Pages

Saturday, June 30, 2007

``စိတ်ကူးမယဉ်ဝံ့တဲ့သူ´´

ပိတောက်မြေမဂ္ဂဇင်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီလထုတ်မှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။
ဖတ်ကြည့်ကြပါဦး။

``စိတ်ကူးမယဉ်ဝံ့တဲ့သူ´´


``မင်းဟာ ငါ့အပေါ်မှာကျေးဇူးတွေအများကြီးရှိခဲ့ဖူးတယ်။ ဟိုးရှေးရှေးက ဘ၀တစ်ခုတုန်းကပေါ့ကွာ။
အဲဒီ့တော့ အခုငါက မင်းကိုကျေးဇူးဆပ်ဖို့လာခဲ့တာပဲ။ အခု ငါက အမျိုးအမည်ဖော်ပြလို့မရတဲ့ ဘုံတစ်ခု မှာ
တော်တော်အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်နေတယ်ကွ။ အဲဒါကြောင့် ငါလည်း မင်းကိုကျေးဇူးဆပ်စရာ
တွေရှိနေသေးတယ်ဆိုတာကို သတိရပြီး မင်းဆီကိုရောက်လာတာပဲ။ ရော့ ... ဒီဆေးပုလင်းလေးကို သောက်
လိုက် ... ပြီးတာနဲ့ မင်းတစ်ခုခုကို စိတ်ကူးယဉ်လိုက်ရင် အဲဒီ့စိတ်ကူးယဉ်နေတဲ့ကာလထဲကို မင်းချက်ချင်း
ရောက်သွား လိမ့်မယ်။ မင်းအတိတ်ကိုပဲ ပြန်သွားချင်သလား။ ဒါမှမဟုတ် အနာဂတ်ထဲကိုပဲ ကျော်သွား
ချင်သလား။ မင်းသွားချင်တဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ပြီး တလိုက် မင်းအဲဒီ့ကာလထဲကို
မင်းပြန်ရောက်သွားလိမ့်မယ်။ ပြီရင် အဲဒီ့ကာလကနေစပြီး မင်းပြန်အသက်ဆက်လို့ရပြီ။ ဒါပေမယ့် တစ်ခုတော့
ရှိတယ်နော် ... ဒီဆေးပုလင်းက တစ်ခါသောက်စာပဲ ...´´

သူ့ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် သူကကျွန်တော့်ကို ကျေးဇူးဆပ်ချင်လို့ဆိုပြီး
သူ့လက်ထဲက ဆေးရည်ပုလင်းလေးကို အတင်းထိုးပေးနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ လက်ရှိ
ဘ၀ကြီးကို ဘယ်လိုမှ မကျေနပ်နိုင်မယ့် အတူတူ သူပြောသလို အတိတ် ဒါမှမဟုတ် အနာဂတ်တစ်ခုခု ထဲကို
စိတ်ကူးယဉ်ပြီး အမြန်ခုန်ကူးလိုက်ရင်ကောင်းမယ်လို့ တွေးမိပြီး သူပေးတဲ့ ဆေးပုလင်းလေးကို ကျွန်တော်ယူပြီး
မော့သောက် လိုက်တယ်။
``အေး ... ဟုတ်ပြီ။ မင်းသွားချင်တဲ့ ဘ၀တစ်ခုကိုသာစိတ်ကူးယဉ်ပြီး အမြန်သွားပေတော့
သူငယ်ချင်းရေ ...။ ငါလည်း မင်းကိုကျေးဇူးဆပ်လိုက်ရလို့ ကျေနပ်သွားပြီ ... သွားပြီဟေ့ ...´´
``၀ုန်း ... ဒုန်း ...´´
``၀ုန်း´´ ဆိုတာက ခုဏကလူ မီးခိုးလုံးကြီးဖြစ်ပြီး ပြန်ပျောက်သွားတဲ့အသံပါ ... ``ဒုန်း´´ ဆိုတာက ကျွန်တော်
ခုတင်ပေါ်ကပြုတ်ကျတဲ့အသံ ...
``ဒေါက် ... ဒေါက် ... ဒေါက် ...´´
``ဟေ့ကောင် ... ဘာဖြစ်တာလဲ... ´´
``ဘာမှမဖြစ်ဘူး ... ဘာမှမဖြစ်ဘူး ... စည်သူ။ ငါ အိပ်မက်မက်ပြီး ခုတင်ပေါ်ကပြုတ်ကျတာပါ ...´´
စိုးရိမ်တကြီးနဲ့လှမ်းမေးတဲ့ တဖက်ခန်းကသူငယ်ချင်းကို အိပ်မက်မက်တယ်လို့သာ
ပြောလိုက်ရပေမယ့် ... ကျွန်တော့်ရဲ့လက်ထဲမှာ ကိုင်လျက်သားလေးဖြစ်နေတဲ့ ပုလင်းအလွတ်လေးက ဒါ ...
အိပ်မက်မဟုတ်ဘူး လို့ ကျွန်တော့်ကိုပြောနေသလိုပဲ။ ငါ ... ညကများ ဒီပုလင်းလေးကိုကိုင်ပြီး အိပ်ခဲ့မိသလား။
ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ မဟုတ်ဘူး ...။ ဒီပုလင်းလေးက ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ တြိဂံပုံပုလင်း
သေးသေးလေးပဲ။ တစ်ခါမှလည်း ငါ့အခန်းထဲမှာ မတွေ့မိပါဘူး။ ဒါဆို ... ဒီပုလင်း ထဲက ဆေးရည်တွေကို
ငါတကယ်ပဲ သောက်ခဲ့မိပြီလား ...။ ကျွန်တော် အဲဒီ့လိုတွေးမိပြီး ပုလင်းလေးကို နမ်းကြည့်လိုက်တယ် ...။
``အား ... မွှေးလိုက်တာ ´´
တစ်ခါမှ မရှုရှိုက်ဖူးတဲ့မွှေးရနံ့တစ်ခုက ဒီပုလင်းလေးထဲမှာ အရင်က ထူးဆန်းတဲ့ဆေးရည် တစ်မျိုးမျိုး
ရှိနေခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ခံနေသလိုပါပဲ။ သေချာပြီ ... ဟိုလူပေးခဲ့တဲ့ ဆေးရည် တွေကို ငါတကယ်
သောက်လိုက်မိပြီ။ ဒါဆို ဟိုလူပြောသွားတာတွေကလည်း တကယ်ပဲပေါ့ ...။ ကျွန်တော်အဲဒီ့လို ယုံကြည်
လိုက်ပြီးတာနဲ့ နဲနဲတော့ ပျော်သလိုလိုဖြစ်သွားတယ်။ ဒီဘ၀မှာ မနေချင် နေတာနဲ့ အတော်ပဲလို့လဲ
ကျေနပ်နေမိတယ်။ ဒါပေမယ့် ကျွန်တော် မစဉ်းစားမဆင်ခြင်ပဲ အလော သုံးဆယ်နဲ့ ဘ၀တစ်ခုခုကို
စိတ်ကူးမယဉ်လိုက်မိဖို့ကို အရမ်းသတိထားနေရတယ်။
``ဒါ ... ငါ့အတွက် အထူးအခွင့်အရေးပဲ။ ဒီအခွင့်အရေးမျိုးကို နောက်ထပ်တစ်ခေါက် ... ဘယ်လိုမှ
ထပ်ရနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီ့တော့ ငါ ... သေသေချာချာစဉ်းစားရမယ်။´´
ကျွန်တော် ... မျက်နှာကို ကမန်းကတမ်းသစ်၊ ကော်ဖီတစ်ခွက်ဖျော်၊ နောက် ... ပက်လက်ကုလားထိုင်
ပေါ်ထိုင်ချပြီး ကျွန်တော့်ရဲ့စဉ်းစားခန်းကိုစလိုက်တယ်။ အတိတ်တွေထဲကို ပြန်သွားပြီး ပစ္စုပ္ပန်ကိုပြန်ပြင်ယူရင်
ကောင်းမလား၊ ဒါမှမဟုတ် ပစ္စုပ္ပန်ကိုကျော်လွှားပြီး လိုချင်တဲ့အနာဂတ်တစ်ခုကို စိတ်ကူးယဉ်ရယူလိုက်ရ
ကောင်းမလား ...။ စဉ်းစားရင်း စဉ်စားရင်း ကျွန်တော်တစ်ယောက်တည်း အချင်းများနေတယ်။
``အရမ်းကိုခေတ်မီတိုးတက်ပြီး အချိန်တိုင်းအချိန်တိုင်း ဆန်းပြားတဲ့တီထွင်မှုတွေထပ်ထပ်ဖြစ်နေတဲ့
ဒီကမ္ဘာကြီးမှာ အနာဂတ်တစ်ခုထဲကိုသာ ငါခုန်ကူးလိုက်ရင် ငါ့ရဲ့အသိဥာဏ်တွေနဲ့ငါ့ရဲ့ဗီဇစိတ်တွေက
နောက်ကျကျန်နေခဲ့ပြီး ခေတ်နဲ့ အံဝင်တော့မယ်မထင်ဘူး။ နောက်ပြီး ... ဘာတွေဖြစ်နေမယ်မှန်းမသိတဲ့
အနာဂတ်တစ်ခု၊ ကိုယ့်ရဲ့ဖန်တီးစီမံထားမှု တွေဘာမှပါမနေတဲ့ အနာဂတ်တစ်ခုထဲကို အချောင်သမားစိတ်ဓါတ်
မျိုးနဲ့ ခုန်ဝင်ကျေနပ်လိုက်ဖို့လဲ ငါ့စိတ်ကမသန့်ဘူး´´
ကျွန်တော် အဲဒီ့လိုစဉ်းစားလိုက်မိတော့ အနာဂတ်သစ်တစ်ခုထဲကို စိတ်ကူးယဉ်ကူးပြောင်းလိုက်မယ်
ဆိုတဲ့ အတွေးတွေ နဲနဲအားပျော့သွားကြတယ်။ ဒါဆို အတိတ်နေ့ရက်တစ်ခုထဲကို ပြန်သွားပြီး လက်ရှိပစ္စုပ္ပန်
အခြေအနေတွေကို တတ်နိုင်သလောက် ပြန်ပြောင်းပစ်နိုင်ဖို့ကြိုးစားရင်ရော ...။ ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်တွေ
နဲ့ လူလူချင်း မစာမနာ မညှာမတာ ချုပ်ချယ်နှိပ်ကွပ်နေမှုတွေ၊ သဘာဝရဲ့ သယံဇာတတွေနဲ့ ကမ္ဘာရဲ့
နေရာဒေသတွေကို သူပိုင်တယ်၊ ငါပိုင်တယ်နဲ့ သတ်ဖြတ်လုယက်နေကြတာတွေ၊ လူမျိုးရေးမုန်းတီးမှုတွေနဲ့
လူသားအချင်းချင်း သူသေကိုယ်သေ ဆင်နွှဲနေကြတဲ့စစ်ပွဲတွေ၊ အဲဒီ့လို အခြေအနေတွေကို ကျွန်တော်
ဘယ်လိုများ ပြောင်းလဲပေးနိုင်မလဲလို့ စဉ်းစားနေခဲ့မိတာကြာပေါ့။
``ဟုတ်တယ် ... ဒီအကြံကောင်းတယ် ... ငါအတိတ်တွေထဲကိုပြန်သွားမယ်´´
သေသေချာချာစဉ်းစားတွေးတောပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့ပေမယ့် ...
နောက်ထပ်စဉ်းစားရမယ့် ကိစ္စတွေကတစ်ခုပြီးတစ်ခု ကျွန်တော့်ခေါင်းထဲကို ထပ်ပြီးဝင်လာတယ်။
``အတိတ်တွေထဲကိုပြန်သွားတာကတော့ ဟုတ်ပါပြီ။ ဘယ်ကာလအထိပြန်သွားမှာလဲ။ ဒီစစ်ပွဲတွေ၊
သတ်ဖြတ်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ မုန်းတီးမှုတွေရဲ့ အစကဘယ်မှာလဲ။ ဘယ်ကနေစပြီးပြင်ရမှာလဲ ... ။´´
တစီတတန်းကြီးဝင်လာတဲ့ မေးခွန်းတွေက ကျွန်တော့်ကို တော်တော်ဦးနှောက်ခြောက် သွားစေကြတယ်။
ပထမဆုံး စစဉ်းစားမိတာက အာဒမ်နဲ့ဧ၀တို့ရဲ့ခေတ်အထိပြန်သွားပြီး သူတို့စားလိုက်မိတဲ့ ပန်းသီးပင်ကို
သွားခုတ်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော်စဉ်းစားကြည့်တယ်။ အဲဒီ့ကာလကိုသာ ကျွန်တော် တစ်ယောက်တည်း
ပြန်ရောက်သွားရင် ဧ၀ကို အာဒမ်နဲ့ အပြိုင်လုမိပြီး လူ့သမိုင်းရဲ့ ပထမဆုံးသော ကြာကူလီရယ်လို့
မှတ်တမ်းတင် ခံလိုက်ရနိုင်တယ်လို့ ... ။
``မဖြစ်သေးပါဘူး ... ကိုယ်ကလည်း ပုထုဇဉ်ဆိုတော့ စိတ်ထိန်းနိုင်မှာမဟုတ်ဘူး´´
အဲဒါနဲ့ ... ကျွန်တော်ထပ်စဉ်းစားတယ်။ ကျွန်တော့်ရဲ့အဓိကဆန္ဒက စစ်ပွဲတွေကိုရပ်ဆိုင်းစေဖို့၊
ငြိမ်းချမ်းရေးရှိဖို့၊ လူလူခြင်းစာနာနားလည်ကြဖို့ ... ဒါဆို စစ်ပွဲတွေရဲ့အစကဘာလဲ ...။ကမ္ဘာဦးကတည်းက
ကျောက်လက်နက်ပစ္စည်း တွေနဲ့ချခဲ့ကြတာပဲ။ အစားအသောက်ကိုလုကြတယ်၊ မိန်းမကိုလုကြတယ်၊
နေရာဒေသတွေကိုလုကြတယ်၊ မီးကိုလုကြတယ်၊ ဒါတွေဟာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ မပြေလည်မှုတွေပဲ။
လူတွေ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာ ကိုတော့ ရပ်သွားအောင် ငါလုပ်နိုင်မယ်မထင်ဘူး။
ဒါပေမယ့် ... လူတွေအစုလိုက်အပြုံလိုက်မသေရအောင် အင်းအားကြီးတဲ့ လူသတ်လက်နက်တွေကို
မတီထွင်ဖြစ်အောင် ငါလုပ်မယ်။ အဲဒီ့အတွေးကို တွေးမိတော့ တိုက်တေနီယမ်(Titanium)
သတ္တုကနေအနုမြူဗုံးအထိအဆင့်ဆင့်ရှာဖွေတွေ့ရှိခဲ့ကြတဲ့ သိပ္ပံပညာရှင်များစွာထဲက အခရာကျတဲ့
သိပံ္ပပညာရှင်ကြီး အဲလ်ဗက် အိုင်းစတိုင်း(Albert Einstein) ရဲ့မျက်နှာကြီး ကိုသွားမြင်ယောင်မိတယ်။
သိပ္ပံပညာရှင်တွေကတော့ ပညာရှင်တွေပီပီ အစစအရာရာကို အသေးစိတ် စူးစမ်းလေ့လာကြရင်း
တစ်ခုပြီးတစ်ခုရှာဖွေတွေ့ရှိကြ၊ နောက် သူတို့ရဲ့ တွေ့ရှိမှုတွေကို လူသားတွေဆီကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့
ချပြကြ ... အဲဒီ့မှာ လူသားတွေရဲ့ ဖောက်လွဲဖောက်ပြန်စိတ်သန္ဓေတွေကြောင့် သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ
လူတွေကို အစုလိုက်အပြုံလိုက် သေစေမယ့် ကမ္ဘာဖျက်လက်နက်ကြီး တွေဖြစ်သွားကြ ... ဒါတွေဟာ
မငြိမ်းချမ်းခြင်းတွေအားလုံးရဲ့အစပဲလို့ ကျွန်တော်တွေးမိတယ်။ သဘာဝတရားကြီးထဲကနေ စစ်ထုတ်
ယူထားတဲ့စွမ်းအင်တွေနဲ့ သဘာဝတရားကြီးရဲ့ အချိုးညီနေမှုတွေကို ပြန်ဖျက်ဆီးပစ်နေတာ၊
လူသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် လူသတ်လက်နက်တွေအဖြစ်
အသုံးပြုနေကြတာတွေရပ်သွားဖို့ သိပံ္ပပညာဆိုတာကြီးကိုပဲ အမြစ်ကရှာဖြတ်ပစ်ရရင် ကောင်းမလား လို့လည်း
စဉ်းစားမိပြန်သေးတယ်။ အဲဒီ့လိုတော့လည်း မဟုတ်သေးပါဘူး။ သိပံ္ပပညာကပေးတဲ့
ကောင်းကျိုးတွေကလည်းအများကြီးရှိတာပဲလေ။ ဒါပေမယ့် သိပံ္ပပညာရှင်တွေအနေနဲ့ မတီထွင်ရရင်
မနေနိုင်တာကလွဲလို့ဆိုတဲ့ စိတ်ကလေးတွေကိုတော့ အထိမ်းအကွပ်လေးနဲ့ထားသင့်တယ်လို့တွေးမိတယ်။
ကျွန်တော် အဲဒီ့လို ဟိုဟိုဒီဒီ လျှောက်တွေးနေရင်း ဘယ်အချိန်ကာလကိုပြန်သွားရမလဲဆိုတာ မဆုံးဖြတ်နိုင်ပဲ
ဖြစ်နေတာနဲ့ ... ရေမိုးချိုး အ၀တ်အစားလဲပြီး အပြင်ကိုထွက်လာခဲ့တယ်။
ရွာတယ်ဆိုရုံလေးရွာနေတဲ့ မိုးဖွဲဖွဲလေးတွေအောက်မှာ လျှောက်သွားရင်း ဒီကိစ္စကို ဘယ်သူနဲ့
သွားတိုင်ပင်ရရင်ကောင်းမလဲလို့ ကျွန်တော်စဉ်းစားနေမိတယ်။ အဲဒီ့အချိန်မှာပဲ ...
``ဘားလမ်း ... ဆူးလေ ... အပေါ်လမ်း ...´´
`` ကျွီ ... ဒုန်း ´´
မှတ်တိုင်မှာရပ်ပြီးလူခေါ်နေတဲ့ ဟိုင်းလတ်ကားလေးကို ဒေ၀ူးကားကြီးက ဘရိတ်ပေါက်ပြီး နောက်ကနေ၀င်ဆောင့်တယ်။ ခုဏက ဟိုင်းလတ်ကားလေးရဲ့နောက်မှာ တွယ်ပြီး လူခေါ်နေတဲ့ စပါယ်ယာလေးရဲ့
အသံထာဝရပျောက်ကွယ်သွားတယ်။ အဲဒီ့အနိဋ္ဌာရုံမြင်ကွင်းကို ၀ိုင်းကြည့်နေကြတဲ့ လူတွေရဲ့ကြားကနေ
အသံတစ်သံ ထပ်ထွက်လာတယ်။
``ခါးပိုက်နှိုက်ဗျို့ ... ခါးပိုက်နှိုက် ... ဟိုမှာပြေးပြီ ... လိုက် ... လိုက် ...´´
ခါးပိုက်နှိုက်နောက်ကိုပြေးလိုက်သွားကြပြီး အမိမှာ ၀ိုင်းပြီးဆုံးမနေကြတဲ့ လူအုပ်ကြီးကို ကျွန်တော်မျက်နှာလွှဲပြီး
ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့
ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့ သြ၀ါဒလေးကို ကျွန်တော်ပြန်ကြားယောင်နေမိတယ်။ ကျွန်တော်
ကိုယ့်အတွေးနဲ့ကိုယ် ဆက်လျှောက်လာနေတုန်းမှာပဲ ...
``မောင်လေး ... မောင်လေး ... မောင်လေးကဘာသွေးအမျိုးအစားလဲဟင် ... အမသားလေး ဆေးရုံမှာ
သွေးအသဲအသန် လိုနေတာ အဲဒါသွေးလှူရှင်အဆင်သင့်ရှိမနေလို့ ဖြစ်နိုင်ရင် အမကိုကူညီပါလား
မောင်လေးရယ်။ အမသားလေးက `O´ သွေးပါ။´´
``စိတ်မကောင်းပါဘူး အမရယ်။ ကျွန်တော်က `AB´ သွေးပါ။´´
စိတ်ပျက်အားလျော့သွားတဲ့မျက်နှာနဲ့ လှည့်ထွက်သွားတဲ့ ကလေးရဲ့မိခင်ကို ငေးကြည့်နေရင်း ...
ကျွန်တော့်ရဲ့ ရင်ခုန်နှုန်းတွေမြန်လာတယ်။ ဒါဟာ ... သဘာဝပဲလား ... ။ ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေမှု
တွေထဲမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေရောယှက်ပါဝင်နေခြင်းဟာ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်တဲ့
သဘာဝတစ်ရပ်လား။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီး ဂြိုလ်တုကလွှင့်နေတဲ့သတင်းတွေကို
ကြည့်နေရင်း သတင်းတစ်ခုက ကျွန်တော်မျက်စိရှေ့ကိုရောက်လာတယ်။ လန်ဒန်မှာ ဗုံးပေါက်လို့တဲ့ ... လု ၅၀
ကျော်သေပြီး အများအပြားဒဏ်ရာရကြတယ်တဲ့ ... ။နောက်ပြီး ဗုံးခွဲမယ့်သူအမှတ်နဲ့ အပြစ်မဲ့တဲ့ ဘရာဇီးလူမျိုး
လျှပ်စစ်လုပ်သားတစ်ဦးကို မှားယွင်းပြီး ခေါင်းကို သေနတ်နဲ့ ၆ချက်ပစ်သတ်လိုက်ကြသတဲ့ ...။ ငြိမ်းချမ်းရေး၊
ငြိမ်းချမ်းရေး ဆိုတဲ့စကားကို ပါးစပ်ဖျားလေးကနေ ပြောနေကြတဲ့သူတွေရဲ့ ရင်ထဲက အမုန်းမီးတောက်တွေကို
ကျွန်တော်ဝမ်းနည်းစွာပဲမြင်တွေ့လိုက်ရတယ်။
အဲဒီ့အဖြစ်အပျက်တွေအားလုံးကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာ ကျွန်တော်ပထမဦးဆုံးသွားစဉ်းစား မိတာက
ကံကြမ္မာဆိုတဲ့စကားလုံးပဲ။ ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို လူတွေကပဲ ဖန်တီးပြဋ္ဌာန်း နေကြတာပဲ။
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးပြီး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေကြတာဆိုပေမယ့် အဲဒီ့လူတစ်ဦး
တစ်ယောက်စီရဲ့ ကံကြမ္မာတွေအားလုံး ၀ိုင်းသက်ရောက်မှုတွေကြောင့် ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာဟာ
ဒီအခြေအနေအထိကိုရောက်ခဲ့ရတာပဲလို့ ကျွန်တော် မြင်လာတယ်။ ဒါဆို ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို
ပြောင်းလဲပစ်ချင်ရင် လူတိုင်းရဲ့စိတ်တွေကို ငါလိုက်ပြောင်းရမှာပါလား ... ။ သေသေချာချာ စဉ်းစားကြည့်မှ
ကျွန်တော့်ရဲ့ အချိုးအဆကြီးမားလွန်းတဲ့ မတန်မရာမျှော်လင့်ချက်ကြီးကို ကြောက်လန့်
တကြားပြန်မြင်လိုက်ရတယ်။
အဲဒီ့လိုနဲ့ ... ညနေစောင်းအချိန်မှာ ကျွန်တော် ဘုရားပေါ်ကို ခြေဦးလှည့်ခဲ့တယ်။ ငြိမ်းချမ်းအေးမြတဲ့
ဘုရားရိပ်မှာခိုနေရင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေဆီကို စိတ်ကရောက်သွားတယ်။
အစရှိခဲ့တဲ့ အရာတိုင်းဟာ အဆုံးသတ်လို့ထင်ရတဲ့ ပုံရိပ်ယောင်အဆုံးမှတ်တွေနဲ့ မလွဲမသွေကြုံကြရပြီး
နောက်ထပ်တစ်ဖန် ပြန်လည်ဖြစ်တည်လာကြဦးမှာပဲ ... ။ ဒါဆို ကမ္ဘာကြီးကရော ... အဆုံးတစ်ခုကိုသွားပြီး
အသစ်တစ်ဖန် ပြန်မွေးဖွားဖို့အတွက် အရှိန်ယူနေတာလား။ ကျွန်တော့်ရဲ့ အတွေးတွေ ရီဝေမှုန်ဝါးလာတယ်။
ဘယ်လောက်ပဲပြင်ပြင် တစ်နေ့နေ့မှာတော့ ပျက်ရမှာပဲဆိုတဲ့ သဘောတရားကို
ကျွန်တော်ဘာလို့မေ့ထားခဲ့မိပါလိမ့် ... ။ ကိုယ်ကိုယ်တိုင်ရေးထွင်းခဲ့တဲ့ ကိုယ့်ကံကြမ္မာရဲ့ စာသားတွေကိုတောင်
လုံးစေ့ပတ်စေ့ မသိနိုင်ခဲ့တဲ့ကောင်က ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားချင်တယ်တဲ့ ...
။ ကျွန်တော့်ရဲ့စိတ်တွေ အသေးငယ်ဆုံး ကြုံ့ဝင်သွားတယ်။ လက်ရှိဘ၀ကို တန်ဖိုးထားပြီး
လက်ရှိအချိန်တွေကိုပဲ အကောင်းဆုံး ဖြစ်အောင် အသုံးချရမယ်ဆိုတဲ့ အသိကို အလိုလိုရလိုက်တယ်။
ပစ္စည်းတစ်ခုကို ပြင်သလို ပိုနေတာတွေကို ဖြုတ်ပြီးလဲဖို့ရာ မဖြစ်နိုင်တော့လဲ နောက်ထပ်ဖြစ်လာမယ့်
အသစ်တွေကိုပဲ စစ်ယူဖို့ကြိုးစားရတော့မှာပေါ့။ ဗုဒ္ဓမြတ်စွာဘုရားကို ရင်ထဲကပေါက်ဖွားလာတဲ့
ကြည်ညိုစိတ်တွေနဲ့ ဦးသုံးကြိမ်ချပြီး ကျွန်တော့်အခန်းလေးဆီကို ကျွန်တော်ပြန်လာခဲ့တယ်။
ညကဖြစ်ခဲ့တဲ့ အိပ်မက်လိုလိုအဖြစ်အပျက်နဲ့ သောက်ခဲ့တဲ့ဆေးပုလင်းလေး အကြောင်းကို
မေ့လိုက်တယ်။ ငြိမ်းချမ်းရေးအတွက် ဒြပ်မဲ့လက်နက်တွေ အပြည့်အ၀တပ်ဆင်ပြီး ယုံကြည်ထားတဲ့လမ်းကနေ
ကျွန်တော် ခရီးဆက်မယ်။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက ရောက်တဲ့ခရီး တိုကောင်းတိုနေလိမ့်မယ်။
ရိုင်းစိုင်းပြင်းထန်တဲ့ မုန်တိုင်းတွေလဲ စဲချင်မှစဲကြလိမ့်မယ်။ ဒါပေမယ့် စိတ်ဓါတ်တွေကို အဖြူစင်ဆုံးထားပြီး
မဆုံးသေးတဲ့ခရီးကို အခုအတိုင်းပဲ ပစ္စုပ္ပန်တည့်တည့်မှာ ကျွန်တော်ဆက်လျှောက်နေဦးမယ်။ တစ်ခုတော့
ရှိတယ် ... အဲဒီ့နေ့ကစပြီး ကျွန်တော်ဟာ သောက်ခဲ့မိတယ်လို့ ယုံကြည်ထားခဲ့တဲ့ ဆေးပုလင်းလေးကြောင့်
စိတ်ကူးယဉ်ရမှာကို ကြောက်နေတဲ့လူတစ်ယောက် ဖြစ်သွားခဲ့တယ် ...။
နေဘုန်းလတ်

3 comments:

Ko Phyoe said...

ဟီးဟီး ငါလည်း စိတ်ကူးမယဉ်ရဲတော့ဘူး ကြောက်ကြောက်

MELODYMAUNG said...

နာကတော့ စိတ်ကူးယဉ်မှာပဲ (ယဉ်၂လေးနဲ့ ရူးတော့ မရူးပါ) စိတ်ကူးတွေ ရိုင်းရင်သာ မကောင်းတာမဟုတ်လား :P

Zin Ko Latt said...

စည်သူက ဘယ်က ဘယ်လို ပါလာတာတုန်း။