Pages

Sunday, January 15, 2012

အကျဉ်းစံနေ့ရက်များအကြောင်း

“သူတို့ရှိနေတယ်”

ကျွန်တော်ဒီနေရာကို ဘာလို့ ရောက်လာရတာလဲ ဆိုတဲ့ အမေးအတွက် အဖြေကို စဉ်းစားတော့ သိသာထင်ရှားတဲ့ အကြောင်းပြချက်တွေက ပျောက်နေတယ်။ အရင်နေရာမှာ ကျွန်တော် အဆင်ပြေနေသားပဲ….။ဘာစည်ကမ်းကိုမှ လဲမဖောက်ဖျက်မိပါပဲနဲ့ ဘာကြောင့်များ ဒီလိုမျိုးနေထိုင်မှု ပုံသဏ္ဍာန် ကိုကန့်သတ်ပစ်လိုက်ကြတာလဲ…။ပြဿနာက ကျွန်တော့် စွမ်းဆောင်နိုင်စွမ်းရဲ့ အပြင်ဘက်ကိုရောက်သွားပြီ….။ငြင်းဆန်လို့ မရနိုင်တာ သေချာသွားမှတော့ လက်ခံလိုက်ရုံပဲပေါ့…
ကျွန်တော် မလိုချင်တဲ့ ဒီအခြေအနေ ကို…။ အခန်းသစ်ကို ကျွန်တော် လှည့်ပတ် ကြည့် လိုက်တယ်…အရင်နေခဲ့တဲ့ အခန်းထက် လေးဆလောက်ကျယ်မယ်…။ရေလောင်းအိမ်သာရှိတယ် ။ရေချိုးဖို့ အတွက်နေရာ တစ်ခုနဲ့ ရေဘုံဘိုင်တစ်ခု၊ရေထည့်ဖို့ စဉ့်အိုးခပ်ရွယ်ရွယ် တစ်ခုရှိတယ်…။ ဒီပုံစံအတိုင်းဆိုအပြင်ထွက်ခွင့်တောင်ရှိမယ်မထင်ဘူးလို့စိတ်ထဲကတွေးမိတယ်။

ကျွန်တော် ပြောင်းလာရတဲ့ အချိန်က ညဖက်ကြီးဆိုတော့ အတွင်းသံတံခါးကို ပိတ်
သွားပြီး…အပြင်က သစ်သားတံခါးကိုတော့ ဖွင့်ပေးထားခဲ့တယ်..။ကျွန်တော်….. အပြင်ကို
လှမ်းကြည့်တော့ ကျွန်တော့်ရဲ့မျက်နှာချင်းဆိုင် ပေလေးဆယ်လောက် အကွာမှာ သုံးခန်းတွဲ
တိုက်ပုလေး တစ်ခုကို တွေ့ရတယ်။ပြီးတော့…အဲဒီသုံးခန်းတွဲတိုက်ရဲ့ တတိယမြောက်အခန်း
မှာ ဘယ်ပြန်ညာပြန်လမ်းလျှောက်နေတဲ့ အရိပ်တစ်ခု…။အဲဒီတစ်ည တာကိုကျော်ဖြတ်ဖို့ စိတ်ကို မနဲငြိမ်အောင် ကြိုးစား လိုက်ရတယ်…။ မနက်ဖြန်မှာ ခြားနားမှု တစ်ခုခု ရှိလာ နိုင်တယ်လေ…။
မနက်လင်းတော့ အတွင်းက သံတံခါးကို လာဖွင့်ပေးပြီ…အပြင်က သစ်သားတံခါးကို
လာပိတ်သွားတယ်။…တစ်နေကုန် ပိတ်ထားမှာလား..လို့ ..မေးတော့ မသိဘူးလို့ဖြေတယ်။
အတွင်းသံတံခါးနဲ့ အပြင်သစ်သားတံခါး ကြားမှာ ကွန်ကရစ်ခင်းကွက်လပ်လေးတခုရှိတယ်..။
ကောင်းကင်ကို လှမ်းမြင်ရပေမဲ့ သံဇကာကွက်ကတော့ ကြားကနေ ခြားထားသေးတယ်..။
ပိတ်သွားတဲ့ သစ်သားတံခါး မှာမျက်စိတစ်လုံးစာလေးထောင့် ပေါက်လေးတစ်ခု ရှိတယ်..။
အဲဒီအပေါက် ကနေအပြင်ကို ချောင်းကြည့်ရင် ခပ်ကျဉ်းကျဉ်း မြင်ကွင်းတစ်ခုကိုမြင်နိုင်တယ်။
ဒီလို မဖြစ်သင့်ဘူးဆိုတာ သိနေပေမဲ့လည်း ဒါကိုဘယ်သူ့သွားပြောမလဲ ..။မနက်အစောကြီး
ရေနွေးလာတယ်..။ထမင်းစားချိန် ထမင်းလာတယ်..။အဲဒီအချိန် မျိုးတွေမှာ အပြင်တံခါး ခဏ ပွင့်သွား တယ်..။ပြီးတော့ ပြန် ပိတ်တယ် ..။လာသမျှ လူတိုင်းကိုလဲ ဘာပဲမေးမေး မသိဘူး
ပဲ အဖြေပေးတယ်..။ ရေချိုးချိန် မှာရေ ဖွင့်ပေးတယ် ..။နေ့လည် ၁၂နာ၇ီ မှာအတွင်းတံခါး
လာပိတ်ပြီး …အပြင်တံခါးကို ဖွင့်ပေးသွားတယ်..။အပေါက်ကျဉ်းကျဉ်း လေးကနေ ချောင်း
ကြည့်ရတာထက် နဲ နဲ ပိုကျယ် တဲ့ မြင်ကွင်းကို အဲဒီ အချိန် မှာမြင် ရ တယ် ..။အရင်ကဆို
၁၂ နာရီ ကနေ ၂နာရီ ထိ ခဏတဖြုတ် အိပ်နေ ကျပေမဲ့ အဲဒီ နေ့ ကတော့ မအိပ်ဖြစ် ဘူး.။
တစ်ယောက် ယောက် ကိုများ လှမ်းတွေ့ ရမလားဆိုတဲ့ မျှော်လင့်ချက် ခပ်ပါးပါး နဲ့ …..
ကျွန်တော် သံတံခါး နားမှာ သံတိုင်တွေကိုင် ပြီး ထိုင် နေမိတယ်..။ရှေ့က တိုက်ခန်းထဲက
လမ်းလျှောက် နေ တဲ့ အရိပ်တခု ကို ညဘက် မီးအလင်းရောင် အောက်မှာမြင်ရပေမဲ့…
အခုတော့ ဘာမှ မမြင်ရ ဘူး..။လက်တစ်ဖက် ၀င်စာ လေးထောင့် အပေါက်လေးတွေရှိတဲ့
အုတ် နံရံ ဖြူဖြူ ကလဲ အဲဒီ တိုက်ခန်းတွေ ကို ကာထားသေးတယ်…။ဘာမှမမြင်ရပေမဲ့လည်း
တခုခုများပေါ် လာမလားဆိုတဲ့ စိတ် နဲ့ ကျွန်တော် အဲဒီ တိုက်ခန်း လေးဆီကိုလှမ်းကြည့် နေမိတယ် ….။အသံ တစ်သံများကြား ရ မလား ဆို ပြီး တော့ လဲ နားကို စွင့်ထားသေးတယ်။
အဲဒီ အချိန်မှာပဲ တံခါးဖွင့် သံသဲ့သဲ့ ကိုကြား လိုက် တယ်….။တကယ်ကို မှ သဲ့သဲ့လေး..
ဘယ်ကမှန်းတောင် မရေရာဘူး…။ကျွန်တော် အကြည့်အာရုံ ကို ပိုပြီး စူးစိုက် လိုက်တယ် .။
တစ်ယောက် ယောက် များ ရှိ နေရင် တနည်းနည်း နဲ့နှုတ်ဆက် မှာပဲဆိုတဲ့ ယုံကြည် စိတ်
ကလဲစိတ်ကို ကြီးစိုးထားတယ်..။ အဲဒီ အချိန်မှာပဲ… ကျွန်တော်မျက်စိ ရှေ့တည့်တည့် ပေလေးဆယ် လောက်အကွာမှာ ရှိတဲ့ နံရံဖြူဖြူ ကြီးရဲ့ လေးထောင်ကွက် လေးတွေ များစွာထဲက တစ်ခု ကနေ လက်တစ်ဖက် ထွက်လာတယ်။ ပထမတော့ လက်သီးဆုပ်ပဲ…..ခဏနေတော့ လက်ညှိုး တစ်ချောင်း ထောင်ပြီး…..လက်ညှိုးကို ဘယ်ပြန် ဘာပြန် ဖြည်းဖြည်းချင်းယမ်းပြတယ်..။သူဘယ်သူ လဲ ကျွန်တော် မသိဘူး…သူဘာဆိုလို မှန်းလဲ ကျွန်တော် သေသေချာချာ မသိဘူး…ဒါပေမဲ့ …စိတ်မညစ်နဲ့ လို့ပြောတာပဲဖြစ်ရမယ် လို့တွေးလိုက်ပြီး…လက်မ ပြန်ထောင် ပြလိုက်တယ်…ဒါပဲ…။လက်ကလေး…ပြန်ဝင်ရောက် ပျောက်ကွယ် သွားတယ်..။ပေလေးဆယ် အကွာအဝေး ကိုဖြတ်ပြီး…ကျွန်တော့ ဆီကို အားအင် တွေစီးဆင်း လာသလို
ခံစားလိုက်ရတယ်…။ခဏနေတော့…ရေချိုးသံကြားရတယ်…ပြီးတော့…..လေချွန်သံ….
ကျွန်တော် သိလိုက်ပြီ ဒါ…အစ်ကိုပဲ….။

၂နာ၇ီ ထိုးထိုးချင်းပဲ အတွင်းတံခါး လာဖွင့်ပြီး အပြင်တံခါးကို ပြန်ပိတ် သွား တယ်။
အစ်ကိုများအပြင်ထွက်ပြီးလမ်းလျှောက်မလားဆိုတဲ့အတွေးနဲ့အပေါက်လေးကနေ…..
ချောင်းကြည့်ဖြစ် တယ် မတွေ့ဘူး….။အစ်ကို ကို လဲ ကျွန်တော့်လိုပဲ တစ်နေကုန် ပိတ်
ထားတာဖြစ် မယ်… စိတ်ကတော့ အရင်ကထက်စာရင် ပိုပြီးတော့ ပေါ့ပါးနေတယ်။
စာဖတ်၊လေ့ကျင့်ခန်းလုပ်၊ရေမိုးချိုး အပြီးမှာ ညနေကစောင်းစ ပြုနေပြီ….။အမှောင်မလာခင်
အပြင်ကို ခဏတဖြုတ်ကြည့် ဦး မှပဲ ဆိုပြီး ချောင်းကြည့်လိုက်တယ် ။ကျွန်တော့် မြင်ကွင်း
ထောင့်စွန်း တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အဖြူရောင် အရိပ်တစ်ခု ကို လှမ်းတွေ့
လိုက်တယ်..။အ၀တ်အစားတွေ က အဖြူ ၊ဆံပင်တွေက လည်းအဖြူ…။ကျွန်တော့်မြင်ကွင်း
ကို ကျောခိုင်းထားတာကြောင့် သူဘယ်သူလဲဆိုတာ မသိရသေးဘူး….။ကျွန်တော် ကြည့်
နေရင်း….သူ ကျွန်တော့် ဖက် ကို လှည့်လာတယ်…။အသက်အရွယ် နဲ့ မလိုက်အောင် တက်ကြွ လန်းဆန်းနေတဲ့သူ့ ရုပ်သွင်က ကျွန်တော့်စိတ်ထဲကိုအတွေးတစ်ခုဝင်လာစေတယ်
ဒါ…..အဘ …ပဲဖြစ်ရမယ်….။ကျွန်တော့် အထင်မှန်ခဲ့ပါတယ်…။အဲဒါ …အဘ…ပါပဲ..။
နောက်ပိုင်းရက်တွေမှာ နေ့လည်တိုင်း နေ့လည်တိုင်း အစ်ကို က လက်လေးတစ်
ဖက်ထွက်ထွက် လာ ပြီး ကျွန်တော့် ကိုနှုတ်ဆက်တယ်..။ညနေတိုင်း ညနေတိုင်း ပဲ …အဘ..
လမ်းလျှောက်လျှောက် နေ တာ ကို ကျွန်တော် မြင်ရ တယ်.. “သူတို့ရှိနေတယ်”။
သေချာပါတယ် …..ကျွန်တော် တစ်ယောက် ထဲ အထီးကျန် နေ့ရက်တွေကို…အဲဒီစိတ်
တစ်ခုထဲနဲ့ …ကျွန်တော် ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့တယ် ဆိုတာ …..သိပ်ကိုသေချာပါတယ်..။ ။


ငါးဆောင်တိုက်ကနေ အထူးဆောင်ထဲကို အပြောင်းမှာ ကိုသူရ(ဇာဂနာ) ၊ အဘဦးဝင်းတင်တို့နဲ့ ဆုံခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည်ခံစားရေးဖွဲ့ထားတာပါ ။ ဖတ်ကြည့်ကြပါဦး ...။

34 comments:

အမှတ်တရ နေ့စွဲများ.... said...

ဆက်ရန်ကိုမျှော်နေတယ် အကို

တသက်တာ said...

post လေးကိုဖတ်ပြီး တစ်ခုခုကို ခံစားမိတယ်။ အထီးကျန်တဲ့ ခံစားမှု နဲ့  ယုံကြည်ချက် လို့ ထင်မိပါတယ်။ "www.nayphonelatt.net ဒီလိုဆိုရင် Access has been denied ဒါမျိုးမပေါ်တော့ဘူးဗျ" ...လေးကို ဖတ်မိတော့ ပျော်မိ တယ်။ ဒီထက် ပိုပြီး စာတွေ အများကြီးကို လွတ်လွတ်လပ်လပ် ရေးနိုင်ပါစေရှင်။

မေဓာဝီ said...

အဲဒီလိုနေရာမျိုးမှာ တယောက်ထဲ အထီးကျန်နေရာတာနဲ့စာရင် လက်ကလေးတဖက်ကို မြင်ရတာနဲ့တင် တယောက်ယောက်ရှိနေတယ်ဆိုတဲ့ အသိကြောင့် စိတ်သက်သာရာ ရစေခဲ့တာနော် ... ။
ဖတ်ရတာ စိတ်မကောင်းပေမဲ့ နေဘုန်းလတ် စာတွေကို အများကြီး ဖတ်ချင်သေးတယ်။

su said...

အရမ်းကောင်းပါတယ်
ဖတ်လိုက်တာနဲ့ စာဖတ်သူ့ရဲ့ မျက်လုံးထဲပေါ်လွင်စေပါတယ်..
စာတွေအများကြီးလွတ်လပ်စွာရေးသားပြီး မျှဝေနိုင်ပါစေ..

su said...
This comment has been removed by the author.
Zin Ko Latt said...

အဲဒီလက်ကလေးနဲ့ အရိပ်ကလေးဟာ မင်းအတွက် အားအင်တွေ ဘယ်လောက် ဖြစ်စေခဲ့မလဲဆိုတာ ငါ မှန်းကြည့်လို့ ရပါတယ်။ ဆက်ရေးကွာ။

Sir Yaw said...

ဆရာငြိမ်းကျှောပြောတဲ့ ချဉ်ဖတ်စိန်ထားတဲ့စာပေတွေ လာတော့မယ်ထင်တယ်

မာန်လှိုင်းငယ် said...

ရင်ထဲကို ထိတယ်၊ ရှတယ်၊ ဖတ်နေရင်းနဲ့ကို ကျနော် ကြက်သီးထနေရတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကိုကျော် ... အားအင်တွေ ပေးနေတဲ့ အဲဒီလက်ကလေးတဖက်နဲ့ ပုံရိပ်ဟာ ပြောပြမနိုင်တဲ့ အနှိုင်းမဲ့အင်အားလားလို့တောင် ဆိုလို့ရတယ်။ ဆက်ရေးပါ၊ ဖြည်းဖြည်းခြင်းရေးပါ ကိုကျော် ... ကျနော်တို့ အမြဲအားပေးနေပါတယ်။

မာန်လှိုင်းငယ်

Angelhlaing(May everybody be happy and healthy! said...

ဘဝတက္ကသိုလ်ရဲ့ အတွေ့အကြုံတွေကို စောင့်မျှော်နေပါတယ်အကို... ကောင်းသောနေ့ရက်လေး ဖြစ်ပါစေရှင်..

May Oo Moe said...

ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါတယ်..
အမြဲအားပေးနေပါတယ်...
လွတ်လွတ်လပ်လပ်ဆက်ရေးနိုင်ပါစေ...

မဒမ်ကိုး said...

ဆက်ရန်အတွက်စောင့်မျှော်ရင်း အသက်ရှုရပ်ပြီးမွန်းကျပ်စွာဖတ်သွားပါတယ်အကိုရေ

မေငြိမ်း said...

အကျဉ်းထောင်နေ့ရက်တွေကို ဘယ်လို စိတ်.. ဘယ်လို ရင်ဆိုင်မှုမျိုးနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာလေး ခံစားလို့ ရခဲ့ရင်.. ချရေးချင်စိတ် ရှိရင်.. မျှဝေပါဦးနော်..။ လူငယ်တယောက်.. စာရေးဆရာတယောက်... ပညာတတ်တယောက်.. မတရားခံရတဲ့ နှစ်ရှည်ထောင်ဒဏ်ဆိုတာကို ဘယ်လို ရင်ဆိုင်ခဲ့ရသလဲဆိုတာ မှတ်တမ်းလည်း ဖြစ်စေချင်လို့ပါ။

မြတ်ကြည် said...

:)တော်တော် သရုပ်ပီပြင်တယ်။ ဆက်ရေးပါဦးနော်။ အားပေးနေပါတယ်။

စာချစ်သူ said...

ဘ၀နဲ့ရင်းပြီး ရလာခဲ့တဲ့ အတွေ့ကြုံတွေကို မျှဝေပေးလို့ ကျေးဇူးပါအကို။ ခံစားချက်တွေရှိလာတိုင်း ရင်ဖွင့်ပေးတဲ့ အကို့ရဲ့စာတွေကို အားပေးနေပါတယ်။ အကို ပျော်ရွှင်ပါစေ..

(ကျနော်ဆိုက်မှာ လင့်ချိတ်ခွင့်ြ့ပုပါ အကို)

thuyein said...

အကျဉ်းစံ နေ့ရက်များ အကြောင်းကို ဖတ်ပြီးတော့ ခင်ဗျားခံစားရတာကို နားလည်မိပါတယ်။ ဆက်ပြီးတော့ ရေးဖို့ တောင်းဆိုပါတယ်။

ရွှန်းလဲ့ said...

ရင်ထဲမကောင်းပေမယ့် အစ်ကို့ စာတွေဖတ်ချင်သေးတယ်... ဆက်ရေးပါ....

လေးစားတဲ့
ညီမ

:P said...

အီးမေးလ်ထဲ subscribe လုပ်ထားတာကိုဖတ်ပြီးမှ ကောမန့်ပေးချင်လို့ ဒီလာပြီး ထပ်ဖတ်ဖြစ်တယ်။
ကိုယ်တိုင်သံတံခါးတစ်ထပ်၊ သစ်သားတံခါးတစ်ထပ်နောက်က ချောင်းကြည့်ရသလိုမျိုး ခံစားရတယ်။
ဆက်ရေးပါ..ေ
ခေါင်းးစဉ်လေးလည်း ကြိုက်တယ်။
အကျဉ်းစံလို့ သုံးတာကို ကြိုက်တာ..။

Thet Oo said...

ရေးထားတဲ့ပို့စ်ကလည်းကောင်းသလို ကွန်မန့်တွေကလည်း ကောင်းပါပေတယ်။

san htun said...

လက်လေးတဖက်က တယောက်တည်း မဟုတ်ဘူး..အဖော်တွေ ရှိတာ သိရတော့ အားတက်တဲ့အကြောင်း ဖတ်ရတော့ စိတ်ထဲနင့်သွားတာပဲ..ဆက်ရန် မျှော်နေတယ်

mthida said...

မျက်ရည်ကျမိပါတယ်...

Black Dream said...

Welcome back bro, i'd waited so long to read such a post :)

khaing thazin said...

ဆက်ရန်ကိုစောင့်ဖတ်နေပါတယ်။

ပေါက်ကရ said...

ခါးသီးမူတွေ ဝေမျှ ခံစားကြမယ်အကို ..

GreenGirl said...

Welcome back Ko Nay Phone Latt!

မီးလေး said...

ပိုစ့်လေး ဖတ်ရတာ ကိုယ်တိုင်ဖြစ်နေသလို ခံစားမိပြီး မျက်ရည်တောင် ၀ဲမိတယ်.... ဆက်ရေးပါဦး အစ်ကိုတော်

Harry said...

ပြန်လည် လွတ်မြောက်လာတဲ့ အတွက် အရမ်းဝမ်းသာပါတယ်ဗျာ ...

kozey said...

တစ်ချိန်တုန်းက ကြားဘူးခဲ့တာက ထောင်ဆိုတာ လူဆိုးတွေကိုထားတဲ့နေရာတဲ့။ တစ်ကယ်တော့ ထောင်တွေထဲမှာ ပညာရှင်တွေ မျိုးချစ်ပုဂိုလ်တွေ နိုင်ငံသားကောင်းတွေ ဘယ်လောက်တောင်ရှိခဲ့ ရှိနေခဲ့လဲ။ ညီလေးခနလိုက်ခဲ့ပါဆိုပီး ဘ၀ဆုံးသွားတဲ့သူတွေဘယ်လောက်တောင်များခဲ့ပြီလဲ၊ အစ်ကို့ရဲ့ထောင်တွင်းအတွေ့အကြုံ လေးတွေကို ဆက်ပြီးဖတ်ချင်ပါသေးတယ်။

kozey said...

တစ်ချိန်တုန်းက ကြားဘူးခဲ့တာက ထောင်ဆိုတာ လူဆိုးတွေကိုထားတဲ့နေရာတဲ့။ တစ်ကယ်တော့ ထောင်တွေထဲမှာ ပညာရှင်တွေ မျိုးချစ်ပုဂိုလ်တွေ နိုင်ငံသားကောင်းတွေ ဘယ်လောက်တောင်ရှိခဲ့ ရှိနေခဲ့လဲ။ ညီလေးခနလိုက်ခဲ့ပါဆိုပီး ဘ၀ဆုံးသွားတဲ့သူတွေဘယ်လောက်တောင်များခဲ့ပြီလဲ၊ အစ်ကို့ရဲ့ထောင်တွင်းအတွေ့အကြုံ လေးတွေကို ဆက်ပြီးဖတ်ချင်ပါသေးတယ်။

ဝေယံဘုန်း said...

ကိုနေဘုန်းလတ်ရေ ... ၀မ်းလည်း သာတယ် ဂုဏ်လည်း ယူပါတယ်ဗျာ ကျွန်တော့်ကို မှတ်မိမယ် ထင်ပါတယ်။

ဝေယံဘုန်း said...

ဝမ်းသာဂုဏ်ယူပါတယ် ကိုနေဘုန်းလတ်ရေ... ကျွန်တော့်ကို မှတ်မိမယ် ထင်ပါတယ်။

mabaydar said...

စိတ်ထဲမှာ စို့စို့နစ်နစ်ခံစားရတယ်... အလုပ်မှာဖတ်ရင်း မျက်ရည်ကျမိလို့ boss မမြင်အောင် အမြန်သုတ်လိုက်ရတယ်...
ဒါတွေဟာ ရုပ်ရှင်မဟုတ်ဘူးဆိုတာသိပင်မဲ့ မျက်လုံးထဲမှာ ရုပ်ရှင်ကြည့်နေရသလိုပဲ... ဇာတ်ကောင်တွေကို သရုပ်ဖော်နေမိတယ်...
နောက်ထပ်ဆက်ရေးပါအုံး... ဗဟုသုတလဲရတယ်... ရသလဲမြောက်တယ်...
တကယ်လိုအပ်တဲ့အချိန်မှာ နံရံထဲက လက်တစ်ဖက်နဲ့ လမ်းလျှောက်နေတဲ့ အရိပ်လေးကလဲ စိတ်ဓာတ်အင်အားကိုဖြစ်စေတယ်...
ရနေတဲ့အချိန်မှာ တန်ဖိုးမထားမိတဲ့အရာတွေအားလုံးကို ဂရုတစိုက်တန်ဖိုးထားတတ်ရင် နေပျော်ပါတယ်...

တွယ်တာလင်း said...

အစ်ကိုရဲ့အကျဉ်းစံနေ့ရက်များအကြောင်းကိုဖတ်ရတော့ရင်ထဲမှာခံစားရတယ်ကိုယ်သာဒီနေရာမှာရောက်ခဲ့ရင်ဘယ်လိုများရင်ဆိုင်ရမလဲလို့တွေးမိတယ်အစ်ကိုအဲ့ဒီနေရာကလွတ်မြောက်ခဲ့တဲ့အတွက်ဝမ်းသာပါတယ်အစ်ကိုစာတွေဒီထက်မကပိုရေးနိုင်ပါစေ

နရီမင်းခင် said...

ဒီစာကိုဖတ်လို့ရတဲ့ ရသတွေနဲ့ မှတ်ချက်တွေကရတဲ့ ရသတွေကို စုပြီးဖတ်လိုက်ရတော့ ပိုလို့တောင် ဝမ်းနည်းမိတယ်....နောက်ထပ်တစ်ခါ မျက်ရည်ကျရပြန်ပါပြီ။

June Moe said...

အကျဉ်းစံမှာလူ့သဘာဝ စိတ်ဓာတ်တွေကျတဲ့အခါ
စိတ်ဓာတ်စစ်ဆင်းရေးတွေလုပ်တဲ့ အခါ ဘယ်လို အစ်ကိုရဲ့စိတ်ဓာတ်တွေကို မြင့်တင်ခဲ့တယ်ဆိုတာ စိတ်ပိုင်းကိုအဓိက ထားပြီးတော့ ရေးပေးစေချင်ပါတယ်