Tuesday, February 27, 2007
အနုပညာရှင်
အနုပညာရှင်
ဂီတသမားလေးရဲ့ ဖျော်ဖြေမှုကြောင့် သူဌေးကြီးအတော်လေးကို သဘောကျကျေနပ်သွားတယ်။
[မင်းရဲ့တေးသံဟာ ငါ့ကိုကြည်နူးမှုတွေ၊ ငြိမ်းအေးမှုတွေ၊ သာယာကျေနပ်မှုတွေပေးတယ်ကွာ၊ အဲဒီ့အတွက် မင်းဘာလိုချင်လဲပြော ]
သူဌေးကြီးကအဲဒီ့လိုပြောတော့ ဂီတသမားလေးက တစ်ချက်ပြုံးပြီး တည်ငြိမ်အေးဆေးစွာနဲ့ပြန်ပြောလိုက်တယ်။
[ကျွန်တော် လိုချင်တာတွေကို သူဌေးကြီးဆီကနေရပြီးပါပြီ။ ကျေးဇူးတင်ပါတယ်]
ဂစ်တာလေးကိုလွယ်ပြီး ထထွက်သွားတဲ့ ကောင်လေးကို အားလုံးက ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်လို့ ...
ကဗျာလေးတွေ၊ စာလေးတွေ ရေးတတ်စအရွယ်တုန်းက သူငယ်ချင်းတွေနဲ့စုပြီး ကဗျာစာအုပ်လေးတွေထုတ်သလို၊ တစ်ကိုယ်တော် စာအုပ်လေးတစ်အုပ်လည်းထုတ်ခဲ့ဖူးပါတယ်။ အဲဒီ့စာအုပ်လေးကို ရှင်သန်ခွင့်၏စေလိုရာ လို့နာမည်ပေးခဲ့ပြီး နွေလေဆိုတဲ့နာမည်နဲ့ထုတ်ခဲ့တာပါ။ အဲဒီ့စာအုပ်လေးထဲမှာ ကဗျာလေးတွေနဲ့ ကိုယ်တိုင်ရေးစာတိုပေစလေးတွေပါပါတယ်။
အထက်က အတွေးအပိုင်းအစလေးလဲအပါအ၀င်ပေါ့။ ဒါလေးကိုဖတ်မိတဲ့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးပါတယ်။ နင့် စာကလည်း အဆုံးမရှိအစမရှိနဲ့တဲ့ ...။ သူ ... ကျွန်တော်ဆိုလိုတာကို သဘောမပေါက်လို့ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ အဲဒီ့စာအုပ်လေးမှာတုန်းက အနုပညာရှင် ဆိုတဲ့ခေါင်းစဉ်လေးကို ကျွန်တော်မပေးခဲ့လို့လဲဖြစ်နိုင်ပါတယ်။ အခုတော့ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment