Pages

Sunday, November 11, 2007

ကျွန်တော် နှင့် ပင်ဂွင်းငှက်များ

ကျွန်တော်ရေးခဲ့ဖူးခဲ့တဲ့ ၀တ္ထုတိုလေးတွေထဲက အကြိုက်တွေ့မိတဲ့တစ်ပုဒ်ပါ ...။
သူငယ်ချင်းခွန်မြလှိုင်... က ကျောင်းကင်တင်းမှာထိုင်နေတုန်း Discovery Channel မှာ သူကြည့်ခဲ့ရတဲ့ ပင်ဂွင်းငှက်တွေအကြောင်းကို ပြောပြတာနဲ့ ကျွန်တော်လဲ သူပြောတာလေးတွေကို အခြေခံပြီး အတွေးနယ်ချဲ့ခဲ့ရာကနေ ဒီဝတ္ထုတိုလေးဖြစ်လာခဲ့တာပါ ...။ သူငယ်ချင်းခွန်မြလှိုင်ကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အရင်တုန်းကရေးခဲ့ဖူးတဲ့ စာတွေကိုပြန်ဖတ်ရတိုင်း ... အခု အဲဒီ့လိုမရေးနိုင်တော့တဲ့ ကို့ကိုယ်ကို အာ:မလို အားမရဖြစ်တဲ့ခံစားချက်တွေကို ကျွန်တော်ခံစားရပါတယ် ...။ အရင်အချိန်တုန်းက နေဘုန်းလတ်ကို အခု နေဘုန်းလတ်က ပြန်လွမ်းနေရတဲ့ ခံစားမှုမျိုးပေါ့ဗျာ ...။


ကျွန်တော် နှင့် ပင်ဂွင်းငှက်များ


ကျွန်တော့်မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ကျွန်တော့် အနားမှာ ပင်ဂွင်းငှက်တွေ...။ ဘေးပတ်ပတ်လည်မှာလည်းရေခဲတုံး တွေ ပေါလော မျောနေတဲ့ သမုဒ္ဒရာကြီး...။ ကျွန်တော်ရှိနေတာက အတော်အသင့်ကြီးတဲ့ ရေခဲလွှာကြီး တစ်ခုအပေါ်မှာ...။ ဘာတွေ ဖြစ်ခဲ့သလဲ...။ ဘယ်လိုလုပ်ပြီး ကျွန်တော် ဒီနေရာကို ရောက်နေ ရတာလဲ...။စဉ်းစားကြည့်ပေမယ့်... ခေါင်းထဲမှာ ရှုပ်ထွေး နောက်ကျိ လာတာကလွဲလို့ ဘာမှအစဖော်လို့ မရတော့ဘူး။

ကျွန်တော်မတ်တပ်ထရပ်လိုက်တယ်...။ အနားမှာဝိုင်းအုံ နေတဲ့ ပင်ဂွင်းငှက်တွေ အဝေးကိုနဲနဲရှဲ သွားကြတယ်။ထူးတော့ထူး ဆန်းတယ်...။ ရေခဲပြင်ပေါ်ရပ်နေပေမယ့် ကျွန်တော့်ရဲ့ခြေဖ၀ါးက ဘယ်လို အေးမြမှု ကိုမှမခံစားရဘူး။ဘာတွေဖြစ်ကုန်ပြီလဲလို့ ကျွန်တော် စဉ်းစားနေတုန်းမှာ...။

`မင်းသတိရလာပြီလား...ဘယ်လိုနေသေးလဲ´

ပင်ဂွင်းငှက်တစ်ကောင်ကပြောတဲ့စကားကို ပထမဦးဆုံးကြားဖူးတဲ့လူသားဟာကျွန်တော်ပဲဖြစ်လိမ့် မယ်ထင်တယ်။ ကျွန်တော်အံ့သြသွားသင့်ပေမယ့် ဘယ်လိုမှမခံစားလိုက်ရဘူး။ ကျွန်တော် သူတို့အားလုံးကို ခေါင်းညိတ် ပြလိုက်တယ်။ ကျွန်တော့်ဆီက တုံ့ပြန်မှုတစ်ခုရပြီးတာနဲ့ သူတို့က ကျွန်တော့်ကို ဂရုမစိုက် တော့ပဲ တဘက်ကို လှည့်သွားကြတယ်။ သူတို့ရဲ့ အတောင်ပံ တိုနံ့နံ့လေးတွေကို နောက်ကနေကြည့်ရင်း သူတို့ကို ကျွန်တော် အရမ်းစိတ်ဝင်စားသွားတာနဲ့ သူတို့အားလုံးကြားရအောင် ကျွန်တော် လှမ်းပြော လိုက် မိတယ်။

`ခင်ဗျားတို့လည်း အတောင်ပံရှိရက်သားနဲ့ မပျံနိုင်တဲ့ ငှက်တစ်မျိုးပဲနော်...´

ကျွန်တော့်ရဲ့ စကားကိုကြားတော့ သူတို့တွေ ကျွန်တော့် ဘက် ကို ပြန်လှည့်လာကြတယ်။ပြီးတော့ သူတို့ထဲက အသက်အကြီးဆုံး လို့ ထင်ရတဲ့ ပင်ဂွင်းကြီးကပြောတယ်။

`ငါတို့က သဘာဝအလျှောက် မပျံနိုင်ကြတာပဲကွာ ၀မ်းနည်း စရာ မရှိပါဘူး။´

သူက စကားကိုမဆက်သေးပဲ ကျွန်တော့်မျက်လုံးတွေထဲကို စိုက်ကြည့်နေတယ်။ ကျွန်တော့် မျက်လုံး တွေထဲမှာ ဘယ်လိုအရိပ်အရောင်တွေ သူတွေ့သွားတယ် မသိပါဘူး။

`သဘာဝအလျှောက် မဟုတ်ပဲ ကောင်းကင်ကိုဆွဲပိတ်ခံထားရလို့ ဒါမှမဟုတ် အတောင်ပံတွေ မသန် စွမ်းလို့ မပျံသန်းနိုင်ကြတာဆိုရင်တော့ သိပ်ကိုဝမ်းနည်းစရာကောင်းတာပေါ့ကွာ။´

သူ့ရဲ့စကားကြောင့် ကျွန်တော်ပြုံးမိတယ်။ မချိပြုံးလို့ အမည်တပ်မယ်ဆိုရင် တပ်လို့ရတဲ့ အပြုံးမျိုး ပေါ့။ အဲဒီနောက် သူတို့ဟာ ကျွန်တော်ရှိနေတာကို ဂရုမစိုက်ကြတော့ပဲ ရေခဲပြင်ရဲ့ အလယ်တည့်တည့်မှာ စက်ဝိုင်းပုံစံ စုပြုံလိုက်ကြတယ်။

ကျွန်တော်လည်း တစ်ခါမှမရောက်ဖူးတဲ့ နေရာဒေ သတစ်ခုက တစ်ခါမှမဆုံဖူးတဲ့ သူတို့ကို စိတ်ဝင် တစား ငေးကြည့်နေမိတယ်။ နည်းနည်းတော့ ထူးဆန်းတယ်။ သူတို့က အားလုံးငြိမ်ပြီး စုပြုံနေကြတာမျိုး မဟုတ်ဘူး။ ခဏခဏတိုင်းမှာ အပြင်ဘက်ဆုံးကကောင်တွေက ဟိုးအတွင်းဘက်ဆုံးကိုဝင်သွားလိုက် အတွင်း ဘက်ဆုံးက ကောင်တွေက နောက်ကို တစ်တန်းချင်း ဆုတ်လာလိုက်နဲ့ နေရာချင်း အလဲအလှယ် လုပ်နေ ကြတယ်...။

ကျွန်တော့်ရဲ့သိချင်စိတ်က ဘယ်လိုမှ ထိမ်းလို့မရတော့ဘူး...။အဲဒါနဲ့ အပြင်ဘက်ဆုံးက အကောင် တစ်ကောင်ကို ကျွန်တော်လှမ်းမေးလိုက်တယ်။

`ခင်ဗျားတို့... အဲဒါ ဘာလုပ်နေကြတာလဲ။´

`ချမ်းလို့ကွ...´

သူကစိတ်မရှည်တဲ့လေသံနဲ့ ကျွန်တော့်ကို အဖြေပေးတယ်။

`ချမ်းတာနဲ့ ခင်ဗျားတို့အထဲကကောင်က အပြင်ထွက်လိုက် အပြင်ကကောင်က အထဲဝင်လိုက်လုပ်နေ တာနဲ့ဘာဆိုင်လို့လဲ...´

`မင်းက တော်တော် ဒုံးဝေးတာပဲ...။အတွင်းဆုံးကကောင်က အဒီဲမှာအမြဲနေရင် သူတစ်ယောက်ထဲ အနွေးထွေးဆုံး ဖြစ်နေမှာပေါ့ကွ အဲဒီတော့ တရားမျှတမှုရှိအောင် အလှည့်ကျ နေရာပြောင်းနေကြတာပေါ့... ဒါတောင် နားမလည်ဘူးလား...။´

သူပြောလည်းပြောစရာပါပဲ...။ဒီလောက်ရိုးရှင်းတဲ့ သဘောတရားလေးတစ်ခုကိုတောင် ကျွန်တော် ဘာဖြစ်လို့ မစဉ်းစားမိခဲ့ရတာလဲ...။ တကယ်တမ်းဆို ကျွန်တော်က လူလေ...။ ကမ္ဘာပေါ်မှာ အသိဥာဏ်အမြင့်မားဆုံး သတ္တ၀ါလေ...။ကျွန်တော်ကသူတို့ထက်ပိုပြီး ဒါတွေကိုနားလည်သင့်တာပေါ့ ...နားလည်ရမှာပေါ့။ ဘယ်လိုဖြစ်လို့လဲ...။ ကျွန်တော့်အတွေးတွေ ယောက်ယက်ခတ်နေတုန်း ကျွန်တော့်ရဲ့စိတ်ဟာ တခါက ကျင်လည်ခဲ့ဖူးတဲ့ လူ့လောကထဲကို ပြန်ရောက်သွားတယ်...။

ကျွန်တော်တို့တွေကသာအနွေးထွေးဆုံး အကောင်းဆုံးဆိုတဲ့ အခြေအနေတွေကို တွေ့ကြုံခံစားနေရပြီ ဆိုရင် ဟိုးအတွင်းဆုံးက ပင်ဂွင်းငှက်တွေလို နောက်ကို တစ်လှမ်းဆုတ်ပေးပြီး သူတပါးကိုဝင်ရောက်ခံစားခွင့်ပေးဖို့ စိတ်ကူးရှိပါ့မလား...။မသေချာဘူး...။ အကယ်၍ စိတ်ကူးရှိခဲ့တယ်ဆိုရင်တောင် သူတပါးကို ခဏနေရာဖယ်ပေးလိုက်ဖို့အထိကျွန်တော်တို့ သတ္တိရှိပါ့မလား။ ကိုကိုယ်တိုင်က နေရာဖယ်ပေးဖို့နေနေသာသာ ကံကြမ္မာအရ အလိုအလျောက် နေရာအပြောင်းအလဲ ဖြစ်ခဲ့ကြရင်တောင် အဲ အခြေအနေကို ဘယ်သူတွေက တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ကြလို့လဲ...။ကျွန်တော်တို့လူသားတွေစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပင်ဂွင်းငှက်တွေ လောက်တောင် ဖွံ့ဖြိုးမှု မရှိသေးပါလား။ မျိုးနွယ်တူအချင်းချင်း ရိုင်းပင်းကူညီရင်းက ဒုက္ခနဲ့ သုခကို အညီအမျှ မျှဝေခံစားကြမယ်လို့ ပင်ဂွင်းငှက်တွေရဲ့ စိတ်ထဲမှာ ထားနိုင်ကြပေမယ့် ကျွန်တော်တို့ လူသားတွေကရော အဲဒီ့လိုစိတ်မျိုး ထားနိုင်ကြပါ့မလား။ ထားဖို့ရော စိတ်ကူးရှိပါ့မလား...။ ထားသင့်တယ်ဆိုတာကိုရော နားလည်ကြရဲ့လား...။ ကျွန်တော်တို့ရဲ့စိတ်တွေပင်ဂွင်းငှက်တွေ လောက်တောင် မမြင့်မြတ်ကြတော့ပါလား...။

အဲဒီလိုစဉ်းစားမိတော့ ... ပထမဆုံးအကြိမ် ကျွန်တော် ရှက်သွားမိတယ်။ ဒါပေမယ့် သူတို့တွေ ဒီကိစ္စကိုမလုပ်ချင်ပဲနဲ့များ မကျေမနပ်နဲ့ လုပ်နေကြတာလားလို့ကျွန်တော် သံသယ ၀င်မိတယ်။ အဲဒါကြောင့်... ကျွန်တော်နောက်တစ်ခွန်းထပ်မေးမယ်အလုပ်မှာခုဏကအပြင်ဘက်ဆုံးမှာ အအေးဒါဏ်ကို အများဆုံး ခံစားနေရတဲ့ တစ်ကောင်ဟာ အတွင်းဘက်ဆုံးကို ၀င်သွားပါပြီ။ အဲဒါနဲ့ ကျွန်တော်လည်း နောက်တစ်ကောင်ကိုပဲ ထပ်မေးလိုက်တယ်။

`ခင်ဗျားတို့ အဲဒီလိုလုပ်နေတော့ ... အထဲကနေပြီး အပြင်ကိုပြန်ပြန်ထွက်လာရတဲ့ သူတွေက မကျေမနပ်မဖြစ်ကြဘူးလား...´

ကျွန်တော်ရဲ့မေးခွန်းကို သူက အံ့သြဟန်ပြပြီးပြန်ဖြေတယ်။

`ဘာမှမကျေမနပ်ဖြစ်စရာ မရှိပါဘူး။ အချင်းချင်းကိုယ်ချင်းစာစိတ်ထားနိုင်ရင် အားလုံးပြီးပါတယ်။ နောက်ပြီး...ဒီအနေအထားကတကယ့်ကိုစနစ်ကျတဲ့လည်ပတ်မှုတစ်ခုပဲလေ...။အားလုံးညီတူညီမျှပဲ...။ဘယ်သူမှပိုပြီးခံစားခွင့်မရှိသလို...ဘယ်သူမှလည်းလျှော့ပြီးခံစားစရာမလိုဘူး။စေတနာအရ အသက်အရွယ် ကြီးသူတွေနဲ့ ကလေးငယ်တွေကို အတွင်းမှာ အချိန် နည်းနည်းကြာကြာနေခွင့် ပေးကြတာကလွဲလို့ပေါ့...။´

တိရစ္ဆာန်တွေ ဖြစ်ပေမယ့်သိတတ်လိုက်တာဆိုတဲ့ အတွေးနဲ့ ကျွန်တော်ကြည်နူးသွားမိတယ်။ တဆက်တည်းမှာပဲ လူသားတစ်ယောက်အနေနဲ့ ရှက်စိတ်တွေဝင်လာပြီး ကျွန်တော် မလုံမလဲတွေဖြစ်လာတယ်။ ပါးစပ်အဟောင်းသားနဲ့ အံ့သြငေးမောနေမိတဲ့ ကျွန်တော်ကိုသူကအထူးအဆန်း သတ္တ၀ါတစ်ကောင်လို ကြည့်ရင်းပြောတယ်။

`မင်းအတွက် ဘာဖြစ်လို့အဲဒီ့လောက် ဆန်းပြားနေရတာလဲ...။ ဒါဟာ... သဘာဝတရားပဲလေ ဖြူစင်တဲ့စိတ်တစ်ခုနဲ့အစစအရာရာကိုရိုးရိုးလေးစဉ်းစားပြီးသဘာဝအတိုင်းလိုက်လျောညီထွေ ဖြစ်အောင် နေလိုက်တာပဲလေ ။ ထူးလည်း မထူးသလို... ဆန်းလည်း မဆန်းပါဘူး ...။´

သူကကျွန်တော် ကိုသေသေချာချာရှင်းပြ နေပေမယ့် ကျွန်တော်ကတော့ ရှက်စိတ်နဲ့ ခေါင်းကိုငုံ့ထားမိတယ် ။ကျွန်တော်ရဲ့နားထဲမှာလည်း ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု၊ စေတနာ၊ သဘာဝတရား ...ဆိုတဲ့အသံတွေ ကျယ်လောင်စွာမြည်ဟည်းနေကြတယ်။

ဟုတ်တယ်...သူပြောတာဟုတ်တယ်။ ဖြူစင်တဲ့ စိတ်တစ်ခုရှိရမယ်။ အားလုံးကို ရိုးရိုးလေး စဉ်းစားရမယ်။ နောက်ပြီး... သဘာဝနဲ့လိုက်လျောညီထွေဖြစ်အောင်နေရမယ်။လွယ်လွယ်လေးပါ...။ ဒါပေမယ့် ဒီကိစ္စတွေက လူတွေအတွက်ဘာကြောင့်များ အရမ်းခက်နေရတာလဲ...။ ကျွန်တော် ကိုယ်တိုင်ကရော ဘာဖြစ်လို့အပြည့်အ၀ မကျင့်သုံးနိုင်ရတာလဲ..။ဘာပဲဖြစ်ဖြစ် ...ကြိုးစားကြည့်ရမှာပေါ့...။ ကျွန်တော်ရဲ့စိတ်တွေ အနည်းငယ် ကြည်လင်စပြုလာတယ်။ အဲဒီအချိန်မှာ ပင်ဂွင်းငှက် တွေဟာ အအေးဓာတ်လျော့ကျသွားလို့ထင်ရဲ့ ရေကူးသူကူး၊ ငါးဖမ်းသူဖမ်းနဲ့ ရေခဲပြင်တစ်ခုလုံး လှုပ်ရှားစည်ကားသွားတယ်။ တချို့တွေက ရေထဲမဆင်းကြဘူး ဘယ်ကိုမှလည်း မရွေ့လျားကြဘဲ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးရပ်နေကြတယ်။

`ခင်ဗျားတို့က ရေထဲမဆင်းပဲ ဒီအနားမှာ ဘာရပ်လုပ်နေကြတာလဲ...´

ကျွန်တော်သွားမေးကြည့်လိုက်တော့သူတို့က သူတို့ရဲ့ခြေထောက်တွေပေါ်မှာတင်ထားတဲ့ ပင်ဂွင်းငှက်ဥတွေကို မေးငေါ့ပြတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သတိထားမိတယ်...။ ဟုတ်တယ်... သူတို့က သူတို့ရဲ့ဥတွေကို ခြေထောက်နှစ်ချောင်းပေါ်မှာညှပ်ပြီး တင်ထားကြတယ်။ ဟိုဟိုဒီဒီ သွားချင်ရင်တောင် ဥတွေကျကွဲမှာစိုးလို့ ဖြေးဖြေးလေးသွားကြရတယ်။ သူတို့ရဲ့ သားသမီးကလေးတွေကို ပင်ဂွင်းငှက်အမတွေက ရင်နဲ့လွယ်ပြီးတဲ့နောက် ပင်ဂွင်းငှက်အဖို တွေက ခြေနဲ့ သယ်ထားကြတယ်။

`ဘာဖြစ်လို့ အဲဒီလို လုပ်ထားရတာလည်း... အသိုက်ထဲမှာ သူ့ဖာသာသူ နေပါစေလား´

သစ်ပင်ပေါ်ကအသိုက်တွေထဲမှာ ဥ ဥလေ့ရှိတဲ့ ငှက်တွေကိုသာ မြင်ဖူးတဲ့ ကျွန်တော်က အဲဒီလို မေးလိုက်တော့ ...

`ဒီလောက်ရေခဲတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာမှာ ဘာနဲ့အသိုက်သွားဆောက်လို့ရမလဲကွ ၊ ဆောက်ချင်ရင်ရေခဲသိုက်ပဲ ရမှာပေါ့´

`အဲဒါဆိုလည်း အဲဒီရေခဲသိုက်ထဲမှာပဲ လုံလုံခြုံခြုံသိမ်းထားပေါ့ဗျ။´

ကျွန်တော်ရဲ့ ထပ်ဆင့်အပြောကြောင့် သူ့မျက်နှာ ရှုံ့တွသွားတယ်။ ကျွန်တော့်ကို တော်တော် စိတ်ပျက်သွားပုံပဲ...။

`မင်းတော်တော် တုံးတဲ့ကောင်ပဲ ...´

လာပြန်ပြီ ...ဒီစကား။ပင်ဂွင်းငှက်တွေက ကျွန်တော့်ကို အသုံးမကျဘူးလို့ပြောတာ နှစ်ခါတောင်
ရှိသွားပြီ။ သူတို့ပြောတာက ဟုတ်နေတော့လည်း ကျွန်တော် အောင့်သက်သက်နဲ့ ငြိမ်ခံနေရတယ် သူက
စကားဆက်တယ်...

`တချို့အရာတွေက လုံခြုံအောင်သိမ်းဆည်းထားလေ ဆုံးရှုံးသွားဖို့ ပိုပြီးလွယ်ကူလေပဲကွ...။ဒီဥတွေကို ရေခဲတွေထဲမှာ သိမ်းထားမယ်ဆိုရင် အနွေးဓါတ်မရပဲ အားလုံးခဲပြီး ပျက်စီးကုန်ကြလိမ့်မယ်။ အဲဒါကြောင့် အနွေးဓါတ်ရအောင် အကောင်ပေါက်လာတဲ့အထိ အခုလို ခြေထောက်ပေါ်မှာ တင်ထားရတယ်ကွ...။´

`ခင်ဗျားတို့ဟာက ပင်ပန်းလိုက်တာဗျာ...´

`ကိုယ့်သားသမီးအတွက်ပဲ ဖခင်တစ်ယောက်အနေနဲ့ ဒီလောက်တော့အပင်ပန်းခံရမှာပေါ့...။´

သူ့စကားကမဆုံးသေးပါဘူး။ မိဘမေတ္တာတွေ ၊ဖခင်ဝတ္တရားတွေ ၊ အကြင်နာတရားတွေ စတဲ့ စကားလုံးတွေသုံးပြီး သူဆက်ပြောနေဆဲပါ...။ ကျွန်တော့်မှာတော့ သူ့စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ အတွေးတွေ ၀ဲဂယက်ထန်နေခဲ့တယ်။

လူ့လောကထဲက အဖေမဖော်နိုင်ပဲမွေးခဲ့ရတဲ့ ကလေးတွေ၊ မိဘရဲ့ရင်ခွင်ကိုစောင့်ကြို ငံ့လင့် နေကြရတဲ့ မိဘမဲ့ဂေဟာက ကလေးတွေ၊ လူ့အဖြစ်ကိုတောင် လုံးလုံးလျားလျား ရောက်ရှိခွင့်မရခဲ့ကြရှာတဲ့ အဖျက်ဆီးခံ သန္ဓေသားလေးတွေ... နောက်... မိခင်၊ ဖခင်ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်လေးနက်မှုကို အပြည့်အ၀နားမလည်ကြတဲ့၊ နားလည်နိုင်စွမ်းမရှိကြတဲ့ ယောင်္ကျား၊ မိန်းမတွေ ...ပုံရိပ်တွေ ... မြင်ကွင်းတွေ ... ကျွန်တော် လူသားတွေကိုယ်စား ရှက်လိုက်တာ။

ဦးနှောက်ထဲမှာ အတွေးတွေ ရှုပ်ယှက်ခတ်နေရင်း ကျွန်တော်ရဲ့ခေါင်းတွေ မူးနောက်လာတယ်။ နားထင်စပ်နားက ထိုးထိုးပြီးအောင့် လာတယ်။

`အား ...´

ဦးခေါင်းကို လက်နဲ့ အုပ်ကိုင်ရင်းကျွန်တော် လဲကျသွားတယ်။

_______________

`သား ...သားလေး သတိရပြီလား။´

ဒီတစ်ခါ ကျွန်တော်သတိပြန်ရချိန် မှာတော့ မေမေ့ရဲ့အသံကို ပထမဆုံး စကြားရတယ်။ မျက်စိကို အားယူပြီးဖွင့် ကြည့်လိုက်တော့ မျက်စိရှေ့မှာမျက်နှာကျက်ဖြူဖြူတွေ...။ကျွန်တော် တဖြည်းဖြည်းနဲ့
အားလုံးကို ပြန်သတိရလာတယ်...။ကျွန်တော်တို့သင်္ဘော မြောက်ဝင်ရိုးစွန်းကို အဖြတ်မှာ ရေခဲတုံးကြီး
တစ်ခုနဲ့တိုက်မိပြီး သင်္ဘော မြုပ်သွားတယ်။အဲဒီမှာ ကျွန်တော်က...ကျွန်တော်က ပင်ဂွင်းငှက်တွေဆီ ရောက်သွားတာလား...။

`အမေ ... သားကို ဘယ်နေရာကနေ ပြန်ခေါ်လာတာလဲဟင်´

သူတို့ ကျွန်တော့်ကို ပင်ဂွင်းငှက်တွေရှိတဲ့ ရေခဲပြင်ကြီးပေါ်ကနေများ ပြန်ခေါ်လာခဲ့ကြတာလား...။ ဒါမှမဟုတ်...

`သားတို့သင်္ဘောမြုပ်ပြီး မကြာမီမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး သားနဲ့အတူ သင်္ဘောသား သုံးယောက်ကိုကယ်နိုင်ခဲ့ကြတယ်တဲ့...။အဲဒီ့သုံးယောက်ကတော့ အခုကျန်းကျန်းမာမာ ဖြစ်နေကြပြီ သားကသာ လုံးဝ သတိပြန်လည်မလာတာ ဒီနေ့ပါနဲ့ဆိုငါးရက်တောင် ရှိနေပြီ...။´

မေမေ အဲဒီလို ပြောတော့ ကျွန်တော် အရမ်းအံ့သြသွားတယ်...။မေမေ့ရဲ့စကားအရဆိုရင် ကျွန်တော် ပင်ဂွင်းငှက်တွေနဲ့တွေ့ခဲ့တာကဘာလဲ...။အိပ်မက်တစ်ခုလား ...။ မဖြစ်နိုင်ဘူး...။ကျွန်တော် အိပ်ပျော်နေတာမှမဟုတ်တာ...။ဒါဆို...ဘယ်လိုဖြစ်တာလဲ...။စဉ်းစားနေရင်း ခေါင်းထဲမှာမူးနောက်လာတယ်...။ ဆက်စဉ်းစားလို့ မဖြစ်တော့ပါဘူး...။ ကျွန်တော် အားလုံးကို ခဏမေ့ထားလိုက်တယ်...။

အဲဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်ဟာ လူ့လောကထဲမှာ ကျင်လည်လှုပ်ရှား နေပေမယ့် အံချော်နေတဲ့ လူတစ်ယောက်သာဖြစ်ခဲ့ရတယ်။ လူသားမျိုးနွယ်စုတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ကြိုးစားချင်ခဲ့တဲ့ ကျွန်တော် အရူးလို့ပဲ အခေါ်ခံခဲ့ရတယ်။

အဲဒီလို အဲဒီလိုနဲ့ အချိန်အတိုင်းအတာတစ်ခုရဲ့အလွန်မှာ လူတွေနဲ့ ဆက်ဆံရတဲ့အခါတိုင်း ကျွန်တော့်ရဲ့စိတ်ထဲကနေ ခိုင်မာပြင်းပျတဲ့ ဆန္ဒတစ်ခု လျှံထွက်ကျလာတတ်တယ်...။

`ကျွန်တော်... ပင်ဂွင်းငှက်တစ်ကောင်ဖြစ်ချင်တယ်။´

7 comments:

Khunmyahlaing said...

ငါပြောဖူးတာလေးကို အမှတ်တရ ပို့စ်ရေးထားတာ ကျေးဇူးပါ သူငယ်ချင်းရေ.. ပင်ဂွင်းငှက် တွေရဲ့ ကိုယ့်အဖွဲ့အစည်း အပေါ် တန်ဖိုးထားတတ်မှု၊ ဆော်လမွန်ငါးတွေရဲ့ မွေးရပ်ကို ချစ်စိတ်၊ ကြိုးကြာငှက်တို့ရဲ့ ဇွဲတွေ ငါတို့ လူသားတွေ ထံမှာ ပြန်လည် ကိန်းအောင်း လာတဲ့ တစ်နေ့ ငါတို့လူ့အဖွဲ့အစည်း နေပျော်စရာ ဖြစ်လာမှာပါ။ အဲဒီ သံလွင်တစ်ခက် ကို အိပ်မက် မက်လာ တာလဲ ကြာခဲ့ပြီဟာ..

Aquarius said...

`သဘာဝအလျှောက် မဟုတ်ပဲ ကောင်းကင်ကိုဆွဲပိတ်ခံထားရလို့ ဒါမှမဟုတ် အတောင်ပံတွေ မသန် စွမ်းလို့ မပျံသန်းနိုင်ကြတာဆိုရင်တော့ သိပ်ကိုဝမ်းနည်းစရာကောင်းတာပေါ့ကွာ။´
nice shoot!

Mr.Pooh @ မောင်ပွတ် said...

ဒီစာလေး ကောင်းတယ်ဗျာ။ ဘယ်မှာပါဖူးတာလဲ။ ကျွန်တော်တို့အားလုံး ရေးအားကျနေတယ်နော်။ ပတ်ဝန်းကျင်တွေကြောင့်ပဲ ဖြစ်မယ် ထင်တယ်။

MELODYMAUNG said...

တော်တော်ချစ်ဖို့ကောင်းတဲ့ ပင်ဂွင်းငှက်လေးတွေကွ နင့်မွေးနေ့တုန်းက ပို့လိုက်တဲ့ မွေးနေ့ကဒ်မှာ အဲဒီ ပင်ဂွင်းငှက်လေးပါတယ် ဖမ်းမထားဘူးလားဟင် :P

su wai said...

`ကျွန်တော်နှင့်...´ ဆိုတဲ့ ပို့စ်တွေထဲမှာ `ကျွန်တော်နှင့် အရောင်များ´ ပြီးရင် ဒီပို့စ်လေးကို အကြိုက်ဆုံးပါပဲ...။ သဘာဝအတိုင်း မပျံနိုင်တာ၊ မသန်စွမ်းလို့ မပျံရတာတွေထက် သန်စွမ်းတဲ့ အတောင်ပံတွေ ရှိပါလျက် ကောင်းကင်ကို ဆွဲပိတ်ခံထားရလို့ ပျံခွင့်မရတာက ပိုဆိုးမယ် ထင်ပါတယ်။ ဆုဝေကတော့ ပင်ဂွင်းငှက်လေးတွေဆီမှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်လေးကို အရမ်းသဘောကျတယ်။ လူတွေက သူတို့တွေထက် အသိဥာဏ် အများကြီး ပိုမြင့်မားတယ် ဆိုပေမယ့် ကိုယ်ချင်းစာတရားကျတော့ နည်းပါးလွန်းကြတယ်နော်...

MELODYMAUNG said...

ဒီအပတ်ဆန်းဒေး bird park ကိုငါရောက်တယ်ဟ ပင်ဂွင်းလေးတွေမြင်တော့ ပင်ဂွင်းဖြစ်ချင်တယ်ဆိုတဲ့ နင့်ကို သတိရမိသေးရဲ့ (ဟိတ် ငါပြောတာ ကြားလား) :)
ဆွဲပိတ်ခံထားရတဲ့ ကောင်းကင်ကြီး အမြန်ဆုံး ပြန်ပွင့်ပါစေလေ

Min Min said...

ပင်ဂွင်းတွေကမှ လူထက်တော်သေးတယ်.. ပင်ဂွင်းဖြစ်တာပဲ ကောင်းပါတော့တယ်