Pages

Saturday, March 31, 2012

http://goldenmyanmarparadise.ning.com/ ရွှေမြန်မာဥယျာဉ် ဆိုဒ်လေးမှာ ဖော်ပြထားတဲ့ အင်တာဗျူးလေးပါ ...




အကိုရေ မင်္ဂလာပါရှင်..........ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ် မိသားစုဆိုဒ်လေးအတွက် အကိုကို အင်တာဗျူးလေး လုပ်ချင်လို့ပါ။




ကျွန်တော့်အမည်ရင်းက နေမျိုးကျော်ပါ။ ရန်ကုန်ဇာတိပါပဲ။ အခုလောလောဆယ်တော့ အိုင်စီတီကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေနဲ့အတူ MIDO (Myanmar ICT Development  Organization) ဆိုတဲ့ အဖွဲ့လေးတစ်ခုဖွဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုင်စီတီနည်းပညာပြန့်ပွားရေး အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။  www.nayphonelatt.com ဘလော့ဂ်ပေါ်မှာနဲ့  Facebook (Nay P Latt) ပေါ်မှာ စာတွေရေးနေသလို ၊ နောက်ပိုင်းမှာ Press Media တွေဖြစ်တဲ့ မဂဇင်းတွေ ဂျာနယ်တွေပေါ်မှာလဲ စာတွေရေးဖြစ်အောင်ကြိုးစားသွားမှာပါ။ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုတွေ၊ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ ကဗျာတွေကို စာအုပ်ထုတ်သွားဖို့လဲရှိပါတယ်။


2. အကို ရေးတဲ့ စာတွေ က လူငယ်တွေ အတွက် တခုခု အမြဲကျန်နေစေပါတယ်အကို။ လူငယ်တွေအတွက်ကို အင်ဖော်မေးရှင်းတွေ ဘယ်လိုများပေးနေသလဲ ဆိုတာလဲ သိပါရစေ။


အခုလိုကြားရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်သိထားတာလေးတွေ၊ ကျွန်တော်ခံစား မိတာလေးတွေကို မျှဝေတဲ့သဘောနဲ့ ကျွန်တော်စာရေးတာပါ။ နည်းပညာခေတ်မှာ Sharing မျှဝေခြင်းရဲ့ အခန်းကဏ္ဍဟာ အများကြီးအရေးပါတယ်လို့ယူဆပါတယ်။ ဒါကြောင့်လဲ  … ကိုယ်ကိုယ်တိုင်လဲ သင်ယူလေ့လာရင်း၊ သူများတွေကိုလဲ ကိုယ်သိတာ၊ တတ်တာတွေ ပြန်လည်မျှဝေဖို့ ကြိုးစားရင်းနဲ့ ဘ၀ကိုရှင်သန်နေထိုင်နေပါတယ်။ လူငယ်တွေကို တစ်ခုခုပြောနိုင်ဖို့ကတော့ မီဒီယာမျိုးစုံကို တတ်နိုင်သလောက်သုံးပါတယ်။ ကျွန်တော့်မှာ ပြောစရာတွေအများကြီးရှိပါတယ် … အဲဒါတွေကို စာနဲ့ရေးပြီးတော့ဖြစ်စေ၊ စကားလုံးနဲ့ပြောပြီးဖြစ်စေ၊ အနုပညာတစ်ခုခုဖန်တီးပြီးဖြစ်စေ ကျွန်တော်ပြောပါတယ်၊ ပြပါတယ်။ မီဒီယာတွေရဲ့ အကူအညီကလဲ ကျွန်တော်တို့ ပြောချင်၊ ပြချင်တာတွေကို ပြောနိုင်၊ ပြနိုင်ခွင့်ရဖို့အတွက် အလွန်ကိုပဲအရေးကြီးပါတယ်။



3. ယနေ့  ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ အခြေနေအပေါ် အကို ရဲ့ အမြင်နဲ့ သုံးသပ်ချက်လေးကိုလဲ သိချင်ပါတယ် အကို။



ပြောင်းလဲနေတယ်ဆိုတာကတော့ ငြင်းမရတဲ့သေချာမှုပါ၊ အဲဒီ့လိုပဲ မပြောင်းလဲချင်သူတွေ ထုနဲ့ထည်နဲ့ ရှိနေသေးတယ်ဆိုတဲ့အချက်ကလဲ … စိတ်ပျက်စရာကောင်းလောက်အောင် သေချာနေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် … လိုလားအပ်တဲ့ပြောင်းလဲမှုတစ်ခု ဆက်ဖြစ်နေဖို့၊ အရှိန်ကောင်းလာဖို့၊ ရပ်တန့်မသွားဖို့ အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ထင်ပါတယ်။
အချို့တွေက ကျွန်တော့်ကိုမေးကြပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေမှာ ကျွန်တော်တို့တွေ ဘာတွေမျှော်လင့်လို့ရမလဲတဲ့။ ကျွန်တော်ပြန်ဖြေတဲ့အဖြေက … ကျွန်တော်တို့ ဘယ်လောက်မျှော်လင့်နိုင်သလဲ ဆိုတာက ကျွန်တော်တို့ ဘယ်လောက်ကြိုးစားနိုင်ကြသလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ …။ အပြောင်းအလဲအကြောင်းပြောပြီဆိုရင် … အပြောင်းအလဲကို ဖန်တီးယူဆောင်လာသူ (Change Agent) ၊ အပြောင်းအလဲ အတိုင်းရေစုံမျှောလိုက်သူ နဲ့ အပြောင်းအလဲကို အတင်းငြင်းဆန်တောင့်ခံသူဆိုပြီး သုံးမျိုးသုံးစားရှိတယ်လို့မြင်ပါတယ်။ ကျနော်က တော့ လူငယ်တွေအားလုံးကို Change Agent တွေပဲဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ I can create a change ဆိုတဲ့ အောင်စိတ်တစ်ခုတော့ ရှိနေဖို့လိုပါတယ်။


4. လူတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလို့မရတာ မှန်ပေမယ့် လူတိုင်းဟာ နိုင်ငံရေးသမား မဟုတ်ဘူးဆိုတဲ့ စကားလေးအပေါ် အကို ထင်မြင်ယူဆချက်လေး သိပါရစေ။



နိုင်ငံရေးဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ သမိုင်းမှာရော၊ အခုလောလောဆယ်ရော အငြင်းပွားမှုတွေ ရှိခဲ့၊ ရှိဆဲပါပဲ။ ကျနော့်အမြင်အရတော့  … လူတိုင်းရဲ့ပြောဆိုပြုမူဆောင်ရွက်ချက်တွေ အားလုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့အရေးကိစ္စနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာသေချာပါတယ်။ ပြီးတော့  … အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာ၊ ပြည်သူ ဆိုတဲ့ မဏ္ဍိင်ငါးခုအနက်မှာ … အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေးအတွက် ဦးတည်ဆောင်ရွက်ကြသူတွေကို နိုင်ငံရေးသမားတွေလို့ ခေါ်ကြတယ်လို့ ယူဆမိပါတယ်။ အဲဒီ့နေရာမှာလဲ အုပ်ချုပ်ရေးနေရာကိုယူချင်တယ်၊ ဥပဒေပြုရေးမှာ နေရာရချင်တယ် ဆိုတာမှာ ဘယ်လို စိတ်စေတနာမျိုးနဲ့ နေရာရချင်တာလဲ ဆိုတဲ့ အချက်က နိုင်ငံရေးသမားတွေရဲ့ ပုံရိပ်ဆိုးခြင်း၊ ကောင်းခြင်းကို ပြဠာန်းသွားတာပါပဲ ။ အသေးစိတ်တွေကိုတော့ ကျွန်တော်ဖြေတာထက် အားလုံးကို စဉ်းစားကြစေချင် ပါတယ်။ သေချာတာတစ်ခုကတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အလုပ်ဟာ ကြောက်စရာကောင်းတဲ့၊ နှာခေါင်းရှုံ့ရမယ့် ၊ ဝေးဝေးရှောင်ရမယ့် အလုပ်မျိုးမဟုတ်ပါဘူး။ ရပိုင်ခွင့်တွေကိုပဲ အာရုံစိုက်သူတွေအတွက် ရနိုင်စရာအခွင့်အလမ်းတွေအများကြီးမြင်နိုင်သလို ၊ တာဝန်တွေကို အာရုံပြုသူတွေအတွက် သိပ်ကို တာဝန်ကြီးတဲ့၊ သိပ်ကို စိတ်အားကိုယ်အားစိုက်ထုတ်အလုပ်လုပ်ရတဲ့၊ အရည်အချင်းအများကြီးလိုအပ်တဲ့ အလုပ်တစ်ခုပါ။



5. အကို ဘ၀အတွက် ထားရှိတဲ့  ခံယူချက်နဲ့ ရပ်တည်မှု တွေကို  ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရိုက်ခတ်လာတဲ့  အခါမှာ ဘယ်လိုမျိုး ရည်မှန်းချက်နဲ့ ရှေ့ဆက်ပြီး ကြိုးစားနိုင်ခဲ့သလဲ ဆိုတာကို သိပါရစေ။



ပြင်းထန်တဲ့ထိုးနှက်ချက်မှန်သမျှကို ဒါတွေဟာသဘာဝပဲလို့ ကျွန်တော် သဘောထားပါတယ်။ ပင်လယ်ကမ်းစပ်မှာနေမှတော့ လှိုင်းပုတ်ခံရမှာ မဆန်းပါဘူး။ အဲဒီ့လိုပဲ … လူ့လောကထဲမှာ လူတစ်ယောက်အဖြစ်နဲ့ရှင်သန်နေထိုင်နေမှတော့ လောကဓံတရားဆိုတာတွေကို ငြင်းလို့မရပါဘူး။

အခြားသူတစ်ယောက်ယောက်ရဲ့ အတွန်းအတိုက်ကိုခံလိုက်ရလို့ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘ၀ဆိုတာ လူကျပ်တဲ့  ပွဲခင်းတစ်ခုထဲမှာ လမ်းလျှောက်ရသလိုပဲလို့ … မမျှော်လင့်ပါပဲနဲ့ အခြားသူတစ်ယောက်ယောက်ရဲ့ တွန်းတိုက်မှုကိုခံရနိုင်သလို ၊ မရည်ရွယ်ပါပဲနဲ့ ကိုယ်ကလည်း သူများကို တွန်းမိတိုက်မိတတ်ပါတယ်။ အဲဒီ့တော့ သူများတွေက ကိုယ့်ကို တွန်းတိုက်မိသွားတိုင်းမှာ ကိုယ်က တုံ့ပြန်ရန်တွေ့နေမယ်ဆိုရင်၊ သူများတွေက တွန်းလိုက်တိုက်လိုက်တိုင်းမှာ ကိုယ်ကလဲကျငိုကျွေးနေမယ်ဆိုရင်တော့ … ကိုယ်သွားချင်တဲ့နေရာကို ဘယ်လိုမှ ရောက်တော့မှာမဟုတ်ဘူးလို့ …။ ကျွန်တော်ကတော့ ကျွန်တော့်ကို လာတိုက်တဲ့သူတွေကို သည်းခံစိတ်မွေးပါတယ်၊ သူများဝင်တိုက်တိုင်း လဲကျမသွားဖို့ လဲ ကိုယ့်ကိုကိုယ်အားကောင်းနေအောင်ဖြည့်ဆည်းပါတယ်၊ ကိုယ်က သူများကို ၀င်မတိုက်မိအောင်၊ ကိုယ့်ကြောင့် အခြားတစ်ယောက်ယောက် လဲကျပြီး အနာတရဖြစ်မသွားအောင် တတ်နိုင်သမျှ သတိထားပြီးနေပါတယ်။



6.  ဘ၀အတွက် လေးစား အားကျ စံထားရတဲ့ ပုဂ္ဂိုလ် က ဘယ်သူများလဲ အကို။



လူတစ်ဦးတစ်ယောက်တည်းကို အလုံးစုံအားကျတယ်ဆိုတာထက် … ကျွန်တော်ကြိုက်နှစ်သက်တဲ့၊ ကျွန်တော်အထင်ကြီးလေးစားတဲ့ စိတ်အရည်အသွေးရှိတဲ့သူတွေ တော်တော်များများရှိပါတယ်။
မြတ်စွာဘုရားရဲ့ စိတ်အရည်အသွေးကတော့ ကျွန်တော် အားအကျဆုံးနဲ့ အလိုချင်ဆုံး ဆုလာဒ်တစ်ခုပါ။ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံလွတ်လပ်ရေးဆိုတဲ့ စိတ်တစ်ခုတည်းထားနိုင်ခြင်းကို သိပ်သဘောကျပါတယ်။ အန်တီစုရဲ့ စွန့်လွှတ်စွန့်စားမှု၊ ခံနိုင်ရည်ရှိမှု၊ အပင်ပန်းအဆင်းရဲခံနိုင်မှု၊ အသိဥာဏ်ပညာမြင့်မားမှု၊ သတ္တိ တွေကို အထင်ကြီးလေးစားပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ရိုးသားမှု၊ အနုပညာနှလုံးသားနဲ့ မေတ္တာတရားကြီးမားမှုကို ချစ်မြတ်နိုးပါတယ်။ တာရာမင်းဝေရဲ့ စိတ်ကူးစိတ်သန်းကွန့်မြူးဖြန့်ကျက်နိုင်မှု၊ အတွေးအခေါ်မြင့်မားမှု၊ စကားလုံးရွေးချယ်သုံးစွဲမှု တွေကို အားကျအတုယူပါတယ်။ အများကြီးပါပဲ … ကျနော်အထင်ကြီးလေးစားရတဲ့ အညတရတွေ အများကြီးမှ အများကြီးပါပဲ ။ မိဘမဲ့ကလေးကျောင်းက ကလေးမလေးတစ်ယောက်က သမီး ရှေ့နေမကြီးတစ်ယောက်ဖြစ်ချင်တယ် … ပြီးရင် တရားသူကြီးဖြစ်အောင်ကြိုးစားမယ်လို့ ရေးထားတာကိုဖတ်လိုက်ရတော့လည်း အဲဒီ့ကလေးမလေးကို အထင်ကြီးလေးစားစိတ်ဖြစ်မိပါတယ်။



7. လူငယ်တွေ အတွက် အကိုရင်ထဲက ပြောချင်တဲ့ စကားလေး။



စိတ်ကူးယဉ်ကြပါ၊ ပြီးရင် အဲဒီ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားကြပါလို့ …။




8.  အကို ကျင့်သုံးလိုက်နာတဲ့ ဆောင်ပုဒ်လေးများရှိမယ်ဆို သိချင်ပါတယ်ရှင်။



One for all, All for one.
လူတစ်ယောက်ဟာ အများအကျိုးအတွက်ဆောင်ရွက်ပြီး … အများအကျိုးအတွက်အလုပ်လုပ်တဲ့အခါ ၊ အဲဒီ့လူအများကြီးကလည်း အဲဒီ့တစ်ယောက်အတွက် တစ်ခုခုလုပ်ပေးဖို့အသင့်ဖြစ်နေတတ်ပါတယ်။



9. အကို စာဖတ်ပရိတ်သတ်တွေနဲ့ အကို့ ကို လေးစားအားကျနေတဲ့ သူအားလုံးအတွက် အကိုစကားလက်ဆောင်လေးက........။


ကျွန်တော် ထောင်ထဲကနေ ကျွန်တော့်ညီဆီကိုရေးတဲ့ စာတိုင်းရဲ့ အဆုံးသတ်မှာ ဒီလိုရေးလေ့ရှိပါတယ်



ချစ်ခြင်းမေတ္တာကိုမြတ်နိုးပါ။

ဥာဏ်ပညာကိုတန်ဖိုးထားပါ။

အနုပညာကိုခံစားတတ်ပါစေ။



ကျွန်တော့်ရဲ့စာဖတ်ပရိသတ်တွေအားလုံးအတွက်   စကားလက်ဆောင်အဖြစ် အဲဒီ့စကားလေးသုံးခွန်းကိုပဲ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။



ခုလို မအားလပ်တဲ့ ကြားက ရွှေမြန်မာဥယျာဉ် ဆိုဒ်လေးကို အချိန်တွေ စေတနာတွေ ထားပေးတဲ့ အကိုနေဘုန်းလတ် ကို တည်ထောင်သူ လေးလေးဥယျာဉ်မှူးလေး ၊

တစ်ကွ အက်ဒမင်အဖွဲ့ နှင့် ရွှေမြန်မာ မန်ဘာဝင် မိသားစုများ မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အများအကျိုးကို ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ပြီး လူငယ်တွေ အတွက်လည်း ဒီထက်ပိုကာ လမ်းပြနိုင်ပါစေ အကို။

2 comments:

Sayama May said...

ကိုနေဘုန်းလတ် ရဲ့ ပြောကြားသွားတဲ့ "နှလုံးသာထဲကစကားများ" ကို အထူးပဲ
တန်ဖိုးထား လေးစားမိပါတယ် ။
"လူငယ်များအတွက် ကြိုးစား ရေးသားပေးနေတဲ့"
စေတနာချင်း တူညီနေတဲ့အတွက်လည်း လူငယ်များ ကိုယ်စား ကျေးဇူးတင် ဝမ်းသာမိပါတယ် ။
ရွှင်လန်းချမ်းမြေ့ပါစေ
ကလေးတို.ဆရာမ

Anonymous said...

1xbet korean | best bet prediction today
1xbet korean | best bet prediction today| best betting prediction| best betting prediction| best betting prediction| หารายได้เสริม best 1xbet odds| 메리트카지노