Pages

Tuesday, January 24, 2012

“ခေတ်အဆက်ဆက်လင်းလက်နေမယ့်ကြယ်”

“ခေတ်အဆက်ဆက်လင်းလက်နေမယ့်ကြယ်”


“ကျွန်တော် မင်းကိုနိုင်ပါ…”

သံတိုင်တွေကြားထဲကနေ
ကမ်းပေးလာတဲ့လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိချိန်မှာပဲ
ကျွန်တော့်ရဲ့ သွေးကြောတွေထဲ
အားအင်တွေ ပြင်းအားတစ်ခုနဲ့စီးဝင်လာ
“အစ်ကို… ငါတို့နဲ့အတူ ရှိနေတယ်” ဆိုတဲ့စိတ်နဲ့
အရာရာကို ရင်ဆိုင်ရဲခဲ့ပါတယ်။


သွေးသားမတော်စပ်ပေမယ့်
ကျွန်တော်တို့တွေ ရင်ဘတ်ချင်း နီးကပ်ခဲ့ကြ
အစ်ကို… ပါးစပ်နဲ့ရေးပြတဲ့ ၀တ္ထုတိုတွေ
ကျွန်တော် နားနဲ့ဖတ်ခဲ့ရဖူးတယ်
ည ည ရွတ်တဲ့ အစ်ကို့ရဲ့ကဗျာတွေကို
အိပ်ယာဝင်ပုံပြင်တွေလို ကျွန်တော် နားထောင်အိပ်စက်ခဲ့ဖူးတယ်
အစ်ကိုက… နှလုံးသားနဲ့ သီချင်းတွေဆိုပြတော့လဲ
ကျွန်တော် မျက်ရည်စက်လက်နဲ့ ခံစားနာကျင်ခဲ့ရ...
“ကောင်းကျိုးအထွေထွေ ချွန်စေမြစေ
ဒေါင်းအိုးဝေ တွန်စေ က,စေ
တို့အဘိုးရဲ့ ရိုးရာလက်ရာအမွေ
ကျောင်းအနှံ့ ဒေါင်းအလံစိုက်ကာပေ…”
အစ်ကို မျှော်လင့်တဲ့အချိန်ကာလ
ကျွန်တော်တို့ တွန်ရင်း က,ရင်း ဆက်လျှောက်ကြရဦးမယ်။


“ရေခဲသေတ္တာထဲ နေရသလိုပဲ…” တဲ့
အစ်ကိုပြောလိုက်တဲ့စကား တဆင့်ပြန်ကြားရတော့
ကျွန်တော့်ဒုက္ခတွေကို မေ့သွားတယ်
အစ်ကို ရင်းနှီးခဲ့ရတဲ့
ဆယ်စုနှစ် နှစ်ခုစာကာလ
ပျိုမြစ်စိမ်းလန်းသော လူငယ်ဘဝ
ခက်ခဲကြမ်းတမ်းလွန်းလှတဲ့
သမိုင်းရဲ့စာမျက်နှာ အပိုင်းအစတွေထဲမှာ
အစ်ကိုတောင် ပြုံးနေနိုင်သေးရင်
ကျွန်တော်က ဘာလို့ စိတ်ဓါတ်ကျရမလဲ
အဲဒီလို… အဲဒီလို
အစ်ကို့ရဲ့ အရှိတရားသက်သက်က
ကျွန်တော့်ကို အားတက်စေခဲ့တယ်။


ကျေးဇူးပါ… အစ်ကို
မနက်လင်းချိန်တိုင်း ကြားခဲ့ရဖူးတဲ့
မင်္ဂလာပါ ဆိုတဲ့ အစ်ကို့အသံအတွက်
ကျေးဇူးပါ… အစ်ကို
ရံဖန်ရံခါ မြင်ခဲ့ရဖူးတဲ့
ရိုးသားရဲရင့်သော အပြုံးသန့်သန့်တွေအတွက်
ကျေးဇူးပါ… အစ်ကို
အစ်ကို နယ်ဖတ်ကျွေးခဲ့ဖူးတဲ့
စုံစီနဖာအသုတ်စုံဟင်းလျာအတွက်
ကျေးဇူးပါ… အစ်ကို
ညီတွေအားလုံးကို တစ်ယောက်မှ မလပ်စေခဲ့တဲ့
အစ်ကို့ရဲ့ ဂရုစိုက်ဖြည့်စွက်ပေးမှုတွေအတွက်
အထူးသဖြင့်…
အစ်ကို ဘ၀နဲ့ရင်းပြီး နားလည်စေခဲ့တဲ့
ယုံကြည်ချက်အတွက် အဆုံးစွန်ဆုံးအထိ ရဲရင့်ရမယ် ဆိုတဲ့
အသိတရားတစ်ခုအတွက်
လေးလေးနက်နက်
ကျေးဇူးတင်လျက်ပါ… အစ်ကို။


လောကဓံရဲ့ရိုက်ချက်တွေ ဘယ်လောက်ကြမ်းကြမ်း
အစ်ကို လိပ်ပြာသန့်သန့်နဲ့ ဖြတ်သန်းနေမယ်ဆိုတာ
ကျွန်တော်… ယုံပါတယ်
အခက်အခဲ အတားအဆီးတွေများစွာအတွက်
ဆင်ခြေဆင်လက်တွေ လိုက်ရှာမနေဘဲ
အစ်ကို… လုပ်စရာရှိတာတွေ ဆက်လုပ်နေမှာကိုလဲ
ကျွန်တော်… နားလည်တယ်
အချိန်ကာလနဲ့ နေရာဒေသရဲ့ အကန့်အသတ်ကို
စိတ်ဓါတ်ခွန်အားနဲ့ ကျော်ဖြတ်
“မင်းကိုနိုင်” ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုကို
ဘယ်လိုအရာမျိုးကမှ
တွန်းဖြိုချေဖျက်လို့ မရနိုင်ဘူးလို့လဲ
ကျွန်တော်… ယုံကြည်တယ်
သူရဲကောင်းတို့ရဲ့ နှလုံးသားဟာ
ခေတ်အဆက်ဆက် ကူးစပ်တည်မြဲပါတယ်
အစ်ကိုလျှောက်ခဲ့တဲ့လမ်းကို
အစ်ကို့လို ပွင့်ရဲတဲ့ပန်းတွေ
မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်း
အစဉ်ထာဝရ လျှောက်လှမ်းနေကြဦးမယ်ဆိုတာ
မလွဲနိုင်တဲ့… သေချာမှုတစ်ခုပါ အစ်ကို။


အစ်ကို တာဝန်ကျေခဲ့ပါတယ်
ကျွန်တော်တို့ တာဝန်ကျေရဦးမယ်
မျိုးဆက်သစ်တွေ တာဝန်ကျေကြပါလိမ့်မယ်
လူငယ်ဆိုတာ…
သမိုင်းရဲ့ အချိုးအကွေ့တွေတိုင်းမှာ
ဘယ်သောအခါမှ မတွေဝေ မတုံ့ဆိုင်းခဲ့တဲ့သူ
လူငယ်ဆိုတာ…
ခေတ်ရဲ့ အဆိုးအကောင်းတွေထဲမှာ
ဘယ်တော့မှ ယိမ်းယိုင်ပြောင်းလဲမသွားတတ်တဲ့သူ
လူငယ်ဆိုတာ…
လိုအပ်ရင် လိုအပ်တဲ့ အချိန်တွေတိုင်းအတွက်
အမြဲအဆင်သင့်ရှိနေတတ်တဲ့သူ
ကြယ်တွေအစင်းစင်း ကြွေခဲ့ကြဖူးပေမယ့်
ကြယ်တွေအစင်းစင်း ဝေမြဲဝေဆဲ… ကောင်းကင်
လူငယ်ဆိုတာ…
အမှောင်ထုတိုင်းကို အန်တုဆန့်ကျင်မယ့်
ခေတ်တိုင်းရဲ့ အလင်းစွမ်းအင်ဖြစ်တယ်။


အစ်ကို့ရဲ့ မွေးနေ့တွေတိုင်းမှာ
အစ်ကို့ရဲ့ ညီတွေညီမတွေအားလုံးက
သူတို့ကိုယ်သူတို့
အလင်းလက်ဆုံး ထွန်းညှိပြကြရင်းသူတို့ကိုယ်တိုင်ကိုက
အစ်ကို့အတွက် လက်ဆောင်တွေဖြစ်နေကြလိမ့်မယ်
အဲဒီအခါ… အစ်ကိုကလည်း
ချမ်းမြေ့စွာ တောက်ပခက်ဖြာနေရင်း
ကြည်နူးကျေနပ်နေဦးမှာ
ကျွန်တော်… သိပါတယ်။


ချစ်ခင်လေးစားစွာဖြင့်

နေဘုန်းလတ်

18.10.2011 (Tuesday) မှာ ကျရောက်သော ကိုပေါ်(ကိုမင်းကိုနိုင်)ရဲ့ (၄၉) နှစ်ပြည့် မွေးနေ့အမှတ်တရ...

ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့ခဲ့တဲ့ ကဗျာလေးပါ။ Facebook ပေါ်မှာဖတ်ပြီးကြသူတွေ ကိုတော့ တောင်းပန်ပါတယ်။

9 comments:

လင်းဦး(စိတ်ပညာ) said...

လာရောက် ခံစားပါကြောင်း ကိုနေဘုန်းလတ်

အဆင်ပြေပါစေဗျာ

မိုးငွေ့...... said...

ကဗျာလေးကိုဖတ်ပြီး စိတ်ထဲ ၀မ်းနည်းဆို့နင့်မှုတချို့ကို ခံစားလိုက်ရတယ်.....။ အစ်ကိုလဲ သူကိုယ်တိုင်ထွန်းညှိလို့ အမှောင်ထုကိုခွင်းပေးဦးမှာပါ..... အလင်းရောင်တွေလာမယ့် တစ်နေ့အထိပေါ့...။

သတိုး said...

ဘယ်တော့မှ အရောင်မမှိန်မယ့် ကြယ်များကို လေးလေးစားစား ငေးမောသွားပါတယ် ခင်ဗျာ။

SHWE ZIN U said...

ကျွန်တော့်ရဲ့ သွေးကြောတွေထဲ
အားအင်တွေ ပြင်းအားတစ်ခုနဲ့စီးဝင်လာ
“အစ်ကို… ငါတို့နဲ့အတူ ရှိနေတယ်” ဆိုတဲ့စိတ်နဲ့
အရာရာကို ရင်ဆိုင်ရဲခဲ့ပါတယ်။

ကိုနေဘုန်းလတ် ရေ ကဗျာလေး က ခံစားရတယ်ဗျာ

mayflower said...

အရမ်းခံစားရပါတယ် ..

san htun said...

ကဗျာလေးက တကယ် ဟတ်ထိတယ်

မြသွေးနီ said...

ရင်ထဲ ထိသွားတယ်။

သိ င်္ဂါ ရ said...

Blogger တစ်ဦး အနေနဲ့ ဦးညွှတ်မိသလို ...

အခု ကဗျာထဲက ကိုမင်းကိုနိုင် ရဲ့ ပုံ ကို

ထင်ယောင် မြင်ယောင် လာအောင် ဖော်ပြနိုင်တာ

အတွက်လည်း ကျေးဇူးတင်မိပါသည် ကိုနေဘုန်းလတ်

ခင်ဗျား ...

နရီမင်းခင် said...

ဒီကဗျာကို ပထမတစ်ခေါက်ကြားမိကတည်းက တ်ာတော်လေး ကြိုက်မိတာပါ။ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်တော့လည်း ကြိုက်တာပဲ။