Pages

Monday, December 31, 2007

HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

Hopes accompanied us to the next year's dates

All what we have done are also with us as a shade

Pure the heart for knowing the true rights

Pure the mind for making the best times

You are the one who can manage to earn both cold and warm

New Year is the one that remind u to value the length of time

Every change won't be same what you want to gain

We have to try again to attain the various aims

Your view can be changed according to your brain

Every point of view can make you in sane

A man should be a man who can take responsibility of his stand

Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.

ဘာရယ်မဟုတ်ပါဘူး ... အင်တာနက်ထဲမှာ လိုက်ရှာရင်းနဲ့ Happy New Year ဆိုတာကို အမျိုးမျိုး ကဗျာလေးတွေစပ်ထားကြတာ တွေ့လိုက်တာနဲ့ ကျွန်တော်လဲ ကိုယ့်ဖာသာကို အဲဒါမျိုးလေး စပ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ... လျှောက်ရေးမိတာလေးပါ ...။ နှစ်သစ်ကူး အထိမ်းအမှတ်သဘောကို မဆောင်ရင်တော့လဲ ဆောရီးပါ ...။ နှစ်သစ်တစ်ခုအတွက် ကျွန်တော်က ပေးတဲ့ စကားလက်ဆောင်လေးလို့ပဲ သဘောထား စေချင်ပါတယ် ...။

Hopes accompanied us to the next year's dates

နှစ်သစ်ရဲ့နေ့စွဲတွေထဲကို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက အတူလိုက်ပါလာကြတယ် ...။
ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဘာတစ်ခုမျှမှ ဖြစ်မလာသေးတာလေ ... အဲဒီ့တော့လဲ အဲဒီ့မျှော်လင့်ခြင်းတွေကို နှစ်သစ်တစ်ခုထဲကို ကျွန်တော်တို့ ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရမှာ အသေအချာပဲပေါ့ ...။

All what we have done are also with us as a shade

ကျွန်တော်တို့လုပ်ပြီးခဲ့တဲ့ အရာတွေကလည်း ကျွန်တော်တို့ရဲ့နောက်ကနေ အရိပ်တွေလို ကပ်ပါလာကြတယ် ...။
ကောင်းမှုတွေလုပ်ခဲ့သလား၊ မကောင်းမှုတွေလုပ်ခဲ့သလား အဲဒါတွေရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့တွေ နှစ်ဟောင်းထဲမှာ ထားခဲ့လို့မရပါဘူး ...။ ဗုဒ္ဓဘာသာဝင်တွေပီပီ ကံကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက် ၀ဋ်ပြန်ခံဖို့ ကျွန်တော် တို့တွေ ကြိုတွေးထားသင့်ပါတယ် ... ။


Pure the heart for knowing the true rights

စစ်မှန်တဲ့အခွင့်အရေးတွေကိုသိဖို့အတွက် ... ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုသန့်စင်ထားကြမယ် ။
ကျွန်တော်တို့တွေဟာ လူရယ်လို့ဖြစ်လာပြီဆိုရင် လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အခွင့်အရေးဆိုတာ ဘာတွေကိုပြောတာလဲ ဆိုတဲ့မေးခွန်းကို ကိုယ်ကိုယ်တိုင်အတွက်ရော သူများတွေအတွက်ပါ ဖြေနိုင်ဖို့ ကြိုးစားထားသင့်ပါတယ် ...။ လူတွေရဲ့စစ်မှန်တဲ့အခွင့်အရေးဆိုတာကို သိနိုင်ဖို့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ သန့်စင်နေဖို့လိုပါတယ် ...။ နှလုံးသားတွေမသန့်စင်ဘူးဆိုရင် ... ကိုယ့်အတွက် အခွင့်အရေးကို တိုးတွက် တတ်ပြီး သူများရဲ့အခွင့်အရေးတွေကိုတော့ လျှော့တွက်တတ်ပါတယ် ...။ ဒါကြောင့် နှလုံးသားတွေကို သန့်စင်ပြီး ... လူတိုင်းရဲ့ အခွင့်အရေးတွေကို သိနေအောင် ကျွန်တော်တို့ကြိုးစားကြပါစို့ဗျာ ...။

Pure the mind for making the best times

အကောင်းဆုံး အချိန်ကာလတွေကို ဖန်တီးဖို့ ... ကျွန်တော်တို့ရဲ့ စိတ်တွေကို သန့်စင်ထားကြမယ် ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမတစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကျန်ခဲ့မှာဖြစ်ပေမယ့် ...။ အဲဒီ့ အတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ အမည်နာမ အသစ် တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက်လာမယ်ဆိုတာ အသေအချာပါပဲ ...။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေတင်ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှော်ခေတ်ကလူတွေ သူတို့ရဲ့အချိန်ကာလ တွေကို ဘယ်လိုကုန်ဆုံးစေကြပြီး ဘာတွေကိုဖန်တီးနေကြသလဲ ဆိုတဲ့ အပေါ်မှာ အများကြီးမူတည်ပါတယ် ...။ ကျွန်တော်တို့တွေ အချိန်ကာလတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ဆိုတဲ့ နေရာမှာလဲ အရေးအကြီးဆုံးကတော့ စိတ်တွေ သန့်စင်မွန်မြတ်နေကြဖို့ပဲဖြစ်ပါတယ် ...။ စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့ကတော့ ... အချိန်ကာလတွေက ညစ်ပေမှောင်မှိုင်းနေမှာဖြစ်သလို အဲဒီ့ခေတ်ရဲ့ သမိုင်းဟာလဲ နှောင်းလူတွေရဲ့ခေတ်မှာ ရိုင်းစိုင်းနေမှာသေချာပါတယ် ...။

You are the one who can manage to earn both cold and warm

သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆိုရယူနိုင်အောင် ထိမ်းကွပ်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တယ် ...။
လောကဟာ ဆန့်ကျင်ဘက်တွေများစွာနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ... လူတို့ရဲ့ အသိုင်းအ၀န်းတစ်ခုပါ ...။ အကောင်းလား အဆိုးလား၊ အနိုင်လား အရှုံးလား ၊ အချစ်လား အမုန်းလား ဘယ်အရာကိုပဲ သင်ရနေသလဲဆိုတာဟာ သင့်ရဲ့ လက်ထဲမှာပဲရှိတဲ့ သင်တစ်ယောက်တည်းပိုင်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် ...။
သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုးအပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့ ... အဲဒါတွေ အားလုံးဟာ သင်ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေပါပဲ ...။

New Year is the one that remind u to value the length of time

နှစ်သစ်တစ်ခုဆိုတာ အချိန်ကာလကို ကျွန်တော်တို့တန်ဖိုးထားတတ်စေဖို့ ကျွန်တော်တို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ ...။
ဟုတ်ပါတယ် ...။ တခါတခါမှာ ဘ၀ထဲမှာ ရုန်းကန်လှုပ်ရှားနေရလို့ပဲဖြစ်ဖြစ် ၊ ဘ၀ရဲ့ အနှစ်သာရတွေမှာ ပျော်ပါးယစ်မူးနေလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရားဆိုတာကို မေ့လျှော့နေတတ်ကြပါတယ် ...။ နှစ်သစ်တစ်ခုကိုကူးတော့မှာ ... “ သြော် ... ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပါရောလား ” “ သြော် ... ငါတို့တောင်သေဖို့ တစ်နှစ်ပိုနီးလာပြီပဲ” ဆိုတာမျိုးကို သတိရတတ်ကြတာပါ ...။ အဲဒီလို့ သတိရတတ်နေရင်ပဲ မဆိုးဘူးလို့ ဆိုရမှာပါပဲ ...။

Every change won't be same what you want to gain

ပြောင်းလဲမှုတိုင်းဟာ ကျွန်တော်တို့လိုချင်တာတွေနဲ့ အမြဲတမ်းထပ်တူကျချင်မှ ကျမှာပါ ...။

အရာရာပြောင်းလဲ နေတဲ့လောကကြီးမှာ အချို့သောပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျမနေတာမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ် ...။ ဒါဟာ သဘာဝတရားဆိုတာကို ကျွန်တော်တို့ လက်ခံထားဖို့လိုပါတယ် ...။ ဘ၀ရဲ့ ပြဿနာဆိုတာဟာ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပုံသေနည်းတွေထဲ ထည့်တွက်လို့ ရတဲ့ အရာတွေမဟုတ်ပါဘူး ...။ အရာရာတိုင်းမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလားဘူးဆိုရင် ဆိုတဲ့ အခြေအနေတစ်ခုကို ... ကျွန်တော်တို့ အမြဲတမ်းထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါလိမ့်မယ် ...။

We have to start again to attain the various aims

နှစ်သစ်တစ်ခုရောက်တိုင်းမှာ အမျိုးမျိုးသော ရည်မှန်းချက်တွေကို ရရှိဖို့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။
ဘ၀ဆိုတာ အရွယ်ရောက်လာတဲ့ အချိန်ကစလို့ သေဆုံးသွားချိန်အထိ ပုံသဏ္ဍာန်အမျိုးမျိုးသော ရည်မှန်းချက် တွေ အတွက် အမြဲတမ်းကြိုးစားနေကြရတဲ့ ... သံသရာရဲ့ အချိန်အပိုင်းအခြားတစ်ခုပါပဲ ...။ ရည်မှန်းချက်တစ်ခုပြီးသွားတော့လဲ နောက်ထပ်ရည်မှန်းချက်တစ်ခုက ထပ်ပေါ်လာတာပါပဲ ...။ အဲဒီ့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။ ဒီသဘောတရားကိုလဲ ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ...။

Your view can be changed according to your brain

သင့်ရဲ့ဦးနှောက်(အသိဥာဏ်၊ အတွေးအခေါ်)ကိုလိုက်ပြီး သင့်ရဲ့ အမြင်တွေပြောင်းလဲနေမှာပါ ...။
ဦးနှောက်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမယ်ဆိုရင် ... အသိဥာဏ်၊ အတွေးအမြင်တွေလို့ မြင်လို့ရပါတယ် ...။ လူတစ်ဦးတစ်ယောက်ရဲ့ အသိဥာဏ်၊ အတွေးအမြင်ကို လိုက်ပြီး သူ့ရဲ့ အရာရာကို သုံးသပ်ရှုမြင်တဲ့ အမြင်ဟာလဲ မတူညီပဲကွဲလွဲသွားတတ်ပါတယ် ...။ အသိဥာဏ်နုံနဲ့ညံ့ဖျင်းသူတွေရဲ့ အချို့သော လုပ်ရပ်တွေမှာ ကျွန်တော်တို့တွေ မှင်သက်အံ့သြနေကြရတဲ့ အဖြစ်တွေရှိခဲ့ကြဖူးပါတယ် ... အဲဒီလို အဖြစ်မျိုးဖြစ်ရတာဟာ သူတို့ရဲ့ လူစဉ်မမီတဲ့ အသိဥာဏ်၊ မပြည့်ဝမရင့်ကျက်တဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ရတာဆိုတာကို ကျွန်တော်တို့နားလည်ထားရပါမယ် ...။

Every point of view without brain can make you in sane

အသိဥာဏ်ကင်းမဲ့တဲ့ ရှုထောင့်တိုင်းက သင့်ကို ရူးသွားစေနိုင်ပါတယ်။
အထင်မှား အမြင်မှားနေကြတဲ့သူတွေ၊ အဖြစ်အပျက်တစ်ခုကို ရှုထောင့်အမှားကနေ ကြည့်နေကြတဲ့သူတွေဟာ အရူးတွေလိုဖြစ်ပြီး ကမ္ဘာလောကကိုအကျည်းတန်အောင် ဖျက်ဆီးနေကြတာ အားလုံး မြင်နေတွေ့နေ ကြရပါတယ် ...။ အဲဒါတွေကို နမူနာယူပြီး ခင်ဗျားတို့ ကျွန်တော်တို့လဲ ... ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် ရှုထောင့်အမှားကနေမကြည့်မိဖို့နဲ့ အသိဥာဏ်နဲ့မယှဉ်တဲ့အမြင်နဲ့ မသုံးသပ်မိဖို့ကို ကြိုးစားကြဖို့လိုပါတယ်။

A man should be a man who can take responsibility of his stand

လူဆိုတာ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်တာဝန်ယူရဲတဲ့သူပဲဖြစ်သင့်ပါတယ် ...။

လုပ်ချင်တာတွေကို လုပ်တုန်းကလုပ်ခဲ့ပြီး ပြီးတော့မှာ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချလုပ်နေတာဟာ တာဝန်မသိတတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူပါ ...။ နေရာတိုင်းနေရာတိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာရှိပါတယ် ...။ ကိုယ်ယူထားတဲ့နေရာနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အရာရာကိုလုပ်ပြီး ရပိုင်ခွင့်အရာရာ ကို တစ်ခုမကျန်သိမ်းကျုံးယူနေပေမယ့် ... အဲဒီ့နေရာရဲ့ တာဝန်ရှိမှုအပိုင်းကိုတော့ သူမဟုတ်သလို လုပ်နေခြင်းဟာ ... စိတ်ဓါတ်အောက်တန်းကျသူတွေရဲ့ စရိုက်လက္ခဏာပါ ...။ ကျွန်တော်တို့အားလုံး စိတ်ဓါတ်မြင့်မြတ်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်ပါတယ် ...။


Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.
နှစ်ဟောင်းမှာ လုပ်စရာတွေကျန်နေသေးသရွေ့ နှစ်သစ်ဆီကို သင် ရှင်းရှင်းလင်းလင်းထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိရပါ ...။
ကျွန်တော်တို့ ဘယ်လိုပဲ ထားခဲ့တယ်ပြောပြော ပါလာမယ့်အရာတွေ အများကြီးပါ ...။ ထားခဲ့လို့ မရတာတွေ ၊ ထားခဲ့ဖို့ မသင့်တာတွေ၊ ထားခဲ့ဖို့ မလွယ်တာတွေ အများကြီးကို နှစ်သစ်တစ်ခုဆီ ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားကြရမှာပါပဲ ...။ ကျွန်တော်တို့လုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်တွေရဲ့ အကျိုးဆက်တွေကလဲ ကျွန်တော်တို့ နဲ့အတူ ၂၀၀၈ ကိုလိုက်လာမှာပါပဲ ... ။ ကျွန်တော်တို့ ဆပ်စရာရှိတဲ့ အကြွေးတွေကလည်း ဆပ်လို့မကုန်သေးသရွေ့ နှစ်သစ်တွေနောက်ကို လိုက်လိုက်လာမှာပါပဲ ...။ နှစ်သစ်ကိုကူးသွားလို့ ... နှစ်ဟောင်းမှာ အားလုံးကျန်ခဲ့ပြီလို့ထင်ရင်တော့ အားလုံးမှားကုန်မှာဖြစ်ပါတယ် ...။

Sunday, December 30, 2007

သံလွင်အိပ်မက်ကို ဆက်မက်ကြမယ် ...

သံလွင်အိပ်မက်ကို ဆက်မက်ကြမယ် ...

သုံးလတစ်ကြိမ်ထုတ်ဝေနေတဲ့ သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်းရဲ့ ၁၂ကြိမ်မြောက် အစ်ရှူးကို အောက်တိုဘာလမှာ စာဖတ်သူများရဲ့ မျက်စိရှေ့မှောက်ကို အရောက်ပို့ပေးနိုင်ခြင်းမရှိခဲ့ပါဘူး …။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့ပါတယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ပ်ဆိုက်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရပါတယ်။ အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး သံလွင်အိပ်မက်အွန်လိုင်းမဂ္ဂဇင်းတစ်ခု world wide web ဆိုတဲ့ ကမ္ဘာအနှံဖြန့်ကျက်ထားတဲ့ ကွန်ယက်ကြီးပေါ်မှာ ခန့်ခန့်ထည်ထည်နဲ့ ယခု အချိန်ထိရပ်တည်နိုင်ဖို့အတွက် အသက်သွေးကြော ပမာဖြစ်ခဲ့တဲ့ သံလွင်အိပ်မက်ကို အစဉ်တဆိုက်စောင့်မျှော်အားပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကို ကျွန်တော်တို့သံလွင်အိပ်မက်အဖွဲ့သားများ အနေနဲ့ အနူးအညွတ်တောင်းပန်လိုပါတယ် …။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ပေါ့လျှော့မှုကြောင့် စိတ်ကသိကအောက် ဖြစ်ခဲ့ကြရတဲ့ စာဖတ်ပရိသတ်တွေရဲ့ စိတ်ခံစားမှုတွေကို… အကောင်းဆုံးပြင်ဆင်မွမ်းမံထားတဲ့ အနှစ်သာရပြည့်ဝတဲ့ စာပေလက်ရာမွန်တွေနဲ့သာ ပြန်လည်ချွေးသိပ် ပေးနိုင်လိမ့်မယ်လို့လဲ ကျွန်တော်တို့ ယုံကြည်ထားပါတယ် …။ အဲဒီ့ယုံကြည်ချက်တစ်ခုကို ကိုင်စွဲပြီး … အခု အချိန်မှာ သံလွင်အိပ်မက် အဖွဲ့သားတွေ အားလုံးဟာ … သံလွင်အိပ်မက် အမှတ် (၁၂)ကို ဇန်န၀ါရီလကုန် နောက်ဆုံးထားပြီး ထွက်ရှိနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြပြီဆိုတာ … စာဖတ်ပရိသတ် အပေါင်းကို အသိပေးလိုပါတယ် …။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ဇင်ကိုလတ်(ခ) စည်သူ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)၊ ကိုငယ် (မန္တလေး) ၊ ညီညီ(သံလွင်) တို့ အပြင် မောင်ပွတ်ကလည်း အေးချမ်း(သံလွင်)ဆိုတဲ့ နာမည်ကိုယူပြီး သံလွင်အိပ်မက် အဖွဲ့သားတစ်ယောက်အဖြစ် ပါဝင်လာပြီဖြစ်လို့ လူအင်အားများ လာပြီလဲဖြစ်ပါတယ် …။ ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ဇန်န၀ါရီ (၁၀)ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖောင့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖောင့်နဲ့လည်း ပေးပို့နိုင်ပြီဖြစ်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။

ဆိုတော့ကာ … ဇန်န၀ါရီလရဲ့ ညတစ်ညမှာ စာပေကိုချစ်မြတ်နိုးတဲ့ စာဖတ်သူတွေရဲ့ ရှေ့မှောက်ကို သံလွင်အိပ်မက် အရောက်လာခဲ့ပြီး … စိတ်အာဟာရတွေကို ဖြည့်ဆည်းပေးလိမ့်မယ်ဆိုတဲ့အကြောင်း … မသိသေးသူတွေကိုလဲ သတင်းကောင်းလေးပါးလိုက်ကြပါဦးဗျာ …။


Saturday, December 29, 2007

ကျွန်တော်ပြောဖြစ်ခဲ့တဲ့ လီဗာပူးအသင်းအကြောင်း ...

ကျွန်တော်က ဘောလုံးကစားခြင်းနဲ့ ဘောလုံးပွဲကြည့်ခြင်းကို စိတ်ဝင်စားတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ် ...။ ဘောလုံးကန်တာဆိုရင် ဘယ်အသင်းကန်ကန်ကြိုက်ပါတယ် ...။ မြို့ထဲသွားတဲ့အခါ စိန်ပေါကျောင်းကွင်းမှာ ကလေးတွေကန်နေကြရင်တောင် ကျွန်တော်ရပ်ရပ်ကြည့်တတ်ပါတယ် ...။ ဘယ်အသင်း ကန်ကန်ကြိုက်တယ်ဆို ပေမယ့် ကျွန်တော်တကယ်တမ်းအားပေးတဲ့အသင်းကတော့ နိုင်ငံအသင်းဆို အင်္ဂလန် ၊ ကလပ်အသင်းဆို လီဗာပူးပါ ...။ မြန်မာအသင်းကတော့ ကိုယ့်နိုင်ငံအသင်းဖြစ်တဲ့ အတွက် ကျွန်တော့်ရင်ထဲမှာရှိပြီးသားဆိုတာကို အထွေအထူး ထည့်ပြောမနေတော့ပါဘူး ...။ အဲဒီ့လိုနဲ့ လီဗာပူးကြိုက်တဲ့ကျွန်တော် လီဗာပူးချစ်သူတွေ စုလုပ်ထားတဲ့ ၀က်ပ်ဆိုဒ်လေး ကို ညီငယ်မိုးဝေ ရဲ့ဖိတ်ခေါ်မှုကနေတဆင့် ရောက်ခဲ့ပါတယ် ...။ အဲဒီ့လိုနဲ့ လီဗာပူးချစ်သူတွေအချင်းချင်း ဘောလုံးစုကန်ကြတဲ့အခါမှာလဲ အားရင်အားသလို သွားကစားခဲ့ပါတယ် ...။ အခု သူတို့က သူတို့ရဲ့ ၀က်ပ်ဆိုဒ်လေးမှာထည့်ဖို့ အင်တာဗျူးလေးလုပ်ချင်တယ်ဆိုတာနဲ့ ... သူတို့မေးတာလေးတွေ ဖြေဖြစ်ခဲ့ပါတယ်...။ ကျွန်တော်နဲ့ lfc4myanmar တို့ရဲ့ အင်တာဗျူးလေးကို ဒီနေရာလေးမှာ သွားဖတ်လိုက်ကြဦးနော် ...။

Friday, December 28, 2007

ကျွန်တော် (သို့မဟုတ်) အနုပညာကိုစွဲလမ်းသူ

ကျွန်တော် (သို့မဟုတ်) အနုပညာကိုစွဲလမ်းသူ

လူတိုင်း လူတိုင်းဟာ တစ်ခုခုကိုစွဲလမ်းပြီး တစ်ယောက်တစ်မျိုးစီ ရူးသွပ်နေကြတယ် ...။ အဲဒီ့လို လူများစွာထဲမှာမှ ကျွန်တော်က အနုပညာကို ရူးသွပ်တဲ့လူငယ်တစ်ယောက်ပါ ...။ အနုပညာကိုချစ်တယ် ၊ အနုပညာကိုမြတ်နိုးတယ်၊ အနုပညာနဲ့နေနေရရင် ကျွန်တော်ပျော်တယ် ...။ ကျွန်တော့်ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေ အကြောင်းကို ပြောပါဆိုရင် ... အနုပညာပစ္စည်းတစ်ခုကို ဖန်တီးနေရတဲ့အချိန် ဒါမှမဟုတ် ကိုကိုယ်တိုင်ဖန်တီးထားတဲ့အနုပညာ ပစ္စည်းတစ်ခုကို ပြန်လည်ခံစားနေရတဲ့ အချိန်တွေအကြောင်းကိုပြောရမှာပဲ ...။ ကျွန်တော်ဟာ အချိန်တိုင်းအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်မှဖြစ်လိမ့်မယ် ...။ ကျွန်တော်ဟာ ပုထုဇဉ်ပီပီ မှားယွင်းမှုတွေနဲ့လဲ ကင်းချင်မှကင်းလိမ့်မယ် ...။ ဒါပေမယ့် ... သေချာတာတစ်ခုပြောရမယ်ဆိုရင် အနုပညာတစ်ခုကို ဖန်တီးနေရတဲ့အချိန်မှာဖြစ်နေတဲ့ ကျွန်တော့်ရဲ့စိတ်သဏ္ဍာန်ဟာ ဖြူစင်ရှင်းသန့်နေတယ်ဆိုတာကိုတော့ ကျွန်တော် အာမခံလို့ရတယ် ...။ ကျွန်တော်ဖန်တီးလိုက်တဲ့ အနုပညာပစ္စည်းတစ်ခုရဲ့ သန့်စင်မှုကိုလဲ ကျွန်တော် အာမခံလို့ရတယ် ...။

ကျွန်တော်ဘာဖြစ်ချင်လဲ ...။ မေးသူတွေများသလို ကျွန်တော့်ရဲ့ အဖြေတွေဟာလဲ တခါကေ၀၀ါးခဲ့ဖူးတယ် ...။ ဘာဖြစ်ချင်တာမှန်းလဲ ကို မသိရလောက်အောင် ကျွန်တော် ဗျာများနေခဲ့ဖူးတယ် ...။ အဲဒီ့အချိန်တုန်းက ရွေးချယ်လို့ရတဲ့ လမ်းကြောင်းတွေထဲမှာ ကျွန်တော်လျှောက်ချင်တာ တစ်ခုမှမပါတာကြောင့်လဲဖြစ်နိုင်တယ် ...။ အခုတော့သေချာခဲ့ပါပြီ ... အသက်နဲ့ခန္ဓာမြဲနေသရွေ့ ကျွန်တော့်အနားမှာအမြဲရှိနေပေးမယ့် ... အနုပညာ ဆိုတဲ့ သက်မဲ့အရာတစ်ခုနဲ့ ကျွန်တော် အမြဲတမ်းအတူနေသွားတော့မယ်လို့ ...။ အဲဒီ့လိုနဲ့ ကျွန်တော် အနုပညာဆိုတာကို စွဲလမ်းခဲ့တယ် ... ရူးသွပ်ခဲ့တယ် ...။ အခြားအရာတွေကို စွဲလမ်းတာထက် စာရင်တော့ ကျွန်တော့်ရဲ့စွဲလမ်းမှုက သန့်စင်ပါတယ် ...။

လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းနဲ့ချစ်ခဲ့ဖူးပါတယ် ...။ မေတ္တာတရားကို အခြေခံပြီး သန့်သန့်စင်စင်၊ အနှောင်အဖွဲ့ကင်းကင်း မချစ်နိုင်ခဲ့တော့လဲ ... စိတ်ထဲမှာ အရမ်းကို ပင်ပန်းရပါတယ် ...။ အတ္တစိတ်ကို အခြေတည်ပြီးဖြစ်လာတဲ့ သ၀န်တိုမှုတွေ၊ စိတ်မချမှုတွေ၊ မယုံကြည်မှုတွေက ... ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်းထဲကနေ တဆစ်ဆစ်နာလာတဲ့အထိ စိတ်အာရုံတွေကို လာလာငြိတယ် ...။ ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဆိုတဲ့ အာရုံငါးပါးထက်ပိုတဲ့ ... အာရုံအပြားပြားရဲ့ ငြိတွယ်ချုပ်ချယ်မှုမှာ ... ရင်ခုန်သံတွေ မသဲမကွဲ ၊ စိတ်ဓါတ်တွေ အလူးအလဲနဲ့ ... နှလုံးသားတွေကိုက်ခဲခဲ့ဖူးတယ် ...။ ကျွန်တော်က စိတ်ပျော့တဲ့သူတစ်ယောက်ပါ ... စိတ်ကိုလာထိသမျှတွေက ရင်ထဲအထိ လာလာငြိတတ်လွန်းလို့ ... သူများ တွေ အတွက် ဘာမှမဟုတ်တဲ့အရာလေးတွေက ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားသွားတတ်တာ ... ပြဿနာပါ ...။ ကျွန်တော်က ကျွန်တော်ချစ်တဲ့သူတွေနဲ့ပတ်သက်လာရင် ... အရမ်းကို ထိလွယ်ရှလွယ်ပါတယ် ...။ ကျွန်တော်ချစ်တဲ့သူတစ်ယောက်ယောက်က ကျွန်တော့်ကို လေသံမာမာနဲ့ စကားပြောရင်တောင် ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်ဝဲတတ်ပါတယ် ...။ အခုအချိန်အထိပါ ...။ ရန်သူက ရှေ့တည့်တည့်ကနေ ပစ်သွားတဲ့ ကျည်ဆန်တစ်တောင့်ထက် ကို့ဘေးနားမှာ ပုခုံးချင်းဖက်ထားတဲ့ ချစ်ရသူတစ်ယောက် ကပ်ပြီးထိုးမယ့် ဓားတစ်ချောင်းက ပိုပြီးကြောက်ဖို့ကောင်းပါတယ် ...။ ကျွန်တော်ကချစ်သလို ကျွန်တော့်ကိုလဲ ချစ်တဲ့သူတွေကတော့ ... ကျွန်တော့်ကို စိတ်ညစ်အောင်မလုပ်ပါဘူး ...။ ကျွန်တော့်ဘ၀မှာ ကျွန်တော့်အဖေနဲ့ အမေကို ကျွန်တော်အချစ်ဆုံးပါ ...။ သမီးမိန်းကလေးတစ်ယောက်လို ပွတ်သီးပွတ်သတ်နဲ့ စကားတွေတီတီတာတာပြောပြီး ချွဲနွဲ့နေတာမျိုးမဟုတ်ပေမယ့် ... အဖေ၊ အမေတို့ရှိနေတယ်ဆိုတဲ့ စိတ်က ကျွန်တော့်အတွက် သိပ်ကိုအရေးကြီးပါတယ် ... ကျွန်တော့်ဘ၀အတွက် လုံခြုံမှုကိုလဲ ခံစားရပါတယ် ...။ အဖေနဲ့ အမေရဲ့ ကျွန်တော့်အပေါ်ထားတဲ့ မေတ္တာကို ကျွန်တော် အကြွင်းမဲ့ယုံတယ် ...။ အဖေဆို ကျွန်တော့်ကို ဆူရင်တောင် ညှိုးသွားမယ့် ကျွန်တော့်မျက်နှာကို မကြည့်ရက်လို့ မြန်မြန်မြန်မြန်ဆူပြီး အမြန်ပဲမျက်နှာလွှဲ သွားတတ်ပါတယ် ...။ လူတစ်ယောက်ကို တကယ်ချစ်တဲ့သူဟာ ကိုယ့်စိတ်သက်သာရာရရေး အတွက် ကိုချစ်တဲ့သူကိုစိတ်ညစ်အောင် လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ထားပါတယ် ...။ မိဘနဲ့ သားသမီးကြားမှာရှိတဲ့ သန့်စင်တဲ့ မေတ္တာတရားမျိုးမဟုတ်ပဲ ... အတ္တမာနတွေစိမ့်ဝင်နေတဲ့ ချစ်ခြင်းနဲ့ လူတစ်ယောက်ကို စွဲလမ်းရတာ ... ရင်ထဲကလဲနာသလို ၊ စိတ်လဲပင်ပန်းပါတယ် ...။

သက်မဲ့အရာတွေဖြစ်တဲ့ အချို့သော စိတ်ဖျော်ဖြေရာတွေကိုလဲ စွဲလမ်းဖူးပါတယ် ...။ အဓိကကတော့ ဘီယာပါ ...။ ရင်ထဲမှာပြည့်ကျပ်နေတဲ့ အချို့သောစိတ်ခံစားမှုတွေကို ပေါ့သွားအောင် ဖွင့်ထုတ်ချင်တဲ့ အခါမှာ ... သာမာန်အချိန်မှာဆိုရင် ပြောသင့်သလား၊ မပြောသင့်ဘူးလား၊ ပြောလို့ကောင်းပါ့မလား စတာတွေကို စဉ်းစားနေတာနဲ့ပဲ မွန်းကျပ်မှုက ပိုပိုတိုးလာတတ်ပါတယ် ...။ အဲဒါကြောင့် ကျွန်တော် တခါတရံမှာ ဘီယာသောက်တတ်ပါတယ် ...။ အများစုကတော့ သူငယ်ချင်းတွေနဲ့ပါ ...။ ဘီယာငါးခွက်လောက် ၀င်သွားပြီဆိုတာနဲ့ နဲနဲလေးရီဝေေ၀ဖြစ်လာပြီး အာသွက်လျှာသွက်ဖြစ်လာပါတယ် ...။ ထန်းရည်မူး ကျွဲခိုးပေါ်ဆိုသလိုပါပဲ ... ရင်ထဲမှာ ဘာမှမကျန်တော့တဲ့ အထိ ပြောလို့ထွက်သွားပါတယ် ...။ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေချည်းပဲ ရှိတာဆိုရင်တော့ သိပ်ပြဿနာမရှိပေမယ့် ... အခြားသူတွေပါလာရင်တော့ မကောင်းပါဘူး ...။ နောက်ပြီး ကျွန်တော်က ဘီယာသောက်ပြီးရင် နောက်နေ့မနက်ဆို ခေါင်းကိုက်တတ်ပါတယ် ...။ နေ့တစ်ဝက်လောက် အိပ်နေရပြီး ... တကယ်ကို အလုပ်ပျက်ပါတယ် ...။ ဒီစွဲလမ်းမှုကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ကိုယ့်ကို ထိခိုက်နိုင်သလို ၊ အခြားသူတစ်ယောက်ယောက်ကိုလဲ ထိခိုက်သွားနိုင်ပါတယ်။ အချို့တွေ ဆေးလိပ်စွဲကြပါတယ် ... ဒါကလည်း မကောင်းတဲ့ အကျိုးဆက်တွေကို ဖြစ်စေနိုင်တဲ့ စွဲလမ်းမှုပါပဲ ...။ ဒါပေမယ့် အချို့သော အရက်သမားတွေ ပြောကြတဲ့ မိန်းမတွေ အရက်လောက်တောင် သစ္စာမရှိဘူးဆိုတဲ့ စကားအတိုင်းပဲ လူတစ်ယောက်ကို စွဲလမ်းတာထက်စာရင်တော့ သက်မဲ့အရာတွေကိုစွဲလမ်းရတာ နဲနဲတော့စိတ်သက်သာရာရပါတယ် ...။

ကျွန်တော် အနုပညာကိုချစ်မြတ်နိုးတယ် ...၊ အနုပညာကို ရူးသွပ်စွဲလမ်းတယ် ...၊ ကျွန်တော့်အမြင်တော့ ... အနုပညာကိုစွဲလမ်းခြင်းဟာ အခြားသောအရာတွေကိုစွဲလမ်းခြင်းထက် ပိုပြီး သန့်စင်တယ်လို့ မြင်ပါတယ် ...။ တခါတရံမှာ ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာလက်ရာတစ်ခုက အခြားသူတစ်ယောက်အတွက် အဆိပ်အတောက် တစ်ခုလိုဖြစ်သွားနိုင်ပေမယ့် ... ဒါဟာလဲ အနုပညာကိုခံစားသူရဲ့ ရွေးချယ်ပိုင်ခွင့်နဲ့သာ ဆိုင်သွားပါတယ် ...။ ကျွန်တော်ကတော့ အထက်မှာပြောခဲ့သလိုပဲ အနုပညာပစ္စည်းတစ်ခုကို ဖန်တီးနေတဲ့ အချိန်မှာ စိတ်ကို အသန့်စင်ဆုံးထားပြီး ... ကျွန်တော်ဖန်တီးတဲ့ အနုပညာအတွက် ကျွန်တော်ကို ကျွန်တော် ယုံကြည်စိတ်ချမှုတစ်ခုဖြစ်နေအောင်တည်ဆောက်ပါတယ် ...။ ကျွန်တော်စိတ်တိုနေရင် စာမရေးပါဘူး ... ဒေါသထွက်နေရင် စာမရေးပါဘူး ...။ မလုပ်ခင် အရင်စဉ်းစားဆိုတဲ့စကားအတိုင်း ... တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်ကတော့ Enter မခေါက်ခင်တိုင်း ကျွန်တော်ရေးခဲ့တဲ့စာတွေအတွက် ကျွန်တော် အမြဲတမ်းပြန်စဉ်းစားပါတယ် ...။ Think again before hitting Enter ... ပေါ့ဗျာ ...။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အနုပညာကိုချစ်ပါတယ် ... ၊ ကျွန်တော့်ရဲ့ အသက်ခန္ဓာမြဲနေသရွေ့ သန့်စင်တဲ့ ဖြစ်တည်မှုတစ်ခုနဲ့ ကျွန်တော့်ရဲ့ အနားမှာရှိနေပေးနိုင်မယ့်အရာဟာ အနုပညာဖြစ်တယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ် ...။ အဲဒီ့တော့ ကျွန်တော် ... အနုပညာနဲ့ပဲ ပျော်နိုင်အောင် ကြိုးစားပါတော့မယ် ...။

Thursday, December 27, 2007

မိမိနဲ့ ငါ ခဏခဏရန်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဦးကြီး ...

မိမိနဲ့ ငါ ခဏခဏရန်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဦးကြီး ...

ဒီနေ့ဟာ ... သိပ်ပြီးတော့ ချစ်ခင်စည်းလုံးကြတဲ့ ကျွန်တော်တို့ မိသားစုရဲ့ ဘ၀ထဲကနေ တစ်စုံတစ်ယောက်သောသူ အပြီးအပိုင်ထွက်ခွာသွားတဲ့နေ့တစ်နေ့ပါ ...။ ၇နှစ်ရှိခဲ့ပါပြီ ...။ တခုတ်တရကြီး သတိရနေတာမျိုးမဟုတ်ပေမယ့် ... ကျွန်တော် မမေ့ခဲ့တာ သေချာပါတယ် ...။ သူဟာ ကျွန်တော်တို့ မိသားစုထဲက အနုပညာနဲ့ပတ်သက်တဲ့ ပထမဆုံးမျိုးဆက်လို့ဆိုရင်မှားမယ်မထင်ပါဘူး ...။ သူကတော့ ကျွန်တော်တို့ မောင်နှမတွေအားလုံး ဦးကြီးလို့ခေါ်ကြတဲ့ အဖိုးအဖွားတို့ရဲ့ သားကြီး အမေတို့ အဒေါ်တို့ရဲ့ အစ်ကိုအကြီးဆုံး ဦးမျိုးညွှန့် (မျိုးရာဇာညွှန့်) ပါ ...။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ရဲ့ မိသားစုထဲမှာ ကျွန်တော့်ဦးကြီးရဲ့ အရင် ဘယ်သူမှ အနုပညာဆိုတာကို သိပ်ပြီးဝါသနာမပါခဲ့သလို ... လေးလေးနက်နက်လဲ မရှိခဲ့ဘူးထင်ပါတယ် ...။ ဦးကြီးက ဦးမင်းလူတို့နဲ့ သူငယ်ချင်းတွေပါ ...။ တက္ကသိုလ် တက်ကြတုန်းက သူတို့သူငယ်ချင်းတစ်စု စုပြီးထုတ်ကြတဲ့ ကဗျာစာအုပ်လေးတွေကို ကျွန်တော် ဖတ်ဖူးပါတယ် ...။ ဦးကြီးက အဲဒီ့တုန်းက မျိုးရာဇာညွန့်ဆိုတဲ့ နာမည်နဲ့ ကဗျာတွေရေးပါတယ် ...။ ဒါကတော့ ဦးကြီးတို့ ငယ်ငယ်က ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးထဲက ဦးကြီးရဲ့ လက်ရာတစ်ခုပါ ...။

နှလုံးသားမြို့တော်သာယာစေရမည်

တချိန်တခါက
လှပငြိမ်းချမ်းစွာ တည်ရှိနေခြင်းကြောင့်
နာမည်ကျော်ကြားခဲ့သော
ဤမြို့တော်ကြီးတွင်
အမုန်းမုန်တိုင်းဝင်နှောက်
ကြောက်စရာ့ငလျင်လှုပ်ခတ်
လောင်မီးကပ်ဆိုက်ရောက်ခဲ့ပါသည်။

ထိုအဖြစ်ဆိုးများကြောင့်

သစ္စာမြို့ရိုး
ပေါက်ကျိုးသွားသည်။

မေတ္တာအုတ်မြစ်
နွံနစ်သွားသည်။

မျက်ဝန်းရေကန်
ပြည့်လျှံသွားသည်။

အလွမ်းမီးခဲ
လောင်စွဲနေသည်။

ဝေဒနာမီးတောက်
ဖြိုးမောက်နေသည်။

သောကပြာတွေ
ကျန်ရစ်နေသည်။

အဆုံးအရှုံးပေါင်းများစွာနှင့်
ပျက်စီးယိုယွင်းသွားသော
နှလုံးသားမြို့တော်ကြီးအား
စည်ကားသိုက်မြိုက်စွာ
ပြန်လည်စည်ပင်သာယာရေးအတွက်
`မေတ္တာ´ဖြင့် ကူညီကြပါရန်။ ။


ကျွန်တော့် ဦးကြီးဟာ အနုပညာနဲ့ပတ်သက်လာရင် စိတ်ကူးစိတ်သန်းအရမ်းကောင်းပြီး “ဇ ရှိတယ်ဆိုတာကို ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်တောင် မှန်းဆနိုင်ခဲ့ပါတယ် ...။ သူ့အခန်းလေးမှာ ဆိုရင် စွန့်ပစ်ရမယ့် ပစ္စည်းအတိုအထွာလေးတွေကို ပေါင်းစပ်ပြီးလုပ်ထားတဲ့ အရုပ်ကလေးတွေရှိပါတယ် ...။ နောက်ပြီး ... လက်ရေးကို စတိုင်အမျိုးမျိုးနဲ့ထွင်ရေးထားတဲ့ သီချင်းစာအုပ်ကြီးတစ်အုပ်လဲ ရှိပါတယ် ...။ ဦးကြီးက ဂစ်တာတီးလဲ ကောင်းပါတယ် ...။ သူကြိုက်တဲ့သီချင်းတွေကို စာအုပ်ကြီးတစ်အုပ်ထဲမှာ လက်ရေးလှလှနဲ့ ပြန်ကူးထည့်ထားတတ်ပါတယ် ...။ ကျွန်တော်တို့ ဂစ်တာစတီးတတ်စအရွယ်က ဦးကြီးရဲ့ အဲဒီ့ စာအုပ်ကြီးနဲ့ လေ့ကျင့်ခဲ့ကြရတာလေ ...။ ဦးကြီးက ကျွန်တော့်ကို ဟိုလိုလုပ် ဒီလိုလုပ်ဆိုတာမျိုးသင်မပေးပေမယ့် ... အနုပညာနဲ့ပတ်သက်ရင် ဦးကြီးက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ် ...။ ဦးကြီးဟာ ကျွန်တော့်ကို အနုပညာနဲ့ပတ်သက်ပြီး အများကြီး နည်းပေးလမ်းပြလုပ်ခဲ့သလို ... ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ တပုံတခေါင်းကိုလဲ သူ့အသက်နဲ့ရင်းပြီး ပေးခဲ့ပါတယ် ...။

ကျွန်တော် ဦးကြီးရဲ့ ဘ၀အကြောင်းကို နဲနဲလောက်ပြောပြချင်ပါတယ် ...။ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ ကျွန်တော့်ဦးကြီးဟာ အနုပညာကို ကိုယ်တိုင်ကလည်း ၀ါသနာပါ ... အနုပညာနဲ့ ပတ်သက်တဲ့ “ဇ လဲ ရှိပေမယ့် ... ဘာကြောင့်များ အောင်မြင်တဲ့ အနုပညာသမား တစ်ယောက်အဖြစ်ကို မရောက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် ဦးကြီး အကြောင်းကို စဉ်းစားမိတိုင်း အဖြေရှာကြည့်ခဲ့ဖူး ပါတယ် ...။

ကျွန်တော် တခါက ကဗျာစာအုပ်လေးတစ်အုပ်မှာ ဒီလိုရေးခဲ့ဖူးပါတယ် ...။

“အနုပညာသမားတစ်ယောက်ရဲ့စိတ်ဟာ နူးညံ့သိမ်မွေ့တယ် ... ဒါပေမယ့် အဲဒီ့နူးညံ့သိမ်မွေ့မှုဟာ ပျော့ညံ့မှုအသွင်ကို ပြောင်းမသွားဖို့တော့ အရေးကြီးတယ် ”လို့ ...

ဒီ ဒဿန ကို သင်ကြားပေးခဲ့တာ ကျွန်တော့်ရဲ့ဦးကြီးပေါ့ ...။ သူက အရမ်းအားနာတတ်တယ် ...။ သူတပါးရဲ့ ဆန္ဒကို ငြင်းဆန်လိုက်ဖို့ အရမ်းဝန်လေးတတ်တယ် ...။ သူ့ရဲ့နူးညံ့သိမ်မွေ့မှုက ပျော့ညံ့မှုအသွင်ကို ပြောင်းသွားတယ်လို့ ကျွန်တော်မြင်မိတယ် ...။ ဦးကြီးဟာ အနုပညာကို အရမ်းဝါသနာပါပေမယ့် မိဘတွေဖြစ်တဲ့ ကျွန်တော့်ရဲ့အဖိုးနဲ့အဖွားက လုံးဝကိုအားမပေးခဲ့ဘူး ...။ အဖိုးတို့အဖွားတို့က စာရေးဆရာလို့ဆိုရင် စီးကရက်လေးလက်ကြားညှပ်၊ လွယ်အိတ်ကလေးလွယ်ပြီး လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန်နဲ့ စကားတွေဖောင်ဖွဲ့နေတဲ့လူစားမျိုးလို့ပဲ မြင်ကြတယ် ...။ ခေတ်ကာလကလည်း အဲဒီ့အတိုင်းကို ဖြစ်နေတဲ့ ခေတ်ပေါ့ ...။ အဲဒီ့တော့လဲ အနုပညာနဲ့ပတ်သက်ပြီး ပါရမီရှင်ဖြစ်လာရမယ့် ဦးကြီးဟာ ၀ါသနာရှင်အဆင့်မှာပဲရပ်ပြီး ... မိဘတွေရဲ့သဘောအတိုင်း ... အနုပညာနဲ့မပတ်သက်တဲ့ အခြားသော အလုပ်တွေကိုပဲလုပ်ခဲ့ရတယ် ...။ အဲ ... အနုပညာနဲ့နီးစပ်တာဆိုလို့ စာပုံနှိပ်စက်တစ်ခုတော့ လုပ်ခဲ့ဖူးတယ် ... ဒါပေမယ့် အဲဒီ့တုန်းကလဲ မအောင်မြင်ခဲ့ဘူး။ ကျွန်တော့်အထင်တော့ “လုပ်ချင်တာတွေလုပ်နိုင်ဖို့ လုပ်သင့်တာအချို့ကို အရင်ဆုံးလုပ်ရမယ်” ဆိုတဲ့ အတွေးမျိုးကို ဦးကြီး မတွေးခဲ့မိဘူးလို့ စဉ်းစားမိတယ်။ အဲဒါကြောင့်လဲ ... သူဝါသနာမပါပဲ လုပ်ခဲ့တဲ့ အလုပ်တွေ ဘာတစ်ခုမှ မဖြစ်မြောက်ခဲ့တာပေါ့ ...။

“အခြေအနေအရ အခွင့်အရေးမပေးသေးတဲ့ အခါမှ ကိုတကယ်လုပ်ချင်နေတာတွေကို ခဏဘေးဖယ် ထားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို သေသေချာချာလုပ်ဖို့ လိုတယ်၊ နောက် ... ကို့ရဲ့ တကယ့်ယုံကြည်ချက်ကို မပျောက်ပျက်အောင်ထိန်းသိမ်းပြီး လုပ်ခွင့်ရမယ့် အခွင့်အရေးတွေကို မျက်ခြေမပျက် စောင့်ကြည့်နေရမယ် ... အခွင့်အရေးရတာနဲ့ ကိုလုပ်ချင်တာတွေကို နဲနဲချင်းလုပ်ယူသွားရမယ် ”

အဲဒီ့ ဒဿနကိုလဲ ဦးကြီးက ကျွန်တော့်ကို သင်ပေးခဲ့တာပဲ ...။ ဦးကြီးရဲ့ အမျိုးသမီးကလည်း ဦးကြီးရဲ့ စိတ်ကို နားမလည်ဘူးလို့ပြောလို့ရတယ် ...။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်လဲဆိုတော့ မိဘတွေနဲ့ ဇနီးရဲ့ အလိုကိုလိုက်ပြီး ဦးကြီးက သူ့ရဲ့ ယုံကြည်ချက်တွေ၊ သူ့ရဲ့ဝါသနာတွေ၊ သူရင်ခုန်ရူးသွတ်တာတွေ အားလုံးကို စွန့်လွှတ်လိုက်တယ် ...။ ကိုယ် ယုံကြည်ရာပန်းတိုင်တစ်ခုကို ကို ယုံကြည်ရာလမ်းကြောင်းကနေ လျှောက်နေတာမျိုး မဟုတ်တော့ပဲ သူများအလိုကျနေနေရတဲ့ ဘ၀ဖြစ်သွားတယ် ...။ သူ ... ဘယ်ပျော်မလဲ ...။ ကျွန်တော် ခံစားလို့ရတယ် ...။ မိဘတွေလွှတ်၊ ဇနီးကလည်း အားပေးလို့ နိုင်ငံခြားကို မသွားချင်ပဲ သူသွားခဲ့တယ်။ စာရေးနေရမယ့်လက်တွေ၊ ဂစ်တာတီးနေရတဲ့လက်တွေ၊ အနုပညာပစ္စည်းတွေကို ဖန်တီးနေရမယ့် လက်တွေက ပင်လယ်ကူးသင်္ဘောကြီးရဲ့ ၀မ်းဗိုက်ထဲက ဓါတုဗေဒဆေးရည်တွေနဲ့ မိတ်ဖွဲ့နေရတယ်။ ဆိုးတာက သူ ... အနုပညာအလုပ်တွေကို မရရတဲ့အချိန်မှာ ဆက်လုပ်နေသင့်ပေမယ့် မလုပ်ပဲ အရက်ပဲလှိမ့်သောက်နေတာပဲ ...။ အဲဒါနဲ့ သူ တဖြေးဖြေး အရက်စွဲလာခဲ့တယ် ...။ အဲဒီ့လိုနဲ့ ရန်ကုန်ပြန်လာတယ် ... အိမ်ထောင်ရေး အဆင်မပြေဘူး ...။ အရက်တွေပဲလှိမ့်သောက်တယ် ...။ အဲဒီ့လိုနဲ့ ... သူ့ရဲ့သွေးတွေဟာ အယ်လကိုဟော (Alcohol) အငွေ့မပါပဲ မလည်ပတ်တော့ဘူးဆိုတဲ့ အဆင့်ကို ရောက်သွားတယ် ...။ အရက်ဖြတ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားကြပေမယ့် ... မအောင်မြင်ခဲ့ဘူး ...။ အရက်က သူ့ကိုနိုင်သွားပြီ ...။ သက်မဲ့အရာတစ်ခုဖြစ်တဲ့ အရက်က သက်ရှိလူသားတစ်ယောက်ရဲ့ဘ၀ကို ဟိုးချောက်နက်နက်ထဲ ဆွဲချသွားတယ် ...။ အားလုံးကတော့ ပြောကြတယ် ... ဦးကြီးက အရက်ကြောင့်သေရတယ်တဲ့ ...။ ကျွန်တော်ကတော့ မထင်ဘူး ... အရက်တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး ... ... ... ... ။

“ လုပ်ချင်တာတစ်ခုနဲ့လုပ်သင့်တာတစ်ခု တစ်ခုခုကိုပဲ မဖြစ်မနေရွေးချယ်ရတော့မယ်ဆိုရင်တော့ ... လုပ်ချင်တာတွေကိုသာလုပ်လိုက်ပါ ... ခဏလေးရတဲ့လူ့ဘ၀တစ်ခုကို ဘာဖြစ်လို့ စိတ်ညစ်ခံနေပြီး ကုန်ဆုံးမှာလဲဗျာ ...”

ကျွန်တော့်ကို ဦးကြီး ဘ၀နဲ့ရင်းပြီး ပေးခဲ့တဲ့ သင်ခန်းစာတွေ ၊ ဒဿနတွေအများကြီးပါ ...။ အဲဒီ့သင်ခန်းစာတွေ အဲဒီ့ ဒဿနတွေနဲ့ ကျွန်တော်ကတော့ အခုအချိန်အထိ လုပ်သင့်တာလေးတွေနဲ့ လုပ်ချင်တာလေးတွေကို ... ပါးပါးနပ်နပ်နဲ့ ပိုင်းခြားပြီးလုပ်နေနိုင်တုန်းပါ ...။ ဒါပေမယ့် ဦးကြီးပေးခဲ့တဲ့ သင်ခန်းစာတွေကို ကျွန်တော်အမှန်တကယ်ကျေညက်ရဲ့လားဆိုတာကိုတော့ ကျန်သေးတဲ့ ဘ၀တစ်လျှောက်လုံးစာ ကျွန်တော့်ကို ကျွန်တော့် စောင့်ကြည့်ရပါဦးမယ် ...။ သေချာတာတစ်ခုကတော့ ဘယ်သူကမှ အနုပညာကိုချစ်မြတ်နိုးတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို ချွေးသိပ်လို့မရနိုင်ဘူး ဆိုတာပါပဲ ...။ ဦးကြီး ကောင်းရာသုဂတိမှာ သူချစ်မြတ်နိုးတဲ့ အနုပညာနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်နိုင်ပါစေ ဗျာ ...။

PS - ကျွန်တော်တို့မိသားစုကို ခွဲခွာသွားတာ ၇နှစ်ရှိသွားပြီဖြစ်တဲ့ ဦးကြီးကို ရည်စူးပြီး ဒီစာစုလေးကို ရေးပါတယ် ...။ ကျွန်တော့်ရဲ့ ဦးကြီးရေးခဲ့တဲ့ မိမိနဲ့ငါရန်ဖြစ်ခြင်းဆိုတဲ့ ကဗျာခေါင်းစဉ်လေးကို ဒီပို့စ်လေးရဲ့ ခေါင်းစဉ်မှာ ယူသုံးထားပါတယ် ...။ ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ အဲဒီ့ကဗျာလေးကို ကျွန်တော်ရန်ကုန်ပြန်ရောက်တဲ့အခါ ပြန်ရှာပြီးတင်ပေးပါဦးမယ် ...။

Monday, December 24, 2007

ကျွန်တော်နှင့် အိပ်မက်များ ...(၂)

ကျွန်တော်နှင့် အိပ်မက်များ ...(၂)

အိပ်မက် (၃)

ကျွန်တော် တစ်ယောက်တည်း လမ်းပေါ်မှာ လမ်းလျှောက်နေတယ် …။ လျှောက်နေရင်းနဲ့ ကိုယ်နဲ့ အတူကောက်ယူလို့ရတဲ့ အချို့အရာလေးတွေကို တပါတည်းကောက်ယူသယ်ဆောင်လာမိတယ်။ အဲဒီ့လိုနဲ့ လျှောက်နေရင်း လျှောက်နေရင်း ကျွန်တော့်ရဲ့ ခြေထောက်တွေက မြေကြီးနဲ့ တဖြေးဖြေးလွတ်လွတ်လာတယ် …။ တစ်လှမ်းပြီး တစ်လှမ်း လှမ်းနေရင်း မြေကြီးနဲ့ ဝေးဝေးလာလိုက်တာ … ကျွန်တော့်ရဲ့ဘေးဘီဝဲယာမှာ လူတွေ ရှားသထက်ရှားလာတယ်။ တစ်နေရာအရောက်မှာတော့ ကျွန်တော်လှမ်းတွေ့လိုက်ရတယ် … အောင်မြင်မှုလို့ စာတန်းထိုးထားတဲ့ တောင်ကြီးတစ်လုံး … ကျွန်တော်က တောင်ထိပ်နဲ့တော်တော်ကိုနီးနေပြီ … အဲဒီ့တောင်ကြီးပေါ်ကိုကြိုးစားတွယ်တက်နေသူတွေကလည်း အများကြီးပဲ … ။ ကျွန်တော်လဲ ကြုံတုန်းလေးအောင်မြင်မှုနဲ့နီးနီးလေးပဲဆိုပြီး အဲဒီ့တောင်ကြီးပေါ်ကို လှမ်းတက်ဖို့ကြိုးစားလိုက်တယ် …။ မရဘူး …။ ကျွန်တော် ဘယ်လိုမှကိုခြေလှမ်းလို့ မရဘူး …။ အဲဒါနဲ့ တောင်ထိပ်နားရောက်ခါနီးနေတဲ့ သူတစ်ယောက်ကို ကျွန်တော်လှမ်းမေးလိုက်တယ်။ ကျွန်တော်ဘာဖြစ်လို့ လှမ်းတက်လိုက်လို့မရတာလဲပေါ့ …။ အဲဒီ့တော့ အဲဒီ့သူကဖြေတယ် … ဒီတောင်က အောက်ခြေကစတက်မှရမှာတဲ့ … ။ ဒါနဲ့ ကျွန်တော်လဲ အဲဒီ့တောင်ကြီးကို ထားခဲ့ပြီးဆက်လျှောက်လာလိုက်တယ် …။ မြေကြီးနဲ့လွတ်နေတဲ့ ခြေထောက်တွေနဲ့ပေါ့ …။ အဲဒီလိုနဲ့ လမ်းမှာ နောက်ထပ်တောင်တစ်လုံးကို ထပ်တွေ့ပြန်တယ် ...။ အဲဒီ့တောင်ရဲ့ နာမည်က အခွင့်အရေးတဲ့ ...။ အဲဒီ့တောင်ပေါ်ကိုလဲ ကျွန်တော်တက်လို့ မရဘူး ...။ နောက်ထပ် နောက်ထပ် ... တောင်တွေ တောင်တွေများစွာ ကျွန်တော်ထပ်ထပ်တွေ့ပေမယ့် ... မြေကြီးနဲ့လွတ်နေတဲ့ ကျွန်တော့်ရဲ့ ခြေထောက်တွေနဲ့ ဘယ်လိုမှကို မနီးစပ်နိုင်ဘူးဖြစ်ဖြစ်နေတယ် ...။ အဲဒီ့လိုနဲ့ ကျွန်တော် အမြင့်တစ်နေရာကို ရောက်နေတာမျိုးမဟုတ်ပဲ … တမြောက်မြောက်ဖြစ်နေခဲ့တာ အိပ်မက်ဆုံးသွားတဲ့ အထိပါပဲ …။

အိပ်မက် (၄)

ဒီအိပ်မက်ကတော့ နဲနဲထူးဆန်းတယ် …။ အနက်တစ်ရောင်တည်းနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ အခန်းတစ်ခန်းထဲကို ကျွန်တော်ရောက်နေတယ် …။ အနက်တစ်ရောင်တည်းကိုပဲ အခါခါမြင်နေရတာ ဘာမှမမြင်ရတာနဲ့ အတူတူပါလားဆိုတဲ့ စိတ်နဲ့ မျက်စိကိုစုံမှိတ်ပြီး ထိုင်နေလိုက်တယ်။ အဲဒီ့အချိန်မှာပဲ … တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းထဲက အသံတစ်သံ လျှံထွက်ကျလာတယ်။ အော်သံ … တိတိကျကျထပ်ပြောရရင် အော်ခေါ်သံ …။ သဲ့သဲ့လေးပေမယ့် ပြတ်ပြတ်သားသားကိုကြားနေရတယ် …။ ကျွန်တော့်ကိုလှမ်းခေါ်နေတာပဲ … လာခဲ့ … ဒီဘက်ကို လာခဲ့တဲ့ …။ ကျွန်တော်ပထမဆုံးသော မျှော်လင့်ချက်တစ်ခုနဲ့ မတ်တပ်ထရပ်လိုက်တယ် …။ ဘာကိုမှမမြင်ရပေမယ့် … ကျွန်တော် အသံလာရာကိုမှန်းဆပြီး ခြေလှမ်းတစ်လှမ်းကို စလှမ်းလိုက်တယ် …။ ပြီးတော့ နောက်တစ်လှမ်း နောက်တစ်လှမ်း … အမှောင်ထဲမှာ လှမ်းရတဲ့ခြေလှမ်းက နဲနဲတော့ ဟိုရမ်းဒီရမ်းဖြစ်နေနိုင်တယ် …။ အဲဒီ့လိုပဲ … မမြင်ရတဲ့ အရာတွေကို တက်တက်နင်းမိလို့လဲ … ခြေဖ၀ါးမှာသွေးစို့သွားတာလဲဖြစ်တယ် …။ ဒါပေမယ့် … ထိုင်နေရတာထက်စာရင် မဖြစ်စလောက်မျှော်လင့်ချက်နဲ့ပဲဖြစ်ဖြစ် တစ်နေရာရာကို ဦးတည်လျှောက်နေရတာက ပိုအဓိပ္ပါယ်ရှိလိမ့်မယ်လို့ … စဉ်းစားမိလိုက်တယ် …။ ကျွန်တော် နဲ့ အသံနဲ့ တဖြည်းဖြည်းနီးလာတယ် … ကျွန်တော်ကလဲ အသံတစ်ခုပေးလိုက်တယ် …။ အသံနှစ်သံ ပေါင်းစုံမိကြတယ် … ပိန်းပိတ်အောင်မှောင်နေတဲ့ အနက်ရောက်ထဲမှာပဲ …။

Saturday, December 22, 2007

ကျွန်တော်နှင့် အိပ်မက်များ ...(၁)

ကျွန်တော်နှင့် အိပ်မက်များ ...(၁)

ကျွန်တော် စင်ကာပူနိုင်ငံကို ခဏရောက်နေတဲ့ အချိန်ဆိုတော့ စင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းတွေကို
ဖတ်ဖို့စောင့်နေကြသူတွေရှိကောင်းရှိလိမ့်မယ် ...။ ဒါပေမယ့် ကျွန်တော့်က အဲဒီ့အကြောင်းတွေကို ရေးဖို့ အာရုံမလာဘူးဖြစ်နေတယ် ...။ ကျွန်တော့် အခု အားလုံးကို ပြောပြချင်တာက ... စင်ကာပူရောက်မှ နေ့စဉ် ရက်ဆက် ကျွန်တော့်ကို နှိပ်စက်တဲ့ အိပ်မက်တွေအကြောင်းပါ ...။ ရန်ကုန်မှာနေတုန်းက ကျွန်တော်အိပ်မက် မမက်တာ ကြာပါပြီ ...။ ဒါပေမယ့် စင်ကာပူကို စရောက်ရောက်ချင်းညမှာပဲ ကျွန်တော် အိပ်မက် စမက်တော့တာပါပဲ ...။

အိပ်မက် (၁)

ကျွန်တော် အခန်းကျဉ်းကျဉ်းလေးတစ်ခုထဲကိုရောက်နေတယ် ...။ အခန်းဆိုတာထက် လူတစ်ကိုယ်စာ ကျုံ့ကျုံ့လေးပဲ နေလို့ရတဲ့ မြေကျင်းလေးထဲကို ရောက်နေတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ် ...။ ဒါပေမယ့် ကျွန်တော့်ရဲ့ရှေ့မှာ ၀မ်းလျားထိုးဝင်သွားလို့ ရတဲ့ အပေါက်တစ်ပေါက်တော့ရှိတယ် ... နောက်မှာတော့ ဘာမှမရှိဘူး ... အားလုံး အလုံပိတ်။ ဒီအတိုင်းနေလို့ကတော့ ကျပ်ကျပ်သပ်သပ်နဲ့ စိတ်ကျဉ်းကျပ်ပြီး သေလိမ့်မယ်လို့ တွေးမိတာနဲ့ ရှေ့က လမ်းလေးအတိုင်းပဲ ကျွန်တော် ၀မ်းလျားထိုးဝင်သွားလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီ့လမ်းက တဖြေးဖြေး ပိုပိုပြီးကျဉ်းလာတယ် ...။ အရင်က ကျုံ့ကျုံ့လေးနေခဲ့ရတဲ့ မြေကျင်းလေး ထက်တောင် ပိုကျပ်တည်းတဲ့ အခြေအနေတစ်ခုကို ရောက်လာတယ်။ မှားပြီးထင်တယ်လို့ တွေးမိပြီး ... နောက်ပြန်လှည့်ဖို့ စဉ်းစားလိုက်တယ်။ မသတီစရာကောင်းတဲ့ မြေကျင်းသေးသေးလေးရဲ့ ကျဉ်းကျပ်မှုကို စိတ်ထဲမှာ ပြန်မြင်လာတယ် ...။ အဲဒါနဲ့ မထူးကွာဆိုပြီး ကျဉ်းထဲကျပ်ထဲမှာပဲ ရှေ့ဆက်တိုးဖို့ကြိုးစားတယ် ... ။လမ်းကလဲ ကျဉ်းသထက်ကျဉ်းလာသလို ... မွန်းကျပ်မှုကလဲ ပြင်းသထက်ပြင်းလာတယ် ...။ စိတ်ပျက်အားလျော့စွာနဲ့ မျက်စိကို စုံမှိတ်ပြီး အတင်းစွတ်တိုးလိုက်ချိန်မှာပဲ ... အလင်းတစ်စက မျက်ခွံကို ဖောက်ပြီး အာရုံထဲကိုရောက်လာတယ် ...။ တွေ့ပြီ ... အလင်း ... ၊ အနှစ်နှစ် အလလ ငတ်မွတ်တောင့်တခဲ့ရတဲ့ အလင်း ... အစက်အပျောက်လေးတစ်ခုသာသာပဲရှိတဲ့ အလင်းစက်လေးတစ်ခုက လမ်းရဲ့ အစွန်းတစ်ဖက်ကနေ ကျွန်တော့်ကို လက်ယက်ခေါ်နေတယ် ... နဲနဲတော့ ဝေးလိမ့်ဦးမယ် ...။ အဲဒီ့အလင်းကိုရောက်တဲ့ အထိ သွားလို့ရတဲ့ လမ်း ရှိချင်မှလဲ ရှိလိမ့်မယ် ... ။ ဒါပေမယ့် ကျွန်တော်ကတော့ ဆက်သွားခဲ့တယ် ...။ အလင်းနဲ့လဲ နီးလာသလို ... ရင်ထဲက ဝေဒနာတွေကလည်း ကြီးကြီးလာတယ် ... မွမ်းကျပ်မှု၊ လှောင်ပိတ်မှု၊ ကျဉ်းမြောင်းမှု၊ အားကိုးရာမဲ့မှု နောက် မျှော်လင့်ချက် ... ။ ကျွန်တော် အိပ်မက်က လန့်နိုးလာခဲ့တယ် ...။

အိပ်မက် (၂)

ကျွန်တော် ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေတုန်း ... ကျွန်တော်ရော ကုတင်ကြီးပါ ... စကြ၀ဠာကြီးထဲကို လွှင့်ပစ်ခံလိုက်ရသလိုမျိုး လွင့်စင်ပြုတ်ကျသွားတယ် ...။ ကျွန်တော် ကြောက်လိုက်တာ ...။ လက်တွေ၊ခြေတွေတင်မကဘူး တစ်ကိုယ်လုံးကလဲ လုံးဝကိုလှုပ်လို့ကို မရဘူး ...။ ကိုကိုယ်တိုင် ပြုတ်ကျနေတာကို ဘာမှမတတ်နိုင်ပဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတဲ့ အဖြစ်ပါ ... ။ အမြင့်တနေရာကနေ ပြုတ်ကျတာဆိုတော့ ရင်ထဲမှာလဲ အေးနေတာပါပဲ ...။ တဖြေးဖြေးနဲ့ ပြုတ်ကျနေတဲ့ အချိန်ကြာလာတယ် ...။ အောက်ကြမ်းပြင်ကို ထိတဲ့တစ်ချိန်မှာ ကျွန်တော့်အသက်နဲ့ကိုယ် အိုးစားကွဲပြီဆိုတဲ့အသိနဲ့ စိုးထိတ်ကြောက်ရွံ့နေမိတဲ့ စိတ်တွေဟာ တဖြေးဖြေးပါးလျလာတယ် ...။ ပြုတ်ကျလို့ အသဲတအေးအေး ဖြစ်နေတဲ့ ခံစားမှုကလဲ ကြောက်စိတ်တွေမရှိတော့တဲ့နောက် ခံစားလို့ကောင်းတဲ့ အရသာတစ်ခုလို ဖြစ်လာတယ် ...။ ကျွန်တော် တခုခုကိုလဲနားလည်လာတယ် ...။ ဆွဲငင်အားတွေကို သာ လျှစ်လျှူရှုထားနိုင်မယ်ဆိုရင် ဘယ်လိုပြုတ်ကျမှုမျိုးကမှ ကိုယ့်ကို အထိမနာစေနိုင်ဘူးဆိုတာကို ...။အဲဒါနဲ့ပဲ ကျွန်တော်လဲ ဆွဲငင်အားကင်းကင်းနဲ့ ပြုတ်ကျခြင်းရဲ့ အရသာကို ပျော်ပျော်ကြီးခံစားနေလိုက်တယ် ...။ အိပ်မက်ဆုံးတဲ့ အထိ ကျွန်တော်ကတော့ ပြုတ်ကျနေတုန်းပါပဲ ...။

ကောသလမင်းရဲ့ အိပ်မက်တွေကိုတော့ ဗုဒ္ဓမြတ်စွာဘုရားက အဓိပ္ပါယ်တွေ ဖွင့်ဆိုပြသွားတယ် ... ။ ကျွန်တော့်ရဲ့ အိပ်မက်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်လဲ ဘာတွေမှန်းမသိလို့ ခင်ဗျားတို့ဖာသာပဲ လိုသလို တွေးလိုက်ကြတော့ဗျာ ။ နောက်ထပ်အိပ်မက်တွေကို နောက်တော့ ထပ်ပြောပြပါဦးမယ်။

Monday, December 10, 2007

မြင်ကြည့်ခြင်း ...

မြင်ကြည့်ခြင်း ...


တတိတိလှိုက်စားနေတဲ့ အချိန်ကို

လက်ခဏကာပြပြီး

မှန်ထဲကို ငါကြည့်တော့

ပြောင်းလဲခြင်းတွေကိုမြင်တယ် …

မြစ်တစ်မြစ်ထဲ ရေနှစ်ခါချိုးလို့ မရဘူးတဲ့ …

ငါကတော့

လူတစ်ယောက်တည်းကို နှစ်ခါပြန်တွေ့ချင်နေမိ

အဲဒီ့လို … ရူးရူးမိုက်မိုက်ကို ငြိခဲ့တယ် …

ခိုင်မာတဲ့ အလင်းတိုင်းဟာ

အပူနဲ့မကင်းဘူးတဲ့ …

ဒီလိုနဲ့ပဲ လင်းရင်းနဲ့လောင် လောင်ရင်းနဲ့လင်းကြ

ငါကတော့ …

ပြာမှုန်ပြာစတွေကိုပဲ တိတ်တိတ်လေးလိုက်ရှင်းပေးနေမိတယ် …

အနန္တသူရိယအမတ်ရဲ့

မျက်ဖြေလင်္ကာကို အခါခါရွတ်

အနင်းအဖြတ်ဆိုတာ အားလုံးနဲ့မလွတ်ဘူးတဲ့ …

အမြင့်တစ်ခုကို မျှော်မျှော်ငေး

ဘယ်အရာကိုမဆို

နင်းတက်လိုက်ဖို့ ၀န်မလေးကြသူတွေကြားမှာ

မြေပေါ်မှာဒူးထောက် …

ငါကလေ

ဘ၀တွေကို လိုက်ကောက်ဖို့ကြိုးစားနေမိတယ် …

ဘယ်သူတွေ ဘယ်နေရာကိုသွားနေကြတာလဲ

ဘယ်သူတွေ ဘာတွေကိုရဖို့အားထုတ်နေကြလဲ

ဘယ်သူတွေ ဘယ်လိုစိတ်ဓါတ်နဲ့ ခရီးဆက်နေကြလဲ …

လိုက်ကြည့်မနေပေမယ့် သိလာရတဲ့သိခြင်းများစွာမှာ

လိုအပ်ခြင်းတွေလွဲခဲ့

အဓိပ္ပါယ်ဖွင့်ဆိုမှုတွေလွဲခဲ့

နားလည်သဘောပေါက်မှုတွေလွဲခဲ့ …

တတိတိလှိုက်စားနေတဲ့ အချိန်ကို

လက်ခဏကာပြပြီး

မှန်ထဲကို ငါကြည့်တော့

ပြောင်းလဲခြင်းတွေအပြင် … လွဲချော်မှုတွေကိုပါထပ်မြင်လိုက်တယ် …။

Friday, December 7, 2007

ကလေးတွေ ပညာသင်နိုင်ကြစေဖို့ ...

ကလေးတွေ ပညာသင်နိုင်ကြစေဖို့ ...

လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေရင်း စားပွဲထိုးလေးနှစ်ယောက်ကို ခေါ်ပြီး အသက်မေးလိုက်တော့ တစ်ယောက်က ၁၆နှစ်၊ နောက်တစ်ယောက်က ၁၃ နှစ်။ ညဘက် လိုင်းကားစီးပြီး အိမ်ကိုပြန်တော့ ၁၀၅ကားပေါ်မှာ ပါးစပ်ကနေ မိုက်မိုက်ရိုင်းရိုင်းတွေပြောပြီး စပယ်ယာလုပ်နေတဲ့ကောင်လေးရဲ့ အသက်ကို ခန့်မှန်းကြည့်တော့ အလွန်ဆုံးရှိမှ ၁၄ နှစ်၊ ဟိုနားဒီနားသွားချင်လို့ ဆိုက်ကားငှားမယ်လုပ်တော့ နင်းတဲ့သူက ကလေးဖြစ်နေတာနဲ့ မင်းငါ့ကိုတင်နင်းနိုင်လို့လားလို့မေးတော့ နောက်ထပ်နှစ်ယောက်တောင် ထပ်တင်လို့ ရသေးတယ်တဲ့၊ သူရဲ့အသက်ကလည်း အလွန်ဆုံးရှိမှ ၁၆နှစ်၊ အိမ်မှာ ညနေပိုင်း ကော်ဖီလေးထိုင်သောက်နေတုန်း ... စာအုပ်အဟောင်းတွေဝယ်တယ်၊ ဒန်တွေဝယ်တယ်၊ ကော်တွေဝယ်တယ် ... ဆိုတဲ့ အသံစာစာလေးကိုကြားလို့ လှမ်းကြည့်လိုက်တော့ ... ၁၃နှစ်သာသာ လောက်ပဲရှိဦးမယ့် ကောင်လေးတစ်ယောက် ...။ ဒါတွေဟာ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်တွေပါ ... ။ လူ့လောကကြီးထဲက လက်တွေ့ဘ၀တွေထဲကို ဆင်းပြီး အမြင်အာရုံရှင်းရှင်းနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး မြင်နိုင်တဲ့မြင်ကွင်းတွေလဲဖြစ်ပါတယ် ...။ ဒီကလေးတွေရဲ့အနာဂတ်အိပ်မက်တွေဟာ ဘာတွေလဲ ...။ ဆရာဝန်ကြီးလား ... မဖြစ်နိုင်ပါဘူး၊ အင်ဂျင်နီယာကြီးလား ... ဒါဟာလဲ တော်တော်ကိုဝေးပါတယ်၊ ဒါဆို အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးလား ... ဟင့်အင်းလို့ပဲဖြေရမှာပါ ...။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ် ...။ ဒီကလေးငယ်တွေဟာ အခုအရွယ်ကတည်းက ကျောင်းမနေနိုင်ရှာပဲ မိသားစုရဲ့ စားဝတ်နေရေးအတွက် ရရာအလုပ်ကိုဝင်လုပ်နေကြရပြီဆိုတော့ သူတို့ရဲ့ အနာဂတ်ဟာ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သာမာန် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ဘ၀တစ်ခုထက်ဘယ်လိုမှ ပိုလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အဲဒါတွေထက်ပိုတဲ့ တစ်စုံတစ်ယောက် တစ်စုံတစ်ဦး အဖြစ်ကိုရောက်သွားနိုင်ပါတယ် ...။ တစ်ခုတည်းလိုတာပါ ... သူတို့ရဲ့ဘ၀တွေကို ဆွဲတင်ဖို့အားအင်ပြည့်ဝတဲ့ လက်တစ်ဖက်ပဲလိုတာပါ ...။ အဲဒီလက်တစ်ဖက်ဟာ ခင်ဗျားရဲ့လက်ဖြစ်နိုင်သလို၊ ကျွန်တော့်ရဲ့လက်လဲ ဖြစ်နိုင်သလို၊ လူအားလုံးထဲက တစ်ယောက်ယောက်ရဲ့လက်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေရဲ့ ဘ၀ကို ဆွဲတင်မြင့်မားစေမယ့် လက်တစ်ဖက် ဖြစ်နိုင်ခွင့်တွေရှိနေပါတယ် ...။ အဲဒီ့လိုဖြစ်နိုင်ဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့စိတ်ထဲမှာ တစ်ခုတည်း ရှိနေဖို့လိုတာပါ ...။ အဲဒါကတော့ ကိုယ်ချင်းစာစိတ်ပါ ...။

တော်တော်များများကတော့ ကျောင်းတက်ပြီး ပညာရှာမှီးနေရမယ့် အရွယ်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရတဲ့ ကလေးငယ်တွေကိုမြင်တဲ့အခါ ဘယ်လိုတွေးကြမယ် ဆိုတာမသိပေမယ့် ... ကျွန်တော်ကတော့ ဒီကလေးတွေရဲ့ဘ၀၊ ဒီကလေးတွေကို ဒီလိုဖြစ်နေစေတဲ့ သူတို့ မိဘတွေရဲ့ဘ၀၊ နောက်ပြီး ဒီကလေးတွေရဲ့အနာဂတ် ... ၊ ဒီလိုကလေးမျိုးတွေလူကြီးဖြစ်လာပြီး တစ်ယောက် တစ်နေရာစီကနေ ၀င်ပါကြမယ့် နိုင်ငံရဲ့ အနာဂတ် ...၊ ပြီးတော့ ဒီကလေးတွေရေးထွင်းရမယ့် ... နိုင်ငံရဲ့သမိုင်း စာမျက်နှာအသစ် တွေ ... စတာ စတာတွေအထိကို အတွေးနယ်ချဲ့ မိပါတယ် ...။ ဒါဟာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်သလို အချိန်မီပြောင်းပစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ လဲကျွန်တော်မြင်ပါတယ် ...။ ဒါကြောင့်လဲ ... ဒီပြဿနာကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဥာဏ်မီသလောက်လေး အခါခါ စဉ်းစားအဖြေရှာကြည့်ခဲ့ဖူးပါတယ်။

ပထမဦးဆုံးအနေနဲ့ ဒီကလေးတွေကို ဒီလိုအခြေအနေရောက်လာစေတဲ့ အခြေခံအချက်ကတော့ သူတို့မိဘတွေရဲ့ ဘ၀အခြေအနေပဲဖြစ်ပါတယ်။ မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဆိုတဲ့ မိဘတို့ရဲ့ ၀တ္တရားငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်ပြီး အရေးအကြီးဆုံး၊ အခြေခံအကျဆုံးဖြစ်တဲ့ အတတ်ပညာသင်ကြားပေးရမယ်ဆိုတဲ့ ၀တ္တရားကို မိဘတွေတော်တော်များများက မကျေပွန်နိုင်ကြတော့တဲ့အချက်ကို သွားတွေ့ရပါတယ် …။ တကယ်တမ်းသေသေချာချာ စဉ်းစားမယ်ဆိုရင် အဲဒီ့ဝတ္တရားငါးပါးထဲက အတတ်သင်စေဆိုတဲ့ ၀တ္တရားတစ်ပါးကိုသာ မိဘတိုင်းကျေနိုင်မယ်ဆိုရင် … အခြားဝတ္တရားတွေကိုပါ အလိုလို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ …။ ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်ဟာ ကောင်းမှုနဲ့ မကောင်းမှုကို အတိုင်းအတာတစ်ခုအထိ ခွဲခြားတတ်သွားပါတယ် …။ နောက်ပြီး … ကိုယ်တတ်တဲ့ ပညာနဲ့ အရင်းအနှီးကို ကိုယ်တိုင်ရှာဖွေရပ်တည်နိုင်စွမ်းလဲရှိသွားနိုင်ပါတယ် …။ ပညာရေးဆုံးခန်းတိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါ သင့်တင့်လျောက်ပတ်တဲ့ အသိတရားရှိနေပြီဖြစ်တာကြောင့် ထိမ်းမြားလက်ထက်မှုတစ်ခုကိုလဲ သူ့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း ရှိသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အခြားဝတ္တရားတွေမကျေချင်နေပါစေ … အတတ်သင်စေဆိုတဲ့ ၀တ္တရားလေးတစ်ခုကိုတော့ တတ်စွမ်းသမျှကျေပွန်အောင် ထမ်းဆောင်သင့်ကြတယ်လို့ မြင်ပါတယ်။ ဒါက ကျွန်တော်ဖြစ်စေချင်တဲ့ဆန္ဒပါ …။ ဒါပေမယ့် … တကယ့်လက်တွေ့ဘ၀မှာ ကျွန်တော်တို့တွေ့နေရတာက ဒီတာဝန်လေးတစ်ခုကိုတောင် မကျေနိုင်ကြတဲ့ မိဘတွေကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်တွေ မြှုတ်နှံစတေးပစ်နေရတဲ့ မြင်ကွင်းတွေပါ။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ ဆိုတာကိုထပ်စဉ်းစား ကြည့်တဲ့အခါမှာ အခြေခံလူတန်းစားအလွှာတွေရဲ့ အသိပညာဗဟုသုတချို့တဲ့မှုကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေပြန်တာကို တွေ့ရပါတယ် …။ ကိုယ်မွေးလာမယ့် ကလေးတွေကို တာဝန်ယူနိုင်တဲ့ အခြေအနေ ကိုယ့်မှာ မရှိသေးဘူးဆိုရင် … ကလေးမယူသေးလို့ရပါတယ် …။ ဒါပေမယ့် အဲဒီ့လို အသိတွေအခြေခံလူတန်းစားအလွှာမှာ ရှိမနေပါဘူး။ စားဝတ်နေရေးအတွက် အချိန်မအားမလပ်အောင်ကို ရုန်းကန်လှုပ်ရှားနေရလို့ ကျန်တာတွေအတွက် ဘယ်လိုမှ စဉ်းစားချိန်မရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပြဿနာရဲ့ အကြောင်းရင်းကို စဉ်းစားကြည့်နေတာဖြစ်ပါတယ် …။ ဟုတ်ပါပြီ … အခု ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားကြည့်ပါမယ် …။ အခြေခံလူတန်းစားတွေကို သားစပ်ခြားရေးနဲ့ပတ်သက်တဲ့ အသိတွေကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့လိုပါတယ် …။ နောက်ပြီး … လူတိုင်းရဲ့ အခြေခံစားဝတ်နေရေးပြေလည်နေစေဖို့ကိုလဲ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ရပါမယ် …။ ပညာမသင်နိုင်ပဲ အလုပ်ထွက်လုပ်နေရတဲ့ကလေးငယ်တစ်ယောက်ရဲ့ဘ၀ကို ကယ်တင်ချင်တယ်ဆိုရင် အဲဒီ့ကလေးငယ်ရဲ့ မိသားစုရှိရာကို သွားပြီး အဲဒီ့မိသားစုထဲက မိခင်နဲ့ ဖခင်ကို သားစပ်ခြားရေးအသိပညာတွေပေးရပါမယ် …။ ပြီးရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်အတွက် … မိသားစုတစ်စုလုံးရဲ့ အခြေခံစားဝတ်နေရေးကိုတာဝန်ယူနိုင်လောက်တဲ့ အလုပ်တစ်ခုခုကို စီမံပေးဖို့လဲ လိုပါလိမ့်မယ် …။ ဒီလိုလုပ်နိုင်မယ်ဆိုရင် … အဲဒီ့ မိသားစုတစ်စုအတွက် အဲဒီ့ ပြဿနာဟာ ပြေလည်သွားနိုင်ပါတယ် …။ ဒါပေမယ့် အဲဒီ့လိုမိသားစုတွေများစွာရှိနေပါတယ် …။ ဒါကြောင့် အဲဒီ့လိုမိသားစုတွေ အားလုံးရဲ့ ဘ၀ကို ဆွဲတင်ဖို့ဆိုတာကတော့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့အားနဲ့ မရနိုင်တော့ပါဘူး …။

ဒါဆို နောက်ထပ်အခြေအနေတစ်ခုကို စဉ်းစားကြည့်ပါမယ် …။ အထက်မှာ စဉ်းစားခဲ့တာက ကလေးရော၊ သူ့မိသားစုကိုပါ ဆွဲတင်ဖို့ကြိုးစားတဲ့နည်းပါ …။ အဲဒီ့လိုမျိုးလုပ်နိုင်ဖို့ သိပ်မလွယ်ကူဘူးဆိုရင် … ကလေးနဲ့ မိသားစုကိုခွဲပြီး ကျွန်တော်တို့စဉ်းစားကြည့်ပါမယ် …။ ပညာမသင်နိုင်ပဲ အလုပ်ထွက်လုပ်နေရတဲ့ ကလေးငယ်တွေကို အခြေခံအားဖြင့် နှစ်ပိုင်းခွဲလို့ရပါတယ် … တစ်မျိုးကတော့ မိဘက ကျောင်းဆက်မထားနိုင်တော့လို့ ဒီအတိုင်းအအားမနေခိုင်းချင်တာနဲ့ အလုပ်ထွက်လုပ်ခိုင်းထားတာမျိုးပါ။ မိဘက သူ့အပေါ်မှာ မှီခိုနေရတာမျိုး မဟုတ်သေးပါဘူး။ နောက်တစ်မျိုးကကျတော့ … မိသားစုရဲ့ စားဝတ်နေရေးအတွက် ကိုယ်တိုင်ကကို တစ်တပ်တစ်အား ပိုက်ဆံထွက်ရှာမှရတော့မယ်ဆိုတဲ့ အခြေအနေကို ရောက်လာလို့ ကျောင်းထွက်ပြီး ငွေရှာနေရတာမျိုးပါ။ ဒါမျိုးဆိုရင်တော့ သူ့ရဲ့လုပ်အားခကို မိသားစုက မှီခိုနေရတာမျိုးဖြစ်သွားပါပြီ။ ပထမကလေးမျိုးဆိုရင်တော့ သူ့ကို အလုပ်မလုပ်ခိုင်းပဲ ကျောင်းထားပေးမယ်ဆိုရင် မိဘတွေအနေနဲ့ အလွယ်တကူ ကြည်ကြည်ဖြူဖြူလက်ခံကြမှာဖြစ်ပေမယ့် … ဒုတိယကလေးမျိုးဆိုရင်တော့ … သူ့ကို မိသားစုကနေခွဲထုတ်ပြီး သူ့ဘ၀ကို မြှင့်တင်ပေးချင်တယ်ဆိုတဲ့နေရာမှာ အခက်အခဲတွေရှိလာပါတယ် …။

ဒီဆောင်းပါးလေးရေးနေတုန်း ... စိတ်ကသိကအောင့်ဖြစ်စရာကိစ္စလေးတွေပေါ်လာတာနဲ့ ဆက်ရေးဖို့ရာ အာရုံမလာဘူးဖြစ်သွားတယ်။ ဒါပေမယ့် ဆက်ရေးမှာပါ ...။ ကျွန်တော့်သူငယ်ချင်းတွေလဲ စိတ်ပါရင် ကျွန်တော်နဲ့ အတူတူ ပူးပေါင်းခေါင်းစားနိုင်ပါတယ် ...။ လုပ်ရပ်တွေအားလုံးဟာ စိတ်ကူးတွေမှာ အခြေတည်ခဲ့ကြတာပဲ မဟုတ်လားဗျာ ...။

Monday, December 3, 2007

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား …

ကျွန်တော် ဘလော့ဂါ နဲ့ ချက်တာ ဆိုတဲ့ ပို့စ်လေးကိုရေးတုန်းက ချက်တင်မှာလဲ ကောင်းကျိုးတွေရှိပါသေးတယ်။ အဲဒါတွေကိုလဲ ရေးပါဦးလို့ ပြောလာသူတွေရှိပါတယ်။ ကျွန်တော်လဲရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်ပါတော့တယ် …။ ပထမတော့ ချက်တင်ရဲ့ကောင်းကျိုးတွေကိုချည်းချရေးဖို့စဉ်းစားပေမယ့် … ရေးရင်းရေးရင်းနဲ့ ချက်တင်စွဲနေသူတွေအတွက် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေပါ ပါသွားပါတယ်။ ကျွန်တော်ရေးထားတာတွေထဲမှာ အစွန်းရောက်နေတဲ့ အမှားမျိုးများပါခဲ့မယ်ဆိုရင် အဲဒီ့အမှား ဟာ လူငယ်တွေကို ချက်တင်ဝဲဂယက်ထဲမှာပဲနစ်မြောပြီး အကျိုးမဲ့ဖြစ်မနေစေချင်လို့ဆိုတဲ့ စေတနာနဲ့ မှားတဲ့ စေတနာအမှားမျိုးပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး ကျွန်တော်သုံးနှုံးတဲ့ စကားလုံးတွေထဲမှာ နည်းနည်းလေးပြင်းထန်တာမျိုးတွေ ပါသွားမယ် ဆိုရင်လဲ အဲဒါဟာ ကရုဏာဒေါသောနဲ့ ပြောမိတယ်လို့ပဲ မှတ်ယူကြစေချင်ပါတယ် …။

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား …

ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး တောင်တောင်အီအီလျှောက်စဉ်းစားနေမှာစိုးရိမ်လို့ ကျွန်တော် ဘာအကြောင်းကို ပြောချင်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး အရင်ဆုံးရှင်းရမယ်ထင်ပါတယ်…။ ကျွန်တော် အင်တာနက် (Internet) လို့ခေါ်တဲ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီးအကြောင်းနဲ့ အဲဒီ့အထဲကမှာ chatting နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်လေးတွေအကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်တော် စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ အချိန် ၂၀၀၄ ခုနှစ်ရောက်မှ အင်တာနက်ဆိုတာကြီးနဲ့ အထူးတလည်ကို ရင်းနှီးခဲ့တာပါ ...။ စင်ကာပူနိုင်ငံမှာ အင်နာနက်သုံးစွဲခွင့်တွေကို အရောင်းအ၀ယ်လုပ်တဲ့ Internet Service Provider (ISP) တွေက ပုဂ္ဂလိကပိုင်တွေဖြစ်ပါတယ် ...။ အင်တာနက် အသုံးပြုခွင့်ကိုလည်း သိပ်မများတဲ့ နှုန်းထားနဲ့ ရရှိနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ အလွယ်တကူ အသုံးပြုနိုင်ကြပါတယ် ...။ ဒါကြောင့်လဲ မနက်အိပ်ရာထတာနဲ့ ကမ္ဘာလောကကြီးက ကိုယ့်စားပွဲပေါ်မှာ ကိုယ်ကြည့်လိုမြင်လိုသမျှကို ကြည့်နိုင်မြင်နိုင် လေ့လာနိုင်အောင်လို့ အဆင့်သင့်စောင့်မျှော်နေသလိုပါပဲ ...။ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေမှာဆို သိပ်ကောင်းပါတယ် ...။ ကျောင်းဝန်းတစ်ခုလုံး ဘယ်နေရာ ကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိတ်ဆောင်ကွန်ပျူတာ (Laptop) လေးကိုဖွင့်လိုက်တာနဲ့ ကြိုးမဲ့အင်တာနက် စနစ် (Wireless Internet System)နဲ့ အင်တာနက်ကို အသုံးပြုလို့ ရပါတယ် ...။


ကျွန်တော်က စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်တာမဟုတ်ပဲ ... အလုပ်သွားလုပ်တာဆိုတော့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ... အင်တာနက်ဆိုတာကြီးကို စတင်သုံးဆွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက် ကတော့ ခွဲခွာနေရတဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ဆိုတာ တစ်ခုပဲဖြစ်ခဲ့ပါတယ် ...။ အရှင်းဆုံးပြောရရင် ... Chatting Services တွေရဲ့အကူအညီနဲ့ ခွဲခွာနေရတဲ့ မိသားစုဝင်တွေနဲ့ နီးကပ်နေသလိုဖြစ်ခဲ့ပါတယ် ...။ နောက်ပြီး ... MIRC လို chatting site တွေနဲ့ လည်း အတူနေသူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ် ...။ အဲဒီ့မှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က တဆင့်မြင့်တက်သွားပါတယ် ...။ အဲဒါကတော့ မြန်မာအချင်းချင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းအသစ် အသစ်တွေရှာဖွေ မိတ်ဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် အသိအမြင်တွေဖလှယ်ရယူ မယ်ဆိုပြီးဖြစ်ပါတယ်။ MIRC ထဲမှာ မြန်မာနိုင်ငံက သူတွေနဲ့ တွေ့သလို နိုင်ငံခြားသားတွေနဲ့လဲ ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ် ...။ သူ့နိုင်ငံအကြောင်းတွေမေး၊ သူတို့ရဲ့ယဉ်ကျေးမှုအကြောင်းတွေမေးရင်းနဲ့ အင်မတန်မှဗဟုသုတရသလို ကိုယ့်နိုင်ငံရဲ့ အကြောင်းတွေ၊ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ မြန်မာတို့ရဲ့ စိတ်ထား နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေ အကြောင်းတွေကိုပြောပြရင်း မြန်မာဆိုတာ ဘာလဲ ဆိုတာကိုပါ ... ကမ္ဘာကသိအောင် လုပ်ခွင့်ရခဲ့ဖူးပါတယ် ...။ MIRC ထဲက မြန်မာတွေအများစုကတော့ မြန်မာအချင်းချင်း Chat ကြတဲ့ အခါမှာ Burglish လို့ ခေါ်တဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုပေါင်းပြီး ပြောတတ်ကြပါတယ် …။ Nay Kaung Lar … ? Sate nyit nay loe … စသည်ဖြင့် ပြောကြပါတယ် …။ ကျွန်တော်ကတော့ Burglish ဆိုတဲ့ Language ကို ဘယ်လိုမှသဘောမကျတာကြောင့် အင်္ဂလိပ်လိုပဲပြောဖြစ်တာများပါတယ် …။ အဲဒါကြောင့်လဲ အင်္ဂလိပ်စာ သိသိသာသာကို တိုးတက်လာပါတယ် …။ ကျွန်တော်နဲ့ Chat ထဲမှာတွေ့ဖြစ်သမျှသူတော်တော်များများကိုလဲ Burglish အစား English လိုပဲပြောဖို့ ကျွန်တော်တိုက်တွန်းလေ့ရှိပါတယ်။ နဲနဲတော့ ပင်ပန်းပါတယ် …။ ကိုယ်ပြောချင်တာကို သူနားလည်အောင် လှည့်ပတ်ရှင်းပြရတာမျိုးတွေရှိသလို သူပြောတာကိုလဲ နားလည်အောင် Dictionary ခဏခဏလှန် နေရတာမျိုးတွေ ရှိပါတယ်။ အဲဒီ့လို အပင်ပန်းမခံပဲ အလွယ်လမ်းလိုက်ပြီး Burglish ကိုပဲ ထဲထဲဝင်ဝင်သုံးခြင်းဟာ အင်္ဂလိပ်စာတိုးတက်မှုကိုနှောင့်နှေးစေသလို … နိုင်ငံခြားသားသူငယ်ချင်းမိတ်ဆွေတွေရရှိနိုင်မှုကိုလဲ တားမြစ်လိုက်သလိုဖြစ်သွားပါတယ် …။


ကျွန်တော်ရဲ့ chatting ၀င်ရခြင်းရည်ရွယ်ချက်က နိုင်ငံအရပ်ရပ်က သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားချင်ပြီး အစစအရာရာမျှဝေခံစားနိုင်ကြဖို့ ဖြစ်တာကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့ Profile အမှန်တွေကို ပြောပြပြီးမှ Chat လေ့ရှိပါတယ် …။ ဒါကလည်း သိပ်ကိုအရေးကြီးပါတယ် …။ ကျွန်တော့်အမြင် အရတော့ ဘယ်သူမှန်းမသိ၊ ဘယ်အရွယ်မှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ဘာမှန်းမသိတဲ့ လူတစ်ယောက်နဲ့ တရင်းတနှီးမိတ်ဆွေသူငယ်ချင်းဖြစ်ချင်တဲ့ ဆန္ဒမရှိပါဘူး …။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမှန်တွေကိုပဲပြောသလို … တဘက်ကလူတွေပြောတာကိုလဲ ယုံကြည်မိခဲ့တာတွေရှိခဲ့ဖူးပါတယ် …။ ဒါပေမယ့် တော်တော်များများက အမှန်အတိုင်းမပြောကြဘူးဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်တော်သိလာခဲ့ပါတယ် …။ chatting သုံးနေကြတဲ့ လူငယ်တွေအနေနဲ့ ဒီလို လိမ်ညာခြင်းအမှုကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး လွယ်လင့်တကူလုပ်နေကြတာဟာ တိုင်းပြည်အတွက် အင်မတန်မှကိုရင်လေးစရာကောင်းပါတယ်။ ဒီိလိုလုပ်ခြင်း အားဖြင့် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေကင်းမဲ့လာစေနိုင်သလို၊ မိမိရဲ့စကားအတွက် မိမိတာဝန်ယူရတယ်ဆိုတဲ့ အသိစိတ်တွေကိုလဲ ခေါင်းပါးလာစေပါတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက် မတူညီမှုတွေက တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အကျိုးသက်ရောက်မှုတွေကို ကွဲပြားသွားစေတာကိုလဲတွေ့ရပါတယ်။ မိတ်ဆွေသူငယ်ချင်းတိုးပွားချင်လို့၊ အတွေးအခေါ်အတွေးအမြင်တွေ ဖလှယ်ချင်လို့၊ ဗဟုသုတတွေရှာမှီးချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးတဲ့သူက သူ့ရည်ရွယ်ချက်တွေထဲက အတိုင်း မိတ်ဆွေသူငယ်ချင်းတွေရ၊ အတွေးအခေါ်အတွေးအမြင်အသစ်တွေရ၊ ဗဟုသုတတွေရလာနိုင်သလို … ဘာမှမယ်မယ်ရရမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်ဘာဝအီစီကလီလုပ်ချင်ကြလို့ ၊ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူမှန်းမသိရတာကြောင့် ပြစ်ပြစ်နှစ်နှစ်တွေပြောကြပြီး … စိတ်အရသာခံချင်ကြလို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးကြသူတွေကတော့ ဘယ်လို ကောင်းကျိုးမျိုးမှ ဖြစ်လာမှာမဟုတ်ပဲ … စိတ်ဓါတ်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အထိကို ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အချို့တွေရှိပါတယ် … သူဘယ်သူမှန်း ကိုယ်ဘယ်သူမှန်းမသိခြင်းကို အခွင့်ကောင်းယူပြီး … လိင်ပိုင်းဆိုင်ရာ စကားလုံးတွေကို တစ်တစ်ခွခွပြောကြပြီး အရသာခံကြတာတွေရှိပါတယ် …။ စိတ်ဝေဒနာတစ်မျိုးလို့တောင် ယူဆလို့ရတဲ့ အခြေအနေပါ …။


ချက်တင်မထိုင်ရရင်မနေနိုင်လောက်အောင် ချက်တင်စွဲနေကြသူတွေကို ကျွန်တော်တွေ့ဖူးပါတယ် …။ အထူးသဖြင့် ပြင်ပလောကမှာ ပြဿနာ တစ်ခုခုရှိနေကြတဲ့သူတွေ၊ မယ်မယ်ရရအလုပ်လုပ်စရာမရှိပဲ အားနေကြတဲ့သူတွေနဲ့ စိတ်အားသတ္တိချို့တဲ့သူတွေများပါတယ် …။ အာရုံငါးပါးကိုစွဲလမ်းတာမဟုတ်ပဲ … စကားလုံးတွေရဲ့အားကို စိတ်နဲ့စွဲယူခံစားပြီး အဲဒီ့ခံစားမှုတွေကို စွဲလမ်းနေကြခြင်းပဲဖြစ်ပါတယ်။ တစ်ခုခုကို စွဲလမ်းပြီဆိုကတည်းက အဲဒီ့သူရဲ့ စိတ်အားသတ္တိကနဲနေပြီလို့ပြောလို့ရပါတယ်။ ဆေးလိပ်မသောက်ရရင် မနေနိုင်တာ၊ အရက်မသောက်ရရင်မနေနိုင်တာ၊ ချက်တင်မထိုင်ရရင်မနေနိုင်တာ စတာတွေဟာ … မညှာမတာတမ်းတွေးရမယ်ဆိုရင် သက်မဲ့အရာတွေရဲ့လွှမ်းမိုးမှုကို ကိုယ့်ရဲ့စိတ်က ခံနေရတာပါ ။ ရှက်တတ်မယ်ဆိုရင် အင်မတန်မှကိုရှက်ဖို့ကောင်းပါတယ်။ ဒီနေရာမှာ Globalization ခေတ်ကြီးထဲမှာ အင်တာနက်ကို တစ်နေ့မသုံးရရင် ခေတ်နောက်ကျကျန်ခဲ့လိမ့်မယ်ဆိုတဲ့ စကားနဲ့သွားပြီး မရောထွေး စေချင်ပါဘူး။ အင်တာနက်အသုံးပြုခြင်းဟာ ချက်တင်ထိုင်ခြင်းမဟုတ်ပါဘူး …။ ဆီနဲ့ရေလိုကွာပါတယ် …။ အင်တာနက်ပေါ်မှာ အခြားသုံးစရာတွေအများကြီးပါ။ ယူတတ်မယ်ဆိုရင် ယူစရာတွေအများကြီးပါ။ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရနိုင်တာ အင်တာနက်ပါ။ ဘာလုပ်ချင်လဲ၊ ဘာသိချင်လဲ၊ ဘာလိုအပ်သလဲ၊ ဘာတွေကြားချင်လဲ၊ ဘာတွေပြောချင်လဲ … အင်တာနက်ထဲမှာ သူများထွင်ထားတဲ့လမ်းတွေရှိသလို ကိုယ်တိုင်ထွင်ချင်တဲ့ လမ်းရဲ့အစကိုလဲ ရှာဖွေတွေ့မြင်နိုင်ပါတယ်။ အင်တာနက်ထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက လူများစွာရဲ့ ဦးနှောက်ပေါင်းများစွာ ကိန်းဝပ်နေပါတယ်။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားလိုပါပဲ …။ တန်းဖိုးမထားတတ်သူတွေကြားထဲမှာ အင်တာနက်ဆိုတာကြီးက မြားနတ်မောင် ဘ၀ကနေ မတက်တော့တာ တီထွင်ခဲ့သူတွေကိုယ်စား ရင်နာရပါတယ်။ အချို့အရာတွေကိုတော့ လူငယ်ထုအနေနဲ့ မသိလို့ဆိုတာ မျိုးဖြစ်နိုင်ပါတယ် …။ ဒါကြောင့် ဒီအခြေအနေတစ်ခုကို ကျော်လွှားဖို့ မီဒီယာတွေမှာလဲ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ လူငယ်ထုအနေနဲ့လဲ စူးစမ်းလေ့လာမှုတွေလုပ်ဖို့လိုပါလိမ့်မယ် …။ လူငယ်တွေအနေနဲ့ အင်တာနက်ရဲ့အသုံးဝင်မှုကို အခြေခံအဆင့်ကတည်းက ကြေကြေ ညက်ညက် မသိခဲ့ခြင်းကလည်း ဒီလိုအခြေအနေမျိုးကိုဖြစ်လာစေတဲ့ … အကြောင်းအရင်းတစ်ခုပါ …။ အင်တာနက်နဲ့ စာကြည့်တိုက်ဟာ ကျောင်းသားတိုင်းရဲ့ ကျောင်းသားဘ၀မှာ ထိတွေ့မှုအများဆုံးအရာတွေ ဖြစ်နေသင့်ပါတယ် …။ ကျွန်တော်တို့လဲ ကျောင်းသားဘ၀ကနေကြီးပြင်းလာခဲ့တာပါ …။ ကိုယ်ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်ဆိုတာ ကျွန်တော်တို့ကျောင်းသားတွေရဲ့ဘ၀မှာ မရှိသလောက်ကိုရှားပါတယ်။ ဆရာ၊ ဆရာမတွေ ရေးပေးတာတွေကိုပဲ နှုတ်တိုက်ကျက်ခဲ့ကြရတာပါ …။ ဒါဟာ ကျောင်းပြီးတဲ့ နောက်ပိုင်း လူ့လောကကြီးထဲမှာ ထပ်မံလိုအပ်တဲ့ ဖြည့်ဆည်းစရာတွေကို ကိုယ်တိုင်သင်ယူလေ့လာရတဲ့နေရာမှာ အများကြီးသွားပြီးထိခိုက်ပါတယ် …။ ကျွန်တော်လက်လှမ်းမီ သလောက် နိုင်ငံခြားတိုင်းပြည်တွေမှာ အဲဒီ့လိုမဟုတ်ပါဘူး …။ ဆရာတွေက ကျောင်းသားတွေကို ခေါင်းစဉ်တစ်ခုချပေးပြီး အဲဒါနဲ့ ပတ်သက်တာတွေကို ကျောင်းသားတွေက အင်တာနက်တို့၊ စာကြည့်တိုက်တို့မှာ ကိုယ်တိုင်ရှာဖွေလေ့လာဖတ်ရှုပြီး ရေးသားကြရတာများပါတယ်။ အနိမ့်ဆုံးအနေနဲ့ ၈တန်းကျောင်းသားတစ်ယောက်ဟာ ကိုယ့်ကို ခေါင်းစဉ်တစ်ခုချပေးရုံနဲ့ အဲဒါနဲ့ ပတ်သက်တာတွေကို ဆရာ၊ ဆရာမတွေကရေးပေးတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရှာဖွေလေ့လာသုံးသပ်ပြီး ကိုယ်ပိုင်အမြင်နဲ့ အက်ဆေးတစ်ပုဒ်ဖြစ်အောင် ရေးနိုင်သင့်ပါတယ် …။ ရှက်စရာကောင်းတာက အဲဒီ့လိုအရည်အချင်းမျိုး အချို့ တက္ကသိုလ်ကျောင်းသားတွေမှာတောင်မရှိတာပါ နောက်ပြီး သူများတကာတွေ Creating the Green Environment, The role of NGOs in future စတဲ့ အက်ဆေးတွေရေးနေချိန်မှာ ကျွန်တော်တို့ အနေနဲ့ Myself, My Teachers, My Native Town, Visit to the Pagoda ဆိုတဲ့အဆင့်တွေကနေ တက်သင့်နေပါပြီ …


လူငယ်တွေအနေနဲ့ အင်တာနက်သုံးတဲ့အချိန်တွေထဲက ဘယ်လောက်ရာခိုင်နှုန်းကို chatting အတွက်သုံးနေလဲ … အခြားအရာတွေကိုရော ဘယ်လောက်ရာခိုင်နှုန်း သုံးနေလဲဆိုတာကို ကိုယ့်ကိုယ်ကို မညှာတမ်းမေးပြီး မညာတမ်း ဖြေကြည့်လိုက်ပါ …။ လုပ်နိုင်သူတွေအနေနဲ့လဲ စစ်တမ်းကောက်ယူကြည့်သင့်ပါတယ် …။ ချက်တင် သုံးတဲ့ ရာခိုင်နှုန်းက များနေသရွေ့တော့ … တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ … ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုတွေကနေ တိုင်းပြည်ရဲ့တိုးတက်မှုတွေကိုပါ နှောင့်နှေးသွားစေနိုင်ပါတယ် …။ နှောင့်နှေးရုံမကပဲ ဆုတ်ယုတ်သွားတဲ့ အဖြစ်မျိုးအထိကို ရောက်သွားမယ်ဆိုရင်တော့ … အများအတွက် အသုံးဝင်နေတဲ့ ဆေးကောင်းတစ်ခွက်ဟာ ကျွန်တော်တို့လက်ထဲရောက်မှ အဆိပ်ခွက်ဖြစ်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ သောက်နေတာ ဆေးတစ်ခွက်လား အဆိပ်ခွက်လားဆိုတာဟာ ကျွန်တော်တို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်ဆိုတဲ့အချက်ပါ …။ ကဲ … ပြော … ကျွန်တော်တို့ ဆေးကောင်းတစ်ခွက်သောက်ကြမလား … အဆိပ်သောက်ကြမလား …။ 

နေဘုန်းလတ်

Friday, November 30, 2007

ပြောင်းလဲမှုများနောက် တကောက်ကောက်လိုက်မိခြင်း …

၂၀၀၇ ခု၊ ဒီဇင်ဘာလထုတ် ချယ်ရီမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးလေးပါ ... ။ ဘလော့ဂ်တွေခေတ်စားလာလို့ ဘလော့ဂ်အကြောင်းလေး ရေးပေးပါဆိုတာနဲ့ အင်ထရို(Intro) များများ၊ ဘလော့ဂ်အကြောင်းနဲနဲ နဲ့ နည်းပညာအသစ်တစ်ခုကို မိတ်ဆက်တယ်ဆိုရုံလေးရေးလိုက်တာပါ ...။ အွန်လိုင်းက သူငယ်ချင်းတွေဖတ်ဖို့ ကျွန်တော့်ဘလော့ဂ်လေးမှာ ပြန်တင်ပေးလိုက်ပါတယ် ...။ ထူးထူးခြားခြား www.thanlwin.com/thanlwinainmat (သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်း) ဆိုတဲ့ စာသားကို စာပေစီစစ်ရေး ကဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရပါသေးတယ် ...။း-)

ပြောင်းလဲမှုများနောက် တကောက်ကောက်လိုက်မိခြင်း …


တစ်နေရာစီဝေးနေကြတဲ့သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုတဲ့နေရာမှာ လွယ်ကူအဆင်ပြေမှု တွေရှိလာအောင်၊ မိမိပြောချင်တာကို အခြားသူက သေသေချာချာ သဘောပေါက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြားခံ မီဒီယမ်တွေကို အသုံးပြုလာကြခြင်းဟာလဲ စာပေရေးဖွဲ့ခြင်းရဲ့ အစလို့ ယူဆလို့ရပါတယ်။ နောက်ပြီး ဘယ်အရာကိုမဆို ကိုယ်တိုင်ကြုံတွေ့မှ သိရတယ်ဆိုရင် အဲဒီ့သူရဲ့အသိဟာ တစ်ဘ၀စာလုံးအတွက် မလုံလောက်နိုင်ဘူးဆိုတဲ့ သဘောတရားကို သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေက လူတွေရဲ့စိတ်ထဲကို ထည့်ပေးလိုက်ပါတယ် …။ အဲဒါကြောင့်လဲ မျှဝေခြင်း (Sharing) ရဲ့အကျိုးကျေးဇူးကြီးမှုကို နားလည်လာကြပြီး အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ အယူအဆ၊ အတွေ့အကြုံ၊ အတွေးအမြင်တွေကို တနည်းနည်းနဲ့ နှီးနှောဖလှယ်မှုတွေပြုလာကြပါတယ်။ ဒါဟာလဲ မျက်မှောက်ခေတ်အထိအောင် အရှိန်အဟုန်မပျက်စီးဆင်းနေတဲ့ စာပေရေစီးကြောင်းရဲ့ အသက်ပဲလို့ ပြောလို့ရပါတယ်။ ကျောက်ခေတ် … … ကျောက်နံရံတွေ၊ ကျောက်တုံးကျောက်ခဲ တွေပေါ်မှာ အက္ခရာဆိုတာ မပေါ်သေးခင်ကာလ မြင်သမျှ၊ တွေ့သမျှကို ပုံတူလေးတွေဆွဲပြီး ရေးဆွဲတင်ပြကြတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ပြီးတဲ့အခါ ပေတွေ၊ ကညစ်တွေပေါ်မှာရေးကြတယ် …။ နောက်တော့ … ကျောက်သင်ပုန်း … ပြီးတော့ … စာရွက်တွေပေါ်လာပြီး လူတွေ လူတွေ … ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အယူအဆတွေ၊ အဖြစ်အပျက်အကြောင်းအရာတွေကို နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာတင် သိမ်းမထားကြတော့ပဲ … တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ကြဖို့အတွက် အလျဉ်းသင့်ရာနည်းနာတွေနဲ့ လှစ်ဟတင်ပြလာကြတယ်။ တင်ပြတယ်ဆိုရာမှာလဲ ကိုယ် ရေးတဲ့စာ ၊ ကိုယ်ဖန်တီးတဲ့ အနုပညာကို ဘယ်သူတွေကို ပြချင်တာလဲ ဆိုတာကို ကိုယ်တိုင်က ရွေးချယ်ကြရတယ် နောက်ပြီး တိုးတက်လာတဲ့ ခေတ်ကာလနဲ့အညီ အသုံးချတဲ့ မီဒီယာတွေအပေါ်ကိုမူတည်ပြီး ကိုယ့်ပေးချင်တာတွေရဲ့ ပျံ့နှံ့မှုအား ကွာခြားသွားတာကိုလဲတွေ့ရပါတယ် …။
ဥပမာအနေနဲ့ … ကျောက်ခေတ်ကလူတွေ သူတို့နေတဲ့ ကျောက်ဂူနံရံတွေပေါ်မှာ ပုံတွေဆွဲကြတယ် … နောက်ပိုင်းမှာ အက္ခရာဆိုတာတွေဖြစ်လာနိုင်တဲ့ အမှတ်အသားတွေကို ရေးခြစ်ကြတယ်။ သူတို့မှာ ဒီလိုရေးခြစ်ထားတာတွေကို ဘယ်သူ့ကို ပြချင်တာလဲဆိုရင် … ယောင်္ကျားတစ်ယောက်က သူ့ချစ်သူရဲ့ပုံတူ ကိုဆွဲပြီး သူ့ချစ်သူကို ပြချင်တာမျိုး … ဖခင်တစ်ယောက်က အပြင်မှာသူတွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေ အကြောင်းကို ပုံတူတွေဆွဲပြပြီး သူ့သားသမီးတွေကို ပြချင်တာမျိုး၊ ဒါမှမဟုတ် မျိုးနွယ်စုတစ်စုရဲ့ ခေါင်းဆောင်ဆိုရင် … သူ့လက်အောက်ငယ်သားတွေကို အချို့သော အကြောင်းအရာတွေကို သင်ပြပေးဖို့ ဒီလိုပုံတွေ၊ စာတွေရဲ့အကူအညီကိုယူပြီး သင်ပြပေးချင်တာမျိုးတွေလောက်ပဲရှိမယ်လို့ ယူဆရပါတယ်။ နောက်ပိုင်း … အဲဒီ့နေရာကို သူတို့တွေစွန့်ခွာသွားတဲ့အခါမှာလဲ အဲဒီ့နေရာကို ရောက်လာတဲ့ အခြားသောသူတွေကသာ အဲဒီ့ပုံတွေ၊ စာတွေကို မြင်နိုင်မှာဖြစ်တဲ့အတွက် … သူတို့ဆွဲတဲ့ပုံတွေ၊ စာတွေရဲ့ ပျံ့နှံ့မှုအားဟာ မရှိသလောက်ကို နဲတယ်လို့ဆိုနိုင်ပါတယ် …။ အဲဒီ့နောက်ပိုင်း … ကျောက်ဂူနံရံတွေမှာ မရေးကြတော့ပဲ သယ်ဆောင်နိုင်တဲ့ ကျော်လွှာအချပ်တွေပေါ်မှာ ရေးလာကြပြီး တစ်နေရာကနေ တစ်နေရာကို ယူသွားပြလို့ရတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။ တစ်နေရာတည်းမှာ အသေရှိနေတာနဲ့ယှဉ်ရင် ပျံ့နှံ့နိုင်မှုနဲနဲရှိလာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျောက်တုံး၊ ကျောက်လွှာတွေရဲ့ လေးလံမှု၊ ၀န်ကျယ်မှုတွေကြောင့် တစ်နေရာကနေ တစ်နေရာကို အလွယ်တကူမပျံ့နှံ့တာမျိုးတွေဖြစ်လာပါတယ်။ ကျောက်ခေတ်အလွန်မှာ ပေတွေ၊ ကညစ်တွေ၊ ကျောက်သင်ပုန်းတွေကို သုံးပြီး ရေးလာကြပါတယ် …။ ကျောက် လွှာကျောက်သားတွေပေါ်မှာ ရေးကြတာနဲ့ယှဉ်ရင် သယ်ဆောင်ရလွယ်ကူတာကြောင့် ပျံ့နှံ့အား ပိုကောင်း လာတာ မှန်ပေမယ့် … ကြာရှည်ခံမှုမခံမှုဆိုတဲ့ ပြဿနာတစ်ခုက ပေါ်လာပါတယ်။ အဲဒီ့နောက်မှာတော့ စာရွက်တွေပေါ်လာပါတယ် …။ စာရွက်ပေါ်မှာရေးကြသလိုပဲ … စာအုပ်စာပေတွေကို ဖြန့်ဝေပေးနိုင်တဲ့ မီဒီယာတွေပေါ်လာတာကြောင့် … ပျံ့နှံ့မှုအားတော်တော်လေးကို ကောင်းလာပါတယ်။ ကြာရှည်ခံခြင်း မခံခြင်းဆိုတဲ့ ပြဿနာက ရှိနေသေးပြန်တာကြောင့် … ကာလအတော်ကြာက စာရွက်စာတမ်းတွေ၊ စာပေလက်ရာတွေကို မပျောက်မပျက်ထိမ်းသိန်းထားဖို့ဆိုတဲ့နေရာမှာ အခက်အခဲတွေရှိလာပါတယ်။ အဲဒီ့နောက်မှာတော့ ကွန်ပျူတာဆိုတာ ပေါ်လာပါတယ် …။ စာတွေ၊ ပုံတွေ၊ သတင်းတွေနဲ့ အခြား အနုပညာလက်ရာတွေကို ကွန်ပျူတာကနေတဆင့်ဖန်တီးကြပါတယ် …။ အပြင်မှာရေးထား၊ ဆွဲထား တာတွေကိုလဲ ကွန်ပျူတာတွေနဲ့ သိမ်းဆည်းလာကြပါတယ်။ စာတွေ၊ ပုံတွေကို ကွန်ပျူတာတွေကနေတဆင့် CD , Floppy Disc လေးတွေထဲထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ၀န်ကျဉ်းကျဉ်းနဲ့ ကူးပြောင်းပျံ့နှံ့စေနိုင် တဲ့ အနေအထားတစ်ခုကိုရောက်လာပါတယ် …။ အဲဒီ့ အခြေအနေနဲ့ တပြိုင်နက်တည်းလိုလိုမှာပဲ … ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကမ္ဘာမှုပြုခြင်း ဆိုတဲ့ စကားလုံးနဲ့အတူ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကွန်ပျူတာတွေ အချင်းချင်းကို ချိတ်ဆက်ပေးနိုင်တဲ့ အင်တာနက် (Internet) ဆိုတာကြီးပေါ်လာပါတယ် …။ modem တစ်ခုကိုသုံးပြီး ဖုန်းကြိုးနဲ့ ကွန်ပျူတာကို ချိတ်ဆက်၊ ပြီးရင် ISP (Internet Service Provider) တစ်ခုကနေ အင်တာနက် အသုံးပြုခွင့်ကိုလျှောက်ထားပြီးပြီဆိုရင် Browser (Mozilla Firefox, Internet Explorer … ) တစ်ခုခုကိုသုံးပြီး ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ကွန်ယက် ( www = World Wide Web ) ကြီးထဲမှာရှိတဲ့ စာတွေ၊ ပုံတွေ၊ သတင်းတွေ၊ အနုပညာလက်ရာတွေ … အစရှိတဲ့ အားလုံးအားလုံးကို ကွန်ပျူတာရှေ့ထိုင်နေရုံနဲ့ ကြည့်မြင်ခံစားနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာပါတယ်။ အဲဒီ့အခါမှာ ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်၊ ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုခု၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဘ၀တစ်ခုထဲက ကိုယ်ရရှိလိုက်တဲ့ အတွေ့အကြုံ အတွေးအမြင်တွေ စတာစတာတွေကို အများနဲ့ ဖလှယ်ချင်တယ်ဆိုတဲ့သူတွေအတွက် အဲဒီ့ကွန်ယက်ကြီးကို ကြားခံနယ်တစ်ခုအဖြစ်အသုံးပြုပြီး … ပျံ့နှံ့မှုအတိုင်းအတာကို ချဲ့ထွင်ရယူလာကြပါတယ်။ ဥပမာအနေနဲ့ ပြောရရင် မြန်မာ ဘာသာနဲ့ ရေးသားထားတဲ့ မဂ္ဂဇင်းတစ်အုပ်ကို ပြည်တွင်းမှာထုတ်ဝေတယ်ဆိုရင် ပြည်တွင်းကလူတွေ ဒီမဂ္ဂဇင်းကို ဖတ်ရမှာဖြစ်ပါတယ် …။ ဒါတောင် ဖြန့်ဝေမှုပုံသဏ္ဍာန်ပေါ်ကို လိုက်ပြီး တစ်ပြည်လုံးအတိုင်းအတာ ဖတ်နိုင်မှုရှိမရှိဆိုတဲ့ ချွင်းချက်တွေရှိနိုင်ပါသေးတယ်။ အခြားနိုင်ငံကို ရောက်နေတဲ့ သူတွေအထိပါ ပျံ့နှံ့ချင်တယ် ဆိုရင်တော့ မြန်မာတွေများတဲ့ နိုင်ငံတွေမှာရှိတဲ့ တစ်ဦးဦးနဲ့ချိတ်ဆက်ပြီး စာအုပ်တွေ ပို့ပေးလို့ ရနိုင်ပါတယ်။ ဒါဟာလဲ အခက်အခဲတွေများစွာရှိပါတယ် …။ အဲဒီ့တော့ … အင်တာနက်ပေါ်မှာသာ Domain Name တစ်ခုနဲ့ Hosting တစ်ခု ယူထားပြီး website တစ်ခုအနေနဲ့တင်ထားမယ်ဆိုရင် အဲဒီ့ website လိပ်စာကိုသိကြတဲ့ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာတွေအကုန်လုံးဖတ် နိုင်မှာဖြစ်ပါတယ်။ ဥပမာ ။ www.people.com.mm (People Magazine) , www.first11.com (Eleven Media Group မှဂျာနယ်များ), www.thanlwin.com/thanlwinainmat (သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်း) . အင်တာနက်တွေပေါ်လာတဲ့ ခေတ်မှာ website တွေကို အသုံးပြုလာကြတာဟာ အရင့်အရင်ခေတ်တွေက လိုအပ်ချက်တွေဖြစ်တဲ့ ပျံ့နှံ့မှုအားနည်းခြင်းနဲ့ ကြာရှည်မခံခြင်းဆိုတဲ့ အချက်တွေကို အတိုင်းအတာတစ်ခုအထိ ဖြည့်စွက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် website တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် … ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ Domain Name ကို အရင်ဆုံးဝယ်ရပါတယ် …။ အများအားဖြင့်တော့ နှစ်စဉ်ကြေးပေးရပါတယ် …။ နောက်ပြီး ကိုယ့်ရဲ့ website တွေမှာ တင်ချင်တဲ့ စာတွေ၊ ပုံတွေ၊ အချက်အလက်တွေကို သိမ်းထားပေးမယ့် Web hosting ကြေးလဲ ပေးရပါတယ်။ သူလဲ ပဲ နှစ်စဉ်ကြေးပေးရတာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ website တစ်ခု အဆင့်အတန်းမီမီ ဖြစ်လာဖို့ကိုလဲ … Web-Designer တစ်ယောက် ယောက်ကို အပ်၊ ဒါမှမဟုတ် ကုပ္မဏီတစ်ခုခုကို အပ်ပြီး Web-Design ကိုဆွဲခိုင်းဖို့လိုပါတယ်။ အဲဒါကလဲ ပိုက်ဆံတော်တော်ကုန်ပါတယ်။ နောက်တစ်ခုက Website တွေကို အမြဲတမ်း update လုပ်နေဖို့ဆိုတာကလည်း နည်းပညာဆိုင်ရာကျွမ်းကျင်တဲ့ သူတွေ အမြဲရှိနေဖို့လိုအပ်ပါတယ်။ အဲဒီ့လို ငွေကုန်ကြေးကျများခြင်းနဲ့ နည်းပညာဆိုင်ရာအခက်အခဲအချို့က websites တွေ များများစားစားလုပ်မလာကြခြင်းရဲ့ အကြောင်းရင်းတွေဖြစ်မယ်ထင်ပါတယ်။

နောက်ပိုင်းမှာ website တွေလုပ်ထားကြပြီး အဲဒီ့ website တွေကို update လုပ်ကြတဲ့အခါမှာ Chronological Order အရ ကာလအလိုက် အစဉ်အတိုင်းထည့်သွင်းတဲ့ ပုံသဏ္ဍာန်မျိုးတွေဖြစ်လာပါတယ်။ ဒီနေ့အသစ်တစ်ခုထပ်တင်မယ်ဆိုရင် မနေ့ကတင်ထားတဲ့ စာ (သို့မဟုတ်) ပုံရဲ့ အပေါ်ကနေ ပေါ်လာတဲ့ပုံစံမျိုးပါ။ မိမိရဲ့ စာတွေ၊ ပုံတွေ၊ သတင်းအချက်အလက်တွေကို ကွန်ယက် (web) ပေါ်တင်တဲ့နေရာမှာ အစဉ်လိုက်တင်ကြရာကနေ (logging the web) ဆိုတဲ့စကားပေါ်လာပါတယ်။ ဂျပ်စတင်းဟော (Justin Hall) ဆိုတဲ့သူကိုတော့ December 2004 ထုတ် New York Times Magazine က "the founding father of personal blogging." လို့ဖော်ပြခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ဂျွန်ဘာဂါ (Jorn Burger)လို့ အမည်ရတဲ့ အမေရိကန်ဘလော့ဂါတစ်ဦးကနေပြီး weblog ဆိုတဲ့စကားလုံးအတွဲအဆက်တစ်ခုကို သူ့ရဲ့ဘလော့ဂ်တစ်ခုဖြစ်တဲ့ www.robotwisdom.com မှာစတင်သုံးစွဲခဲ့ပါတယ်။ Weblog ဆိုတဲ့စကားလုံးဟာ the Oxford English Dictionary မှာ အမှန်တကယ်တရားဝင် ပါဝင်ခဲ့တာကတော့ ၂၀၀၃ခုနှစ် မတ်လမှဖြစ်ပါတယ်။ "weblog" "weblogging" “weblogger” ဆိုပြီး verb အနေနဲ့ပါဝင်လာခဲ့တာပါ ။ အဲဒီ့နောက်မှာတော့ ပီတာ မားဟော့ဇ် (Peter Merholz) ဆိုသူက weblog ဆိုတဲ့စကားလုံးကို we blog လို့ခွဲချလိုက်ရာကနေ အခုမျက်မှောက်ခေတ်မှာ ခေတ်စားနေတဲ့ ဘလော့ဂ်(Blog) ဆိုတဲ့စကားလုံး ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ Online Dictionary တစ်ခုဖြစ်တဲ့ Merriam-Webster's Dictionary ကတော့ Blog ဆိုတဲ့ စကားလုံးကို the word of the year in 2004 အဖြစ်ဖော်ပြခဲ့ပါတယ်။ အွန်လိုင်းစွယ်စုံကျမ်းဖြစ်တဲ့ Wikipedia မှာတော့ ဘလော့ဂ်(Blog) ရဲ့ အဓိပ္ပါယ်ကို ဒီလိုဖွင့်ဆိုထားပါတယ်။
A blog (a portmanteau of web log) is a website where entries are witten in chronological order and commonly displayed in reverse chronological order.
ဘလော့ဂ်ဆိုတာ ၀ပ်ဘ်ဆိုဒ်တစ်ခုပါပဲ ဒါပေမယ့် သူ့အထဲမှာ ပါဝင်တဲ့ စာတွေ၊ ပုံတွေ၊ အမြဲတမ်းထပ်ထပ်တင်နေတာတွေကို အချိန်ကာလအစဉ်အတိုင်း တင်ထားတဲ့ ၀ပ်ဘ်ဆိုဒ်တွေကိုပဲ နောက်ထပ်အမည်အသစ်တစ်ခုအနေနဲ့ထပ်ပေးလိုက်တာပါ။ ဘလော့ဂ် (Blog) ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုပြီး အွန်လိုင်း ဒိုင်ယာရီလို့သုံးကြတာတွေလဲရှိပါတယ်။ နောက်ပြီး ဘလော့ဂ် (Blog) ဆိုတဲ့ စကားလုံးကို ကြိယာ (Verb) အနေနဲ့လဲ သုံးလို့ရပါတယ်။ အဲဒီ့တော့ ဘလော့ဂ် (Blog)ဆိုတာ မိမိတွေ့ကြုံခံစားလိုက်ရတဲ့ စိတ်ခံစားမှုတွေ၊ မိမိက သူတပါးကိုပြောပြချင်တဲ့ ကိုယ်ရေးကိုယ်တာတွေ၊ မိမိရဲ့ အတွေးအခေါ် အတွေးအမြင်တွေ၊ မိမိသိရှိလိုက်ရတဲ့ သတင်းအချက်အလက်တွေ၊ မိမိဖန်တီးထားတဲ့ အနုပညာလက်ရာတွေ စတာ စတာတွေကို … အွန်လိုင်းပေါ်မှာ မိမိစိတ်တိုင်းကျဖန်တီး တင်ပြနိုင်တဲ့ ကိုယ်ပိုင်နေရာ လေးတွေလို့ ပြောနိုင်ပါတယ်။ အဲဒီ့ မိမိရဲ့ကိုယ်ပိုင်နေရာလေးတွေကို မွမ်းမံပြင်ဆင်တာ၊ အသစ်အသစ်သော တင်ပြမှုတွေကို ထပ်မံဖြည့်စွက် တာစတဲ့ လုပ်ဆောင်ချက်တွေကိုတော့ ဘလော့ဂင်း (Blogging ) လုပ်တယ်လို့ခေါ်နိုင်ပါတယ်။ အဲဒီ့လို အွန်လိုင်းပေါ်မှာ ကိုယ်ပိုင်နေရာလေးတစ်ခု (Blog လေးတစ်ခု) ပိုင်ဆိုင်ထားပြီး … ကိုယ့်ဘလော့ဂ်လေးကို လူဖတ်ချင်စဖွယ်ဖြစ်အောင် အပြင်အဆင်တွေနဲ့ တစ်မျိုး၊ တင်ပြမှုတွေနဲ့တဖုံ ဆွဲဆောင်နေပြီး မိမိရဲ့ ဘလော့ဂ်တွေကတဆင့် စာဖတ်သူတွေနဲ့ စကားတွေပြောနေကြတဲ့ သူတွေကိုတော့ ဘလော့ဂါ (Blogger) တွေလို့ခေါ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ဘလော့ဂ်တွေရဲ့တိုးပွားမှုနှုန်းဟာ အလွန်လျှင်မြန်လာတာကိုတွေ့ရပါတယ်။ ဒါဟာလဲ Domain Name နဲ့ Web hosting ကို Free ပေးနေကြတဲ့ www.blogger.com, www.typepad.com, www.wordpress.com စတဲ့ Website တွေရှိနေလို့ပဲ ဖြစ်ပါတယ် …။ အဆိုပါ Website တွေကိုသွားပြီး ကိုယ်ပိုင် ဘလော့ဂ်တစ်ခုကို အလွယ်တကူ ဖန်တီးတည်ဆောက်ယူနိုင်ပါတယ်။ နောက်လ တွေမှာ ဘလော့ဂ်နဲ့ ပတ်သက်တဲ့ အခြားသော စိတ်ပါဝင်စားဖွယ်ရာတွေကို တင်ပြသွားနိုင်ဖို့ မျှော်လင့်ပါတယ် …။

Monday, November 26, 2007

Blog Time Volume III

Blog Time Volume III
ညီငယ်မောင်ပွတ်အစပျိုးခဲ့တဲ့ ဘလော့ဂ်တိုင်းဟာ အခုဆို စာမျက်ခွက်တွေ ဝေေ၀ဆာဆာ၊ ပူးပေါင်းပံ့ပိုးသူတွေ ခိုင်ခိုင်မာမာနဲ့ အတော့်ကို အရှိန်ရနေခဲ့ပါပြီ။ အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ မြန်မာဘလော့ဂါတွေရဲ့ လုပ်ဆောင်ချက်တွေ ရပ်နေသလို ဖြစ်နေရတဲ့ အချိန်မှာ ဘလော့ဂ်တိုင်းလေးက ထွက်လာတော့ ... ကျွန်တော် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ...။ ဒီဘလော့ဂ်တိုင်း ဂျာနယ်လေးဟာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေရဲ့ အမှတ်ရစရာ အဖြစ်အပျက်လေးတွေကို ဟာသလေးနှောရင်း ကွန်ပျူတာထက် အက္ခရာတင်ပေးပြီး မြန်မာဘလော့ဂါတွေရဲ့ စုစည်းမှုသမိုင်း၊ ရင်းနှီးမှု တံတိုင်းတွေကို ပိုမိုခိုင်မာလာစေတဲ့ အထောက်အကူပြု ကြားခံနယ်လေး တစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူး ...။ ဘလော့ဂ်တိုင်းလေးကို ဒီနေရာလေးမှာ သွားပြီးဖတ်လိုက်ကြမယ်ဆိုရင် ကျွန်တော့်ရဲ့ထင်မြင်ချက်တွေမမှား ဘူးဆိုတာ ခင်ဗျားတို့သိသွားပါလိမ့်မယ် ...။

Tuesday, November 20, 2007

ကျွန်တော်လွတ်ကျမှာမဟုတ်တဲ့ Danger Zone

သူငယ်ချင်း စည်သူအောင် (ခေါ်) ဇင်ကိုလတ် (ခေါ်) အလင်းဖြူ (ခေါ်) စစ်နိုင်သူ (ခေါ်) ဟိုလိုလူ (ခေါ်) C2 ရဲ့ ၂၈နှစ်ပြည့်မွေးနေ့ အမှတ်တရ

ကျွန်တော်လွတ်ကျမှာမဟုတ်တဲ့
Danger Zone

ကျွန်တော်မှတ်တာမမှားဘူးဆိုရင် ဒီကောင်နဲ့ ကျွန်တော် စသိတာ ၆တန်းကျောင်းသားဘ၀တုန်းကဖြစ်မယ် ထင်တယ်။ ကျွန်တော်က စိန်ပေါလ်(အထက ၆ ဗိုလ်တထောင်)ကို ၅တန်းမှစရောက်တဲ့သူ၊ ဒီကောင်က စိန်ပေါလ်မှာ ငယ်ငယ်လေးတည်းက တက်လာတဲ့သူ ...။ ကျွန်တော်တို့နှစ်ယောက် ဘယ်ကဘယ်လို စခင်သွားတယ်ဆိုတာကို ကျွန်တော်မမှတ်မိတော့ပေမယ့် ခင်ပြီးတဲ့နောက်မှာတော့ အမြဲတတွဲတွဲဖြစ်ခဲ့တာ သေချာတယ် ...။ ဘာလို့ အဲဒီ့လိုဖြစ်တာလဲလို့ သေချာစဉ်းစားကြည့်တော့ တစ်ယောက်ကဗူးဆို တစ်ယောက်က ဘယ်တော့မှ ဖရုံမသီးတာပဲ ...။ ဒီကောင်နဲ့ ကျွန်တော်က စိတ်အခြေခံခြင်းတူကြလို့လားတော့ မသိဘူး နေရာတော်တော်များများမှာ တစ်ယောက်နဲ့ တစ်ယောက် တွေးပုံတွေးနည်းခြင်းကွာချင်ကွာမယ် ဒါပေမယ့် နောက်ဆုံး Decision မှာတော့ ညှိရတယ်ဆိုတာရှားတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့နှစ်ယောက် စတွဲကြတဲ့ အချိန်ကစပြီး အခုအချိန်အထိ အတူတူတွဲလုပ်ခဲ့ကြတဲ့ အလုပ်တွေလဲ မနည်းဘူး ...။ ပြောပြလို့ရတာတွေရှိသလို ပြောပြလို့မရတာတွေလဲ ရှိတယ် ...။ ၇တန်းမတက်ခင် ကျောင်းတွေ ပိတ်ထားတုန်းက ဂုဏ်ထူးဦးသိန်းနိုင်ဆီမှာ ကျွန်တော်နဲ့ ဒီကောင်နွေရာသီသင်တန်းသွားတက်တယ် ...။ အဲဒီ့တုန်းက ကျွန်တော်တို့ နှစ်ယောက် ၁၀တန်းမအောင်မချင်း ရည်းစားမထားရဘူးလို့ အချင်းချင်း ကတိထားထားတာရှိတယ် ...။ ဒီကောင့်ဖာသာ ဒီကောင်ခိုးထားတဲ့ ရည်းစားတွေတော့ရှိချင်ရှိမှာပေါ့ ...။ အဲဒီ့ ဂုဏ်ထူးဦးသိန်းနိုင်အတန်းမှာ ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းလိုလို နောက်ဆုံးမှရောက်တယ် ...။ တစ်ယောက်ကစောသွားမယ် တစ်ယောက်က နောက်ကျမှသွားမယ်ဆိုတာမျိုးမရှိဘူး ...။ ထိုင်တော့လဲ နောက်ဆုံးတန်းမှာပဲထိုင်ကြတယ် ...။ တစ်ယောက်က ရှေ့မှာထိုင်မယ် တစ်ယောက်က နောက်မှာထိုင်မယ် ဆိုတာမျိုးမရှိဘူး ...။ အဲဒါတွေ တူနေတာက ကိစ္စမရှိဘူး ...။ ကျွန်တော်က အဲဒီ့ကောင်မလေး မိုက်တယ်ဆို ... ဒီကောင်ကလဲ အဲဒီ့ကောင်မလေးပဲ ...။ အဲဒါကလည်း ကျွန်တော်တို့နှစ်ယောက် အတွက်တော့ ကိစ္စမရှိပါဘူး ...။ ဒါပေမယ့် အဲဒီ့ကောင်မလေးတွေအတွက်တော့ တော်တော် စိတ်ကသိကအောင့်ဖြစ်မှာပဲလို့ တွေးမိတယ် ...။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်က ရည်းစားမထားရဘူးဆိုတဲ့ ကတိကလည်းရှိထားတော့ ကောင်မလေးတစ်ယောက်မိုက်တယ်ဆို နှစ်ယောက်လုံးနောက်ကနေလိုက်ကြတယ် ...။ မိန်းကလေး အိနြေ္ဒပျက်အောင် လိုက်နှောက်ယှက်တာမျိုးတော့မဟုတ်ဘူး ...။ ဒီလိုပဲ အဲဒီ့ကောင်မလေးဘယ်သွားလဲ ဆိုတာ လိုက်ကြည့်တာ ...။ အဲဒီ့တုန်းကဆို ကောင်မလေးတွေခမျာ ကျွန်တော်တို့နှစ်ယောက်ထဲက ဘယ်သူက သူ့ကို စိတ်ဝင်စားလို့ ဘယ်သူက သူ့နောက်ကို ဘာ့ကြောင့်လျှောက်လိုက်နေတာလဲဆိုတာကို ဝေခွဲရခက်နေကြတဲ့ မျက်နှာလေးတွေနဲ့ ... ကျွန်တော်လဲ အခုအချိန်မှပြန်မြင်ယောင်မိပြီး အားနာနေမိတယ် ...။ လူငယ်ဘာဝ မရည်ရွယ်ပါပဲ မှားမိတဲ့ အမှားတစ်ခုလို့ပဲဆိုရမှာပေါ့ဗျာ ...။

နောက်ပြီး ဒီကောင်နဲ့ ကျွန်တော်နဲ့ ပိုပြီးရင်းနှီးသွားစေတဲ့အဖြစ်အပျက်လေးတွေလည်း ရှိသေးတယ်ဗျ ...။ ၁၀တန်းတုန်းက အီကိုကျူရှင်တက်ကြတော့ ကျွန်တော့်ကို ဆရာက လူမှားပြီး ကျောင်းသားတွေအားလုံးကြားထဲမှာ မတ်တပ်ရပ်ခိုင်းပြီး ဆူတယ် ။ လူပုံအလယ်မှာဆိုတော့ ကျွန်တော်တော်တော်ရှက်သွားပြီး အဲဒီ့ကျူရှင်ကို မတက်တော့ဘူးဆိုတော့ ဒီကောင်ပါလိုက်မတက်တော့ဘူး ...။ အဲဒီ့လိုအဖြစ်မျိုးက တစ်ခုတည်းမဟုတ်ဘူး ... ၇တန်းကျောင်းသားဘ၀တုန်းကလည်း ဖြစ်ခဲ့ဖူးတယ် ...။ ကျွန်တော်တို့ကို အိမ်ရှင်က ဆဲလို့ ဆိုပြီး အဲဒီ့ကျူရှင်ကို ဆက်မတက်တော့တာ ...။ ကျွန်တော်တို့ နှစ်ယောက် ၁၀တန်း နှစ် ၁၉၉၆ လှည်းတန်းမှာ တကသိုလ်ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြကြတော့ ကျွန်တော်တို့ နှစ်ယောက် အဲဒီ့ကိုရောက်သွားပြီး ၀င်နွှဲခဲ့ကြသေးတယ် ...။ ကံကောင်းလို့ ဒီကောင့် ဦးလေးကားနဲ့တိုးလို့ လွတ်လာတာ ...။ အဲဒီ့တုန်းကလဲ ... ရူပဗေဒ၀ိုင်းမှာ ဆရာကရော အခြားအတူတူတက်ကြတဲ့ ကောင်မလေးတွေကရော ကျောင်းသားတွေ ဆန္ဒပြကြတာကို ကိုယ့်ဖာသာကိုယ်အေးအေးဆေးဆေးမနေဘူး သူတို့ကြောင့် ငါတို့မှာ ဒုက္ခရောက်တယ် ဘာညာ ပြောနေလို့ အဲဒီ့ ကျူရှင်ကိုလည်း နောက်နေ့ သွားမတက်တော့ဘူး ...။

ဒီကောင်နဲ့ ကျွန်တော်နဲ့ တူတဲ့အချက်ထဲမှာ အဲဒါလဲပါတယ် ။ ယုံကြည်ချက်မတူရင် ဟန်ဆောင်ပြီးတော့ကို ဆက်လက်တွဲလို့မရတာ ...။ ဒီကောင်ရော ကျွန်တော်ရော ရည်းစားတွေသာ တစ်ယောက်ပြီး တစ်ယောက် ကွဲကွဲသွားတယ် ... ဒီကောင်နဲ့ ကျွန်တော်နဲ့ကတော့ အခုအချိန်အထိ တတွဲတွဲ ... အဲဒါဘာဖြစ်လို့လဲဆိုတော့ ယုံကြည်ချက်တူလို့ပဲလို့ ဖြေရမှာပဲ ...။ စာပေအနုပညာနဲ့ပတ်သက်လာရင်လဲ ဒီကောင်နဲ့ကျွန်တော် စိတ်ချင်းတူခဲ့တာပဲ ...။ ဒြပ်မဲ့ကမ္ဘာဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာလဲ ဒီကောင်က အလင်းဖြူ၊ ကျွန်တော်က နွေလေ ...။ နောက်ပြီး ... သံလွင်အိပ်မက်ဆိုတဲ့ အွန်လိုင်းမဂ္ဂဇင်းလေး လုပ်ဖြစ်တော့လဲ ဒီကောင် က စည်သူ(သံလွင်)၊ ကျွန်တော်က နေမျိုး(သံလွင်) ...။ အွန်လိုင်းပေါ်မှာ ဘာဘာညာညာလေးတွေရေးကြတော့ ဒီကောင်က ဇင်ကိုလတ်၊ ကျွန်တော်က နေဘုန်းလတ် ...။

ကျွန်တော် နိုင်ငံခြားကို အလုပ်သွားလုပ်မယ် စဉ်းစားတော့ အပေါင်းအသင်းမင်တဲ့သူပီပီ ဒီကောင်ရှိတဲ့ စင်ကာပူကိုပဲရွေးလိုက်တယ် ...။ နောက်ပြီး စင်ကာပူမှာ အလုပ်ရတော့လဲ ဒီကောင့်အိမ်မှာပဲနေဖြစ်တယ် ... ။ ဒီကောင်နေတဲ့ နေရာနဲ့ ဒီကောင့်အလုပ်နဲ့က နီးပေမယ့် ... ကျွန်တော်လဲ အလုပ်ရရော ကျွန်တော့်အလုပ်နဲ့ အဲဒီ့နေရာက အရှေ့နဲ့ အနောက်လိုဖြစ်နေတာကြောင့် နှစ်ယောက်လုံးနဲ့နီးမယ့် နေရာကိုပြောင်းကြတယ် ...။ ဒီကောင့်အလုပ်နဲ့တော့ နဲနဲလှမ်းသွားတယ် ...။ ဒါပေမယ့် အဆင်ပြေပါတယ် ... ။ ဒီကောင်နဲ့ ကျွန်တော် စင်ကာပူမှာနေတုန်း မလေးရှားဘက်တောင် အလည်ရောက်ဖြစ်ကြသေးတယ် ...။ အဲဒီ့တုန်းကလည်း နှစ်ယောက်တည်းပေမယ့် ပျော်စရာကြီးဗျ ... မလေးရှားက Dunga Bay မှာ ကျွန်တော်တို့နှစ်ယောက် စွန်တစ်ကောင်ကို ကောင်းကင်ပေါ်ရောက်အောင် အောင်မြင်စွာတင်နိုင်ခဲ့ကြတယ် ...။ နှစ်ယောက်လုံးလဲ ဖက်ဖက်ကိုမောလို့ ...။

ဒီကောင်နဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းသက်တမ်းက ၁၄ နှစ်ကျော်လာခဲ့ပြီး အခု အချိန်အထိတော့ ဒီကောင့်ကို ကျွန်တော်လွတ်မကျသေးတာသေချာတယ် ...။ ကျွန်တော်လဲ မိန်းမရ ဒီကောင်လဲ လူပျိုကြီးဖြစ်တော့ မှ ကျွန်တော်တို့ရဲ့ခင်မင်မှုတွေ တစ်ခန်းရပ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ် ...။ ကျွန်တော်ကတော့ ညီအစ်ကိုတွေထက်တောင် ပိုပြီးရင်းနှီးတဲ့ ဒီလိုသူငယ်ချင်းမျိုးကို ဘယ်တော့မှ လွတ်မကျအောင် ဆွဲထားနိုင်ဖို့မျှော်လင့်ပါတယ် ...။



Monday, November 19, 2007

မှန်ကြိုက်တဲ့သူ

အလှအပကို အရမ်းမက်ပြီး မှန်ရှေ့ကမခွာနိုင်ဖြစ်နေကြတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ လူတိုင်းလှချင်ကြတာ မှန်ပေမယ့် အစွန်းမရောက်စေချင်တဲ့ စေတနာနဲ့ ဒီဝတ္ထုတိုလေးကို ရေးဖြစ်ပါတယ်။

မှန်ကြိုက်တဲ့သူ


`အကျည်းတန် မှန်ကြိုက်´ ဆိုတဲ့စကားကို ကျွန်တော်ကြားဖူးပေမယ့် ... သိပ်တော့ လက်မခံချင်လှဘူး... ။ အကျည်းတန်ပါတယ်ဆိုမှ၊ ရုပ်ဆိုးပါတယ်ဆိုမှ မှန်ကို ခဏခဏသွားကြည့်နေရင် ... ကိုယ့်ရုပ်ကို ပြန်မြင်မြင် နေရပြီးစိတ်ဆင်းရဲနေရတာပဲအဖတ်တင်မှာပေါ့ ...။ တကယ်တမ်းက ချောတဲ့လူတွေ၊ လှတဲ့သူတွေက မှန်ပိုကြိုက်ကြတာဗျ။ `လူတိုင်းဟာ ကိုယ့် ကိုကိုယ် အချစ်ဆုံးပဲ´ ဆိုတာကို အားလုံးသိကြမှာပေါ့ ...။ အဲ ... ဒါပေမယ့် ... အဲဒီလို မှန်အရမ်းကြိုက်ပြီး ... ကိုယ့်ရဲ့မျက်နှာကို ကြည့်မ၀ရှုမ၀ဖြစ်နေကြတဲ့သူတွေက... သူများတွေ ထက်ပိုပြီး သူတို့ကိုသူတို့ ပိုချစ်ကြတယ်ဗျ...။ မယုံရင်ကျွန်တော့်ကိုမေးကြည့်လေ ...။ နောက်နေတာမဟုတ်ဘူး... တကယ်ပြော နေတာ ...။ တကယ်ပြောဆို ... ကျွန်တော်က ကိုယ်တွေ့ဗျ...။

မိမိမှန်တဲ့ ...။ အဲဒါက ကျွန်တော့်အမေရဲ့ညီမ ကျွန်တော့်ရဲ့ အဒေါ်ပေါ့။ သူ့နာမည်အရင်းက `မငြိမ်းသူ´တဲ့...။ ဒါပေမယ့် မှန်ကြိုက်လွန်းလို့၊ မှန်ရှေ့ကမခွာလို့ ... နာမည်အရင်းပျောက်ပြီး `မိမိမှန်´လို့တွင်တယ်။ ကျွန်တော်က အခုလက်ရှိ သူနဲ့တစ်အိမ်တည်းနေတာဆိုတော့ သူဖြစ်ပျက်နေတာတွေကို တစ်ချိန်လုံး မြင်နေရသလို ...။ သူငယ်ငယ်ကအကြောင်းတွေကိုလည်း တစ်လုံးမကျန်သိနေတာပေါ့ ...။ သူကချောတာတော့ တော်တော်ချောတယ်ဗျ ...။ အခု သူ့အသက်က၃၅နှစ်လောက်ရှိနေတာတောင် ... ဖြတ်သွားဖြတ်လာတွေက ငေးကြည့်ရတုန်း... ကာလသား တွေကမျက်စိကျတုန်း ... ။ ဒါပေမယ့် သူကတော့ အခုအချိန်အထိ အပျိုကြီးဘ၀နဲ့ ကျွန်တော့် အဖေအိမ်မှာ ကပ်နေရတုန်းလေ ...။ ဒီလောက်ချော၊ ဒီလောက်လှရဲ့သားနဲ့ ဘာလို့ အခုအချိန်အထိအပျိုကြီး ဖြစ်နေရတာလဲလို့ ခင်ဗျားတို့ မေးချင်သလိုပဲ ကျွန်တော်လည်း မေမေ့ကို မေးခဲ့ဖူးတယ်။ အဲဒီမှာ ... အဓိက သွားတွေ့ရတာက အဲဒီမှန်ကိစ္စပဲပေါ့ဗျာ ...။ ဒီလိုဗျ ... ... ...

ကျွန်တော်တို့အိမ်ခေါင်းရင်း ဘုရားစင်နဲ့ကပ်လျက်မှာ ကိုယ်လုံးပေါ်မှန်ကြီး တချပ်ရှိတယ်...။ ဖေဖေက ပြောတော့ ... အဘိုး ... အဘွားတွေရဲ့ အမွေအနှစ်တဲ့ ...။ တကယ့်ကို ရှေးမှန်ကြီးမှ ... ရှေးမှန်ကြီးအစစ်ပါ...။ မှန်ဘောင်တွေကလည်း ကနုတ်ပန်းတွေနဲ့ ... လေးလိုက်တာကလည်း လွန်ရော...။ ကျွန်တော်တို့ တစ်မိသားစုလုံးကတော့ ဘိုဘွားအမွေမို့မပျောက်မပျက် ထိန်းသိမ်းရုံကလွဲပြီး အဲဒီမှန်ကြီးကို သိပ်အဖက်မလုပ်ကြပါဘူး။ အဲ ... ကျွန်တော့်အဒေါ် မိမိမှန်ကတော့ လူမှန်းသိတတ်စအရွယ် ငယ်ငယ်ကတည်းက အဲဒီမှန်ကြီးကို အရိပ်တကြည့်ကြည့်ပဲတဲ့ ...။ တကယ်တမ်းက မှန်ကို ဘိုးဘွားအမွေမို့ အရိပ်တကြည့်ကြည့် လုပ်နေတာ မဟုတ်ပါဘူး။ မှန်ထဲကသူ့ကိုယ်သူအရိပ်တကြည့်ကြည့်လုပ်နေတာပါ...။ မေမေပြန်ပြောပြတာကိုသိရသလောက်တော့ သူမှန်ကြိုက်တဲ့ပုံက လွန်ကိုလွန်လွန်းပါတယ်ဗျာ ...။ ဘယ်လောက်တောင်ဆိုးသလဲဆို ... ဧည့်သည်လာလို့ ဧည့်ခံစကားပြောရင်တောင် ... ဧည့်သည်ကို မှန်ကျောပေးထိုင်ခိုင်း ... သူကမှန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ... စကားပြောနေရင်း မှန်ကို လှမ်းလှမ်းကြည့် လွန်းလို့ ဧည့်သည်တွေခမျာ... နောက်ကျောမလုံဖြစ်ပြီး ပြန်ပြန်ပြေး ရရှာသတဲ့ ...။ မေမေ့ဧည့်သည်တွေလာလို့ ... ကော်ဖီဖျော်ချခိုင်းရင်လည်း ကော်ဖီခွက်ကြီးတန်းလန်းနဲ့ မှန်ကိုလှမ်းကြည့်လို့ ... ခလုတ်တိုက်ပြီးကော်ဖီတွေ မှောက်မှောက်ကျတာလည်း အခါခါတဲ့ ...။ မေမေကတော့ တစ်ဦးတည်းသော ညီမကို ချစ်လို့ အလိုလိုက်ထားပေမယ့် ဖေဖေနဲ့တွေ့ရင်တော့ ဒေါ်လေးမှန်တို့မစားသာဘူး။ ဟိုတစ်ခါကဆိုလဲ ... ဖေဖေဘုရားရှိခိုးနေတုန်းကြီး မှန်ရှေ့လာပြီး ... ဟိုဖက်လှည့်လိုက် ... ဒီဖက်လှည့်လိုက် ထမီကိုပြင်ဝတ်လိုက် လုပ်နေလို့ ဖေဖေကထအော်ပြီးမှန်ကြီးကို ရိုက်ခွဲမလို့လုပ်တာလေ ...။ မေမေရော ၊ ကျွန်တော်တို့ပါ မနည်းဝိုင်းဆွဲလိုက်ရသေးတယ်။ အဲဒီနေ့ကစပြီး သူလည်း ဖေဖေရှိတဲ့အချိန်ဆို မှန်ရှေ့မှာ ကိုးရိုးကားရား မလုပ်ရဲတော့ပေမယ့် မှန်ရှေ့ ကဖြတ်သွားတိုင်း ဖေဖေ့အရိပ်အခြေကို ကြည့်ပြီးမှခိုးခိုးကြည့်တတ်တယ်။

သူ ... အဲဒီလို မှန်ကြိုက်တာနဲ့ ယောင်္ကျားမရတာနဲ့ ဘာဆိုင်လို့လဲလို့ ... ဆန္ဒတွေစောပြီးမမေးနဲ့ဦး ...။ ကျွန်တော်ဆက်ပြောတာကို ဆုံးအောင်နားထောင်လိုက်ဦး ... ။ သူနဲ့မှန် ...။ မှန်နဲ့ သူ ... အဲဒီင်္လို ကြည့်ကြည့်ပြီး အဆင်ပြေနေတာက အကြောင်းမဟုတ်ဘူးဗျ။ တခါတခါ သူက မှန်ကို မမှန်ဘူးဆိုပြီး ပြဿနာရှာတာက ကျွန်တော်တို့မိသားစုအတွက်ရော ၊ အားလုံးအတွက်ပါပြဿနာ ...။ သူ့အသက် ၂၀ကျော်လောက်က အဖြစ်အပျက်လေးတစ်ခု မေမေပြောပြဖူးတာလေး ခင်ဗျားတို့ကိုပြန်ဖောက်သည်ချရဦးမယ် ...။ သူက အစားအသောက်လည်းဂရုစိုက်၊ လေ့ကျင့်ခန်းကလည်း မှန်မှန်လုပ်တော့ ... ပြစ်မျိုးမထင် လှချင်တိုင်းလှနေတာတဲ့ ...။ ဒါပေမယ့် အပုပ်ကောင်ရုပ်ဆောင်နေကြတာပဲဗျာ ... သူလည်း ပုထုဇဉ်ပဲ ဘယ်ခံနိုင်မှာလဲ...။ ဟဲ... ဟဲ... အဲဒီစကားတွေကမေမေပြောပြတုန်းကတော့ မပါဘူးဗျ။ ကျွန်တော်ဖာသာ ကျွန်တော် ထပ်ကွန့်ထားတာ...။ အဲ... ပြောနေတာ ဘယ်တောင်ရောက်သွားပြီလဲ ...။ သြော် ... အဲဒီလိုလှနေပေမယ့် တစ်နေ့ကျတော့ သူ့နှာခေါင်းထဲမှာ ၀က်ခြံပေါက်ပြီးနှာခေါင်းကြီး ကယောင်လာရောတဲ့ဗျာ ...။ အဲဒါသူက ... မှန်ထဲမှာ သူ့ကိုယ်သူ ပြန်မြင်ပြီး အော်လိုက်တာ... လိပ်ပြာလွင့်မတတ်ဆိုတော့ ... မေမေတို့တင်မကဘူး။ အိမ်နီးနားချင်းတွေပါ ရောက်လာ ကြရောတဲ့...။ အဲဒီမှာ မေမေက `မိမှန်... မိမှန် ... ဘာဖြစ်လို့လဲ ´ လို့ မေးတော့ သူက ဘာဖြေတယ်မှတ်လဲ...။ `မှန်ထဲမှာ ... မှန်ထဲမှာ... ဘယ်သူလည်းမသိဘူး... နှာခေါင်းကြီးအကြီးကြီးနဲ့´ တဲ့ဗျာ...။ သူ့ အဖြေကိုကြားတော့ မေမေတို့ရောအိမ်နီးနားချင်းတွေရော အကုန်လုံး ... လည်းထိတ်ထိတ်ပြာပြာဖြစ်သွားကြပြီး မှန်ကြီးနားက ခွာတဲ့သူခွာ၊ မှန်ကြီးကို မ၀ံ့မရဲ တိုးကြည့်တဲ့သူကကြည့်နဲ့ ကယောက်ကယက် ကို ဖြစ်ကုန်တော့တာပဲတဲ့ ...။ အဲဒါနဲ့ သူ့ကို ရေမန်းတွေဘာတွေတိုက်မှ သူ့နှာခေါင်းကြီးယောင်နေတာကို တွေ့ရတယ်တဲ့...။ အဲဒီတော့မှာမေမေလည်း အဖြစ်မှန်ကို သဘောပေါက်ပြီး သူ့ကို အမျိုးမျိုးဖျောင်းဖျပေမယ့် သူကတော့မရဘူး။ မှန်ထဲက ပုံက သူမဟုတ်ဘူးလို့ပဲ ဒိုင်ခံ ငြင်းနေတော့တာပဲတဲ့ဗျာ ။ ဒီလောက်ဆို သူ့ရဲ့ အခြေအနေက သာမန်ထက်နဲနဲ လွန်ကဲနေပြီဆိုတာကို ခင်ဗျားတို့ရိပ်မိလောက်ရောပေါ့။

အဲဒီအဖြစ်အပျက်မျိုးက တစ်ခါလဲမဟုတ်၊ နှစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့ မေမေလည်း ဘာမှ မပြောတော့ပဲ လွှတ်ထားလိုက်ရတယ်တဲ့။ ကျွန်တော်၆တန်းနှစ်လောက်တုန်းကအဖြစ်တစ်ခုကိုပြောပြဦးမယ်။ အဲဒီတုန်းကဆို ရုံးရောက် ဂါတ်ရောက်ကိုဖြစ်သွားတာဗျ။ အဲဒီနေ့တုန်းက ကျွန်တော်က အခန်းထဲမှာ စာထိုင်ကျက်နေတယ် ...။ မေမေကနောက်ဖေးမှာ ထမင်းချက်နေတယ်။ ဖေဖေကလည်းသူ့အခန်းထဲမှာ စာဖတ်နေတယ်နဲ့တူပါတယ်။ သူကတော့ထုံးစံအတိုင်း ဘယ်သူမှ အနားမှာမရှိတော့ မှန်ရှေ့မှာထိုင်ပြီး မှန်ထဲကသူ့ကိုယ်သူ ဘာတွေပြောနေတယ် မသိပါဘူး။ ခဏနေတော့ သူ့ရဲ့စူးစူးဝါးဝါးအော်သံကို ကြားတာနဲ့ ကျွန်တော်တို့အားလုံးထွက်ကြည့်ကြတာ ... ယောင်္ကျားပျိုတစ်ယောက်က သူ့အနားရောက်နေပြီး သူ့လက်ကို ဆွဲနေတာတွေ့ရတာပဲ ... အဲဒါနဲ့ ဖေဖေနဲ့ အသံကြားလို့ရောက်လာကြတဲ့ ကာလသားသုံးယောက်လောက်နဲ့ အဲဒီလူကို ၀ိုင်းချုပ်ပြီး ရပ်ကွက်ရုံးကိုပို့ကြတာပေါ့ ...။ ဟိုလူ့ခမျာလည်းမျက်နှာငယ်လေးနဲ့ ကုပ်ကုပ်ကလေးလိုက်လာ ရှာပါတယ်။ ကျွန်တော်လည်း စပ်စုတတ်တဲ့သူဆိုတော့ ဖေဖေနဲ့ အတူရုံးကို လိုက်သွားတယ်လေ ...။ ရုံးရောက်တော့ ရပ်ကွက်လူကြီးက မေးတာပေါ့...။

`မင်းကို ငါဒီရပ်ကွက်ထဲမှာအရင်မမြင်ဖူးပါဘူး ... မင်းဘယ်ကလဲ´

`ကျွန်တော်ရန်ကုန်က ဧည့်သည်ပါခင်ဗျာ ... ကျွန်တော့်အမ၀မ်းကွဲဆီအလုပ်ကိစ္စနဲ့ ခဏလာတည်းနေတာပါ ...´

`မင်းသူတပါးအိမ်ပေါ်ကို တက်ပြီး သူများသမီးပျိုတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်တာ ... မင်းကို ပိုင်နက်ကျူးလွန်မှုနဲ့ရော၊ ကာအိနြေ္ဒဖျက်မှုနဲ့ရော တရားစွဲလိုရတယ်ကွ ... မင်းနားလည်းလား ...။´

အဲဒီလူကမြို့သားလို့မပြောရဘူးရုပ်ကတော့ခပ်ဖြောင့်ဖြောင့်ပါ...။ ၀တ်ထားစားထားတာကလည်း အပျံစားပေါ့ ...။ ကျွန်တော့်စိတ်ထဲမှာ ဒေါ်လေးရဲ့ရည်းစားလို့တောင် ထင်မိပါသေးတယ်။ ရပ်ကွက်လူကြီးက ပြစ်မှုတွေကို ပြောပြတော့ အဲဒီလူတော်တော် လန့်သွားပြီး တုံတုံရီရီနဲ့ ပြောတယ်။

`ဒီလို ... ဒီလိုပါ ... အန်ကယ်ရယ် ကျွန်တော် အဲဒီအိမ်ရှေ့ကဖြတ်သွားတော့ အဲဒီအမက ... ကျွန်တော့်ကို `ဟိတ်´ လို့လှမ်ခေါ်ပြီးပြောတယ် ...´

`ဘာပြောတုန်းကွ´

အဲဒီ့လူဆက်ပြောမယ့် စကားကို ရပ်ကွက်လူကြီးရော၊ ကျွန်တော်တို့အားလုံးပါ သိပ်စိတ်ဝင်စားသွားကြတယ်။

`သူက ... သူက ... ဟိတ် ... နင်သိပ်ချောတာပဲ ... နတ်ပြည်က ကျလာသလားလို့တောင်ထင်ရတယ် ... နင့် ကိုငါသိပ်ချစ်တာပဲဟယ်တဲ့ ...´

ကျွန်တော်မရယ်မိအောင်စိတ်ကို မနည်းချုပ်တီးထားရတယ်...။ ကျွန်တော်ပါးစပ်ကို လက်နဲ့ အုပ်ပြီး တခွိခွိ ဖြစ်နေလို့ ဖေဖေကတောင်လှမ်းဟန့်သေးတယ်။ ရပ်ကွက်လူကြီးကလည်း ဟိုလူ့ကို ဆက်မပြောဖို့ လက်လှမ်းတားတယ် ...။ ပြီးတော့ ... ဖေဖေ့ကိုဘယ်လိုလဲဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတယ်။ ဖေဖေကလည်း မျက်နှာကြီးတစ်ခုလုံးနီရဲနေပြီ ...

`ကိုခင်ထွန်း ... ခင်ဗျားဖာသာ နဲနဲဆုံးမပြီးပြန်လွှတ်လိုက်ပါတော့ဗျာ ...´

... လို့ပြောပြီး ရှက်ရှက်နဲ့ကျွန်တော်တို့သားအဖ အိမ်ပြန်လာခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ဖေဖေက ဒေါ်လေးကို အိမ်ပေါ်ကနှင်ချနေလို့ မေမေနဲ့တောင်ရန်ဖြစ်ကြသေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အခန်းထဲပြေးဝင်ပြီး တံခါးကို အလုံပိတ်ပြီး ရယ်လိုက်ရတာ အူကို နာနေတာပဲ။ ဟိုလူက ဒေါ်လေး မှန်ထဲ က သူ့ကိုယ်သူကြည့်ပြီး ပြောနေတာကို သူ့ပြောတယ်ထင်ပြီး အိမ်ပေါ်အထိ တက်လာတာကိုးဗျ ...။ ဟား ... ဟား ... ဟား ... ဟား ... ။

ဒေါ်လေးကသာမန်ထက်ပိုထူးတာတော့အမှန်ပဲ ဒါပေမယ့် ထူးပုံထူးနည်းက မှားနေတော့ အားလုံးက ရူးတယ်လို့ပဲ သတ်မှတ်လိုက်ကြတယ်။ ဖေဖေက ဆေးရုံပို့ဖို့ပြောတယ်။ မေမေကငြင်းတယ်။ ကျွန်တော်ကမှန်ကြီးကို ရောင်းစားပစ်ဖို့ အဆိုပြုတယ် ။ ဒေါ်လေးက ကျွန်တော့် ကို စားတော့ဝါးတော့မတတ်ကြည့်တယ်။ နောက်ဆုံး မေမေ့ရဲစကားတစ်ခွန်းက အားလုံးကိုအနိုင်ရသွားပြီး ... ဒေါ်လေးရော မှန်ကြီးပါ ချမ်းသာခွင့်ရသွားကြတယ်။ မေမေပြောတာက ...

`ဘိုးဘွားပိုင်ပစ္စည်းကိုလည်း ရောင်းစရာမလိုဘူး ...။ ငါ့ညီမကိုလည်းဆေးရုံပို့စရာမလိုဘူး ... ကိုယ့်ရုပ်ရည် အလှကို အရမ်းတွယ်တာပြီး ချစ်နေတဲ့ ငါ့ညီမလေးက ဘယ်သူ့ကိုမှလည်းဒုက္ခမပေးဘူး ... ကိုယ့်ကို ချစ်ပြီး သူများတွေကိုဒုက္ခပေးနေကြတဲ့ သူတွေအပုံကြီးထက်တော့အများကြီးသာပါသေးတယ် ... ´ တဲ့ ...။

ကဲ ... ဘယ်လိုလုပ်ကြမလဲ ...။



Thursday, November 15, 2007

ပြန်မှောင်သွားတဲ့ည …

ပြန်မှောင်သွားတဲ့ည …

ညက …

အလင်းတွေအတိုင်းသားနဲ့

မှောင်အတိကျနေတယ် …

ကျွန်တော်ရယ် ကျွန်တော့်အရိပ်ရယ်

နောက်ပြီး …

တိတ်ဆိတ်နေတဲ့ ဂစ်တာအိုလေးရယ် …

ကျွန်တော်က ငယ်ငယ်ကစိတ်တွေကို ပြန်မျှော်နေသလို

ဂစ်တာလေးက အသံမပါတဲ့သီချင်းတစ်ပုဒ်ကိုအော်ဆိုနေတယ် …။

ခေါ်သံတစ်ခုရဲ့ အဆုံးမှာ

ညတွေထဲကနေ အတုံးအရုံးလူးလဲထ

ကျွန်တော် … လမ်းပေါ်မှာပဲ လမ်းစတစ်ခုကိုတွေ့လိုက်ရတယ် …။

အတောင်ပံတွေပေါက်လာမှာကို စောင့်ရင်း

လမ်းလျှောက်ဖို့ငြင်းနေကြတဲ့ ခြေထောက်တွေရဲ့

ဟားတိုက်ရယ်မောသံတွေနဲ့ …

ဆူညံပွတ်လောရိုက်

ကျွန်တော် … အမှောင်ထဲမှာဖျက်ရိုက်ခံရပြန်တယ်။

အချို့အဆိပ်တွေက မဖိတ်ပဲရောက်လာတတ်ကြသတဲ့ …

ကျွန်တော် မခေါ်ခဲ့ဘူး

အဲဒါကြောင့် …

(သေချာတယ်) ကျွန်တော် မပျော်ခဲ့ဘူး ။