Pages

Wednesday, June 27, 2007

ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...

ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...

၂၈.၀၆.၂၀၀၇
အချိန်ကာလဆိုတာကြီးက
ငါ့ရဲ့ဘ၀ထဲကို
ကိန်းဂဏန်းတစ်ခုထပ်ပေါင်းထည့်တယ်
တစ်နှစ်တဲ့
ရက်ပေါင်း ၃၆၅ရက်
ငါနောက်ထပ်ဖြတ်သန်းခဲ့ပြီးပြန်ပြီ ...။

တစ်ခါတစ်ခါ
မနက်ဖြန်တွေကို မှန်းမှန်းမျှော်ရင်း
လွန်ခဲ့သောနေ့တွေကို လှမ်းလှမ်းခေါ်နေမိတယ်
ငါ့စိတ်တွေက ...
တစ်ခါတစ်ခါ
အနာဂတ်ကို ပုံဖော်နေရင်း
အတိတ်တွေထဲမှာ အိပ်ပျော်သွားတတ်တယ်
ငါ့အတွေးတွေက ...
အဲဒီ့လိုနဲ့ပဲ
ကုန်ခဲတဲ့အချိန်တွေ
တဖြုတ်ဖြုတ်ကြွေသွားလိုက်တာ
ငါ့အတွက် ဘာမှမကြာလိုက်သလို ...။

၂၇နှစ်တဲ့ ...
ကလေးငယ်တစ်ယောက်ဘဝ
ဘာလိုလိုနဲ့ပြုတ်ကျကျန်ခဲ့ပြီ ...
ခဏခဏဖြစ်တတ်တဲ့
ပြန်မရနိုင်တော့တာတွေ တနင့်တပိုးကို
ပြန်လိုချင်နေမိတဲ့ စိတ်တစ်ခု
နောင်တလို့ အမည်တပ်ပြီး စုထားလိုက်တယ်။

စိတ်ကူးတည့်ရာမှာရှိတဲ့
လမ်းတကာလမ်းတွေကို
ဦးနှောက်ရဲ့စေရာအတိုင်းလှမ်းရင်း
နှလုံးသားက
လွမ်းစရာရှိတာကိုလွမ်းတယ်
အဲဒီ့လိုပါပဲ ...
ငါနဲ့ ငါ့ရင်ခုန်သံတွေ
မလွတ်မလပ်ခမ်းနားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အတုနဲ့ အစစ်
အမုန်းနဲ့ အချစ်
အနိုင်နဲ့ အရှုံး
အငိုနဲ့ အပြုံး
အဆိုးနဲ့ အကောင်း
အကျိုးနဲ့ အကြောင်းတွေကို
ခွဲရင်းနဲ့လွဲ လွဲရင်းနဲ့ခွဲခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ခပ်မှိန်မှိန်မျှော်လင့်ချက်တွေအတွက်
ခပ်တိမ်တိမ် အတ္တတွေကို
အပြန်အလှန် မှီခိုနေကြတဲ့
ဟိုလိုဒီလိုလူတွေကြားမှာ
စိတ်ဓါတ်ကို ပိုးမွေးသလိုမွေးရင်း
ပုခုံးပေါ်ထမ်းတင်ထားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ကံကြမ္မာဆိုတာကပေးတဲ့
အသီးအပွင့်အခက်အလက်တွေထဲက
အဆိပ်အတောက်တွေကိုလိုက်ဖယ်ရင်း
ဖြူစင်သန့်ရှင်းခဲ့တဲ့
လွတ်ကျသွားတဲ့မြို့တော်တွေကိုတမ်းတ
ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ ...။

ကွက်လပ်တွေလိုက်ဖြည့်ဖို့
နှလုံးသားတွေကိုဆေးကြောဖို့
နောက် ... ကမ္ဘာလောကကြီးကိုထမ်းပိုးဖို့
မဖြစ်စလောက် ဦးနှောက်လေးနဲ့တက်ကြွ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အငြိမ်းချမ်းဆုံး စကားလုံးတွေနဲ့
သီကုံးချင်ခဲ့တဲ့အထ္တုပ္ပတိထဲမှာ
ကိန်းဂဏန်းတွေ နေရာဝင်ယူကြ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ပျော်ခဲ့ ငိုခဲ့ ပြုံးခဲ့ မဲ့ခဲ့
နိုင်ခဲ့ ရှုံးခဲ့ တက်ခဲ့ ကျခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

သိခဲ့တာတွေများစွာထဲက မသိခြင်းတွေများစွာထွက်ထွက်ကျ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

12 comments:

Anonymous said...

ဘာပြောရမလဲသိတော့ဘူး.. really a nice poem bro.. =)

Mr.Pooh @ မောင်ပွတ် said...

အမှတ်တရ ဖြစ်ပါပေတယ်ဗျာ။

Unknown said...

အေးကွ မွေးနေ့အမှတ်တရပေါ့။ ကောင်းတယ်ကွာ။

MELODYMAUNG said...

အဲဒီကဗျာလေးကောင်းလိုက်တာ။ 27နှစ်တာ ဖြတ်သန်းခဲ့ တဲ့ ဘ၀တစ်ခုကို လှမ်းမြင်မိပါရဲ့ ။
ဖြတ်သန်းပြီးတဲ့ ဘ၀တစ်ခုထဲက
မလှပခဲ့ ရ နေ့ရက်တွေကို ခ၀ါချလို့
လွတ်ကျခဲ့ တဲ့ မြို့တော်တွေကို မတမ်းတပဲ
မျှော်လင့်ချက်တွေတောက်ပစွာနဲ့
ခမ်းနားတဲ့ မြို့တော်သစ်ကို
ကိုယ်တိုင်ဆောက်တည်ဖို့
ရှေ့ခရီးတော့ နှင်ပါစို့ ။ ။
ကောင်းတော့ ကောင်းမှာဟုတ်ဘူး။ အမှတ်တရ စပ်ကြည့်တာ။

Nay Nay Naing said...

၂၇ ပြည့်တာလား..
မွေးနေ့ မှာသာမက အမြဲထာဝရ ပျော်ရွှင်ပါစေ. အောင်မြင်ပါစေ

ခွန်မြလှိုင် said...

သူငယ်ချင်းအတွက်မွေးနေ့ဆုတောင်း
ရဲရင့်စွာ ရိုးသားမှုတံတိုင်းတွေနဲ့
စိတ်ဆင်ရိုင်းတွေကိုကာ
မင်းရဲ့ နှလုံးသားဟာ
ထာဝရလှပငြိမ်းချမ်းနေပါစေ
ခိုင်ကြည်မျှတမှု ဆိုတဲ့
တစ်ခုတည်းသော သစာပေတံနဲ့
အမှားအမှန်ကိုတိုင်းတာ
မင်းရဲ့ လုပ်ရပ်တွေဟာ
ထာဝရဖြောင့်မတ်မှန်ကန်နေပါစေ။
တွယ်တာနှောင်ဖွဲ့မှုတွေမပါတဲ့
အေးမြမှုမေတ္တာနဲ့
အများသူငါကို ငဲ့ညှာ
မင်းရဲ့ ဖြစ်တည်နေမှုဟာ
ထာဝရမြင့်မြတ်စင်ကြယ်နေပါစေ။
နင့်ရဲ့ကဗျာကိုပဲ စကားလုံးနည်းနည်းထပ်ဖြည့်လိုက်တယ်။ မွေးနေ့မှစပြီး နိဗ္ဗာန်ရတဲ့အထိ သံသရာအဆက်ဆက် ငြိမ်းချမ်းပါစေ သူငယ်ချင်း

ညီညီ(သံလွင်) said...

happy birthday သူငယ်ချင်း .. ပျော်ရွှင်စွာ လွတ်လပ်စွာ အောင်မြင်စွာ လက်မြဲစွာ (မလွတ်ကျဘဲ) ဘ၀ကို ဖြတ်သန်းနိုင်ပါစေ..

ညီညီ & ပိုး

Thet Htoo@Myat Lone said...

ပထမ ကိုးနှစ်မှာ မြို့တော် တစ်ခုကို တည်ဆောက်ခဲ့...

ဒုတိယ ကိုးနှစ်မှာ အဲဒီ မြို့တော် ကို စိမ်းလန်း စေချင်ခဲ့...

တတိယ ကိုးနှစ်မှာ ငါ့မြို့တော် လွတ်ကျသွားခဲ့...

ဒီလိုနဲ့ ကိုးနှစ်သုံးခါ ကျော်ခဲ့ပြီးတဲ့.. ငါ..

နောင်လာမယ့်ကိုးနှစ်မှာ ခံတပ် အခိုင်အမာ၊
ဘယ်သူ့ကိုမှ ရန်မစ၊
အေးချမ်းတဲ့ မြို့တော်တစ်ခုတော့ ကိုယ်ပိုင် အုပ်ချုပ် ကြည်နူးမှုနဲ့ ပီတိတွေ စုပ်နေချင်သေးရဲ့...

မျက်လုံး
(ဘာရယ်လို့တော့ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကို ကိုယ့်ဘာသာ စိတ်ကူးယဉ် ကဗျာလေးရေးကြည့်တာပါခင်ဗျ..

ကိုနေဘုန်းလတ်၏ ၂၇ ပြည့်မွေးနေ့မှ စ၍ သာယာပျော်ရွှင်စရာကောင်းတဲ့ မြို့တော်ကြီးကို ထာဝရပိုင်ဆိုင်နိုင်ပါစေခင်ဗျာ..)

NayPhoneLatt said...

ကွန့်မန့်ဝင်ရေးကြတဲ့သူငယ်ချင်းတွေနဲ့ ကဗျာလေးတွေစပ်ပြီး လက်ဆောင်ပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးပါလို့ ...။ ဒီကဗျာလေးကို ကြိုက်ကြတယ်ဆိုလို့ တမနက်လုံး ခေါင်းစားခံပြီး ရေးရကျိုးနပ်ပါပြီလို့ ...။

စိုးဇေယျထွန်း said...

အင်းလွတ်ကျခဲ့တဲ့ မြို့ကြီး ပြန်လည်ကောက်ရပါစေဗျာ။ စာအုပ်ရန်ပုံငွေတွေတော့ လွတ်မကျစေနဲ့ ပေါ့ :P

MMK said...

I like that poem

Nayi Min Khin said...

ဒီလိုပဲ ကိုယ်ရေးထားတာတွေကို ဖတ်တဲ့လူတွေနဲ့ မှတ်ချက်ပေးတဲ့ လူတွေရှိတော့ ရေးရတဲ့သူ ပိုပျော်ပြီပေါ့။ အမြဲတမ်းပျော်ရွှင်နေနိုင်ပါစေနော်။