Pages

Friday, April 27, 2007

နောက်ဆုံးသောည



နောက်ဆုံးသောည


သီချင်းဆိုချင်တယ်
အဲဒီ့စိတ်တစ်ခုနဲ့ ဂစ်တာလေးရင်ခွင်ထဲအရောက်
လက်တွေက ...
အလွတ်ရနေပြီးသားကော့ဒ်တွေကို ဖမ်းထောက်ကြတယ်
အလွမ်းရဲ့ည ... တဲ့။

သိုက်သိုက်ဝန်းဝန်းပါပဲ
ငါနဲ့ ငါ့ရင်ခုန်သံအစစ်တွေ
မိုးစက်တွေအောက်မှာ တဖျစ်ဖျစ်လောင်ကျွမ်း
အဲဒီ့ညနေတစ်ခုလုံး
ငါလွမ်းနေတာ ...
အစိမ်းရောင်တွေရင်တစ်ခွင်လုံးလွှမ်းလို့ ...။

မနက်ခင်း ...
နေကပေးတဲ့အရောင်နဲ့လင်းလာတယ်
လဲ့လဲ့စင်စင်ပါပဲ
ငါ မမြင်တော့တာကလွဲရင်ပေါ့ ...။ ။

နေဘုန်းလတ်


စိတ်တွေအရမ်းမွမ်းကျပ်လာတဲ့အခါမျိုးမှာ ဒီကဗျာလေးထဲကအတိုင်း မိုးရွာကြီးထဲ ဂီတာထိုင်တီးချင်မိတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့လဲ မလုပ်ဖြစ်ပါဘူး။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ ဘ၀တစ်ခုအပေါ် ပုံသဏ္ဍာန်တစ်ခုခုနဲ့ ကျွန်တော်ညိတွယ်မိနေဆဲလေ။

Tuesday, April 24, 2007

10 weird things about me

ညီညီ(သံလွင်) က ကျွန်တော့်ကိုလာ tag တယ်။ ဘာရယ် ညာရယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ပျော်စရာကောင်းတယ်။ ကိုယ့်အားနည်းချက်အချို့ကို ဖော်ထုတ်ပြသလိုဖြစ်ပေမယ့် ... သူငယ်ချင်းတွေကို ယုံကြည်စိတ်ချစွာနဲ့ပဲ ဖွင့်ဟလိုက်တယ်။ ကဲ ... အားလုံး ရှုစားတော်မူစေသော် ...

၁။ အရမ်းအားနာတတ်တယ် (မိန်းကလေးမဟုတ်လို့တော်သေး ... အားနာတိုင်းခါးပါမသွားလို့၊ ဒါပေမယ့် ပေးလိုက်ရတာတွေတော့ရှိတယ်။)
၂။ ဘောနဲ့ ကောင်မလေးဆိုရင် ဘောကိုဦးစားပေးတတ်တယ်။ (ဘောဆိုတာ ဘောလုံးပွဲကိုပြောတာနော်၊ ဘောပွဲက လွတ်သွားလို့ ကိုယ့်ကိုပြန်ကန်ပြမှာမှမဟုတ်တာ။)
၃။ အကူအညီလာတောင်းလို့ကတော့ ခေါင်းခါဖို့အရမ်းဝန်လေးတတ်တယ်။ (နောက်မှ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သူလို တဗွမ်းဗွမ်းနဲ့ ... )
၎။ တစ်နေ့လာလဲဒါ တစ်နေ့လာလဲဒါ ဆိုတဲ့အလုပ်မျိုးကို ငြီးငွေ့တတ်တယ်။ (အခုတော့ ဆိုင်ကဗိုင်းရပ်တွေလိုက်သတ်နေရတာ တစ်နေ့တစ်မျိုး လက်ကိုမလည်ရဘူး)
၅။ ဒီတစ်ခုက ညီညီနဲ့နဲနဲဆင်တယ်၊ ဂဏန်းလေးလုံးပါတဲ့ ကားနံပါတ်တွေမြင်တိုင်း လိုနေတဲ့ တစ်လုံးကိုဖြည့်ပြီး ဘူကြီးလိုက်တွဲတတ်တယ်။ (ဒါတောင် အချို့ကားနံပါတ်တွေက ကြိုက်တဲ့ တစ်လုံးထပ်ထည့်တာတောင် ဘူကြီးမဖြစ်ဘူး။ ဥပမာ။ ။ ၃၉၆၀ )
၆။ မဂ္ဂဇင်းတွေကို အနောက်ဖက်ဆုံးစာမျက်နှာကနေစဖတ်တတ်တယ်။ (ပုံတွေပဲများလို့ထင်တယ် ဖတ်ရတာအဆင်ပြေပါတယ်)
၇။ စိတ်အရမ်းညစ်တဲ့အခါကျရင် ဟမ်းဖုန်းကြီးလဲပိတ်၊ မေးလ်တွေဘာတွေလဲမစစ်တော့ပဲ လုပ်ချင်ရာတွေလျှောက်လုပ်တတ်တယ်။ (မကောင်းတာတော့မလုပ်ပါဘူး၊ ကောင်းတာလေးတွေပဲရွေးလုပ်တာ။)
၈။ ကိန်းဂဏန်းတွေကို မှတ်တဲ့ မှတ်ဥာဏ်နဲနဲချို့ယွင်းနေတယ်။ ( ကောင်မလေးရဲ့ မွေးနေ့ကို မမှတ်မိလို့ ပြဿနာတတ်တာအခါခါပဲ)
၉။ နောက်နေ့ရွှေ့လိုရသောအလုပ်ကို ဒီနေ့မလုပ်ပါနှင့်ဆိုတဲ့စကားကိုလက်ကိုင်ထားတယ်။ (အဲဒီ့လို ပျင်းတာ)
၁၀။ တစ်ခုခုကို အမိန့်ပေးတဲ့လေသံမျိုးနဲ့ပြောရင် သောက်တလွဲတွေပဲ ရွဲ့ပြီးလျှောက်လုပ်တတ်တယ်။ ( အဲဒီ့လို လွတ်လပ်မှုကို မြတ်နိုးတာ)

ဘယ်သူ့ကို ပြန်tag ရမှန်းလဲမသိဘူး။ အားလုံးက tag ခံထားရပြီးသားသူတွေဖြစ်နေရင် ဒုက္ခ။ နဲနဲပျင်းလိုက်မယ်ဗျာ စည်းကမ်းဖောက်တာတော့မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှမ tag တော့ဘူး။

Tuesday, April 17, 2007

နှစ်သစ်ကိုကြိုတဲ့ပိတောက်



နှစ်ဆန်းတစ်ရက်နေ့ရောက်မှပဲ ပိတောက်တွေလဲ လှိုက်လှိုက်လဲလဲပွင့်ကြတော့တယ် ...။ ပိတောက်တွေက နှစ်သစ်ကို ချိုအီမွှေးမြတဲ့ရနံ့နဲ့ ကဗျာဆန်ဆန်လေးကြိုလိုက်ကြပြီ။ ကျွန်တော်တို့လူသားတွေကရော ...? အစကောင်းမှအနှောင်းသေချာမယ်ဆိုတဲ့စကားအတိုင်း ကောင်းသောစတင်ခြင်းတွေနဲ့ နှစ်သစ်တစ်ခုကိုဖွင့်လှစ်ကြမယ်လို့တော့ အားလုံးကိုယ်စီရဲ့ စိတ်ထဲမှာရှိကြလိမ့်မယ် ...။ ဒါပေမယ့် အစကောင်းခဲ့ရုံနဲ့ အနှောင်းပိုင်းကာလတွေအတွက် တကယ်ကိုသေချာသွားစေခဲ့သလား ...။ နှစ်ဟောင်းတစ်ခုထဲက အညစ်အကြေးတွေကို သင်္ကြန်ရေတွေက အမှန်တကယ်ဆေးကြောပေးနိုင်ခဲ့ရဲ့လား ...။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေပေါ်ကို လောင်းချလိုက်တဲ့ သင်္ကြန်ရေတွေက ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေကိုရော အမှန်တကယ်အသစ်ဖြစ်စေခဲ့ရဲ့လား ...။ သဘာဝအတိုင်း အသစ်ဖြစ်သွားတဲ့ အချိန်ကာလတစ်ခုထဲကို ဘယ်သူတွေက အဟောင်းအတိုင်းကြီး ကူးပြောင်းဝင်ရောက်သွားခဲ့ကြသလဲ ...။ သင်္ကြန်ဆိုတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုမှာ မြန်မာ့ရိုးရာဆိုတဲ့ အငွေ့အသက်တွေနဲ့ ကျွန်တော်တို့ထိတွေ့ခွင့်ရခဲ့ရဲ့လား ။ ကျွန်တော်အားလုံးကိုမေးချင်နေမိတယ် ...။
ဘာပဲပြောပြော ... သင်္ကြန်ကတော့ ပိတောက်ပန်းတွေနဲ့အတူ မေးခွန်းတွေများစွာကိုကျွန်တော့်ရင်ထဲ ထည့်ပေးထားခဲ့ပြီး လက်ပြထွက်ခွာသွားခဲ့ပြန်ပါပြီ။

Sunday, April 8, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ဖြစ်ရပ် ၆)

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များဆိုတဲ့ ဆောင်းပါးလေးဟာ စံပယ်ဖြူမဂ္ဂဇင်းမှာ ရေးခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ...။ ဒီ post လေးတွေထဲက ဆရာနဲ့ ကျောင်းသားတွေ ရဲ့အဖြစ်အပျက်လေးတွေဟာ လူ့လောကထဲမှာ နိစ္စဓူဝ ဖြစ်ပျက်နေကြတဲ့အဖြစ်အပျက်လေးတွေနဲ့ဆင်တူပါတယ်။ သိပ်ကြီးကြီးမားမားသင်ခန်းစာတွေမဟုတ်ရင်တောင် အတွေးလေးတစ်စဖြစ်ဖြစ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဖြစ်ရပ် (၆)
ဆရာက ကျောင်းသားတစ်ယောက်ကို မတ်တတ်ရပ်ခိုင်းပြီး မေးပါတယ်။
[အဖြူရောင်မဟုတ်ရင် ဘာလဲကွ]
ကျောင်းသားက သေသေချာချာမစဉ်းစားဘဲ ပြန်ဖြေပါတယ်။
[အဖြူမဟုတ်ရင် အမည်းပေါ့ ဆရာ]
ဆရာက ခေါင်းခါပါတယ်။ ပြီးတော့ ဒီလိုပြောပါတယ်။
[အဖြူမဟုတ်ရင် မဖြူတာတွေ အားလုံးဖြစ်နိုင်တာပေါ့ဟ]
ကျွန်တော်တို့လည်း လူ့လောကထဲက ပြဿနာရပ် တော်တော်များများမှာ အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (possibility) များစွာကို မစဉ်းစားမိဘဲ၊ ဆန့်ကျင်ဘက်အမြင် (negative view) တွေကိုသာ ရုတ်တ ရက် စဉ်းစားမိတတ်ကြပါတယ်။ ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ့ အခြားလူပေးလာတဲ့ အဖြေတစ်ခုနဲ့ ကိုက်ညီမှုမရှိတဲ့အခါမျိုးမှာ ကျွန်တော်တို့အားလုံးဟာ သူ မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ကြ ပါတယ်။ တကယ်ဆို သူ အခြေခံပြီးစဉ်းစားတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် သူ့ရဲ့အဖြေကလည်း မှန်နိုင်တာပဲလေ။ ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (the way of thinking) အပေါ် မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ် ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေကို ကျွန်တော်တို့ နားလည်ထားရပါမယ်။ ဒါမှ ငါမှန်တယ်၊ မင်း မှားတယ်ဆိုတဲ့အမြင်တွေက လွတ်မြောက်ပြီး ငါလည်းမှန်တယ်၊ မင်းလည်း မှန်တယ် ဒါပေမဲ့ ဘယ်သူ့ရဲ့ လမ်းကြောင်းက ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ။
ကျွန်တော်ရဲ့ စိတ်ကူးထဲမှာရှိတဲ့ စာသင်ခန်းလေးထဲက ဆရာတစ်ယောက်နဲ့ ကျောင်းသားတွေရဲ့ ဖြစ်ပျက်နေကြတဲ့ ဖြစ်ရပ်လေးတွေကနေ အတွေးနယ်ချဲ့ကြည့်မိတာပါ။ လူမှုဆက်ဆံရေးတွေကို ပြေလည်စေဖို့၊ ပြဿနာဆိုတဲ့ စကားလုံးနဲ့တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို့၊ နောက် ...နောင်တတွေ ခဏခဏ မရဖို့၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို့ ကျွန်တော့်ရဲ့စိတ်ကူး စာသင်ခန်းလေးက သင်ခန်းစာ တစ်စွန်းတစ်စတွေ ပေးနိုင်မယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။

Monday, April 2, 2007

မန္တလေးသို့ ခဏတဖြုတ်




စာတွေချည်းပဲဖတ်နေရတာ ပျင်းနေကြမှာစိုးရိမ်လို့ ပြီးခဲ့တဲ့လက မန္တလေးရောက်တုန်းလေးရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
အလုပ်ကိစ္စကပါနေလို့ ဘုရားကမန်းကတမ်းဖူးရင်း ရိုက်ခဲ့ရတာမို့ ကြည့်ရတာ သိပ်အဆင်မပြေရင်ခွင့်လွှတ်ကြပါလို့ ...။

Sunday, April 1, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ဖြစ်ရပ် ၅)

ဖြစ်ရပ် (၅)
ဆရာက ကျောင်းသားတွေကို အဖြူရောင်စာရွက်တစ်ရွက် ထောင်ပြပြီး ဒါ ဘာအရောင်လဲလို့ မေးပါ တယ်။ ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်။
[အဖြူရောင်ပါ ...]
ဆရာက white board ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို့ မေးပြန်ပါတယ်။ ကျောင်းသားအားလုံးကလည်း မဆိုင်းမတွဘဲ ဖြေလိုက်ကြပြန်ပါတယ်။
[အဖြူရောင်ပါ ...]
အဲဒီနောက်မှာတော့ ဆရာက ခုနစာရွက်ကို whiteboard မှာ ကပ်ပြပြီး ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို့ မေးလိုက်ပါတယ်။ ကျောင်းသားအားလုံးရဲ့ ပါးစပ်တွေ ဆွံ့အသွားပါတော့တယ်။
ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကို ကျွန်တော်တို့ တွေ့မြင်နိုင် ပါတယ်။ လူတစ်ယောက်က ချမ်းသာမယ်။ နောက်တစ်ယောက်က ပိုချမ်းသာမယ်။ နောက်တစ်ယောက်က ပိုပြီး ချမ်းသာမယ် စသည်ဖြင့်ပေါ့ ... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်းမရှိသလို အစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကြောင့် ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့ သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို့ လိုပါတယ်။ ဒီလိုမှလည်း နည်းလမ်းကျပြီး မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ။