Pages

Wednesday, April 18, 2012

သင်္ကြန်ခရီးစဉ် ...


၁၁.၀၄.၂၀၁၂ မနက် ၅နာရီထွက်မယ်လို့ ချိန်းထားကြပေမယ့် ထုံးစံအတိုင်း ကိုယ်တို့တွေ ၆နာရီကျော်မှ ထွက်ဖြစ်ကြတယ် …။ အဖွား၊ အဖေ၊အမေ၊ဦးလေး၊ အဒေါ်တွေနဲ့ စုစုပေါင်း ကိုယ်တို့ ၁၁ ယောက်ပေါ့။ ကားပေါ်မှာ အလှူအတွက် ပစ္စည်းတွေပါတယ်ဆိုပေမယ့် ကိုယ်တို့တွေ ချောင်ချောင်ချိချိပါပဲ။ လှိုင်သာယာကားဂိတ်အနားရောက်ခါနီးမှာ သင်္ကြန်တွင်း ရန်ကုန်ကနေ နယ်ပြန်ကြတဲ့သူတွေများတာကြောင့် ကားတွေပိတ်နေလိုက်တာ နာရီဝက်နီးပါးလောက်ကြာသွားတယ် …။ နယ်တွေကနေ ရန်ကုန်တက်လာကြပြီး အလုပ်လုပ်နေကြသူတွေများနေခြင်းဟာ … အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်တယ် ဆိုပေမယ့် ကိုယ်ကတော့ ဒါဟာ တိုးတက်မှု မညီမျှခြင်းရဲ့ ပြယုဂ်တစ်ခုပဲလို့ မြင်မိတယ်။ သင်္ကြန်တွင်း ခရီးထွက်ကြ သူတွေများ တာကြောင့်လဲ ကားဂိတ်မှာ ကားတွေကျပ်နေတာ ဖြစ်နိုင်ပါတယ်။ သင်္ကြန်ကျဖို့ တစ်ရက်လိုသေး တယ်ဆိုပေမယ့် … လမ်းမှာ အချို့သူတွေက ရေပက်ချင်စိတ်တွေ ထိမ်းမရသိမ်းမရပေါ်နေကြပြီထင်ပါရဲ့ … ရေသန့်ဗူးထဲကရေတွေနဲ့ ကားကိုလှမ်းလှမ်းပက်ကြသေးတယ်။ ဗိုလ်မြတ်ထွန်းတံတားကိုဖြတ် အပြီး ပြည်ကြီးတံခွန်မှာ အစာပြေ၀င်စားတော့ အချိန်က ၈နာရီထိုးလုနေပြီ … ငါးသိုင်းချောင်းကို ၁၀နာရီခွဲလောက်ရောက်ပြီး ရွာကို ဖုန်းဆင်းအဆက်မှာ အသိတစ်ယောက်နဲ့တွေ့တာနဲ့ သူကအအေးဗူးတွေ ၀ယ်တိုက်လိုက်သေးတယ်။ ပြီးတော့ နောက်ထပ် နာရီဝက်လောက် ထပ်မောင်းအပြီး ၁၁ နာရီထိုးခါနီးမှာပဲ … ကိုယ်တို့ရဲ့ ဦးတည်ရာရွာလေးဖြစ်တဲ့ အိုင်သပြုရွာကို ရောက်သွားတယ်။ ငါးသိုင်းချောင်းကနေ အိုင်သပြုကို ၀င်တဲ့လမ်းက ဖုန်ထူတော့ ကိုယ်တို့တွေ အားလုံး ဖုန်တွေနဲ့ ဖွေးနေတော့တာပေါ့။
အိုင်သပြုအနီးအနားရွာတွေက တွေ့ချင်လို့ဆိုပြီးရောက်နေကြတဲ့ ဧည့်သည်တွေနဲ့ အသစ်ဆောက် ထားတဲ့ ဆွမ်းလောင်းရုံလေးမှာ ခဏတဖြုတ်စုပြီး စကားပြောဖြစ်တယ် …။ တက္ကသိုလ်ကျောင်းက ဆရာမတွေက သူတို့ကျောင်းက ကျောင်းသားတွေ ကျောင်းသားသမဂ္ဂဖွဲ့တဲ့ ကိစ္စကို ပညာရေးမှူးက ခွင့်မပြုတဲ့အကြောင်းပြောကြတယ် …။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက ခွင့်ပြုထားပြီးသား အခွင့်အရေးဖြစ်ပြီး … ဒါကို တားမြစ်သူဟာ ဖွဲ့စည်းပုံကို ဆန့်ကျင်တာပဲ လို့ ပြောပြလိုက်တယ်။ ဒီမိုကရေစီအလေ့အထကို နားမလည်သေးကြတဲ့သူတွေရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ ရှိနေသေးသရွေ့တော့ ကိုယ်တို့တိုင်းပြည်ဟာ အမှန်တကယ်ဒီမိုကရေစီရပါပြီလို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်ကြဦးမှာ မဟုတ်ဘူး။ ဒီလိုမျိုးသူတွေရဲ့ မသိနားမလည်မှုကို လည်စင်းမခံကြရဖို့လဲ ကိုယ်တို့လိုပြည်သူတွေဘက်က ဒီမိုကရေစီစနစ်တစ်ခုကနေ ကိုယ့်ကိုပေးထားတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေက ဘာလဲ၊ ကိုယ့်ရဲ့တာဝန်တွေကရောဘာတွေလဲဆိုတာကို သိအောင် ကြိုးစားကြသင့်တယ် နောက်ပြီး ကိုယ့်အခွင့်အရေးကို မရရင် ရအောင်တောင်းယူတတ်ဖို့နဲ့ ကိုယ့်ရဲ့ တာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်ကြဖို့ လဲ အရေးကြီးသေးတယ်လို့ ပြောဖြစ် တယ်။ 

 ပြည်သူတစ်ယောက်ရသင့်တဲ့ အခြေခံအကျဆုံးအခွင့်အရေးက မိမိကံကြမ္မာ မိမိဖန်တီး နိုင်ခွင့်ရှိခြင်း ဖြစ်ပြီး ၊ ပြည်သူတစ်ယောက်ထမ်းဆောင်ရမယ့် အခြေခံအကျဆုံးတာဝန်ကတော့ တိုင်းပြည်အတွက် အကောင်းဆုံးအလုပ်လုပ်ပေးနိုင်မယ့် သူတွေကို ရွေးကောက်ပွဲတွေတိုင်းမှာ မဲပေးရွေးချယ်ပေးဖို့ပဲပေါ့။ရောက်လာကြတဲ့သူတွေထဲက အချို့ကလည်း သူတို့သိချင်တာလေးတွေမေးကြတယ် ပြီးတော့ ထောင်တွင်းအတွေ့အကြုံလေးတွေလဲ ပြောပြဖို့ တောင်းဆိုကြတယ်။ ပြည်သူအချို့ရဲ့ ကြောက်စိတ်ကို ဘယ်လိုဖျောက်မလဲဆိုတဲ့ မေးခွန်းကတော့ ကိုယ်ဖြေရတာ အခက်ဆုံးပဲ …။ ကိုယ်လဲ ရှိသမျှဥာဏ်လေးထုတ်ပြီး … ပြည်သူတွေရဲ့ကြောက်စိတ်ကိုဖျောက်ပေးချင်ရင် … ကြောက်စရာမလိုဘူးဆိုတဲ့အကြောင်း ကို ပြည်သူတွေသိသွားအောင် ကိုကိုယ်တိုင်က ရဲရဲဝံ့ဝံ့နဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး လုပ်သင့်လုပ်ထိုက်တာကို မတွန့်မဆုတ်ပဲလုပ်ပြဖို့လိုမယ် လို့ ဖြေလိုက်တယ်။ အဲဒီ့လို တစ်ခုခုလုပ်တဲ့နေရာမှာလဲ ဒီမိုကရေစီစနစ်တစ်ခုကနေခွင့်ပြုထားတဲ့ နည်းလမ်းတွေကို ထိထိရောက်ရောက်အသုံးချသင့်တယ် လို့လဲ ဖြည့်စွက်ပြောခဲ့သေးတယ်။ နယ်မြို့လေးတွေအနေနဲ့ မြို့ကြီးတွေအကြားချိတ်ဆက်မှုကို အသေအချာလုပ်ထားဖို့နဲ့ ကိုယ်ဘယ်နေရာကိုပဲရောက်ရောက် အပြင်လောကနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုးစားဖို့ လိုအပ်တယ်ဆိုတာကို ကိုယ့်ရဲ့ထောင်တွင်းအတွေ့အကြုံတွေနဲ့ ယှဉ်တွဲပြောပြခဲ့တယ်။ Transparency ပွင့်လင်းမြင်သာမှုရှိခြင်းရဲ့ ကောင်းကျိုးတွေနဲ့ပတ်သက်ပြီး … လူတွေစိတ်ကွယ်ရာမှာဆိုရင် မကောင်းမှုလုပ်ဖို့ ၀န်မလေးကြဘူး … သူတို့မကောင်းမှု လုပ်နေကြတာကို အားလုံးသိအောင် ကိုယ်က ချပြနိုင်မယ်ဆိုရင် သူတို့တွေလဲ မကောင်းမှုလုပ်ဖို့ လက်တွန့်သွားကြတယ်လို့ ပြောပြဖြစ်ခဲ့တယ်။ ဒါက ကိုယ်တို့ရဲ့ ကိုယ်တွေ့ပဲလေ ။ ထောင်အာဏာပိုင်တွေထဲက စိတ်ထားမကောင်းတဲ့ အချို့သူတွေ အကျဉ်းသားတွေကို ပါးရိုက်၊ နားရိုက်လုပ်တာ … ကိုယ်တို့တွေက ထွက်ကြည့်နေပြီဆိုရင် သူတို့တွေ မလုပ်ရဲကြတော့ဘူး။ ကိုယ်တို့က မီဒီယာတွေနဲ့ချိတ်ဆက်မှုရှိပြီး … မတရားတာတစ်ခုခုမြင်ရင် အဲဒါကို တစ်ကမ္ဘာလုံးသိအောင် ပြောပြနိုင်တယ်လေ …။ အဲဒီ့ဥပမာလေးကိုကြည့်ခြင်းအားဖြင့် လူတိုင်းကသာ ကိုယ့်ကို မတရားလာလုပ်တာကို ပြန်ပြောရဲတဲ့သတ္တိ၊ ပြန်ပြောနိုင်တဲ့ အစွမ်းအစမျိုးသာရှိမယ်ဆို … မတရားလုပ်ချင်သူတွေ ၊ အာဏာပြချင်သူတွေ သူတို့စိတ်တိုင်းကျ ဘယ်လုပ်ရဲတော့မှာလဲ။ နောက်ဆုံးအနေနဲ့ အဓိကအကျဆုံးအချက်တစ်ခုအဖြစ် ကိုယ်ပြောဖြစ်ခဲ့တာက … ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို မီဒီယာတွေကနေတဆင့် မပျက်လေ့လာကြဖို့နဲ့ ဖြစ်နိုင်ချေတွေကို မှန်မှန်ကန်ကန်သုံးသပ်တတ်အောင်လေ့ကျင့်ကြဖို့ ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာ အားပြုန်းတီးမှု မဖြစ်ရအောင် … ကိုယ့်အားကိုယ့်အင်ကို ချိန်ဆသုံးစွဲတတ်ဖို့ စတာတွေကိုပြောဖြစ်ခဲ့တယ်။ စကားတွေအများကြီးပြော ချင်သေးပေမယ့် … ခရီးကလည်းပန်းလာ၊နေ့လည်ထမင်းစားချိန်ကလည်း နီးလာတာကြောင့် … အားလုံးကို နှုတ်ဆက်လိုက်ရတယ်။
          အိုင်သပြုရွာလေးဟာ … ကိုယ်တို့အဖိုးအဖွားတို့ရဲ့ ဇာတိရွာလေးဆိုတော့ ကိုယ်တို့ မိသားစု တွေ ငယ်ငယ်လေးတည်းက ခဏခဏရောက်ဖူးနေတဲ့ရွာကလေးပါပဲ။ မြို့ကြီးပြကြီးတွေမှာ မရနိုင်တဲ့ ကျေးလက်ရဲ့အငွေ့အသက်တွေကို ဒီရွာလေးမှာ ပြန်လည်ရှုရှိုက်ရတာ … စိတ်ကြည်နူးစရာပါ။ ဒါပေမယ့် … နှစ်ပေါင်းများစွာကြာသည့်တိုင် ဘာမှထူးထူးခြားခြားတိုးတက်ပြောင်းလဲ မလာပဲ အရာရာကို ဒီအတိုင်းကြီးတွေ့နေရခြင်းကိုတော့ စိတ်ထဲမှာ တမျိုးကြီးခံစားရတယ်။ အိုင်သပြုရွာမှာ လျှပ်စစ်မီးရနေပြီဆိုပေမယ့် … အခြားအနီးအနားကရွာတော်တော်များများကတော့ လျှပ်စစ်မီးသွယ်တန်းထားခြင်းမျိုးမရှိသေးပါဘူး။  နောက်ပြီး တစ်ခုခုဆို ကိုယ်ထူကိုယ်ထဆိုပြီး ရွာသူ၊ ရွာသားတွေဆီကနေ ပိုက်ဆံတွေကောက်ပြီး လုပ်ကြတာများပါတယ် …။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ …။ ရွာတစ်ရွာကနေ ရောက်လာတဲ့ လူငယ်တစ်ဦးကို မေးကြည့်တော့ ရွာကနေပိုက်ဆံကောက်၊ ဓါတ်ငွေ့သုံးမီးစက်ထောင်ပြီးရွာတွေကို မီးပေးပါတယ်။ ရွာသူရွာသားတွေက မီးတစ်ပွင့်စီအတွက် ၇၀၀ ကျပ်ပေးပြီး သုံးရပါတယ်။ အခုတော့ အဲဒီ့မီးစက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ရောင်းလိုက်ပြီး … မီးစက်ကို ရွာက မပိုင်တော့ပါဘူး။ မီးအတွက် ငွေကိုတော့ အဲဒီ့ လုပ်ငန်းရှင်ကို ဆက်ပေးနေရတုန်းပါပဲ ။ မီးစက်ရောင်းလိုက်တဲ့ ငွေတွေ၊ အရင်က မီးဖိုးကောက်ထားတဲ့ငွေတွေ ဘယ်ရောက်ကုန်တယ်ဆိုတာကတော့ … နတ်သိကြားတွေပဲ သိမယ်ထင်ပါတယ်တဲ့ ။ ပြည်သူတွေ လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးဖို့က အစိုးရရဲ့ တာဝန်ပဲမဟုတ်ဘူးလား …။ သိပ်မဝေးတဲ့ ၃၊ ၄ မိုင်အကွာအဝေးလေးကိုတောင် ဘာကြောင့်များလျှပ်စစ်မီးတွေ မသွယ်တန်းနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ တိုင်းပြည်အုပ်ချုပ်နေသူတွေကို မေးချင်စိတ်တွေ ပေါ်လာတယ်။ ညနေပိုင်း ယွန်းကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ခဏတွေ့ … မနက်ဖြန်အလှူကိစ္စတွေ နည်းနည်းပါးပါးပြော၊ ပြင်ဆင်ခင်းကျင်းစရာရှိတာတွေ ပြင်ဆင်ကြအပြီးမှာ ကိုယ်တို့ တည်းတဲ့အိမ်ကို ပြန်လာပြီး အိပ်ကြတယ်။ မနက်ဖြန် မနက်စောစောကို ဆံချပြီး ဘုန်းကြီးဝတ်ရတော့မယ်လေ …။
          ၁၂.၀၄.၂၀၁၂ သင်္ကြန်အကြိုနေ့ … မနက်စောစောထ ရေမိုးချိုးအ၀တ်အစားလဲပြီး ဘုန်းကြီးကျောင်းကို ထွက်ခဲ့ကြတယ်။ မနက်စာက မုန့်ဟင်းခါး …။ ပြီးတော့ ဆံချတယ် …။ ထောင်ထဲက ပါလာတဲ့ဆံပင်တွေ အခုမှပဲ ရိတ်ဖယ်ပစ်ရတော့တယ် …။ သင်္ကန်းတောင်း ကိုရင်ကြီးဖြစ်ပြီး သိမ်တက်ဖို့ကို ခဏစောင့်ရတယ် …။ ကျောင်းထိုင်ဘုန်းဘုန်းက ကိုယ့်နေ့နံကို မေးပြီး ကိုယ့်ကို နေဘုန်းလတ်ဆိုတဲ့အမည်နဲ့လိုက်အောင်လို့တဲ့ … နေမိန္ဒ ဆိုတဲ့ဘွဲ့ အမည်ကိုပေးတယ်။  ပြီးတော့ … သိမ်တက်အပြီး နံနက် ၉နာရီ ၁၁ မိနစ်မှာပဲ မြင့်မြတ်သောရဟန်းဘ၀ကို ရခဲ့တယ်။ သိမ်ဆင်းလောင်းကြတဲ့လူတန်းအရှည်ကြီးကိုကြည့်ပြီး ကိုယ်တို့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရားထက်သန်ပုံကို ကြည်နူးဂုဏ်ယူနေမိတယ်။ နှမ်းကုန်းကျောင်းဘုန်းဘုန်းက ၉ပါးသီလပေး၊ တရားဟောပြီး ရေစက်ချအမျှဝေတယ်။ ကိုယ် အထဲမှာရှိနေတုန်းကွယ်လွန်သွားခဲ့တဲ့ အဖိုးရဲ့ နာမည်ကို ဘုန်းဘုန်းထည့်ပြောတဲ့အခါတိုင်း ကိုယ့်ရင်ထဲ ဆို့နင့်ဝမ်းနည်းစိတ်တစ်ခုက လှိုက်လှိုက်တက်လာပြီး မျက်ရည်ဝဲမိတယ်။ တရားပွဲအပြီးမှာတော့ ပိုက်ဆံကျဲပြီး နေ့လည်စာကို ဟင်းပွဲတွေဖွယ်ဖွယ်ရာရာနဲ့ လှူဒါန်းကြတဲ့အခါ တောသဘာဝအတိုင်း ဟန်တွေပန်တွေမပါပဲ စားလိုက်ကြတာ တကယ့်ကို အားရစရာပါပဲ…။ ဦးဇင်းတွေနဲ့ ကိုရင်တွေလဲ နေ့ဆွမ်းဘုန်းပေးကြတယ် …။ ဟင်းတွေကတော့ အစုံပဲ …။ ညနေကျတော့ ကျောင်းထိုင်ဘုန်းဘုန်းက အာပတ်ဖြေတဲ့ စာနဲ့ ဆွမ်းဘုန်းပေးတဲ့အခါတိုင်းဆင်ခြင် ရမယ့် စာပိုဒ်လေးတွေကို ကျက်ဖို့လာပေးတော့ … စာမကျက်ခဲ့တာကြာပြီဖြစ်တဲ့ကိုယ်တို့တွေအားလုံး ဒုက္ခဖြစ်ကုန်ကြတာပေါ့။ စာရွက်လေးတွေ တကိုင်ကိုင်နဲ့ တစ်ညလုံးကျက်ကြပေမယ့် … မနက်အထိ ၀ိုးတိုးဝါးတားပါပဲ။ နောက်တစ်နေ့ညနေကျတော့ … ၂၀၀၈ တုန်းက ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုနဲ့ အကျဉ်းကျခဲ့တဲ့ ညီငယ်တစ်ယောက်ရှိရာ ခမောက်စုရွာကိုကားနဲ့ထွက်ခဲ့ကြတယ် …။ ခရီးအကွာအဝေးက ၇ မိုင်တည်းဆိုပေမယ့် … လမ်းက တော်တော်ကြမ်းတာကြောင့် ၁၅ မိနစ်စာလောက်ပဲရှိတဲ့ ခရီးကို ၄၅မိနစ်လောက်မောင်းလိုက်ရတယ် …။ လမ်းမှာ အုန်းလက်မဏ္ဍပ်လေးတွေနဲ့ တစ်မျိုး၊ ရေခွက်ကလေးတွေကိုင်ရင်းတစ်သွယ် ရေပက်နေကြတဲ့ ကလေးငယ်လေးတွေက ကိုယ်တို့ရဲ့ကားကိုတွေ့တော့ ရှားရှားပါးပါးလာတဲ့ကားမို့ ရေပက်ဖို့ တပြင်ပြင်ဖြစ်နေကြပေမယ့် … ဘုန်းကြီးတွေပါတာလဲတွေ့ရော … မပက်လိုက်ရတာကြောင့် အားမလိုအားမရဖြစ်ပြီး အံလေးတွေ တကျိတ်ကျိတ်ဖြစ်သွားကြတာကိုတွေ့ရတော့ ကိုယ်စိတ်ထဲ တမျိုးတမည်ခံစားလိုက်ရတယ်။ အတူပါလာတဲ့ ညီမက ဒီကလေးတွေအားလုံးကို ကားနဲ့တင်ပြီး … မြို့ထဲသင်္ကြန်တွေကို ခေါ်သွားချင်လိုက်တာတဲ့ …။ ကိုယ်လဲ အဲဒီ့လို စိတ်ဆန္ဒမျိုးဖြစ်မိတယ် …။ ကလေးငယ်တွေခမျာမှာ တစ်ယောက်ယောက်ကို ရေတစ်ခါပက်ရဖို့အရေး … စောင့်လိုက်ရတာ တမျှော်တခေါ် …။ ဒါပေမယ့် … သူတို့လေးတွေ ရတဲ့အခြေအနေလေးထဲမှာပဲ … ရသလောက်လေး ပျော်နေကြတဲ့မြင်ကွင်းက့ … မြန်မာတွေရဲ့ ရောင့်ရဲတတ်သော စိတ်အလှကို တစ်နည်းတစ်ဖုံလှစ်ဟပြ နေသလိုပါပဲ။ ကိုယ်တို့တွေ ပထမတုန်းက ခမောက်စုရွာကနေ သုံးမိုင်လောက် ထပ်မောင်းရတဲ့ ယုန်တလင်းရွာအထိသွားပြီး … အဲဒီ့ရွာမှာရှိတဲ့ မန်းဘခိုင်ရဲ့ ဆွေမျိုးတွေနဲ့လဲတွေ့ ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဆုငွေငါးကျပ်ထုတ်တုန်းက ဗိုလ်ချုပ်ပုန်းခဲ့တယ်ဆိုတဲ့ နေရာကိုလဲ မှတ်တမ်းတင်ရအောင်ဆိုပြီး  ရည်ရွယ်ထားပေမယ့် … စီးလာတဲ့ကားက အခြေအနေမကောင်းတာနဲ့ပဲ … ခမောက်စုကနေ လှည့်ပြန်လာခဲ့ရတယ်။ ယုန်တလင်းကိုတော့ … အတက်နေ့ညနေ လူထွက်ပြီးမှပဲ သွားတော့မယ်လို့ … ဆုံးဖြတ်လိုက်ရတာပေါ့။ အပြန် … ကိုဂုဏ်ရည်လင်းရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးကနေ စာအုပ်တွေဝင်ငှားခဲ့သေးတယ်။ စာအုပ်ကောင်းတွေ တော်တော်များများစုထားနိုင်တာတွေ့ရပေမယ့် … အဲဒီ့မှာရှိနေတဲ့ အစ်မတစ်ယောက်ရဲ့ ပြောပြချက်အရ စာဖတ်တဲ့သူသိပ်မရှိဘူးဆိုတာသိရတော့ … ဖတ်သူမရှိပဲဖုန်တက်နေရရှာတဲ့ စာအုပ်တွေရဲ့ အဓိပါယ်မဲ့မှုအကြောင်းကို စဉ်းစားလိုက်မိသေးတယ် …။ လူတွေ စားများများဖတ်လာအောင် ကိုယ်တို့ နည်းစနစ်အသစ်တွေရှာဖို့ အရေးတကြီး လိုအပ်နေပြီလို့လဲ တွေးမိတယ်။ ခမောက်စုရွာကို အသွားလမ်းရဲ့ ကြမ်းတမ်းမှုဒဏ်ကို ညဖက်အိပ်ခါနီးမှပဲ ခံစားကြရတော့တယ်။ ကားဆောင့်တဲ့ဒဏ်ကြောင့် တကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲနာနေတယ် …။ အိပ်တော့လဲလူက ရှိန်းတိန်းဖိန်းတိန်းနဲ့ဖျားချင်သလိုလိုကြီးဖြစ်နေတယ်။ ထောင်ထဲမှာ နေ့စဉ်မပျက်ရွတ်ခဲ့ပြီး ထွက်လာပြီးမှ မရွတ်ဖြစ်တော့တဲ့ ပဌာန်းဒေသနာတော်ကြီးကိုလဲ ဘုန်းကြီးဝတ်မှပဲပြန်ရွတ်ဖြစ်တော့တယ်။ ဒါပေမယ့် … နောက်တစ်နေ့ မနက်မှာတော့ သင်္ကြန်က အသံတွေနဲ့ ကိုယ်တို့ကိုနှောက်ယှက်တော့တာပဲ။ ရန်ကုန်မှာ ဘုန်းကြီးဝတ်ရင် … ဆူညံသံတွေနဲ့ အာရုံနောက်မှာစိုးလို့ … ရွာကိုလာပြီး ဘုန်းကြီးဝတ်ကာမှ … ရွာရဲ့ခေတ်မီဆန်းသစ်မှု အနည်းအကျဉ်းထဲက တစ်ခုဖြစ်တဲ့ အသံချဲ့စက်တွေ၊ ကာရာအိုကေစက်တွေရဲ့ နှိပ်စက်မှုကြောင့် … ရန်ကုန်က ဘုန်းကြီးကျောင်းတွေထက်တောင် အာရုံနောက်ရသေးတော့တယ်။ ကိုယ်တို့ ဘုန်းကြီးဝတ်တဲ့ ကျောင်းရဲ့ အ၀နားမှာပဲ အသံချဲ့စက်ငှားတဲ့ အိမ်ရှိပြီး သူက မနက်မိုးလင်းကစပြီး ၊ မိုးစုန်းစုန်းချုပ်တဲ့အထိ သူ့ရဲ့ အသံချဲ့စက်တွေ ကို ကြော်ငြာတဲ့အနေတဲ့ တောက်လျှောက်ဖွင့်တော့တာ ကိုယ်တို့တွေလဲ … သြော် … သင်္ကြန်တွင်းပျော်ကြပါစေဆိုတဲ့ စိတ်နဲ့ ခန္ဒီစ သည်းခံခြင်းတရားကိုပဲ ဖိဖိပြီးပွားနေရတော့တယ်။ သူ့အိမ်ရှေ့မှာ မဏ္ဍပ်ပါထိုးထားတော့ ရွာထဲကလူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် လာပြီး ကာရာအိုကေကြသေးတာ …။ စိတ်လဲရှုပ်ရ၊ ရယ်လဲရယ်ရ ပါတယ်။ ညနေညနေ ကိုယ်ပဌာန်းရွတ်တဲ့အခါ … စိတ်ကိုအသေအချာ မနှစ်ထားနိုင်တဲ့ အခါမျိုးမှာ ပဌာန်းစာသားတွေကြားထဲ … သင်္ကြန်သီချင်းတွေ ကညပ်ညပ်ပြီး ရောက်ရောက်လာတတ်တယ်။ 

ဆက်ရန်ရှိသေးသည် ...

1 comment:

Nayi Min Khin said...

အခုတော့ဖွင့်လို့ရတယ်။ နေ့ခင်းကဘာထဖြစ်တာလဲ? ပြင်ဆင်မှုတစ်ခုခုများလုပ်လိုက်သေးလားဟင်???