Pages

Thursday, February 23, 2012

ကစားပွဲ

တစ်ခါတစ်ခါကျတော့ကျွန်တော်ကလည်းခက်တယ်။ ကမ္ဘာကြီးလုံးနေတာ၊ သံသရာ ဆိုတာကြီး လည် နေတာ ….ပြီးတော့ …. အရာရာဟာ စက်ဝိုင်းပုံသဏ္ဍန်ဆက်စပ်နေကြတာ။ အဲဒီ့ သဘောတရား တွေက  သူ့ဖာသာနေရင် အကောင်းသား ။အခုတော့ အဲဒီ့သကောင့်သားကို ကျွန်တော့်ရှေ့ အခန့်သား ရောက်နေအောင် ပို့လိုက်ကြတယ်။ တစ်နေ့… ကျွန်တော် တစ်ယောက်တည်း သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ကော်ဖီဆိုင်မှာ ထိုင်စောင့်နေတုန်း….ခေတ် စကားနဲ့ ပြောရရင် တော့ ….အဲဒီမှာ စတွေ့တာပေါ့ဗျာ။ရုပ်ကလည်း ဆိုးရတဲ့ ကြားထဲ သူ့သွားကြဲကြဲ ကြီးတွေကို လာဖြဲပြနေသေးတယ်။မျက်ရည်မကျပဲ နဲ့ ငိုပြနေတဲ့ မျက်နှာက ကြည့်ရတာဘယ်လိုမှ မလှဘူး။

“ခင်ဗျားဘယ်သူလဲ….ဘာလို့ ကျွန်တော့်ရှေ့လာပြီး ငိုပြနေရတာလဲ…”

“အာ….ငါမင်းကို ငိုပြနေတာမဟုတ်ဘူး…ပြုံးပြနှုဆက်နေတာဟ….”

“ဗျာ…”

အပြုံး…တဲ့ ကျွန်တော့်စိတ်ဓါတ်တွေတဘုံးဘုံးကျသွားသံကို နားနဲ့ ဆက်ဆက်ကြား လိုက်ရ သလိုလို…။ အပြုံးတစ်ပွင့်ရဲ့ အလှနဲ့ပတ်သက်တဲ့ သံသယတွေက ကျွန်တော့်မသိစိတ်ထဲကို ကသောကမြောဝင်လာကြပြီး…အဖြေ တစ်စုံတစ်ရာမှမရှိပဲ ပြန်ထွက်သွားကြတယ်။ ကျွန်တော်လည်း သူ့ကို  လူမှုရေး အရ ပြန်ပြုံးပြလိုက်တယ်။ သူ့အတွက်တော့ လှမယ် မထင်ဘူး..။ အလှဘာသာ ဗေဒကို သူနဲ့ ကျွန်တော်က မတူညီတဲ့ သင်ရိုးညွှန်းတန်းတွေနဲ့ ကိုယ်စီ ကိုယ်စီ ကြေငြာနေကြတာထင်ရဲ့။

“တွေ့ရတာဝမ်းသာပါတယ်ဗျာ…ဒါနဲ့…ခင်ဗျားဘယ်သူဘယ်ဝါဆိုတာ  ကျွန်တော့်ကို မပြောရသေးဘူးနော်…”

“သြော်…အေး…ဟုတ်သားပဲ၊ငါက …မကောင်းဆိုးဝါးကွ…မင်းနဲ့ ကစား ဖို့ အလှည့်ကျလို့ ရောက်လာတာ….”

“ဗျာ…”

နှစ်ခါရှိပြီ … ကျွန်တော်တအံ့တသြနဲ့ ‘ဗျာ’ နေရတာ။ မကောင်းဆိုးဝါးတဲ့… ကစားမလို့တဲ့…. ကိုယ့်ဘာသာ  အေးအေးဆေးဆေးနေနေတာကို …တခြားသူ တွေဆီသွားပါတော့လား မကောင်းဆိုးဝါးရယ်….။

“တစ်ခြားသူတွေဆီသွားလို့မရဘူးကွ…သံသရာဆိုတာရှိတယ်၊ အဲဒီ သံသရာ ထဲမှာ မင်းရဲ့ကံကြမ္မာ ကလည်းလည်နေတယ်။ မင်းကံကြမ္မာထဲမှ ငါကလည်း ရှောင်လွဲလို့မရတဲ့ တစ်ခုသောနေရာကနေ ပါနေရတယ်။ဒါကြောင့်ပါ…ကဲ….ကဲ …မကစားဘူးလို့ မငြင်းနဲ့…ဘာလုပ်တန်းကစားကြမလဲ ဆိုတာကိုပဲ…စဉ်းစား …ဟုတ်ပြီလား…”

ကျွန်တော်ဖွင့်ပြောတာမဟုတ်ပဲနဲ့ သူကကြားတယ်…ဘာကောင်လဲဟ… ဒီကောင်မကောင်းဆိုးဝါး ဆိုတာကိုတော့ရုပ်မြင်ကတည်းက သိပါတယ်။ဒါပေမယ့်  အဲဒီလောက်ဆိုးဝါးလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်။ အဲဒါကြောင့်ပြောတာပေါ့။ တစ်ခါတစ်ခါကျတော့လည်း လောကကြီးက ခက်တယ်လို့….။

“ခင်ဗျားကလည်း ဇွတ်ကြီးပဲ…ငယ်ငယ်တုန်းကလို ကစားမလား….နားမလားလို့တောင် မမေးရတော့ ဘူးလားဗျ…”

“ငါ ကနားနေတာကြာပြီကွ…ခုမှ အလှည့်ကျလို့ထွက်လာရတာ…”

“အင်”

ဘယ်လိုမှလည်း ဖျောင်းဖျလို့မရပါလားနော်….။ရုပ်ရှင်ရိုက်နေတာမဟုတ် တော့ “ကဒ်”လို့ အော်မယ့် ဒါရိုက်တာက မရှိ…အိပ်မက်မက်နေတာမဟုတ်တော့ “ထ….ထ”လို့ လာနှိုးမယ့်လူက မရှိနဲ့ … အဲဒါပေါ့….ဒုက္ခနဲ့ လှလှတွေ့တယ်ဆိုတာ။အင်း …ဒီမကောင်းဆိုးဝါးနဲ့ မကစား လို့မရတာတော့ သေချာသွားပြီ…ဒါပေမယ့်….ဘယ်လိုကစားနည်းမျိုးကစားမလဲ ဆိုတာ ကို ရွေးချယ်ခွင့်၇ှိနေလို့တော်သေးရဲ့…။

“ကြာတယ်ဟေ့….မြန်မြန်ပြော…ငါလည်းစောင့်ရတာမောလာပြီ”

အေးအေးဆေးဆေးထိုင်စောင့်နေရတာများ မောလို့တယ်ဗျာ…။မကြီးပဲ နဲ့ များ တော်တော်ကျယ်တဲ့ မကောင်းဆိုးဝါး။

“ဟေ့…ဟေ့..င့ါဘာသာ မကြီးပဲနဲ့ ကျယ်ကျယ် မင်းအပူမပါဘူး…. စဉ်းစားစရာ ရှိတာ မြန်မြန်စဉ်းစား ကြာတယ်….။”

“ရော…ဒီမကောင်းဆိုးဝါးနဲ့တော့ ခက်ပြီ…။စိတ်ကူးနဲ့တောင်မပြစ်မှားရဲပါ လားနော်…အရေးထဲမှ အကြံကလည်း ဘယ်လိုမှထုပ်လို့ မရဖြစ်နေတယ်။စဉ်းစားစမ်းပါအုံးဟ…။ရှုံးမယ့်အတူတူ ဦးနှောက်လည်း မစား သက်လည်းသက်သာမယ့် ကစားနည်း မျိုးကို မြန်မြန်စဉ်းစားစမ်းပါ….။အဲ… ဟုတ်ပြီ ….”

“ဖြောင်း….”(လက်ခုတ်တီးသံ)

“ဟ…ဘာတုန်းဟ…လန့်သွားတာပဲ။”

“အကြံရပြီ…ခင်ဗျားနဲ့ ကျွန်တော် တူတူပုန်းတန်းကစားမယ်…”

ကျွန်တော်က အဲသလိုပြောလိုက်တော့ မကောင်းဆိုးဝါးက ရုတ်တရက် မျက်နှာတစ်ခုလုံး ထော်သွားတယ်။ပြီးတော့ ကျွန်တော့် ကို သနားသလိုကြည့် တယ်။

“တူတူပုန်းတန်း ကစားမယ် …ဟုတ်လား….မင်းက ငါရှာလို့မတွေ့အောင် ဘယ်လိုများ ပုန်းနိုင်မှာမို့ လို့လဲ….ဥာဏ်ကြီးးရှင်ရယ်…စဉ်းစားပြီးတော့ သောက် တလွဲလုပ်တာ မင်းလိုလူမျိုးပဲ ….ကဲ…ကဲ… ဆုံးဖြတ် ပြီးရင်လည်း ကစားပွဲလေး စလိုက် ကြဆို့…”

”ရှုံးမယ့် အတူတူတော့ သက်သာတဲ့ကစားနည်းပဲ ရွေးရတာပေါ့ ဗျာ….လုပ်….ခင်ဗျား.. မျက်စိမှိတ်…ကျွန်တော်ပုန်းမယ်…ခင်ဗျား ကျွန်တော့်ကို မတွေ့အောင်ရှာ…ဒါပဲ….”

ပထမတော့ မကောင်းဆိုးဝါးက “အေး..အေး…”ဆိုပြီး မျက်စိမှိတ်တယ်…။ ခဏနေတော့ ကျွန်တော့် စကားကို သေချာ ပြန်စဉ်းစားမိပြီး…

”ဘာကွ….ဘာလို့ မတွေ့အောင် ရှာရမှာလဲ…ရှာမှတော့ တွေ့အောင်ရှာမှာပေါ့…ဟေ့ ကောင် လူလည်မကျနဲ့….ဒီလိုလှိမ့်လုံးတွေ ရိုးလွန်းအားကြီးလို့တောင် သိုးတောင်သိုးနေပြီ။”

တော်တော်လည်တဲ့ မကောင်းဆိုးဝါး …ဘယ်လိုမှကို ပတ်လို့မရပါလား … ဒါနဲ့ ကျွန်တော်လည်း ပုန်းဖို့နေရာကိုပဲ ရှာရတော့တယ်။မကြီးမငယ်နဲ့ တူတူ ပုန်းတိုင်းကစားရတယ်လို့ ကိုယ့်ကိုယ်ကို လည်း ရယ်ချင်တယ်။ ဒီကောင်က မကောင်းဆိုးဝါးဆိုတော့အောက်လမ်းတွေလည်းတက်မှာ ဆိုတော့ကား ဘယ်လိုပုန်းပုန်းပြန်မိမှာသေချာတယ်။ဒါနဲ့ ကျွန်တော်လည်း ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ …အသက်အောက်ပြီး သူ့ရဲ့ နောက်နားမှာ ကပ်ရပ်နေလိုက်တော့တယ်။

“ ၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။”

“၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။တူတူ…မတူတူ…. လိုက်ပြီဟေ့…”

ပထမတော့ သူ..ခေါင်းကုတ်ပြီး ဟိုရှာဒီရှာလုပ်တယ်။ ကျွန်တော်က လည်း သူသွားလေရာကို အသက်ကို ခိုးခိုးရှူပြီးလိုက်တယ်။သိပ်မကြာပါဘူး…။ သူ..ရိပ်မိသွားတယ်။ရုတ်တရက် ရပ်တန့်စဉ်းစားနေရင်းက နောက်ကို ဆက်ကနဲလှည့်ပြီး….။

“၀ါး ….”

အောင်မလေးဗျ…လန့်လိုက်တာ ဖြည်းဖြည်းလုပ်ပါ….

“ဟား…ဟား…ဟား….ဟား….”

“မလန့်ပါနဲ့ ဗိုလ်အောင်ဒင်ရယ်….မမြ၀င်းခြင်ထောင်ထောင်တာ ကလေးသိပ်မလို့ပါ….”

“အာ…ရွံစရာကြီးဗျာ….ဘာတွေလာပြောနေတာလဲ…ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေပြန်ပြီ….”

“မင်း…စိတ်ပြေလက်ပျောက်ဖြစ်အောင်စတာပါကွာ….ကဲ…ကဲ…ငါ တစ်ပွဲနိုင်သွားပြီ…အခု ငါ..ပုန်းအလှည့် ….မင်းတွေ့အောင်ရှာပေတော့…. မတွေ့လို့ကတော့ ၂ ဂိုး …ဂိုးမရှိနဲ့ ဂိုးပြတ်ပဲ…”

“တူပြီလား….”ဘာသံမှမကြားဘူး…။

ကျွန်တော် နောက်ထပ်တစ်ခါ ထပ်မံရည်တွက်တယ်။နောက်ထပ်၁၀၀ ပြည့်သွားတယ်။

“တူပြီလား…”ဘာသံမှမကြားပြန်ဘူး…။ကျွန်တော်မျက်စိဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ တိတ်ဆိတ်ငြိမ်သက် ….နာရီလက်သံတစ်ချက်ချက် ပြန်ကြားနေရတယ်။ဒီမကောင်းဆိုးဝါးကို ဘယ်လိုတွေ့အောင် ရှာရမလဲ ။မလွယ်ဘူး..။ဘယ်လိုမှမလွယ်ဘူး။အင်း …မတွေ့ ရင် တော့ နောက်တစ်ပွဲ ထပ်ရှုံးရအုံးမယ်။တွေ့ရင်တော့ နိုင်ပြီ။သူတစ်ပွဲ…ကိုယ်တစ်ပွဲ …ကျွန်တော့် စိတ် တွေ ရှုပ်ရှက်ခက် လွန်ဆွဲနေကြတယ်။အတွေးထဲမှာ အရာရာ ဝေေ၀၀ါးဝါး အနိုင် ၊အရှုံး …မကောင်းဆိုးဝါး…တူပြီလား….။ အနိုင် ၊အရှုံး…မကောင်းဆိုးဝါး… တူပြီလား….။ အဲဒီ ဝေေ၀၀ါးဝါးအတွေးတွေကြားထဲက သေချာမှုအပိုင်းအစတွေကို ကျွန်တော် ကတိမ်းကပါး လိုက်ဖမ်း နေမိတယ်။ ရုတ်တရက်…အလင်းတစ်ချက် လက်….။ ထားလိုက်ပါတော့လေ…..။ ရှုံးချင်လည်း ….ရှုံးပါစေတော့ …ကျွန်တော်ပြုံး မိတယ်။မကောင်းဆိုးဝါးက တစ်နေရာမှာ ပုန်းလို့ကောင်းတုန်း….ပြီးတော့ …သူ့ကို ကျွန်တော် ရှာမတွေ့နိုင်လို့ဆိုပြီး …သူနိုင်ပြီဆိုပြီး …ပျော်လို့ကောင်း တုန်း…။

အဲဒီလိုနဲ့…ကျွန်တော့်ဘာသာကျွန်တော် နှစ်ကာလတွေကို ဖြတ်ကျော်ခဲ့တယ်….။ခင်ဗျားတို့ကိုလည်း ပြောထားရအုံးမယ်။အခန့်မသင့်လို့ များ ကျွန်တော့်ကို ပုန်းနေတဲ့ မကောင်းဆိုးဝါးကို ခင်ဗျားတို့များ တွေ့ခဲ့ရင် သူ့ကို ကျွန်တော် လိုက်ရှာနေတယ်ဆိုတဲ့ အကြောင်းလေး ပြောပေးကြပါ။ ကျွန်တော့်ကို နိုင်နေတယ်ဆိုတဲ့ ခံစားမှုနဲ့ သူပျော်နေပါစေဗျာ….။

ရယ်စရာ( ယခု- ပြုံးစရာ) မဂ္ဂဇင်းထဲမှာ ဘုန်းဦးမော်နာမည်နဲ့ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ ...။

4 comments:

winlathan said...

ကောင်းတယ်နော် ။ လူတွေဟာ ကိုယ့် ကို ကိုယ် မကောင်းဆိုးဝါးတစ်ယောက်က နောက်ယောက်ခံလိုက်နေတာကို မသိပဲနဲ့ ဆိုးနေကြတယ် ။

White said...

ဟဟ..မိုက်တယ်။ ကျနော်လဲ ဖတ်ရင်းတွေးနေတာ..။ သူ့ကိုတွေ့အောင်မရှာနိုင်မဲ့အတူတူ မရှာဘဲထားလိုက်ရင် ကိုယ်အရှုံးပေးတယ်လို့ မအော်မချင်း သူလဲ ဆက်ပုန်းနေပေတော့..။ ဒါလဲ အနိုင်ယူခြင်းတစ်မျိုးးး

အမတငယ် said...

ဒီ စာ အရမ်းကြိုက်တယ်

Anonymous said...

Leee