Pages

Sunday, June 3, 2007

ဘ၀မကူးချင်သူများ

ဇွန်လထုတ် Fashion Image မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးပါ။ မှတ်မှတ်ရရပါပဲ နေဘုန်းလတ်ကို နေဘုန်းလက်လို့ မှားပေါင်းထားတယ်ဗျာ ...။ မေးလ်ကနေတဆင့်ပို့ထားတာ ဘယ်တုန်းကမှန်းတောင်ကိုယ့်ဖာသာ့ကိုယ်မမှတ်မိတော့ပါဘူး ... အမေက ဒါမင်းရေးတာမဟုတ်လားလို့ ပြတော့မှ သြော် ဟုတ်သားဆိုပြီး စာမူခသွားထုတ်ရပါတယ်။ ကွာလတီမဂ္ဂဇင်းအချို့ကို စာမူတွေပို့ ဖူးပါတယ်။ ကိုယ့်စာမူနဲ့ပတ်သက်ပြီး တစ်ခုခုများသိရမလားလို့ ဖုန်းဆက်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သွားပြီးတော့ပဲဖြစ်ဖြစ် မေးတဲ့အခါ တော်တော်များများက မဂ္ဂဇင်းပဲစောင့်ဖတ်ပါလို့ ပြောကြပါတယ်။ အဲဒီ့တုန်းကတော့ အောင့်သက်သက်နဲ့ ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး ...။ ဒါပေမယ့် ကျွန်တော်ဖြစ်စေချင်တာကတော့ စာရေးသူဟာ နာမည်ကြီးပဲဖြစ်ဖြစ်၊ တက်သစ်စပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ... အတိုင်းအတာတစ်ခုအထိတော့ လေးစားမှုရှိသင့်တယ်ဆိုတာပါ။ ဒီစာမူလေးဆိုရင် ကျွန်တော် ဆရာဦးဝင်းငြိမ်းဆီပို့ဖူးပါတယ်။ ဆရာက ဖောင့်မမြင်ရလို့ဆိုပြီးစာပြန်လို့ ဒုတိယတစ်ခေါက်တောင်ထပ်ပို့ရပါသေးတယ်။ ဆရာက ဒီဝတ္ထုကို မရွေးပါဘူး။ အရေးအသားပြေပြစ်တယ် ဒါပေမယ့် နဲနဲတိုနေတယ်လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော် အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော့်စာမူကိုရွေးရွေး မရွေးရွေး အလုပ်အရမ်းများတဲ့ ဆရာဦးဝင်းငြိမ်းက ကျွန်တော့်ကို အဲဒီ့လို အရေးတယူနဲ့ စာပြန်ပေးတယ်ဆိုတာကိုပဲ ကျွန်တော်ကတော့ကျေနပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုတိုင်းဟာ ဘယ်တစ်ခုမှပစ်စလပ်ခတ်ရေးလိုက်တယ်ဆိုတာမပါပါဘူး။ အဲဒီ့အတွက်လဲ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးတွေအားလုံးကို ကျွန်တော် တန်ဖိုးထားပါတယ်။ မဂ္ဂဇင်းတိုက်တွေအနေနဲ့ လဲ စာရေးသူတွေရဲ့ ရင်ခုန်သံတွေ၊ စိတ်ခံစားမှုတွေ၊ အတွေးအခေါ်အယူအဆတွေ များစွာ များစွာ ကို ရင်းနှီးပုံဖော်ထားရတဲ့ အနုပညာလက်ရာတွေကို လေးစားသမှုပြုသင့်ပါတယ်။ ကျွန်တော်ပြောချင်တာက စာရေးသူတွေအားလုံးကို လေးစားမှုရှိရှိနဲ့ စာမူတွေကို စနစ်တကျစုစည်းပြီး နည်းစနစ်ရှိရှိနဲ့ လုပ်ကြဖို့ပဲဖြစ်ပါတယ်။






ဘ၀မကူးချင်သူများ


ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီနေ့က မိုးတွေ သဲကြီးမဲကြီး ရွာနေခဲ့တယ်။ အုံလိုက်ကျင်းလိုက်နဲ့ ရွာသွန်း ဆင်းသက်လာတဲ့ မိုးရေတွေက အမှိုက်သရိုက်တွေနဲ့အတူ ကျွန်တော့်ကိုပါ တိုက်စား သယ်ဆောင် သွားကြတယ်။
`ကျွီ... ဒုံး.... .......... ..........´
အဲဒီနောက်မှာ... မယုံနိုင်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်တွေ ဆက်တိုက် ဆက်တိုက် ဆက်ဆက်ပြီး ဖြစ်လာခဲ့တယ်။

xxxxxxxxxx

ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကြီး မရှိတော့ဘူး၊ သုံးလို့ မရတော့ဘူး ဆိုတာကို ကျွန်တော်မြင်နေရသလို၊ ကျွန်တော်ရှိနေသေးတယ် ဆိုတာကိုလည်း ကျွန်တော် သိနေရတယ်။ စိတ်တစ်ခုတည်း လွင့်မျောနေရသလိုပဲ။ အဲဒါနဲ့ ... ကျွန်တော်လည်း လေနဲ့အတူ ပေါ့ပေါ့ပါးပါးပဲ လျှောက် စီးမျော နေလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်... အိမ်ကြီးတစ်အိမ်နားကို ရောက်သွားတယ်။
အိမ်ကြီးက အရမ်းလှတယ်။ အဖြူရောင်တွေ နင့်နင့်သီးသီး သုတ်ထားပုံက အဝေးကကြည့်ရတာတောင် လင်းတောက်နေသလိုမျိုး...။ ခြံထဲကမြက်ခင်းတွေကလည်း စိမ်းစိုလန်းဆန်း နေလိုက်တာ... ဘောလုံးကွင်းကြီးလား အောက်မေ့ရတယ်...။ အဲ... ထူးခြားတာက... အဲဒီအိမ်ကြီးကို သော့တွေအများကြီးနဲ့ ဆင့်ခတ်ထားတာပဲ...။ ပြူတင်းပေါက်တွေကအစ အပေါက်တွေအားလုံးကို တစ်ခုမကျန် သော့တွေသော့တွေနဲ့ ခတ်ထားတယ်။ အဲဒီလောက်အထိ အလုံခြုံဆုံးဖြစ်အောင် သိမ်းထုတ်ထားခြင်းခံရတဲ့ အဲဒီအိမ်ကြီးထဲမှာ ဘာတွေများ ရှိနေမလဲလို့ ကျွန်တော် သိချင်လာခဲ့တယ်။ ကျွန်တော့်ကိုတော့ အဲဒီ သော့အထပ်ထပ်တွေကလည်း မတားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ...
ကျွန်တော် အိမ်ကြီးထဲကို ရောက်သွားခဲ့တယ်။ ဘယ်လို ပရိဘောဂပစ္စည်းမှ ရှိမနေတဲ့ အိမ်ကြီးရဲ့ အတွင်းခန်းတွေကို ကျွန်တော် လှည့်ပတ်စပ်စုနေတုန်းမှာ...
`မင်းက ဒီအထဲကို ဘာကိစ္စ၀င်လာရတာတုန်း။ ´
ကျွန်တော် ရုတ်တရက် လန့်သွားတယ်...။ ကျွန်တော်က အဲဒီအိမ်ကြီးထဲမှာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့မှ တွက်မထားတာလေ။ အဲဒါနဲ့ ကျွန်တော်လည်း အသံလာရာဘက်ကို ကြောက်ကြောက်နဲ့ပဲ လှည့်ကြည့်လိုက်တယ်။
`ဟိုက်... ဦးဘောဂ... အန်ကယ်ကရော ဒီအိမ်ကြီးထဲကို ဘယ်လိုလုပ် ရောက်နေရတာလဲ´
ဦးဘောဂ ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲက သူဌေးကြီးပါ...။ သူက တစ်နှစ်လောက် လေဖြတ်နေပြီး ဟိုတလောကမှ ဆုံးပါးသွားတာလေ။
`ငါက ဒီမှာ လာပုန်းနေတာကွ။´
`ဘယ်သူ့ကို ပုန်းနေတာလဲ´
`ငါ့ကို ဘ၀ကူးခိုင်းမယ့် သူတွေကို´
သူ့ရဲ့အဖြေကြောင့် ကျွန်တော် နည်းနည်း လည်ထွက်သွားတယ်။ သေပါပြီဆိုမှ သံသရာ မဆုံးသရွေ့တော့ ဘ၀တွေ တစ်ခုပြီးတစ်ခု ကူးပြောင်းနေရမှာပဲလေ။ အဲဒါကို ဘာဖြစ်လို့ ရှောင်လွှဲချင်နေရတာလဲ မသိဘူး...။
`အန်ကယ် က ဘာဖြစ်လို့ ဘ၀မကူးချင်ရတာလဲ´
တကယ်တမ်းက သူအခုရောက်နေတာကလည်း ဘ၀တစ်ခုထဲမှာပါပဲ...။ အခြားဘ၀တစ်ခုကို မကူးပဲ ၀ိဥာဉ်ဘ၀နဲ့ အကြာကြီးရှောင်လွှဲနေလို့မှ မရနိုင်တာ။
`ငါက ကောင်းကောင်းမွန်မွန်နဲ့ သေခဲ့ရတာ မဟုတ်ဘူးကွ... အာဃာတတွေ၊ အမုန်းတွေ၊ နာကြည်းမှုတွေ တနင့်တပိုးနဲ့ လောကထဲက ထွက်လာခဲ့ရတာလေ..။ သေချာတယ်... ငါ...ကောင်းတဲ့ဘ၀ကို ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး...။ အဲဒါကြောင့် ငါ ဘ၀မကူးချင်တာ´
ဦးဘောဂက သူ့မယားကြီးဆုံးသွားတော့ မယားငယ်ငယ်လေးကို ကောက်ယူထားတာလေ...။ သူ့ဘ၀က အပြင်ပန်းကကြည့်ရင်တော့ သိပ်ကို ကျေနပ်အားရစရာကောင်းပါတယ်။ ဘာကြောင့်များ သူက အဲဒီလို ဖြစ်နေရတာလဲ မသိဘူး။
`အန်ကယ့်ဘ၀က အစစအရာရာ အဆင်ပြေနေတာပဲ။ စည်းစိမ်ဥစ္စာဆိုလည်း အလျှံအပယ် ဇနီးငယ်ငယ် အချောအလှလေးကလည်း ရှိသေးတယ်။ ဘာစိတ်ညစ်စရာရှိလဲဗျာ...။´
`ဟုတ်ပါတယ်...မင်းပြောသလိုပါပဲ...။ ငါလေမဖြတ်ခင်အထိတော့ အဲဒီလိုပဲ ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင် ပေါ့ကွာ။ ငါလေဖြတ်ပြီးအချိန်ကစလို့ အကုသိုလ်တွေ အတုန်းလိုက် အတစ်လိုက်ကို ၀င်တော့တာပဲ။ မင်းလည်းသိမှာပေါ့... ငါ့မိန်းမက သူတို့မြို့က အမျိုးပါဆိုပြီး ကောင်လေးငယ်ငယ်လေး တစ်ယောက်ကို အိမ်ပေါ် ခေါ်တင်လာတာလေ...။´
`ဟုတ်တယ်လေ... အားလုံးသိနေကြတာပဲ... သူတို့က မောင်နှမတွေ မဟုတ်လား´
ကျွန်တော် အဲဒီလိုပြောလိုက်တော့ ဦးဘောဂက ဒေါသတွေ တလိပ်လိပ်တက်လာပြီး မကျေမနပ်လေသံနဲ့ ဆက်ပြောပါတယ်။
`ပတ်ဝန်းကျင် အမြင်မှာတော့ မောင်နှမတွေပေါ့ကွာ... ငါ့အိမ်ထဲမှာတော့ ... ...´
ဦးဘောဂဟာ သူ့စကားကို မဆက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ကျွန်တော်ကပဲ အလိုက်တသိနဲ့ စကားလွှဲပေးလိုက်ရတယ်။
`ဒါနဲ့ နေပါဦး.. ဒီအိမ်ကြီးထဲမှာ အန်ကယ် တစ်ယောက်တည်းရှိတာလား...။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်များ ရှိနေသေးလား။´
`ရှိတယ် ရှိတယ် ဟောဟိုထောင့်စွန်းက အခန်းထဲမှာ သူရဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက ဒီအိမ်ကြီးကို စရောက်ကတည်းက ရှက်တယ်... ရှက်တယ် လို့အော်ရင်း အဲဒီအခန်းထဲကကို မထွက်တော့ဘူး...။ နောက်တစ်ယောက်လည်း ရှိသေးတယ် သူက ဟိုးအပေါ်ထပ်မှာ ဘယ်တော့မှ အောက်ဆင်းမလာဘူး။´
အဲဒီလိုနဲ့ ကျွန်တော်လည်း ဦးဘောဂနဲ့ စကားဖြတ်ပြီး ထောင့်စွန်းခန်းထဲက သူရဆီကို လျှောက်လာခဲ့တယ်။ သူရက သင်္ဘောသားလေ... ကျွန်တော်တို့ရဲ့တစ်လမ်းကျော်ကပေါ့...။ ဟို အရင်တစ်ခေါက် ဒီကောင် သင်္ဘောလိုက်ရာကပြန်လာပြီး အိမ်တွင်းပုန်းနေလိုက်တာ... သေမှပဲ အိမ်ထဲက ပြန်ထွက်လာတော့တယ်။
ကျွန်တော် အခန်းထဲဝင်သွားတော့ အခန်းရဲ့ထောင့်မှာ သူရက သူ့ဒူးသူဖက်ပြီး ထိုင်ငိုင်နေတယ်။ ကျွန်တော် သူ့အနားကို ကပ်သွားတော့ သူက ကမန်းကတန်းလက်ကာပြီး...
`ခင်ဗျား... ကျွန်တော့် အနားမကပ်နဲ့ ကျွန်တော့်ဆီက HIVပိုးတွေ ခင်ဗျားဆီ ကူးကုန် လိမ့်မယ်´
သူက စေတနာနဲ့ ပြောတာပါ။ ဒါပေမယ့် ကျွန်တော် နည်းနည်း ဒေါသထွက်သွားတယ်။
`မင်းကလည်း ရူးနေလား...။ စကားပြောရုံနဲ့ ဘယ်လိုလုပ်ပြီး ရောဂါ ကူးမှာလဲကွ... နောက်ပြီး ငါတို့က သေပြီးသားလူတွေ... မင်းဆီက ရောဂါတွေ ဘယ်သူ့ဆီကိုမှ မကူးနိုင်တော့ပါဘူး´
ကျွန်တော် အဲဒီလို ပြောလိုက်မှ သူနည်းနည်း ငြိမ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကိုမေးတယ်။
`ခင်ဗျားက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ... ဘာရောဂါနဲ့ သေတာလဲ။´
`ကားတိုက်တာကွ... မိုးရွာထဲ လမ်းလျှောက်နေတုန်း ကားက လမ်းချော်ပြီး ငါ့ကို ၀င်တိုက်တာ´
ကျွန်တော့် အဖြေကိုကြားတော့ သူရက အားကျတဲ့လေသံနဲ့ ပြောတယ်။
`ကျွန်တော်လည်း ခင်ဗျားလို သေချင်လိုက်တာဗျာ...။ အခုတော့...´
ပြောရင်း ဆိုရင်း... ခေါင်းငိုက်စိုက်ကျသွားတဲ့ သူရကို ကျွန်တော် မေးခွန်းတစ်ခု မေးလိုက်တယ်။
`မင်းက ဘာဖြစ်လို့ ဒီအိမ်ကြီးထဲမှာ လာပြီး ထိုင်နေရတာလဲကွ...။ ငါတို့တွေ အခြားဘ၀တစ်ခုကို ကူးပြီး... လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ရှိသေးတယ်လေ။´
`ကျွန်တော် မကူးချင်ဘူးဗျာ... ကျွန်တော်ကြောက်တယ်။ ဒီဘ၀မှာဆို အသိုင်းအ၀ိုင်းတွေက အတင်းစီစဉ်လို့ ကျွန်တော် သင်္ဘောလိုက်ခဲ့ရတယ်။ သူတို့က ပိုက်ဆံတွေ ဖောဖောသီသီရတာကိုပဲ မြင်ကြတာလေ။ ကျွန်တော် တစ်ယောက်တည်း ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ အထီးကျန် အဖော်မဲ့ နေရတဲ့ ခံစားချက်တွေကိုကျတော့ ဘယ်မြင်ကြမှာလဲ...။ အခုဆိုလည်း ကျွန်တော် တစ်ခေါက် တစ်ခါလေး မဆင်ခြင်မိတဲ့ အမှားတစ်ခုကနေ ဒီရောဂါ ရခဲ့ပြီ... ရှက်ဖို့ကောင်းလိုက်တာဗျာ။ ကျွန်တော် တကယ် စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀က ဒီလို မဟုတ်ဘူးဗျ။´
သူရက မိဘနှစ်ပါးမရှိတော့လို့ ဦးလေးတွေ၊ အဒေါ်တွေနဲ့ နေရတာလေ။ သူက ဆယ်တန်း အောင်ပြီး စက်မှုတက္ကသိုလ် ၀င်ခွင့် ရခဲ့ပေမယ့်... သူ့အသိုင်းအ၀ိုင်းရဲ့ အလိုကျ သင်္ဘောသားဘ၀ကိုပဲ ရွေးချယ်ခဲ့ရတယ်။
`ကျွန်တော်... အခုအချိန်ရောက်မှတော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး...။ ဒါပေမယ့်... ကျွန်တော် နောက်ဘ၀ တစ်ခုကို ကူးချင်စိတ် မရှိတော့ဘူးဗျာ။ မိမိစိတ်တိုင်းကျ ပုံဖော်ခွင့်မရတဲ့ ဘ၀တစ်ခုကို ထပ်ပိုင်ဆိုင်ရမှာ ကြောက်တယ်။´
စိတ်ဓါတ်ကျပြီး ဘ၀ တစ်ခုကို မပိုင်ဆိုင်ချင်တော့တဲ့ သူရကို အားပေးဖျောင်းဖျပြီး ကျွန်တော် အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းလို့ထင်ရတဲ့ အခန်းကြီး တစ်ခုထဲမှာ လက်နောက်ပစ်ပြီး ဘယ်ပြန်ညာပြန် လျှောက်နေတဲ့ လူတစ်ယောက် ကိုတွေ့တယ်။
`သြော်... ခုနက အောက်မှာ ဦးဘောဂနဲ့ စကားပြောနေတာ ဘယ်သူများလဲလို့ မင်းကို...´
သူက ကျွန်တော့်ကိုမြင်တော့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောတယ်။ သူက ရပ်ကွက်ထဲက အင်မတန်မှ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလေ။ မိဘတွေရဲ့ ချမ်းသာ ကြွယ်ဝတဲ့ အရှိန်အ၀ါအောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု အကြီးအကျယ်ရနေတဲ့ သူတစ်ယောက် ပေါ့...။ ဟိုးတစ်လောက သူအရက်တွေမူးပြီး ကားမှောက်လို့ ဆုံးသွားတယ်လို့ ကြားရတာပဲ...။
`အစ်ကိုက ဘာဖြစ်လို့ ဘ၀မကူးသေးပဲ ဒီအိမ်ကြီးထဲမှာ လာနေ နေရတာလဲ။´
ကျွန်တော့်ရဲ့ အမေးကို သူက တော်တော်နဲ့ မဖြေပါဘူး။ သူ့ဖာသာသူ တစ်ယောက်တည်း စဉ်းစားနေဟန်နဲ့ အကြာကြီးရပ်ပြီး မျက်နှာကျက်တွေကို ငေးနေပါတယ်။ တော်တော်ကြာမှ...
`နောက်ဘ၀တစ်ခုမှာ ဒီလိုအောင်မြင်မှုမျိုးကို ဒီလို မြန်မြန်ဆန်ဆန်နဲ့ ရဖို့ဆိုတာ သေချာပါ့မလား။ ဒီဘ၀က ငါ့မိဘတွေလို အစစအရာရာ ပြီးပြည့်စုံတဲ့သူတွေရဲ့ ၀မ်းထဲမှာ ငါပြန်သန္ဓေတည်ရဖို့ကရော သေချာပါ့မလား...။ ဘာမှ မသေချာဘူး။´
`အစ်ကိုက စီးပွားရေးလုပ်ငန်းတွေမှာ အရမ်းစွန့်စားတယ်လို့ နာမည်ကြီးနေပြီး အခုမှဘာဖြစ်လို့ ဒီလောက်တွေဝေနေရတာလဲ´
`မတူဘူးလေကွာ... စီးပွားရေးလုပ်တယ်ဆိုတာ ငွေနဲ့ အလောင်းအထပ် လုပ်ရတာကွ...အခုဟာက... ဘ၀...ဘ၀။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်လိုက်ရမှာ... သေသေချာချာ စဉ်းစားရမယ်ကွ´
သူ့ရဲ့ တလွဲတချော် အတွေးအခေါ်တွေကို နားထောင်လိုက်ရတော့ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ ခေါင်းကို တသွင်သွင်ခါရင်း သူ့ကို ကျွန်တော် ပြောလိုက်မိတယ်...
`ကံကြမ္မာရဲ့ ကစားပွဲက အရှည်ကြီးဗျ၊ နောက်ပြီး အဲဒီကစားပွဲရဲ့ ထူးခြားချက်က တဒင်္ဂလေးကိုကြည့်ပြီး ကြိုက်ရာအကွက်မှာကြိုက်သလောက် ၀င်လောင်းလို့ မရတဲ့အချက်ပဲ...။ အစ်ကို ဘယ်အချိန်မှသွားသွား အစ်ကိုသွားရမယ့် နေရာတစ်ခုကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့ နေရာတစ်ခု အဖြစ် အဆင်သင့် ရှိနေပြီးသားပဲ...။´
ကျွန်တော် စကားမဆုံးခင်မှာပဲ သူက ကြားဖြတ်ပြီး ၀င်မေးတယ်။ သူ့ကြည့်ရတာ တော်တော့်ကို မကျေမနပ် ဖြစ်နေပုံပဲ။
`ငါတို့မှာ ရွေးချယ်ခွင့် မရှိတော့ဘူးလား...။ ရှိရမှာပေါ့ကွ´
`ရွေးချယ်ခွင့်မရှိတာ မဟုတ်ဘူး... ရွေးချယ်ပြီးသားဖြစ်နေတာ...။ ကျွန်တော်တို့ ကုန်လွန် ဖြတ်သန်းပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတိတ်နေ့ရက်တွေထဲက နေထိုင်၊ ဆုံးဖြတ်၊ လုပ်ကိုင်မှုတွေ အားလုံးက အဲဒီ နောက်ဘ၀ဆိုတာတွေကို ရွေးချယ်ခဲ့ပြီးသားဖြစ်နေခဲ့တာ အခုမှလာပြီး ဘယ်ဘ၀ကိုသွားရရင် ကောင်းမလဲလို့ စဉ်းစားနေလို့ကတော့ အပိုပဲ။ တကယ်တမ်းက အစ်ကို အခု စဉ်းစားသလိုမျိုး မသေခင်ကတည်းက ကျွန်တော်တို့ စဉ်းစားခဲ့ကြရမှာ...။´
ကျွန်တော်ပြောတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို သူနားလည်လား၊ နားမလည်ဘူးလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ ကျွန်တော်ကတော့ သူ့ကိုကျောခိုင်းပြီး အောက်ထပ်ကို ဆင်းလာခဲ့ပါပြီ။ ကျွန်တော်ပြောတဲ့ စကားတွေကို အောက်ထပ်ကနေ နားထောင်နေခဲ့တဲ့ သူရက ကျွန်တော့်အနားကို ရောက်လာပါတယ်။ ပြီးတော့...
`ကျွန်တော် ဒီအိမ်ကြီးထဲက ထွက်တော့မယ်...။ ကျွန်တော် နောက်ဘ၀တစ်ခုကို ရဲရဲဝံ့ဝံ့သွားပြီး လျှောက်စရာရှိတဲ့ လမ်းကို ပြတ်ပြတ်သားသား ဆက်လျှောက်တော့မယ်´
အဲဒီလိုနဲ့ သူရနဲ့ ကျွန်တော် အိမ်ဖြူကြီးကို ကျောခိုင်းပြီး နောက်ဘ၀တစ်ခုဆီသွားဖို့ အဆင်သင့် ပြင်လိုက်ကြတယ်။
`ဒါပဲပေါ့ကွာ... သူဌေးပဲဖြစ်ဖြစ်... ခွေးပဲဖြစ်ဖြစ်ပေါ့... ငါတို့ကိုယ်တိုင်ရွေးချယ်ထားခဲ့တဲ့ မနက်ဖြန်တွေဆီကို ငါတို့ မတွန့်မဆုတ်ပဲ လျှောက်ရဲရမှာပေါ့´




နေဘုန်းလတ်

5 comments:

MELODYMAUNG said...

မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ နောက်ထပ် ၀တ္ထုတိုလေးများရှိသေးရင် တင်ပေးပါဦး ဖတ်ချင်ပါသေးတယ်

Test said...

အတွေးအခေါ် သိပ်ကောင်းတဲ့  စာလေးဘဲ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေးကြီး မဟုတ်ဘဲ လူတွေ သတိမထားမိတာလေးကို ပညာပါပါ ရေးထားတာ သဘောကျတယ်။ ဆက်ရေးပါ။ အားပေးနေကြပါတယ်။

Maydarwii said...

အဲဒီစာကို ဖက်ရှင်အင်းမေ့ခ်ျမှာ ဖတ်ရတယ်။
ကလောင်နာမည်ကို စာလုံးပေါင်းမှားနေတာလည်း ကျမ သတိထားမိတယ်။
ကိုနေဘုန်းလတ်နဲ့ ဂျီတော့ခ်မှာတွေ့ရင် ပြောအုံးမလို့ပဲ။ မတွေ့လို့။
ခုခေတ် စာနယ်ဇင်းတွေက အဲဒီလိုပါပဲ။
အမှားကင်းတာ ခပ်ရှားရှားနော်။
ဘာပဲဖြစ်ဖြစ် … ကိုယ့်ရဲ့စာလေး စာမျက်နှာပေါ်မှာ ဖတ်ရတာတော့ ကြည်နူးမှာပါပဲ။ အမှားကင်းတဲ့စာ ဖတ်ရတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ နော်။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

Really thanks to all for reading my posts and leaving comments for me

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

>melodymaung ... မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ ၀တ္ထုတိုဆိုရင်တော့သိပ်မရှိဘူး အမရဲ့ … စီစစ်ရေးကပယ်တဲ့ဝတ္ထုတွေဖတ်ချင်တယ်ဆိုရင်တော့ အများသား … ဟား ဟား ဟား
>test ... အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါဗျာ … ဆက်ရေးမှာပါ … အဲဒီ့အတွက်တော့ စိတ်သာချဗျို့ …
> maydarwii ... ဒီလိုပါပဲအမရယ် … မှားတတ်ပါတယ်။ မှားတာကို ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှမနေပါဘူး …။ ဒါပေမယ့် … စာရေးသူတွေကို နည်းနည်းလေး လေးစားမှုရှိစေချင်တဲ့သဘောပါ။ စာမူတွေကို တိကျတဲ့သတ်မှတ်ချက်တွေနဲ့ သေသေချာချာလေးကိုင်တွယ်စေချင်တဲ့သဘောပါ။