Pages

Tuesday, February 27, 2007

အနုပညာရှင်


အနုပညာရှင်

ဂီတသမားလေးရဲ့ ဖျော်ဖြေမှုကြောင့် သူဌေးကြီးအတော်လေးကို သဘောကျကျေနပ်သွားတယ်။
[မင်းရဲ့တေးသံဟာ ငါ့ကိုကြည်နူးမှုတွေ၊ ငြိမ်းအေးမှုတွေ၊ သာယာကျေနပ်မှုတွေပေးတယ်ကွာ၊ အဲဒီ့အတွက် မင်းဘာလိုချင်လဲပြော ]
သူဌေးကြီးကအဲဒီ့လိုပြောတော့ ဂီတသမားလေးက တစ်ချက်ပြုံးပြီး တည်ငြိမ်အေးဆေးစွာနဲ့ပြန်ပြောလိုက်တယ်။
[ကျွန်တော် လိုချင်တာတွေကို သူဌေးကြီးဆီကနေရပြီးပါပြီ။ ကျေးဇူးတင်ပါတယ်]
ဂစ်တာလေးကိုလွယ်ပြီး ထထွက်သွားတဲ့ ကောင်လေးကို အားလုံးက ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်လို့ ...

ကဗျာလေးတွေ၊ စာလေးတွေ ရေးတတ်စအရွယ်တုန်းက သူငယ်ချင်းတွေနဲ့စုပြီး ကဗျာစာအုပ်လေးတွေထုတ်သလို၊ တစ်ကိုယ်တော် စာအုပ်လေးတစ်အုပ်လည်းထုတ်ခဲ့ဖူးပါတယ်။ အဲဒီ့စာအုပ်လေးကို ရှင်သန်ခွင့်၏စေလိုရာ လို့နာမည်ပေးခဲ့ပြီး နွေလေဆိုတဲ့နာမည်နဲ့ထုတ်ခဲ့တာပါ။ အဲဒီ့စာအုပ်လေးထဲမှာ ကဗျာလေးတွေနဲ့ ကိုယ်တိုင်ရေးစာတိုပေစလေးတွေပါပါတယ်။
အထက်က အတွေးအပိုင်းအစလေးလဲအပါအ၀င်ပေါ့။ ဒါလေးကိုဖတ်မိတဲ့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးပါတယ်။ နင့် စာကလည်း အဆုံးမရှိအစမရှိနဲ့တဲ့ ...။ သူ ... ကျွန်တော်ဆိုလိုတာကို သဘောမပေါက်လို့ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ အဲဒီ့စာအုပ်လေးမှာတုန်းက အနုပညာရှင် ဆိုတဲ့ခေါင်းစဉ်လေးကို ကျွန်တော်မပေးခဲ့လို့လဲဖြစ်နိုင်ပါတယ်။ အခုတော့ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။

Monday, February 26, 2007

အမြင်


အမြင်

ကျီးကန်းတစ်ကောင်ကပြောတယ် ...
[ကောင်းကင်ကြီးက ပြာတယ်ကွ]
ဇီးကွက်က ကျီကန်းရဲ့အဆိုကိုငြင်းဆန်ပြီး သူရဲ့အမြင်ကိုပြောတယ် ...
[ကောင်းကင်ဆိုတာ အမဲေ၇ာင်ကြီးပါကွာ]
အဲဒီ့အချိန်မှာ လင်းနို့်တစ်ကောင်ေ၇ာက်လာပြီး သူတို့နှစ်ကောင်စလုံးရဲ့ စကားတွေကို ပယ်ချလိုက်တယ် ...
[ကောင်းကင်ဆိုတာ တကယ်မရှိပါဘူးကွာ]


လွန်ခဲ့တဲ့ ၅နှစ်လောက်တုန်းကရေးခဲ့ဖူးတဲ့ အတွေးအပိုင်းအစလေးတစ်ခုပါ။
အမှန်တရားဆိုတာဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကွဲပြားဖြစ်တည်နေနိုင်တယ်ဆိုတာရယ်၊ လူတစ်ဦးချင်းဆီရဲ့ အမြင်တွေဟာ သူတို့ကျင်လည်ရာပတ်ဝန်းကျင်နဲ့ သူတို့ရဲ့စိတ်အခြေခံတွေအပေါ်မှာမူတည်ပြီး မတူညီမှုတွေရှိနိုင်တယ်ဆိုတာရယ်ကို ပြောချင်တာပါ။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ် ... သူတို့သုံးကောင်လုံး အဲဒီ့လိုဆုံကြတဲ့အချိန်မှာ ကောင်းကင်ကို မော့ကြည့်လိုက်ကြဖို့ သတိမရကြလို့ဖြစ်ပါလိမ့်မယ်။ ကျီးကန်းနဲ့ ဇီးကွက်က ကောင်းကင်ကိုခဏလောက်ဖြစ်ဖြစ်မော့ကြည့်လိုက်ကြပြီး လင်းနို့ကိုလည်း အဖြစ်မှန်ကိုရှင်းပြနိုင်မယ်ဆိုရင် သဘောထားကွဲလွဲနေမှုတွေပျောက်ပြီး အားလုံးအမှန်ကိုမြင်သွားကြလိမ့်မယ်လို့ယူဆ၇ပါတယ်။ ကျွန်တော်တို့လူတွေလဲ တခါတလေမှာ သူတို့လိုဖြစ်တတ်ကြပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အချို့သော သဘောထားကွဲလွဲမှုတွေမှာ ကိုယ့်အယူအဆတွေကိုခဏဘေးချထားပြီး အခြားသူရဲ့ဘက်ကနေခဏ၀င်ပြီးကြည့်ပေးနိုင်ဖို့လိုလိမ့်မယ်ဆိုတာပါ။

Saturday, February 24, 2007

တန်ဖိုး

၀၅.၀၇.၀၆ ရက်နေ့တုန်းကရေးခဲ့ဖူးတဲ့ အက်ဆေးလေးတစ်ခုပါ။ ကျောင်းမှာ တုန်းက သူငယ်ချင်းတစ်ယောက် ကျွန်တော်လက်စွပ်ဝတ်တာကို အဲဒီ့အက်ဆေးလေးထဲကလို ကဲ့ရဲ့ခဲ့ဖူးပါတယ်။ အဲဒီ့အချိန်တုန်းက ကျွန်တော်တွေးမိတာလေးတွေကို ပြန်သတိရပြီး ရေးဖြစ်ခဲ့တာပါ။ ဖတ်ကြည့်ပြီး
ဝေဖန်ကြပါဦး။ ဒီအက်ဆေးလေးထဲက အိုင်ဒီယာလေးနဲ့ပတ်သက်ပြီး ကျွန်တော် ဒီ့ထက်ပိုပြီး ရေးချင်ပါသေးတယ်။ ဥပမာ ... တိုင်းပြည်ကိုကာကွယ်သူတစ်ယောက်ရဲ့လက်ထဲက သေနတ်တစ်လက်နဲ့ တိုင်းပြည်ကိုဖျက်ဆီးနေသူတစ်ယောက်ရဲ့လက်ထဲက သေနတ်တစ်လက်တို့ရဲ့ တန်ဖိုးမတူညီဘူးဆိုတာမျိုးပေါ့ ...။

တန်ဖိုး

ကျွန်တော် ၈တန်းကျောင်းသားဘ၀တုန်းက မေမေမွေးနေ့လက်ဆောင်ပေးထားတဲ့ ရွှေလက်စွပ်လေးကိုဝတ်ပြီး ကျောင်းကိုသွားခဲ့ဖူးပါတယ်။ ဘာရယ် ညာရယ်မဟုတ်ပါဘူး ... လက်စွပ်လေးကလဲ ကျွန်တော့်ရဲ့ဘယ်ဘက်လက်သန်းကြွယ်မှာ ငြိမ်ငြိမ်လေးနေနေသလို၊ ကျွန်တော်ကလည်း သူ့ကိုသိပ်ဂရုမစိုက်မိခဲ့ပါဘူး ...။ ဒါပေမယ့် ... ကျွန်တော့်ရဲ့ လက်စွပ်ကလေးကို ဂရုစိုက်မိတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြောပါတယ်။
[ ငါတို့လိုကျောင်းသားတွေအတွက်တော့ အဲဒီ့ရွှေလက်စွပ်ဟာ ဒီဘောလ်ပင်တစ်ချောင်းလောက်တောင် တန်ဖိုးမရှိပါဘူးကွာ ...]
သူ ဘာသဘောနဲ့ပြောတယ်ဆိုတာ ကျွန်တော်နားမလည်ပေမယ့် ... သူ့စကားကြီးက သိပ်သဘာဝမကျဘူးလို့ခံစားလိုက်မိပါတယ်။ ကျွန်တော် သူ့ကိုဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ... စိတ်ထဲမှာ စဉ်းစားမိတာက ...
[ ဒီလက်စွပ်နဲ့ ဘောလ်ပင်တစ်ချောင်းလိုချင်ရင် အချိန်မရွေးလဲယူလို့ရနိုင်တယ် ... လက်စွပ်ကိုလိုချင်ရင်တော့ ဒီဘောလ်ပင်နဲ့ လဲယူလို့မရနိုင်ဘူး ] လို့ ...
အဲဒီ့နေ့မှာပဲ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ် ...။ ကျွန်တော်တို့ ကျောင်းဆင်းချိန်မှာပါ ...။ မိုးတွေကသဲကြီးမဲကြီးရွာချနေတယ်။ ကျောင်းဝင်းအပြင်ဘက်ကို ကျွန်တော်တို့ရောက်ရောက်ခြင်းမှာပဲ စူးစူးရဲရဲ အော်သံတစ်ခုကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ... ကလေးငယ်တစ်ယောက် လမ်းပေါ်စီးနေတဲ့ရေတောထဲမှာ ငိုယိုအော်ဟစ်လို့ ...။ ကျွန်တော်တို့တွေ အပြေးအလွှားသွားကြည့်တော့ ရေတွေဖုံးနေလို့ မမြင်ရတဲ့ ချိုင့်ထဲကိုနင်းမိပြီး ခြေထောက်ခေါက်သွားလို့ ကလေးရဲ့ခြေထောက်ကြီးက ယောင်ကိုင်းနေတယ်။ လဲအကျမှာ လက်ထောက်လိုက်လို့ထင်ရဲ့ လက်ဖျံမှာလဲ လက်ငါးလုံးလောက် ပွန်းပဲ့သွားပြီး သွေးသံရဲရဲနဲ့ ...။ ကလေးကလည်း ငို၊ ကလေးအမေရဲ့မျက်နှာကိုကြည့်တော့လည်း ဇီးရွက်လောက်ပဲရှိတော့တယ် ...။ အဲဒါနဲ့ပဲ ကျွန်တော်တို့ ကားတစ်စီးကို အမြန်တားပြီး ဆေးရုံသွားကြမယ်လို့ပြင်တော့ ... ကလေးအမေက မျက်နှာငယ်လေးနဲ့ပြောတယ်။
[ ပိုက်ဆံမရှိဘူး ...] တဲ့။
အဲဒါနဲ့ ကျွန်တော်လဲ သူတို့ကိုဆေးရုံပို့ထားခဲ့ပြီး ... နီးစပ်ရာအပေါင်ဆိုင်တစ်ခုမှာ လက်စွပ်လေးကိုသွားပေါင်လိုက်တယ်။ ရတဲ့ငွေနဲ့ လောက်လောက်ငငဖြစ်သွားတော့မှ ကျွန်တော်တို့လဲ စိတ်အေးရတော့တယ်။ ကလေးအမေကလည်း ကျေးဇူးတင်စကားတွေ တဖွဖွပြောရင်း ပိုက်ဆံကို တနည်းနည်းနဲ့ ပြန်ဆပ်မယ့်အကြောင်းတွေပြောတယ်။
[ ရပါတယ် အန်တီ၊ ပြန်ပေးစရာမလိုပါဘူး ...]
အားလုံးပြီးဆုံးသွားတဲ့နောက်မှာ ... ကျွန်တော်တို့သူငယ်ချင်းတစ်စုလည်း ဆေးရုံပေါ်ကဆင်းပြီး လမ်းမပေါ်ကိုပြန်ရောက်လာကြတယ်။ မိုးက အခုတော့ သူမဟုတ်သလိုပါပဲ ...။ မနက်တုန်းက ကျွန်တော့်ရဲ့လက်စွပ်လေးနဲ့ပတ်သက်ပြီး ဘောလ်ပင်တစ်ချောင်းလောက်တောင် တန်ဖိုးမရှိဘူးလို့ပြောတဲ့ သူငယ်ချင်းက ကျွန်တော့်ကို ပြန်ပြီးတောင်းပန်တယ်။ ကျွန်တော်က ဘယ်လိုမှသဘောမထားပါဘူး။ ဒါပေမယ့် ... သူ့ရဲ့အမြင်တွေရှင်းသွားအောင် စကားတစ်ခွန်းတော့ပြောဖြစ်ခဲ့တယ်။
[ အရာဝတ္ထုတစ်ခုရဲ့တန်းဖိုးဆိုတာ သူ့ရဲ့ပိုင်ရှင်က သူ့ကိုဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါကွာ ...]

နေဘုန်းလတ်

Thursday, February 22, 2007

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၂)

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၂)

ကိုငှက်ဟာ ညီလေးရေဆိုပြီး သီချင်းနှစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ ညီလေးရေ(၁) နဲ့ (၂) ပါ။ နှစ်ပုဒ်စလုံးကိုကြိုက်ပေမယ့် (၂)ကိုနဲနဲပိုကြိုက်ပါတယ်။ အဲဒီ့သီချင်းလေးမှာ ကိုငှက်က ကျွန်တော်တို့လူငယ်ထုတစ်ခုလုံးကို စကားတွေအများကြီးပြောထားပါတယ်။
တန်ဖိုးရှိတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ကိုငှက်ရဲ့စကားတွေကို ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ စိတ်ထဲကိုထည့်ထားသင့်တယ်လို့ ကျွန်တော်ကတော့ယူဆပါတယ်။ သီချင်းလေးနဲ့ပြောတဲ့ ကိုငှက်ရဲ့စကားတွေကို ကျွန်တော်ကြားသလို လိုက်နာဖို့လဲကြိုးစားနေတဲ့အကြောင်း ကိုငှက်ကိုတိုင်တည်ပြီး ဆောင်းပါးလေးတစ်ပုဒ်ရေးခဲ့မိပြန်ပါတယ်။ သံလွင်အိပ်မက်အမှတ်(၃)မှာပါ။ သီချင်းငှက်၏စေညွှန်ရာလို့ နာမည်ပေးထားပါတယ်။ အောက်က လင့်ခ်လေးကိုသွားပြီးဖတ်ကြည့်ကြပါဦး။

သီချင်းငှက်၏စေညွှန်ရာ

Wednesday, February 21, 2007

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၁)

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၁)

ကျွန်တော်ဟာ သီချင်းတွေကိုကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် မြန်မာအဆိုတော်တွေထဲကဆို ထူးအိမ်သင်ကိုကြိုက်ပါတယ်။ ထူးအိမ်သင်ရဲ့သီချင်းတွေကို ကျွန်တော် နားထောင်ခံစားတာထက်ပိုပြီး နှစ်ခြိုက်ခဲ့ဖူးပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ဧရာဝတီမြစ်ကြီးအကြောင်းကိုရေးဖွဲ့သီဆိုထားတဲ့ ရာဇ၀င်များရဲ့သတို့သမီးဆိုတဲ့သီချင်းလေးကို နားထောင်အပြီးမှာ ကိုငှက်(ထူးအိမ်သင်)ကို စကားလေးတွေပြောချင်တဲ့စိတ် ရင်ထဲပေါက်ဖွားလာတာနဲ့ပဲ တေးခံစားမှုဆောင်းပါးလေးတစ်ပုဒ်ကိုရေးဖြစ်ခဲ့ပါတယ်။
ရာဇ၀င်ထဲကမြစ်တစ်စင်းလို့ ကျွန်တော်အမည်ပေးထားတဲ့အဲဒီ့ဆောင်းပါးလေးဟာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းကိုပို့ခဲ့ပေမယ့် စီစစ်ရေးရဲ့ အများပြည်သူကိုတင်ပြရန်မသင့်ဆိုတဲ့စာရင်းထဲမှာပါခဲ့ပြီး အပယ်ခံခဲ့ရတာကတော့ တကယ့်ကိုမှတ်မှတ်ရရပါပဲ။ ကျွန်တော်ဘာတွေများမဟုတ်မဟတ်တွေရေးခဲ့လို့လဲဆိုတာကို အောက်ပါလင့်ခ်လေးကိုသွားပြီးဖတ်ကြည့်ကြပါဦး။ သံလွင်အိပ်မက် အမှတ် (၂) မှာပါ။

Click here to read the article

Monday, February 19, 2007

ကျွန်တော်နှင့်အရောင်များ

ပိတောက်မြေမဂ္ဂဇင်း
အမှတ်(၃၀)၊ အောက်တိုဘာလ၊ ၂၀၀၅ခုနှစ် မှာပါခဲ့တဲ့ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ လူငယ်တစ်ယောက်ရဲ့ဘ၀ထဲမှာစိမ့်ဝင်ရောပါနေကြတဲ့ အရောင်တွေနဲ့ အဲဒီ့အရောင်တွေနဲ့ပတ်သက်တဲ့ လူငယ်တစ်ယောက်ရဲ့ခံစားချက်တွေအကြောင်းကို ရေးဖွဲ့ထားတာပါ။ ဖတ်ကြည့်ပြီးဝေဖန်ပေးကြပါဦး။


ကျွန်တော်နှင့်အရောင်များ

လောကထဲမှာ အရောင်တွေကတော့ သူ့ဖာသာသူရှိနေကြတာပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းလေ လူတွေနဲ့တွေ့တော့ သူတို့လည်း အမည်တပ်ခံရ၊ အဓိပ္ပါယ်တွေဖွင့်ဆိုခံလိုက်ကြရတယ်။ အဲဒီ့လို ... အဓိပ္ပါယ်တွေကိုယ်စီ စိမ့်ဝင်နေကြတဲ့ အရောင်မျိုးစုံနဲ့ ဘ၀မှာ လူတိုင်းကျွမ်းဝင်ဖူးခဲ့ကြမှာပါ ...။ ကျွန်တော့်ရဲ့ စိတ်ကိုလည်း အရောင်တွေက အတိုင်းအတာတစ်ခုအထိလွှမ်းမိုးခဲ့ဖူးပါတယ်။ အသက်အရွယ်အလိုက် ဘ၀ကိုဖြတ်သန်းရပုံတွေ မတူခြားနားလာခြင်းနဲ့အညီ ကျွန်တော့်ရဲ့ အရောင်တွေအပေါ် ကြိုက်နှစ်သက်မှု တွေကလည်း အမြဲ ပြောင်းလဲ နေခဲ့တယ်လေ ...။
ကျွန်တော့်ရဲ့ငယ်ဘ၀တွေကတော့ အဖြူရောင်နေ့စွဲတွေပဲပေါ့။ အဖြူအစိမ်းဝတ်စုံလေးကို ၀တ်ဆင်ပြီး ကျောင်းတက်နေရတဲ့ကာလတွေမှာ ကျွန်တော့်ရဲ့စိတ်ကို အဖြူဆိုတဲ့အရောင်တစ်ခုတည်းက လွှမ်းမိုး နေခဲ့တာလေ။ အစိမ်းရောင်ကိုသိပ်သဘောမကျလှပေမယ့် မေမေအသန့်စင်ဆုံးလျှော်ဖွတ်ပေးထားတဲ့ အဖြူရောင်အင်္ကျီလေးတွေနဲ့ ကျောင်းကို ကြော့ကြော့မော့မော့လေးထွက်သွားရတာကိုပဲ ကျွန်တော်သာယာ ကျေနပ်နေခဲ့တယ်။ အဖြူရောင်အင်္ကျီလေးနဲ့လိုက်ဖက်ညီစွာပဲ ကျွန်တော်တို့ရဲ့ စိတ်တွေဟာလည်း ဖြူစင်နေဆဲလေ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အင်္ကျီလေးတွေ အမြဲတမ်းဖြူဖွေးသန့်စင်နေစေဖို့ မေမေက နေ့တိုင်းလျှော်ဖွတ်ပေးနေရတယ်ဆိုတာ နဲ့ သေသေချာချာဂရုစိုက်မထိန်းသိမ်းရင် အချိန်မရွေးစွန်းထင်း ညစ်ပေသွားနိုင်တယ်ဆိုတဲ့အချက်တွေကို ငယ်ရွယ်သေးတဲ့ ကျွန်တော် မစဉ်းစားခဲ့မိသေးတာ အမှန်ပါ။
အထက်တန်းကျောင်းအပြီး တက္ကသိုလ်မြေကို ခြေချတဲ့အခါမှာလည်း ကျွန်တော်ဟာ အဖြူရောင် အင်္ကျီလေးတွေကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်လေ့ရှိခဲ့ပါတယ်။ တစ်နေ့ ကျွန်တော်ကျောင်းကပြန်အလာ လိုင်းကားပေါ် ကစက်ဆီတွေစွန်းထင်းလာတဲ့ အင်္ကျီအဖြူလေးကို ကြည့်ပြီး မေမေကပြောတယ် ...
`သား ... အင်္ကျီအဖြူတွေ သိပ်မ၀တ်နဲ့လေ၊ ဟိုဟိုဒီဒီ သွားရပါများလားတဲ့အခါ အင်္ကျီအဖြူနဲ့ မကိုက်ဘူး သားရဲ့။ အဖြူဆိုတာက အစွန်းအထင်းလွယ်တယ်။ လျှော်ဖွတ်ဖျောက်ဖျက်ပစ်လို့ရတာဆို တော်သေးတယ်။ အခုလို ... ဖျက်ပစ်လို့မရတဲ့ အစွန်းအထင်းမျိုးဆိုရင် နှမြောစရာကြီး ... ။´
မေမေပြောတဲ့စကားကြောင့် ကျွန်တော်ရဲ့အဖြူရောင်အင်္ကျီလေးတွေကို ဘီရိုထဲခေါက်သိမ်းထားလိုက် ရတယ်။ အဖြူရောင်အင်္ကျီလေးတွေမှမဟုတ်ပါဘူး ဖြူစင်လွန်းတဲ့စိတ်ကလေးတွေကိုလည်း လောကမာယာ တွေက အုံနဲ့ကျင်းနဲ့စွန်းထင်းစေတတ်ကြတယ်ဆိုတာ ... ကျွန်တော်တစတစနဲ့သိလာတယ်။အဲဒီ့လိုနဲ့ ကျွန်တော့်ရဲ့ အဖြူရောင်စိတ်ရင်းအချို့ကိုလည်း အလုံခြုံဆုံးနေရာမှာ သိမ်းဆည်းတတ်လာခဲ့တယ်။
အသက်အရွယ်ကိုလိုက်ပြီး ကျွန်တော်ဆက်ဆံပတ်သက်ရတဲ့ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ လိုင်းကားစီးနေရင်း ခုံနေရာတစ်နေရာကို လူလတ်ပိုင်းတစ်ယောက်က အဘွားကြီး တစ်ယောက်နဲ့ ယှဉ်လုပြီးထိုင်တယ်။ လူသုံးယောက်အထုပ်ခံရပြီး ရှစ်ယောက်သာကျန်တော့တဲ့ ဘောလုံး အသင်းကို တစ်ဘက်အသင်းကဂိုးတွေတရစပ်သွင်းပြီး အနိုင်ယူသွားတယ်။ ယုံကြည်ချက်တွေကို ရိုးသားစွာ ဆုပ်ကိုင်ထားကြတဲ့ ဘ၀တွေ တတိတိနဲ့ လုံးပါးပါးသွားကြတယ်။ အဆိုတော် ကိုခင်ဝမ်းရဲ့ မြားဘုရင် ဆိုတဲ့ သီချင်းကို ကျွန်တော်တိုးတိုးလေးညည်းမိတယ်။
`ဖြူစင်သူတွေရုံးနိမ့်ထွက်ခွာတဲ့ ဘ၀စက်ဝန်းကို ချိန်ရွယ်ပါလေ အို ... မြားဘုရင် ´
အ၀ါရောင်ဟာ တရားမျှတခြင်းကိုကိုယ်စားပြုတယ်လို့ မေမေတစ်ခါကပြောတာကြားဖူးရဲ့။ အဲဒီ့လိုနဲ့ ကျွန်တော်အ၀ါရောင်ကိုချစ်တတ်လာတယ်။ အ၀ါရောင်အင်္ကျီတွေက ယောင်္ကျားလေးတွေနဲ့သိပ် မလိုက်တာကြောင့် အ၀ါရောင်အင်္ကျီတွေကိုသိပ်မ၀တ်ဖြစ်ပေမယ့် ... ကျွန်တော့်ရဲ့စာကြည့်စားပွဲကပန်းအိုး လေးထဲမှာ အ၀ါရောင်နှင်းဆီပန်းလေးကိုကျွန်တော်အမြဲထိုးထားလေ့ရှိတယ်။ နှင်းဆီပန်းအ၀ါရောင်လေးကို စိတ်ထဲမှာအမြဲ အမှတ်ရနေပြီး ဘယ်သူ့ကိုမှ မတရားမလုပ်မိအောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ဖြစ်နိုင်ရင် ကျွန်တော် တစ်လောကလုံးကို အ၀ါရောင်တွေနဲ့လိမ်းခြယ်ချင်တယ်။
နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘ၀တွေက မျက်စိရှေ့မှာ ပြဇာတ်ကပြနေသလိုပါပဲ။ ကိုကိုယ်တိုင်လည်း ဘ၀ဆိုတာ အခက်အခဲတွေကိုရင်ဆိုင်နေရခြင်းနဲ့ ပြဿနာတွေကိုဖြေရှင်းနေရခြင်းပဲလို့ ခံယူလာတတ်ချိန်ပေါ့။ မြစ်ကမ်းနဘေးမှာထိုင်နေရင်း ရေလှိုင်းတွေတလိမ့်လိမ့်ကြားမှာ ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ဗေဒါပွင့်ကလေးတွေက လောကကြီးထဲကဘ၀တွေအကြောင်း ကျွန်တော့်ကိုပြောပြပြီး ဘ၀မှာဘယ်လို နေထိုင်ရမယ်ဆိုတာကို လက်တွေ့ဖူးပွင့်ပြနေသလိုပါပဲ။ ခရမ်းနုရောင်ဗေဒါပွင့်လေးတွေက ကျွန်တော့်ရဲ့စိတ် ထဲကိုရောက်လာကြပြန်တယ်။ ကျွန်တော့်အခန်းလေးရဲ့ အတွင်းဘက်နံရံတွေကို ခရမ်းနုရောင်သုတ်လိုက် တယ်။ ပြီးတော့ အဖြူရောင်စာရွက်ပေါ်မှာ (Life is like that) ဆိုတဲ့ စာတန်းကိုရေးပြီး နံရံမှာကပ်ထား လိုက်တယ်။ ညညတွေဆိုမီးရောင်အောက်မှာ ခရမ်းရောင်ဖျော့ဖျော့လေးလင်းနေတဲ့ ကျွန်တော့်ရဲ့အခန်းလေး ကို အဝေးကနေတောင်မြင်နိုင်ပါတယ်။
လုပ်ငန်းခွင်တွေထဲရောက်ပြီး အစုအဖွဲ့တွေနဲ့ အလုပ်လုပ်ကြရတဲ့အခါ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ်မှုတို့ရဲ့ အရေးပါပုံကိုနားလည်လာခဲ့တယ်။ ကျွန်တော်က ဘောလုံးပွဲကြိုက်တတ်တဲ့သူ ဆိုတော့ ဘောလုံးသမားတွေရဲ့ အချိတ်အဆက်သေသပ်လှပမှုနဲ့ ညီညွတ်တက်ကြွတဲ့စိတ်ဓါတ်တွေကို မြက်ခင်းစိမ်းစိမ်းကြီးနဲ့ တွဲပြီးမှတ်မိနေတတ်တယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပါယ်ကိုဘယ်သူတွေဘယ်လို ဖွင့်ဆိုကြတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အစိမ်းရောင်ကိုမြင်တိုင်းဘောလုံးကွင်းကြီး ကိုသတိရ၊ ကွင်းထဲမှာပြေးလွှားကစားနေကြတဲ့ ဘောလုံးသမားတွေရဲ့စိတ်ဓါတ်နဲ့စွမ်းအင်တွေကိုအားကျပြီး လောကဆိုတဲ့ကစားကွင်းထဲမှာ မျှော်လင့်ခြင်းအနိုင်ဂိုးတွေသွင်းနိုင်ဖို့ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ် မှုတို့ရဲ့ အရေးပါပုံတွေအကြောင်းကို နက်နက်နဲနဲစဉ်းစားနေမိတတ်တယ်။ ငယ်ငယ်ကအစိမ်းရောင် ဘောင်းဘီ၊လုံချည်တွေကိုသိပ်မနှစ်သက်တတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘောလုံးကွင်းစိမ်းစိမ်းကြီးတွေက ကျွန်တော့်အတွက် လေ့လာသင်ယူစရာတွေပြည့်နှက်နေတဲ့ နေရာဒေသတစ်ခုဖြစ်နေခဲ့ပြန်တယ်လေ။ အဲဒီ့လိုနဲ့ အစိမ်းရောင်ကိုနှစ်သက်တတ်ခဲ့ရာက အိမ်ရှေ့မြေကွက်လပ်လေးမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ စိုက်ပျိုးတဲ့ အလေ့အထကိုရခဲ့တယ်။
ကိုယ်လမ်းကိုယ်လျှောက်နေပေမယ့် လမ်းကိုကန့်လန့်ဖြတ်ပိတ်နေသူတွေနဲ့ ရင်ဆိုင်ရတာတွေရှိလာ တယ်။ ကောင်းကင်ကိုပိတ်ထားတဲ့တိမ်တွေက အမြင့်ဆုံးပျံချင်တဲ့စိတ်တွေနဲ့ပဋိပက္ခဖြစ်လာတယ်။
`ဘ၀ဆိုတာ ကြောက်ရွှံ့ပြီး နောက်လှည့်ပြေးလို့ရတဲ့အရာမဟုတ်ဘူးကွ၊ ရင်ဆိုင်စရာရှိရင် မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာကအကောင်းဆုံးပဲ၊ အမှန်တရားကိုတော့ မျက်ခြေမပြတ်စေနဲ့ပေါ့ကွာ။´
ဘ၀မှာလိုအပ်ရင်ရဲရင့်ပြရမယ်ဆိုတဲ့အသိကို ဖေဖေပြောခဲ့ဖူးတဲ့ စကားတွေထဲကရလိုက်တယ်။ ကြောက်နေလို့မပြီးတဲ့အခြေအနေတွေမှာ သတ္တိတွေကိုအလိုလိုမွေးယူတတ်လာခဲ့တယ်။ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကိုငေးကြည့်ရင်း တစ်ချိန်ကဆရာတစ်ယောက်ပြောဖူးတဲ့ စကားကိုလည်းပြန်ကြားမိရဲ့...
`အနီရောင်ဆိုတာ ရဲရင့်ခြင်းပဲကွ...။ မြန်မာတွေရဲ့သတ္တိသွေးဘယ်လောက်စွေးစွေးနီတယ်ဆိုတာကို ကမ္ဘာကသိအောင်ပြခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတော်အလံကိုအနီရောင် အောက်ခံထားခဲ့ကြတာပေါ့ကွာ ...´
အနီရောင်ကကျွန်တော့်ကို သတ္တိတွေပေးတယ်။ ကျွန်တော့်ရဲ့အံဆွဲထဲမှာ လိုအပ်ရင်ဝတ်ဆင်ဖို့ အတွက် အနီရောင်လက်ပတ်ကြိုးလေးတွေကို အမြဲတမ်းအဆင်သင့်ပြင်ထားခဲ့တယ်။
တီဗွီဖန်သားပြင်ပေါ်မှာ ယမ်းငွေ့တွေတဝေေ၀နဲ့ ပလူပျံနေတဲ့စက်သေနတ်ကျည်ဆံတွေ၊ အပြင်းထန် ဆုံးပေါက်ကွဲလောင်ကျွမ်းမှုတွေနဲ့ တလူလူလွင့်နေတဲ့မီးခိုးတိမ်တိုက်တွေ၊ အလျှံညီးညီးတောက်နေတဲ့ ဒေါသမီးလျှံတွေကြားထဲမှာ မခမ်းခြောက်နိုင်ကြရှာသေးတဲ့ မျက်ရည်ပူစီးကြောင်းတွေ၊ သေဆုံးဝိဥာဉ်တို့ရဲ့ နားမလည်ခြင်းမျက်ဝန်းတွေနဲ့ ကျန်ရစ်သူအချို့တစ်ဝက်ရဲ့ ကြေကွဲဖွယ့်ရှိုက်သံတွေ ... ။ ကမ္ဘာမြေဟာ ငြိမ်းချမ်းရေးကို နင့်နင့်သီးသီးကိုဆာလောင်နေတယ်။ သံလွင်ရွက်ကိုသွားရှာနေတဲ့ ငြိမ်းချမ်းရေးချိုးငှက်ရေ ...
အတောင်တွေညောင်းလို့များ တစ်နေရာရာမှာမင်းခိုနားနေရော့သလား၊ သံလွင်ခက်ကိုရှာရင်း မင်းကို မြား တစ်စင်းစင်းကများ ခွင်းသွားခဲ့ပြီလား ...၊ ဒါမှမဟုတ် ... ဒီကမ္ဘာမြေမှာခြေချစရာနေရာ မင်းရှာမတွေ့
လေလို့လား။ ကျွန်တော့်ရဲ့စိတ်တွေ မှိုင်းညို့ပြာဝေလာတယ်။ ဂြိုလ်ပြာကြီးလို့တစ်ခါကအခေါ်ခံခဲ့ရဖူးတဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာ အခု ဘာအရောင်များပြောင်းသွားခဲ့ပြီလဲ ...။ စကြ၀ဋ္ဌာထဲမှာ ရပ်စရာတစ်နေရာပေး ကြပါ။ ကျွန်တော် ကမ္ဘာကြီးကိုဆေးပြာတွေနဲ့သုတ်ချင်လို့ ...။ အခုဆို အပြာရောင်ကို ကမ္ဘာသူကမ္ဘာသား တွေအားလုံးအတွက် ကျွန်တော်တမ်းတတတ်နေခဲ့ပြီလေ။ တစ်နေ့တာလုံး မငြိမ်းချမ်းတဲ့မြင်ကွင်းတွေနဲ့ ပေါင်းဖော်ကြီးပြင်းနေရတဲ့ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မွေ့ပျှော်အိပ်စက်ချင်ခဲ့တယ်လေ။ အဲဒါနဲ့ ... ကျွန်တော်ရဲ့ အိပ်ရာလေးဟာ အပြာရောင်အိပ်ရာခင်း၊ အပြာရောင်ခေါင်းအုံးစွပ်၊ အပြာရောင်ခြင်ထောင်တို့ နဲ့ ပြာလွင်သန့်စင်လာခဲ့တယ်။
အချစ်ဆိုတဲ့အရာက ကျွန်တော့်နှလုံးသားကို ပန်းနုရောင်တွေသုတ်လိမ်းသွားတယ်။ အဲဒီ့ ပန်းနုရောင်ရဲ့ အစွမ်းက တကယ့်ကိုအံ့သြလောက်စရာပါပဲ။ ကျွန်တော့်ရင်ထဲမှာရှိတဲ့ အခြားအရောင်တွေ အားလုံးကို မှေးမှိန်သွားစေတယ်။ အဲဒီ့နှလုံးသားရဲ့တောင့်တမှုတွေက ကျွန်တော့်ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေခဲ့တယ်။ အချစ်ဆိုတဲ့ပန်းနုရောင်နတ်သမီးဟာ ကျွန်တော့်ရဲ့ ဘ၀ထဲကိုမလိုလားအပ်တဲ့ နောက်လိုက်နောက်ပါတွေပါခေါ်ဝင်လာခဲ့တာလေ။ စာရေးဆရာတစ်ယောက်ရေးဖူးတဲ့ စာသားလေးတစ်ခုကို မှတ်မှတ်ရရ ကျွန်တော်သတိရလိုက်မိသေးတယ်။
`ချစ်မိသူဆိုတာ လောကမှာစစ်အရှုံးဆုံးသူပါ မသီတာ၊ ချစ်မိပြီဆိုတာနဲ့ အဲဒီ့လူဟာ တယုတယနဲ့ ကိုသေမိန့်ကျသွားခဲ့ပါပြီ´
အဲဒီ့ ပန်းနုရောင်လေးကပေးတဲ့ဝေဒနာတွေနဲ့ နာကျင်နေခဲ့ရတဲ့နေ့ရက်တွေထဲမှာ တည်ငြိမ်ရင့်ကျက် မှုတစ်ခုကိုကျွန်တော် ရှာဖွေတွေ့ရှိခဲ့တယ်။
`၀မ်းနည်းခြင်းအထိမ်းအမှတ်တော့မဟုတ်ပါဘူး ပန်းနုရောင်လေးရယ်...၊ ဒါပေမယ့် ငါ ... ဘယ်လိုအစွန်းအထင်းမျိုးကိုမှ မမှုတဲ့ အနက်ရောင်အင်္ကျီတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်ခဲ့ပြီလေ။´
လောကဓံကဓားရှစ်စင်းနဲ့ စစ်ရေးပြနေတတ်တဲ့အခါ၊ မှော်ရုံရဲ့ ပဉ္စလက်လှည့်ကွက်တွေက ကျွန်တော့်ကို အရိုင်းဆန်ဆန် ၀င်တိုးကြတဲ့အခါ၊ ညစ်မှောင်ပေလူးနေတဲ့ လက်ကြီးလက်ငယ်အသွယ်သွယ်နဲ့ လောက က ကျွန်တော့်ကိုပွေ့ဖက်နှုတ်ဆက်တတ်တဲ့အခါ ... ကျွန်တော်ကတော့ အနက်ရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး အနက်ရောင်စိတ်သန္ဓေတစ်ခုနဲ့ တည်တည်ငြိမ်ငြိမ်နေတတ်နေခဲ့ပါပြီ။ အမှောင်တွေကို ၀တ်ဆင်ထားကြသူတွေနဲ့တော့ ကျွန်တော်အတူတူရောယောင်မနေချင်ပါဘူး။ ကျွန်တော်က ခန့်ညား တည်ငြိမ်တဲ့၊ ပေစွန်းမှုတွေကို အတော်အတန်ခံနိုင်ရည်ရှိတဲ့ အနက်ရောင်ကိုကြိုက်တာလေ။
ကျွန်တော့်ရဲ့ပတ်ဝန်းကျင်သေးသေးလေးတစ်ခုထဲမှာ ကျွန်တော်နှစ်သက်ခဲ့တဲ့အရောင်တွေအားလုံး ကိုတွေ့နိုင်ပါတယ်။ ခရမ်းနုရောင်လိမ်းသုတ်ထားတဲ့ ကျွန်တော့်အခန်းလေးရဲ့ လေးဘက်လေးလံနံရံတွေ၊
ပြာလွင်သန့်စင်နေတဲ့ ကျွန်တော့်ရဲ့ အိပ်ရာ၊ စားပွဲပေါ်ကပန်းအိုးလေးထဲမှာ အ၀ါရောင်နှင်းဆီပန်းကလေး၊ အံဆွဲထဲမှာက လိုအပ်ရင်ဝတ်ဖို့ အဆင်သင့်ပြင်ထားတဲ့ အနီရောင်လက်ပတ်ကြိုးလေးတွေ၊ အိမ်ရှေ့မှာက ကျွန်တော်စိုက်ပျိုးထားတဲ့ မြက်ခင်းစိမ်းစိမ်း၊ နံရံမှာယှဉ်တွဲချိတ်ဆွဲထားတဲ့ အဖြူရောင်အင်္ကျီတစ်ထည်နဲ့ အနက်ရောင်အင်္ကျီတစ်ထည်၊ နောက် ... ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာသိမ်းဝှက်ထားတဲ့ ကျွန်တော့်ရဲ့ ပန်းနုရောင်နှလုံးသားတစ်ခု ...။ ဒါတွေအားလုံးဟာ လူငယ်တစ်ယောက်ရဲ့ဘ၀ကို အပီပြင်ဆုံးအဓိပ္ပါယ် ဖွင့်ဆိုပေးနေတဲ့ အရောင်တွေပဲပေါ့။
ကျွန်တော်ငယ်ငယ်တုန်းကကြိုက်ခဲ့ဖူးတဲ့ အဖြူရောင်နဲ့ အခုကျွန်တော်စွဲစွဲမြဲမြဲနှစ်သက်သုံးစွဲနေမိတဲ့ အနက်ရောင်၊ ဘာကြောင့် ဆန့်ကျင်ဘက်ဖြစ်နေရတာလဲဆိုတာကိုတော့ ကျွန်တော်အခုအချိန်အထိ စဉ်းစားနေဆဲပါ။ ဒါပေမယ့် ... အဖြူရောင်အင်္ကျီလေးတွေကိုတွေ့တိုင်း ၀တ်ဆင်ဖို့မတွေးမိတော့ပေမယ့် ကျွန်တော်ဝယ်ယူသိမ်းဆည်းမိနေတုန်းလေ။ တစ်နေ့နေ့ ... စွန်းထင်းစေမယ့်အရာတွေအားလုံးရဲ့အဝေးကို ကျွန်တော်သွားနိုင်မယ့်တစ်နေ့နေ့ပေါ့ ... ကျွန်တော် အဖြူရောင်အင်္ကျီလေးတွေကိုပြန်ဝတ်ဖြစ်ဦးမှာပါ။

နေဘုန်းလတ်

Tuesday, February 13, 2007

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ


၁၃.၀၂.၀၇ နေ့တုန်းက ဖျားနေလို့ ဒီ post ကိုမတင်ဖြစ်ခဲ့ဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၂ နှစ် ၊ ခရစ်သက္ကရာဇ် ၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ
မြန်မာနိုင်ငံရဲ့ကံကြမ္မာကိုပြောင်းလဲပေးမယ့် ကလေးငယ်တစ်ယောက်ကိုမွေးဖွားခဲ့တယ်။
အဲဒီ့ကလေးငယ်ဟာ အောင်ဆန်းဆိုတဲ့နာမည်နဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ နောက်ဆုံးမှတ်တမ်းကိုရေးထိုးခဲ့တယ်။ မြန်မာနိုင်ငံကို လွတ်လပ်တဲ့နိုင်ငံတော်တစ်ခုအဖြစ် သန္ဓေတည်စေခဲ့ပြီး လွတ်လပ်ရေးကြီးအခြေမခိုင်သေးခင်မှာပဲ သူ လူ့လောကကနေထွက်ခွာသွားခဲ့ရတယ်။
၁၃.၀၂.၀၇ (အင်္ဂါနေ့)မှာ ကျွန်တော့်ရဲ့စိတ်ထဲ ထူးထူးကဲကဲဖြစ်ခဲ့တဲ့ခံစားချက်ကတော့ သက္ကရာဇ်တွေကိုနောက်ပြန်ဆွဲပြီး ဗိုလ်ချုပ်ကိုလူ့လောကထဲ ပြန်ဆွဲခေါ်ချင်နေမိတယ်။

ပြည်ထောင်စု


ပြည်ထောင်စုဆိုတဲ့စကားနဲ့ပတ်သက်ပြီး
ဗိုလ်ချုပ်ကြေးရုပ်မှာရေးထိုးထားတဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားလေးကို အမှတ်တရပြန်လည်ဖော်ပြအပ်ပါတယ်။
(တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်းတိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတမျိုး၊ ကရင်ကတဖုံ၊
ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်။)

အလင်းပန်းချီ






Photograph ဆိုတဲ့စာလုံးဟာ Phos(အလင်း) နဲ့ Graphos(ပုံဆွဲခြင်း) ဆိုတဲ့ ဂရိစကားလုံးတွေကနေဆင်းသက်လာတာတဲ့ ...။ စာအုပ်တစ်အုပ်ထဲမှာ အဲဒီလိုဖတ်ခဲ့ဖူးတယ်။ အဲဒီ့တော့ Photogrphic ဆိုတဲ့စကားလုံးကို ကျွန်တော်က Drawing with light အလင်းဖြင့်ပုံဆွဲခြင်းလို့အဓိပ္ပါယ်ဖွင့်လိုက်တယ်။ ဒီတော့ ဓါတ်ပုံ ဆိုတာ အလင်းနဲ့ဆွဲထားတဲ့ပန်းချီကားတွေပဲပေါ့။ ကျွန်တော်အလင်းတွေကိုသုံးပြီးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ခံစားကြည့်ကြပါဦး။

Sunday, February 11, 2007

သက်ရှိကွက်လပ်များ



သံလွင်အိပ်မက်နဲ့ အတူ ကလေးငယ်တွေရဲ့ပညာရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အလှူငွေနဲ့ ကျောင်းသုံးပစ္စည်းတွေ လှူနေခဲ့တာ တတိယအကြိမ်ရှိခဲ့ပါပြီ။ သွားလှူခဲ့တဲ့ကျောင်းတွေက ကလေးငယ်တွေရဲ့ သနားစရာလည်းကောင်း၊ ချစ်စရာလဲကောင်းနေတဲ့ မျက်နှာလေးတွေကို ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပါ။ ဒီကလေးငယ်တွေရဲ့ မျက်လုံးတွေထဲကနေ တဆင့် တိုင်းပြည်ရဲ့ကွက်လပ်တွေကို ကျွန်တော်တို့တွေမြင်ကြည့်ပြီး တတ်နိုင်သမျှဖြည့်စွတ်ဖို့ ကြိုးစားကြပါစို့လားဗျာ။

Friday, February 9, 2007

တကယ့် အာဇာနည်


ဇူလိုင်လ ၂၀၀၆ မှာထုတ်ခဲ့တဲ့ သံလွင်အိပ်မက် အမှတ်(၇)အတွက် ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကိုသွားရိုက်ခဲ့တဲ့ပုံပါ။ခြုံနွယ်ပိတ်ပေါင်းတွေကိုကျော်ခွပြီးသွားရိုက်ခဲ့ရလို့တကယ့်ကို အမှတ်တရပါပဲ။ဗိုလ်ချုပ်ကြေးရုပ်နဲ့ ကျွန်တော် အသံမပါတဲ့စကားလုံးတွေနဲ့ စကားတွေပြောဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီ့အသံမပါတဲ့စကားလုံးတွေကို ခင်ဗျားတို့လည်း မျက်စိနဲ့နားထောင်ကြည့်လိုက်ကြပါဦး ...။

Thursday, February 8, 2007

ကျွန်တော်နှင့် အိမ်ကလေး

ကျွန်တော်က ဇွန် ၂၈ မှာမွေးတာဆိုတော့ ကရကဋ်ရာသီဖွားပေါ့ ...။ ဒီရာသီဖွားတွေကို ကိုယ်စားပြုတာက ကဏန်းလေ ...။ ကဏန်းတွေကဘာပဲဖြစ်ဖြစ် သူတို့ရဲ့အိမ်လို့ပြောလို့ရတဲ့ သူတို့နေတဲ့ကျင်းလေးတွေထဲကို ပြန်ပြန်ပြေးဝင်သွားတတ်ကြတာကို အားလုံးမြင်ဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်ကလည်း ကဏန်းတစ်ကောင်လိုပါပဲ ...။ ကိုယ့်အိမ်ကိုယ့်ယာကိုခင်တွယ်တယ် ... မိသားစုရဲ့အရိပ်ကိုတောင့်တတယ် ... မိဘ၊ ညီအစ်ကိုမောင်နှမ နဲ့ ခင်တွယ်ရတဲ့ဆွေမျိုးတွေကြားက အဖြူရောင်သံယောဇဉ်ကြိုး တွေကို မြတ်နိုးတယ်။ ဒီဝတ္ထုတိုလေးထဲမှာ ကျွန်တော်နဲ့ ကျွန်တော်ချစ်တဲ့အိမ်ကလေးတို့ တစ်ယောက်တစ်ပေါက်ပြောကြတဲ့ စကားတွေရှိတယ်။ အဲဒီ့စကားလုံးတွေက အိမ်ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ပြည့်ဝမှုအကြောင်း၊ မေတ္တာတရားတွေဖုံးလွှမ်းနေတဲ့ မိသားစုဘ၀တစ်ခုရဲ့ အကြောင်း အားလုံးကိုပြောပြလိမ့်မယ်။ မျက်စိနဲ့ကြားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်နှင့် အိမ်ကလေး

ဖေဖေ၊ မေမေ နဲ့ ညီငယ်တို့ တစ်ညအိပ်ခရီးထွက်သွားတဲ့နေ့၊ ဖြိုးဖြိုးဖျောက်ဖျောက်ကျနေတဲ့ မိုးစက်မိုးပေါက်တွေနဲ့ အေးစိုလှပနေတဲ့နေ့၊ အဲဒီနေ့ရဲ့ ညနေခင်းတစ်ခုထဲမှာ ကျွန်တော်နဲ့ အိမ်ကလေး စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။

လျှပ်စစ်မီးရောင်စုံတွေကြားက သပ္ပါယ်တင့်တယ်လှတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့မျက်နှာတော်ကို ကျွန်တော် ဖူးမျှော်ကြည်ညို နေရင်း ငြိမ်းအေးမှုတွေကျွန်တော့်ရင်ထဲကိုစီးဝင်နေတုန်းမှာ အိမ်ကလေးက အသံတစ်သံနဲ့ ကျွန်တော့်ကို လှုပ်နှိုးလိုက်တယ်။

[[ဒီအခန်းထဲမှာ ရှိနေရတဲ့ အချိန်တွေဟာ မင်းရဲ့ဘ၀အတွက် အဓိပ္ပါယ်အရှိဆုံးကာလတွေဖြစ်မှာ ပဲနော် ... ]]

အိမ်ကလေးရဲ့အမေးကို ကျွန်တော်ခေါင်းညိတ်ပြီး အဖြေပေးလိုက်တယ်။

[[ဟုတ်တယ် ... လူသားဘ၀ရဲ့အမြင့်မားဆုံး အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖော်ကျူးပေးနိုင်တာ ဗုဒ္ဓပဲ။ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေ ကိန်းဝပ်စံပယ်တော်မူနေတဲ့ ဒီအခန်းလေးဟာ ကျွန်တော်တို့ မိသားစုရဲ့ဘ၀ကို ငြိမ်းအေးစေတယ်။ ဒီအခန်းလေးက ကျွန်တော်တို့ရဲ့ စိတ်ဝိÓဉ်တွေကို အဖြူစင်ဆုံးဖြစ်အောင် ဆေးကြောသန့်စင် ပေးတယ်။ ဒီအခန်းလေးဟာ ခင်ဗျားရဲ့ အခမ်းနားဆုံးသော အစိတ်အပိုင်းတစ်ခုပဲမဟုတ်လား။]]

ကျွန်တော် စကားတပြောပြောနဲ့ ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။ ဧည့်ခန်းထဲက ဆိုဖာတစ်ခုပေါ်ကို ကျွန်တော်ထိုင်ချလိုက်တဲ့အချိန်မှာပဲ ...

[[ဧည့်ခန်းရဲ့ အဆင်အယင်တွေကရော မင်းရဲ့စိတ်ကိုကြည်လင်စေရဲ့လား ...}

အိမ်ကလေးက အဲဒီလိုမေးတော့မှ ကျွန်တော်လည်း ဧည့်ခန်းထဲကို သေသေချာချာလှည့်ပတ်ကြည့် မိတယ်။ မေမေဟာ ဧည့်ခန်းထဲက ပရိဘောဂတွေကို တစ်လတစ်ကြိမ်လောက်နီးပါး အရွှေ့အပြောင်းလုပ်လေ့ရှိတယ်။ မေမေ့ရဲ့ အဲဒီ့ အလေ့အထလေးက ကျွန်တော်တို့ကို ငြီးငွေ့မှု၊ ရိုးအီမှုတွေကို ပြေပျောက်စေပြီး ကျွန်တော်တို့အတွက် ဧည့်ခန်းအသစ်လေး တွေကို ခဏခဏတိုင်း ပြန်လည်မွေးဖွားပေးတယ်။

[[ဒီအခန်းလေးဟာ ကျွန်တော်တို့မိသားစုရဲ့ စုဝေးအပန်းဖြေရာ နေရာလေးတစ်ခုပဲလေ။ တစ်ခါတစ်လေကျတော့လည်း ဧည့်သည်တွေကို ဧည့်ခံစကားပြောတဲ့ နေရာပေါ့။ နောက်ပြီး ... ဒီအခန်းလေးဟာ ခင်ဗျားရဲ့ ရင်ခွင်ထဲက လူမှုဆက်ဆံရေး နယ်ပယ်လေးတစ်ခုလို့လဲ ပြောလို့ရတာပဲ မဟုတ်လား ... ]]

[[ မင်းပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တချို့ဧည့်သည်တွေနဲ့ အတူ လောဘတွေ၊ မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေ စတဲ့ စတဲ့ စိတ်အပူတွေ ဒီအခန်းလေးထဲကို ပါပါလာတဲ့အခါ မင်းစိတ်မညစ်ဘူးလား ... ]]

[[ထွေထွေထူးထူးတော့ စိတ်မညစ်ပါဘူး။ ဘယ်လိုလူမျိုးတွေ ဘယ်လိုစိတ်အခြေအနေမျိုးနဲ့ပဲ ၀င်လာလာ ကျွန်တော်တို့ကတော့ အပြုံးနဲ့ ကြိုဆိုနေမှာပဲလေ။ သူတို့ဘာတွေပြောမလဲ၊ နားထောင်လိုက်မယ်။ သူတို့ဘာတွေလုပ်ကြမလဲ၊

ကြည့်နေလိုက်မယ်။ အရေးကြီးတာက ... ဒေါသနဲ့ဝင်လာသူတွေရဲ့ဒေါသတွေ၊ လောဘနဲ့ဝင်လာသူတွေရဲ့လောဘတွေ ကျွန်တော်တို့ဆီကူးစက်မလာဖို့ပဲမဟုတ်လား ...။ ကိုယ့်စိတ်ကို ကိုယ်သိနေပြီး နိုင်အောင်ထိမ်းနိုင်ဖို့ပဲ လိုတာပါဗျာ ...]]

အိမ်ကလေးရဲ့အမေးကို ဖြေနေရင်း ဒီဧည့်ခန်းလေးထဲကို ၀င်ဝင်လာတတ်ကြတဲ့ အမျိုးမျိုးသော စိတ်အခြေအနေတွေအကြောင်းကို ကျွန်တော်ပြန်ပြောင်း စဉ်းစားနေမိတယ်။ ရိုးသားမှုတစ်ခုနဲ့ ဖြူဖြူစင်စင် ၀င်ရောက်လာကြတဲ့ မိတ်ဆွေတွေရှိသလို ၊ ရည်ရွယ်ချက်တစ်ခုခု၊ မျှော်လင့်ချက်တစ်ခုခုနဲ့ အရောင်းဆိုးချင် ကြတဲ့ ဧည့်သည်တွေလဲရှိခဲ့ဖူးတယ်။ ဧည့်သည်တွေကို ဧည့်ဝတ်ကျေရမှာ အိမ်ရှင်တွေရဲ့ တာဝန်ပါ။ ဒါပေမယ့် ... အဲဒီ့ဧည့်သည်တွေပြန်သွားကြတဲ့အခါ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးထားအပ်တဲ့အရာတွေ သူတို့နဲ့ အတူပါမသွားဖို့နဲ့ သူတို့ဆီက မလိုလားအပ်တဲ့ အရာတွေကို ယူမထားလိုက်မိစေဖို့ စောင့်ထိမ်းရမှာကလည်း အိမ်ရှင်တွေရဲ့ တာဝန်တစ်ခုပါပဲ။ အိမ်ကလေးနဲ့ မိသားစုတို့ရဲ့ သာယာအေးချမ်းမှုတစ်ခုအတွက်လေ ...။

ကျွန်တော် ပျင်းပျင်းရှိလာတာနဲ့ စာဖတ်မယ်လို့စိတ်ကူးပြီး ကျွန်တော့်ရဲ့ စာဖတ်ခန်းလေးထဲကို ၀င်လိုက်တယ်။

[[ ဒီအခန်းလေးထဲမှာ မင်းရဲ့အချိန်တော်တော်များများကိုကုန်လွန်စေတယ်နော် ...။ ဒီအခန်းလေးထဲကို မင်းမ၀င်တဲ့နေ့ဆိုရင် ငါ့ရင်ထဲမှာ တစ်ခုခုလိုနေသလိုတောင်ခံစားရတယ် ]]

[[ဟုတ်တယ်ဗျ ... စာအုပ်တွေက ကျွန်တော့်ကို အမျိုးမျိုးသော အခြေအနေတွေအကြောင်းကို ပြောပြတယ်။ နောက်ပြီး ... အချို့ဝါကျတွေက ကျွန်တော့်ကို တွေးချင်လာအောင်၊ တွေးတတ်လာအောင် နှိုးဆွပေးတယ်။ လူတစ်ယောက်ဟာ သူကိုယ်ထိလက်ရောက်ကြုံတွေ့လိုက်ရတာတွေကိုပဲ သိမယ်ဆိုရင် ဘ၀မှာ သူသိတာနဲနဲလေးပဲ ဖြစ်နေမှာပေါ့။ နောက်ပြီး ... အရာရာကိုကိုယ်တိုင်မှားဖူးမှ အမှန်သိမယ်ဆိုရင်လည်း ဘ၀မှာ နောင်တတွေပဲ အခါခါရနေရမှာပေါ့ ...။ စာဖတ်ခြင်းက ကျွန်တော့်ကို အများကြီးသိစေတယ် ...။ နောင်တတွေကနေလည်း လွတ်မြောက်စေတယ်ဗျာ ...]]

စာဖတ်ရခြင်းရဲ့အကြောင်းရင်းကို ဒီထက်ပိုပြီးရှည်ရှည်ဝေးဝေးပြောစရာတွေရှိပေမယ့် ကျွန်တော် တိုတိုနဲ့ လိုရင်းပဲ အိမ်ကလေးကိုရှင်းပြလိုက်တယ်။ ကျွန်တော် စာကြည့်စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေကို စာအုပ်စင်ပေါ် စနစ်တကျပြန်တင်လိုက်ရင်း မနေ့ကရေးလက်စ ၀တ္ထုတိုတစ်ပုဒ်ကို အဆုံးသတ်ဖို့ ပြင်လိုက်တယ်။

[[အချို့စာရေးဆရာတွေက ဟိုတယ်တွေ ဘာတွေသွား၊ အချို့က အေးချမ်းတဲ့ နေရာဒေသတစ်ခုခုကို ခရီးတွေဘာတွေထွက်ပြီး စာရေးကြတယ် ...။ မင်းကတော့ မင်းရဲ့စာပေလက်ရာတွေ အားလုံးလိုလိုကို ဒီအခန်းလေးထဲမှာပဲ ဖန်တီးတယ်နော် ... ]]

အိမ်ကလေးက အဲဒီလိုပြောတော့ ကျွန်တော်ပြုံးမိတယ်။ ကျွန်တော်ကလဲ ကျွန်တော်ပဲ အခြားနေရာတွေမှာ စာရေးခဲတယ်။ တစ်ခါတစ်လေ ရုတ်တရက်ပေါ်လာတတ်တဲ့ အတွေးစလေးတွေကို စာအုပ်ထဲမှာချက်ချင်း ချရေးထားတတ်တာကလွဲလို့ ကျန်တာတွေကို ကျွန်တော့်ရဲ့အိမ်ကလေးထဲက ဒီအခန်းလေးထဲမှာပဲ ရေးခဲ့တယ်။

[[အခြားတစ်နေရာရာကို သွားစရာမှ မလိုပဲဗျာ ...။ ဒီအခန်းလေးက ကျွန်တော့်ရဲ့ စိတ်အာရုံကို စာရေးနိုင်လောက်တဲ့ အခြေအနေတစ်ခုဆီရောက်အောင်ဆွဲခေါ်နိုင်နေတာပဲ ...။]]

ကျွန်တော်ပြောရင်းဆိုရင်းပဲ စားပွဲအနားကပြူတင်းပေါက်လေးကို ထဖွင့်လိုက်တယ်။ ရေးခိုးရေငွေ့ လေးတွေ ကပ်ပါလာတဲ့ လေနုအေးက ကျွန်တော့်ဆီကို တိုးဝှေ့တိုက်ခတ်လာတယ်။

[[ဒီပြူတင်ပေါက်လေးကိုဖွင့်ပြီး ကြည့်လိုက်ရင် အိမ်ရှေု့က မြင်ကွင်းတွေအားလုံးကို မြင်နိုင်တယ်။ အိမ်လေးရဲ့ရှေ့မှာ မေမေစိုက်ထားတဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ သစ်ပင်ပန်းပင်တွေ၊ နောက် ... ဖေဖေလုပ်ထားတဲ့ စာကလေးအိမ်လေးတွေ၊ နောက်ပြီး ... မြေနီနီလမ်းကလေးပေါ်က နိစ္စဓူဝသွားလာလှုပ်ရှားနေကြတဲ့ ဘ၀အထွေထွေတွေ ...။ ဒါတွေဟာ ... ကျွန်တော့်ရဲ့အာရုံတွေကို အကောင်းဆုံးနှိုးဆွပေးနိုင်တဲ့ အရာတွေပဲ မဟုတ်လား ...။ ]]

ကျွန်တော်ရေးလက်စ ၀တ္ထုလေးကို အဆုံးသတ်ပြီးချိန်မှာ ဗိုက်ထဲကဆာသလိုလိုရှိလာတာနဲ့ ထမင်းစားခန်းလေးထဲကို ထွက်လာခဲ့လိုက်တယ်။ မနက်ကမေမေချက်သွားတဲ့ ထမင်း၊ ဟင်းတွေက စားပွဲပေါ်မှာ အဆင်သင့် ...

[[ဒီတစ်ညတော့ ခြောက်သွေ့တိတ်ဆိတ်တဲ့ ထမင်းဝိုင်းတစ်ခုကို မင်းတစ်ယောက်တည်း ဆင်နွှဲရတော့မှာပေါ့နော် ...]]

[[ဒါတော့ ဘယ်တတ်နိုင်မှာလဲဗျာ ...။ အားလုံးက ခရီးထွက်သွားကြတာကိုး ...။ ဒါပေမယ့် ဒါကလည်း တစ်ခါတစ်လေမှပါ ...။ ညနေခင်းတော်တော်များများမှာတော့ ကျွန်တော်တို့မိသားစုတွေ စုံစုံလင်လင်ဝိုင်းဖွဲ့ပြီး ထမင်းစားကြတာ ခင်ဗျားအမြင်ပဲမဟုတ်လား ...]]

ဒါက ဖေဖေ၊ မေမေတို့ပျိုးထောင်ပေးထားတဲ့ ချစ်စရာအလေ့အကျင့်လေးတစ်ခုပါ။ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့တွေ အိမ်ကို အချိန်မီပြန်လာပြီး ညနေစာအတူတူ စားကြစမြဲပါ။ မေမေချက်ထားတဲ့ ထမင်း၊ ဟင်းတွေကို မိသားစုလက်စုံစားရတဲ့ အရသာဟာ ကမ္ဘာကျော် စာဖိုမှူးကြီးတွေရဲ့လက်ရာကို အဆင့်မြင့်ဟော်တယ်ကြီးတွေမှာ စားရတဲ့ အရသာနဲ့ မလဲနိုင်ပါဘူး။ ကျွန်တော်ညစာကို တို့ကနန်း၊ ဆိတ်ကနန်းစားပြီး ... ကျွန်တော့်ရဲ့ အိပ်ခန်းလေးထဲကို ၀င်လိုက်တယ်။ ပြာလွင်သန့်စင်နေတဲ့ အိပ်ရာလေးပေါ်ကို ကျွန်တော်လှဲချလိုက်တဲ့ အချိန်မှာပဲ အိမ်ကလေးကကျွန်တော့်ကိုပြောတယ်။

[[ဒီအခန်းလေးကတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို ခဏတာအနားပေးတဲ့အခန်းလေးပေါ့နော် ...။ ဒီအခန်းလေးရဲ့ အပြင်အဆင်တွေက မင်းကို နှစ်ခြိုက်စွာအိပ်ပျော်ခွင့်တစ်ခုကိုပေးနိုင်ရဲ့လား ]]

[[အင်း ... ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်။ အခန်းလေးရဲ့ခရမ်းနုရောင်လေးဘက် လေးလံနံရံတွေ၊ အပြာရောင်အိပ်ယာခင်းတွေ၊ ခြင်ထောင်တွေ စတဲ့ ပတ်ဝန်းကျင်တွေက ကျွန်တော့်ကို ကောင်းမွန်တဲ့ အိပ်စက်ခွင့်တစ်ခုကိုရဖို့ အများကြီး အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် ... တကယ်တမ်း အပူအပင်ကင်းစွာ အိပ်ပျော်နိုင်ဖို့က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေတွေမှာ ပိုပြီးမူတည်ပါတယ်ဗျာ ...။ ငြိမ်သက်နေတဲ့ စိတ်အခြေအနေတစ်ခုနဲ့ အိပ်ရာမ၀င်နိုင်သရွေ့တော့ ဘယ်လောက်တန်ဖိုးကြီးတဲ့ မွှေ့ယာကြီး တွေပေါ်မှာ အိပ်နေနေ ... ညတာတွေကတော့ ရှည်နေဦးမှာပါပဲ ...]]

ကျွန်တော့်ရဲ့စကားကို အိမ်ကလေးက ဆိတ်ဆိတ်နေခြင်းအားဖြင့်ထောက်ခံတယ်။ ကျွန်တော့်ရဲ့ အပြာရောင်ခုတင်လေးပေါ်မှာလှဲနေရင်း မျက်စိတွေစင်းလာတာနဲ့ ကျွန်တော်အိမ်ကလေးကို နှုတ်ဆက် လိုက်တယ်။

[[ကျွန်တော်အိပ်တော့မယ် ...။ ကိုယ်ရောစိတ်ပါ လုံခြုံစိတ်ချမှုကို ပေးနိုင်တဲ့ ခင်ဗျားရဲ့ရင်ခွင်ထဲက ဒီအခန်းငယ်လေးထဲမှာ တစ်ညတာဆိုတဲ့ အချိန်ကာလကို ကျွန်တော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းတော့မယ် ...။ အဲဒီ့အတွက် ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ် ...။]]

အချို့အိမ်တွေရဲ့ အချို့အခန်းတွေမှာ မီးတွေလင်းနေကြတုန်း ...။ အချို့နေရာတွေရဲ့ အချို့လမ်းတွေမှာ မအိပ်စက်နိုင်ကြသေးသူတွေ ကံကြမ္မာရဲ့သယ်ဆောင်ရာကို လှမ်းလျှောက်နေကြတုန်း ...။ ကျွန်တော် သက်ပြင်းတစ်ခုကို ခပ်ဖွဖွချရင်း မျက်စိကို ဖြည်းဖြည်းချင်းမှိတ်လိုက်တယ်။ လျှပ်စစ်မီးရောင်တွေမရှိတော့တဲ့ လရောက်လွှလွှရဲ့အောက်မှာ အိမ်ကလေးကလည်း တိတ်ဆိတ်ငြိမ်းအေးစွာမျက်လွှာချလို့ ...။

Wednesday, February 7, 2007

ဘယ်သူမှမသိတဲ့ ကျွန်တော့်အကြောင်း

ဒီဇင်ဘာ ၂၀၀၅ မှာထုတ်တဲ့ သံလွင်အိပ်မက် အမှတ်(၅)မှာ ဒီကဗျာလေးကို နွေလေဆိုတဲ့နာမည်နဲ့ရေးခဲ့တယ်။ ဒီကဗျာလေးကိုရေးတဲ့အချိန်မှာ ကျွန်တော်က စင်ကာပူနိုင်ငံမှာလေ။ ကျွန်တော် လုပ်ချင်တာတွေအားလုံးကိုဘေးချထားပြီး လုပ်သင့်တာတွေကိုပဲ ဇောက်ချလုပ်နေရတဲ့ကာလပေါ့။ အဲဒီ့ကာလတွေမှာ အခုလို ကဗျာလေးတွေ၊ စာလေးတွေ ရေးဖြစ်နေတာတစ်ခုပဲ ကျွန်တော့်အတွက် စိတ်ကျေနပ်စရာရှိတယ်။ ဒီကဗျာလေးမှာ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေ ထပ်တူမကျနိုင်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀ကိုတွေ့ကြရလိမ့်မယ်။



ဘယ်သူမှမသိတဲ့ ကျွန်တော့်အကြောင်း

နွေနဲ့မိုးက ဖြစ်သလိုကြီးစိုးပြီး
ဆောင်းနဲ့ ယောင်လို့တောင်ဝင်မတိုးတဲ့မြို့မှာ
ကျွန်တော်နေတယ် ... နေရတယ်။

ခဲသားကြိုးနေတဲ့ခဲတံကိုဆရင်း
တိမ်တွေနဲ့ပန်းချီဆွဲတဲ့ကောင်းကင်ကိုအားကျ
ကားချပ်မဲ့ပန်းချီဆရာတစ်ယောက်ရဲ့ဘ၀ကိုကျွန်တော်ပိုင်တယ်။

ဖွဲ့ဆိုချင်နေတဲ့သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပျက်နေတဲ့ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်။

မြေကြီးရဲ့ဆွဲအားတွေကိုဖက်တွယ်ရင်း
မိုးသားဆန်ဆန်ကြီးပြင်းချင်နေတဲ့
အရွယ်မရောက်သေးတဲ့ မိုးစက်တွေဟာ ကျွန်တော်ဖြစ်တယ်။

ငြိမ်းချမ်းအေးမြမှုတွေကိုငြင်းပြီး
ကံကြမ္မာနဲ့စီးချင်းထိုးနေရတဲ့
မပြည့်စုံနိုင်သေးတဲ့အိပ်မက်တွေဟာ ကျွန်တော်ဖြစ်တယ်။

ကချေသည်တစ်ယောက်ရဲ့ခေါင်းပေါ်မှာ
ဆံထိုးလုပ်ထိုးခံထားရတဲ့
မြေသြဇာဖြစ်ချင်တဲ့ နံရိုးတစ်ချောင်းဟာ ကျွန်တော်ဖြစ်တယ်။

နှင်းတွေတဘောင်းဘောင်းမကျနိုင်ပဲ
ကိုယ့်အေးမြမှုကို ကိုယ်ပြန်လွမ်းနေရတဲ့
ဆောင်းရာသီခပ်ယဲ့ယဲ့တစ်ခုဟာ ကျွန်တော်ဖြစ်တယ်။

အဲဒီလို အဓိပ္ပါယ်တွေများစွာနဲ့
ကျွန်တော်ဟာ ကျွန်တော်ပီသစွာပဲ
မြို့တစ်မြို့ရဲ့တစ်နေရာမှာ
တိတ်တိတ်လေးရှိနေဆဲပါ ...။ ။

Tuesday, February 6, 2007

the birthday of my blog

ဒီနေ့ (၀၇.၀၂.၂၀၀၇ ) အင်္ဂါနေ့မှာ ကျွန်တော့်ရဲ့ ဘလော့ဂ်လေး စတင်မွေးဖွားတယ်။ မှတ်မှတ်ရရပါပဲ ...။
နေ့စွဲတွေ၊ကိန်းဂဏန်းတွေကို မှတ်မိလေ့မရှိတဲ့ ကျွန်တော် ဒီနေ့လေးကိုတော့ မှတ်မိလိမ့်မယ်ထင်ပါတယ် ...။ ထူးထူးခြားခြား ကျွန်တော့်ရဲ့စိုးမိုးဂဏန်းလို့ ဗေဒင်ဝါသနာပါတဲ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတဲ့ (၂) ရယ်။ ကျွန်တော့်ကြိုက်ခဲ့ဖူးတဲ့နံပါတ် (၇) ရယ် ၊ အဓိပ္ပါယ်ရှိလွန်းတဲ့ (၀) ရယ် ဂဏန်းသုံးလုံးပဲပါတဲ့အတွက် ကျွန်တော်မှတ်မိဖို့များပါတယ်။
ဘလော့ဂ်လုပ်ဖို့ဝိုင်းတိုက်တွန်းကြတဲ့သူငယ်ချင်းတွေ၊ ဘန်နာဒီဇိုင်းလုပ်ပေးတဲ့ စည်သူ ၊ လမ်းပြရုံမက တွဲပါခေါ်တဲ့ ညီညီ ... သူငယ်ချင်းတွေအတွက် ဒီစကားဟာ တစိမ်းဆန်ပေမယ့် ကျွန်တော်ပြောချင်ပါတယ် ...
ကျေးဇူးပါ လို့ ...။
နောက်ပိုင်းဝင်ဖတ်မယ်လို့ယူဆရတဲ့ သူတွေကိုလည်း တစ်ခါတည်းကျေးဇူးတင်လိုက်ပါရစေ ...။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

ဘလော့ဂ်လုပ်မယ်စိတ်ကူးတော့ ဘာနာမည်ပေးရမလဲလို့ကျွန်တော်စဉ်းစားတယ်။ စဉ်းစားနေရင်းပဲ ဒီဘလော့ဂ်မှာ ကျွန်တော်ဘာတွေတင်မှာလဲဆိုတာကို ကျွန်တော့်ကိုကျွန်တော်ပြန်မေးကြည့်တယ်။ သေချာတာကတော့ ကျွန်တော်ရေးဖြစ်တဲ့ ကဗျာတွေ၊ စာတွေကို တင်ဖြစ်လိမ့်မယ်။ ပြီးတော့ ကျွန်တော့်ရဲ့ လတ်တလောခံစားရတာတွေကို ရင်ဖွင့်ထားတဲ့ အက်ဆေးဆန်ဆန်စာလေးတွေ တင်ဖြစ်လိမ့်မယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်မှန်းမျှော်ခဲ့ဖူးတဲ့မြို့တော်လေးမှာ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်း လောကထဲမှာကျွန်တော်ရခဲ့တဲ့ဘ၀က ဟိုလိုလိုဒီလိုလိုနဲ့ ကိုယ်ကိုယ်တိုင်ဘာမှန်းမသိတဲ့ဘ၀ဖြစ်ခဲ့တယ်။ ကျွန်တော့မှာ လွတ်ကျခဲ့တဲ့ မြို့တော်တစ်ခုရှိတယ်။ အဲဒီ့မြို့တော်လေးကို ကျွန်တော်နဲ့အတူ အားလုံး ဒီ ဘလော့ဂ်လေးမှာတွေ့ကြရလိမ့်မယ်။