Pages

Monday, November 19, 2007

မှန်ကြိုက်တဲ့သူ

အလှအပကို အရမ်းမက်ပြီး မှန်ရှေ့ကမခွာနိုင်ဖြစ်နေကြတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ လူတိုင်းလှချင်ကြတာ မှန်ပေမယ့် အစွန်းမရောက်စေချင်တဲ့ စေတနာနဲ့ ဒီဝတ္ထုတိုလေးကို ရေးဖြစ်ပါတယ်။

မှန်ကြိုက်တဲ့သူ


`အကျည်းတန် မှန်ကြိုက်´ ဆိုတဲ့စကားကို ကျွန်တော်ကြားဖူးပေမယ့် ... သိပ်တော့ လက်မခံချင်လှဘူး... ။ အကျည်းတန်ပါတယ်ဆိုမှ၊ ရုပ်ဆိုးပါတယ်ဆိုမှ မှန်ကို ခဏခဏသွားကြည့်နေရင် ... ကိုယ့်ရုပ်ကို ပြန်မြင်မြင် နေရပြီးစိတ်ဆင်းရဲနေရတာပဲအဖတ်တင်မှာပေါ့ ...။ တကယ်တမ်းက ချောတဲ့လူတွေ၊ လှတဲ့သူတွေက မှန်ပိုကြိုက်ကြတာဗျ။ `လူတိုင်းဟာ ကိုယ့် ကိုကိုယ် အချစ်ဆုံးပဲ´ ဆိုတာကို အားလုံးသိကြမှာပေါ့ ...။ အဲ ... ဒါပေမယ့် ... အဲဒီလို မှန်အရမ်းကြိုက်ပြီး ... ကိုယ့်ရဲ့မျက်နှာကို ကြည့်မ၀ရှုမ၀ဖြစ်နေကြတဲ့သူတွေက... သူများတွေ ထက်ပိုပြီး သူတို့ကိုသူတို့ ပိုချစ်ကြတယ်ဗျ...။ မယုံရင်ကျွန်တော့်ကိုမေးကြည့်လေ ...။ နောက်နေတာမဟုတ်ဘူး... တကယ်ပြော နေတာ ...။ တကယ်ပြောဆို ... ကျွန်တော်က ကိုယ်တွေ့ဗျ...။

မိမိမှန်တဲ့ ...။ အဲဒါက ကျွန်တော့်အမေရဲ့ညီမ ကျွန်တော့်ရဲ့ အဒေါ်ပေါ့။ သူ့နာမည်အရင်းက `မငြိမ်းသူ´တဲ့...။ ဒါပေမယ့် မှန်ကြိုက်လွန်းလို့၊ မှန်ရှေ့ကမခွာလို့ ... နာမည်အရင်းပျောက်ပြီး `မိမိမှန်´လို့တွင်တယ်။ ကျွန်တော်က အခုလက်ရှိ သူနဲ့တစ်အိမ်တည်းနေတာဆိုတော့ သူဖြစ်ပျက်နေတာတွေကို တစ်ချိန်လုံး မြင်နေရသလို ...။ သူငယ်ငယ်ကအကြောင်းတွေကိုလည်း တစ်လုံးမကျန်သိနေတာပေါ့ ...။ သူကချောတာတော့ တော်တော်ချောတယ်ဗျ ...။ အခု သူ့အသက်က၃၅နှစ်လောက်ရှိနေတာတောင် ... ဖြတ်သွားဖြတ်လာတွေက ငေးကြည့်ရတုန်း... ကာလသား တွေကမျက်စိကျတုန်း ... ။ ဒါပေမယ့် သူကတော့ အခုအချိန်အထိ အပျိုကြီးဘ၀နဲ့ ကျွန်တော့် အဖေအိမ်မှာ ကပ်နေရတုန်းလေ ...။ ဒီလောက်ချော၊ ဒီလောက်လှရဲ့သားနဲ့ ဘာလို့ အခုအချိန်အထိအပျိုကြီး ဖြစ်နေရတာလဲလို့ ခင်ဗျားတို့ မေးချင်သလိုပဲ ကျွန်တော်လည်း မေမေ့ကို မေးခဲ့ဖူးတယ်။ အဲဒီမှာ ... အဓိက သွားတွေ့ရတာက အဲဒီမှန်ကိစ္စပဲပေါ့ဗျာ ...။ ဒီလိုဗျ ... ... ...

ကျွန်တော်တို့အိမ်ခေါင်းရင်း ဘုရားစင်နဲ့ကပ်လျက်မှာ ကိုယ်လုံးပေါ်မှန်ကြီး တချပ်ရှိတယ်...။ ဖေဖေက ပြောတော့ ... အဘိုး ... အဘွားတွေရဲ့ အမွေအနှစ်တဲ့ ...။ တကယ့်ကို ရှေးမှန်ကြီးမှ ... ရှေးမှန်ကြီးအစစ်ပါ...။ မှန်ဘောင်တွေကလည်း ကနုတ်ပန်းတွေနဲ့ ... လေးလိုက်တာကလည်း လွန်ရော...။ ကျွန်တော်တို့ တစ်မိသားစုလုံးကတော့ ဘိုဘွားအမွေမို့မပျောက်မပျက် ထိန်းသိမ်းရုံကလွဲပြီး အဲဒီမှန်ကြီးကို သိပ်အဖက်မလုပ်ကြပါဘူး။ အဲ ... ကျွန်တော့်အဒေါ် မိမိမှန်ကတော့ လူမှန်းသိတတ်စအရွယ် ငယ်ငယ်ကတည်းက အဲဒီမှန်ကြီးကို အရိပ်တကြည့်ကြည့်ပဲတဲ့ ...။ တကယ်တမ်းက မှန်ကို ဘိုးဘွားအမွေမို့ အရိပ်တကြည့်ကြည့် လုပ်နေတာ မဟုတ်ပါဘူး။ မှန်ထဲကသူ့ကိုယ်သူအရိပ်တကြည့်ကြည့်လုပ်နေတာပါ...။ မေမေပြန်ပြောပြတာကိုသိရသလောက်တော့ သူမှန်ကြိုက်တဲ့ပုံက လွန်ကိုလွန်လွန်းပါတယ်ဗျာ ...။ ဘယ်လောက်တောင်ဆိုးသလဲဆို ... ဧည့်သည်လာလို့ ဧည့်ခံစကားပြောရင်တောင် ... ဧည့်သည်ကို မှန်ကျောပေးထိုင်ခိုင်း ... သူကမှန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ... စကားပြောနေရင်း မှန်ကို လှမ်းလှမ်းကြည့် လွန်းလို့ ဧည့်သည်တွေခမျာ... နောက်ကျောမလုံဖြစ်ပြီး ပြန်ပြန်ပြေး ရရှာသတဲ့ ...။ မေမေ့ဧည့်သည်တွေလာလို့ ... ကော်ဖီဖျော်ချခိုင်းရင်လည်း ကော်ဖီခွက်ကြီးတန်းလန်းနဲ့ မှန်ကိုလှမ်းကြည့်လို့ ... ခလုတ်တိုက်ပြီးကော်ဖီတွေ မှောက်မှောက်ကျတာလည်း အခါခါတဲ့ ...။ မေမေကတော့ တစ်ဦးတည်းသော ညီမကို ချစ်လို့ အလိုလိုက်ထားပေမယ့် ဖေဖေနဲ့တွေ့ရင်တော့ ဒေါ်လေးမှန်တို့မစားသာဘူး။ ဟိုတစ်ခါကဆိုလဲ ... ဖေဖေဘုရားရှိခိုးနေတုန်းကြီး မှန်ရှေ့လာပြီး ... ဟိုဖက်လှည့်လိုက် ... ဒီဖက်လှည့်လိုက် ထမီကိုပြင်ဝတ်လိုက် လုပ်နေလို့ ဖေဖေကထအော်ပြီးမှန်ကြီးကို ရိုက်ခွဲမလို့လုပ်တာလေ ...။ မေမေရော ၊ ကျွန်တော်တို့ပါ မနည်းဝိုင်းဆွဲလိုက်ရသေးတယ်။ အဲဒီနေ့ကစပြီး သူလည်း ဖေဖေရှိတဲ့အချိန်ဆို မှန်ရှေ့မှာ ကိုးရိုးကားရား မလုပ်ရဲတော့ပေမယ့် မှန်ရှေ့ ကဖြတ်သွားတိုင်း ဖေဖေ့အရိပ်အခြေကို ကြည့်ပြီးမှခိုးခိုးကြည့်တတ်တယ်။

သူ ... အဲဒီလို မှန်ကြိုက်တာနဲ့ ယောင်္ကျားမရတာနဲ့ ဘာဆိုင်လို့လဲလို့ ... ဆန္ဒတွေစောပြီးမမေးနဲ့ဦး ...။ ကျွန်တော်ဆက်ပြောတာကို ဆုံးအောင်နားထောင်လိုက်ဦး ... ။ သူနဲ့မှန် ...။ မှန်နဲ့ သူ ... အဲဒီင်္လို ကြည့်ကြည့်ပြီး အဆင်ပြေနေတာက အကြောင်းမဟုတ်ဘူးဗျ။ တခါတခါ သူက မှန်ကို မမှန်ဘူးဆိုပြီး ပြဿနာရှာတာက ကျွန်တော်တို့မိသားစုအတွက်ရော ၊ အားလုံးအတွက်ပါပြဿနာ ...။ သူ့အသက် ၂၀ကျော်လောက်က အဖြစ်အပျက်လေးတစ်ခု မေမေပြောပြဖူးတာလေး ခင်ဗျားတို့ကိုပြန်ဖောက်သည်ချရဦးမယ် ...။ သူက အစားအသောက်လည်းဂရုစိုက်၊ လေ့ကျင့်ခန်းကလည်း မှန်မှန်လုပ်တော့ ... ပြစ်မျိုးမထင် လှချင်တိုင်းလှနေတာတဲ့ ...။ ဒါပေမယ့် အပုပ်ကောင်ရုပ်ဆောင်နေကြတာပဲဗျာ ... သူလည်း ပုထုဇဉ်ပဲ ဘယ်ခံနိုင်မှာလဲ...။ ဟဲ... ဟဲ... အဲဒီစကားတွေကမေမေပြောပြတုန်းကတော့ မပါဘူးဗျ။ ကျွန်တော်ဖာသာ ကျွန်တော် ထပ်ကွန့်ထားတာ...။ အဲ... ပြောနေတာ ဘယ်တောင်ရောက်သွားပြီလဲ ...။ သြော် ... အဲဒီလိုလှနေပေမယ့် တစ်နေ့ကျတော့ သူ့နှာခေါင်းထဲမှာ ၀က်ခြံပေါက်ပြီးနှာခေါင်းကြီး ကယောင်လာရောတဲ့ဗျာ ...။ အဲဒါသူက ... မှန်ထဲမှာ သူ့ကိုယ်သူ ပြန်မြင်ပြီး အော်လိုက်တာ... လိပ်ပြာလွင့်မတတ်ဆိုတော့ ... မေမေတို့တင်မကဘူး။ အိမ်နီးနားချင်းတွေပါ ရောက်လာ ကြရောတဲ့...။ အဲဒီမှာ မေမေက `မိမှန်... မိမှန် ... ဘာဖြစ်လို့လဲ ´ လို့ မေးတော့ သူက ဘာဖြေတယ်မှတ်လဲ...။ `မှန်ထဲမှာ ... မှန်ထဲမှာ... ဘယ်သူလည်းမသိဘူး... နှာခေါင်းကြီးအကြီးကြီးနဲ့´ တဲ့ဗျာ...။ သူ့ အဖြေကိုကြားတော့ မေမေတို့ရောအိမ်နီးနားချင်းတွေရော အကုန်လုံး ... လည်းထိတ်ထိတ်ပြာပြာဖြစ်သွားကြပြီး မှန်ကြီးနားက ခွာတဲ့သူခွာ၊ မှန်ကြီးကို မ၀ံ့မရဲ တိုးကြည့်တဲ့သူကကြည့်နဲ့ ကယောက်ကယက် ကို ဖြစ်ကုန်တော့တာပဲတဲ့ ...။ အဲဒါနဲ့ သူ့ကို ရေမန်းတွေဘာတွေတိုက်မှ သူ့နှာခေါင်းကြီးယောင်နေတာကို တွေ့ရတယ်တဲ့...။ အဲဒီတော့မှာမေမေလည်း အဖြစ်မှန်ကို သဘောပေါက်ပြီး သူ့ကို အမျိုးမျိုးဖျောင်းဖျပေမယ့် သူကတော့မရဘူး။ မှန်ထဲက ပုံက သူမဟုတ်ဘူးလို့ပဲ ဒိုင်ခံ ငြင်းနေတော့တာပဲတဲ့ဗျာ ။ ဒီလောက်ဆို သူ့ရဲ့ အခြေအနေက သာမန်ထက်နဲနဲ လွန်ကဲနေပြီဆိုတာကို ခင်ဗျားတို့ရိပ်မိလောက်ရောပေါ့။

အဲဒီအဖြစ်အပျက်မျိုးက တစ်ခါလဲမဟုတ်၊ နှစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့ မေမေလည်း ဘာမှ မပြောတော့ပဲ လွှတ်ထားလိုက်ရတယ်တဲ့။ ကျွန်တော်၆တန်းနှစ်လောက်တုန်းကအဖြစ်တစ်ခုကိုပြောပြဦးမယ်။ အဲဒီတုန်းကဆို ရုံးရောက် ဂါတ်ရောက်ကိုဖြစ်သွားတာဗျ။ အဲဒီနေ့တုန်းက ကျွန်တော်က အခန်းထဲမှာ စာထိုင်ကျက်နေတယ် ...။ မေမေကနောက်ဖေးမှာ ထမင်းချက်နေတယ်။ ဖေဖေကလည်းသူ့အခန်းထဲမှာ စာဖတ်နေတယ်နဲ့တူပါတယ်။ သူကတော့ထုံးစံအတိုင်း ဘယ်သူမှ အနားမှာမရှိတော့ မှန်ရှေ့မှာထိုင်ပြီး မှန်ထဲကသူ့ကိုယ်သူ ဘာတွေပြောနေတယ် မသိပါဘူး။ ခဏနေတော့ သူ့ရဲ့စူးစူးဝါးဝါးအော်သံကို ကြားတာနဲ့ ကျွန်တော်တို့အားလုံးထွက်ကြည့်ကြတာ ... ယောင်္ကျားပျိုတစ်ယောက်က သူ့အနားရောက်နေပြီး သူ့လက်ကို ဆွဲနေတာတွေ့ရတာပဲ ... အဲဒါနဲ့ ဖေဖေနဲ့ အသံကြားလို့ရောက်လာကြတဲ့ ကာလသားသုံးယောက်လောက်နဲ့ အဲဒီလူကို ၀ိုင်းချုပ်ပြီး ရပ်ကွက်ရုံးကိုပို့ကြတာပေါ့ ...။ ဟိုလူ့ခမျာလည်းမျက်နှာငယ်လေးနဲ့ ကုပ်ကုပ်ကလေးလိုက်လာ ရှာပါတယ်။ ကျွန်တော်လည်း စပ်စုတတ်တဲ့သူဆိုတော့ ဖေဖေနဲ့ အတူရုံးကို လိုက်သွားတယ်လေ ...။ ရုံးရောက်တော့ ရပ်ကွက်လူကြီးက မေးတာပေါ့...။

`မင်းကို ငါဒီရပ်ကွက်ထဲမှာအရင်မမြင်ဖူးပါဘူး ... မင်းဘယ်ကလဲ´

`ကျွန်တော်ရန်ကုန်က ဧည့်သည်ပါခင်ဗျာ ... ကျွန်တော့်အမ၀မ်းကွဲဆီအလုပ်ကိစ္စနဲ့ ခဏလာတည်းနေတာပါ ...´

`မင်းသူတပါးအိမ်ပေါ်ကို တက်ပြီး သူများသမီးပျိုတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်တာ ... မင်းကို ပိုင်နက်ကျူးလွန်မှုနဲ့ရော၊ ကာအိနြေ္ဒဖျက်မှုနဲ့ရော တရားစွဲလိုရတယ်ကွ ... မင်းနားလည်းလား ...။´

အဲဒီလူကမြို့သားလို့မပြောရဘူးရုပ်ကတော့ခပ်ဖြောင့်ဖြောင့်ပါ...။ ၀တ်ထားစားထားတာကလည်း အပျံစားပေါ့ ...။ ကျွန်တော့်စိတ်ထဲမှာ ဒေါ်လေးရဲ့ရည်းစားလို့တောင် ထင်မိပါသေးတယ်။ ရပ်ကွက်လူကြီးက ပြစ်မှုတွေကို ပြောပြတော့ အဲဒီလူတော်တော် လန့်သွားပြီး တုံတုံရီရီနဲ့ ပြောတယ်။

`ဒီလို ... ဒီလိုပါ ... အန်ကယ်ရယ် ကျွန်တော် အဲဒီအိမ်ရှေ့ကဖြတ်သွားတော့ အဲဒီအမက ... ကျွန်တော့်ကို `ဟိတ်´ လို့လှမ်ခေါ်ပြီးပြောတယ် ...´

`ဘာပြောတုန်းကွ´

အဲဒီ့လူဆက်ပြောမယ့် စကားကို ရပ်ကွက်လူကြီးရော၊ ကျွန်တော်တို့အားလုံးပါ သိပ်စိတ်ဝင်စားသွားကြတယ်။

`သူက ... သူက ... ဟိတ် ... နင်သိပ်ချောတာပဲ ... နတ်ပြည်က ကျလာသလားလို့တောင်ထင်ရတယ် ... နင့် ကိုငါသိပ်ချစ်တာပဲဟယ်တဲ့ ...´

ကျွန်တော်မရယ်မိအောင်စိတ်ကို မနည်းချုပ်တီးထားရတယ်...။ ကျွန်တော်ပါးစပ်ကို လက်နဲ့ အုပ်ပြီး တခွိခွိ ဖြစ်နေလို့ ဖေဖေကတောင်လှမ်းဟန့်သေးတယ်။ ရပ်ကွက်လူကြီးကလည်း ဟိုလူ့ကို ဆက်မပြောဖို့ လက်လှမ်းတားတယ် ...။ ပြီးတော့ ... ဖေဖေ့ကိုဘယ်လိုလဲဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတယ်။ ဖေဖေကလည်း မျက်နှာကြီးတစ်ခုလုံးနီရဲနေပြီ ...

`ကိုခင်ထွန်း ... ခင်ဗျားဖာသာ နဲနဲဆုံးမပြီးပြန်လွှတ်လိုက်ပါတော့ဗျာ ...´

... လို့ပြောပြီး ရှက်ရှက်နဲ့ကျွန်တော်တို့သားအဖ အိမ်ပြန်လာခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ဖေဖေက ဒေါ်လေးကို အိမ်ပေါ်ကနှင်ချနေလို့ မေမေနဲ့တောင်ရန်ဖြစ်ကြသေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အခန်းထဲပြေးဝင်ပြီး တံခါးကို အလုံပိတ်ပြီး ရယ်လိုက်ရတာ အူကို နာနေတာပဲ။ ဟိုလူက ဒေါ်လေး မှန်ထဲ က သူ့ကိုယ်သူကြည့်ပြီး ပြောနေတာကို သူ့ပြောတယ်ထင်ပြီး အိမ်ပေါ်အထိ တက်လာတာကိုးဗျ ...။ ဟား ... ဟား ... ဟား ... ဟား ... ။

ဒေါ်လေးကသာမန်ထက်ပိုထူးတာတော့အမှန်ပဲ ဒါပေမယ့် ထူးပုံထူးနည်းက မှားနေတော့ အားလုံးက ရူးတယ်လို့ပဲ သတ်မှတ်လိုက်ကြတယ်။ ဖေဖေက ဆေးရုံပို့ဖို့ပြောတယ်။ မေမေကငြင်းတယ်။ ကျွန်တော်ကမှန်ကြီးကို ရောင်းစားပစ်ဖို့ အဆိုပြုတယ် ။ ဒေါ်လေးက ကျွန်တော့် ကို စားတော့ဝါးတော့မတတ်ကြည့်တယ်။ နောက်ဆုံး မေမေ့ရဲစကားတစ်ခွန်းက အားလုံးကိုအနိုင်ရသွားပြီး ... ဒေါ်လေးရော မှန်ကြီးပါ ချမ်းသာခွင့်ရသွားကြတယ်။ မေမေပြောတာက ...

`ဘိုးဘွားပိုင်ပစ္စည်းကိုလည်း ရောင်းစရာမလိုဘူး ...။ ငါ့ညီမကိုလည်းဆေးရုံပို့စရာမလိုဘူး ... ကိုယ့်ရုပ်ရည် အလှကို အရမ်းတွယ်တာပြီး ချစ်နေတဲ့ ငါ့ညီမလေးက ဘယ်သူ့ကိုမှလည်းဒုက္ခမပေးဘူး ... ကိုယ့်ကို ချစ်ပြီး သူများတွေကိုဒုက္ခပေးနေကြတဲ့ သူတွေအပုံကြီးထက်တော့အများကြီးသာပါသေးတယ် ... ´ တဲ့ ...။

ကဲ ... ဘယ်လိုလုပ်ကြမလဲ ...။



4 comments:

Nyi Linn Thit said...

ကိုနေဘုန်းလတ်ရေ...မှန်ကြည့်တိုင်း အခါခါသေနေတဲ့ လူတွေ မှန်မကြည့်တော့ဘဲ လူတွေကိုပဲကြည့်ပြီး အပြစ်ပြောနေ တာနဲ့စာရင် လူတွေကိုမကြည့်ဘဲ မှန်ကိုပဲ ကြည့်နေတာ ကပိုကောင်းသလိုလို ပါပဲဗျာ....။

prizewai said...

I like mirror very much. That's why i love myself too much. right?

မျက်လုံး said...

အကိုရေ။ ရယ်လဲ ရယ်ရ၊ တွေးလဲ တွေးရပါ့ဗျာ။ အရေးအသားကလဲ ရှယ်ပဲဗျို့။ အားကျပါပေ့။

နှင်းသဇင် said...

ကိုနေဘုန်းလတ်ရေ အရေးအသားကတော့အားကျစရာပဲ ရယ်လည်းရယ်ရပါပေ့ အခုတလောဖတ်ဖြစ်တဲ့ ပိုစ့်တွေထဲမှာ ဒီပိုစ့်ကို အကြိုက်ဆုံးပဲ