Pages

Monday, June 11, 2007

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

ဒီဘလော့ဂ်လေးကို စလုပ်မယ်လို့ကြံတဲ့အချိန်က ကျွန်တော် ဒီဝတ္ထုတိုလေးကိုရေးနေတဲ့အချိန်ပါ။
ဒါကြောင့် ဒီဘလော့ဂ်လေးရဲ့နာမည်ကိုလဲ ဒီဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်နဲ့ခပ်ဆင်ဆင်လေးပေးဖြစ်ခဲ့ပါတယ်။ ဒီဝတ္ထုတိုလေးကတော့ ကျွန်တော့်ရဲ့ ရှားရှားပါးပါး အချစ်ဝတ္ထုတိုတွေထဲက တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ဖတ်ကြည့်ကြပါဦးဗျာ။

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

တဖွဲဖွဲကျနေတဲ့ ဆောင်းနှင်းတွေကြားထဲမှာ ကျွန်တော့်ရဲ့မြို့တော်လေးကို ကျွန်တော်သဲသဲကွဲကွဲမြင်ခဲ့ရတာပါ ...။
နူးညံတယ်ဆိုတာထက်ပိုတဲ့ ညင်သာမှုတွေရဲ့အထိအတွေ့မှာ ကျွန်တော့်ရဲ့လက်ဖ၀ါးတွေ နွေးထွေးသက်ဝင်လာရာက စခဲ့တယ် ...။
သူမဟာ ကျွန်တော့်ကို မြို့တော်လေးအကြောင်းတွေ ဖွင့်ဆိုပြခဲ့တဲ့ အသံမဲ့ကဗျာတစ်ပုဒ်ဖြစ်တယ် ...။
သူမကမိုးရာသီကိုချစ်တယ် ...။ ကျွန်တော်ကမိုးရာသီမှာမွေးတယ် ...။ အဲဒီတော့ သူမကကျွန်တော့်ကိုချစ်တယ် ...။သိပ်တော့
မဆိုင်လှပေမယ့် အဲဒီအတိုင်းပဲဖြစ်ခဲ့တယ် ...။ မရေရာမှုတွေသာ တကယ့်ကိုသေချာခဲ့တဲ့လောကထဲမှာ သူမနဲ့ကျွန်တော် အသေအချာကိုချစ်ခဲ့ကြဖူးပါတယ်..။
အသဲပုံဖဲချပ်လေးတွေကို ဆွဲတိုင်း စပိတ်နဲ့ညှင်းတွေပဲ ကျကျလာတတ်တဲ့ ဖဲချပ်တွေကိုကျွန်တော်မုန်းတယ်..။ ကျွန်တော်သူမကိုလွမ်းနေပါတယ် ...။လွမ်းတယ်ဆိုတဲ့ စကားကို အပိုစာသားတွေမပါပဲ ကျွန်တော် ထပ်ပြောပါ့မယ် ...။ ကျွန်တော် သူမကို လွမ်းနေပါတယ် ...။
ကျွန်တော်ကအပြုံးတုတွေကြားမှာ အတုံးအရုံးကျဆုံးတယ်။ သူမကပါးချိုင့်ကလေးပေါ်အောင် ပြုံးရင်းကျွန်တော့်ကိုအားပေးတယ် ...။ ကျွန်တော်မထင်မှတ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ရင်ဘတ်ထဲကိုသူမရောက်လာတယ် ...။ အနက်ရှိုင်းဆုံး ... အနူးညံ့ဆုံး ... နှလုံးသားရဲ့တစ်နေရာမှာ လှလှပပပဲ သူမနေရာယူခဲ့တယ် ...။ သိပ်ကိုသိမ်မွေ့လွန်းတဲ့အတွက် ကျွန်တော် ရုတ်တရက်မသိခဲ့လိုက်ဘူး ...။
ချစ်စရာပါးချိုင့်လေးအတွက်လို့ ရေးထားတဲ့ ကျွန်တော့်ရဲ့စာသားတွေကို သူမဆုတ်ဖြဲပစ်ခဲ့ပြီလား..။ ဘာပဲဖြစ်ဖြစ် သူမနဲ့ကျွန်တော် အတူတူမှန်းမျှော်ခဲ့ကြဖူးတဲ့ ကျွန်တော်တို့ရဲ့မြိုတော်လေးဆီကို အရောက်သွားဖို့ သူမရဲ့နာမည်ကို ကျွန်တော် တိုးတိုးလေး အော်ခေါ်နေမိတယ်...။
နားလည်မှုဆိုတဲ့စကားလုံးကိုကြားတိုင်း ကျွန်တော်ပြုံးမိတယ်...။ ကျွန်တော်ပျော်နေရင် သူမကျေနပ်တယ်၊ ကျွန်တော်ပြုံးတာကို သူမနှစ်သက်တယ်၊ ကျွန်တော်မျက်ရည်ကျရင် သူမငိုတယ်၊ ကျွန်တော်စိတ်ညစ်တဲ့အခါ ... ဟင့်အင်း ... မဟုတ်ဘူး ... သူမကြောင့်ကျွန်တော်တစ်ခါမှ ... စိတ်မညစ်ခဲ့ဖူးဘူး ...။ ကျွန်တော်စိတ်ဓါတ်ကျတဲ့အခါ ... သူမကအားအင် တွေပေးတယ် ...။ သူမရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး ... နားစွင့်ကြည့်လိုက်တဲ့အခါတိုင်း ... ကြားရတဲ့ရင်ခုန်သံတွေက ကျွန်တော့်ကိုချစ်ခြင်းမေတ္တာအကြောင်း စာလုံးပေါင်းပြတယ်။ သူမကကျွန်တော့်ကိုချစ်တယ် ...။ တူညီတဲ့တုံပြန်မှုပြန်ပေးတာ မဟုတ်ပါဘူး ...။ ဒါပေမယ့် ကျွန်တော်လည်း သူမကိုသိပ်ချစ်ပါတယ် ...။
မျက်လုံးကိုမှိတ်ပြီးသူမအကြောင်းကိုစဉ်းစားတိုင်း ... ကျွန်တော့်ရဲ့ရင်ခုန်သံတွေမြန်မြန်လာတယ်. ... အဆုံးအစမရှိဘူးလို့ထင်ရတဲ့ ကျွန်တော့်ရဲ့အတွေးတွေက သူမနဲ့စပြီးသူမနဲ့ဆုံးတယ်...။ သူမသီကုံးဖွဲ့ဆိုခဲ့ဖူးတဲ့ မြို့တော်လေးတစ်ခုရဲ့အသွင်သဏ္ဍာန်တွေက ကျွန်တော့်ရဲ့စိတ်ကူးပုံရိပ်ထဲမှာ ... မပီဝိုးတ၀ါးနဲ့ ... လှပသက်ဝင်နေတုန်းလေ...။ ကျွန်တော်ဖြေလျှော့လိုက်တဲ့လက်တွေကိုသူမဘာလို့ပြန်ဆွဲမယူခဲ့လဲလို့ ... ကျွန်တော်မိုက်မိုက်ကန်းကန်းတွေးဖူးတယ်...။ ဝေဒနာဆိုတာခံနိုင်ရည်ရှိမှုနဲ့မဆိုင်ဘူးတဲ့...။ နူးညံ့လွန်းတဲ့သူမရဲ့နှလုံးသားဟာ ကျွန်တော့်ကြောင့်မာကျောသွားခဲ့တာလား ...။
ရင်ခုန်သံနဲ့တစ်ထပ်တည်းကျတဲ့ စကားလုံးတွေကိုသုံးပြီး သူမ ကဗျာလေးတွေ သီကုံးတတ်တယ် ...။ သူမ ရွတ်မပြခဲ့ဖူးပေမယ့် ... သူမရဲ့ကဗျာတွေကိုဖတ်တိုင်း သူမရဲ့အသံကို ကျွန်တော်ကြားတယ်...။ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုတာ အတိအကျကိုသေချာတဲ့ ... အဲဒီကဗျာလေးတွေထဲမှာ ဖြူစင်အေးမြတဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်တွေ့ရတယ်...။ သူမနဲ့ကျွန်တော် နှစ်ယောက်အတူရေးစပ်ခဲ့ဖူးတဲ့ ... ကဗျာလေးတစ်ပုဒ်ထဲက ... စာသားလေးလိုပေါ့ ... ကျွန်တော်က ဖြူလွှလွှတိမ်စလေးဖြစ်တယ် ... သူမက တိုက်ခတ်လေပြေလေးဖြစ်တယ်...။ သူမဟာ ကျွန်တော်နဲ့ပတ်သက်လာရင် ... အတ္တနဲလွန်းတယ်...။ သူမရဲ့စိတ်ကျေနပ်မှုအတွက် ... ကျွန်တော့်ကိုစိတ်ညစ်အောင်မလုပ်ဘူး...။ သူမရဲ့သာယာပျော်ရွင်မှုအတွက် ... ကျွန်တော့်ကို အချုပ်အနှောင်တွေထဲကို မထည့်ဘူး...။ ကြားစကားတွေ...၊ လေလှိုင်းထဲက အတင်းအဖျင်းတွေကို သူမက ယုံကြည်မှုတစ်ခုနဲ့ ရိုက်ချိုးနိုင်စွမ်းတယ်...။ သူမဟာ သိပ်ကိုချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်...။
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်လေးကို သူမကတည်ဆောက်တယ်...။ အဲဒီမြို့တော်လေးမှာ အခြေအမြစ်မရှိတဲ့ သံသယတွေအစား နားလည်ယုံကြည်မှုတွေရှိတယ်...။ အစွန်းရောက်တဲ့ ချုပ်နှောင်တားမြစ်မှုတွေအစား မျှတပြေပြစ်တဲ့ ကိုယ်ပိုင်လွတ်
လပ်ခွင့်တွေရှိတယ်...။ မရေရာတဲ့ မေးခွန်းပုစ္ဆာတွေအစား သေချာတဲ့အမှန်တရားတွေရှိတယ်...။ တစ်ဦးကိုတစ်ဦး အထင်သေးနှိမ့်ချမှုတွေအစား အပြန်အလှန် ချစ်ခင်လေးစားမှုတွေရှိတယ်...။ ကျွန်တော်တို့ရဲ့မြို့တော်လေးမှာ ... အလှဆုံးဆိုတဲ့ပန်းတွေသာ ဝေေ၀ဆာဆာကို ဖူးပွင့်ကြိုင်လှိုင်ခဲ့တာပါ...။
ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုမှာ ကျွန်တော် ညင်ညင်သာသာ ကျဆုံးခဲ့ချိန်ပေါ့...။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက
အာသာဆန္ဒတွေနောက်ကို လိုက်တယ်...။ ကျွန်တော့်ရဲ့အာရုံတွေက ပြင်းထန်လွန်ကဲတဲ့ ရမ္မက်တွေရှိရာကို ရောက်တယ် ...။ အနီးဆုံးမှာရှိနေတဲ့သူမကို ကျောခိုင်းပြီး မာယာတွေအပြိုင်းအရိုင်းထနေတဲ့ လောကထဲကို ကျွန်တော် အရိုင်းအစိုင်း တစ်ယောက်လို ၀င်တိုးမိခဲ့တယ်။ သူမမကြားချင်ဆုံးဖြစ်တဲ့ ဝေး.. ဆိုတဲ့စကားတစ်ခွန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘ၀ထဲကိုပြုတ်ကျလာတယ်...။ အနမ်းတွေနေရာကို အလွမ်းတွေက အစားဝင်တယ်..။ အပြုံးတွေနေရာကို အရှုံးတွေက အစားဝင်တယ် ... အဲဒီလို ... အဲဒီလိုနဲ့ ... ဝေးခဲ့ကြတယ်...။ ကျွန်တော်တို့ ဝေးခဲ့ကြတယ်...။
လှောင်ရယ်သံတွေကိုမုန်းမိတဲ့အခါတိုင်း သူမရဲ့ချစ်စဖွယ်အပြုံးလေးကို သတိရတယ်...။ အမိန့်တွေကို စက်ရုပ်တစ်ရုပ်လို နာခံရတိုင်း သူမပေးခဲ့ဖူးတဲ့ အချုပ်အနှောင်ကင်းတဲ့ချစ်ခြင်းတွေကိုတမ်းတတယ်...။ ရုန်းထွက်ဖို့ခက်တဲ့ဒြပ်မဲ့အကာအရံတွေကြားမှာ ပိတ်လှောင်မွန်းကြပ်မိတဲ့အခါတိုင်း အရာအားလုံးကိုမေ့ပျောက်စေတဲ့ သူမရဲ့ရင်ခွင်ကို လွမ်းတယ်...။ သူမ ပေးနိုင်တော့မှာ မသေချာပေမယ့် ကျွန်တော် အားလုံးကို ပြန်လိုချင်နေခဲ့တာကတော့ သိပ်ကိုသေချာပါတယ်...။
ကျွန်တော်ဟာ ... ငြိမ်းချမ်းအေးမြတဲ့မြို့တော်လေးတစ်ခုကို လွှတ်ချမိခဲ့တဲ့ကောင်ပါ...။ ကျွန်တော် လွှတ်ချထားခဲ့တဲ့ မြို့တော်လေးရဲ့တံခါးဝမှာ ... ချစ်ခြင်းတွေပြည့်သိပ်နေတဲ့ရင်ခွင်တစ်ခုနဲ့ သူမကျွန်တော့်ကိုမျှော်နေမှာလား ...။ ဒါမှမဟုတ်... မြို့တော်လေးရဲ့ တံခါးကိုပိတ် ... အတိတ်တွေအားလုံးကို ဘေးနားမှာချိတ်ထားပြီး ... သူမတစ်ယောက်တည်း နူးညံ့တိတ်ဆိတ် နေမှာလား...။ဒါမှမဟုတ် ... မြို့တော်လေးရဲ့ ... အရေခွံဟောင်းတွေကိုခွာချ ... အသစ်အသစ်သောရင်ခုန်သံအပိုင်းအစတွေနဲ့ ... မြို့တော်အသစ်တစ်ခုကို သူမတည်ဆောက်စပြုနေပြီလား...။
ကျွန်တော်နဲ့ဝေးရာကို ရွက်လွှင့်သွားခဲ့တဲ့သူမ ... ကျွန်တော့်မျက်စိရှေ့ကို ပြန်ရောက်လာပါ့မလား..။ နှလုံးသားထဲကနေ တမ်းတမိတဲ့အခါတိုင်း စိတ်ထဲကနေ လှမ်းလှမ်းခေါ်နေမိတဲ့ ... ကျွန်တော့်ရဲ့ အသံမပါတဲ့ဟစ်အော်မှုတွေကို သူမ ကြားမှကြားပါ့မလား...။ ပြောစရာစကားတွေ ဆွံ့အပျက်သုန်းနေပေမယ့် ... အဝေးတစ်နေရာကနေ ခဏလေးပဲဖြစ်ဖြစ် ငေးကြည့်ကျေနပ်ချင်မိတဲ့စိတ်တစ်ခုနဲ့ လိုက်ရှာနေမိတဲ့ ကျွန်တော့်ရဲ့မျက်ဝန်းတွေကို သူမ လက်ခံချင်စိတ်ရှိမှရှိပါ့မလား...။ မေးခွန်းတွေရော၊ ပုစ္ဆာတွေရော ... ကျွန်တော့်ရဲ့အာရုံထဲမှာ ပေါက်ကွဲလွင့်မျောနေကြတယ်။
လွမ်းမိတဲ့အခါတိုင်း ... ကျွန်တော့်ရဲ့နှုတ်ဖျားကနေ ဖုံးမနိုင်ဖိမရ ထွက်ထွက်ကျလာတတ်တဲ့ ... သူမရဲ့နာမည်ကို
အိမ်ရှေ့ကအုတ်ခုံလေး မှတ်မိနေလိမ့်မယ် ...။ လွမ်းမိတဲ့အခါတိုင်း ... ဖွင့်ဖွင့်ဖတ်မိတဲ့ ... သူမရဲ့ကဗျာစာအုပ်လေးထဲမှာ ... ကျွန်တော့်ရဲ့မျက်ရည်စတွေရှိလိမ့်မယ်...။ ဘယ်သူမှမသိပေမယ့် ကျွန်တော် ခိုးခိုးကြည့်နေမိတဲ့ သူမရှိတတ်တဲ့နေရာလေးတွေက ... ကျွန်တော့်ရဲ့အဖြစ်ကို လှောင်ရယ်နေကြလိမ့်မယ်...။ သိပ်မဝေးတဲ့နေရာတစ်ခုမှာ ဟစ်အော်ဆိုညည်းနေမိတဲ့ ကျွန်တော့်ရဲ့ သီချင်းသံတွေ သူမမကြားနိုင်ပေမယ့် ... ကျွန်တော့်ရဲ့ဂစ်တာလေးကတော့ အလွတ်ရနေလိမ့်မယ်...။
ကျွန်တော့်ဘ၀တစ်ခုလုံးစာအတွက် သိပ်ကိုသေချာတဲ့ စကားတစ်ခွန်းကို သူမကြားမှာမဟုတ်ပေမယ့် ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်...။ ကျွန်တော် သူမကိုသိပ်ချစ်တယ်...။
နေဘုန်းလတ်
( ၅.၀၂.၀၆ )

15 comments:

Zin Ko Latt said...

အနမ်းတွေနေရာကို အလွမ်းတွေက အစားဝင်တယ်..။ အပြုံးတွေနေရာကို အရှုံးတွေက အစားဝင်တယ် ... ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပဲ။

Ko Phyoe said...

ကျွန်တော်ကအပြုံးတုတွေကြားမှာ အတုံးအရုံးကျဆုံးတယ်။ တဲ့လား ဟုတ်ကဲ့ ကျွန်တော်လည်း ကျဆုံးဖူးပါရဲ့ ကိုဇင်ကိုလတ် အရမ်းမိုက်တယ်ဗျာ ကြိုက်သမျှစာသားသော ထုတ်ပြရမယ်ဆိုရင် ... အကုန်ပဲဗျ။ ကျွန်တော်ဒါမျိုးမရေးတတ်ဘူး။ အရမ်းကြိုက်တယ်။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ငါလဲ ဒါမျိုးနောက်တစ်ခါထပ်ရေးနိုင်ဖို့ဆိုတာ မသေချာတော့ဘူး ကိုဖြိုးရေ ...။ အားပေးတဲ့အတွက် ကျေးဇူးပါ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

သူမပေးခဲ့ဖူးတဲ့ အချုပ်အနှောင်ကင်းတဲ့ချစ်ခြင်းတွေကိုတမ်းတတယ်...။ ရုန်းထွက်ဖို့ခက်တဲ့ဒြပ်မဲ့အကာအရံတွေကြားမှာ ပိတ်လှောင်မွန်းကြပ်မိတဲ့အခါတိုင်း အရာအားလုံးကိုမေ့ပျောက်စေတဲ့ သူမရဲ့ရင်ခွင်ကို လွမ်းတယ်...။ သူမ ပေးနိုင်တော့မှာ မသေချာပေမယ့် ကျွန်တော် အားလုံးကို ပြန်လိုချင်နေခဲ့တာကတော့ သိပ်ကိုသေချာပါတယ်...။
Beautiful!!

ကလိုစေးထူး said...

မိုးမခမှာ ထင်တယ်ဗျာ။ ဖတ်လိုက်ရဖူးတယ်။ မြန်မာဘလော့ဂါတွေအတွက် အချစ်ဆိုတာ ရှားပါးပစ္စည်းတဲ့။ ဒီတခါဆိုရင် သူတို့ကို ဒီဝတ္ထုလေး အဖတ်ခိုင်းလို့ရပြီ။ စကားမစပ်ပြောရရင် `ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်´ လို့ ဘလော့ဂ် နာမည်ပေးထားရတဲ့ အကြောင်းရင်းကို အခုမှ သိရတယ်ဗျာ။ :)

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ကျွန်တော့်ရဲ့ ရင်ထဲကစကားလုံးတွေကို အခုလိုအားပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးပါ ... ခင်ဗျာ။

SOE ZEYA said...

အင်းလွတ်ခဲ့တဲ့မြို့ဆိုတာ ဒါကြောင့် ဖြစ်လာတာကိုး

NayNay said...
This comment has been removed by the author.
NayNay said...

စကားလုံးလေးတွေအရမ်းကြိုက်တယ်...

Khunmyahlaing said...

လွတ်ကျသွားတာ ခံလိုက်ရတဲ့ မြို့တော်လေး ကျိုးပဲ့ ကြေမွ ထိခိုက် ပွန်းရှမှု မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေး လိုက်ပါတယ်

Totto Chan said...

အရမ်းသဘောကျပါတယ်။ စာသားတွေက အရမ်းကောင်းတာပဲ။ ရင်တွင်းခံစားချက်မို့လို့ထင်တယ်။

Ye' Minn Ko said...

အကို့"ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်"ဘလော့ဂ်ကိုfacebookပေါ်မှာShare ခွင့်ပြုပါ လား ကျွန်တော်အရမ်းသဘောကျလို.ပါ ။

နရီမင်းခင် said...

ဒီမှာကတော့ ခေါင်းစဉ်က လွှတ်ချခဲ့တဲ့မြို့တော် ဖြစ်နေတယ်။ စာအုပ်ထဲမှက လွတ်ကျခဲ့တဲ့မြို့တော်တဲ့။ ပြောင်းလိုက်တာလား??

မင်းအိမ်ဖြူ said...

ဒီနေ့ပဲ ကိုနေဘုန်းလတ်ရဲ့ လက်မှတ်ထိုးထားတဲ့စာအုပ်လေးကို သူငယ်ချင်း ဇာရည် ဆီကနေ လက်ဆောင်ရခဲ့တယ် ... အခု စာအုပ်ကိုဖတ်ပြိး ဒီဘလော့ကို ပြန်လာဖတ်ဖြစ်တယ်... အရမ်းကြိုက်တယ် .. ကျွန်တော့်စိတ်ထင် ကျွန်တော်လည်း အဲဒီလို မြို့လေး တစ်ခုကို လွှတ်ချခဲ့ဖူးတယ် ကျွန်တော် လွတ်ကျခဲ့တာလို့ မထင်ဘူး ..ကျွန်တော် လွှတ်ချခဲ့မိတာ ... အဲဒီတည်းမှာ အကြိုက်ဆုံးက " ကျွန်တော်တို့ရဲ့မြို့တော်လေးမှာ ... အလှဆုံးဆိုတဲ့ပန်းတွေသာ ဝေေ၀ဆာဆာကို ဖူးပွင့်ကြိုင်လှိုင်ခဲ့တာပါ...။
ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုမှာ ကျွန်တော် ညင်ညင်သာသာ ကျဆုံးခဲ့ချိန်ပေါ့...။ ကျွန်တော့်ရဲ့ခြေလှမ်းတွေကအာသာဆန္ဒတွေနောက်ကို လိုက်တယ်...။ ကျွန်တော့်ရဲ့အာရုံတွေက ပြင်းထန်လွန်ကဲတဲ့ ရမ္မက်တွေရှိရာကို ရောက်တယ် ...။ အနီးဆုံးမှာရှိနေတဲ့သူမကို ကျောခိုင်းပြီး မာယာတွေအပြိုင်းအရိုင်းထနေတဲ့ လောကထဲကို ကျွန်တော် အရိုင်းအစိုင်း တစ်ယောက်လို ၀င်တိုးမိခဲ့တယ်။
သူမမကြားချင်ဆုံးဖြစ်တဲ့ ဝေး.. ဆိုတဲ့စကားတစ်ခွန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘ၀ထဲကိုပြုတ်ကျလာတယ်...။
အနမ်းတွေနေရာကို အလွမ်းတွေက အစားဝင်တယ်..။
အပြုံးတွေနေရာကို အရှုံးတွေက အစားဝင်တယ် ... အဲဒီလို ... အဲဒီလိုနဲ့ ... ဝေးခဲ့ကြတယ်...။
ကျွန်တော်တို့ ဝေးခဲ့ကြတယ်...။

ကျွန်တော်ဟာ ... ငြိမ်းချမ်းအေးမြတဲ့မြို့တော်လေးတစ်ခုကို လွှတ်ချမိခဲ့တဲ့ကောင်ပါ...။
ကျွန်တော် လွှတ်ချထားခဲ့တဲ့ မြို့တော်လေးရဲ့တံခါးဝမှာ ... ချစ်ခြင်းတွေပြည့်သိပ်နေတဲ့ရင်ခွင်တစ်ခုနဲ့ သူမကျွန်တော့်ကိုမျှော်နေမှာလား ...။
ဒါမှမဟုတ်... မြို့တော်လေးရဲ့ တံခါးကိုပိတ် ... အတိတ်တွေအားလုံးကို ဘေးနားမှာချိတ်ထားပြီး ... သူမတစ်ယောက်တည်း နူးညံ့တိတ်ဆိတ် နေမှာလား...။
ဒါမှမဟုတ် ... မြို့တော်လေးရဲ့ ... အရေခွံဟောင်းတွေကိုခွာချ ... အသစ်အသစ်သောရင်ခုန်သံအပိုင်းအစတွေနဲ့ ... မြို့တော်အသစ်တစ်ခုကို သူမတည်ဆောက်စပြုနေပြီလား...။

ကျွန်တော့်ဘ၀တစ်ခုလုံးစာအတွက် သိပ်ကိုသေချာတဲ့ စကားတစ်ခွန်းကို သူမကြားမှာမဟုတ်ပေမယ့် ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်...။ ကျွန်တော် သူမကိုသိပ်ချစ်တယ်...။ ( ကျွန်တော် သူမကို သိပ်ချစ်ခဲ့ပါတယ် )
နေဘုန်းလတ်
( ၅.၀၂.၀၆ )" ကျွန်တော့် ဖေ့ဘွတ်မှာ ရှယ်ထားတယ် ကိုနေဘုန်းလတ် ...စာတွေ အများကြိး ရေးနိုင်ပါစေ .... ပျော်ရွှင်ပါစေ

နရီမင်းခင် said...

အစ်ကို့စာတွေကို ဖတ်ရင် ဒီမြို့တော်လေးကိုပဲ ထပ်ခါထပ်ခါ ဖတ်ချင်နေမိတယ် ???