Pages

Friday, March 30, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ဖြစ်ရပ် ၄)

ဖြစ်ရပ် (၄)
ဆရာက ကျောင်းသားတွေအားလုံးရှေ့မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ဒီလိုပြောပါတယ်။
[မင်းတို့အားလုံး လက်ညှိုးထောင်လိုက်ပါ]
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစားကြည့်နေကြရာကနေ ဆရာလုပ်သလို လက်ညှိုးထောင်ကြ ပါတယ်။ အဲဒီအချိန်မှာပဲ ဆရာက သူ့ရဲ့နားထင်ကို လက်နဲ့လှမ်းထောက်ပြီး ...
[အဲဒီလက်ညှိုးနဲ့ ကိုယ့်နဖူးကိုယ် ထောက်လိုက်ကြပါ] လို့ ထပ်ပြောပါတယ်။
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက်ကြပါတယ်။ ခဏနေမှ သူတို့ မှားသွားကြမှန်း အားလုံးက သဘောပေါက် လိုက်ကြပါတယ်။ ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ။
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ့အမြင်ရဲ့ တစ်ထပ်တည်းမကျမှုကို ကျွန်တော်တို့ သိမြင်နိုင်ပါလိမ့်မယ်။ တစ်ပြိုင်တည်းလို့ ထင်ရပေမဲ့ တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို အရင်ရောက်သွားတဲ့သဘောပါ။ အမြင်အာရုံဟာ အလင်းမှာ အခြေခံပြီး အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်။ အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက် ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ရတာပါ။ မိုးကြိုးပစ်ရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီးနောက် ဆယ်စက္ကန့်လောက်ကြာမှ အသံကို ကြားရတာဟာလည်း ဒီသဘောအတိုင်းပါပဲ။ ဒီသဘောတရားလေးကို ကျွန်တော်တို့ သေသေချာချာ နားလည်မယ်ဆိုရင် စကားပြောတဲ့အခါမှာ ဟန်ပန်အမူအရာနဲ့ မျက်နှာနေမျက်နှာ ထားဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။ ကိုယ်ပြော မယ့်စကားနဲ့ သင့်တော်မယ့်၊ လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာနဲ့ မျက်နှာနေမျက်နှာထားကို ထားမှ သာလျှင် ကိုယ်ပြောမယ့်စကား အရာထင်မှာပါ။
အရမ်းဆိုးတဲ့ ကလေးတစ်ယောက်ကို [ငါ ရိုက်လိုက်ရ] လို့ မာန်ပြီး မျက်နှာက ပြုံးစိစိလုပ်နေမယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားဘဲ ဆက်ဆိုးနေမှာပါပဲ။ အဲဒီလိုပါပဲ၊ ကိုယ့်လက်အောက်ငယ်သားတွေကို [မင်းတို့ ငါ့ကို ပွင်းပွင်းလင်းလင်းဝေဖန်ကြပါ။ ငါ မှားတာရှိနေရင်လည်း ထောက်ပြကြပါ]လို့ ပြောနေပေမယ့် မျက်နှာက [ငါ့ကို မကောင်းဘူးလို့ ပြောလို့ကတော့ အလုပ်ထုတ်ပစ်မယ်] ဆိုတဲ့ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်။
အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ရိုးသားဖို့၊ ပြီးတော့ သတိထားဖို့ပါပဲ။ လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင် သူ့ရဲ့မျက်နှာကနေ သူ့ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်။

Tuesday, March 27, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ဖြစ်ရပ် ၃)

ဖြစ်ရပ်(၃)
ဆရာက ကျောင်းသားတစ်ယောက်ကို ခုံပေါ်မှာ မတ်တတ်ရပ်ခိုင်းပြီး အပြစ်ပေးထားပါတယ်။ အချိန် တော်တော်ကြာတော့ ဆရာက အဲဒီကျောင်းသားကို ဆုံးမစကားပြောဖို့ လက်ယပ်ပြီး လှမ်းခေါ်လိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်ဟာ ကျောင်းသားက ရပ်နေရတာကြာပြီဖြစ်တဲ့အတွက် ဆရာ ငါ့ကို ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို့ တွေးနေချိန်ပါ။ အဲဒါကြောင့် ကျောင်းသားကလည်း ဆရာ သူ့ကို ထိုင်ခိုင်းတာပဲလို့ သူ လိုရာဆွဲ တွေးလိုက်ပြီး ခပ်တည်တည်နဲ့ ထိုင်နေလိုက်ပါတယ်။
အဲဒီမှာ ဆရာနဲ့တပည့် ပြဿနာတက်တော့တာပဲ။
ဒါဟာ midunderstanding (နားလည်မှုလွဲချော်ခြင်း) ပါ။ များသောအားဖြင့် body language လို့ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်စကားပြောတဲ့အခါမျိုးတွေမှာ နားလည်မှုလွဲချော်ခြင်းတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အသံထွက် စကားပြောတဲ့အခါမှာလည်း ဘာသာစကား၊ အသုံးအနှုန်း ကွဲပြားမှုတွေ ကြောင့် နားလည်မှု လွဲချော်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဆိုးဝါးဆုံးကတော့ အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်ရပ်ကလေး လို ကိုယ့်ရဲ့စိတ်အာရုံ (emotion) ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို တလွဲအဓိပ္ပာယ် ကောက်မိ တာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည်သုံးသပ်မိတာတွေပါပဲ။ ဒေါသအရမ်းထွက်နေတဲ့ သူဟာ သူ့ကို ဘယ်လိုစကားကောင်းပြောပြော သူ့ကို ရန်လာစနေတယ်လို့ပဲ ထင်နေတတ်သလိုပေါ့။ ဘယ်ဘာသာ စကားနဲ့ပဲ ပြောပြော၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်ဆိုတာ၊ ဘယ်လိုရည်ရွယ် ချက်နဲ့ ပြောတယ်ဆိုတာကို ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုခဏတာဘေးဖယ်ထားပြီး အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။

Friday, March 23, 2007

ဆရာ၊ ကျောင်းသားနှင့်ဖြစ်ရပ်များ (ဖြစ်ရပ် ၂)

ဖြစ်ရပ် (၂)

ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာ ထိုင်ခိုင်းပြီး ငါ့ကို [က] တစ်လုံးရေးပြလို့ ပြောပါ တယ်။ ကျောင်းသားကလည်း သူ့ရှေ့က စာရွတ်အလွတ်ထဲမှာ [က] အကြီးကြီးတစ်လုံး ရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက်ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက [ယ] ဖြစ်နေတာကိုး။
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ပါတယ်။ ခုနကအတိုင်းပဲ [က] ရေးခိုင်းပါတယ်။ ကျောင်းသားကလည်း စာရွက်ပေါ်မှာ [က] လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။
ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of vision လို့ခေါ်တဲ့ ရှုထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက် လုံးရဲ့အဖြေက မှန်နေတာပါပဲ။ ဒါပေမဲ့ ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့် လက်မခံရတာလဲ။ တစ်ခုတည်း ကွာသွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကို သွားပြတာကိုး။ ဒုတိယ ကျောင်းသားကတော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာတစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို [က]မြင်ရအောင် သူက [ယ]လို့ အမှားကြီးရေး လိုက်တာ မဟုတ်ပါဘူး။ သူလည်း အမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ် ဖက် အဆင်ပြေမယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။
အဲဒီကျောင်းသားလေးကို နမူနာယူပြီး ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစားတွေးခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့ လိုပါလိမ့် မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည်လက်ခံနိုင်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ် ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ့ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ကမ္ဘာနှင့်ကိန်းဂဏန်းများ

လူ့လောကထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတွေကို လူသားတွေနေရာမှာ ကိန်းဂဏန်းလေးတွေကိုအစားထိုးပြီးရေးထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ကြပါဦး။


ကမ္ဘာ နှင့် ကိန်းဂဏန်းများ


လူသားတို့နေရာ လောကကမ္ဘာမှာ ကိန်းဂဏန်းတွေ ခန့်ညားထည်ဝါစွာနဲ့ အတူတကွကျင်လည်ခဲ့ ကြရာက တစ်နေ့မှာ သူတို့အချင်းချင်း စကားများကြပါတယ်။ ပြဿနာရဲ့ အစကတော့ ...
[ငါ့ရဲ့ရှေ့မှာဘာမှမရှိဘူးဆိုတဲ့စကားက ငါ့ရဲ့အရည်အချင်းကိုဖော်ပြနေတာပဲကွ။ လူတိုင်းရဲ့လိုချင် တောင့်တမှုတွေတိုင်းမှာ ငါကရှေ့ဆုံးကပါနေတာ မင်းတို့ အားလုံးအမြင်ပဲ မဟုတ်လား။ ကျောင်းတွေမှာ ဆိုရင်လည်း အဆင့်တစ်ကို အလုအယက် ...။ ပြိုင်ပွဲတွေမှာဆိုလည်းပထမဆိုတာကို အလုအယက် ...။
ငါ့ရဲ့ဂုဏ်ဟာ လူ့လောကကြီးမှာ ဘယ်လောက်မြင့်တက်နေတယ် ဆိုတာ မင်းတို့ကြည့်ကြစမ်းပါဦး ...။]
တစ် ရဲ့ စကားကြောင့် ကိန်းဂဏန်းတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ သူတို့ဟာ မာနတက်နေတဲ့ တစ် ရဲ့စကားကိုလက်မခံချင်ကြပေမယ့် ငြင်းဆန်ဖို့လည်း ခက်နေကြတယ်လေ။ သူတို့တွေအားလုံး ဘာလုပ်ကြရင်ကောင်းမလဲလို့ အပြင်းအထန်စဉ်းစားနေကြရင်း မလိုလားဖွယ်ရာ နောက်ဆက်တွဲ ပြဿနာတွေဟာ ဆက်ဆက်ပြီး ပေါ်ပေါက်လာပါတော့တယ်။
[အစ်ကိုကြီး တစ် ဟာ ကိန်းဂဏန်းတွေအားလုံးထဲမှာ အကြီးမြတ်ဆုံးဆိုတာကို ကျွန်တော်လက်ခံ ယုံကြည်ပါတယ်။ အစ်ကိုကြီးကိုမရနိုင်တဲ့ သူတွေအတွက်အားပေးနှစ်သိမ့်ရာအဖြစ် ကျွန်တော်ရှိနေခြင်းဟာ လည်းလူ့လောကကြီးအတွက် ဆုလာဒ်ကောင်းတစ်ခုပါပဲ။ လူသားတို့ရဲ့ စိတ်အာရုံထဲမှာ အစ်ကိုကြီးရဲ့ နောက်က ကြီးမြတ်မှုသင်္ကေတ တစ်ခုအဖြစ် ရှိနေရခြင်းကိုပဲ ကျွန်တော် ဂုဏ်ယူကျေနပ်လို့ မဆုံးပါဘူး။ ]
အကြီးမြတ်ဆုံးဆိုတဲ့ဂုဏ်ကိုမရနိုင်တော့တဲ့ နှစ် ဟာရေနစ်သူ ၀ါးကူထိုး ဆိုသလိုပဲ မောဟနွံထဲနစ်
နေတဲ့ တစ် ကို နားလည်အောင်ရှင်းပြနားချဖြောင်းဖြဖို့မကြိုးစားပဲ အနှစ်မဲ့စကားလုံးတွေကို မာယာတွေနဲ့ သီကုံးပြီး ဒုတိယ အကြီးမြတ်ဆုံးဆိုတဲ့ ဂုဏ်ကို အမိအရ ယူလိုက်ပါတယ်။
သုံး ဟာလည်း နှစ် နဲ့ ထပ်တူနီးပါးတူတဲ့စကားကို ချီးမြှင့်မှုမြှောက်ပင့်မှုတွေ ဖောဖောသီသီ နဲ့ထပြောပြန်ရော ...။ဒါဟာ အင်မတန်မှဆိုးရွားတဲ့ လွဲချော်မှုတစ်ခုပေါ့ ...။နဂိုကတည်းက အသိစိတ် ပျောက်သွေးနထင်ရောက်နေတဲ့ တစ် ဟာ နှစ် နဲ့ သုံး တို့ရဲ့ ထောက်ခံအားပေးမှုတွေကြောင့် ပိုလို့ တောင် ရောင့်တက်လာပါတော့တယ်။
အခြားကိန်းဂဏန်းတွေခမျာလည်း ကမ္ဘာပျက်လုမတတ်အောင်ကို ပွက်လောရိုက်ကုန်ကြပါပြီ။ တစ် နှစ် နဲ့ သုံး တို့က သူတိုရဲ့ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကို ကရားရေလွှတ် တတွတ်တွတ် ပြောနေနိုင်သလောက် သူတို့မှာတော့ ဘာမှထူးထူးခြားခြား ဂုဏ်ယူဝံ့ကြွားစရာ မရှိရကောင်းလားဆိုပြီး
ခြောက် နဲ့ ခုနှစ် တို့ဟာရှက်ရှက်နဲ့ အဝေးတစ်နေရာဆီကို ပြေးထွက်သွားကြပါတော့တယ်။
လေး ကလည်း သူညီလေးတစ်ယောက်လိုချစ်ခဲ့ရပေမယ့် သူနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတဲ့ သုံး ကို မျက်ရည်တ၀ဲဝဲနဲ့ ကြည့်ရင်း ...
[အဲဒီ့ စိတ်အလျှင်ရဲ့ ဂဏာမငြိမ်မှုဟာ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတရားတွေကိုတောင် မှေးမှိန်သွားအောင် စွမ်းဆောင်နိုင်တယ်နော်]ဆိုတဲ့ စကားကို တစ်ကိုယ်တည်းရေရွတ်နေတော့တယ်။
ငါး ကတော့ ကိန်းဂဏန်းတွေရဲ့ အလယ်မှာ ရပ်ရင်း ခေါင်းကို တဗျင်းဗျင်းကုတ် စိတ်တွေရှုပ်နေရဲ့ ...။
[ဖြစ်နိုင်ရင်လေ ငါ့ကိုယ်ငါ ညီမျှခြင်းတစ်ခု အဖြစ်တောင် ပြောင်းလဲပစ်လိုက်ချင်သေးတယ်ကွာ ...။ အဲဒါမှ ကိန်းဂဏန်းတွေအားလုံးညီမျှ ခွဲခြားမှုတွေ လျှော့ကျသွားမှာ ... ]
ငါး ရဲ့ စကားကိုထောက်ခံတဲ့ ကိုး က သူ့ရဲ့ အတွေ့အကြုံနဲ့ အမြင်ကို ၀င်ပြောပြန်တယ်။
[ဟုတ်တယ်ကွ ... အရင်ကဆို ငါလည်း ငါ့ကိုယ်ငါ တန်ဖိုးအကြီးဆုံးဆိုပြီးတော့ စိတ်ကြီးတွေဝင်ခဲ့တာ ငါ့ရဲ့အရှေ့ကို ဒသမလေး ရောက်မလာသေးခင်အထိပေါ့ကွာ ...။ တကယ်တော့ ငါတို့အားလုံးရဲ့ တန်ဖိုးဟာ ဘယ်လိုမှ ကြိုမမြင်နိုင်တဲ့ အကြောင်းတရားတွေအပေါ်မှာ လုံးလုံးလျားလျား မူတည်နေရရှာတဲ့ ခပ်ဝါးဝါး မသေချာမှုတစ်ခုပါပဲ ။]
တစ် ဟာ ကိုး ရဲ့စကားကို ဇွတ်အတင်းကို ၀င်ငြင်းပါတယ်။ သူရရှိထားတဲ့ ကြီးမြင့်မှုတစ်ခုကို ဘာမှမသေချာပါဘူးလို့ ပြောလိုက်တဲ့အတွက်လည်း ဒေါသပုန်ထသွားတယ် ထင်ပါရဲ့ ...။
[ဘာလို့မသေချာရမှာလဲဗျ။ အခုဆို တစ်လောကလုံးလိုလိုရဲ့ အတွေးတွေထဲမှာ ကျွန်တော်တို့တွေပဲ ရှိနေတာမဟုတ်ဘူးလား။ သူတစ်ပါးရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို အသိအမှတ်မပြုနိုင်
လောက်အောင်ကို ခင်ဗျားတို့ရဲ့ စိတ်ဓါတ်တွေနိမ့်ကျလွန်းနေပါလား ]
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ကိုး ဟာ တစ် ရဲ့ ဖြစ်ပျက်နေမှုကို ကိုယ်ချင်းစာ မိပုံပေါ်ပါတယ် ။ သူလည်းတစ်ချိန်က အဲဒီ့လိုပဲဖြစ်ခဲ့တာလေ။အဲဒီ့မှာ တချိန်လုံးဘာမှာမပြောပဲ ငြိမ်နေတဲ့သုညက ကိုး ကို တစ်ချက်ပြုံးပြပြီး ...
[ဘာမှမပူပါနဲ့ အစ်ကိုကြီးရယ်၊ ဒီလိုကိစ္စမျိုးကဖြစ်တတ်ပါတယ်။ ခုဏက အစ်ကို ငါး ပြောသလိုပဲ မနက်ဖြန်တွေက တစ် ကို ကောင်းကောင်းကြီး ပညာပြသွားပါလိမ့်မယ်။]
အဲဒီ့အချိန်မှာ တစ် နှစ် နဲ့ သုံး တို့ဟာ လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြွားလို့ ကောင်းနေတုန်းပါ။ အဲဒီ့လိုနဲ့ နေ့ရက်တွေ အတိုင်းအတာတစ်ခုအထိ ကြာသွားခဲ့တယ် ...။



တစ်နေ့မှာ တစ်ဟာ အခြားကိန်းဂဏန်းတွေရဲ့ ရှေ့ကိုပြန်ရောက်လာပါတယ်။ သူ့ရဲ့ မျက်နှာက ညှိုးငယ်လို့ ...။ သူ့ရဲ့ အ၀တ်အစားတွေကလည်း မီးကျွမ်းထားသလိုမျိုး အငွေ့တလူလူထွက်လို့ ...။ ဘယ်လို မနှစ်မြို့စရာတွေနဲ့များတွေ့လာခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ် ဟာ အားလုံးရဲ့
ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီး ချုံးပွဲချငိုပါတော့တယ်။ အားလုံးကလည်း သူဘာတွေဖြစ်လာပြီး၊ ဘာများ ပြောမလဲဆိုတာကို စိတ်ဝင်တစား နားစွင့်နေကြပါတယ်။
[အပူတွေလာလာဟပ်တာခံရလွန်းလို့ ကျွန်တော်ဖြင့် သေတော့မယ်ဗျာ ... ဟီး ... ဟီး ... ဟီး ]
အဲဒီ့အချိန်မှာ နှစ် နဲ့ သုံး တို့ဟာလည်း မျက်ရည်ပေါက်ကြီးငယ်ကျပြီး ပြေးလာကြပါတယ်။ ကိုး ကစိုးရိမ်တကြီးနဲ့ လှမ်းမေးပါတယ်။
[ဟ ... ဘယ်လိုဖြစ်လာကြတာလဲ။ သေသေချာချာလည်း ပြောပြကြပါဦး ]
ကိန်းဂဏန်းတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သူတို့ဘာတွေဖြစ်လာကြတယ်ဆိုတာကို အားလုံးက သိချင်စိတ်ပြင်းပြနေကြလေရဲ့ ... ။တစ် က မျက်ရည်တွေကိုသုတ်ဖယ်ပစ်နေရင်း စကားဆက်တယ်။
[ကျွန်တော်ကို အပြင်းအထန်လိုချင်နေကြတဲ့သူတွေရဲ့ တပ်မက်ခြင်းအပူတွေ ၊ ကျွန်တော်ကို ပိုင်ဆိုင်ထားကြသူတွေရဲ့ ဆုံးရှုံးကြရမှာကိုကြောက်ရွှံ့နေကြတဲ့ အပူတွေ၊ နောက်ပြီး ... ကျွန်တော်ကို လက်လွှတ်ဆုံးရှုံးလိုက်ဲရသူတွေရဲ့ ဝေဒနာအပူတွေ ...ကျွန်တော်ကို လာလာဟပ်နေတာ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့ဘူးဗျာ။ နောက် ... သူတို့တွေလေ ဘာမဟုတ်တဲ့ သတ်မှတ်ချက်လေးတစ်ခုအတွက်နဲ့ စိတ်ဓါတ်တွေ တဖြည်းဖြည်းယိုင်နဲ့လာကြပြီး လူစင်စစ်ကနေ ၀ံပုလွေတွေလိုဖြစ်ဖြစ်သွားကြတာ ကျွန်တော်
ကြည့်ရင်းနဲ့ ကြောက်လာပြီဗျာ။]
တစ် ဟာ စကားကိုပြောပြီးပြီးချင်းပဲ ရှိုက်ကြီးတငင်နဲ့ ထပ်ငိုပါတော့တယ်။ နှစ် နဲ့ သုံး တို့ကလည်းမျက်ရည်တွေကို ကမန်းကတန်းသုတ်ပြီး မျက်နှာငယ်လေးတွေနဲ့ ...
[ကျွန်တော်တို့လည်းသူ့လိုပါပဲ ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မီးလောင်ရာလေပင့် သူတွေလို့ ထင်လာမိတယ်။ ကျွန်တော်တို့ လူတွေနဲ့ အဝေးဆုံးကို ထွက်ပြေးသွားချင်နေပြီဗျာ။]
နှစ် ရဲ့ စကားကို အားလုံးက ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံခဲ့ကြတယ်။ အဲဒီ့အချိန်မှာ သုည ဟာမပြောမဆိုနဲ့ အားလုံးရဲ့ရှေ့ကိုထွက်လာပြီး စကားတစ်ခွန်းကိုပြောပါတယ်။
[လူတွေကလည်း သူတို့ဖာသာသူတို့နေရင် ကောင်းကြတယ် ၊ ကျွန်တော်တို့ကလည်း ကိုယ်ဖာသာကိုနေရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးကြဘူး။ အခုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် လူတွေနဲ့ ကျွန်တော်တို့နဲ့ပေါင်းစပ်လိုက်ခြင်းဟာ ကောင်းကျိုးတွေထက် ဆိုးကျိုးတွေကို ပိုဖြစ်စေတယ်ဆိုတာ ရှင်းနေပါပြီ။ အဲဒီ့တော့ နှစ် ပြောသလိုပဲ လူတွေနဲ့ အဝေးဆုံးဆိုတဲ့နေရာကိုထွက်သွားဖို့ ပြင်ဆင် ကြတာဟာ အားလုံးအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။]
အဲဒီ့နေ့တွင်းချင်းပါပဲ ကိန်းဂဏန်းတွေအားလုံးဟာ လူသားတို့ကမ္ဘာကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ကြပါတယ်။ ဘယ်သူ့ ဘယ်သူနဲ့မှ မပေါင်းစပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ပေါ့ ...။




အဲဒီ့လို ... အဲဒီ့လိုနဲ့ ... လူသားကမ္ဘာဟာ ငြိမ်းချမ်းအေးမြစွာနဲ့ ထောင်စုနှစ်များစွာကို ဖြတ်သန်းကျော်လွန်ခဲ့ ပြီးတဲ့နောက် . ... တစ်နေ့မှာ ........
အာကာသလွန်းပျံယာဉ် တစ်ခုကနေပြီး ကမ္ဘာကို သတင်းတစ်ခု လှမ်းပို့ပါတယ် ။
[အမည်မသိ ဂြိုဟ်တစ်ခုကနေ ကိန်းဂဏန်းတွေကို ပြန်လည်ရှာတွေ့ခဲ့ပြီ ...]
တဲ့ ။
ဟိုးအဝေးမှာ ... ငှက်ဆိုးထိုးသံတွေနဲ့အတူ တိမ်ညိုလက်တစ်ဆုပ်ဟာ အနာဂတ်ကို လွှမ်းအုပ်ဖို့ ဦးတည်လို့ လာနေရဲ့ ....။ ။


နေဘုန်းလတ်

Sunday, March 18, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ

ဖြစ်ရပ်(၁)

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းတွေ မေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး တော်တော်စဉ်း စားယူရတဲ့ သင်္ချာဥာဏ်စမ်းမေးခွန်းတွေပေါ့။
ပထမကျောင်းသားက မေးခွန်းခက်ခက်ကြီးတွေကိုမြင်တော့ ဒီလို စဉ်းစားမိပါတယ်။
[ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ။ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ဘဲ ငါ သင်္ချာတွေ ထိုင်တွက်နေမိတာကို မကျေနပ်လို့ဖြစ်မယ်။ သူ ဒီလို မလုပ်သင့်ပါဘူး။]
သူ အဲဒီလို စတွေးမိတဲ့အတွက် ဆရာမေးတဲ့ မေးခွန်းတွေကို သူ ကောင်းကောင်း မဖြေနိုင်ခဲ့ပါဘူး။
ဒုတိယကျောင်းသားကတော့ တစ်မျိုးစဉ်းစားပါတယ်။
[ဆရာ့မေးခွန်းတွေက တော်တော်အဆင့်မြင့်တာပဲ။ ငါတို့အဆင့်နဲ့ ဖြေလို့ရတဲ့ မေးခွန်းတွေတော့ ဖြစ်လောက်ပါတယ်။ မြှုပ်ကွက်လေးတွေကိုရှာပြီး ကြိုးစားဖြေကြည့်ဦးမှပဲ]
သူကတော့ မေးခွန်းတော်တော်များများကို ဆရာ ကျေနပ်လောက်တဲ့အထိ ဖြေဆိုနိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို့ခေါ်တဲံ့ကြိုတင်ထင်မြင် ယူဆချက်တစ်ခုဟာ အစစအရာရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဘယ်အတိုင်းအတာအထိ အရေးပါအရာ ရောက်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲရှိနေနေ၊ သူက ဘာရည်ရွယ်ချက်နဲ့ပဲ မေးမေး ကျွန်တော်တို့က ဒုတိယကျောင်းသားလိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံးအဖြေပေးသင့်ပါတယ်။

မြန်မာတို့ရဲ့သင်္ကြန်

သင်္ကြန်နားနီးလာပြီဆိုတာကို အေးမြတဲ့မိုးလေလေးတွေကသတိပေးတယ်။ ပိတောက်တွေကလဲ စိမ်းနုရောင်အဆင်းနဲ့ သင်္ကြန်မိုးအလာကို စောင့်မျှော်နေကြပြီ ...။ ကျွန်တော်လဲ သင်္ကြန်ကိုကြိုတင်ရင်ခုန်မယ်ဆိုပြီး ဇာတ်မင်းသားတစ်ယောက်ဦးစီးတင်ဆက်တဲ့ သင်္ကြန်ခွေတစ်ခွေကို အမေ၀ယ်လာတာနဲ့ ဖွင့်ကြည့်မိတယ်။ တကယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်။ ကြည့်နေရင်း ကြည့်နေရင်း ကိုယ့်ကိုစော်ကားနေတယ်လို့ထင်လာမိတယ် ...။ နောက်ဆုံးကြတော့လဲ ... သင်္ကြန်နွေဦး တူးပို့ တူးပို့ ဆီပဲပြန်ရောက်ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလထုတ် သံလွင်အိပ်မက်မှာ နေမျိုး(သံလွင်)ဆိုတဲ့နာမည်နဲ့ရေးခဲ့တဲ့ မြန်မာတို့ရဲ့သင်္ကြန်ဆိုတဲ့ အက်ဆေးလေးကိုပြန်သတိရမိပါတယ်။

မြန်မာတို့ရဲ့သင်္ကြန်

Thursday, March 8, 2007

အဆိုးတရားတို့ရဲ့နောက်ကွယ် ...

စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်နေချိန်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ပတ်သက်ပြီး ခံပြင်းလွန်းလို့ရေးမိတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဒေါသသံလေးတွေ နဲနဲပါနေတာကိုတော့ သည်းခံပေးကြပါလို့ ...


အဆိုးတရားတို့ရဲ့နောက်ကွယ် ...

အမည်မသိ အလုပ်သမားတစ်ယောက်ရဲ့ မိခင်ထံသို့ပေးစာ
ချစ်လှစွာသော မိခင်

ငါတို့သင့်အတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ မင်းရဲ့သားဆီကနေ မင်းမျှော်လင့်နေမယ့် ငွေကြေးတွေဟာ ဒီလကုန်မှာ မင်းဆီကိုရောက်လာတော့မှာ မဟုတ်လို့ပါ။ မင်းရဲ့ချစ်လှစွာသောသားဟာ အခုအချိန်မှာ စင်ကာပူနိုင်ငံက အစိုးရဆေးရုံတစ်ခုရဲ့ တစ်ခုသော ရေခဲတိုက်ထဲမှာ မနိုးသောအိပ်ခြင်းနဲ့ လဲလျောင်းအိပ်စက်နေခဲ့ပါပြီ။ သူဟာ ဒီနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ လုပ်သားတစ်ယောက်ဖြစ်တယ် ဆိုတာကလွဲလို့ သူ့ရဲ့နာမည်လေးကိုတောင် ငါတို့မသိခဲ့ရပါဘူး။ သူ့ရဲ့အသက်ဝိဥာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ရုပ်ခန္ဓာကြီးဟာ အခုအချိန်အထိပိုင်ရှင်မဲ့စွာနဲ့ ရေခဲတိုက်ထဲမှာ ရှိနေဆဲပါ။ လွန်ခဲ့တဲ့တစ်ပတ်က သူ့ကို အသုံးမပြုတော့တဲ့ ကားရပ်နားရာနေရာတစ်ခုမှာ တွေ့ခဲ့တာပါ။ သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်မှာ ခြောက်သွေ့နေပြီဖြစ်တဲ့ သွေးအချို့နဲ့ အဖြူရောင် ဆေးစက်တွေစွန်းထင်းနေခဲ့ပါတယ်။ သူဟာ အဖြူရောင်အင်္ကျီရှည်နဲ့ ဘောင်းဘီအစိမ်းရင့်ရောင်ကိုဝတ်ထားပြီး ခြေထောက်မှာလဲ ဖိနပ်မပါပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း အိပ်ဆောင်ဓားလေးတစ်ချောင်းနဲ့ ဦးထုပ်တစ်လုံးကလွဲလို့ သူဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြနိုင်မယ့် ဘယ်လိုအထောက်အထားမျိုးမှ ရှိမနေခဲ့ပါဘူး။ မင်းလိုပဲ ... ငါတို့လဲ သူဘယ်လိုသေဆုံးခဲ့တယ်ဆိုတာနဲ့ သူ့ကိုဘယ်သူတွေက အဲဒီနေရာမှာလာထားသွားတယ်ဆိုတာကို သိချင်စိတ်အရမ်းပြင်းပြနေကြပါတယ်။ ဒါပေမယ့် ငါတို့မှာ မေးခွန်းတွေသာ ရှိပြီး သေချာတဲ့အဖြေတွေ ရှိမနေခဲ့ဘူးလေ။ အဖြစ်မှန်ဟာ မကြားဝံ့လောက်အောင်ကို ၀မ်းနည်းစရာလည်း ကောင်းနေနိုင်ပါတယ်။ ငါတို့တွေ အမှန်တကယ် ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ရဲတွေမြန်မြန် ရှာဖွေတွေ့ရှိပါစေလို့ပဲ ဆုတောင်းနေရမှာပေါ့။ အို ... မိခင်။ မြင့်မားတဲ့ဘ၀တခုကိုပိုင်ဆိုင်နိုင်ဖို့အတွက် မင်းရုန်းကန်မြှင့်တင်ပေးခဲ့တဲ့ မင်းရဲ့သားကို အခု တစိမ်းတရံတို့ရဲ့နယ်မြေမှာ မင်းစွန့် လွှတ်ပေးဆပ်ခဲ့ရပြီနော်။ မင်းသူ့ရဲ့ အသက်မဲ့ ခန္ဓာကိုတောင် ပြန်မြင်ခွင့်ရပါ့တော့မလား ...။
သူမင်းဆီကို ပို့နေတဲ့ငွေကြေးတွေကို သူဘယ်လိုရှာနေရတယ်ဆိုတာ မင်းကိုသူပြောများပြောခဲ့သလား။ မင်းကရော သူ့ဘ၀ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းတွေ အကြောင်းကို ဘယ်လောက်များသိနေခဲ့သလဲ။ ငါတို့ သိချင်နေမိတယ်။ သူဟာ singapore ဆိုတဲ့အိမ်နီးနားချင်း နိုင်ငံတစ်ခုမှာ အလုပ်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေဆီကနေ ပိုက်ဆံတွေချေးငှားခဲ့တယ် ဆိုတဲ့အကြောင်းကို မင်းသိကောင်းသိလိမ့်မယ်။ သူကလည်း တစ်နေ့နေ့မှာ ရွှေအိုးထမ်းပြီး အိမ်ကို အရောက်ပြန်လာပြီးရင် မင်းအတွက် အိမ်လေးတစ်လုံးလောက် ၀ယ်ပေးမယ် ဆိုတဲ့စကားမင်းကို ပြောကောင်းပြောခဲ့လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့သားဟာ ဒီနိုင်ငံမှာ တရားမ၀င်နေထိုင်ပြီး အလုပ်လုပ်နေခဲ့တယ်ဆိုတာကိုတော့ မင်းသိချင်မှ သိခဲ့မှာပါလေ။
ခင်ဗျားတို့အခုဖတ်လိုက်ရတာတွေဟာ ၂၀၀၆ခု၊ မေလ ၁၅ရက်နေ့ထုတ် စင်ကာပူနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ new papers မှာပါတဲ့ စင်ကာပူနိုင်ငံသား မစ်စတာ စင်ချီရင် (Sin Chi Yin) ရေးသားထားတဲ့ သတင်းဆောင်းပါး တစ်ပုဒ်ထဲက စာသား တွေပါ။ အဲဒီ့အထဲမှာပါတဲ့ သေဆုံးသွားတဲ့ အလုပ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျမသိကြရပေမယ့် အားလုံးကတော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ အဲဒီ့လူဟာ မြန်မာလူမျိုးတစ်ယောက် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ခဏထားလိုက်ပါ။ ကျွန်တော်တို့ စဉ်းစားရမှာက လူတစ်ယောက်၊ ကိုယ့် အမိမြေကိုစွန့်ခွာပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ဖြစ်တဲ့နည်းနဲ့ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူတစ်ယောက်ဟာ ဘယ်သူဘယ်ဝါမှန်းတောင်မသိရပဲ ဂုဏ်သိက္ခာမဲ့စွာနဲ့ ခွေးသေ၀က်သေ သေသွားရလောက်အောင်အထိ ဘယ်လိုအခြေအနေတွေကများ တွန်းပို့ခဲ့သလဲ။ ဘယ်လိုအကြောင်းရင်းတွေကများ ဒီလောက်နိမ့်ကျယုတ်ညံ့ လှတဲ့ အကျိုးဆက်တွေကို မွေးဖွားခဲ့ကြသလဲဆိုတာကိုပါ။ မြန်မာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော်က အဲဒီ့ လူကို မြန်မာတစ်ယောက် အဖြစ်နဲ့ပဲ ယူဆပြီး ဆွေးနွေးပါရစေ။
ခဏလေးသာဖြစ်တဲ့ လူ့ဘ၀ထဲမှာ ဘယ်သူမှ မိသားစုနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ မခွဲခွာချင်ကြဘူးဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဆိုးဝါးပြင်းထန်လှတဲ့ စနစ်ဆိုးတစ်ခုက အဝေးရောက်သားတွေကို မွေးဖွားပေးခဲ့ပါတယ်။ အချို့တွေက ပညာအတွက်၊ အချို့တွေက ငွေကြေးအတွက်၊ အချို့တွေက လွတ်လပ်ခွင့်တွေအတွက် ...။ အဲဒီ့လို ... အဲဒီ့လိုနဲ့ ... လူငယ်တော်တော်များများရဲ့ ခြေလှမ်းတွေဟာ အမိမြေရဲ့အဝေးဆီကို ဦးတည်ခဲ့ကြရပါတယ်။ ငွေရေးကြေးရေးအတော်အသင့် အဆင်ပြေကြတဲ့သူတွေကတော့ရှိသမျှတွေ ခြစ်ချုပ်စုပြီး မိမိတို့ရဲ့ ရင်သွေးတွေကို အခြားနိုင်ငံမှာ ပညာသင်ဖို့စေလွှတ်ကြပါတယ်။ ချို့တဲ့နွမ်းပါးသူ အချို့တို့ကလည်း ၀ိုးတ၀ါးမျှော်လင့်ချက်ကလေးတွေနဲ့ပဲ ရှိစုမဲ့စုတွေထုခွဲရောင်းချလို့တစ်နည်း၊ ဟိုလူဒီလူဆီက ချေးငှားလို့တစ်ဖုံနဲ့ နိုင်ငံခြားမှာအလုပ်လုပ်ကြဖို့ကြိုးစားကြပါတယ်။ ဒီနေရာမှာ ( Job Agent) အလုပ်ပွဲစားတွေအကြောင်းကိုနဲနဲ ပြောဖို့လိုလာပါပြီ။ ပွဲစားတွေဟာ အလုပ်သမားတစ်ယောက်ကို Work Permit(WP) နဲ့ အလုပ်ရဖို့ဆိုရင် စင်ကာပူဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ လောက်အထိ တောင်းတက်ကြပါတယ်။ အဲဒီ့ပွဲစားခဟာ ပြည်ပထွက်ပြီးအလုပ်ရှာချင်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ပထမဆုံးသော ၀န်ထုပ်ဝန်ပိုးဖြစ်သလို၊ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကိုလည်း ရွေးခြယ်ဆုံးဖြတ်ခွင့်တွေနည်းသွားအောင် ချည်နှောင်လိုက်တဲ့ ကြိုးတစ်ချောင်းလဲဖြစ်ပါတယ်။ ဘာမှရေရေရာရာ လက်ဆုပ်လက်ကိုင်မပြနိုင်သေးခင်မှာပဲ အကြွေးတွေနဲ့စရတဲ့ဘ၀ပါ။ ဒီနေရာမှာလဲ မှန်ကန်တဲ့ပွဲစားနဲ့တွေ့ပြီး WPတစ်ခုနဲ့အလုပ်ရသွားသူနဲ့ လူလိမ်ပွဲစားတွေနဲ့တွေ့ပြီး ဖွတ်မရဓားမဆုံးအဖြစ်မျိုးတွေနဲ့ ကြုံရတဲ့သူဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။
သိပ်ပြီးတော့အဖြစ်မဆိုးလှဘူးလို့ထင်ရတဲ့ ပထမလူမျိုးအကြောင်းကို စပြောပါမယ်။ တစ်ခုနဲ့ အလုပ်ရရခြင်းမှာပဲ ပွဲစားကို ငွေအပြည့်ပေးချေပြီး ဖြစ်တာကြောင့် အလုပ်ရရခြင်းမှာပဲသူ့မှာ အကေးကအနည်းဆုံး ၄၀၀၀ လောက်တင်နေပါပြီ။ WPသမားတွေဟာလခ အနေနဲ့ စင်ကာပူဒေါ်လာ ၁၀၀၀ အောက်မှာပဲ စရကြပါတယ်။ နေစရိတ်စားစရိတ်က ချွေချွေတာတာ ခြစ်ခြစ်ကုပ်ကုပ် သုံးပါမှ အနည်းဆုံး တစ်လကို ၃၀၀ လောက်နဲ့ ပြီးမှာပါ။ ၀င်ငွေရဲ့ ၁၀% ကိုလည်း အခွန်တော်အဖြစ်နဲ့ မြန်မာသံရုံးကို လစဉ်ပေးသွင်းရပါသေးတယ်။ အဲဒီ့တော့ WPနဲ့ လုပ်နေတဲ့ မြန်မာတစ်ယောက်အနေနဲ့က တစ်လကို ၄၀၀ လောက်စုမိဖို့ဆိုတာ အတော်အတန်ကိုကြိုးစားရမယ့်ကိစ္စပါ။ ၄၀၀ ပဲစုမိတယ်ထားလိုက်ပါ။ သူ့ရဲ့ပွဲစားခအကြွေးကျေဖို့က ၁၀လလောက်စုဖို့လိုပါတယ်။ အကြွေးဆိုတာကလည်း အတိုးက တဖြည်းဖြည်းတက်တက်နေတာဆိုတော့ အနည်းဆုံး၁နှစ်ကျော်လောက်မှ အကြွေးကင်းမယ့်ဘ၀ပါ။ ဒါကလည်းဒီတစ်နှစ်အတွင်းမှာ ဘယ်လိုအနှောင့်ပယောဂမှမ၀င်ဘူးလို့ယူဆပြီးတွက်ချက်ထားခြင်းပါ။ နောက်ပြီးဝင်ငွေကို အမြင့်ဆုံးမှာ ထားပြီး သုံးငွေကိုအနိမ့်ဆုံးအဆင့်နဲ့ တွက်ထားတာပါ။ အကယ်၍များ အကြွေးမကျေခင်မှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ပြုတ်သွားတာမျိုး ဖြစ်သွားပြီဆိုရင် အဲဒီ့လူအနေနဲ့ ကိုယ့်တိုင်းပြည်ပြန်ဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အလုပ်ထပ်ရှာဖို့ကလည်း ထင်သလောက် မလွယ်ပါဘူး။ ပွဲစားကလည်း သူနဲ့မဆိုင်တော့တဲ့အတွက် လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။ အဲဒီ့လိုနဲ့ပဲမြန်မာတော်တော်များများဟာ တရားမ၀င်အလုပ်လုပ်ရတဲ့ Overstay(O) တွေဖြစ်သွားတတ်ကြပါတယ်။
လူလိမ်ပွဲစားနဲ့ တွေ့တဲ့သူရဲ့ အဖြစ်ကတော့ပိုဆိုးပါတယ်။ အချို့ပွဲစားတွေကအလုပ်ရမယ်ဆို ကတိပေးပြီး Social Visit Passနဲ့ခေါ်သွင်းပြီး ဒီရောက်မှအလုပ်သွင်းမပေးနိုင်ပဲ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါတယ်။ အဲဒီ့အခါမျိုးဆိုရင်တော့ အဲဒီ့သူတွေဟာ နိုင်ငံကူးလက်မှတ် (Passport) မှာပါတဲ့ Social Visit သက်တမ်းကုန်တာနဲ့ အိမ်ပြန်ဖို့မဖြစ်နိုင်တာကြောင့် Overstay(O) ဘ၀ကို ချက်ချင်းတန်းရောက်သွားတော့တာပါပဲ။
စင်ကာပူနိုင်ငံမှာကလည်း အချို့သော ကုမ္ပဏီတွေက တရားမ၀င်အလုပ်သမားတွေကို ပိုလိုချင်တတ်ကြပါတယ်။ အကြောင်းကတော့ ပိုက်ဆံပေးရတာနည်းပြီး ဘာမှလည်းတာဝန်ယူစရာမလိုလို့ပါ။ စင်ကာပူနိုင်ငံမှာ တရားမ၀င်အလုပ်သမားအဖြစ်နဲ့ အလုပ်လုပ်ရတာဟာ တကယ့်ကိုအန္တရာယ်များတဲ့ ကိစ္စပါ။ တစ်ခုခုများ ထိခိုက်ဒဏ်ရာရသွားရင် အလုပ်ရှင်ကလည်း တာဝန်မယူသလို၊ ကိုကိုယ်တိုင်ကလည်းဘယ်ဆေးခန်းကိုမှ သွားပြလို့မရပါဘူး။ မတော်တဆများ အသက်ဆုံးရှုံးခဲ့လို့ရှိရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ လူမသိသူမသိနဲ့ လူပါစွန့်ပစ်ခံလိုက်ရရုံပဲရှိမှာပဲ။ ဒါပေမယ့် ဒီလောက် အန္တရာယ်များတဲ့၊ ဘယ်လိုအာမခံချက်မျိုးမှ မရှိတဲ့အလုပ်တွေကို ဘာလို့လုပ်နေကြသလဲ။ အရှင်းဆုံးပြောရရင်တော့ ရွေးစရာလမ်းမရှိလို့ပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကြောင့် သန်းခေါင်ထက်ညဥ့်မနက်နိုင်ပါဘူးလို့ တွေးဆနေကြရလို့ပါ။ မြန်မာနိုင်ငံကိုသာပြန်မယ်ဆိုရင် တင်နေတဲ့အကြွေး SGD၄၀၀၀ ၊မြန်မာငွေသိန်း ၂၀ကျော်ကို သာမန်လက်လုပ်လက်စားတစ်ယောက်အနေနဲ့ ဘယ်လိုမှပြန်ဆပ်ဖို့မလွယ်လို့ပါ။
အထက်မှာဖော်ပြခဲ့တဲ့သတင်းဆောင်းပါးထဲကလို မတော်တဆသေဆုံးပြီးလွှတ်ပစ်ခံထားရတဲ့ တရားမ၀င် အလုပ်သမား တစ်ယောက်ရဲ့ ရုပ်ခန္ဓာဟာ ပိုင်ရှင်မဲ့အဖြစ်နဲ့ ရေခဲတိုက်ထဲမှာပဲရှိနေပြီး ငိုကေးမယ့် သူမရှိပဲသဂြိုလ်လိုက်ရတဲ့ အဖြစ်မျိုးကို ကြားလိုက်ရတဲ့အခါ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ အခြားသောနိုင်ငံတွေမှာ နိုင်ငံကိုယ်စားပြုသံရုံးတစ်ခုကို ဘာကြောင့်ထားကြသလဲ ဆိုတဲ့မေးခွန်းက ကျွန်တော့်ခေါင်းထဲကိုဝင်လာပါတယ်။ သံရုံးတစ်ရုံးဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ ဆောင်ရွက်ရုံသက်သက်ပဲလား။ အခြားနိုင်ငံတစ်ခုမှာ ရှိနေတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ်တာဝန်ယူမှုနဲ့ အကူအညီပေးမှုတွေအတွက်ရော မပါဘူးလား။ ကိုယ်ရောစိတ်ပါ ဒုက္ခဆင်းရဲခံပြီးရှာဖွေထားရတဲ့ လစာငွေတွေထဲကနေ ၁၀ရာခိုင်နှုန်းကို လည်ပင်းညှစ်တောင်းဖို့ သက်သက်အတွက်ပဲလား...။ ကျွန်တော် ... စဉ်းစားရင်း၊ စဉ်းစားရင်း ... အော်ဂလီဆန်လာပါတယ်...။ အမှန်အတိုင်းပြောရမယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးကိုချစ်မြတ်နိုးစိတ်ရှိတဲ့နေရာမှာ ကျွန်တော့်တို့မြန်မာတွေက ရှေ့ဆုံးမှာပါပါတယ်။ တကယ်တမ်းသာကျွန်တော်တို့ ပေးဆောင်နေရတဲ့ အခွန်ငွေတွေကို အမှန်တကယ်ပဲတိုင်းပြည်နဲ့လူမျိုးကောင်းစားရေးအတွက်သာ အသုံးချတယ်ဆိုရင်မပေးချင်တဲ့ သူရှိမယ်မထင်ပါဘူး ...။ အခုတော့ သူတပါးတိုင်းပြည်၊ သူတပါးလူမျိုးရဲ့လက်အောက်မှာ အလုပ်လုပ်ပြီးခြစ်ခြစ်ကုပ်ကုပ်ရှာဖွေထားကြတဲ့ ချွေးနဲစာတွေရဲ့ ၁၀ရာခိုင်နှုန်းကို ဘာမဟုတ်တဲ့ လူနည်းစုလေး shopping ထွက်ဖို့၊ စိတ်အာသာဖြေဖို့တွေအတွက် သုံးနေကြတာကြောင့် အားလုံးကမသတီကြတာပါ...။ ကိုယ့်နိုင်ငံသားတွေအပေါ်တာဝန်ယူမှုတစ်စိုးတစ်စိမျှမရှိတဲ့ သံရုံးတွေကို အလှူခံဌာနလို့ ပြောတာတောင် တော်တော် ယဉ်ကျေးနေပါသေးတယ်။ တကယ်တမ်းက အဲဒီ့အဆင့်ထက်အများကြီး အောက်တန်းကျပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ သတင်းကိုကြားပြီး ၂လလောက်အကြာမှာပဲ မွန်ပြည်နယ်က အမျိုးသားတစ်ယောက်စင်ကာပူနဲ့ မလေးရှားကြားကမြစ်အတွင်းမှာ သစ်လုံးလေးဖက်ပြီး မျောလာတဲ့အကြောင်း၊ သဘောင်္တစ်စင်းရဲ့ အခန်းထဲမှာထားပြီးစင်ကာပူမှာ ရော၊ မလေးရှားမှာပါနေထိုင်ခွင့် မရှိတဲ့အတွက် မြန်မာနိုင်ငံကိုပြန်ပို့စီစဉ်နေတုန်းမှာပဲ... [မြန်မာနိုင်ငံကို မပြန်ဘူး...] လို့စာရွက်ပေါ်မှာ ရေးသွားပြီး မိမိကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ အကြောင်းစတဲ့သတင်းကိုပါ ထပ်ဖတ်လိုက်ရပါတယ်။ ကိုယ်နဲ့ ဆွေမျိုးနီးစပ်တော်သူမဟုတ်ပေမယ့်လဲ ကိုယ့်နိုင်ငံထဲကကိုယ့်လူမျိုးတွေရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်တွေက ကျွန်တော့်ရဲ့ နှလုံးသားကို လာထိပါတယ်။ ဒီလိုလူမျိုးတွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲလို့လဲ ကျွန်တော်ရဲ့ဦးနှောက်က မျိုးစုံစဉ်းစားဖြစ်ခဲ့ပါတယ်...။ ခေါင်းထဲမှာ ဦးနှောက်လဲမရှိ၊ ရင်ဘတ်ထဲမှာ နှလုံးသားလဲမရှိတဲ့ လူအရေခြုံမိစ္ဆာကောင်တွေကတော့ ဒီလိုကိစ္စမျိုးတွေအတွက် မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး ... သရေတမြားမြားနဲ့ ဆီဦးထောပတ်တွေကို ၀ါးမြိုတိတ်ဆိတ်နေကြဦးမှာပါပဲ... ။

Tuesday, March 6, 2007

ဗုဒ္ဓရဲ့အရိပ်အောက်မှာ ...


ဗုဒ္ဓရဲ့အရိပ်အောက်မှာ ...

၃ရက်နေ့မှာ ဘုန်းကြီးဝတ်ပြီး ၇ရက်နေ့မှာလူထွက်တယ်။
အမေကရဟန်းဒါယိကာမ၊ အဖေရယ်၊ ညီရယ်၊ ကျွန်တော်ရယ်က ဘုန်းကြီးဝတ် ...။ အချိန်သိပ်မရလို့ ငါးရက်တည်းဝတ်ရပေမယ့် ကိုယ်တိုင်လည်း ကုသိုလ်ရ၊ မိဘကျေးဇူးဆပ်သလိုလဲဖြစ်လို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဗုဒ္ဓဘာသာကို မိဘတွေကကိုးကွယ်လို့ လိုက်ကိုးကွယ်တာဆိုတဲ့အဆင့်ထက်ပိုပြီး အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးကွယ်တဲ့အဆင့်ရောက်အောင် တရားတော်တွေ မိန့်ကြားညွှန်ပြခဲ့ကြတဲ့ ဗုဒ္ဓရဲ့တပည့်သားသံဃာတော်တွေ၊ ငယ်ငယ်လေးထဲကအခုအချိန်အထိ အလှူရေစက် လက်နဲ့မကွာခဲ့ကြတဲ့ အဖိုး၊အဖွား၊ အဖေ၊ အမေနဲ့ မိသားတစ်စုလုံး၊ နောက်ပြီး ဘုရားရှိခိုးတွေ၊ တရားဒေသနာတော်တွေနဲ့ ပတ်သက်တဲ့ကဗျာတွေ၊ စာတွေ၊ ပုံတိုပတ်စလေးတွေကို သင်ပြဆုံးမခဲ့ကြတဲ့ ဆရာ၊ ဆရာမအပေါင်းတွေရဲ့ ကြီးမားတဲ့ကျေးဇူးတရားတွေကိုလည်း နားလည်ခံစားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရခြင်းကိုကပဲ ရခဲလှတဲ့လူ့ဘ၀ထဲက ရခဲလှတဲ့ဆုလဒ်တစ်ခုဖြစ်တယ်လို့လဲ ယုံယုံကြည်ကြည်ကိုသိမြင်ခဲ့ရပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာလူငယ်များအားလုံးကိုလည်း ရတနာသုံးပါးကိုဦးထိပ်ပန်ဆင်ဖို့၊ အနန္တော အနန္ဒငါးပါးကို မမေ့ဖို့ နဲ့ ရရင် ရတဲ့အချိန်လေးမှာ ကုသိုလ်ကောင်းမှုတွေ တတ်နိုင်သလောက်လုပ်ကြဖို့ တိုက်တွန်းရင်း ဗုဒ္ဓဘာသာကိုလည်း မိရိုးဖလာကိုးကွယ်တယ်ဆိုတာထက်ပိုပြီး သိနိုင်၊ မြင်နိုင်၊ ကျင်ကြံနိုင်အောင် ကြိုးစားကြပါလို့တဆက်တည်းပြောလိုက်ပါရစေ ...။