Pages

Monday, June 25, 2007

လူနှင့်ခေတ်သစ်ဘီလူး

သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရဖူးတဲ့ ၀တ္ထုတိုလေးပါ။ ဘ၀ကိုစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့လူတစ်ယောက် မီးခွက်လေးတစ်ခုကိုကောက်ရပြီး ခေတ်သစ်ဘီလူးတစ်ကောင်နဲ့တွေ့ကြပုံလေးကို ဇာတ်လမ်းဆင်ထားပါတယ်။ ဖတ်ပြီးဝေဖန်ပေးကြပါဦးခင်ဗျာ။

လူနှင့်ခေတ်သစ်ဘီလူး

သူဖြစ်စေချင်တာတွေတစ်ခုမှဖြစ်မလာပဲ သူ့ဖာသာသူဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီးကို မကျေမနပ်နဲ့ တတွတ်တွတ်ကျိန်ဆဲနေရင်း သူဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။
``ဟွန်း စေတနာကို ဝေဒနာဖြစ်အောင်လုပ်ရုံနဲ့အားမရဘူး ကရေကရာပါလုပ်ပြီးစားကြဦးမလား မသိဘူး ´´
ရှူသိုးသိုးမျက်နှာပေါက်နဲ့သူ တောက်တခေါက်ခေါက်လုပ်ရင်း လျှောက်လာလိုက်တာတစ်နေရာ အရောက်မှာ ခလုတ်တိုက်ပါလေရော ...
`` ဖုန်း ´´
သူ့ရဲ့ဒေါသတွေအားလုံး သူ့ကိုဟတ်ထိုးလဲသွားစေတဲ့ မြေပြင်ပေါ်ငေါထွက်နေတဲ့ အရာတစ်ခုစီကို ရောက်သွားတယ်။ ခန္ဓာကိုယ်မှာကပ်ငြိနေတဲ့ဖုန်တွေကို တဖတ်ဖတ်ခါရင်း သူအဲဒီ့အရာကို စူးစိုက်ကြည့် လိုက်တယ်။
`` ဘာပါလိမ့် ...´´
သူသိချင်ဇောနဲ့ မြေကြီးတွေကိုတူးစွကြည့်လိုက်တော့ ချေးအထပ်ထပ်တက်နေတဲ့ ဆီမီးခွက်လေး တစ်ခု ...။ သူအဲဒီ့ မီးခွက်လေးကိုကိုင်ကြည့်နေရင်း ငယ်ငယ်တုန်းကသင်ခဲ့ဖူးတဲ့ အာလာဒင်နဲ့ မီးခွက်စောင့် ဘီလူးဆိုတဲ့ပုံပြင်လေးကို သွားသတိရလိုက်မိတယ်။ ဒါ အာလာဒင်ရဲ့ မီးခွက်လေးများ လားလို့ သူ့စိတ်ထဲမှာ မ၀ံ့မရဲတွေးမိတယ်။ ဘာပဲဖြစ်ဖြစ်ပွတ်တိုက်ကြည့်လိုက်တာ မမှားပါဘူး လေလို့တွေးပြီး သူ့အင်္ကျီစနဲ့ မီးခွက်လေးကို အသားကုန်ပွတ်လိုက်တယ်။ ဘာမှမထူးဘူး ...။ သူ့အင်္ကျီသာ မီးခွက်ကချေးတွေ ကြောင့်မဲညစ်သွားတယ် ဘာဘီလူးမှထွက်မလာဘူး။ သူ တော်တော် စိတ်တိုသွားတယ်။ မဆီမဆိုင် အခုမှ မြေကြီးထဲကနေထွက်လာတဲ့ မီးခွက်ကိုများ အာလာဒင်ရဲ့မီးခွက် လေလားလို့ထင်မိတဲ့ သူ့ကိုယ်သူလည်းပြန် အပြစ်တင်နေမိတယ်။
``သွားစမ်းကွာ ဒီမီးခွက် ´´
သူ ... ဘာမှအသုံးမ၀င်တဲ့မီးခွက်ကို မြေကြီးပေါ်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ကောက်ပေါက် လိုက်ပြီး လှည့်ထွက်လာခဲ့တယ်။
``ဟေ့လူ... ဟေ့လူ... နေဦးလေ ´´
သူ့နောက်ကနေ လူတစ်ယောက်ကသူ့ကိုလှမ်းခေါ်နေတဲ့အသံကို ကြားလိုက်မိတာနဲ့သူနည်းနည်း တွေဝေသွားတယ်။ ခုဏက ဒီလွင်တီးခေါင်ကြီးထဲမှာသူတစ်ယောက်တည်းပါ။ ဘယ်သူကဘယ်ကနေ ဘယ်လို ရောက်လာပါလိမ့်ဆိုပြီးတော့လည်းသူဇဝေဇ၀ါဖြစ်သွားတယ်။ သူ့နားကို သူမယုံကြည်စွာနဲ့ပဲ လှည့်ကြည့် လိုက်တော့ ရုပ်ဆိုးဆိုးနဲ့လူတစ်ယောက်သူ့နောက်ကို တကောက်ကောက်လိုက်လာနေတာကို တွေ့လိုက်ရတယ်။ အဲဒီ့လူရဲ့လက်ထဲမှာက သူခုဏကလွှင့်ပစ်လိုက်တဲ့မီးခွက်ကလေး ...။
`` နေပါဦး ... ခင်ဗျားကဘယ်သူလည်း ... ဘယ်ကရောက်လာတာလဲ´´
သူအဲဒီ့လိုမေးလိုက်တော့ ...
`` ငါကဘီလူးလေ ... ဒီမီးခွက်ထဲကနေထွက်လာတာ ´´
အဲဒီ့သူက သူ့ကိုယ်သူ ဘီလူးလို့ပြောနေပေမယ့်သူဘယ်လိုမှယုံလို့ မရဘူးဖြစ်နေတယ်။ ဘီလူးကို မှတ်ပုံတင်တောင်းကြည့်ရအောင်ကလည်း အခက်သား။ အဲဒီ့လူက ရုပ်တော်တော်ဆိုးတာနဲ့ သေသေချာချာ ကြည့်ရင် အစွယ်လေးခပ်ရေးရေးမြင်နေရတာကလွဲလို့ ကျန်တာဘာတစ်ခုမှ ဘီလူးအရည်အသွေးမမီဘူး။ ဒါပေမယ့် ဒီဘီလူးက ဒီမီးခွက်ထဲကနေထွက်လာတာဆိုလို့ သူနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ သူအရင်ကတွေးထားသလိုမျိုး အာလာဒင်ရဲ့လိုတရမီးခွက်ဖြစ်နေနိုင်သေးတယ်လေ။ အကယ်၍သာ ဒီဘီလူးစီက ဆုတွေတောင်းခဲ့လို့ရခဲ့ရင် ဒါ သူ့အတွက် မဟာအခွင့်အရေးပဲပေါ့။ လောကကြီးတစ်ခုလုံးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး လောကသစ်တစ်ခုကိုပြန်လည်မွေးဖွားပေးချင်နေတဲ့ သူ့ရဲ့စိတ်ကူးကို ဒီမှာ အကောင်အထည်ဖော်လို့ရမယ်လေ။ သူ အဲဒီ့လိုတွေးကြည့်မိပြီးကျေနပ်သွားတယ်။
``ကဲ ... ဟုတ်ပါပြီ ... ခင်ဗျားက ဒီမီးခွက်စောင့်ဘီလူးဆိုရင် ခင်းဗျားကို အပြင် ထွက်လာ နိုင်အောင် ကျွန်တော်ကလုပ်ပေးခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတွေ ခင်ဗျားအပေါ်မှာရှိသွားပြီ။ အဲဒီ့တော့ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ ... ပြော´´
သူ ဘီလူးရဲ့အပြောကိုတောင် မစောင့်နိုင်တော့ပဲ ဇွတ်ရော၊ အတင်းရော ဘီလူးကို ကျေးဇူးဆပ် ဖို့ပြော လိုက်မိတယ်။ သူထင်ထားတဲ့အတိုင်းပါပဲ ဘီလူးကသူ့ကို မင်းလိုရာဆု သုံးခုကိုတောင်းနိုင်တယ်တဲ့ ...။ သူအရမ်းပျော်သွားတယ်။ ဒီလိုကျတော့လည်းဒီဘီလူးက ဘယ်ဆိုးလို့လဲလို့သူတွေးမိတယ်။ သူဘယ်လို ဆုမျိုး တောင်းရင် ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲ ... ဘီလူးကစကားဆက်တယ် ...
``နေဦးကွ ... နေဦး ... မင်းကိုပြောစရာတစ်ခုကျန်သေးတယ်။ ခေတ်တွေက ပြောင်းကုန်ပြီ ဆိုတော့ကွာ ဘီလူးလည်းစိတ်တွေနည်းနည်းပြောင်းသွားပြီကွ ...´´
မုန်းစရာကောင်းတဲ့ အိုင်တင်နဲ့ ဘီလူးကအဲဒီ့လိုပြောတော့ သူစိတ်မရှည်ဖြစ်သွားတယ်။
``ပြောစရာရှိမြန်မြန်ပြောဗျာ ... ဒီမှာ ကျွန်တော်ဆုစတောင်းတော့မှာဗျ ...´´
``မလောပါနဲ့ ဖြေးဖြေးပေါ့။ ဆုသုံးဆုလုံးမင်းတောင်းသမျှပြည့်မှာပါ ... မပူပါနဲ့။ ဒါပေမယ့် ... အရင်ကလို အလကားတော့ မရတော့ဘူးကွ။ ငါက အယူအဆအသစ်တွေနဲ့ ခေတ်သစ်ဘီလူးဖြစ်သွားပြီလေ ... ဟဲ ... ဟဲ ... ဟဲ ´´
ဆိတ်တစ်ကောင်လို တဟဲဟဲရယ်ရင်းပြောနေတဲ့ ဘီလူးရဲ့စကားကိုကြားတော့ သူ ဆုတောင်း ရမှာတောင် နည်းနည်းတွန့်သွားတယ်။ အေးလေ ဟုတ်တော့လည်းဟုတ်တာပဲ ဒီလောကကြီးမှာ ဘာမျှမှအလကား မရနိုင်တာ။ အပေးအယူတော့ ရှိရမှာပေါ့ ... ဒါပေမယ့် ...
``ကျွန်တော်က ခင်ဗျားရဲ့ကျေးဇူးရှင်လေဗျာ ... ခင်ဗျားကျွန်တော့်ကို ကျေးဇူးဆပ်ရမယ်လေ´´
သူအဲဒီ့လိုပြောတော့လည်း ဘီလူးကသူ့စကားကိုမငြင်းပါဘူး။
``အေးပါ ... ငါနားလည်ပါတယ် ...ငါကကျေးဇူးမသိတတ်တဲ့ ခပ်ရိုင်းရိုင်းဘီလူးမဟုတ်ပါဘူးကွ။ မင်းက ငါ့ကျေးဇူးရှင်ဖြစ်တဲ့အတွက် မင်းကိုငါကအခွင့်အရေးပေးမှာပါ။ မင်းဆုတစ်ခုတောင်းတိုင်း မင်းငါ့ကို တစ်ခုပြန်လုပ်ပေးရမယ်။ ဒါပေမယ့် မင်းပြန်လုပ်ပေးရမယ့်အရာဟာ မင်းတောင်းတဲ့ဆုရဲ့ တန်ရာတန်ဘိုး အောက်ကို အများကြီးလျှော့နည်းစေရမယ်။ အဲဒါ မင်းကို ကျေးဇူးရှင်မို့လို့ တောင်းဆုတွေကို လျှော့ဈေးနဲ့ ရောင်းပေးတဲ့သဘောပဲ ... ကဲ ... မင်းသဘောတူလား´´
သူတွေဝေသွားတယ်။ သူ့စိတ်ထဲမှာတော့ အဲဒီ့မျိုးမစစ်ဘီလူးကို နည်းနည်းအောင့်သက်သက်ဖြစ် နေမိတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကိုလည်း သူလက်မလွှတ်ချင်ပြန်ဘူး။ ဘီလူးပြောပုံအရဆို သူ့ဘက်က နည်းနည်းသာပုံရတယ်လို့စဉ်းစားမိတာနဲ့ပဲ ဘီလူးရဲ့ကမ်းလှမ်းချက်ကို သူလက်ခံလိုက်တယ်။
``ကဲဗျာ ... ခင်ဗျားပြောတာကို ကျွန်တော်သဘောတူတယ် ...ကဲ ... ကျွန်တော်ဆုတောင်းလို့ရပြီလား´´
``ရပြီ ... ဒါပေမယ့် အဲဒီ့ဆုပြည့်ပြီးတာနဲ့ မင်းငါ့ကိုတစ်ခုခုပြန်လုပ်ပေးရမယ်ဆိုတာကိုတော့ မေ့မနေနဲ့နော်´´
ဆုစတောင်းတော့မယ့်သူတောင်နည်းနည်း လန့်သွားတယ်။ ဒါပေမယ့် ... သူ့ရင်ထဲကတောင်းချင် နေတဲ့ဆုကလည်း ပါးစပ်ဖျားကနေတစ်လစ်တစ်လစ်နဲ့ ထွက်တော့မယ်။ နောက်ဆုံး သူ ဘာကိုမှမစဉ်းစားတော့ ပဲ ဆုတစ်ဆုကို တောင်းလိုက်တယ်။
``ကျွန်တော့်ကို ဧဒင်ဥယာဉ်ကြီးထဲကိုပြန်ပို့ပေးဗျာ´´
သူ့ဆုတောင်းကိုကြားတော့ ဘီလူးမျက်လုံးပြူးသွားတယ်။ ဒါပေမယ့် မကြာပါဘူး ... ဒါလေးများ လို့ ပြောပြီး သူ့လက်ဝါးနှစ်ဖက်နဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖြေးဖြေးလေး သပ်ချ လိုက်တယ်။ သူဆို အသက်တောင်မရှူရဲဘူး။ တမဟုတ်ချင်းပါပဲ ခုဏက သူ ရောက်ရာပေါက်ရာ လျှောက်သွားနေ မိတဲ့ လွင်တီးခေါင်ကြီး ဟာ သစ်ပင်ပန်းမန်တွေ၊ စမ်းချောင်းလေးတွေ၊ ကျေးငှက်သာရကာတွေနဲ့ စိမ်းစိုစည်ကားလှပနေတဲ့ ဥယာဉ်ကြီး တစ်ခုအဖြစ်ကို ပြောင်းသွားတယ်။ သူ အများကြီးအံ့သြ သွားတယ်။ ဒီဘီလူးရဲ့ အစွမ်းကလည်း မသေးပါလား။ သူ အံ့သြ၀မ်းသာစွာနဲ့ ကျေနပ်အားရနေတုန်းမှာ ...
``ကဲ ... ကဲ ... မင်းရဲ့ဆုတစ်ခုကို ငါဖြည့်ပေးပြီးပြီ။ အဲဒီ့တော့ မင်းငါ့ကို တစ်ခုပြန်လုပ် ပေးပေတော့´´
ဘီလူးကအထက်စီးလေသံနဲ့ အဲဒီ့လိုပြောတယ်။ သူကလည်း အစကတည်းက သဘောတူထား ပြီးသား မို့ ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ဘာလုပ်ပေးရမလဲလို့မေးလိုက်တော့ ... ဘီလူးက ...
``ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးကွာ။ မင်းဒီစမ်းချောင်းလေးဘေးမှာ ငါပေးတဲ့ သစ်ပင်လေးကို စိုက်ပေးရမယ်။ ဒါပါပဲ ...´´
ခုဏကနည်းနည်းရင်မောနေမိတဲ့သူ ဘီလူးရဲ့အဲဒီ့စကားကိုကြားတော့ တော်တော်လေးရင်အေး သွားတယ်။ လွယ်သားပဲပေါ့ ... ပထမဆုံးတောင်းဆုကတော့ တန်သွားပြီလို့သူစဉ်းစားမိတယ်။ ဒါပေမယ့် သူနားမလည်တာတစ်ခုက ဒီလောက်သစ်ပင်တွေအများကြီးရှိနေပြီးသားကို ဘာဖြစ်လို့များထပ်စိုက်ခိုင်းရလဲ ဆိုတာပဲ။ သူ့အတွေးကို ဘီလူးကရိပ်မိတယ်နဲ့တူပါတယ် သူဘာမှမမေးရသေးခင်မှာပဲ ...
``အခုရှိပြီးသားသစ်ပင်တွေက စားလို့ရတဲ့အသီးဘာအသီးမှ သီးမှာမဟုတ်ဘူးကွ။ မင်းကိုအခု ငါစိုက်ခိုင်းတဲ့ အပင်ကမှ စားလို့ရတဲ့အသီးတွေသီးမှာ။ ဘာသီးတွေသီးမှာလဲဆိုတာတော့ မမေးနဲ့ ... အစုံသီးလိမ့်မယ်။ စားကောင်းတဲ့အသီးရော ... မစားကောင်းတဲ့အသီးရော အစုံပဲ။ ဘယ်လိုအသီးမျိုး ပဲသီးသီး အဲဒါမင်းရဲ့ကံပဲ။ အကောင်း၊ အဆိုးခွဲခြားပြီးစားဖို့ကတော့ မင်းရဲ့ဥာဏ်ကအရေးကြီးတယ်။ ´´
ကိစ္စမရှိပါဘူး။ အကောင်း၊အဆိုးကိုခွဲခြားတတ်တဲ့အသိဥာဏ်တွေ သူ့ဦးနှောက်ထဲမှာ အပြည့်အသိပ် ပဲလေ။ အရင်ကဆို သူ အဲဒီ့အသိဥာဏ်တွေနဲ့ အရာရာကိုအဆိုးအကောင်းလိုက်ခွဲနေခဲ့လို့လည်း လောကနဲ့ သူနဲ့ အကြောမတည့်တာပေါ့။ အခုတော့ လောကသစ်ထဲမှာ အဆိုး၊အကောင်းဆိုတာတွေအားလုံးကို သူကိုယ်တိုင်ခွဲခြားဆုံးဖြတ်ပြီး အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ သူဖန်တီးခွင့်ရတော့မယ်လေ။ သူ ပျော်ပျော်ရွှင်ရွှင်ပဲ ဘီလူးပေးတဲ့ သစ်ပင်ကို စမ်းချောင်းလေးဘေးမှာ စနစ်တကျလေးစိုက်ပေးလိုက်တယ်။ ပြီးတော့ သူနောက်ဆုတစ်ခုတောင်းဖို့ကို စဉ်းစားရတော့တယ်။ ဘာတောင်းမလဲ ...။ ကမ္ဘာလောကကြီးကို အသစ်ပြန်လည်တည်ဆောက်ဖို့ အလိုအပ်ဆုံးကဘာလဲ။ စဉ်းစား ... စဉ်းစား ...။ မိန်းမပေါ့ ...။ အဲဒီ့အဖြေကို သူသိပ်မကြိုက်ပေမယ့် ဒီ့ထက်ကောင်းတဲ့အဖြေကို သူစဉ်းစားလို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့ပဲ ...
``ကျွန်တော့်ကို နောက်ဆုတစ်ခုအနေနဲ့ မိန်းမတစ်ယောက်ဖန်ဆင်းပေးဗျာ။ ချောချောလေးနော် ...´´
နှစ်ယောက်တည်းဒီတောကြီးထဲမှာ ဘ၀စရမှာဆိုတော့ ရုပ်ဆိုးဆိုးကြီးဖြစ်မနေဖို့ အရေးကြီး တယ်လေ။ သူ့ရဲ့ဆုတောင်းကို ကြားတော့ ဘီလူးကခေါင်းကို တဗြင်းဗြင်းကုပ်ပြီးပြောတယ်။
``သက်ရှိတစ်ယောက်ကို ဖန်ဆင်းပေးရမယ်ဆိုတာကတော့ သိပ်မလွယ်ဘူးကွ။ အာဒမ်က ဧ၀ကိုရဖို့ အတွက် နံရိုးတစ်ချောင်း ပေးခဲ့ရတယ်ဆိုတာကို မင်းကြားဖူးတယ်မဟုတ်လား၊ အဲဒီ့တော့ မင်းကလည်း မိန်းမ တစ်ယောက်ကို ဖန်ဆင်းပေးဖို့အတွက် ငါ့ကိုတစ်ခုခုပေးရလိမ့်မယ်´´
သူနည်းနည်းစိတ်ညစ်သွားတယ်။ ဘီလူးပြောတာကလည်း အကျိုးအကြောင်းညီညွတ်နေတော့လည်း သူငြင်းရခက်နေတယ်။
``ဟုတ်ပြီဗျာ ... ဒါဆို ကျွန်တော်ကခင်ဗျားကို ဘာပေးရမှာလဲ နံရိုးတစ်ချောင်းပဲလား ...´´
``မဟုတ်ဘူး ... မဟုတ်ဘူး ... နံရိုးတစ်ချောင်းတည်းနဲ့ ဒီခေတ်မှာဘာမှလုပ်လို့မရတော့ဘူးကွ၊ အဲဒီ့တော့ မင်းကငါ့ကို ဦးနှောက်တစ်ခြမ်းပေးရမယ်။ ဒါကလည်း မင်းရဲ့ခေါင်းကိုခွဲထုပ်ပြီးပေးစရာ မလိုပါဘူး၊ ငါ့တန်ခိုးနဲ့ငါဖာသာငါထုတ်ယူလို့ရပါတယ်။ ကဲ ... ပြော။ မင်းသဘောတူတယ်ဆိုရင် အခုပဲ ငါမင်းအတွက် မိန်းမချောချောလှလှလေးတစ်ယောက်ဖန်ဆင်းပေးမယ်´´
မိန်းမတစ်ယောက်ရဖို့အရေး ဦးနှောက်တစ်ခြမ်းတောင် ထုတ်ပေး ရဦးမယ်ဆိုပါလား။ သူ အတော်လေးကို အကျပ်ရိုက်သွားတယ်။ ဒီဆုက သူ့ဆန္ဒတွေအတွက် မရှိမဖြစ်ကိုလိုအပ်နေတော့လည်းအခက်သား ...။ ပေါက်မယ့်နဖူး မထူးတော့ပါဘူးလေဆိုပြီး သူလက်ခံလိုက်တယ်။ အဲဒီ့မှာ ဘီလူးက တစ်ခုခုကိုထုတ်ယူ နေသလိုမျိုး သူ့ခေါင်းကိုလက်နဲ့ပွတ်ဆွဲပြီး မြေပြင်ပေါ်ကို ကိုင်ပေါက်ချလိုက်တယ်။ အဲဒီ့လိုလဲလုပ်လိုက်ရော ၀ုန်း ဆိုတဲ့အသံနဲ့အတူ မီးခိုးလုံးတွေကြားကနေ မိန်းကလေးတစ်ယောက် ထွက်လာတော့တာပဲ။ မိန်းကလေးရဲ့ အလှကိုကြည့်ပြီး သူဦးနှောက်တစ်ခြမ်းထုတ်ပေး လိုက်ရတယ်ဆိုတာကို မေ့သွားတယ်။
``ကဲ မင်းရဲ့ဆုတောင်းနောက်တစ်ခုပြည့်သွားပြန်ပြီ ...အဲဒီ့တော့ မင်းငါခိုင်းတာကိုလုပ်ပေးပေတော့´´
သူလည်း မိန်းကလေးရဲ့လက်ကို ကိုင်ဆွဲပြီး ပေါ့ပေါ့ပါးပါးပဲ ဘာလုပ်ပေးရမလဲလို့ ဘီလူးကို မေးလိုက်တယ်။
``ဒီတစ်ခါလည်းသိပ်မခက်ပါဘူးကွာ ... မင်းဒီနားမှာ ငါ့ကိုရေတွင်းတစ်တွင်းတူးပေးရမယ်´´
ဘီလူးကနေရာတစ်ခုကိုညွှန်ပြပြီး အဲဒီ့လိုပြောတော့ သူအံ့သြသွားတယ်။ ဒီဘီလူးပြန်လုပ်ခိုင်းနေတာ တွေက ငါတို့အတွက်ကောင်းတာတွေချည်း ပါပဲလားလို့လည်း စဉ်းစားမိတယ်။ ဒါပေမယ့် ဘီလူး ထပ်ပြောတဲ့ စကားကိုကြားတော့မှ သူစိုးရိမ်စိတ်တွေဝင်လာတယ်။
``မင်းအဲဒီနေရာမှာ ရေကြောကိုတွေ့တဲ့အထိတူးရမယ်။ ဘယ်လိုရေကြောမျိုးကိုတွေ့မယ်ဆိုတာ ကတော့ မင်းရဲ့ကံပဲ၊ သောက်သင့်မသောက်သင့်ဆုံးဖြတ်ဖို့ကတော့ မင်းရဲ့ဥာဏ်ပဲပေါ့´´
သူဘီလူးကို နည်းနည်းသံသယတွေဝင်လာတယ်။ အဲဒီ့ ကံ ... ကံ ဆိုတဲ့စကားကို ဒီဘီလူးပြောပြော နေတာ နှစ်ခါတောင်ရှိသွားပြီ၊ လောကသစ်တစ်ခုကို ကိုယ့်စိတ်ကြိုက်ဖန်တီးချင် ပါတယ်ဆိုမှ အဲဒီ့ကံကြမ္မာ ဆိုတာကြီးနဲ့က ဘယ်လိုမှ ရှောင်လွှဲလို့မရဖြစ်နေတယ်။ ဒါပေမယ့် ရပါတယ်လေ ... ဘယ်လိုရေကြောမျိုး တွေ့တွေ့ပေါ့ ... သူနဲ့ မိန်းကလေးမှာရှိတဲ့ နှစ်ယောက်ပေါင်း ဦးနှောက်တစ်ခုနဲ့ သောက်သင့်၊ မသောက်သင့်ကို သူတို့ဆုံးဖြတ်နိုင်မှာပဲ လို့တွေးမိပြီး ဘီလူးညွှန်ပြတဲ့ နေရာမှာ သူ ရေတွင်းတစ်တွင်းတူးပေးလိုက်တယ်။
``ကဲ ... ပြီးရင် မင်းရဲ့နောက်ဆုံးဆုတစ်ခုကို တောင်းပေတော့၊ စဉ်းစဉ်းစားစားတော့လုပ်နော်၊ ဒါနောက်ဆုံးပဲ´´
သူ သေသေချာချာစဉ်းစားနေတုန်းမှာ ဘီလူးကသူ့ကိုကပ်ပြီး သတိပေးနေသေးတယ်။ ဟုတ်တော့လည်း ... ဟုတ်တယ်။ ဒီနောက်ဆုံးဆုက အရမ်းအရေးကြီးတယ်။ သူ ဘယ်လိုကြီးကြီးမားမား ဆုမျိုးကိုတောင်းရပါ့မလဲလို့ အတော်စဉ်းစားယူလိုက်ရတယ်။ ပြီးတော့မှ ...
``ကျွန်တော့်ကို ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့စည်းစိမ်ဥစ္စာတွေဖန်ဆင်းပေးဗျာ ´´
`` ဟိုက် ...´´
သူ့ဆုတောင်းကိုကြားတော့ ဘီလူးမျက်ဖြူစိုက်သွားတယ်။ သူကတော့ ဒီဘီလူးကို ဒီလိုနှိပ်စက်လိုက် ရလို့ တော်တော်ကျေနပ်နေမိတယ်။ ဒီဆုတောင်းကို ဖြည့်မပေးနိုင်လို့ကတော့ ဒီဘီလူးကို ရစရာမရှိအောင်ကို ပြောပစ်လိုက်ဦးမယ်လို့လဲ စိတ်ထဲမှာကြိမ်းဝါးနေမိရဲ့ ...
``မင်းဆုတောင်းကလည်း တကယ့်ကိုဧရာမကြီးပါလားကွ။ လုပ်မပေးနိုင်ပြန်ရင်လည်း ဘီလူးသိက္ခာ ကျဦးမယ်။ ကဲ ... လာလေရော့လဟယ် ...´´
ဘီလူးကသူ့ရှိသမျှအစွမ်းတွေ အကုန်ထုတ်သုံးလိုက်ပုံပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး ၃မိနစ်လောက် တုန်ခါယိမ်းထိုးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ရှေ့ကိုကျယ်ဝန်းလှတဲ့ ခြံကြီးတစ်ခုနဲ့ ခမ်းနားလှတဲ့အိမ်ကြီး တစ်လုံးဗြုန်းကနဲရောက်လာတော့တယ်။ သူက ပါးစပ်အဟောင်းသားနဲ့ အံ့သြနေတုန်းမှာ သူ့ဘေးနားက မိန်းကလေးက ၀မ်းသာအားရနဲ့ထခုန်နေတယ်။ ဘီလူးကတော့ ပင်ပန်းသွားဟန်နဲ့ သူ့ကိုလှမ်းပြောတယ်။
``ငါ့ကိုရေတစ်ခွက်လောက် တိုက်ပါလားကွာ´´
သူလဲမိန်းကလေးကို ရေခွက်တစ်ခွက်အမြန်သွားယူခိုင်းပြီး စမ်းချောင်းလေးထဲကရေကိုပဲ ဘီလူးကို ခပ်တိုက်လိုက်တယ်။ အမောပြေသွားတော့ ဘီလူးကသူ့ကို တစ်ခုခုခိုင်းဖို့ပြင်တယ် ...
``ခင်ဗျား ကျွန်တော့်ကို တစ်ခုခုထပ်ခိုင်းဖို့မပြင်နဲ့တော့ ခုဏက ကျွန်တော်ခင်ဗျားကိုရေတစ်ခွက် ခပ်တိုက် ပေးပြီးသွားပြီ။ အဲဒီ့တော့ ခင်ဗျားကိုကျွန်တော် ဘာမှထပ်လုပ်ပေးစရာမလိုတော့ဘူး´´
သူ အဲဒီ့လိုပြောလိုက်တော့ ဘီလူး ... အိုးတိုး ... အမ်းတမ်းနဲ့ ခုဏကသောက်ထားတဲ့ ရေတွေကိုပဲ ပြန်ထွေးထုတ်ရမလိုဖြစ်သွားတယ်။ သူမှားသွားမှန်းလဲ အခုမှသူပြန်သိသွားပုံပဲ။ သူလဲ လိုချင်တာတွေ အကုန်ရပြီးပြီ ဆိုတော့ ဘီလူးကိုမခံချင်အောင်ထပ်ပြောလိုက်တယ် ...
``ခင်ဗျားက လည်မလိုလိုနဲ့ တော်တော်အ တာပဲနော် ... ဟဲ ... ဟဲ ... ဟဲ ´´
``မင်း တော်တော်လည်တဲ့ကောင်ပဲ။ မင်းကလည်တာမဟုတ်ပါဘူး ... ငါကိုက မှားတာပါ´´
ဘီလူးလည်းစိတ်ပျက်လက်ပျက်နဲ့ ဆီမီးခွက်ထဲပြန်ဝင်မယ်လုပ်ရင်း မ၀င်ခင်မှာ သူ့ကိုတစ်ခွန်း လှမ်းပြောသွားသေးတယ်။
``နေဦး ... မင်းကိုအရေးကြီးတာတစ်ခုပြောစရာကျန်သေးတယ်။ ဒါတွေအားလုံးဟာ မင်းဆန္ဒရှိလို့သာ ငါဖန်ဆင်းပေးနိုင်ခဲ့တာဆိုတော့ မင်းကသာဒါတွေကိုမလိုချင်တော့ဘူးဆိုရင် အားလုံးပြန်ပျောက်ကွယ်သွား လိမ့်မယ်နော် ။ အဲဒီ့တော့ ဒါတွေအားလုံးဟာ အလကားပါတို့၊ ငါဘာမှမလိုချင်တော့ပါဘူးတို့စတဲ့စကားတွေ မပြောမိဖို့အရေးကြီးတယ် သိလား´´
ဘီလူးကသူ့ကို နောက်ဆုံးအနေနဲ့အဲဒီ့လိုပြောပြီး ဆီမီးခွက်လေးထံကိုပြန်ဝင် ပျောက်ကွယ်သွား တယ်။သူလဲ မိန်းကလေးရဲ့လက်ကိုဆွဲပြီး အိမ်ထဲကို ၀င်မယ်အလုပ်မှာ ထူးခြားမွှေးပျံ့တဲ့အနံ့တစ်ခုကသူ့ နှာခေါင်းထဲ ကိုဝင်လာတယ်။
``ဟယ် ... ဟိုမှာကြည့်စမ်း။ အသီးလေးတစ်လုံးသီးနေပြီ။ မွှေးလိုက်တာ ...´´
သူ့ဘေးနားက မိန်းကလေးက မြူးတူးခုန်ပေါက်ရင်း ခုဏကဘီလူး စိုက်ခိုင်းခဲ့တဲ့ အပင်အောက်ကို ပြေးသွားတယ်။ သူလည်းအမြန်လိုက်သွားပြီး အဲဒီ့အသီးကို ခူးပေးလိုက်တယ်။ ခူးနေရင်း ဒါဟာ မစားကောင်း တဲ့ အသီးများဖြစ်နေမလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် ... သေချာတဲ့အဖြေတစ်ခုကို သူမထုတ်နိုင်ခဲ့ဘူး။ သူ့ဦးနှောက်တစ်ခြမ်းကို မိန်းကလေးကိုပေးလိုက်ရပြီလေ။ အဲဒါနဲ့သူလဲ ... မိန်းကလေးကိုပါကူပြီး စဉ်းစားခိုင်းရတယ်။
``စားကောင်းလား၊ မစားကောင်းဘူးလားတော့မသိဘူး။ မွှေးတော့အရမ်းမွှေးတယ်။ အသီးကလည်း အရမ်းလှတယ်။ ဒီလိုအသီးမျိုးကို မစားကောင်းဘူးဆိုရင်ကော လွှင့်ပစ်လိုက်ဝံ့တဲ့သတ္တိ ရှင့်မှာရှိလို့လား။´´
မိန်းကလေးရဲ့အမေးက သူ့ကိုမှိုင်တွေငေးသွားစေတယ်။ အရင်ကလိုစိတ်မျိုးနဲ့ ဆိုရင်တော့ ဘယ်လောက်ပဲ အနံ့အရသာရှိရှိ မစားကောင်းတဲ့အသီးဆိုရင်တော့ လွှင့်ပစ်လိုက်ရမှာပဲလို့ သူပြောမိမှာပဲ။ ဒါပေမယ့် ... အခုသူစွန့်အနေတယ်။ အဆိုးလား၊ အကောင်းလားဆိုတာကို အပြတ်သားဆုံး ဆုံးဖြတ်လိုက် ဖို့လည်း သူ့ဦးနှောက်တစ်ခြမ်းတည်းနဲ့ မသေချာဘူးဖြစ်နေတယ်။ သူဘာမှ မပြောရသေးခင်မှာပဲ မိန်းကလေး က အဲဒီ့အသီးကို ကိုက်စားလိုက်တယ်။
``အား ... ချိုနေတာပဲ ... ကောင်းလိုက်တာ´´
သူ့ကိုယ်သူ မရိပ်မိလိုက်ခင်မှာပဲ သူလည်းအဲဒီ့အသီးကို တစ်ကိုက်စားပြီးဖြစ်နေတယ်။ အဲဒီ့အချိန်မှာပဲ အဲဒီ့အပင်က အသီးတွေတစ်လုံးပြီးတစ်လုံး တစ်ဖျစ်ဖျစ်နဲ့သီးလာလိုက်တာ ... သူတို့နှစ်ယောက်လည်း ဘာကိုမှ စဉ်းစားမနေကြတော့ပဲ သစ်ပင်အောက်မှာငြိမ့်ငြိမ့်လေးထိုင်၊ သစ်သီးတွေတစ်လုံးပြီးတစ်လုံးစား၊ ဧဒင်ဦးယျာဉ်ကြီးရဲ့အလှကို အပြည့်အ၀ခံစားနေလိုက်ကြတယ်။ သူကိုယ်တိုင် သူ့ကိုယ်သူ ပြန်အံ့သြယူ ရလောက်တဲ့အခြေအနေပါပဲ။ သူဘာဖြစ်သွားတာလဲ သူ့ကိုယ်သူပြန်မေးကြည့်ဖို့တောင် သူ့မှာစိတ်ကူးမရှိတော့ပါဘူး။ မိန်းကလေးကရေသောက်ချင်တယ် ဆိုတာနဲ့ ခုဏကဘီလူးတူးခိုင်းသွားတဲ့ ရေတွင်းထဲက ရေတစ်ဂျား သွားခပ်ပြီး သူတို့နှစ်ယောက် သောက်လိုက်ကြတယ်။ ဘီလူးပြောခဲ့တဲ့စကားကိုလည်းသူမေ့သွားပါပြီ။ ဒီရေတွေ ကို သောက်သင့် မသောက်သင့် စဉ်းစားဖို့ကိုလည်းသူသတိမရတော့ပါဘူး။ စားလို့သောက်လို့အပြီး ဗိုက်ဝ သွားတဲ့ အချိန်မှာ ဘေးနားကမိန်းကလေးကိုကြည့်ပြီး သူ့ရဲ့အချစ်စိတ်တွေနိုးထလာတယ်။ သူအရင်က စိတ်ကူးယဉ်ခဲ့တဲ့ လောကသစ်တစ်ခုကို သူတို့နှစ်ယောက်စတင်ဖန်တီးရမယ်ဆိုတဲ့ အသိကိုတော့ သူသတိရနေ လို့တော်သေးတယ်။ အဝေးကိုငေးနေတဲ့ မိန်းကလေးရဲ့မျက်နှာကို ဆွဲလှည့်ပြီး နမ်းဖို့ကြိုးစားလိုက်တယ်။
`` ဟင် ... ရှင် ... ရှင် ... ဒါဘာလုပ်တာလဲ။ လူကိုဘာများမှတ်နေလဲ။´´
`` ဖြန်း ...´´
သူ့ပါးပြင်တစ်ခုလုံး ပူနွေးသွားတယ်။ ဘာတွေဖြစ်ကုန်တာလဲ။ သူပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ မိန်းကလေးကိုစိုက်ကြည့်နေရင်း ... ကမူးရှူးထိုးနဲ့ပြောမိတယ်။
``မင်းကိုငါလက်ထက်ဖို့ ငါ့ဦးနှောက်တစ်ခြမ်းလုံးကိုထုတ်ပေးပြီး ရယူခဲ့ရတာလေ။ မင်းကဘာဖြစ်လို့ အခုမှ ငါ့ကိုငြင်းဆန်နေရတာလဲ။ မင်းဟာငါနဲ့လက်ထက်ပြီး လောကသစ်တစ်ခုကို စတင်ဖန်တီးရမယ့် မိန်းကလေးလေ ...´´
သူ တုန်တုန်ယင်ယင်နဲ့အဲဒီ့လိုပြောတော့ မိန်းကလေးက ဒေါသမျက်လုံးတွေနဲ့ သူ့ကိုကြည့်တယ်။ ပြီးတော့ ...
``ဒီက ... ကိုယ့်ကျေးဇူးရှင်ဆိုပြီး ပစားပေးမိပါတယ် ... သူက အခွင့်အရေးယူဖို့စဉ်းစားနေပြီ။ ရှင့်ကို ကျမကဘာဖြစ်လို့ယူရမှာလဲ´´
မိန်းကလေးက အဲဒီ့လိုပြောတော့ သူတော်တော်စိတ်ညစ်သွားတယ်။ ဒေါသလည်းထွက်လာတယ်။ ဒီလိုဆို ငါစိတ်ကူးယဉ်ထားခဲ့တာတွေ အကုန်သွားပြီပေါ့လို့လည်း ၀မ်းနည်းပက်လက်ခံစားလိုက်ရတယ်။ သူငိုချင်စိတ်ကို မနည်းထိမ်းထားရတယ် ။
`` ငါက လောကသစ်တစ်ခုကို ငါကိုယ်တိုင်စတင်ပြီးဖန်တီးချင်တာလေ။ အဲဒါကြောင့်လဲ ဘီလူးကို ဧဒင်ဥယာဉ်ကြီးထဲကို ပြန်ပို့ခိုင်းပြီး သား၊သမီးတွေမွေးဖို့ မင်းကို ငါ့ရဲ့ဇနီးမယားတစ်ယောက်အဖြစ်နဲ့ တောင်းဆိုခဲ့တာလေ။ နောက်ပြီး မင်းနဲ့ငါနဲ့အတူတူနေကြဖို့ မကုန်နိုင်မခမ်းနိုင်တဲ့ စည်းစိမ်ဥစ္စာ တွေကိုလည်း ဘီလူးစီကနေ ငါတောင်းခဲ့တာမင်းအမြင်ပဲလေ။ ငါ့ကို မရက်စက်ပါနဲ့မိန်းကလေးရယ်။ ငါ အနှစ်နှစ်အလလထဲက ရူးခဲ့ရတဲ့ အဲဒီ့စိတ်ကူးလေးကိုမင်းမဖျက်ဆီးစမ်းပါနဲ့ကွာ။´´
သူ အသံကို အတတ်နိုင်ဆုံးလျော့ပြီး မိန်းကလေးကို တိုးလျှိုးတောင်းပန် နေပေမယ့် မိန်းကလေး ကတော့ ခပ်တင်းတင်းပါပဲ။
``ရှင် ဘာမှလာရှင်းပြမနေနဲ့ ကျမရှင့်ကိုမယူနိုင်ဘူး။ ဒီနေရာမှာ ရှင်နဲ့ကျမနှစ်ယောက်ရှိတဲ့အတွက် ဒီပစ္စည်းတွေအားလုံးကိုလည်းတစ်ယောက် တစ်ဝက်ပိုင်တယ် ... ဒါပဲ´´
မိန်းကလေးက အဲဒီ့လိုပြောပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ အိမ်ကြီးပေါ်ကိုပြေးတက်သွားတယ်။ သူ့ရဲ့ ဒေါသတွေနဲ့ စိတ်ပျက်အားလျော့မှုတွေကို သူထိမ်းမထားနိုင်တော့ဘူး။ အဲဒါနဲ့ မိန်းကလေးကြားအောင် သူလှမ်းအော်ပြောလိုက်တယ်။
`` မင်းသာငါ့ကိုလက်မထက်ရင် ငါတောင်းထားတဲ့ ဒီဆုတွေအားလုံးကို ငါဘာသွားလုပ်ရမှာလဲ ... အားလုံးအလကားပဲပေါ့ ...´´
`` ၀ုန်း ...´´


အရာအားလုံးသူ့မျက်စိရှေ့ကနေ ဟုတ်ခနဲ ပျောက်ကွယ်သွားကြတယ်။ မီးခွက်ကိုဘယ်လိုပဲ ထပ်ပွတ်ပွတ် ဘီလူးကလည်းပြန်ထွက်မလာတော့ဘူး။
ပူပြင်းခြောက်သွေ့တဲ့ ဟင်းလင်ပြင်တစ်ခုထဲမှာ ဖုန်အလူးလူးနဲ့ လမ်းလျှောက်နေရင် သူစဉ်းစားတယ်။
``ငါ မစားကောင်းတဲ့ အသီးကို စားခဲ့မိလို့လား ...´´
``ငါ မသောက်ကောင်းတဲ့ ရေကို သောက်ခဲ့မိလို့လား´´
``ဒါမှမဟုတ် ... ငါ့ရဲ့ ဒုတိယဆုတောင်းကပဲ မှားခဲ့တာလား´´
ဘာကြောင့်ပဲဖြစ်ဖြစ် သူကတော့ အရင်ကအတိုင်းပဲပြန်ဖြစ်နေခဲ့ပြီလေ။ ဆုံးရှုံးမှုခပ်ကြီးကြီးတစ်ခုကို ထပ်မံပိုက်ထွေးလိုက်ရတာတစ်ခု ပိုလာတာကလွဲရင်ပေါ့ ...။

နေဘုန်းလတ်

5 comments:

MELODYMAUNG said...

ကောင်းလိုက်တဲ့ ခေတ်သစ်ဘီလူးဝတ္ထုတိုလေး
ဇာတ်သိမ်းကတော့ သမြောစရာကြီးနော်

ခွန်မြလှိုင် said...

သယ်ရင်းကဈေးဆစ်ဖို့မေ့သွားထင်ပါ့။ ဒုတိယဆုတောင်းအတွက် ဘီလူးကိုပြောကြည့်ခဲ့ရင်အကောင်း သား။ မိန်းမကို တောင်းတာ ချစ်ဖို့။ ချစ်တယ်ဆိုတာ နှလုံးသားထဲကချစ်တာ ဦးဏှောက်ထဲကမဟုတ်လို့၊ နှလုံးသားတစ်ခြမ်းယူ၊ ဦးဏှောက်တော့ မထိနဲ့လို့လေ။

Mr.Pooh @ မောင်ပွတ် said...

မဂ္ဂဇင်းထဲပါမယ်ဆိုလည်း ပါသင့်တဲ့ ဇာတ်လမ်းကောင်းလေးပါ။ အနက်ပေါ်မှာ အဖြူနဲ့ အများကြီးဖတ်ရလို့ နည်းနည်းတော့ မျက်စိကြောင်သွားတယ်။

ကိုဖြိုး said...

ဟိုက် သောက်ကျိုးနည်း ကောင်းလိုက်တဲ့ ဇာတ်လမ်းကွာ နေဘုန်းလတ်ကော မောင်ပွတ်ကော အစွမ်းတွေ လှိမ့်ပြနေကြပါလားဟေ့ .. ။ စာရေးဆရာတွေ ငတ်ကုန်တော့မှာပဲ။

Anonymous said...

နေဘုန်းလတ်ရဲ့ ခေတ်သစ်ဘီလူးက ကောင်းပ ။ စာပိုဒ်တွေ နောက်တခါစာရိုက်ရင် ခွဲရိုက်လို့ ဖြစ်မလား.. မောင်ပွတ်ပြောသလို ဖတ်ရတာ နည်း၂ကြောင်ချင်လာပြီ.. ။