Pages

Thursday, May 31, 2007

အင်္ဂါမစုံတဲ့ကောင်းကင်

စင်ကာပူမှာ ခဏအလုပ်သွားလုပ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ သူများတကာတွေ နိုင်ငံခြားရောက်ရင် တအားပျော်နေသလောက် ကျွန်တော်ကတော့ Homesick က ပျောက်ကိုမပျောက်တာ ဘာကြောင့်လဲမသိပါဘူးဗျာ။ အခုတော့ အိမ်မှာပဲ အဖေဖျော်ထားတဲ့ ကော်ဖီကို အမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့ ပျော်ပျော်ကြီး စားသောက်နေတယ်ဗျို့ ...။


အင်္ဂါမစုံတဲ့ကောင်းကင်


ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။

လူစုံအောင်စောင့်တတ်တဲ့
မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။

မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို
ဘယ်လိုမှမကုနိုင်ပါဘူး ...။

မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။

အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ ...
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။

5 comments:

Unknown said...

အေး ငါလည်း စားမယ် သောက်မယ်၊ အမေကြော်ထားတဲ့ ၀က်သားကြော်ကို အဖေ့သိမ်းထားတဲ့ Chevasနဲ့လေ။ ဟီးဟီး

ညီညီ(သံလွင်) said...

အားကျတယ်ကွာ .. ဘာပဲဖြစ်ဖြစ် မင်းကံကောင်းပါတယ်။ ငါတို့ ဇင်ကိုလတ်တို့ဆို စလုံးမှာ နှစ်ချို့နေပြီ။ ကိုယ့်မွေးရပ်မြေကို တချိန် ပြန်နေဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ရှိနေပြီး လက်တွေ့ ခုထိ ဖြစ်မလာသေးဘူး..

NayPhoneLatt said...

Chevas ပုလင်းထောင်ပြီး BE သောက်တာများကွာ လာကြွားနေသေးတယ်

Anonymous said...

ငိုချင်ရက်လက်တို့ ဆိုသလိုပဲ နဂိုကတည်းက အိမ်ကိုလွမ်းနေတာ ဒီကဗျာလေးကိုဖတ်ရတော့ ရင်ထဲမှာ တလှိုက်လှိုက်နဲ့။အမေ၊အဖေနဲ့ ရွာကိုလွမ်းလိုက်တာ။ ကျောင်းတက်ချင်လွန်းလို့သာ အိမ်နဲ့ခွဲနေရတာ အစ်ကိုကြီးပြောသလိုပဲ သူများနိုင်ငံမှာတစ်ရက်မှကိုမပျော်ဘူး။ အိမ်ကိုပြန်ချင်လိုက်တာဗျာ။ ဒီကဗျာလေးကို ကူးယူထားလို့ရမလားအစ်ကိုကြီး။ ဘယ်မှာမှ မတင်ပါဘူး။ ကူးယူလို့ရမယ်ဆိုရင် နောက်တစ်ခေါက်လာရင် ညီမလေး ဒီကဗျာလေးကိုကူးထားချင်ပါတယ်ရှင့်။

Anonymous said...

ဒီကဗျာလေးဖတ်လိုက်မှဘဲ အိမ်ကိုပိုသတိရမိသွားတယ်..ဘယ်တော့မှများ မိသားစုနဲ့အတူတူနေနိုင်မလဲမသိတော့ဘူးဗျာ..:'(