ဟိုအကြောင်း ဒီအကြောင်း
ကြယ်ငါးတွေက သူတို့ရဲ့ လက်တံတစ်ချောင်း အကြောင်းကြောင်းကြောင့် ပျက်ထွက်သွားပြီဆိုရင်
မကြာခင်မှာပဲ အသစ်တစ်ချောင်း ပြန်ပေါက်လာတယ်တဲ့ ...။ ကျွန်တော်စဉ်းစားမိတယ် ...။ ကျွန်တော်တို့
လူတွေအနေနဲ့လဲ
အဲဒီ့လို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုအစားပြန်ပြန် ရနိုင်ရင်ကောင်းမယ်လို့ ...။
ဟုတ်တယ်လေ ...ခြေထောက်ထိခိုက်ဒဏ်ရာရတယ်၊ ဖြတ်ပစ်လိုက် ... နောက်ထပ်
တစ်ချောင်းထပ်ပေါက် လာလိမ့်မယ်။ ဦးနှောက်သိပ်မကောင်းဘူးလား ...
ခေါင်းဖြတ်ပစ်လိုက် ... နောက်တစ်လုံး ထပ်ပေါက် လာလိမ့်မယ် ... ဘယ်လောက်ကောင်းလိုက် သလဲ။
တရားသူကြီးပေါင်ချိန် သာကြားရင်တော့ ကျွန်တော့်အဆိုကို အပြင်းအထန် ကန့်ကွက်မှာသေချာတယ်။
ဘာလို့လဲဆိုတော့ ... အဲဒီ့လိုသာ ဖြတ်လိုက်သမျှ ပြန်ပြန်ပေါက်နေရင် သူ့ရဲ့ ခွေးခေါင်းဓားစက်တို့၊
ကျားခေါင်းဓားစက်တို့ကို အဟောင်းဆိုင်ပို့ရမယ့် ကိန်းဆိုက်မှာလေ ...။ ကျွန်တော်
လူတွေကိုကြယ်ငါးတွေလိုဖြစ်စေချင်တဲ့ နောက်ထပ်အကြောင်းတစ်ချက်က ဒီလိုပါ။ တစ်ခါတစ်ခါ
ကျွန်တော်တို့တွေဖြစ်တတ်တာ တစ်ခုက ကိုယ့်ရဲ့ရုပ်ခန္ဓာကြီးကို ကိုယ့်ဖာသာကိုယ်မထိမ်းနိုင်ကြတာလေ ...
စိတ်ကမပါပေမယ့် လက်ကရောက်နေပြီ ဆိုတာမျိုးပေါ့ ...။ စိတ်ခံစားမှု တစ်ခုခု လွန်ကဲပြင်းထန်လာလို့
တစ်ခုခုကို မလုပ်ရမနေနိုင်အောင် ဖြစ်လာပြီဆိုရင် လတ်တလောအခိုက်အတံ့လေးမှာ အာရုံပြောင်း
သွားအောင် ဖြတ်ပစ်လိုက် (တစ်ခုခုကိုပေါ့) ...။ ပြီးတော့လဲ ပြန်ပေါက်လာမှာပဲလေ ...။ လောလောဆယ် မကောင်းမှုတစ်ခုကို မလုပ်ဖြစ်တော့ရင် ပြီးတာပဲ ...။ ကဲ ... မကောင်းဘူးလား။
ဂေါ်ရီလာမျောက်ဝံအထီးတွေက သူတို့ရဲ့ပြိုင်ဘက်တွေကို မောင်းထုတ်ဖို့အတွက်
သူတို့ရဲ့ရင်ဘတ်ကို လက်သီးနဲ့ တဘုန်းဘုန်းထု
တတ်ကြတယ်တဲ့ ...။ ကျွန်တော်တို့လူတွေကရော ပြိုင်ဘက်တွေနဲ့တွေ့တဲ့အခါ ဘာတွေများ
လုပ်ပြတတ်ကြ သလဲလို့ ကျွန်တော် ကံကြံဖန်ဖန် တွေးမိတယ်။ ကိုယ့်ပြိုင်ဘက်နဲ့တွေ့ရင်
ကိုယ့်ရဲ့အားသာချက်တွေကို ထုတ်ပြတတ်ကြတာ တိရိစ္ဆာန်တွေတင်မှ မဟုတ်ပါဘူး ...။ လူတွေမှာလဲ
ရှိတာပဲလေ။ ကာယအားကြီးတဲ့သူက သူ့ရဲ့ဗလကြီးတွေကို လှစ်ပြမယ်။ ဘွဲ့တွေအများ
ကြီးယူထားတဲ့သူက သူရဲ့ဘွဲ့လက်မှတ်တွေကို ထုတ်ပြ မယ်။ အခြွေအရံအသင်းအပင်းပေါသူက
နောက်လိုက်နောက်ပါတွေအားကို အသုံးချမယ်။ ဒါတွေဟာ လူ့သဘာဝတွေလို
ဖြစ်နေကြပါပြီ။ လက်ဝှေ့ပွဲတွေမှာတော့ ပွဲမစမီ လက်ပန်းပေါက်ခတ်ပြီး ဟန်ရေးပြကြတာကို
မြင်ဖူးတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သူနိုင်ကိုယ်နိုင် အလဲအကွဲထိုးကြိတ်ကြပြီး
နောက်တော့လဲ သူတို့မဟုတ်သလို ပွေ့ဖက်နှုတ်ဆက်ကြပြန်တယ်။ တိရစ္ဆာန်လောကမှာတော့
အဖော်ကိုလုကြ၊ အစာကို လုကြ၊ နေရာကိုလုကြရာက ပြိုင်ဘက်တွေ၊ ရန်သူတွေဖြစ်လာကြတယ်။ လူတွေမှာ
ကရော ... ခံစားမှုနဲ့ အသိတွေပိုပိုလာပြီး အဲဒီ့ခံစားမှုနဲ့ အသိတွေကို ပညာဥာဏ်နဲ့
ဆင်ခြင်ကြဖို့မေ့လျှော့ခဲ့ကြရာကနေ လုစရာတွေ များစွာ ကိုပုံသဏ္ဍာန်မျိုးစုံနဲ့ လုလာကြတယ်။
အဖော်၊ အစာနဲ့ နေရာတင်မကတော့ဘူး ... အောင်မြင်မှုကိုလုကြတယ်၊ အရှိန်အ၀ါကို
လုကြတယ်၊ အခွင့်အာဏာကိုလုကြတယ်။ တစ်ချို့ ယဉ်ယဉ်ကျေးကျေး၊ တစ်ချို့က
ရိုင်းရိုင်းစိုင်းစိုင်း။
ယဉ်ယဉ်ကျေးကျေးလုကြတာတွေက ယှဉ်ပြိုင်မှုအသွင်ဆောင်လာပြီး လူ့ယဉ်ကျေးမှုတွေဖြစ် လာကြတယ်။
ရိုင်းရိုင်းစိုင်းစိုင်းလုကြတာတွေကတော့ တိုက်ပွဲအသွင်ဆောင်
လာပြီး အကြမ်းဖက်မှုတွေဖြစ်လာကြတယ်။
ဘာပဲဖြစ်ဖြစ် အားလုံးကို ခြုံပြောမယ်ဆိုရင်တော့ ကျွန်တော်တို့လူသားတွေအားလုံးဟာ
စိတ်ခံစားမှုတွေကို နည်းမျိုးစုံနဲ့ ယှဉ်ပြိုင်လုယူနေကြတဲ့ သူတွေချည်းပါပဲ။
ဇီးကွက်တွေက သူတို့ရဲ့ခေါင်းကို အရှေ့ကနေ အနောက်အထိ ၁၈၀ဒီဂရီလှည့်လို့ရတယ်တဲ့။
ကျွန်တော်တို့တွေလဲ အဲဒီ့လိုလှည့်လို့ရရင် ကောင်းမယ်နော် ...။ တစ်ခါတစ်ခါ
လူတွေကြားထဲမှာနေရင်း နောက်ကျောမလုံသလို ခံစားရတဲ့အခါတိုင်း ကျွန်တော်အဲဒီလိုတွေးမိတယ်။
အဲဒီလိုဆိုရင် ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေရဲ့ရန်က အနည်းအကျဉ်းတော့ ကင်းဝေ
းနိုင်လိမ့်မယ်လို့ထင်ရတာပဲ။ လောကထဲမှာ လူတစ်ယောက်ကို ဘယ်အတိုင်းအတာအထိ
ယုံကြည်မှုရှိရှိ နဲ့လက်တွဲရှေ့ဆက်လို့ရမလဲ ဆိုတဲ့မေးခွန်းကိုဖြေရတာ
အစိုးမရတဲ့စိတ်အလျှင်တွေကို ပုံသေနည်းထဲထည့်တွက် နေရသလိုပါပဲ။
ဘယ်တော့မှကိန်းသေမဖြစ်နိုင်တဲ့အရာတစ်ခုကို ကိန်းသေလို့
ယူဆပြီး တွက်ထားမှတော့ ထွက်လာတဲ့အဖြေကိုလဲ ဘယ်အတိုင်းအတာအထိ
မှန်တယ်လို့ယူဆနိုင်မှာလဲ ...။ ပတ်ဝန်းကျင်အခြေအနေတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အခြားသော
သက်ရောက်အားတွေရဲ့ တွန်းတိုက်တိုးဝှေ့မှုတွေကိုလိုက်ပြီး
ပြောင်းလဲမှုတွေအဆက်မပြတ်ဖြစ်ပေါ်နေကြတဲ့ စိတ်တွေနဲ့ သူသူကိုယ်ကိုယ်
ရုန်းကန်ရှင်သန်နေကြရတော့လဲ ... သူ့ကိုကိုယ်မယုံကြည်၊ ကိုယ့်ကိုသူမယုံကြည်နဲ့ သံသယတွေ၊
စိုးရိမ်စိတ်တွေ၊ နောက်ကျောမလုံတဲ့စိတ်တွေဖြစ်ဖြစ်လာကြတော့တာပေါ့။ အဲဒီ့တော့လဲ ကျွန်တော်တို့တွေအားလုံး
စိတ်အခြေအနေတွေကို တသမတ်တည်းကိန်းသေအဖြစ်မထားနိုင်သေးသရွေ့တော့ နောက်ကျောမလုံတဲ့ ခံစားမှုတွေနဲ့ပဲ
ဇီးကွက်တွေလို ခေါင်းကို ၁၈၀ဒီဂရီလှည့်နိုင်ရင်
ကောင်းမှာပဲလို့ အားကျတောင့်တနေကြရမှာပါပဲ။
ရှဥ့်တွေမှာ အလွန်လှပတဲ့ အမြီးဆုတ်ဖွားလေးတွေရှိတာအားလုံးသိကြမှာပါ ...။ ဒါပေမယ့်
အဲဒီ့အမြီးတွေက လှဖို့သက်သက်အတွက်
မဟုတ်ပဲ ... သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ ဟန်ချက်( Balance ) ကို
ထိန်းညှိဖို့အတွက် ရှဥ့်လေးတွေက အသုံးပြုကြတယ်တဲ့ ...။ အဲဒါကြောင့်လဲ ရှဥ့်လေးတွေ
သစ်ကိုင်းတစ်ခုကနေ တစ်ခုဟန်မပျက်ပဲ လွှားကနဲ လွှားကနဲခုန်ကူးနေကြတာ တွေကို
ကျွန်တော်တို့တွေ မြင်မြင်နေရတာပေါ့။ ဒီလိုကျတော့လဲ သူတို့ရဲ့ အမြီးတွေက တော်တော်အသုံးဝ
င်သားပဲလို့စဉ်းစားမိရင်း အမြီးပျက်နေတဲ့ ရှဥ့်တစ်ကောင်ရဲ့ဘ၀ကို ကျွန်တော်
တွေးမိတယ်။ ဒီကောင် သစ်ပင်ပေါ်ကနေ တဘိုင်းဘိုင်းနဲ့ ပြုတ်ပြုတ်ကျ နေမှာသေချာတယ်။
ကျွန်တော်တို့လူသားတွေမှာရော ဘ၀ရဲ့ဟန်ချက်ကို ထိန်းညှိပေးနေတဲ့အရာက ဘာလဲ ...။ ဘ၀မှာ
ဘယ်အရာတွေကို ဟန်ချက်ညီနေအောင် ထိန်းညှိရမှာလဲ ...။ကျွန်တော့်ရဲ့မေးခွန်းကို
ကျွန်တော်ဖြေရမယ်ဆိုရင်တော့ ဘ၀မှာဟန်ချက်ညီအောင် အထိမ်းသင့်ဆုံးအရာကတော့
စိတ်ဖြစ်ပြိး ... ဘာနဲ့ထိမ်းညှိရမလဲဆိုရင်တော့ ဗုဒ္ဓဘာသာပီပီ တရားတော်တွေနဲ့
ထိမ်းညှိပါလို့ပဲဖြေရမှာပါပဲ။
ကိုယ့်စိတ်ကိုကိုယ် ဟန်ချက်ညီအောင် မထိမ်းနိုင်ကြတဲ့သူတွေ ဟိုဘက်စွန်း၊ ဒီဘက်စွန်းရပ်ပြီး လောကကိုအကျည်းတန်အောင်
လုပ်နေကြတာတွေကို နေရာတိုင်းမှာ ကျွန်တော်တို့တွေ့မြင်နေကြရတာပဲလေ။ ကျွန်တော်ကတော့ သူတို့တွေ တစ်ချိန်ချိန်မှာ
ရှဥ့်အမြီးပြတ်တွေလို တဘိုင်းဘိုင်းနဲ့ ပြုတ်ကျလာကြမှာကိုြ ကိုပြီးမြင်ယောင်နေမိပါသေးတယ်။
တိရိစ္ဆာန်တွေနဲ့ပတ်သက်တဲ့ထူးထူးခြားခြားအချက်လေးတွေကိုရေးထားတဲ့
စာအုပ်လေးကိုဖတ်ကြည့်နေရင်းက ဟိုဟိုဒီဒီ တွေးမိတာ လေးတွေပါ။ ဖတ်ကြည့်ပြီး
ဘာမှလဲအကျိုးမရှိပါဘူးကွာလို့ ယူဆကြရင်တော့ ဒီမှာတင် အထက်ကစာသားတွေအားလုံးကို မေ့ပစ်လိုက်လို့ရပါပြီ။

6 comments:
နာကတော့ အကောင်ဟုတ်ဘူး တယ်ရင်းတွေကပြောတယ် ရွက်ကျပင်ပေါက်တဲ့ :( (ရောက်တဲ့ အရပ်မှာပျော်နေလို့ )
လူတွေလည်း မကြာခင်ပြန်ပေါက်လာတော့မှာပါ... ခဏစောင့်... (နောင်တစ်သက်ဖြစ်ကောင်းဖြစ်မည်) အမေရိကားက နည်းပညာတွေ့သွားပြီ...
These animals are some nature's leaders who lead and teach humans in unique ways.
Great post!!
5 stars ....
:D :D
အရမ်းကောင်းတယ်၊ ကိုယ်လဲဇီးကွက်လို၁၈၀ ဒီဂရီလှည့်လို့ရချင်တယ်၊ နောက်ကျောကို ဓါးနဲ့အထိုးခံရပေါင်းများလို့ သုမနကျောမှာ ဒဏ်ရာတွေ ဗလပွနဲ့ဖြစ်နေလို့ ဘယ်သူ့ကိုမှ စိတ်ချလက်ချမယုံကြည်ရဲတော့ဘူး၊ အရမ်းအဖိုးတန်တဲ့အတွေးအခေါ်လေးပါ၊ မအိမ်ချမ်းမြေ့လိုပဲ ကိုယ်လဲ ၅ စတားပဲ၊ ကိုယ်လဲရှဉ့်လေးတွေလို ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့ ကြိုးစားနေဆဲပါ၊ ဒါပေမယ့် ဘယ်တော့ အမှီးပြတ်ခံရမလဲဆိုတာတော့ ကံတရားပဲပေါ့
တွေးပုံလေးတွေ သဘောကျတယ်..း)
Post a Comment