Pages

Sunday, May 27, 2007

ကျွန်တော်နှင့် လောကမှတ်တိုင်များ

ကျွန်တော်နှင့် လောကမှတ်တိုင်များ

A. ကံကြမ္မာက
အနုပညာမြားတစ်စင်းကို
ချစ်ခြင်းသက်သက်နဲ့ ပစ်ခွင်း
ကိုယ့် ရင်တစ်ခွင်လုံးလင်းခဲ့ပြီ ...။

B. သူတစ်ပါးတွေကိုကြည့်ပြီး
ကိုယ့်ကိုယ်ကို ပြန်မကြည့်မိသူများ
မှန်ရှေ့မှာ အချင်းများကြ၏။

C. ကရဣဋ်ရာသီဖွား
ဂဏန်းတစ်ကောင်လို ဘေးတိုက်သွားရင်း
ပတ်ဝန်းကျင်ကိုစမ်းစစ်
အချို့တွေ ...
ကိုယ့်ကိုထားရစ်ကြပြီ။

ီD. ကြယ်တွေကိုလုပ်ကြံပြီး
အမြင့်ပျံကြသူများ
သေခြင်းတရားနှင့်တွေ့မှ
သွေးပျက်ပြေးထွက်ကြမည်လား။

E. နှင်းဆီနံ့တသင်းသင်းနှင့်
ကမ္ဘာမြေကို ကိုယ်နင်းခဲ့သည်
ဖြစ်နိုင်မည်ဆိုက
ကိုယ့်ကိုယ်ကိုကိုင်မြှောက်
အလေးအပင်တွေကို ဖျောက်ချင်သည်။

င်္F. အတိတ်တို့ကိုဆင်ခြင်
ပစ္စုပ္ပါန်ကိုပြင်ဆင်ရင်း
အနာဂတ်ကိုဆင်ယင်ဆဲ ...။

G. နှင်းခိုးတို့ငွေ့ငွေ့ဝေ
ဆောင်းည နဲ့ နံနက်တွေမှာ
ငြိမ်းချမ်းရေးချိုးငှက်
မျိုးဆက်သစ်တွေကို ပေးအပ်ကြပြီ။

H. အိမ်ကလေးတွေထဲက
စုံညီညီမိသားစုများ
ထမင်းအတူတူစားကြပြီ။

I. အဖြူရောင်စိတ်ကူးများ
လေထုထဲပျောက်သွား၏
မြင်ကွင်းတွေကိုကြည့်ငေး
ကိုယ်တိုးတိုးလေးတွေးမိသည်။

ဲJ. ယမ်းငွေ့တွေခြုံလွှမ်း
ဒုက္ခတွေခင်းတဲ့လမ်းမှာ
ကမ္ဘာဦးထဲကကျမ်း
တရားမျှတမှုမျိုးကိုလွမ်းသည်။

K. လဲကျသူများထပါလေ
အကြင်နာတရားနှင့်လက်ကမ်း
အတူတူဆက်လှမ်းကြမည်။

L. အလင်းရောင်ရှိရာအရပ်
ကိုယ်ဦးတည်ရှေ့ဆက်မည်
မမြင်ချင်သူတွေ မျက်စိမှိတ်
နိုးလျက်နှင့် အိပ်ကြသည်။

M. ဘ၀ကို ...
အသေးငယ်ဆုံးဆွဲချုံ့
ခေါင်းငုံ့နေခဲ့သည်။
တောက်ပချင်သူတွေ
ထွန်းလင်းကြပါစေ ...။

N. ဆန္ဒတွေအပြည့်အသိပ်နှင့်
မျက်စိဖွင့်အိပ်နေသူများ
ဗလာဟင်းလင်းစိတ်ထားနှင့်
ကိုယ် ... ငေးကြည့်သနားဖူးသည်။

O. ဆန့်ကျင်ဘက်များနှင့်
ယိမ်းနွဲ့လှပနေသော ကောင်းကင်
ကြည့်မြင်ဆင်ခြင်ကြပါလေ ...။

P. အမှန်းမရှိတဲ့မြို့ရိုးက
သံလွင်ပင်ကိုအရခိုး
ကမ္ဘာမြေမှာကိုယ်ပျိုးမည်။

ှQ. အဖြေမရှိသောမေးခွန်းများ
လောကထဲလမ်းသလားကြ၏
မျက်ကွယ်ပြုကျောခိုင်း
ကိုယ့်နေ့တွေရိုင်းခဲ့ဖူးသည်။

ွR. ပေတံတွေကိုယ်စီကိုင်လို့
လမ်းဘေးတွင်ထိုင်နေသူများ
ကိုယ့်ကို တိုင်းတာသတ်မှတ်သွားကြသည်။

S. အတ္တတွေကိုစားသုံး
တော်ရာမှာနေလိုက်ဦးတဲ့
နတ်ဆိုးတို့ရဲ့အသံ
ကိုယ့်နားထဲ ညံ၏။

T. သစ္စာတရားလက်တစ်ဆုပ်ကို
သိမ်းထုတ်ကျောပိုး
ဟိုမှာ ...
မာယာတွေရှေ့တစ်လှမ်းတိုးကြပြီ။

U. စကြ၀ဠာတနံတလျား
ကိန်းဂဏန်းတွေ ခမ်းနားနေကြ၏
သုညတွေကို ကိုင်စွဲ
ကိုယ့်လမ်းကိုယ် လျှောက်ရဲရမည်။

V. လောကဓံက ...
ကဝေလက်ချောင်းတွေနဲ့ကပြ
ကိုယ်က ...
ကဗျာတွေပဲပွင့်ပြခဲ့သည်။

ွှW. လောကမှော်ရုံထဲ
လမ်းကြောင်းတွေ ဖြာကွဲကြ၏
ကိုယ်ရွေးခဲ့တဲ့လမ်း
ကိုယ့်သွေးတွေလဲ ခမ်းပါစေလေ။

X. ကြက်ခြေခတ်တွေ လင်းလင်းပြနေတဲ့
ချို့တဲ့သူတို့ရဲ့ ညနေခင်းများ
ရဲရင့်ဖြူစင်နိုင်ကြပါစေသား ...။

Y. အလင်း၏စေတမာန်များ
မြေပြင်မှာ ၀င်းပတောက်စားကြ၏
အနာဂတ်၏ တစ်ခဏမှာ
တရားမျှတခြင်း၏ သင်္ကေတ
အ၀ါရောင်တွေဖြန်းပက်လိုက်ကြပြီ။

Z. ကိုယ် အိပ်ပျော်သွားခဲ့ပြီ ...
ကိုယ် ... အိပ် ... ပျော် ... သွား ... ခဲ့ ... ပြီ ...။ ။
နေဘုန်းလတ်

သံလွင်အိပ်မက် အမှတ်(၃) မှာ နွေလေဆိုတဲ့နာမည်နဲ့ ရေးခဲ့တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို စင်ကာပူနိုင်ငံမှာ ခဏတာအလုပ်သွားလုပ်ချိန်တုန်းက ရေးခဲ့တာဖြစ်ပါတယ် ...။ ကျွန်တော့်ဘ၀ရဲ့ A to Z လို့လဲ ပြောလို့ရတဲ့ကဗျာလေးဖြစ်ပါတယ်။ အခု ကျွန်တော်ဘယ်အက္ခရာနားကိုရောက်နေပြီလဲ ဆိုတာတော့ ကျွန်တော်လဲသေသေချာချာမသိပါဘူး ...။ ဒါပေမယ့် နောက်ဆုံးမှာ အ၀ါရောင် တွေဖြန်းပက်ထားတဲ့ တရားမျှတမှုရှိတဲ့လောကတစ်ခုကို မြင်တွေ့သွားပြီးမှ ကျွန်တော် အိပ်ပျော်သွားချင်တယ်ဗျာ ...။

2 comments:

Zin Ko Latt said...

UPGနဲ့ ဆေးချယ် . . . .ငါ UPG အ၀ါရောင်ဆေးဘူးတစ်ဘူး ၀ယ်ပေးလိုက်မယ်။ ကိုယ့်ဘာသာ ကိုယ်သုတ်လိုက်။

နရီမင်းခင် said...

ကိုကိုနေဘုန်းလတ်
ဘယ်နေရာကိုရောက်နေပြီလဲဆိုတာကို အရင်သိအောင်လုပ်ပါ..နောက်မှ ကိုကိုဇင်ကိုလတ်ပြောသလို UPG ဝယ်သင့်ရင်ဝယ်လိုက်ပေါ့... ;)