Pages

Tuesday, September 18, 2007

တောင်ရောက်မြောက်ရောက်အလွမ်းများ(၂)

တောင်ရောက်မြောက်ရောက်အလွမ်းများ(၂)

အက်ဆေးတစ်ပုဒ်စရေးမယ်ဆိုတော့ ငယ်ငယ်ကစာစီစာကုံးတွေရေးခဲ့ရတာကိုသွားသတိရမိတယ်။ ပထမဆုံးပြေးမြင်လိုက်တာကmyself(ကျွန်တော်အကြောင်း) ...။ ရေးမယ်ကြံကာမှ ဇင်ကိုလတ်ဆိုတဲ့ငနဲက ကိုယ့်ထက်လက်ဦးမှုရသွားတာကို တွေ့လိုက်ရတယ်။ လျှင်သူစားစတမ်းဆိုတော့လည်း ခံပေါ့ ...။ ကိုယ့်အကြောင်းကို မရေးရတော့လဲ သူများတွေအကြောင်းရေးမယ်လို့စိတ်ကူးမိပြန်တယ်။ ဒါဆိုလည်း အတင်းပြောရာကျဦးမယ်လေဆိုပြီး စိတ်လျှော့လိုက်ရပြန်တယ်။ ဘာအကြောင်းရေးရရင် ကောင်းမလဲ ... စဉ်းစား ... စဉ်းစား ...။ သေသေချာချာစဉ်းစားကြည့်မှ ကျွန်တော့်ရဲ့တောင်ရောက်မြောက်ရောက်အလွမ်း တွေက ဆုံးမှမဆုံးသေးတာကိုသွားသတိရတယ်။ ဟုတ်တယ် ... အချိန်တွေသာ ကုန်ကုန်သွားတယ် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကတော့ အလွမ်းတွေနဲ့ လှိုက်တုံနေတုန်းပဲ။ စင်ကာပူဆိုတဲ့နိုင်ငံမှာ ဘယ်အရာကို မြင်မြင် ငါတို့နိုင်ငံမှာဆိုရင်တော့ဖြင့် ဘယ်လိုဆိုပြီး ကိုယ့်ရဲ့အမိမြေကမြင်ကွင်းတွေကို ပြန်ပြန်မြင်ယောင်နေ မိတော့လည်း အဲဒီ့အလွမ်းတွေက ဘယ်မှာသွားဆုံးမလဲနော်။
ဒီမှာ မနက်မနက်အလုပ်ကိုအသွားMRT Station ကို ရောက်ပြီဆိုရင်ဖြင့် တန်းစီနေတဲ့လူတန်း ရှည်ကြီးကို စတွေ့ရတော့တာပါပဲ။ ဘာများလဲလို့ စပ်စုလိုက်တော့မှ ...။ သြော် ... သတင်းစာအလကားဝေနေ တာကို ...။ အချိန်လေးကလည်းရ၊ ရထားပေါ်မှာလည်း အပြင်းပြေသတင်းလေးဘာလေးဖတ်ရအောင်ဆိုပြီး ဘာရယ်ညာရယ်မဟုတ်ပဲ ကျွန်တော်လည်း ၀င်ပြီးတန်းစီလိုက်တယ်။ သတင်းစာရဲ့နာမည်ကToday တဲ့။
သတင်းတွေကတော့ အစုံပါပဲ...။ မြန်မာနိုင်ငံ၊ ရွှေပြည်သာမြို့နယ်က အမျိုးသမီးတစ်ယောက် အရှင်လတ်လတ် ကြီး ယောင်္ကျားဘ၀ပြောင်းသွားတယ်ဆိုတဲ့သတင်းတောင်ပါသေး။Hot news, Singapore news, world news, Voices, Business news, Infotech, Health today, Sports စတဲ့ခေါင်းစဉ်တွေနဲ့အတူ မပါမဖြစ်တဲ့ ကြော်ငြာတွေ၊ တီဗွီအစီအစဉ်တွေနဲ့ စုံလို့စုံလို့ပေါ့။ အဲဒီ့ခေါင်းစဉ်တွေများစွာထဲမှာမှ ကျွန်တော် အကြိုက်အတွေ့ဆုံးကတော့ Voices ဆိုတဲ့ခေါင်းစဉ်အောက်မှာရေးကြတဲ့ ပြည်သူ၊ ပြည်သား တွေရဲ့ ခံစားချက်တွေ၊ အထင်အမြင်တွေနဲ့ ဝေဖန်ချက်လေးတွေကိုပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ ... လူထုအော်သံပေါ့။ မတူတာက ဒီကအသံတွေက ပြည်သူလူထုရဲ့တကယ့်ရင်ထဲကနေလာတဲ့ အစစ်အမှန် အော်သံတွေဆိုတာပါ။ တခါတခါ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် လိုက်ပြီးအပြစ်တင်နေတာမျိုးတွေ ပါလာလို့ ကိုယ်ကတောင်အစိုးရဘက်ကနေပြန်ပြီး မခံချင်ဖြစ်မိရပါသေးတယ်။ ဟိုတလောကပါလာတဲ့ အော်သံတစ်ခုအကြောင်းကို ပြောပြပါမယ်။ ရေးတဲ့အမျိုးသမီရဲ့ခင်ပွန်းက ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ မသန်မစွမ်းပါ။ စင်ကာပူမှာက ဘီးတပ်ကုလားထိုင်ကိုအသုံးပြုနေရတဲ့ မသန်မစွမ်းတွေအတွက် သီးသန့် သန့်စင်ခန်းလေးတွေကို အဆင်ပြေအောင်လုပ်ပေးထားပါတယ်။ ယောင်္ကျားသက်သက်၊ မိန်းမသက်သက်ပေါ့ ။
အဲဒါကို အဲဒီ့အမျိုးသမီးက သူ့ယောင်္ကျားကို ကျားသန့်စင်ခန်းထဲအထိသူတွန်းပို့ပေးနေရလို့တဲ့ လိုအပ်သလို စီစဉ်ပေးဖို့ရေးထားပါတယ်။ ကျွန်တော်တောင် ကြားထဲကနေဘယ်လိုလုပ်ပေးရရင်ကောင်းမလဲလို့ ဦးနှောက် ခြောက်ရပါသေးတယ်။ စင်ကာပူနိုင်ငံရဲ့ခေါင်းဆောင်တွေကတော့ ဒီစာတွေကို တကယ်ဖတ်၊ တဖတ် ကျွန်တော် အတိအကျမသိပါဘူး။ ဒါပေမယ့် ... ဒီကဏ္ဍလေးဟာ ဖတ်ရင်၊ ဖတ်သလို နိုင်ငံအတွက်အင်မတန်ပဲ အကျိုး ရှိတယ်ဆိုတာကို ကျွန်တော်ပြောချင်တာပါ။ နိုင်ငံအကြီးအကဲတွေအနေနဲ့ နေရာတကာကို ပြည်သူတွေနည်းတူ လျှောက်သွားနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ နစ္စဓူဝသွားလာလှုပ်ရှားနေကြရတဲ့ ပြည်သူတွေကို သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေနဲ့ ထင်မြင်ယူဆချက်လေးတွေကို လွတ်လွတ်လပ်လပ်တင်ပြခွင့်ပြုလိုက် ခြင်းအားဖြင့် နိုင်ငံရဲ့ကဏ္ဍအသီးသီးက ဟာကွက်၊ ထောက်ကွက်လေးတွေကို အနည်းနဲ့အများမြင်ရလာနိုင် ပါတယ်။ အရင့် အရင်တုန်းကဆို ကျွန်တော်တို့နိုင်ငံကသတင်းစာတွေမှာလည်း လူထုအော်သံဆိုတဲ့ ကဏ္ဍလေးမှာ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေပါတယ် ဘယ်လိုလုပ်ပေးပါဆိုတာမျိုးလေးတွေအပြင် နောက်နေ့တွေမှာ ဘယ်နေရာက ဘာကိုတော့ဖြင့် သက်ဆိုင်ရာကဖြေရှင်းပေးလိုက်ပြီဖြစ်ကြောင်းလေးတွေကိုပါ ဖတ်ရတတ်ပါတယ်။ တကယ့်ကိုကြည်နူးစရာပါ။ အခုတော့ အဲဒီ့ကဏ္ဍလေးလည်းကြည်ပျောက် ငှက်ပျောက်ပျောက်သွားခဲ့ပါပြီ။ ဘာပဲပြောပြော ... ကျွန်တော်ကတော့ စင်ကာပူနိုင်ငံထုတ်သတင်းစာ တစ်စောင်ကို ဖတ်နေရင်း ကောက်ကိုင်လိုက်တာနဲ့ နာရေးသတင်းကို အရင်ဆုံးစလှန်ရတတ်တဲ့ ကျွန်တော်တို့နိုင်ငံကသတင်းစာတွေကို လွမ်းနေမိပါတယ်။
နောက်တစ်ခုပြောပြချင်တာက ညနေညနေအလုပ်ဆင်းချိန်ဆိုရငMRT Station တွေမှာ ကိုယ်ကျွမ်းကျင်ရာ တူရိယာတစ်ခုခုကို တီးမှုတ်ဖျော်ဖြေပြီး ပိုက်ဆံအလှူခံနေကြတဲ့ (Busker ) တွေအကြောင်းပါ။ အများစုကတော့ မျက်စိမမြင်သူတွေ နဲ့ မသန်မစွမ်းတွေများပါတယ်။ မြန်မာလိုခပ်ရိုင်းရိုင်းပြောရရင်တော့ သူတောင်းစားပေါ့ ...။ ဒါပေမယ့် ပိုက်ဆံကိုအလကားတောင်းစားနေတာမျိုးမဟုတ်ပဲ ကိုယ့်တတ်စွမ်းတဲ့ အနုပညာနဲ့ အသက်မွေးနေကြတာကို ကြည့်ရတာကြည်နူးပီတိဖြစ်စရာပါ။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခု ချို့ယွင်းနေသူတွေဆိုပြီး အထင်သေးလို့တော့မရပါဘူး။ တခါတခါ အလုပ်ပင်ပန်းလွန်းလို့ အိမ်အရမ်းပြန်ချင်နေတဲ့စိတ်ကိုတောင်မေ့သွားပြီး အချိန်အတော်ကြာရပ်နားထောင်ရတဲ့အထိ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက ကောင်းမွန်ထိရောက်လှပါတယ်။ ကိုယ်ကြိုက်တဲ့အင်္ဂလိပ်သီချင်းတွေရှိရင်တောင် သူတို့ကိုပြောပြပြီး ဆိုခိုင်းလို့ရပါသေးတယ်။ သူတို့ကလည်းသိမယ်ဆိုရင်ပေါ့ ...။ ( Busker ) တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုကိုလည်းပြောပြချင်ပါသေးတယ်။ စင်ကာပူမှာ Project Superstar ဆိုတဲ့ ဂီတအနုပညာကိုမြတ်နိုးကြတဲ့လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်လေးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဆိုကြမယ်ပျော်ကြမယ်လိုပေါ့။ ဒါပေမယ့် Project Superstar မှာက ဒိုင်တွေကချည်း အမှတ်ပေးတာမဟုတ်ပဲ ပရိသတ်ကပါဆန္ဒမဲပေးပိုင်ခွင့်ရှိပါတယ်။ ရမှတ်ရဲ့ ၂၅ရာခိုင်နှုန်းဟာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီး ကျန်တဲ့ ၇၅ရာခိုင်နှုန်းကတော့ ပရိသတ်ရဲ့ဆန္ဒမဲပေါ်မှာမူတည်ပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြသူတွေအများကြီးထဲကနေ တဆင့်ပြီးတဆင့်ရွေးချယ်ဆုံးဖြတ်ပြီး နောက်ဆုံးတစ်ယောက်ကို Project Superstar အဖြစ်ရွေးချယ်တာပါ။ ပြိုင်ပွဲကာလက လနဲ့ချီပြီးကြာပါတယ်။ ကျွန်တော်အဓိက ပြောချင်တာက အရင်တုန်းကMRT Station တွေမှာ ဂစ်တာတီး၊ သီချင်းဆို၊ ပိုက်ဆံအလှူခံပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့Tan Wei Lian (တန်ဝီလျှံ) ဆိုတဲ့ မျက်မမြင်လူငယ်လေးဟာ ပြိုင်ပွဲဝင်ပေါင်းများစွာကိုကျော်ဖြတ်ပြီး Project Superstar တစ်ယောက်ဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုအဖြစ်အပျက်မျိုးကိုကြားသိလိုက်ရတဲ့အခါ ကျွန်တော့်ရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံအရပ်ရပ်က ဘာအသက်မွေးမှုပညာမှ မတတ်ပဲခွက်လက်ဆွဲပြီးတောင်းရမ်း စားသောက်နေကြရတဲ့ဘ၀များစွာတွေကို သတိရလိုက်မိပါတယ်။ မိဘရဲ့အုပ်ထိမ်းမှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းနေရမယ့် အရွယ်မရောက် သေးတဲ့ကလေးငယ်တွေကစလို့၊ ဘုရား၊ ကျောင်းကန်၊ ရိပ်သာတွေမှာ တရားဘာဝနာတွေပွားများအားထုတ် နေကြရမယ့် အဘိုးအို၊ အဘွားအိုအရွယ်တွေပါမကျန် နေရာတကာမှာ တောင်းရမ်းစားသောက်နေကြရတဲ့ မြင်ကွင်းတွေဟာ မလိုလားအပ်တဲ့၊ မမြင်ရက်စရာ မြင်ကွင်းတွေပါ။ သူတို့မှာ စင်ကာပူနိုင်ငံက တန်ဝီလျှံလို ဘ၀မျိုးရောက်သွားနိုင်ဖို့အတွက် ဘယ်လိုမျှော်လင့်ချက်မျိုးမှ ရှိမနေဘူးလို့တွေးမိတော့ ကျွန်တော် အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ နောက်ပြီး ... ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းတစ်လျှောက်က ``သားသားတို့လမ်းပြင်ထားပါတယ် ... ကုသိုလ်လေးတွေပါဝင်သွားကြပါ ´´ ဆိုတဲ့ ကလေးငယ်တွေရဲ့ တစာစာအော်သံလေးတွေကိုလည်း ကျွန်တော်အခါခါ ပြန်ကြားယောင်နေမိတယ်။ သူတို့လေးတွေရဲ့အနာဂတ်ကို ကျွန်တော်တို့ ဒီလိုအခြေအနေဆိုးတွေရဲ့လက်ထဲကနေ ဘယ်လိုနည်းနဲ့ပြန်ရွေးယူလို့ရနိုင်မလဲလို့လဲ စဉ်းစား နေမိပါသေးတယ်။
အလုပ်ထဲမှာ စင်ကာပူလူမျိုးတွေနဲ့ ဆက်ဆံရတာ တခါတခါ ဒေါသဖြစ်စရာလေးတွေကြုံရတတ် ပါတယ်။ တခါကဆို သူဌေးရဲ့ညီက အောက်မှာချထားတဲ့ဘူးတစ်ဘူးမှာရေးထားတဲ့စာကို ခြေထောက်နဲ့ထိုးပြီး ပြပါတယ်။ ပထမစစခြင်းတော့ စိတ်ထဲမှာတော်တော်လေးကို မခံမရပ်နိုင်ဖြစ်မိပါတယ်။ နောက်မှ ... သူတို့ငါ့ကို နှိမ်ပြီးဒီလိုဆက်ဆံတာလားလို့သေသေချာချာလေ့လာကြည့်တော့လည်း ... မဟုတ်ပါဘူး။ သူတို့အချင်းချင်းလဲ အသက်ကြီးသူကိုတောင် အသက်ငယ်သူက တစ်ခုခုအနိမ့်ပိုင်းကပစ္စည်းကိုပြချင်ပြီဆိုရင် အပင်ပန်းခံပြီး ကုန်းနေတာမျိုး၊ ထိုင်ချလိုက်တာမျိုးမလုပ်တော့ပဲ လွယ်လွယ်ပဲခြေထောက်နဲ့ထိုးပြတတ် ကြပါတယ်။ အဲဒီ့တော့မှကျွန်တော်လည်း ယဉ်ကျေးမှုဆိုတဲ့စကားလုံးကိုပြေးပြီး သတိရမိပါတော့တယ်။ တကယ်တမ်းကျတော့ ယဉ်ကျေးမှုဆိုတာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေကြောင့် သူတပါးကို စိတ်အနှောက်အယှက် မဖြစ်စေရအောင် စောင့်စည်းထိန်းသိမ်းခြင်းပါပဲ။ ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ငယ်ငယ်လေးကတည်းက မိဘတွေ၊ ဆရာ၊ ဆရာမတွေနဲ့ လူကြီးသူမတွေရဲ့ သင်ကြားပြသ လမ်းညွှန်မှု တွေကြောင့် ယဉ်ကျေးသိမ့်မွေ့တဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို နားလည်သင်ယူခွင့်ရကြပေမယ့် သူတို့မှာက အဲဒီ့လိုမဟုတ်ခဲ့ဘူးလို့ယူဆမိပါတယ်။ စင်ကာပူလူမျိုးတွေဟာ အဲဒီ့လိုယဉ်ကျေးမှုမျိုးကို သေသေချာချာ သင်ယူခဲ့ရခြင်းမျိုးမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အလုပ်ထဲက မန်နေဂျာမှာ ၈နှစ်အရွယ်သမီးတစ်ယောက်ရှိပါတယ်။ အဲဒီ့ကလေးဆိုရင် လမ်းလျှောက်ရင်လည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း၊ စကားပြောရင်လည်း အော်ကြီးဟစ်ကြယ်၊ လူကြီးတွေကိုလည်း ရိုသေလေးစားခြင်းနဲနဲမှမရှိတာကို တွေ့ရပါတယ်။ ဒါကို သူ့ရဲ့မိခင်ကလည်း အရေးတယူလုပ်ပြီးဆုံးမတာမျိုးမရှိပါဘူး။ တခါတခါ အရမ်းစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရတော့လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာကို စိတ်ထဲကနေ လှိုက်လှိုက်လဲလဲကို ဂုဏ်ယူကျေနပ်မိပါတယ်။ ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေယဉ်ကျေးသိမ်မွေ့ပြီး စိတ်ထားလှတဲ့ မြန်မာတွေကို ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့၊ စည်းစနစ်ရှိတဲ့လွတ်လပ်ခြင်းတွေ ကိုသာဖြည့်ဆည်းပေးနိုင်ခဲ့မယ် ဆိုရင် မြန်မာဆိုတာကမ္ဘာပေါ်မှာ အလှဆုံးနိုင်ငံတစ်ခုဖြစ်လာနိုင်တယ်ဆိုတာ အသေအချာပါပဲ။ တကယ်ပါ ... စင်ကာပူနိုင်ငံမှာ စင်ကာပူလူမျိုးတွေရဲ့ကြားထဲ အလုပ်လုပ်နေရတာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေရဲ့ အပြောအဆို၊ အနေအထိုင်တွေကို တသသလွမ်းဆွတ်စရာပါ။ ဒီနိုင်ငံကို ရောက်တော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ခဏခဏ စဉ်းစားမိတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ... ဒီနိုင်ငံက လူတွေလိုသာ ငါတို့နိုင်ငံသားတွေ နေနိုင်ခွင့်ရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓသာသနာ ထွန်းကား တဲ့နိုင်ငံပီပီ စည်းစည်းလုံးလုံး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကမ္ဘာနိုင်ငံအားလုံးက စံနမူနာထားကြရတဲ့ ငြိမ်းချမ်းရေး သင်္ကေတတစ်ခု အဖြစ်တောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစရာဖြစ် လာနိုင်တယ်ဆိုတာပါပဲ။
စင်ကာပူနိုင်ငံဟာ နိုင်ငံကျဉ်းပေမယ့် မြေနေရာတွေကိုစည်းစနစ်ကျကျစီမံနေရာချထားနိုင်တာကို တွေ့ရပါတယ်။ MRT Station တိုင်းလိုလိုရဲ့အနီးအနားမှာ ဈေးရောင်းပွဲတော်တွေကျင်းပဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်နိုင်ဖို့အတွက် အတော်အသင့်ကျယ်တဲ့မြေကွက်လပ်တစ်ခုကို စီမံထားပါတယ်။ နောက်ပြီးHDB (House Developing Board) တိုက်ခန်းတွေရဲ့ အနီးအနားတစ်နေရာမှာလည်း တိုက်ခန်း အရေအတွက်နဲ့ ရှိနိုင်တဲ့လူဦးရေပမာဏအတွက် လုံလောက်နိုင်မယ့် မြေနေရာတစ်ခုမှာ ကလေးတွေအတွက် ကစားကွင်းနဲ့ လူကြီးတွေအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်မယ့် အထောက်အကူပြုကိရိယာပစ္စည်း တွေကို တပ်ဆင်ဖန်တီးပေးထားပါတယ်။ အဲဒီ့တော့ ညနေခင်းဆိုရင် အလုပ်ကပြန်ရောက်ကြပြီဆိုတာနဲ့ တစ်မိသားစုလုံးကွင်းထဲဆင်းပြီး ကလေးကဆော့၊ လူကြီးတွေကလည်း ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နဲ့ အင်မတန်ကိုအဆင်ပြေပါတယ်။ ကျွန်တော်လည်း အလုပ်ကနေအပြန် သူများတွေနည်းတူ အောက်ဆင်းပြီး အားကစားလေးလုပ်နေရင်း ကျွန်တော်တို့နိုင်ငံကအောက်ခြေလူတန်းစား တွေရဲ့ မလှပတဲ့ အိမ်အပြန် ညနေခင်း လေးတွေအကြောင်းကို ပြန်ပြောင်းအောက်မေ့နေမိပါတယ်။ ရန်ကုန်မှာတုန်းက အလုပ်ပြီးချိန် အိမ်ပြန်ဖို့ ပန်းခြံနားကဖြတ်လျှောက်ပြီဆိုရင်ဖြင့် ပန်းခြံထဲမှာ အရက်မူးပြီးလဲနေတဲ့ သူတွေ၊ အမှောင်ဝင် တာနဲ့ အလုပ်စကြဖို့ပြင်ဆင်နေကြတဲ့ ညဥ့်ငှက်ငယ်လေးတွေကို ဟိုတစ်ယောက် ဒီတစ်ယောက် တွေ့ကြရမှာပါ။ နောက်ပြီး ... ကားပေါ်မှာဆိုရင်လည်း အလုပ်ကပြီးတာတောင် ရင်ထဲကမီးတွေက လောင်နေတုန်းပဲရှိသေးတဲ့ အိမ်ထောင်ဦးစီးအချို့ရဲ့ သက်ပြင်းချသံတွေ၊ အိမ်ပြန်ရောက်ရင် ကြုံတွေ့ရမယ့် ပြဿနာတွေကို ဖြေဖျောက်ပစ်နိုင်ဖို့အတွက် အရက်တွေအလွန်အကျွံသောက်ပြီး အိမ်အပြန်လမ်း ပျောက်နေကြသူတွေရဲ့ မရေရာတဲ့ရွေ့လျားမှုတွေ ၊ နောက်ဆုံး ... အိမ်ဆိုတဲ့အရာကို အိပ်မက်ထဲမှာ မရအရရှာဖို့ ကျောခင်း စရာနေရာတစ်ခုဆီကို လေးတိလေးကန်နဲ့ လျှောက်လှမ်းနေကြရတဲ့ အိမ်ယာမဲ့အချို့ရဲ့ ဦးတည်ရာမဲ့ ခြေလှမ်းတွေ၊ ဒါတွေကိုပဲ တစ်နေ့ပြီးတစ်နေ့ မရိုးနိုင်အောင်ကို ခင်ဗျားတို့တွေ့နေကြရမှာလေ။
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုက စည်းစနစ်ကျတဲ့ လုပ်ပုံလုပ်နည်းတွေကို အားကျမိနေရင်း ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့နိုင်ငံထဲက ကွက်လပ်အပိုင်းအစလေးတွေကို နင့်နင့်သီးသီး ကိုလွမ်းနေမိပါတယ်။ အဲဒီ့လို ပြန်တမ်းတလွမ်းဆွတ်မိနေရင်းက တဆက်တည်းမှာပဲ သူတို့တွေအတွက် မျှော်လင့်ခြင်းအလင်းတစ်ခုကိုလည်း အမြန်ဆုံးဆောင်ကျဉ်းပေးချင်နေမိပြန်ပါတယ်။ ခင်ဗျားတို့အားလုံး ကိုလည်း ကျွန်တော်ပြောချင်ပါတယ်။ ကိုယ်က ဘယ်လိုအခြေအနေကိုပဲရောက်နေနေ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေကို လွမ်းဆွတ်သတိရနေဖို့နဲ့ အဲဒီ့အလွမ်းတွေကို လက်တွေ့ဘ၀တွေထဲပေါင်းထည့်ပြီး တတ်စွမ်းသရွေ့တော့ ပြန်လည်ပေးဆပ်ကြဖို့တော့ လိုလိမ့်မယ်ဆိုတာပါပဲ။


နေမျိုး(သံလွင်)

4 comments:

Ma Moe said...

That's a great post!

Anonymous said...

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုက စည်းစနစ်ကျတဲ့ လုပ်ပုံလုပ်နည်းတွေကို အားကျမိနေရင်း ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့နိုင်ငံထဲက ကွက်လပ်အပိုင်းအစလေးတွေကို နင့်နင့်သီးသီး ကိုလွမ်းနေမိပါတယ်။ အဲဒီ့လို ပြန်တမ်းတလွမ်းဆွတ်မိနေရင်းက တဆက်တည်းမှာပဲ သူတို့တွေအတွက် မျှော်လင့်ခြင်းအလင်းတစ်ခုကိုလည်း အမြန်ဆုံးဆောင်ကျဉ်းပေးချင်နေမိပြန်ပါတယ်။ ခင်ဗျားတို့အားလုံး ကိုလည်း ကျွန်တော်ပြောချင်ပါတယ်။ ကိုယ်က ဘယ်လိုအခြေအနေကိုပဲရောက်နေနေ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေကို လွမ်းဆွတ်သတိရနေဖို့နဲ့ အဲဒီ့အလွမ်းတွေကို လက်တွေ့ဘ၀တွေထဲပေါင်းထည့်ပြီး တတ်စွမ်းသရွေ့တော့ ပြန်လည်ပေးဆပ်ကြဖို့တော့ လိုလိမ့်မယ်ဆိုတာပါပဲ။

yours said...

အင်း .. ပြီးတော. ....

သူများနိုင်ငံ(ှSingapore) မှာ .. အလုပ်လာရှာသူတွေ .. visa သက်တမ်းလေးမကုန်ခင် အလုပ်လေးတစ်ခုရဖို့အရေး .. ငွေ တွေ၊ အချိန်တွေ .. ပြီးတော့ သက်ပျင်းချသံတွေ .. ရင်းနှီးခဲ့ရ .. ရလာတဲ့ အလုပ်လေးကိုလဲ အရိုးများတယ် ချေးခါးတယ်ေ၇ျးမများရဲဘဲ အရာရာကို သည်းခံပြီးလုပ်ရ .. ကျောင်းသားတွေဆိုရင်လဲ ကျောင်းပြီးရင် မြန်မာပြည်ပြန်ပြီး အလုပ်ရှာရမှာလား .. ဒီမှာဘဲ အလုပ်ရှာရမလားနဲ့ ကြိုတွေးပြီးရင်မောရ .. WP status နဲ့ရောက်နေတဲ့သူတွေလဲ .. ကိုယ်ရထားတဲ့ဘွဲ့ပညာက အကြီးကြီး .. လုပ်နေရတာ wroker status ဆိုပြီးတော့ အင်တင်တင်မလုပ်ရဲ .. ( BUT မြန်မာပြည်မှ မည်သည့်ဘွဲ့ကိုမဆို စင်္ကာပူအစိုးရမှ International Standard degree ဟု အသိအမှတ် မပြုပါ) ... အဲဒီလို .. အဲဒီလို ခံစားချက်တွေ ရင်မှာ အပြည့် နဲ့ Peninsula Plaza (or) Sinpaore Golden Land ( Little India , China Town များအား ..အားကျကာ .. ကိုယ့်ဘာသာ အမည်ပေးလိုက်ခြင်းဖြစ်ပါသည်) မှာ မြန်မာပြည်သားတို့ သက်ပျင်းချသံတွေ .. သူများနိုင်ငံမှာ Second citizen ဘ၀နဲ့ အလုပ်လုပ်ရတာ အောက်ကျလိုက်တာ .. ပညာမာန .. ငွေကြေးမာနတွေလဲမထားရဲ .. ဒီမှာ အလုပ်လုပ်ခွင့်ရတာလေးကိုဘဲ .. ကျေးဇူးတွေအထပ်ထပ်တင်နေရတယ့် ဆိုတဲ့ ရွှေမြန်မာများရဲ့ ရင်ဖွင့်သံတွေ ... ရှေးဘ၀အဆက်က ၀ဋ်ကြွေးလို့ဘဲအပြစ်တင်ရမလား? ...... ရွှေနိုင်ငံကြီးကို ဆင်းရဲတွင်းထဲ ထဲ့ပြီး ကိုယ်ကျိုးရှာနေတဲ့ မသမာလူတစ်စုကိုဘဲ အပြစ်တင်ရမလား?

ခင်မင်းဇော် said...

ကိုယ်ကျိုးရှာနေတဲ့ လူတစုကြောင့်.. ဟုတ်တယ်..
ဒါ့ထက်ပိုနာကျည်းအောင် ပြောရရင်..
အအုပ်ချုပ်ခံ ပြည်သူတွေလဲ အပြစ်အများကြီးပါ ပါတယ်..
အမတို့က အစ..
မတရားတာကို မတရားဘူး..လို့ ပြောရဲရမယ်...
အဲလိုပြောရဲတဲ့ ပြည်သူတွေ များလာရင် ဒီလူတွေ ခံနိုင်ပါ့မလား...
တပြည်လုံး ပြောတဲ့နေ့ ရောက်အောင် လုပ်ရမယ်..
ဘယ်သူ့ကို ဖမ်းမလဲ..
တယောက်ဖမ်းရင် အားလုံးလိုက်သွားမယ်...
ကဲ...