Pages

Tuesday, November 13, 2007

ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ

စံပယ်ဖြူမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ...။ အင်တာနက်ထဲလျှောက်မွှေရင်း တွေ့ခဲ့တဲ့စာကြောင်းလေးတွေကို ဆင့်ပွားခံစားပြီးရေးဖွဲ့ထားတာပါ ...။ ဘလော့ဂ်ပေါ်မှာတင်နိုင်ဖို့ စာရိုက်ပေးတဲ့ ညီမဆုဝေ ကိုလဲ ကျေးဇူးတင်တယ်လို့ပြောပါရစေ ...။


ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ

ငွေကြေးနှင့် ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတာတွေ ဝေဖန်ပြောဆို ကြတာတွေကို ကျွန်တော် အခါခါ ဖတ်ဖူး ကြားဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဖတ်လိုက်ရတဲ့ စာပုဒ်လေးလို ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်မိရုံမကပဲ ရင်ထဲအထိကို ရိုက်ခတ်သွားခဲ့တာမျိုးကတော့ ရှားပါတယ်။ အမည်မသိ စာဆိုတစ်ယောက်က ရေးခဲ့တာပါ။ အဲဒီစာသားလေးတွေကို ဖတ်နေရင်းက ဆင့်ပွားတွေးမိတဲ့ အတွေးလေးတွေအကြောင်း အားလုံးကို ကျွန်တော် မျှဝေပါရစေ။

MONEY CAN BUY A BED, BUT NOT A SLEEP.

အိပ်ယာကို သင် ၀ယ်ယူလို့ရမယ်။ အိပ်စက်ခြင်းကို ၀ယ်ယူလို့ မရဘူး။

ကတ်သီးကတ်သတ် ပြောချင်တဲ့သူတွေကတော့ အိပ်ဆေးတွေ ၀ယ်သောက်လို့ ရတာပဲလို့ ပြောကြမယ် ထင်ပါတယ်။ ဓာတုဗေဒ ဆေးဝါးတွေရဲ့ အကူအညီကို ရယူပြီး အိပ်စက်ရပြီ ဆိုကတည်းက တကယ့်စစ်မှန် အေးချမ်းတဲ့ အိပ်စက်အနားယူမှုကို မရနိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တကယ့်အကောင်းစား မွေ့ယာကြီးတွေကို ငွေနဲ့ဝယ်ယူလို့ ရပါတယ်။ ရေထဲမှာ ပေါလောမျောနေရသလို ခံစားရမယ့် မွေ့ယာကြီးတွေကိုလည်း အဆမတန်ဈေးနဲ့ ၀ယ်ယူပိုင်ဆိုင်ထားလို့ ရပါတယ်။ ဒါပေမယ့် အိစက်ညက်ညောပြီး ရုပ်ခန္ဓာအတွက် သာယာမှုတွေ အပြည့်အ၀ ပေးနိုင်မယ့် အဲဒီလို မွေ့ယာကြီးတွေဟာ အပူအပင်ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူနိုင်ခွင့်တစ်ခုကို ပေးနိုင်ပါသလား။ ဟင့်အင်း…လို့ ဖြေရမှာပါ။ လောကမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖြတ်သန်းကုန်လွန်ခဲ့ရတဲ့ တစ်နေ့တာရဲ့ အပူရှိန်တွေဟာ ညအထိတောင် ပါလာပြီး အိပ်စက်ခြင်းတွေကိုတောင် နှောင့်ယှက်ဖျက်ဆီးပစ်နေကြတယ် ဆိုတာကို ပုထုဇဉ်တိုင်း ခံစားသိရှိဖူးကြလိမ့်မယ် ထင်ပါတယ်။ စကားလုံးလှလှသုံးပြီး ပြောရရင် လောကမှာ နေမ၀င်တဲ့ညများစွာဟာ လူတိုင်းလိုလိုမှာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ ဟုတ်ပါပြီ… အိပ်စက်ခြင်းကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ရင် ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ အရယူနိုင်အောင် ကြိုးစားကြမလဲ။ အဓိက,ကတော့ စိတ်ပါပဲ။ တစ်ညတာ ငြိမ်းချမ်းစွာ အိပ်စက်အနားယူခွင့် ရဖို့ဆိုတာ ဖြတ်သန်းပြီးခဲ့တဲ့ တစ်နေ့တာထဲက ကိုယ့်ရဲ့စိတ်ထားတွေ၊ လုပ်ရပ်တွေ အပေါ်မှာ အများကြီး မူတည်သလို ဖြတ်သန်းရဦးမယ့် နောက်တစ်နေ့တာ အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ သဘောထားအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ရပ်တွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်ထားတွေမှာ အခြေခံခဲ့ပြီး ကောင်းသောစေတနာနဲ့ ဖန်တီးခဲ့တာတွေချည်းပဲ ဆိုရင် အဲဒီသူဟာ သူ့ရဲ့ တစ်နေ့တာနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ဖိစီးမှုမျိုးကိုမှ ခံရနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခါတစ်ခါ စေတနာကို ဝေဒနာဖြစ်သွားစေတဲ့ အခြေအနေမျိုးနဲ့ ကြုံရင်လည်း စိတ်ရှင်းရှင်းနဲ့ ဥပေက္ခာပြုလိုက်ရုံပါပဲ။ နောက် အနာဂတ်နဲ့ ပတ်သက်ရင်လည်း လောကဓံတရားဆိုတာနဲ့ ကံ,ကံ၏အကျိုး ဆိုတာကို နှလုံးသွင်းထားပြီး ကြီးမားတဲ့ စိုးရိမ်ပူပန်နေမှုတွေ ထားမနေဘူးဆိုရင် အဲဒီသူရဲ့အိပ်စက်ခြင်းကို နှိပ်စက်အနိုင်ယူမယ့် စိတ်အခြေအနေတွေ ဖြစ်မလာနိုင်တော့ပါဘူး။ အဲဒီတော့ လူတိုင်းလူတိုင်း ငွေကြေးတွေ ပုံပေးပြီး ၀ယ်ယူလို့ မရနိုင်တဲ့ ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ကို စိတ်ထားတွေ အသန့်စင်ဆုံးထားပြီး အနှောင်အဖွဲ့တွေကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်ကြရင်း ရယူပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။

MONEY CAN BUY HOUSE, BUT NOT HOME.

နေစရာနေရာကို သင် ၀ယ်ယူလို့ ရနိုင်တယ်။ အိမ်ဆိုတာကိုတော့ ၀ယ်ယူလို့ မရနိုင်ဘူး။

ဒီစာကြောင်းလေးကို ဒီလို ဘာသာပြန်လိုက်ရတာ စိတ်ထဲမှာ နည်းနည်းတော့ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အင်္ဂလိပ်စကားလုံး နှစ်လုံးဖြစ်တဲ့ House နဲ့ Home ရဲ့ ကွဲပြားမှုကို လူတိုင်း ခံစားသိနိုင်ပေမယ့် အဲဒါကို ထိထိရောက်ရောက် ပြန်ဖို့ကြတော့ မလွယ်တော့ပါဘူး။ တကယ်တမ်းကျတော့ House ဆိုတာ အိမ်ပါပဲ။ ဒါပေမယ့် အဲဒါကို ကျွန်တော်က နေစရာနေရာလို့ ဘာသာပြန်လိုက်ပါတယ်။ ဒီလိုပြန်ရတာကလည်း နောက်က Home ဆိုတဲ့ စကားလုံးကို ကျွန်တော်က `အိမ်´လို့ အနက်ဖွင့်ချင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေတော့ ဘယ်လိုခံစားရမယ် မသိပါဘူး။ ကျွန်တော်ကတော့ အိမ်လို့ ပြောလိုက်တာနဲ့ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမတွေနဲ့ အတူတူ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ အဖေတို့ အမေတို့ရဲ့ အိမ်ကလေးကိုပဲ သွားသွား မြင်ယောင်မိတတ်လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ `အိမ်´ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နေစရာနေရာ တစ်ခုလို့ပဲ အဓိပ္ပါယ် မဖွင့်ဆိုချင်ပါဘူး။ အဲဒီစကားလုံးလေးရဲ့ နောက်ကွယ်မှာ မိသားစုတစ်စု၊ မပျောက်မပျက် မလျော့ပါးသွားနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ နောက်ပြီး မမြင်နိုင်ပေမယ့် အခိုင်မာဆုံး ချည်နှောင်ထားကြတဲ့ အဖြူထည် သံယောဇဉ်ကြိုးတွေ စတဲ့ , စတဲ့ အဓိပ္ပါယ်တွေ များစွာ ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ နေစရာ နေရာတစ်ခုအဖြစ် တိုက်ခန်းအကောင်းစားကြီးတွေ၊ ခြံကြီးဝင်းကြီးတွေကို ငွေရှိရင် ၀ယ်လို့ရနိုင်ပေမယ့် အဲဒီနေစရာ နေရာတစ်ခုကို `အိမ်´လို့ အမည်တပ်နိုင်ဖို့အတွက် အထက်မှာ ကျွန်တော် ဖော်ပြတဲ့ စိတ်အခြေအနေတွေနဲ့ ခံစားမှုတွေကို ဘယ်လို တန်ဖိုးဖြတ်ပြီး ဘယ်နေရာမှာ သွားဝယ်ကြမလဲ။ ကျွန်တော်ကတော့ လူသားတွေအားလုံး ကိုယ့်ရဲ့ စိတ်အာရုံနဲ့ နှလုံးသားတစ်ခုလုံးကို စိတ်ကျေနပ်မှုတွေ ပေးနိုင်ပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့ နေရာလေးအဖြစ် မှတ်ယူနိုင်တဲ့ `အိမ်´လို့ အမည်တပ်နိုင်တဲ့ နေရာတွေမှာပဲ နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတယ်။

MONEY CAN BUY FINERY BUT NOT BEAUTY.

လက်ဝတ်တန်ဆာတွေကို ၀ယ်ယူလို့ ရချင်ရမယ်။ အလှတရားကိုတော့ ၀ယ်လို့မရနိုင်ဘူး။

လူတိုင်းလူတိုင်းဟာ မတည်မြဲတဲ့ ရုပ်ခန္ဓာကြီးကိုပဲ သူတစ်ပါးရဲ့ အမြင်မှာ လှနေစေဖို့၊ ကြည့်ကောင်းနေစေဖို့ နည်းမျိုးစုံသုံး၊ လက်ဝတ်တန်ဆာ မျိုးစုံသုံးပြီး ပြင်ဆင်ခြယ်သကြလေ့ ရှိပါတယ်။ ဒါကလည်း လူ့ယဉ်ကျေးမှုတစ်ခုလို့ ဆိုနိုင်တာကြောင့် အပြစ်ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် အဲဒီ အပေါ်ယံ အပြင်ပန်း၊ ဖီးလိမ်းခြယ်သ ပြင်ဆင်ထားမှုတွေဟာ လူတစ်ယောက်ရဲ့ တကယ့်အလှတရား မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းကို သိထားဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ တကယ့်အလှတရားဟာ သူဝတ်ဆင်ထားတဲ့ အ၀တ်အစား၊ လက်ဝတ်တန်ဆာတွေရဲ့ တန်ဖိုးပေါ်မှာ မတည်ပါဘူး။ သူ့စိတ်ရဲ့ ဖြူစင်မှု၊ ကြည်လင်မှု၊ ငြိမ်းအေးမှုတွေမှာ တည်ပါတယ်။ လူတစ်ယောက်မှာ အလှတရား တကယ်ရှိ,မရှိ ဆိုတာကိုလည်း အဲဒီလူကို မြင်လိုက်ရတဲ့သူရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားလိုက်ရတယ် ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ဥပမာအနေနဲ့ အဖိုးတန် အ၀တ်အစားတွေကို ခေတ်ဆန်ဆန် ၀တ်ဆင်ထားပြီး ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ကနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဘာတန်ဖိုးကြီး လက်ဝတ်လက်စားမှ မပါဘဲ ရိုးရိုးယဉ်ယဉ်လေး ၀တ်ဆင်ပြီး သနပ်ခါးပါးကွက်ကြားလေးနဲ့ ဘုရားကို အာရုံပြုနေတဲ့ မိန်းကလေးတစ်ယောက် ဘယ်သူ့မှာ အလှတရား ပိုရှိတယ်လို့ ကျွန်တော်တို့ သတ်မှတ်ကြမလဲ။ ဘယ်မိန်းကလေးကို မြင်ရတဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ ကြည်နူးမှုတစ်ခုနဲ့ ငါ့သမီးလေးသာ ဖြစ်လိုက်ပါတော့၊ ငါ့နှမလေးသာ ဖြစ်လိုက်ပါတော့ ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်လာမလဲ။ ရှင်းပါတယ်။ ဒီနေရာမှာ ရိုးရှင်းလုံခြုံတဲ့ ၀တ်စားဆင်ယင်မှုနဲ့ စိတ်နေစိတ်ထား ကြည်လင်သန့်စင်မှုတွေကိုသာ ကျွန်တော် ပြောချင်တာပါ။ ဘာမှမသိ နားမလည်ဘဲ တုံးတုံးအအကြီး နေရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော့်ရင်ထဲမှာ ရှိတာက ခေတ်ရဲ့ ပြောင်းလဲမှု ရေစီးထဲမှာ ကိုယ်ကျင့်တရားနဲ့ ယဉ်ကျေးမှုတွေ ရောပါမသွားစေချင်တဲ့ စေတနာပါ။ နောက်ပြီး လူတစ်ယောက် ဘယ်လောက် ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ထားပြီး ဘယ်လောက်ပဲ ဖီးလိမ်းခြယ်သထားပါစေ။ သူ့ရဲ့စိတ်ကို လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးလွှမ်းနေမယ်ဆိုရင် သူ့မျက်နှာနဲ့ ရုပ်သွင်ဟာ မြင်ရသူရဲ့ စိတ်ထဲမှာ ဘယ်လိုမှ လှတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ငွေကြေးနဲ့ ချိန်စက်ဝယ်ယူလို့ မရနိုင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ အလှတရားတွေ လူတိုင်းမှာ ရှိစေချင်တာပါပဲ။

MONEY CAN BUY BOOKS BUT NOT BRAIN.

စာအုပ်တွေကိုတော့ ၀ယ်ယူလို့ရမယ်။ ဦးနှောက်ကိုတော့ မရဘူး။

ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆေးရည်စိမ်ထားတဲ့ ဦးနှောက်တွေကို အလှကြည့်ဖို့ အဆမတန် ဈေးပေးပြီး ၀ယ်ယူချင်တယ် ဆိုရင်တော့ ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီဦးနှောက်တွေ လုပ်ဆောင်ခဲ့တဲ့ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ သုံးသပ်ဝေဖန်မှုတွေကို အဲဒီ ဦးနှောက်ကြီးတွေကို ၀ယ်လိုက်ရုံနဲ့ ကျွန်တော်တို့ ရနိုင်မလား၊ မရနိုင်ပါဘူး။ နောက်ပြီး အသိပညာ၊ အတတ်ပညာများစွာဟာ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ အဖြစ်နဲ့ ထွက်ပေါ်လာကြတဲ့အခါ အဲဒီစာအုပ်တွေကို ကျွန်တော်တို့ ၀ယ်ယူလို့ရပေမယ့် အဲဒီစာအုပ်တွေထဲက အချက်အလက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကို ဆင်ခြင်ပိုင်းခြားမယ့် ဦးနှောက်တစ်စုံကိုတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး။ စာအုပ်တစ်အုပ်ရဲ့ ငွေကြေးတန်ဖိုးဟာ အကန့်အသတ် ရှိနိုင်ပေမယ့် အဲဒီစာအုပ်ကို ဖတ်ပြီး ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစား သုံးသပ်ဝေဖန်မှုတွေရဲ့ နောက်မှာရလိုက်တဲ့ အသိ၊ အတတ်ပညာတွေရဲ့ တန်ဖိုးကတော့ အကန့်အသတ်မဲ့ပါတယ်။ ဒါတင်မကဘဲ စာအုပ်တစ်အုပ်က ပေးနိုင်တဲ့ ကြည်နူးမှု၊ ၀မ်းသာမှု၊ ငြိမ်းချမ်းအေးမြမှု၊ နှစ်သက်ကျေနပ်မှု စတဲ့ ခံစားမှုတွေရဲ့ အဖိုးအခကလည်း တိုင်းဆလို့ မရနိုင်ပါဘူး။ လောဘ၊ ဒေါသ၊ မာန်မာန စတဲ့ မလိုလားအပ်တဲ့ စိတ်အခြေအနေတွေကို ဖြစ်စေတဲ့ စာအုပ်မျိုးတွေ ဆိုရင်တော့ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ စာဖတ်တဲ့သူတစ်ယောက်ကို အကြမ်းဖျဉ်း လေ့လာကြည့်မယ်ဆိုရင် လူတစ်ယောက်ဟာ စာအုပ်တစ်အုပ် ဖတ်မယ်၊ အဲဒီမှာ ခံစားမှုတွေ ဖြစ်လာမယ်၊ ဒါမှမဟုတ် အသိတစ်ခုခု၊ အတတ်တစ်ခုခုကို စာတွေ့အနေနဲ့ ရလိုက်နိုင်တယ်။ အဲဒီလိုဖြစ်လာတဲ့ ခံစားမှု၊ ရလိုက်တဲ့အသိ ( သို့မဟုတ် ) အတတ်တစ်ခုခုကို သူက လုပ်ရပ်တွေအဖြစ် ပြောင်းလဲပစ်တော့မယ်။ ဒီနေရာမှာ ဦးနှောက်ရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါလာပါတယ်။ ကိုယ် ဒီစာအုပ်ကြောင့် ခံစားလိုက်ရတဲ့ ခံစားမှုဟာ ဖြစ်သင့် မဖြစ်သင့်၊ ဒီစာအုပ်ကပေးတဲ့ အသိဟာ မှန်၏ မမှန်၏ စတာတွေကို သူ့ဦးနှောက်နဲ့သူ စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အားလုံး ပိုက်ဆံနဲ့ ၀ယ်လို့ရတဲ့ စာအုပ်တွေကို ဖတ်ကြပြီး ၀ယ်ယူလို့ မရနိုင်တဲ့ ဦးနှောက်နဲ့ အကောင်းဆုံး ဆင်ခြင်သုံးသပ်နိုင်ကြဖို့ မျှော်လင့်မိပါတယ်။

MONEY CAN BUY AMUSEMENT BUT NOT HAPPINESS.

ဖျော်ဖြေမှုတွေကို ၀ယ်ယူလို့ ရနိုင်မယ်။ ပျော်ရွှင်မှုကိုတော့ မရနိုင်ပါဘူး။

အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ခေတ်ရဲ့ရေစီးကြောင်းထဲမှာ ဖျော်ဖြေမှု ပေးနိုင်မယ့် ကိရိယာ တန်ဆာပလာနဲ့ အသုံးအဆောင် ဇိမ်ခံပစ္စည်းများစွာ ပေါ်လာပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက တကယ့်ပျော်ရွှင်မှု အစစ်အမှန်တွေကို ပေးနိုင်ပါရဲ့လား။ မသေချာပါဘူး။ အရှင်းဆုံးပြောရရင် စိတ်တည်ငြိမ် အေးချမ်းမှု မရှိဘဲ ပျော်ရွှင်မှု အစစ်အမှန်ကို ဘယ်တော့မှ မရနိုင်ပါဘူး။ အခုခေတ် လူတော်တော်များများကို ကြည့်ရင် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို သုံးပြီး ပျော်ရွှင်မှုတွေကို ခဏတာ ငှားယူနေကြတာကို တွေ့နိုင်ပါတယ်။ တကယ်တမ်းကျတော့ ဖျော်ဖြေမှုတွေ အားလုံးဟာ အမှန်တကယ် စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပေးတာ မဟုတ်ဘဲ အားလုံးကို ခဏမေ့ပစ်ထားနိုင်ဖို့ အာရုံအသစ်တွေကို ခဏတာ ဖန်တီးပေးရုံမျှသာ ဖြစ်ပါတယ်။ အချို့ဆိုရင် အဲဒီ ခဏတာ ပျော်ရွှင်မှုလေးကိုတောင် မခံစားနိုင်လောက်တဲ့အထိ စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ ပိနေကြတဲ့သူတွေ ရှိပါတယ်။ တကယ့်ကို သနားစရာ ကောင်းပါတယ်။ တကယ်တမ်း ဖျော်ဖြေမှုတွေက ပေးတဲ့ ခဏတာ ပျော်ရွှင်မှုတွေကို အပြည့်အ၀ ရရှိခံစားနိုင်ဖို့ ဆိုတာကလည်း ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ရှင်းထုတ်ပြီး အရာရာကို ခဏမေ့ထားနိုင်ဖို့ လိုပါတယ်။ အဲဒါကလည်း တကယ်တမ်းကျတော့ မလွယ်လှပါဘူး။ ဖျော်ဖြေမှု ဆိုတာတွေဟာ ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေထဲမှာ တစ်ခုအပါအ၀င်ပါ။ ကြည့်ရှုသူတွေကို စိတ်တစ်ခုလုံး နစ်မြောပြီး အရာအားလုံးကို ခဏမေ့သွားစေတဲ့ ဖျော်ဖြေမှုတွေဟာ အောင်မြင်တာပါပဲ။ လူတိုင်းလူတိုင်း ပိုက်ဆံနဲ့ ၀ယ်ယူထားတဲ့ ဖျော်ဖြေမှုတွေက ပေးတဲ့ ခဏတာ ပျော်ရွှင်မှုတွေကို အပြည့်အ၀ ခံစားနိုင်ကြပြီး ဘာဖျော်ဖြေမှုမှ မလိုဘဲ ပိုင်ဆိုင်နိုင်တဲ့ ပျော်ရွှင်မှုတွေကိုလည်း စိတ်ကို အဖြူစင်ဆုံး၊ အငြိမ်းချမ်းဆုံး၊ အအေးမြဆုံး၊ အရှင်းသန့်ဆုံးထားပြီး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

MONEY CAN BUY A PASSPORT TO EVERYWHERE BUT NOT HEAVEN.

နေရာတကာကို သွားဖို့အတွက် နိုင်ငံကူး လက်မှတ်ကို ၀ယ်ယူလို့ ရချင်ရမယ်။ နိဗÁÁာန်ကိုတော့ သွားလို့မရနိုင်ဘူး။

မူလစာရေးသူကတော့ ကောင်းကင်ဘုံ ( Heaven ) လို့ ရေးထားပါတယ်။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗÁÁာန်ကိုပဲ ယူပြီး ပြောပါ့မယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲ သွားချင်သွားချင် ငွေကြေး လုံလုံလောက်လောက်နဲ့ နိုင်ငံကူးလက်မှတ် ( passport ) သာ ရှိရင် ကျွန်တော်တို့ သွားလို့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်ခုမှာသာ မီလျံနာ သူဌေးကြီးတစ်ယောက်လောက် ဖြစ်နေပြီဆိုရင် ကမ္ဘာပေါ်သာ မကပါဘူး အာကာသထဲကိုတောင် ခြေဆန့်လို့ ရပါသေးတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံကူးလက်မှတ် ရှိနေရုံနဲ့ ပိုက်ဆံတွေ ထားမကုန်အောင် ရှိနေရုံနဲ့ မျက်မှောက်ပြုနိုင်ဖို့ရာ မဖြစ်နိုင်တာကတော့ နိဗÁÁာန်ပါ။ ရှိတဲ့ငွေအားလုံးကို ကုသိုလ်ရေးအတွက် လှူလိုက်ရင်ရောကွာလို့ မေးစရာ ရှိပါတယ်။ အဲဒါဆိုရင်လည်း ကျွန်တော်က ဒါနတစ်ခုတည်းနဲ့ နိဗÁÁာန်ကို မျက်မှောက်မပြုနိုင်ပါဘူး လို့ပဲ ဖြေရမှာပါ။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို တည်ဆောက်ပြီး မဂ္ဂင်ရှစ်ပါးလမ်းကို လျှောက်နိုင်မှသာ ရုပ်တရား၊ နာမ်တရားတွေ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗÁÁာန်ကို မျက်မှောက်ပြုနိုင်မှာပါ။

MONEY CAN BUY RELIGION BUT NOT SALVATION.

ယုံကြည်ကိုးကွယ်မှုတစ်ခုကို ပိုက်ဆံပေးပြီး ရယူနိုင်ပါတယ်။ ကယ်တင်မှုတွေကိုတော့ မရနိုင်ပါဘူး။

ဒီအကြောင်းလေးကိုလည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ပဲ ကျွန်တော် ပြောပါ့မယ်။ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ တရားတော်တစ်ခု ရှိပါတယ်။ `အတ္တာဟိ အတ္တနော နာထော´ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ မရှောင်လွှဲနိုင်တဲ့ ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့ဆိုတာ မိမိကိုယ်ကို မိမိ ကယ်တင်ရမှာပါ။ ဗုဒ္ဓမြတ်စွာဘုရားက ဒုက္ခအလုံးစုံတို့ရဲ့ ချုပ်ငြိမ်းရာဟာ နိဗÁÁာန်ဖြစ်တယ်။ အဲဒီ နိဗÁÁာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုကျင့်ကြံပြီး ဒီလမ်းကြောင်းကို လျှောက်ရမယ်ဆိုတာကို လက်တွေ့ပြသွားတဲ့ အနှိုင်းမဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို ငွေတွေ ပုံပေး၊ စည်းစိမ်ဥစ္စာတွေ ပုံပေးပြီး တပည့်တော်ကို ကယ်တင်ပါလို့ တောင်းဆိုလို့ မရပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ပါတယ်လို့ ပြောရုံနဲ့လည်း အဲဒီဒုက္ခတွေကနေ လွတ်မြောက်ဖို့ ဗုဒ္ဓမြတ်စွာဘုရားက လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ မိမိကိုယ်ကို မိမိကသာ ကယ်တင်နိုင်မှာပါ။ အခုလက်ရှိ ချမ်းသာလှပါတယ်၊ ကြွယ်ဝလှပါတယ် ဆိုတဲ့သူတွေ အနေနဲ့လည်း အခုလက်ရှိ ဘယ်လိုတန်ခိုးရှင်မျိုးကိုမှ ပိုက်ဆံတွေ ပုံပေး၊ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ပြီး ဒီဒုက္ခတွေက လွတ်မြောက်အောင် ကျွန်တော့်ကို ကယ်တင်ပေးပါလို့ တောင်းဆိုလို့ မရနိုင်ပါဘူး။ လူသားအားလုံး မိမိကိုယ်ကို ကယ်တင်နိုင်ကြပါစေ။

နေဘုန်းလတ်

2 comments:

Winkabar said...

အရမ်းကောင်းတယ်အစ်ကိုရယ်ရှင်းပြထားတာ။
ပစ္စည်းတစ်ခုက သုံးတတ်တဲ့လူလက်ထဲရောက်ရင်
ပိုတန်ဖိုးရှိတယ်ဆိုတာကိုမျက်
ဝါးထင်ထင်တွေ့လိုက်ရပြီ။ ဒီစကားလေးတွေကသာမန်လူဆိုရင်ဒီလောက်အဓိပ္ပာယ်ပေါက်အောင်ရေးနိုင်မှာမဟုတ်ဘူး။ အခုတော့အစ်ကိုရေးလိုက်တာ အရမ်းကိုရှင်းရှင်းလင်းလင်းဖြစ်နေတာပဲ။ အထူးသဖြင့် ကပ်သီးကပ်သတ်အကြောင်းတွေကိုရေးထားတာအရမ်းကောင်းတာပဲ။ နောက်ထပ်လည်း စာတွေဒီထက်ပိုရေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်
နော်။

Khunmyahlaing said...

အဟောဝတ .. အဟောဝတ.. အဟောဝတ
သာဓု… သာဓု… သာဓု
စာရေးသူကိုရော စာရိုက်သူကိုပါ ကျေးဇူး အထူးပါ