Pages

Saturday, December 22, 2007

ကျွန်တော်နှင့် အိပ်မက်များ ...(၁)

ကျွန်တော်နှင့် အိပ်မက်များ ...(၁)

ကျွန်တော် စင်ကာပူနိုင်ငံကို ခဏရောက်နေတဲ့ အချိန်ဆိုတော့ စင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းတွေကို
ဖတ်ဖို့စောင့်နေကြသူတွေရှိကောင်းရှိလိမ့်မယ် ...။ ဒါပေမယ့် ကျွန်တော့်က အဲဒီ့အကြောင်းတွေကို ရေးဖို့ အာရုံမလာဘူးဖြစ်နေတယ် ...။ ကျွန်တော့် အခု အားလုံးကို ပြောပြချင်တာက ... စင်ကာပူရောက်မှ နေ့စဉ် ရက်ဆက် ကျွန်တော့်ကို နှိပ်စက်တဲ့ အိပ်မက်တွေအကြောင်းပါ ...။ ရန်ကုန်မှာနေတုန်းက ကျွန်တော်အိပ်မက် မမက်တာ ကြာပါပြီ ...။ ဒါပေမယ့် စင်ကာပူကို စရောက်ရောက်ချင်းညမှာပဲ ကျွန်တော် အိပ်မက် စမက်တော့တာပါပဲ ...။

အိပ်မက် (၁)

ကျွန်တော် အခန်းကျဉ်းကျဉ်းလေးတစ်ခုထဲကိုရောက်နေတယ် ...။ အခန်းဆိုတာထက် လူတစ်ကိုယ်စာ ကျုံ့ကျုံ့လေးပဲ နေလို့ရတဲ့ မြေကျင်းလေးထဲကို ရောက်နေတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ် ...။ ဒါပေမယ့် ကျွန်တော့်ရဲ့ရှေ့မှာ ၀မ်းလျားထိုးဝင်သွားလို့ ရတဲ့ အပေါက်တစ်ပေါက်တော့ရှိတယ် ... နောက်မှာတော့ ဘာမှမရှိဘူး ... အားလုံး အလုံပိတ်။ ဒီအတိုင်းနေလို့ကတော့ ကျပ်ကျပ်သပ်သပ်နဲ့ စိတ်ကျဉ်းကျပ်ပြီး သေလိမ့်မယ်လို့ တွေးမိတာနဲ့ ရှေ့က လမ်းလေးအတိုင်းပဲ ကျွန်တော် ၀မ်းလျားထိုးဝင်သွားလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီ့လမ်းက တဖြေးဖြေး ပိုပိုပြီးကျဉ်းလာတယ် ...။ အရင်က ကျုံ့ကျုံ့လေးနေခဲ့ရတဲ့ မြေကျင်းလေး ထက်တောင် ပိုကျပ်တည်းတဲ့ အခြေအနေတစ်ခုကို ရောက်လာတယ်။ မှားပြီးထင်တယ်လို့ တွေးမိပြီး ... နောက်ပြန်လှည့်ဖို့ စဉ်းစားလိုက်တယ်။ မသတီစရာကောင်းတဲ့ မြေကျင်းသေးသေးလေးရဲ့ ကျဉ်းကျပ်မှုကို စိတ်ထဲမှာ ပြန်မြင်လာတယ် ...။ အဲဒါနဲ့ မထူးကွာဆိုပြီး ကျဉ်းထဲကျပ်ထဲမှာပဲ ရှေ့ဆက်တိုးဖို့ကြိုးစားတယ် ... ။လမ်းကလဲ ကျဉ်းသထက်ကျဉ်းလာသလို ... မွန်းကျပ်မှုကလဲ ပြင်းသထက်ပြင်းလာတယ် ...။ စိတ်ပျက်အားလျော့စွာနဲ့ မျက်စိကို စုံမှိတ်ပြီး အတင်းစွတ်တိုးလိုက်ချိန်မှာပဲ ... အလင်းတစ်စက မျက်ခွံကို ဖောက်ပြီး အာရုံထဲကိုရောက်လာတယ် ...။ တွေ့ပြီ ... အလင်း ... ၊ အနှစ်နှစ် အလလ ငတ်မွတ်တောင့်တခဲ့ရတဲ့ အလင်း ... အစက်အပျောက်လေးတစ်ခုသာသာပဲရှိတဲ့ အလင်းစက်လေးတစ်ခုက လမ်းရဲ့ အစွန်းတစ်ဖက်ကနေ ကျွန်တော့်ကို လက်ယက်ခေါ်နေတယ် ... နဲနဲတော့ ဝေးလိမ့်ဦးမယ် ...။ အဲဒီ့အလင်းကိုရောက်တဲ့ အထိ သွားလို့ရတဲ့ လမ်း ရှိချင်မှလဲ ရှိလိမ့်မယ် ... ။ ဒါပေမယ့် ကျွန်တော်ကတော့ ဆက်သွားခဲ့တယ် ...။ အလင်းနဲ့လဲ နီးလာသလို ... ရင်ထဲက ဝေဒနာတွေကလည်း ကြီးကြီးလာတယ် ... မွမ်းကျပ်မှု၊ လှောင်ပိတ်မှု၊ ကျဉ်းမြောင်းမှု၊ အားကိုးရာမဲ့မှု နောက် မျှော်လင့်ချက် ... ။ ကျွန်တော် အိပ်မက်က လန့်နိုးလာခဲ့တယ် ...။

အိပ်မက် (၂)

ကျွန်တော် ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေတုန်း ... ကျွန်တော်ရော ကုတင်ကြီးပါ ... စကြ၀ဠာကြီးထဲကို လွှင့်ပစ်ခံလိုက်ရသလိုမျိုး လွင့်စင်ပြုတ်ကျသွားတယ် ...။ ကျွန်တော် ကြောက်လိုက်တာ ...။ လက်တွေ၊ခြေတွေတင်မကဘူး တစ်ကိုယ်လုံးကလဲ လုံးဝကိုလှုပ်လို့ကို မရဘူး ...။ ကိုကိုယ်တိုင် ပြုတ်ကျနေတာကို ဘာမှမတတ်နိုင်ပဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတဲ့ အဖြစ်ပါ ... ။ အမြင့်တနေရာကနေ ပြုတ်ကျတာဆိုတော့ ရင်ထဲမှာလဲ အေးနေတာပါပဲ ...။ တဖြေးဖြေးနဲ့ ပြုတ်ကျနေတဲ့ အချိန်ကြာလာတယ် ...။ အောက်ကြမ်းပြင်ကို ထိတဲ့တစ်ချိန်မှာ ကျွန်တော့်အသက်နဲ့ကိုယ် အိုးစားကွဲပြီဆိုတဲ့အသိနဲ့ စိုးထိတ်ကြောက်ရွံ့နေမိတဲ့ စိတ်တွေဟာ တဖြေးဖြေးပါးလျလာတယ် ...။ ပြုတ်ကျလို့ အသဲတအေးအေး ဖြစ်နေတဲ့ ခံစားမှုကလဲ ကြောက်စိတ်တွေမရှိတော့တဲ့နောက် ခံစားလို့ကောင်းတဲ့ အရသာတစ်ခုလို ဖြစ်လာတယ် ...။ ကျွန်တော် တခုခုကိုလဲနားလည်လာတယ် ...။ ဆွဲငင်အားတွေကို သာ လျှစ်လျှူရှုထားနိုင်မယ်ဆိုရင် ဘယ်လိုပြုတ်ကျမှုမျိုးကမှ ကိုယ့်ကို အထိမနာစေနိုင်ဘူးဆိုတာကို ...။အဲဒါနဲ့ပဲ ကျွန်တော်လဲ ဆွဲငင်အားကင်းကင်းနဲ့ ပြုတ်ကျခြင်းရဲ့ အရသာကို ပျော်ပျော်ကြီးခံစားနေလိုက်တယ် ...။ အိပ်မက်ဆုံးတဲ့ အထိ ကျွန်တော်ကတော့ ပြုတ်ကျနေတုန်းပါပဲ ...။

ကောသလမင်းရဲ့ အိပ်မက်တွေကိုတော့ ဗုဒ္ဓမြတ်စွာဘုရားက အဓိပ္ပါယ်တွေ ဖွင့်ဆိုပြသွားတယ် ... ။ ကျွန်တော့်ရဲ့ အိပ်မက်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်လဲ ဘာတွေမှန်းမသိလို့ ခင်ဗျားတို့ဖာသာပဲ လိုသလို တွေးလိုက်ကြတော့ဗျာ ။ နောက်ထပ်အိပ်မက်တွေကို နောက်တော့ ထပ်ပြောပြပါဦးမယ်။

6 comments:

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော့်အိပ်မက်ထဲမှာ ကျွန်တော်က အရက်ပုလင်း နှစ်လုံးကိုင်ထားတယ်။ ရန်ကုန်က လာလည်တဲ့ ဧည့်သည်တစ်ယောက်က သူ့ကိုလည်းပေးပါဆိုလို့ တစ်လုံးပေးလိုက်တယ်။ ပြီးတော့ နှစ်ယောက်ထိုင်သောက်တာ ည လေးနာရီလောက်မှ အိပ်သွားတယ်တဲ့။

ခွန်မြလှိုင် said...

သူငယ်ချင်းရေ နင့် အိပ်မက်ကို ငါ နိမိတ် ဖတ်ကြည့်တယ် သေချာတယ် နင် နောင်ကို ဘယ်တော့မှ ကျောက် မပေါက် တော့ဘူး။ ကျောက်ဆေး ထိုးပြီး သွားလို့။ အကျိုး အမြတ် ဆိုတဲ့ မျှော်လင့်ချက် မဟုတ်တဲ့ Hope ဆိုတဲ့ ဖယောင်းတိုင် လေးကနေ တဆင့် တခြား ဖယောင်းတိုင် လေးတွေဆီကို ဆက် မီးကူးပြီး အလင်းတွေ ဖြာဝေ ထွန်းညှိရင်း ကြမ်းပြင် မရှိတဲ့ ဒြပ်မဲ့ စကြာဝဠာ ကြီးထဲမှာ ဆွဲအားမဲ့ ဇိမ်ကျ နိုင်ပါစေ။

Angel said...

‘ဆွဲငင်အားတွေကို သာ လျှစ်လျှူရှုထားနိုင်မယ်ဆိုရင် ဘယ်လိုပြုတ်ကျမှုမျိုးကမှ ကိုယ့်ကို အထိမနာစေနိုင်ဘူးဆိုတာကို ...။အဲဒါနဲ့ပဲ ကျွန်တော်လဲ ဆွဲငင်အားကင်းကင်းနဲ့ ပြုတ်ကျခြင်းရဲ့ အရသာကို ပျော်ပျော်ကြီးခံစားနေလိုက်တယ် ...။” အဲဒီအရေးအသားလေး
သဘောကျပါတယ်။ ဆွဲငင်အားတွေကိုဆန့် ကျင်နိုင်ခြင်း ကတနည်းအားဖြင့်ဈာန်ရ
ခြင်းပဲလား။တော်ရုံပါရမီနဲ့ တော့မရနိုင်ဘူးလေ။ ပါရမီရှိလို့ ရခဲ့ရင်တောင်အများအ
မြင်မှာဘယ်လိုရှိမလဲမသိနိုင်ဘူး။ ပါရမီရင့်မှတော့လည်းအများအမြင်ကိုဘယ်ထည့်
တွက်စရာလိုမလဲနော့်။

nyo said...

အလင်းရောင်ကိုတွေ့ပြီဆိုရင်တော့ ရှေ့ဆက်သွားတာ အကောင်းဆုံးပေါ့.. မြေကျင်းသေးသေးလေးရဲ့  ကျဉ်းကျပ်မှုကနေ လွတ်မြောက်ဖို့အတွက် ပေးဆပ်ရတာတွေတော့ရှိမှာပဲပေါ့...

နေဘုန်းလတ် said...

ဟေ့ မောင်ပွတ် သိက္ခာမချနဲ့ ငါက အရက်မသောက်တတ်ဘူး ... ဘီယာဟာ အရက်တော့ မဟုတ်ပါ ... တငွေ့ငွေ့လေးနဲ့အတော်လာတာ ... တဲ့
သားတို့က ဘီယာမှ ဘီယာပဲ ...း-)
ခွန်မြလှိုင်ရေ ... ပေးတဲ့ဆုနဲ့ တကယ်ကိုပြည့်ချင်ပါတယ်။
Angel ရေ ... ကျွန်တော်ပြောချင်တဲ့ ဆွဲအားဆိုတာက မြေဆွဲအားလိုမျိုးမဟုတ်ဘူးဗျ ... အောင်မြင်မှုတစ်ခုကြောင့် စိတ်မှာဖြစ်လာတဲ့ သာယာမှုတွေရဲ့ဆွဲအားကို ကင်းလွတ်နိုင်မှာ အကျမနာမှာဆိုတဲ့ သဘောမျိုးပါ ...။ ဒါပေမယ့် ကြိုက်သလိုတော့ ခံစားလို့ရပါတယ် ...။
Freedom ပေါ့ဗျာ ...။

နေဘုန်းလတ် said...

ဟုတ်တယ် ညိုရေ ... အိပ်မက်ထဲမှာတော့ ကျွန်တော်ရှေ့ဆက်တိုးခဲ့တယ် ... အပြင်မှာလဲ ကျွန်တော်တို့ ရှေ့ဆက်တိုးကြတာပေါ့ဗျာ ...။