ်ကိုရောက်သွားမှန်းမသိအောင်ကို အပြောင်းအလဲမြန်လွန်းတယ် ...။ အခုပဲ ကြည့်လေ ...။ မနေ့က ကျွန်တော်ကို ဒီနေ့ထဲကနေ ဘယ်လိုမှပြန်ခေါ်လို့မရတော့ဘူး ...။ မနေ့က ချစ်သူနဲ့ ဖုန်းထဲကနေ စကားတွေဖောင်ဖွဲ့ပြီး ... ပြန်လာတော့မယ်ဆိုတဲ့ စကားကို အခါခါပြောခဲ့တဲ့ကျွန်တော် ... မနေ့က သူငယ်ချင်းတွေနဲ့ အွန်လိုင်းအစည်းအဝေးလေးလုပ်ပြီး ... တိုင်းရေးပြည်ရေးတွေ တွေးနေမိတဲ့ ကျွန်တော် ... မနေ့က ... ရှင်းသန့်နေတဲ့စိတ်တစ်ခုနဲ့ အနုပညာတွေဖန်တီးထုတ်လုပ်နေမိတဲ့ ကျွန်တော် ... အဲဒီ့ ကျွန်တော်တွေကို အခု ဘယ်လိုမှ ပြန်ခေါ်လို့မရတော့ဘူး ...။

“ အား .......................................................................................”

စိတ်ရှိသလောက် အော်ဟစ်ဖောက်ခွဲပစ်လိုက်ချင်ပေမယ့် ... ကိုယ့်အတွေးနဲ့ကိုယ် ဟိုငေးဒီငေးလုပ်နေကြတဲ့ သူတွေ၊ ကိုယ့်ခံစားချက်နဲ့ကိုယ် ... အချိန်ကာလတွေကိုပွေ့ဖက်နေကြတဲ့သူတွေ၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် ... ညနေဆည်းဆာထဲ လက်ပစ်ကူးနေကြတဲ့သူတွေကို အားနာတာနဲ့ ကျွန်တော်တိတ်တိတ်လေးပဲ ကြေကွဲနေရတယ် ...။ ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေက အပြင်ကို ပွင့်အံဖွင့်ချခွင့်မရတာကြောင့် ... အတွင်းထဲမှာပဲ လှိုက်လောင်ပြီး ... ခေါင်းပေါ်ကိုတက်စောင့်တယ် ...။ ကျွန်တော့်ရဲ့ ပါးပြင်ပေါ်ကနေ ပူကနဲခံစား လိုက်ရလို့ လက်နဲ့စမ်းကြည့်တော့ ... မျက်ရည်ပူတွေကိုစမ်းမိတယ် ...။ ကျွန်တော် ငိုနေမိပြီလား ...။ ဘာဖြစ်လို့ ငိုရတာလဲ ... လူတိုင်းတစ်နေ့သေကြရမှာပဲလေ ...။ ဟုတ်တော့ ... ဟုတ်တယ်။ လူတိုင်းတစ်နေ့သေကြရမှာပဲ ... ။“သေနေ့စေ့လို့ သေတာ” တဲ့၊ “သေကံမရောက် သက်မပျောက်” တဲ့ ...။ ဒီစကားတွေက သေခြင်းတရားဆိုတာ ကံတရားနဲ့အများကြီးပတ်သက်တယ်ဆိုတာကို ညွှန်းဆိုနေကြတာပဲ ...။ နောက်ပြီး ... သန်သန်မာမာကြီးက ခေါက်ကနဲသေသွားတာမျိုးတွေ၊ ရောဂါတွေဗလပွနဲ့ အချိန်တော်တော်ကြာ အသက်ရှင်နေကြသေးတဲ့လူမမာတွေကိုလဲ ကျွန်တော်တွေ့နေရတာပဲ ... ။ သေခြင်းတရားနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သင့်သလောက်နားလည်ပေမယ့် ... ဒီရောဂါကြီးနဲ့တော့ မသေချင်တာအမှန်ပါ ...။
ကိုယ်က ဘယ်လိုကြောင့်ပဲ ဒီရောဂါကို ရရ လူတွေရဲ့အမြင်မှာတော့ ကိုယ်ကို နဲနဲလေးစိတ်မသန့်တာမျိုးတွေ ဖြစ်လာနိုင်တယ်လေ ...။ နောက်ပြီး ... ကျွန်တော့်ရဲ့ Work Permit ကိုသက်တမ်းတိုးဖို့အတွက် ဆေးစစ်စရာလိုတယ်ဆိုလို့ ... စစ်ခဲ့တာဆိုတော့ ... ဒီရောဂါရှိနေတယ်ဆို ကျွန်တော်ဒီမှာ ဆက်ပြီး အလုပ်လုပ်လို့မရတော့ဘူးပေါ့ ...။ ဒါဆို အလုပ်လဲ ပြုတ်ပြီပေါ့ ...။

“ အား .................................................................”

ဒီတခါတော့ ဘယ်လိုမှထိမ်းချုပ် မရတော့လို့ ရင်ခေါင်းသံကြီးတစ်ခု ကျွန်တော့်ပါးစပ်ကနေထွက်သွားတယ် ...။ အနီးအနားကနေ ဖြတ်သွားကြတဲ့သူတွေက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်သွားကြတယ် ...။
လူတိုင်းလူတိုင်းမှာ ဘ၀တစ်ဆစ်ချိုးဆိုတာတွေရှိကြတယ်တဲ့ ... ဒါဆို အခုအခြေအနေကလဲ ကျွန်တော့်ရဲ့ ဘ၀တစ်ဆစ်ချိုးပဲပေါ့ ...။ ကောင်းသော ပြောင်းလဲမှုတစ်ခုကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားတဲ့အခါ ... အဲဒီ့ပြောင်းလဲသွားတဲ့ စက္ကန့်ပိုင်းလေးကို Golden Second လို့ ခေါ်တယ်တဲ့ ...။ ဒါဆို အခုလို တမဟုတ်ခြင်း ... စိတ်ဓါတ်တွေကို ဟိုးအောက်ဆုံးအထိထိုးဆင်းသွားစေတဲ့ စက္ကန့်ပိုင်းလေးတစ်ခုကိုရော ... ဘယ်လိုခေါ်မလဲ ... Evil Second လို့ခေါ်ရမှာလား ...။ ထားလိုက်ပါ ... ။ လက်ခံလိုက်ဖို့ ခက်တဲ့ သေချာနေပြီးသားအရာတွေကို
... ဘာမှ ရေရေရာရာမသိတဲ့ဘ၀မျိုး ကျွန်တော်လိုချင်လိုက်တာ ...။

တီ .... တီ .... တီ .... တီ .... တီ

တတီတီမြည်လာတဲ့ဖုန်းကို ကောက်ကိုင်မလို့ကြည့်လိုက်တော့ ရန်ကုန်က ခေါ်တဲ့ဖုန်းဖြစ်နေတယ် ...။ ချစ်သူလား ...၊ အမေလား ...၊ ဒါမှမဟုတ် ... သူငယ်ချင်းတစ်ယောက်ယောက်လား ... ၊ ဘယ်သူပဲဖြစ်ဖြစ်ပါ ... ကျွန်တော်သူတို့ကိုပြောရမယ့် စကားက ... ပြန်လာတော့မယ်ဆိုတဲ့ စကားတစ်ခွန်းတည်းပေါ့ ...။ ဒါပေမယ့် ... ပျော်ရွှင်မှုတွေစိမ့်ဝင်နေတဲ့ နှလုံးသားနဲ့ပြောမယ့် စကားဟုတ်မနေဘူးဆိုတာကိုတော့ သူတို့တွေကို မသိစေချင်ပါဘူး ...။ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ် ...။

“ဟယ်လို ... ဘယ်သူလဲ ...”

“ဟယ်လို ... သားလား ... အမေပါ၊ Work Permit သက်တမ်းတိုးတာ အဆင်ပြေလား ... ၊ သားပြန်လာဖြစ်ဦးမှာ လား ...”

“ ဟုတ်ကဲ့ အမေ ... သားပြန်လာမယ် အမေ ၊ သား ပြန်လာမှာ လုံးဝသေချာတယ် အမေ ၊ ကျန်တာတွေကိုတော့ သားပြန်လာမှပဲ ... အမေတို့ကိုပြောပြတော့မယ်နော် ... အမေတို့အားလုံးနေကောင်းကြတယ် မဟုတ်လား ...”

“ ကောင်းပါတယ် ... သားရဲ့ ... သားသာ အဲဒီ့မှာ နေကောင်းအောင်နေဦးနော် ...”

“ဟုတ်ကဲ့ ... အမေ ... ဟုတ်ကဲ့၊ ဒါပဲနော် ... သားဖုန်းချလိုက်တော့မယ် ”

ကျွန်တော့်ရဲ့စိတ်တွေလုံးဝပြောင်းလဲသွားပြီ ... မနေ့ကနဲ့ ဒီနေ့နဲ့ ကွာသွားတာတစ်ခုက ကျွန်တော် တစ်ခုတည်းပိုသိလိုက်တာပါ ...။ ဒါပေမယ့် အဲဒီ့အသိတစ်ခုတည်းက ကျွန်တော့်ရဲ့စိတ်တစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်တယ် ...။ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ... ကျွန်တော်မသိတော့ဘူး ... ကျွန်တော် တကယ်ကို မသိတော့ပါဘူး ...။

Thursday, January 10, 2008

စင်ကာပူရောက် ဗမာ Blogger များ ဆုံစည်းကြရန် ဖိတ်ကြားခြင်း

စင်ကာပူရောက် ဗမာ Blogger များ ဆုံစည်းကြရန် ဖိတ်ကြားခြင်း

စင်ကာပူရောက် Blog ရေးဖေါ်ရေးဘက် သူငယ်ချင်းများ ထပ်မံဆုံစည်းကြမယ့် အစီအစဉ်လေး တစ်ခုပြုလုပ်ထားပါတယ်။ Blog စာအုပ်ထုတ်ဝေဖို့တုန်းက တခါတွေ့ဆုံကြပြီးကတည်းက ထပ်မတွေ့ဖြစ်ကြတော့လို့ အခုလာမယ့် တနင်္ဂနွေနေ့ ညနေ ၆ နာရီမှာ Esplanade အနားက Outdoor Theatre မှာ ထပ်ဆုံကြဖို့ ဖိတ်ကြားချင်ပါတယ်။ စကားလက်ဆုံပြောကြရင်း မကြာခင်ပုံနှိပ်တော့မယ့် စာအုပ်အကြောင်း၊ စင်ကာပူပြင်ပက သူငယ်ချင်း Blogger တွေအကြောင်း၊ ကျင်းပပြီးခဲ့တဲ့ Seminar အကြောင်းနဲ့ အခြား MBS အကြောင်း စတာလေးတွေ ပြောကြရအောင် စင်ကာပူရောက် Blogger သူငယ်ချင်းအားလုံး လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပထမအကြိမ်တွေ့တုန်းကလိုပဲ အစားအသောက်၊ ပျော်စရာကစားပွဲလေးတွေ၊ ကံစမ်းမဲ စတာတွေ ... စတာတွေကတော့ sponsor ပေးမယ့်လူကို စောင့်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် We Blog ... We Unite ဆိုသလို ဆုံကြရအောင်ပါ။ အခက်အခဲနဲ့ သိချင်တာလေးတွေ ရှိရင် ဒီဖုံးနံပတ်နဲ့ Email လေးတွေကို ဆက်သွယ်ပေးကြပါနော်။

ဇင်ကိုလတ်
9761 9007
hololu@gmail.com

နေဘုန်းလတ်
8199 5648
nayphonelatt@gmail.com

မောင်ပွတ်
9187 1840
oa6.mrpooh@gmail.com

အားလုံးကို ကျေးဇူးအထူးတင်ပြီး အားလုံးပဲ လာရောက်ဆုံတွေ့ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီဖိတ်စာလေးကို ဖတ်မိတဲ့ ပြင်ပက Blogger သူငယ်ချင်းတွေကလည်း စင်ကာပူက မသိသေးတဲ Blogger သူငယ်ချင်းတွေကို အသိပေးလိုက်ပါဦးနော်။

Wednesday, January 2, 2008

ကျွန်တော်နှင့် အိပ်မက်များ (၃)

ကျွန်တော်နှင့် အိပ်မက်များ (၃)

အိပ်မက် (၅)

မြူတွေလိုေ၀၀ါးနေတဲ့ မျက်စိရှေ့ကမြင်ကွင်းကို ကျွန်တော် မမှိတ်မသုန်စိုက်ကြည့်နေမိတယ် ...။ ဘာသံမှ မကြား၊ ဘာကိုမှ မမြင်ရပေမယ့် ... အဲဒီ့ေ၀၀ါးနေတဲ့ မြင်ကွင်းထဲက အရာတစ်ခုခုဟာ ပြတ်ပြတ်သားသားပေါ်လာလိမ့်မယ် လို့ ကျွန်တော့်စိတ်ထဲက အလိုလို သိနေတယ် ...။ အဲဒီ့အချိန်မှာပဲ မြူခိုးတွေလား ... မီးခိုးငွေ့တွေလားဆိုတာ မကွဲပြားတဲ့ အဖြူရောင် အလွှာပါးပါးတွေကို ခွဲထွက်ပြီး လှပပြေပြစ်တဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ရဲ့ မြင်ကွင်းရှေ့ကို တဖြေးဖြေးရောက်လာတယ် ... ။ သူ့ရဲ့အလှ၊ သူ့ရဲ့ အပြုံး၊ နောက် ... သူ့ရဲ့ အချိုးအစားပြေပြစ်လှတဲ့ ခန္ဓာကိုယ် ... အဲဒီ့အရာတွေရဲ့ စွဲဆောင်မှုမှာ ကျွန်တော် ရင်သပ်ရှုမောမှုတစ်ခုနဲ့ ငေးကြည့်နစ်မြောနေမိတယ် ...။ အဲဒီ့အချိန်မှာပဲ သူက ကျွန်တော့်ကို လှမ်းခေါ်တယ် ... ။ ဂီတ ... ချိုမြိန်စူးရှတဲ့ ဂီတ ... နားနှစ်ဖက်ကနေတဆင့် ရင်ထဲ အထိ စီးဆင်းသွားတဲ့ ဂီတ ... တစ်ခွန်းတည်းပဲ ဒါပေမယ့် တစ်သက်တာကြားယောင်နေမယ့် ဂီတ ... ကျွန်တော့်ရဲ့ နှလုံးသားထဲကို စိုက်ဝင်စူးရှသွားတယ် ...။ သူ ကျွန်တော့်အနားကို တဖြေးဖြေးတိုးကပ်လာခြင်းနဲ့ အတူ သင်းထုံမွှေးမြတဲ့ ရနံ့တစ်ခုက ကျွန်တော်ရဲ့ အာရုံထဲကို တစစနဲ့ကျူးကျော်ဝင်ရောက်လာတယ် ...။ ကိုယ်သင်းနံ့ပဲ ... ဓာတုဗေဒနည်းတွေနဲ့ဖော်စပ်ထားတဲ့ ဘယ်လိုအမွှေးနံ့သာမျိုးမှ မပါတဲ့ ... သူမရဲ့ ကိုယ်သင်းနံ့မှာ ... ကျွန်တော့်ရဲ့စိတ်တွေ မိန်းမူးပျော်ဝင်သွားတယ် ...။ အဲဒီ့အချိန်မှာပဲ သူမက ကျွန်တော့်ကို လက်ကမ်းပြီး တစ်ခုခုလှမ်းပေးတယ် ... ။ သူမရဲ့လက်ထဲကိုကြည့်လိုက်တော့ အနီရောင်ပန်းသီး တစ်လုံး ... ၊၊ ကျွန်တော်လှမ်းယူပြီး တစ်ကိုက်ကိုက်လိုက်ချိန်မှာပဲ ... ဒီပန်းသီးရဲ့အရသာက အခြားသောပန်းသီး တွေရဲ့ အရသာနဲ့မတူပဲ ... တမူထူးခြားနေတယ်ဆိုတာကို သိလိုက်ရတယ် ...။ ဒါဟာ ... ချစ်သူပေးတဲ့ ပန်းသီးရဲ့ အရသာလား ...။ ကျွန်တော် ပန်းသီးကို တစ်ကိုက်ပြီး တစ်ကိုက်စားနေတုန်းမှာပဲ သူမ ကျွန်တော်နဲ့ အနီးဆုံးနေရာကိုရောက်လာတယ် ...။ ပြီးတော့ ... သူမရဲ့ နူးညံ့လှတဲ့လက်ကလေးတစ်စုံက ကျွန်တော့်ရဲ့ လက်မောင်းသားတွေကို လာပြီးထိတွေ့မှီခိုကြတယ် ...။ သွားပြီ ... အထိအတွေ့ ... ၊ တဒိတ်ဒိတ်ခုန်နေတဲ့ ကျွန်တော့်ရဲ့နှလုံးသားဟာ မတ်မတ်ရပ်နေတဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြီးထဲကနေခုန်ထွက်ပြီး သူမရဲ့ ခြေတော်ရင်းမှာ ဒူးထောက်ခစားနေတာကို ကျွန်တော်ကိုယ်တိုင်ပြန်မြင်လိုက်ရတယ် ...။ အဲဒီ့လို ခန္ဓာကိုယ်နဲ့ နှလုံးသား တခြားစီဖြစ်သွားချိန်မှာပဲ ကျွန်တော် အိပ်မက်ကနေလန့်နိုးသွားတယ် ...။ အိပ်မက်မှန်းသိပေမယ့် ... စွဲလမ်းမှုတွေကတော့ ရင်နဲ့မမျှကို ကျန်ခဲ့တယ် ...။


အိပ်မက် (၆)

အိပ်မက်ထဲမှာ အိပ်နေတဲ့ ကျွန်တော် အိပ်မက်ထဲမှာပဲ လန့်နိုးသွားတယ် ...။ မျက်နှာကို ကပြာကယာသစ်ပြီး ... လက်ဖက်ရည်ပေါ့စိမ့်တစ်ခွက်သောက်မယ်လို့ စိတ်ကူးလိုက်ချိန်မှာ ကျွန်တော့်ရဲ့လက်က ကော်ဖီမစ် ထုတ်ကို ဖောက်ပြီးဖျော်နေတယ် ...။ အဲဒီ့လိုနဲ့ ကော်ဖီခါးခါးကိုပဲ ရှုံ့ရှုံ့မဲ့မဲ့နဲ့သောက်ပြီးချိန်မှာ ... စာအုပ်တစ်အုပ်လောက်ဖတ်ဦးမှဆိုပြီး ဧည့်ခန်းထဲကို ထွက်ခဲ့တယ် ... ။ ဧည့်ခန်းထဲက စာအုပ်စင်နားကို မရောက်ခင်မှာပဲ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြီးက TVရှေ့မှာ ထိုင်ချပြီး ... ဗွီဒီယိုတစ်ခွေကို ထိုးကြည့် လိုက်တယ် ...။ အဲဒီ့လိုနဲ့ ဗွီဒီယိုလဲ ဆုံးသွားရော ... အပြင်ထွက်ဖို့ပြင်တယ် ... ကားမှတ်တိုင်ကိုသွားပြီး လိုင်းကားလေးတိုးစီးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လျှောက်လာချိန်မှာပဲ ... ကျွန်တော့်ရဲ့ လက်တွေက သွားနေတဲ့ Taxi တစ်စီးကိုလှမ်းတားပြီး ကျွန်တော့်ရဲ့ ပါးစပ်တွေက ဈေးဆစ်ဖို့ကြိုးစားနေကြတယ် ...။ လိုင်းကားစီးမယ်ကွာလို့ ဇွတ်အတင်းငြင်းဖို့ ကြိုးစားချိန်မှာ ကျွန်တော် Taxi ပေါ်ကိုရောက်နေပြီ ...။ အဲဒီ့လိုနဲ့ မြို့ထဲကို ရောက်သွားတယ် ... ။ လမ်းမှာရောင်းနေတဲ့ ဂျာနယ်ဆိုင်ရဲ့ရှေ့မှာရပ်ရင်း ... ဗဟုသုတတိုးရအောင် အင်တာနက်ဂျာနယ်လေး၊ ဘာလေး ၀ယ်ဖတ်မယ်လို့ စဉ်းစားတုန်းမှာ ... လက်က First Eleven ဂျာနယ်ကိုလှမ်းကိုင်တယ် ...။ မ၀ယ်ဘူးကွာလို့ ပြောမယ်ကြံတုန်း ... လက်က ပိုက်ဆံရှင်းပြီးနေပြီ ...။ စိတ်ရှုပ်တယ်ကွာဆိုပြီး အိမ်ပြန်မယ်လုပ်တော့ ... ခန္ဓာကိုယ်ကြီးက ဘီယာဆိုင်ထဲကို ၀င်သွားတယ် ...။ ဟာ ... ဒုက္ခပဲ။ အဲဒီ့လိုနဲ့ အိမ်ကိုပြန်ရောက်လာတော့ ... မအိပ်ခင်လေး ... စာတစ်ပုဒ်လောက်ရေးဦးမှဆိုပြီး ... စားပွဲပေါ်ထိုင်လိုက်ချိန်မှာပဲ ... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြီးက စားပွဲပေါ်မှာ မှောက်ရပ်သားလေး အိပ်ပျော်သွားတယ် ...။ အဲဒီ့အချိန်မှာပဲ ကျွန်တော် အိပ်မက်ထဲကနေ နိုးလာခဲ့တယ် ...။

Monday, December 31, 2007

HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

Hopes accompanied us to the next year's dates

All what we have done are also with us as a shade

Pure the heart for knowing the true rights

Pure the mind for making the best times

You are the one who can manage to earn both cold and warm

New Year is the one that remind u to value the length of time

Every change won't be same what you want to gain

We have to try again to attain the various aims

Your view can be changed according to your brain

Every point of view can make you in sane

A man should be a man who can take responsibility of his stand

Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.

ဘာရယ်မဟုတ်ပါဘူး ... အင်တာနက်ထဲမှာ လိုက်ရှာရင်းနဲ့ Happy New Year ဆိုတာကို အမျိုးမျိုး ကဗျာလေးတွေစပ်ထားကြတာ တွေ့လိုက်တာနဲ့ ကျွန်တော်လဲ ကိုယ့်ဖာသာကို အဲဒါမျိုးလေး စပ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ... လျှောက်ရေးမိတာလေးပါ ...။ နှစ်သစ်ကူး အထိမ်းအမှတ်သဘောကို မဆောင်ရင်တော့လဲ ဆောရီးပါ ...။ နှစ်သစ်တစ်ခုအတွက် ကျွန်တော်က ပေးတဲ့ စကားလက်ဆောင်လေးလို့ပဲ သဘောထား စေချင်ပါတယ် ...။

Hopes accompanied us to the next year's dates

နှစ်သစ်ရဲ့နေ့စွဲတွေထဲကို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက အတူလိုက်ပါလာကြတယ် ...။
ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဘာတစ်ခုမျှမှ ဖြစ်မလာသေးတာလေ ... အဲဒီ့တော့လဲ အဲဒီ့မျှော်လင့်ခြင်းတွေကို နှစ်သစ်တစ်ခုထဲကို ကျွန်တော်တို့ ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရမှာ အသေအချာပဲပေါ့ ...။

All what we have done are also with us as a shade

ကျွန်တော်တို့လုပ်ပြီးခဲ့တဲ့ အရာတွေကလည်း ကျွန်တော်တို့ရဲ့နောက်ကနေ အရိပ်တွေလို ကပ်ပါလာကြတယ် ...။
ကောင်းမှုတွေလုပ်ခဲ့သလား၊ မကောင်းမှုတွေလုပ်ခဲ့သလား အဲဒါတွေရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့တွေ နှစ်ဟောင်းထဲမှာ ထားခဲ့လို့မရပါဘူး ...။ ဗုဒ္ဓဘာသာဝင်တွေပီပီ ကံကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက် ၀ဋ်ပြန်ခံဖို့ ကျွန်တော် တို့တွေ ကြိုတွေးထားသင့်ပါတယ် ... ။


Pure the heart for knowing the true rights

စစ်မှန်တဲ့အခွင့်အရေးတွေကိုသိဖို့အတွက် ... ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုသန့်စင်ထားကြမယ် ။
ကျွန်တော်တို့တွေဟာ လူရယ်လို့ဖြစ်လာပြီဆိုရင် လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အခွင့်အရေးဆိုတာ ဘာတွေကိုပြောတာလဲ ဆိုတဲ့မေးခွန်းကို ကိုယ်ကိုယ်တိုင်အတွက်ရော သူများတွေအတွက်ပါ ဖြေနိုင်ဖို့ ကြိုးစားထားသင့်ပါတယ် ...။ လူတွေရဲ့စစ်မှန်တဲ့အခွင့်အရေးဆိုတာကို သိနိုင်ဖို့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ သန့်စင်နေဖို့လိုပါတယ် ...။ နှလုံးသားတွေမသန့်စင်ဘူးဆိုရင် ... ကိုယ့်အတွက် အခွင့်အရေးကို တိုးတွက် တတ်ပြီး သူများရဲ့အခွင့်အရေးတွေကိုတော့ လျှော့တွက်တတ်ပါတယ် ...။ ဒါကြောင့် နှလုံးသားတွေကို သန့်စင်ပြီး ... လူတိုင်းရဲ့ အခွင့်အရေးတွေကို သိနေအောင် ကျွန်တော်တို့ကြိုးစားကြပါစို့ဗျာ ...။

Pure the mind for making the best times

အကောင်းဆုံး အချိန်ကာလတွေကို ဖန်တီးဖို့ ... ကျွန်တော်တို့ရဲ့ စိတ်တွေကို သန့်စင်ထားကြမယ် ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမတစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကျန်ခဲ့မှာဖြစ်ပေမယ့် ...။ အဲဒီ့ အတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ အမည်နာမ အသစ် တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက်လာမယ်ဆိုတာ အသေအချာပါပဲ ...။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေတင်ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှော်ခေတ်ကလူတွေ သူတို့ရဲ့အချိန်ကာလ တွေကို ဘယ်လိုကုန်ဆုံးစေကြပြီး ဘာတွေကိုဖန်တီးနေကြသလဲ ဆိုတဲ့ အပေါ်မှာ အများကြီးမူတည်ပါတယ် ...။ ကျွန်တော်တို့တွေ အချိန်ကာလတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ဆိုတဲ့ နေရာမှာလဲ အရေးအကြီးဆုံးကတော့ စိတ်တွေ သန့်စင်မွန်မြတ်နေကြဖို့ပဲဖြစ်ပါတယ် ...။ စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့ကတော့ ... အချိန်ကာလတွေက ညစ်ပေမှောင်မှိုင်းနေမှာဖြစ်သလို အဲဒီ့ခေတ်ရဲ့ သမိုင်းဟာလဲ နှောင်းလူတွေရဲ့ခေတ်မှာ ရိုင်းစိုင်းနေမှာသေချာပါတယ် ...။

You are the one who can manage to earn both cold and warm

သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆိုရယူနိုင်အောင် ထိမ်းကွပ်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တယ် ...။
လောကဟာ ဆန့်ကျင်ဘက်တွေများစွာနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ... လူတို့ရဲ့ အသိုင်းအ၀န်းတစ်ခုပါ ...။ အကောင်းလား အဆိုးလား၊ အနိုင်လား အရှုံးလား ၊ အချစ်လား အမုန်းလား ဘယ်အရာကိုပဲ သင်ရနေသလဲဆိုတာဟာ သင့်ရဲ့ လက်ထဲမှာပဲရှိတဲ့ သင်တစ်ယောက်တည်းပိုင်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် ...။
သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုးအပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့ ... အဲဒါတွေ အားလုံးဟာ သင်ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေပါပဲ ...။

New Year is the one that remind u to value the length of time

နှစ်သစ်တစ်ခုဆိုတာ အချိန်ကာလကို ကျွန်တော်တို့တန်ဖိုးထားတတ်စေဖို့ ကျွန်တော်တို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ ...။
ဟုတ်ပါတယ် ...။ တခါတခါမှာ ဘ၀ထဲမှာ ရုန်းကန်လှုပ်ရှားနေရလို့ပဲဖြစ်ဖြစ် ၊ ဘ၀ရဲ့ အနှစ်သာရတွေမှာ ပျော်ပါးယစ်မူးနေလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရားဆိုတာကို မေ့လျှော့နေတတ်ကြပါတယ် ...။ နှစ်သစ်တစ်ခုကိုကူးတော့မှာ ... “ သြော် ... ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပါရောလား ” “ သြော် ... ငါတို့တောင်သေဖို့ တစ်နှစ်ပိုနီးလာပြီပဲ” ဆိုတာမျိုးကို သတိရတတ်ကြတာပါ ...။ အဲဒီလို့ သတိရတတ်နေရင်ပဲ မဆိုးဘူးလို့ ဆိုရမှာပါပဲ ...။

Every change won't be same what you want to gain

ပြောင်းလဲမှုတိုင်းဟာ ကျွန်တော်တို့လိုချင်တာတွေနဲ့ အမြဲတမ်းထပ်တူကျချင်မှ ကျမှာပါ ...။

အရာရာပြောင်းလဲ နေတဲ့လောကကြီးမှာ အချို့သောပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျမနေတာမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ် ...။ ဒါဟာ သဘာဝတရားဆိုတာကို ကျွန်တော်တို့ လက်ခံထားဖို့လိုပါတယ် ...။ ဘ၀ရဲ့ ပြဿနာဆိုတာဟာ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပုံသေနည်းတွေထဲ ထည့်တွက်လို့ ရတဲ့ အရာတွေမဟုတ်ပါဘူး ...။ အရာရာတိုင်းမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလားဘူးဆိုရင် ဆိုတဲ့ အခြေအနေတစ်ခုကို ... ကျွန်တော်တို့ အမြဲတမ်းထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါလိမ့်မယ် ...။

We have to start again to attain the various aims

နှစ်သစ်တစ်ခုရောက်တိုင်းမှာ အမျိုးမျိုးသော ရည်မှန်းချက်တွေကို ရရှိဖို့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။
ဘ၀ဆိုတာ အရွယ်ရောက်လာတဲ့ အချိန်ကစလို့ သေဆုံးသွားချိန်အထိ ပုံသဏ္ဍာန်အမျိုးမျိုးသော ရည်မှန်းချက် တွေ အတွက် အမြဲတမ်းကြိုးစားနေကြရတဲ့ ... သံသရာရဲ့ အချိန်အပိုင်းအခြားတစ်ခုပါပဲ ...။ ရည်မှန်းချက်တစ်ခုပြီးသွားတော့လဲ နောက်ထပ်ရည်မှန်းချက်တစ်ခုက ထပ်ပေါ်လာတာပါပဲ ...။ အဲဒီ့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။ ဒီသဘောတရားကိုလဲ ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ...။

Your view can be changed according to your brain

သင့်ရဲ့ဦးနှောက်(အသိဥာဏ်၊ အတွေးအခေါ်)ကိုလိုက်ပြီး သင့်ရဲ့ အမြင်တွေပြောင်းလဲနေမှာပါ ...။
ဦးနှောက်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမယ်ဆိုရင် ... အသိဥာဏ်၊ အတွေးအမြင်တွေလို့ မြင်လို့ရပါတယ် ...။ လူတစ်ဦးတစ်ယောက်ရဲ့ အသိဥာဏ်၊ အတွေးအမြင်ကို လိုက်ပြီး သူ့ရဲ့ အရာရာကို သုံးသပ်ရှုမြင်တဲ့ အမြင်ဟာလဲ မတူညီပဲကွဲလွဲသွားတတ်ပါတယ် ...။ အသိဥာဏ်နုံနဲ့ညံ့ဖျင်းသူတွေရဲ့ အချို့သော လုပ်ရပ်တွေမှာ ကျွန်တော်တို့တွေ မှင်သက်အံ့သြနေကြရတဲ့ အဖြစ်တွေရှိခဲ့ကြဖူးပါတယ် ... အဲဒီလို အဖြစ်မျိုးဖြစ်ရတာဟာ သူတို့ရဲ့ လူစဉ်မမီတဲ့ အသိဥာဏ်၊ မပြည့်ဝမရင့်ကျက်တဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ရတာဆိုတာကို ကျွန်တော်တို့နားလည်ထားရပါမယ် ...။

Every point of view without brain can make you in sane

အသိဥာဏ်ကင်းမဲ့တဲ့ ရှုထောင့်တိုင်းက သင့်ကို ရူးသွားစေနိုင်ပါတယ်။
အထင်မှား အမြင်မှားနေကြတဲ့သူတွေ၊ အဖြစ်အပျက်တစ်ခုကို ရှုထောင့်အမှားကနေ ကြည့်နေကြတဲ့သူတွေဟာ အရူးတွေလိုဖြစ်ပြီး ကမ္ဘာလောကကိုအကျည်းတန်အောင် ဖျက်ဆီးနေကြတာ အားလုံး မြင်နေတွေ့နေ ကြရပါတယ် ...။ အဲဒါတွေကို နမူနာယူပြီး ခင်ဗျားတို့ ကျွန်တော်တို့လဲ ... ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် ရှုထောင့်အမှားကနေမကြည့်မိဖို့နဲ့ အသိဥာဏ်နဲ့မယှဉ်တဲ့အမြင်နဲ့ မသုံးသပ်မိဖို့ကို ကြိုးစားကြဖို့လိုပါတယ်။

A man should be a man who can take responsibility of his stand

လူဆိုတာ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်တာဝန်ယူရဲတဲ့သူပဲဖြစ်သင့်ပါတယ် ...။

လုပ်ချင်တာတွေကို လုပ်တုန်းကလုပ်ခဲ့ပြီး ပြီးတော့မှာ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချလုပ်နေတာဟာ တာဝန်မသိတတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူပါ ...။ နေရာတိုင်းနေရာတိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာရှိပါတယ် ...။ ကိုယ်ယူထားတဲ့နေရာနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အရာရာကိုလုပ်ပြီး ရပိုင်ခွင့်အရာရာ ကို တစ်ခုမကျန်သိမ်းကျုံးယူနေပေမယ့် ... အဲဒီ့နေရာရဲ့ တာဝန်ရှိမှုအပိုင်းကိုတော့ သူမဟုတ်သလို လုပ်နေခြင်းဟာ ... စိတ်ဓါတ်အောက်တန်းကျသူတွေရဲ့ စရိုက်လက္ခဏာပါ ...။ ကျွန်တော်တို့အားလုံး စိတ်ဓါတ်မြင့်မြတ်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်ပါတယ် ...။


Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.
နှစ်ဟောင်းမှာ လုပ်စရာတွေကျန်နေသေးသရွေ့ နှစ်သစ်ဆီကို သင် ရှင်းရှင်းလင်းလင်းထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိရပါ ...။
ကျွန်တော်တို့ ဘယ်လိုပဲ ထားခဲ့တယ်ပြောပြော ပါလာမယ့်အရာတွေ အများကြီးပါ ...။ ထားခဲ့လို့ မရတာတွေ ၊ ထားခဲ့ဖို့ မသင့်တာတွေ၊ ထားခဲ့ဖို့ မလွယ်တာတွေ အများကြီးကို နှစ်သစ်တစ်ခုဆီ ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားကြရမှာပါပဲ ...။ ကျွန်တော်တို့လုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်တွေရဲ့ အကျိုးဆက်တွေကလဲ ကျွန်တော်တို့ နဲ့အတူ ၂၀၀၈ ကိုလိုက်လာမှာပါပဲ ... ။ ကျွန်တော်တို့ ဆပ်စရာရှိတဲ့ အကြွေးတွေကလည်း ဆပ်လို့မကုန်သေးသရွေ့ နှစ်သစ်တွေနောက်ကို လိုက်လိုက်လာမှာပါပဲ ...။ နှစ်သစ်ကိုကူးသွားလို့ ... နှစ်ဟောင်းမှာ အားလုံးကျန်ခဲ့ပြီလို့ထင်ရင်တော့ အားလုံးမှားကုန်မှာဖြစ်ပါတယ် ...။