Pages

Wednesday, June 6, 2007

ကျွန်တော်နှင့်သုတေသနမြို့

ဒီဝတ္ထုတိုလေးဟာလဲ အများပြည်သူဖတ်ရှုရန်မသင့်တော်ဆိုတဲ့ စာရင်းထဲမှာ အထည့်ခံခဲ့ရတဲ့ တစ်ပုဒ်ပါပဲ …။ သံလွင်အိပ်မက် ထဲမှာတော့ဖော်ပြခဲ့ဖူးပါတယ်…။

ကျွန်တော်နှင့်သုတေသနမြို့



ငါဟာလူတစ်ယောက်ပဲဆိုတာကို စသိလိုက်ရတဲ့အချိန်ကစပြီး လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကိုပါ ကျွန်တော်သိချင်လာခဲ့တယ်။ အဲဒီ့သိချင်စိတ်တစ်ခုဟာ ကျွန်တော့်ကို အဲဒီ့သုတေသနမြို့ကြီး စီကို တွန်းပို့လိုက်တဲ့အဓိက လှုံ့ဆော်မှုကြီးလည်းဖြစ်ခဲ့တယ်။ ကိုကိုယ်တိုင်လည်းစဉ်းစားပြီး တွေ့ကရာလူ ကို လူဆိုတာဘာလဲလို့ လိုက်မေးနေမိတဲ့ ကျွန်တော့်ကို ရှေ့မီနောက်မီ ပုဂ္ဂိလ်ကြီးတစ်ဦးက မြေပုံတစ်ခုဆွဲပြပြီး ...
`ကောင်လေး ... မင်းမေးတဲ့မေးခွန်းရဲ့အဖြေကို အတိအကျသိချင်ရင်တော့ အဲဒီ့မြို့ထဲကိုသွား ...။အဲဒီ့မြို့က မင်းအခုလိုက်မေးနေတဲ့ လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို အတိကျဆုံးထုတ်နိုင်ဖို့အတွက် သိပ္ပံပညာရှင်ကြီးတွေစုပြီး တည်ဖွဲ့ထားတဲ့မြို့ပဲ။ အဲဒီ့မြို့ထဲမှာ သိပ္ပံပညာရှင်တွေအများကြီးက စက်ပစ္စည်း အစုံအလင်နဲ့ စက်ရုပ်တွေရဲ့ အကူအညီကိုယူပြီး လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖွင့်နိုင်ဖို့ ကြိုးစား နေကြတယ်လို့ကြားတာပဲ။´
သူကအဲဒီ့လိုပြောလိုက်တော့ ကျွန်တော်လည်းအရမ်းပျော်သွားပြီး သူပေးတဲ့မြေပုံကိုလက်ကဆွဲ အဲဒီ့မြို့တော်ကြီးစီကို မျှော်လင့်ခြင်းတွေတရွှဲရွှဲနဲ့ တစ်ယောက်တည်းထွက်လာခဲ့တယ်။ အကြံအဖန်လုပ်လာ ခဲ့တဲ့ မြို့ဝင်ခွင့်လက်မှတ်လေးကိုကိုင်လို့ပေါ့ ...။
ရောက်ပါပြီ။ ကျွန်တော့်ရဲ့မျက်စိရှေ့မှာ အလုံပိတ်မြို့ကြီးက ခန့်ခန့်ညားညားကြီးနဲ့ တည်ငြိမ်ရင့်ကျက်ပြနေလိုက်တာ ကျွန်တော့်ရဲ့စိတ်တွေတောင် တက်ကြွပျော်မြူးလာတယ်။ ကျွန်တော် မြို့အ၀င်ကသံတံခါးကြီးရဲ့ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ အနားမှာ တီဗွီဖန်သားပြင်တစ်ခုပေါ်လာ ပြီး အဲဒီ့အထဲက လူတစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးတယ်။
`ဘာကိစ္စရှိပါသလဲ၊ ဒါကန့်သတ်နယ်မြေပါ။ အခွင့်မရှိပဲ မ၀င်ရပါဘူး။´
ကျွန်တော်လည်း သူ့ကိုဘာမှဖြေရှင်းချက်တွေထုတ်မနေတော့ပဲ ယူလာတဲ့လက်မှတ်ကလေးကို စက်ကလေးတစ်ခုမှာ သွားကပ်လိုက်တယ်။ ချက်ခြင်းပါပဲ အထပ်ထပ်ကာထားတဲ့ တံခါးတွေအားလုံး တဖျပ်ဖျပ်ပွင့်သွားကြတယ်။ ကျွန်တော်က ဒီမြို့တော်ကြီးကို တည်ထောင်နိုင်ဖို့အကောင်းဆုံးအကြံဥာဏ်တွေ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့လက်မှတ်ကို အကြံအဖန်လုပ်ပြီး မရ ရအောင် ယူလာခဲ့တာလေ။ အဲဒီ့လိုနဲ့ ကျွန်တော် အဲဒီ့သုတေသနမြို့ကြီး ထဲကိုရောက်သွားတယ်။ အထဲကိုရောက်တော့လည်း မြို့ကြီးက သူလိုကိုယ်လိုပါပဲ၊ ဖန်တီးထားတာသိပ်မကြာသေးတဲ့အတွက် နည်းနည်းသစ်လွင်နေတာကလွဲလို့ပေါ့...။ ကျွန်တော် ဟိုဟိုဒီဒီငေးရင်း ဘယ်ကိုသွားရရင်ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲ ...။ ခုဏက တီဗွီထဲကလူက လူကိုယ်တိုင်ကျွန်တော့်အနားကိုရောက်လာတယ်။
`မင်းက အကြီးအကဲရဲ့ လက်မှတ်နဲ့အတူရောက်လာတာဆိုတော့ ငါတို့အတွက် အထူးဧည့်သည် တော်ပဲပေါ့။ လာ ... လာ ... ငါတို့ရဲ့ပင်မဌာနချုပ်ကိုသွာကြမယ်။´
အဲဒီ့လိုနဲ့ သူခေါ်တဲ့နောက်ကို တကောက်ကောက်လိုက်သွားရင်း သူပြောတဲ့ပင်မဌာနချုပ်ဆိုတဲ့နေရာ ကိုရောက်သွားတယ်။ အားလုံးကကျွန်တော့်ကို လိုလိုလားလားနဲ့ပဲ ခရီးဦးကြိုပြုကြပါတယ်။ လက်မှတ်ရဲ့ တန်ခိုးတွေပဲနေမှာပေါ့...။ သူတို့တွေက ကျွန်တော့်ကို အခန်းတစ်ခုထဲကိုခေါ်သွားပြီး အဲဒီ့အခန်းထဲက လူကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့လူကြီးက ...
`ကဲ ... ကဲ ... ထိုင်ပါ။ မင်းကဒီကိုရောက်လာတာတော့ ဟုတ်ပါပြီ။ ဘာကိစ္စနဲ့များရောက်လာ တယ်ဆိုတာကို ရှင်းစမ်းပါဦး။´
`ဒီလိုပါ အန်ကယ် ... ကျွန်တော်က လူတွေရဲ့ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စာတမ်းတစ်စောင်တင်စရာရှိလို့ပါ။ အဲဒါ အန်ကယ်တို့အဖွဲ့ကလည်း လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်စုံဆုံး ဖွင့်ဆိုနိုင်ဖို့ ဒီမြို့ကြီးကိုဖန်တီးတည်ဆောက်ပြီး သုတေသနတွေလုပ်နေကြတယ်ဆိုတာ ကြားရလို့ ဒေါက်တာရော်ဂျာရဲ့အကူအညီနဲ့ဒီကိုရောက်လာတာပါ။´
ဒေါက်တာရော်ဂျာဆိုတဲ့ အသံကိုကြားတော့မှ အဲဒီ့လူကြီးနည်းနည်းဖြုံသွားတယ်။ ဒေါက်တာရော်ဂျာဆိုတာက ကျွန်တော်ယူလာတဲ့လက်မှတ် ပိုင်ရှင်လေ...။
`အေးပေါ့လေ ... ဒေါက်တာရော်ဂျာကလွှတ်လိုက်တာဆိုတော့လဲ ... ငါတို့ကဧည့်ဝတ်ကျေပြွန်ရမှာ ပေါ့...။ အဲဒီ့တော့ မင်းကိုအရင်ဆုံး ငါတို့ရဲ့သုတေသနအကြောင်းပြောပြမယ် ... သေသေချာချာနားထောင် ပါ။ ပြီးတော့မှ မင်းလေ့လာချင်တဲ့အပိုင်းကို ငါတို့အသေးစိတ်လျှောက်ကြည့်ကြတာပေါ့။´
သူအဲဒီ့လိုပြောလိုက်တော့မှ ကျွန်တော့်ရင်ထဲကအလုံးကြီးကျသွားတော့တယ်။ တော်ကြာ သူတို့က ချောချောချူချူနဲ့လက်မခံရင် လာမောကြီးဖြစ်နေမှာလေ။
`ဒီလိုကွ ... ဒီမြို့ကြီးမှာ ငါတို့ရဲ့အစမ်းသပ်ခံလူသားအဖြစ်ရှိနေတဲ့ တကယ့်လူအစစ်တွေက နည်းနည်းပဲရှိတယ်။ ကျန်တာတွေအားလုံးက စက်ရုပ်တွေပဲ။ ဒါပေမယ့် အဲဒီ့လူအစစ်တွေကိုတော့ သူတို့အစမ်းသပ်ခံနေရတယ်ဆိုတာရယ်၊ နောက်ပြီး ကျန်တဲ့သူတွေအားလုံးဟာစက်ရုပ်တွေဖြစ်ကြတယ်ဆိုတာ ရယ်ကို မသိရအောင် သူတို့ရဲ့ဦးနှောက်အကန့်တစ်ခုကို ခဏပိတ်ထားပြီး သူတို့ကို ဒီမြို့ကြီးထဲခေါ်ထည့် ထားတာပဲ။ ငါတို့အနေနဲ့က အဲဒီ့လူအစစ်တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့စက်ရုပ်တွေကို လိုသလိုစေခိုင်းပြီး သူတို့ရဲ့ စိတ်အခြေအနေတွေ၊ ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုတွေနဲ့ ခံစားချက်အတိမ်အနက်တွေကို စောင့်ကြည့်လေ့လာ သုတေသနပြုနေကြတာပဲကွ။´
သူက အဲဒီ့လိုရှင်းပြလိုက်တော့ ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားသွားတယ်။ အဲဒီ့လူတွေ စက်ရုပ်တွေကြားထဲမှာ ဘာတွေများ ကဂျိုးကဂျောင်လုပ်ပြဦးမလဲဆိုတဲ့ သိချင်စိတ်တစ်ခုကလည်းတားမရ အောင်ပေါ်လာတယ်။ သူက ရှင်းပြပြီးတာနဲ့ ကျွန်တော့်ကိုအခန်းကြီးတွေတန်းစီရှိနေတဲ့အထဲက ပထမဆုံး အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ အဲဒီ့အခန်းက ရုပ်ရှင်ရုံကြီးလိုပဲ ရှေ့ကကွန်ပျူတာဖန်သားပြင်ကြီးပေါ်မှာ က မြို့ကြီးရဲ့တစ်နေရာမှာ လူတွေသွားလာလှုပ်ရှားနေကြတဲ့ပုံတွေကိုရိုက်ပြထားတယ်။
`အဲဒီ့မှာ တိုက်ပုံအနက်ဝတ်ထားတဲ့သူက လူအစစ်ပဲ။ သူ့ဘေးက ကျန်တဲ့သူတွေအားလုံးကတော့ စက်ရုပ်တွေပေါ့ ...။ အဲဒီ့လူက `တရားသူကြီး´ အလုပ်လုပ်တယ်။ အခု သူ ကားလမ်းဖြတ်ကူးဖို့ လူကူးမီး လေးစိမ်းလာမှာကို အားလုံးနဲ့အတူစောင့်နေတယ်နော်။ အခုပဲငါတို့ သူ့ရဲ့စိတ်ကိုစမ်းကြည့်ကြရအောင် ...´
သူကပြောရင်းဆိုရင်းပဲ သူ့မျက်စိရှေ့က ခလုတ်တွေအများကြီးပေါ်မှာ လက်တွေကိုပြေးကစား လိုက်တယ်။ ကျွန်တော်လည်း ဖန်သားပြင်ကြီးပေါ်က ဟိုလူ့ကို ဘာတွေများဖြစ်လာမလဲလို့ စိတ်ဝင်တစား နဲ့ ငေးကြည့်နေမိတယ်။ အဲဒီ့အချိန်မှာပဲ ကားတွေအတွက်မီးက နီသွားပြီး၊ လူတွေအတွက်ထားတဲ့မီးလေးက စိမ်းသွားတယ်။ အဲဒီ့တော့ ဟိုလူကလည်းကားလမ်းကိုဖြတ်ကူးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ... ခက်တာက သူနဲ့အတူ ကားလမ်းကူးဖို့စောင့်နေကြတဲ့ ဘေးနားကစက်ရုပ်လူတွေအားလုံးက ကားလမ်းကိုဖြတ်မကူးကြပဲ ကားတွေကိုလှမ်းကြည့်တဲ့သူကကြည့်၊ ကားတွေအတွက်ပြထားတဲ့မီးပွိုင့်အနီကြီးကို သူတို့ကိုပဲပြနေသလိုနဲ့ မော့ကြည့်တဲ့သူကကြည့်၊ အိတ်ထဲကို ဟိုနှိုက်ဒီနှိုက်နဲ့ အလုပ်ရှုပ်နေတဲ့သူကရှုပ်နဲ့ ဖြစ်နေကြတာပဲ။ သူလဲ ဘာလုပ်လို့လုပ်ရမှန်း မသိပဲ အဲဒီ့လူတွေရဲ့မျက်နှာတွေကို နားမလည်သလိုငေးကြည့်လိုက်၊ လမ်းလျှောက် နေတဲ့လူပုံလေးနဲ့စိမ်းနေတဲ့မီးပွိုင့်ကလေးကို လှမ်းကြည့်လိုက်၊ သူ့ခေါင်းကိုသူတဗျင်းဗျင်းကုတ်လိုက်လုပ်နေ တုန်းမှာ ကားတွေရဲ့မီးပွိုင့်ကစိမ်းသွားတာနဲ့ သူလမ်းဖြတ်မကူးလိုက်ရဘူးဖြစ်သွားတယ်။ ကျွန်တော်လည်း ဖန်သားပြင်ပေါ်ကနေမြင်နေရတဲ့သူ့အဖြစ်ကိုကြည့်နေရင်း ရယ်ရမလို၊ ငိုရမလိုဖြစ်သွားတယ်။ ဒီလူ့နှယ် တော်တော်ခက်တာပဲလို့လည်းတွေးမိတယ်။ ကျွန်တော့်ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့လူရဲ့အဖြစ်ကို ကြည့်ပြီး အချက်အလက်တွေကို ကွန်ပျူတာတစ်လုံးနဲ့ရေးမှတ်နေတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း လှမ်းပြောသေးတယ်။
`ဒီလူရဲ့ အဖြစ်ကိုမင်းကြည့်စမ်း ...၊ သူ့ဘက်ကအစစအရာရာမှန်နေတာပဲ သူလမ်းဖြတ်ကူးရုံပေါ့၊ ဒါပေမယ့် သူနဲ့အတူရှိနေကြတဲ့သူတွေအားလုံးက သူလက်ခံထားတဲ့အမှန်တရားတစ်ခုကို သဘောမတူသလို လုပ်နေကြတော့ သူကိုယ်တိုင်တောင် တွေဝေသွားတယ်။ ငါသိထားတာများ မှားနေသလားလို့ သူ့ကိုယ်သူ တောင် မယုံသင်္ကာပြန်ဖြစ်လာတယ်။ အကယ်၍များ တစ်ယောက်ယောက်ကသာ သူနဲ့အတူတူလမ်းဖြတ်ကူး ကြည့်ပါလား ... သူအဲဒီ့လိုဖြစ်တော့မှာမဟုတ်ဘူး။´
သူက ကျွန်တော့်ကိုပြောနေရင်း နောက်တစ်ခါ လူကူးမီးပွိုင့်အစိမ်းမှာ စက်ရုပ်လူတစ်ယောက်ကို လမ်းဖြတ်ကူးခိုင်းလိုက်တယ်။ အဲဒီ့တော့မှ ဟိုလူလည်း လမ်းမကူးပဲကျန်နေခဲ့တဲ့ စက်ရုပ်လူတွေကို လှည့်ကြည့်လှည့်ကြည့်လုပ် ပါးစပ်ကပွစိပွစိပြောပြီး လမ်းဖြတ်ကူးသွားတယ်။ သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို စကားတစ်ခွန်းထပ်ပြောတယ်။
`လူဆိုတာ ကိုယ်ဘယ်လောက်ပဲ မှန်နေမှန်နေ ကိုယ့်ရဲ့အယူအဆကိုထောက်ခံမယ့်၊ ကိုယ့် ဘက်က ရပ်တည်ပေးမယ့်သူ အနည်းဆုံးတစ်ယောက်ယောက်တော့ မရှိမဖြစ်လိုအပ်တယ်ကွ ´ တဲ့။
ကျွန်တော်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ဒီလူ ဘယ်တော့မှ တရားသူကြီးစစ်စစ် တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့တွေးနေမိတယ်။ ကျွန်တော်တို့ အဲဒီ့အခန်းထဲကထွက်ပြီး ဒုတိယ အခန်းထဲကိုဝင်လိုက်တယ်။ ဒီတစ်ခါတွေ့ရတဲ့မြင်ကွင်းကတော့ နည်းနည်းထူဆန်းတယ်။ ကလေးတွေကို စာသင်နေတဲ့ ဆရာတစ်ယောက်ပါ။ ဒါပေမယ့် သူက စာကိုကောင်းကောင်းမသင်ပဲ ကင်းမြီးကောက်ထောင်ပြီး သင်နေတယ်။ ကျွန်တော်လဲ လူနဲ့စက်ရုပ်ကိုမခွဲတတ်သေးတာနဲ့ပဲ ဘေးကသိပ္ပံပညာရှင်ကြီးကိုပဲလှမ်းမေးလိုက် တယ်။
`အဲဒီ့ ကင်းမြီးကောက်ထောင်နေတဲ့ဆရာက လူလား´
`မဟုတ်ဘူး ... အဲဒါကစက်ရုပ်၊ အဲဒဲီ့လို ကင်းမြီးကောက်ထောင်ပြီးစာသင်နေအောင် ငါတို့လုပ်ထားတာ။ အောက်မှာထိုင်နေတဲ့ကျောင်းသားတွေထဲက ရှေ့ဆုံးတန်းအလယ်မှာ ထိုင်နေတဲ့ ကလေးကမှ လူအစစ်။´
သူအဲဒီ့လိုပြောလိုက်မှ ကျွန်တော်လည်းအဲဒီ့လူသားစစ်စစ်ကောင်လေးကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်မိတယ်။ သူကလည်းဆရာသင်ကြားနေတဲ့စာတွေထက် ဆရာ့ရဲ့ ကင်းမြီးကောက်ထောင်နေပုံကို ပိုပြီးစိတ်ဝင်စားနေပုံပေါ်ပါတယ်။ မျက်တောင်တောင်ခတ်ဖို့သတိမရပဲ သူ့ဆရာကို စူးစိုက်ကြည့်နေတယ်။ ကျွန်တော်အဲဒီ့လိုကြည့်နေတုန်းမှာပဲ ကျောင်းဆင်းခေါင်းလောင်းသံထိုးလို့ ကျောင်းသားတွေအားလုံးအိမ်ပြန်သွားကြတယ်။ အဲဒီ့ကောင်လေးလဲ အိမ်ပြန်တာပေါ့...။ ဒါပေမယ့် သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ တစ်ခုခုကို အပြင်းအထန်စဉ်းစားနေသလိုပါပဲ။ နောက်ပြီး ပါးစပ်ကနေလဲ တစ်ယောက်တည်း ရေရွတ်နေသေးတယ်။
`ဆရာ ဒီလောက်တောင်တော်နေတာ ကင်းမြီးကောက်ထောင်ပြီး စာကျက်လို့ပဲ ဖြစ်ရမယ် ´
အဲဒီ့လိုနဲ့ အိမ်ပြန်အရောက်မှာ အဲဒီ့ကောင်လေးဟာ အခန်းထဲကိုတန်းဝင်ပြီး ကင်းမြီးကောက်ထောင် နိုင်ဖို့ကို အပြင်းအထန်ကြိုးစားတော့တာပါပဲ။ အပြိုပြိုအလဲလဲ၊ ဒဏ်ရာတွေအတော်အတန်ရသွားအပြီးမှာ သူ ကင်းမြီးကောက်ထောင်နိုင်သွားပါတယ်။ ခက်တာက ဆရာသင်လိုက်တဲ့စာတွေကို သူကင်းမြီးကောက်ထောင်ပြီး ပြန်ကြည့်မယ်အလုပ်မှာ ဆရာသင်လိုက်တာတွေကို သူတစ်ခုမှနားမလည်လိုက်ဘူးဖြစ်နေတာပါပဲ။ ကျွန်တော် လည်းအဲဒီ့ကျောင်းသားလေးကိုကြည့်ပြီး တော်တော်လေးစိတ်ပျက်သွားမိတယ်။
`တစ်ခါတစ်ခါ လူဆိုတာအဲဒီ့လိုပဲကွ၊ ပေးကားပေး၏မရဆိုသလိုပေါ့၊ အနှစ်နဲ့အကာကို မခွဲခြား တတ်ရာက တကယ့်အနှစ်သာရတွေနဲ့ ဝေးဝေးလိုက်လာကြတာလေ´
ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့ကျောင်းသားလေးရဲ့အဖြစ်ကို ကြည့်ပြီး အဲဒီ့လိုကောက်ချက်ချ ပါတယ်။ ကျွန်တော်ကတော့ စဉ်းစားမိတယ် ဒီကျောင်းသားလေးကို ကျောင်းတက်ခိုင်းဖို့ထက် ဆပ်ကပ်အဖွဲ့ထဲ ထည့်လိုက်ရင်ကောင်းမယ်လို့ ...။
အဲဒီ့လိုနဲ့ သူနဲ့ကျွန်တော် နောက်အခန်းတစ်ခုဆီကို ကူးလာခဲ့ကြတယ်။ ကျွန်တော်စိတ်လှုပ်ရှားမှု တစ်ခုနဲ့ အတူနည်းနည်းတော့ပျှော်နေမိတယ်။ လူတွေရဲ့အူကြောင်ကြောင် အဖြစ်အပျက်တွေကို အဲဒီ့လို စောင့်ကြည့်ပြီး သုံးသပ်နေရတာ ပျှော်စရာတော့အကောင်းသားလေ ...။
`အဲဒီ့သူကတော့ ကုမ္ပဏီတစ်ခုမှာလခစားလုပ်နေတဲ့ မန်နေဂျာတစ်ယောက်ပဲ ။ သူအခု သူ့ရဲ့ ရုံးခန်းကို သွားနေတာလေ။ အခု ငါသူ့စိတ်ကိုစမ်းတဲ့အနေနဲ့ သူ့ရဲ့အလုပ်မှာ အပြောင်းအလဲလေးတွေ လုပ်ထားလိုက်မယ်။´
သိပံ္ပပညာရှင်ကြီးက ဖန်သားပြင်ပေါ်ကလူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး ကျွန်တော်ကိုပြောတယ်။ကျွန်တော်ကြည့်နေတုန်းမှာပဲ ဟိုလူက သူ့ရုံးခန်းထဲကို ရောက်သွားပြီး သူ့ရှေ့ကကွန်ပျူတာကိုဖွင့်ကြည့် နေပါပြီ။ သူက သူ့ရှေ့က ကွန်ပျူတာကြီးကို တစ်ခါမှမမြင်ဖူးတဲ့အထူးအဆန်းသတ္တ၀ါတစ်ကောင်ကို တွေ့နေရသလိုမျိုး မျက်လုံးကြီးပြူးပြီးတော့ ကြည့်နေတာပါ။ ပြီးတော့ ခေါင်းတွေကုပ်လိုက်၊ မျက်မှောင်ကြီး ကျုပ်လိုက်နဲ့ တစ်ယောက်တည်းရေရွတ်နေပါတယ်။
`ကုမ္ပဏီက စတော့ရှယ်ယာတွေရောင်းမထွက်လို့ ၀န်ထမ်းတွေကို လခလျှော့မယ်ဆိုပါလား။ မဖြစ်ဘူး ... မဖြစ်ဘူး ... ဟိုတလောက ငါ့ကို အလုပ်ပြောင်းပြီးလာလုပ်ဖို့ကမ်းလှမ်းထားတဲ့ ကုမ္ပဏီကို အမြန်ဆက်သွယ်မှပဲ ...´
ချက်ချင်းကြီးပါပဲ သူက နောက်ကုမ္ပဏီတစ်ခုနဲ့ အမြန်ဆက်သွယ်ညှိုနှိုင်းပြီး ဒီကုမ္ပဏီအတွက် အလုပ်ထွက်စာကို ခဏချင်းကို ရိုက်တော့တာပါပဲ။
`ဒီလူ တော်တော်တကိုယ်ကောင်းဆန်တာပဲ၊ ကုမ္ပဏီရဲ့အကျပ်အတည်းကို ဘယ်လို ကူညီဖြေရှင်းပေး မယ်မစဉ်းစားဘူး ချက်ချင်းကို အလုပ်တန်းပြောင်းတော့တာပဲ ကြည့်စမ်း ...´
သိပံ္ပပညာရှင်ကြီးက ကျွန်တော့်ရဲ့စကားကို ခေါင်းတညိတ်ညိတ်လုပ်ပြီးထောက်ခံတယ်။
`လူဆိုတာ ဒီလိုပဲလေကွာ၊ လွယ်တာကိုမှ လုပ်ချင်ကြတာကို၊ မကောင်းတာကို ကောင်းအောင် ကြိုးစားပြင်ဖို့ထက် ကောင်းတာတစ်ခုကို အစားထိုးသုံးစွဲကျေနပ်ခြင်းက ပိုလွယ်တာကိုကွ။´
သူက ပြောပြောဆိုဆိုနဲ့ အဲဒီ့အချက်အလက်တွေကို ကွန်ပျူတာနဲ့ ရိုက်မှတ်နေပြန်ပါတယ်။ကျွန်တော် နည်းနည်းတော့ ဘ၀င်မကျဖြစ်လာတယ်။ ဒီအူကြောင်ကြောင်လူနည်းစုလေးရဲ့ ကမောက်ကမဖြစ်ရပ်လေးတွေ ကိုကြည့်ပြီး လူဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်နေလို့ကတော့ လူဆိုတာ ဘယ်လိုမှသုံးစားလို့မရတဲ့သတ္တ၀ါတစ်ကောင်
ဖြစ်သွားမှာပဲ လို့လဲတွေးမိတယ်။ ကျွန်တော်နောက်တစ်ခန်းကိုတောင် ဆက်ကြည့်ချင်စိတ်တွေ ခြောက်ခန်း သွားတယ်။ အဲဒါနဲ့ ...
`အန်ကယ်တို့ရဲ့ သုတေသနကြီးက ဟုတ်မှဟုတ်ပါ့မလားဗျာ။ ကျွန်တော်အခုကြည့်ခဲ့သမျှသူတွေ ကတော့ တစ်ယောက်မှကိုအချိုးမပြေဘူး။ အဲဒီ့သူတွေဆီကရတဲ့ အချက်အလက်တွေအတိုင်းသာ `လူ´ ဆိုတဲ့ အဓိပ္ပါယ်ကိုဖွင့်မယ်ဆိုရင်တော့ တကယ်မလွယ်ဘူးဗျ´
ကျွန်တော်အဲဒီ့လိုပြောလိုက်တော့ သူက ခေါင်းတခါခါ၊ လည်တခါခါနဲ့ ...
` ဒါတော့ ငါတို့လည်းမတတ်နိုင်ဘူးလေ။ ဒါတကယ့်လူအစစ်တွေရဲ့ တကယ့်တုံ့ပြန်မှု အစစ်အမှန် တွေပဲဟာ။ အဲဒါတွေကို မင်းခေါင်းထဲကခဏထုတ်ထားစမ်းပါ။ အခုငါတို့ နောက်အခန်းတစ်ခုစီကိုသွားကြ မယ်။´
ကျွန်တော်ဆက်မသွားချင်တော့ဘူး။ သူက အဲဒီ့အူကြောင်ကြောင်လူတွေရဲ့ အဖြစ်အပျက်တွေကို ကြည့်ကြည့်ပြီး လူဆိုတာ ဟိုလိုပဲ၊ ဒီလိုပဲနဲ့ သုံးသပ်ပြနေတာ ကြာတော့ ကျွန်တော်လူဖြစ်ရတာကိုတောင် တဖြေးဖြေးသိမ်ငယ်လာသလိုပဲ။ ဒါပေမယ့် ရောက်လက်စနဲ့ မထူးတော့ပါဘူးဆိုပြီး နောက်တစ်ခန်းစီကို လိုက်ကူးသွားလိုက်တယ်။ ဒီတစ်ခါမြင်ရတဲ့ မြင်ကွင်းကတော့ အင်မတန်ကို ကြည်နူးစရာပါပဲ။ အဒေါ်ကြီး တစ်ယောက်လေ စားဖွယ်ပစ္စည်းတွေကို ဘူးလေးတွေနဲ့ ထည့်ပြီး အခြားသူတွေကို လိုက်လှူနေတာ...။
သူလှူလိုက်တဲ့ မုန့်ဘူးတွေကို ရသွားကြတဲ့သူတွေက သူ့ကိုဆုတွေအမျိုးမျိုးပေးနေကြတာကို သူကလည်း ပြုံးလို့ပျှော်လို့ ...။ ခုဏကညစ်နေတဲ့စိတ်တွေ အခုမှ နဲနဲသက်သာရာရသွားတယ်။
`လူတွေက စေတနာသဒ္ဓါတရားထက်သန်ကြပြီး အလှူအတန်းရက်ရောကြတယ်လို့မှတ်သားလိုက် ဦးလေ´
ကျွန်တော်က ပြုံးပြုံး ပြုံးပြုံး နဲ့ သိပ္ပံပညာရှင်ကြီးကို လှမ်းပြောတော့ သူက ...
`နေပါဦးကောင်လေးရဲ့ ... ဆန္ဒတွေမစောပါနဲ့ဦး ငါစမ်းသပ်ကြည့်ပါဦးမယ် ...´
သူကပြောလည်းပြော ကွန်ပျူတာခလုတ်တွေကိုလည်း လက်ကနှိပ်လိုက်ပြန်တယ်။ သူလည်းအဲဒီ့လို လုပ်လိုက်ရော အဲဒီ့အဒေါ်ကြီးရဲ့ မုန့်ဘူးတွေကိုအလှူခံနေကြတဲ့သူတွေအားလုံးရဲ့ ပါးစပ်တွေဟာ ပိတ်သွားကြ ပြီး ခပ်တည်တည်ကြီးတွေ ဖြစ်သွားကြတယ်။ သူတို့က မျက်နှာသေကြီးတွေနဲ့ မုန့်ဘူးတွေကိုလာယူလိုက် ပြီးတော့ ဘာမှမပြောပဲ လှည့်ပြန်သွားလိုက်နဲ့ လုပ်နေကြတော့ ခုဏကပြုံးပျှော်ကျေနပ်နေတဲ့ အဒေါ်ကြီးရဲ့ မျက်နှာကလည်း တဖြေးဖြေးတည်လာရာကနေ စူပုပ်လာပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ သူ့လှူဘွယ် ပစ္စည်းတွေကို ကမမ်းကတန်းပြန်သိမ်းပြီး အိမ်ထဲကိုပြန်ဝင်သွားပါတယ်။ ပါးစပ်ကလည်းပြောသွားသေးတယ်။
`ဘယ်လိုလူတွေလည်းမသိပါဘူး။ ဒီကပေးသမျှတော့ ယူနေကြပြီး ဆုလေးတစ်ဆုတောင် ပြန်ပေးဖို့ ကို မသဒ္ဓါကြဘူး ဟွန်း...´
သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ မဲ့ပြုံးတစ်ခုပဲ ပြန်ပြုံးပြလိုက်တယ်။ နောက်ပြီး သူကပြောသေးတယ် ...
`ပေးကမ်းမှုတွေတိုင်းမှာ ရယူလိုတဲ့မျှော်လင့်ချက်တွေ ကပ်ပါနေတတ်တာ လူတွေရဲ့သဘာဝပဲကွ´
ကျွန်တော်လည်းသူ့ရဲ့စကားကို ငြင်းချင်ပေမယ့် အခုလောလောဆယ်မှာ သူ့ဘက်ကသက်သေ သာဓက ပိုခိုင်လုံနေတော့လည်း ဒီအတိုင်းပဲနှုတ်ဆိတ်နေလိုက်ရတယ်။ နောက်ထပ်အခန်းတွေကို လည်းဆက်ကြည့်ချင်စိတ်လုံးဝမရှိတော့တာနဲ့ `ပြန်မယ်´ လို့ဆုံးဖြတ်ပြီး အဲဒီ့အခန်းထဲကထွက်လာခဲ့တယ်။
`ကဲလာ နောက်တစ်ခန်းကိုသွားကြမယ် ´
`တော်ပြီ တော်ပြီ ... မသွားတော့ဘူး။ ကြည့်လည်းမကြည့်ချင်တော့ဘူး၊ ပြန်တော့မယ်၊´
အဲဒီ့လိုနဲ့ ဘ၀င်မကျမှုတွေ၊ မကျေနပ်မှုတွေကို ရင်မှာပိုက်ပြီး ကျွန်တော်သုတေသနမြို့ကြီးကနေ ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာလည်း ဒီသုတေသနကြီးများပြီးဆုံးသွားလို့ လူဆိုတာ ဒါပါပဲဆိုပြီး အဓိပ္ပါယ် သက်မှတ်ချက်ကြီးတစ်ခုများထွက်လာတဲ့အခါ ဘယ်နေရာမှာများ သွားပုန်းနေရရင်ကောင်းမလဲလို့ စဉ်းစား နေမိတယ်။ ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့ လျှောက်တွေးနေရင် စိတ်ကူးတစ်ခုရလိုက်တယ်။ သုတေသနကြီးပြီး ဖို့က ရက်တွေအများကြီးလိုပါသေးတယ်။ အဲဒီ့တော့ သုတေသနကြီးမပြီးခင်မှာ ခပ်ကြောင်ကြောင်လူအချို့ကြောင့် လွဲချော်ကွေ့ကောက်ခဲ့ရတဲ့ လူ့အဓိပ္ပါယ်တွေအတွက် စိတ်ဓါတ်ကိုအမြင့်မားဆုံးမြှင့်တင်ပြီး အစမ်းသပ်ခံလူသား တစ်ယောက်အဖြစ်နဲ့ ဒီသုတေသနမြို့ကြီးကို ကျွန်တော် နောက်ထပ်တစ်ခေါက် ထပ်လာခဲ့ဦးမယ်လို့ ...။ ။


နေဘုန်းလတ်

4 comments:

MELODYMAUNG said...

အဲဒီလူကြီးကလဲ စက်ရုပ်ကြီးလားသိဝူးနော်

Zin Ko Latt said...

မင်းကလည်း မြို့တွေများလားချည့်လားကွ။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

နောက်ထပ်မြို့တော်တစ်ခု မကြာမီ လာမည် ... မျှော် ...

နွေမိုး said...

ဆရာ နေဘုန်းလတ်-ခင်ဗျား
ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
အမှတ်စဉ်တပ်ပြီး ထုတ်ဝေသွားမှာဖြစ်ပါတယ်။
အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
ဘာသာရပ်အလိုက်… ဘာသာရေး၊ ကျန်းမာရေး၊ အလှအပနှင့်ဖက်ရှင်၊ ၀တ္ထုတိုများ၊
ဟာသများ၊ ကဗျာ၊ ကာတွန်း…စသည်ဖြင့် တစ်အုပ်ချင်း စုစည်းထုတ်ဝေမှာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ -ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်-၀က်ဆိုက်မှာဖော်ပြထားတဲ့
ကျွန်တော်နှင့်သုတေသနမြို့(၀တ္ထုတို)ကို နှစ်သက်တဲ့အတွက်
ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

nwaytamun@gmail.com

စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်-
နွေမိုး