မြင်ကြည့်ခြင်း ...
တတိတိလှိုက်စားနေတဲ့ အချိန်ကို
လက်ခဏကာပြပြီး
မှန်ထဲကို ငါကြည့်တော့
ပြောင်းလဲခြင်းတွေကိုမြင်တယ် …
မြစ်တစ်မြစ်ထဲ ရေနှစ်ခါချိုးလို့ မရဘူးတဲ့ …
ငါကတော့
လူတစ်ယောက်တည်းကို နှစ်ခါပြန်တွေ့ချင်နေမိ
အဲဒီ့လို … ရူးရူးမိုက်မိုက်ကို ငြိခဲ့တယ် …
ခိုင်မာတဲ့ အလင်းတိုင်းဟာ
အပူနဲ့မကင်းဘူးတဲ့ …
ဒီလိုနဲ့ပဲ လင်းရင်းနဲ့လောင် လောင်ရင်းနဲ့လင်းကြ
ငါကတော့ …
ပြာမှုန်ပြာစတွေကိုပဲ တိတ်တိတ်လေးလိုက်ရှင်းပေးနေမိတယ် …
အနန္တသူရိယအမတ်ရဲ့
မျက်ဖြေလင်္ကာကို အခါခါရွတ်
အနင်းအဖြတ်ဆိုတာ အားလုံးနဲ့မလွတ်ဘူးတဲ့ …
အမြင့်တစ်ခုကို မျှော်မျှော်ငေး
ဘယ်အရာကိုမဆို
နင်းတက်လိုက်ဖို့ ၀န်မလေးကြသူတွေကြားမှာ
မြေပေါ်မှာဒူးထောက် …
ငါကလေ
ဘ၀တွေကို လိုက်ကောက်ဖို့ကြိုးစားနေမိတယ် …
ဘယ်သူတွေ ဘယ်နေရာကိုသွားနေကြတာလဲ
ဘယ်သူတွေ ဘာတွေကိုရဖို့အားထုတ်နေကြလဲ
ဘယ်သူတွေ ဘယ်လိုစိတ်ဓါတ်နဲ့ ခရီးဆက်နေကြလဲ …
လိုက်ကြည့်မနေပေမယ့် သိလာရတဲ့သိခြင်းများစွာမှာ
လိုအပ်ခြင်းတွေလွဲခဲ့
အဓိပ္ပါယ်ဖွင့်ဆိုမှုတွေလွဲခဲ့
နားလည်သဘောပေါက်မှုတွေလွဲခဲ့ …
တတိတိလှိုက်စားနေတဲ့ အချိန်ကို
လက်ခဏကာပြပြီး
မှန်ထဲကို ငါကြည့်တော့
ပြောင်းလဲခြင်းတွေအပြင် … လွဲချော်မှုတွေကိုပါထပ်မြင်လိုက်တယ် …။ ။
6 comments:
ပြောင်းလဲခြင်းတွေ၊ လွဲချော်မှုတွေဆိုတာ ဘ၀ကပေးတဲ့ လက်ဆောင်တွေပါ…လူတိုင်းဟာ ပြောင်းလဲမှုတွေ လွဲချော်မှုတွေနဲ့ အသက်ရှင်နေကြရတာပါ…ဒါတွေကြောင့် ပိုဆိုးသွားတဲ့ ဘ၀တွေရှိသလို ပိုကောင်းသွားတဲ့ အခြေအနေမျိုးတွေနဲ့လဲ ကြုံချင်ကြုံရတတ်ပါတယ်…အရေးကြီးတာက ဒါတွေကို လက်ခံပြီး စိတ်ဓါတ်ကြံ့ခိုင်ဖို့ပဲလို့ ထင်ပါတယ်…။ ( နားလည်သလိုပြောပြတာနော်…ဆရာလုပ်တာ မဟုတ်ပါဘူး… )
ဒီကဗျာကို ကျနော်တော်တော်လေး ခံစားလို့ရတယ်ဗျ၊ ကျေးဇူးတင်ပါတယ်ဗျာ....။
ဟေရာကလိုက်တပ် မဟုတ်ပေမယ့် ကျနော်လည်းခင်ဗျားကဗျာကိုကြိုက်တယ်
ကြည့်လေ မြင်လေ ... မြင်လေ ကြည့်ချင်လေ
လောလောဆယ်တော့ မန့်လိုက်တာ မမြင်ရဘူးးး .. :(
နတ်သမီး
လောကကြီးကို မြင်တဲ့ခင်ဗျားအမြင်နဲ့ ကျွန်တော့် အမြင် တူတယ်ထင်တယ်..ဗျ...
Post a Comment