Pages

Sunday, May 20, 2007

မငြိမ်းသင့်တဲ့ အလင်း ...

မငြိမ်းသင့်တဲ့ အလင်း ...


အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးတိုင် ထွန်းလင်းနေကြတယ်။ သူတို့ဟာ ဘယ်သူမှမကြားနိုင်တဲ့လေသံနဲ့ တစ်ယောက်ကိုတစ်ယောက် စကားတွေပြောလို့ ...
ပထမဖယောင်းတိုင်ရဲ့နာမည်က ငြိမ်းချမ်းရေးတဲ့ ...။ သူက အခြားဖယောင်းတိုင်တွေကို စပြောတယ်။
`ဘယ်သူမှ ငါ့ကိုမထိန်းသိမ်းကြတော့လဲ.. ငါ ပျောက်ကွယ်ရတော့မှာပဲလေ´
သူက ပြောရင်းဆိုရင်းပဲ ... လုံးဝငြိမ်းသွားတယ် ...။
အဲဒီ့အချိန်မှာပဲ ယုံကြည်မှုလို့အမည်ရတဲ့ ဖယောင်းတိုင်လေးက ဆက်ပြောတယ်။
`ငြိမ်းချမ်းခြင်းမရှိတော့တဲ့နောက်မှာ ငါလဲဘယ်သူ့ကိုမှမျှဝေပေးနိုင်ခြင်းမရှိပဲ ဆက်လက်ထွန်းလင်းနေရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ထင်လာပြီ ...´
သူ့စကားမဆုံးသေးခင်မှာပဲ ညင်သာတဲ့လေညင်းလေးက သူကိုတိုက်ခတ်ငြှိမ်းသက်သွားတယ်။
တတိယဖယောင်းတိုက်လေးကတော့ ချစ်ခြင်းမေတ္တာဖြစ်တယ်။ သူကလဲ ၀မ်းပမ်းတနည်းနဲ့ ...
` ငါလဲ ဆက်လက်ထွန်းလင်းဖို့အတွက် အားအင်တွေခြောက်ခမ်းကုန်ပြီ ... လူတွေက ငါရဲ့အရေးပါမှုကိုမသိကြပဲ ငါ့ကိုဘေးဖယ်ထားကြတယ်။ သူတို့ရဲ့ အနီးဆုံးမှာရှိကြတဲ့သူတွေကိုတောင် ချစ်ခြင်းမေတ္တာတွေပေးကြဖို့ သူတို့မေ့နေကြပြီ´
သူလဲ အဲဒီ့စကားရဲ့အဆုံးမှာပဲ ထွန်းလင်းမှုတွေရပ်သွားခဲ့တယ်။
အဲဒီ့အချိန်မှာပဲ ကောင်လေးတစ်ယောက် အခန်းထဲကိုဝင်လာတယ် ။ ဖယောင်းတိုင်လေးချောင်းမှာ သုံးချောင်းက ငြိမ်းပြီး တစ်ချောင်းတည်း ထွန်းလင်းနေသေးတာကိုသူတွေ့လိုက်ပြီး စိတ်ညစ်သွားတယ်။
အဲဒီ့အချိန်မှာပဲ နောက်ဆုံးထွန်းလင်းနေသေးတဲ့ ဖယောင်းတိုင်လေးက ကောင်လေးကြားအောင် လေသံကိုမြှင့်ပြီး ပြောလိုက်တယ်။
`စိတ်မညစ်ပါနဲ့ ကလေးရယ် ... ငါထွန်းလင်းနေသေးသရွေ့ မင်း သူတို့ကို ပြန်ပြီး ထွန်းညှိပေးလို့ ရပါသေးတယ်´
အဲဒီ့စကားသံကိုကြားတော့ ကောင်လေးလဲ ကျန်နေသေးတဲ့ဖယောင်းတိုင်လေးတစ်ချောင်းကိုယူပြီး ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို လိုက်ပြီးမီးညှိလိုက်တယ်။ အခုတော့ အခန်းလေးထဲမှာ ဖယောင်းတိုင်လေးတိုင်လုံးထွန်းလင်းနေကြပါပြီ ။
အဲ ... နောက်ဆုံးကျန်တဲ့ဖယောင်းတိုင်လေးရဲ့နာမည်က မျှော်လင့်ချက်တဲ့ ...။


ဒီပုံပြင်လေးထဲကလိုပဲ ကျွန်တော်တို့တွေအပြင်မှာဖြစ်တတ်ကြတယ် ...။ ကံကြမ္မာရဲ့ တွန်းထိုးတိုက်ခိုက်မှုတွေကြောင့် တစ်ခါတစ်ရံမှာ ဘ၀ရဲ့ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်မှာမှရှာလို့ မရနိုင်အောင် ဖြစ်တတ်ကြတယ်။ လောကဓံတရားဆိုတာကြီးရဲ့ လက်ရှစ်ဖက်နဲ့ မနားတမ်းစစ်ဆင်မှုကို တရစပ်ခံနေရတဲ့အခါမျိုးတွေမှာပေါ့ ...။ ကိုယ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့ငြိမ်းချမ်းခဲ့တဲ့အချိန်ကာလတွေ၊ အခြေအနေတွေကို ထိမ်းသိန်းရကောင်းမှန်းမသိခဲ့တာကြောင့် ၊ ကိုယ့်လိုပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်း ငြိမ်းချမ်းခြင်းဆိုတာကို ထိမ်းသိန်းဖို့မေ့လျော့ခဲ့ကြတာကြောင့် ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့တွေ ကြုံကြရတယ်။ အဲဒီ့လိုအချိန်မျိုးမှာဆို ကျွန်တော်တို့တွေ ဘယ်သူ့ကိုယုံကြည်ရကောင်းမှန်းမသိသလို၊ မိမိကိုယ်ကိုယုံကြည့်မှုတွေလဲ ပျက်ယွင်းနေကြမှာသေချာပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာလဲ အဲဒီ့လိုအချိန်မျိုးမှာ သိပ်ကိုခြောက်ခမ်းနေမှာပါ ...။ ကိုယ့်အနီးအနားမှာရှိနေတဲ့သူတွေကိုတောင် မမြင်နိုင်တော့ပဲ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ပဲ နပမ်းလုံးနေရတဲ့အချိန်အခါမျိုးပေါ့ ...။ ဘ၀မှာ ငြိမ်းချမ်းမှုဆိုတာမရှိတော့ဘူး၊ ယုံကြည်မှုတွေလဲပျက်ယွင်းကုန်ကြပြီ၊ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ယုယကြင်နာမှုတွေလည်း မရှိနိုင်တော့ဘူး ...။ ဒါလိုဆိုရင် ဘ၀ဆိုတာဘာမှနေပျော်စရာမကောင်းတော့ပါဘူး ...။ ဒါပေမယ့် အဲဒီ့လိုအခြေအနေမျိုးကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့အတွက် ဘယ်တော့မှမငြိမ်းသင့်တဲ့အလင်းကတော့ မျှော်လင့်ခြင်းပါပဲ ...။ မျှော်လင့်ချက်မရှိတော့ဘူး ဆိုတဲ့အတွေးအထင်တစ်ခုကို လွယ်လွယ်ကူကူလက်ခံလိုက်တဲ့စိတ်အခြေအနေတစ်ခု ကျွန်တော်တို့မှာ ရှိမနေဖို့လိုပါတယ်။

2 comments:

ဂျစ်တူး - gyit_tu said...

နေဘုန်းလတ်ရေ... ဒီပို့စ်လေးကောင်းတယ် ။ ဟုတ်တယ်.. တို့တတွေတွက် မျှော်လင့်ချက်ရောင်ကြည်လေး ရှိနေသမျှ.. အရာရာကို ပြန်လည်ထွန်းလင်းနိုင်ကြမှာပဲ ။

ဒါနဲ့ စကားမစပ် မင်းပို့စ်တင်တဲ့အခါ တလိုင်းနဲ့တလိုင်း ခြားတာ မလုပ်ဘူးနော် ။ လုပ်ရင် ပိုရှင်းမယ် ထင်တယ်း) အကြံလေး ပေးတာပါ ။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ဟုတ်ကဲ့ နောက်တစ်ခါပို့စ်တင်တဲ့အခါ စမ်းကြည့်လိုက်ပါ့မယ် ခင်ဗျာ ...။ ပို့စ်တစ်ခုတည်းနဲ့ တစ်မျက်နှာလုံးပြည့်သွားမှာတော့ စိုးရိမ်ရတယ်ဗျ ... နော်။