Pages

Sunday, May 13, 2007

ဒေါ်လာ ၂၀

ဒေါ်လာ ၂၀

အလုပ်တွေအရမ်းများနေတာနဲ့ ဒီနေ့လဲ ထုံးစံအတိုင်း သူအိမ်ကိုနောက်ကျမှပြန်ရောက်တယ်။ အိမ်ပြန်ရောက်ရောက်ခြင်းမှာပဲ အိမ်ပေါက်ဝမှာသူ့ကိုထိုင်စောင့်နေတဲ့ ၅နှစ်အရွယ်သားငယ်က သူအိမ်ပေါ်မရောက်သေးခင်မှာပဲပြောတယ်။
` သား အဖေကိုတစ်ခုလောက်မေးချင်လို့ပါ ...´
` မေးလေ ... သားရဲ့ ... ဘာများတုန်း´
` အဖေအလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်´
သူ့သားရဲ့အမေးကြောင့် မောပန်းတကြီးနဲ့ပြန်လာတဲ့သူ နဲနဲဒေါသထွက်သွားတယ်။
` အဲဒါ မင်းအလုပ်လား ...၊ ဘာလို့ ငါ့ကို ဒါတွေလာမေးနေရတာလဲ ...´
သူက စိတ်ဆိုးတကြီးနဲ့ အော်လိုက်ပေမယ့် သားငယ်က စိတ်လျှော့မသွားပဲ မျက်နှာငယ်လေးနဲ့ ထပ်မေးတယ်။ ` သားသိချင်လို့ပါအဖေရဲ့ ...။ အဖေ အလုပ်လုပ်တာ တစ်နာရီဘယ်လောက်ရတယ်ဆိုတာသာ ပြောပြပါ´
` မင်း ဒီလောက်သိချင်နေလဲ ငါပြောပြမယ် ...။ ငါ တစ်နာရီကို ဒေါ်လာ၂၀ ရတယ်ကွာ´
သူ့အဖြေကိုကြားတော့ သားက ခေါင်းငိုက်စိုက်ကျသွားတယ်။ နောက်တော့မှ သူ့ကို မ၀ံ့မရဲမော့ကြည့်ပြီး ...
`ဒါဆိုရင် သားကို ၁၀ဒေါ်လာလောက် ခဏချေးပါလားအဖေရယ် ...´
သူ့သားက အဲဒီ့လိုပြောတော့ သူတော်တော်စိတ်ရှုပ်သွားတယ်။
` ဘာမှအဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်ဖို့ ဒါမှမဟုတ် အရုပ်တစ်ရုပ်ဝယ်ဖို့အတွက် မင်းဒီပိုက်ဆံကိုတောင်းတယ်ဆိုရင်တော့ ... မင်း ကိုယ့်အခန်းထဲကိုယ်ပြန်၊ ကိုယ့်အိပ်ယာမှာကိုယ်သွားအိပ်ပြီး မင်းဘာကြောင့် ဒီလောက်တောင်တစ်ကိုယ်ကောင်းဆန်ရသလဲဆိုတာကို ကိုယ်ဖာသာကိုယ် ပြန်တွေးကြည့်နေစမ်း ... သွား ... သွား။ တစ်နေ့လုံး မောပမ်းတကြီးနဲ့ အလုပ်တွေသိမ်းကြုံးလုပ်နေရတာ ငါ့မှာ ဒီလိုကလေးကလားကိစ္စတွေအတွက် အချိန်မပေးနိုင်ဘူး။ ´
သူ အဲဒီ့လို စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်တော့ သားက ဘာမှပြန်မပြောပဲအခန်းထဲဝင်သွားပြီး တံခါးကိုပိတ်ထားလိုက်တယ် ...။
သူကတော့ အခုအချိန်အထိ သူ့သားမေးတဲ့မေးခွန်းကို တစိမ့်စိမ့်တွေးပြီး ဒေါသတွေတလိပ်လိပ်တက်နေတုန်းပါပဲ။ ဒီကလေး ဒီပိုက်ဆံလေးလိုချင်တာနဲ့များ သူ့ကိုဒီလိုမေးခွန်းမျိုးဘာ့ကြောင့်မေးရတာလဲ လို့သူတွေးနေမိတယ်။ တစ်နာရီကျော်ကျော်လောက်ကြာတော့ သူနဲနဲစိတ်ပြေစပြုလာတယ် ...။ အဲဒီ့အခါကျတော့မှ သူ့သား တစ်ခုခုကိုဝယ်ဖို့ ပိုက်ဆံတကယ်လိုအပ်နေလို့ သူ့ဆီကပိုက်ဆံတောင်းတာပဲ ဖြစ်မယ်လို့ သူသွားစဉ်းစားမိတယ်။ အရင်ကဆို သားက ဘယ်တုန်းကမှ ပိုက်ဆံကိုများများစားစားတောင်းတတ်တာမဟုတ်ဘူးလေ။ အဲဒါနဲ့ သူ သားရဲ့အခန်းနားကိုသွားပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။
` သား ... အိပ်နေပြီလား´
သူ့ရဲ့အမေးကို အိပ်မပျော်သေးတဲ့သားက ချက်ချင်းပဲပြန်ဖြေတယ်။
` မအိပ်သေးပါဘူး ... အဖေ´
` အဖေသားကိုပြောလိုက်တာလွန်သွားတယ်ကွာ ... ဒီရက်ပိုင်း အဖေလဲအလုပ်အရမ်းများနေတာနဲ့ သားကိုလဲ ခဏခဏအော်နေမိတယ် ... ရော့ရော့ ဒီမှာ သားလိုတဲ့ ၁၀ ဒေါ်လာ ...´
သူ့စကားကိုကြားတော့ သားက အိပ်ယာထဲကနေလူးလဲထပြီး အော်တယ် ...
` ဟေး ... ဒါမှ တို့ဖေဖေကွ ...´
နောက်ပြီး သားက ခေါင်းအုံးလေးကိုလှန်၊ အောက်ကနေငွေစအချို့ကိုဆွဲထုတ်ပြီးရေနေတယ် ...။ ဒါကိုမြင်တော့ ပိုက်ဆံတွေရှိနေရက်သားနဲ့ သူ့ဆီကနေထပ်တောင်းရပါ့မလားလို့တွေးမိပြီး သူဒေါသထွက်သွားတယ်။
` မင်း ... ပိုက်ဆံတွေရှိနေရက်သားနဲ့ ဘာလို့ငါဆီကနေထပ်တောင်းရတာလဲကွ ... ငွေရှာရတာလွယ်တယ်များမှတ်နေလား ... မင်းတို့တွေ တော်တော်ခက်တာပဲ ...´
` သားမှာရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ပါ ... ဖေဖေ။ အခုတော့ လောက်သွားပြီ ...။ သားလုပ်ချင်တာလုပ်လို့ရပြီ။´
` မင်းကဘာလုပ်ချင်လို့လဲ ကွ ...´
` အဖေ ... အခုသားမှာ ... ဒေါ်လာ ၂၀ရှိပြီ ...။ အဖေရဲ့ အချိန်တစ်နာရီလောက် သားကိုရောင်းပါလား ... အဖေ။ မနက်ဖြန် တစ်နာရီလောက်စောပြီး အိမ်ကိုပြန်ခဲ့ပါ။ သား အဖေနဲ့ ညစာအတူတူစားချင်လို့ပါ ...´
သူ ... ဘာပြန်ပြောရမှန်းမသိအောင်ကို စွန့်အသွားတယ် ...။ ။

-------------------------------------

သူငယ်ချင်းတစ်ယောက်လှမ်းပို့ပေးတဲ့ Power Point Slide Show လေးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ နားလည်မှုဆိုတဲ့စကားလုံးဟာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အင်မတန်မှကိုအရေးပါပါတယ်။ မိဘနဲ့သားသမီး ဆက်ဆံရေးမှာလည်း ဒီနားလည်မှုဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပြောစရာတွေရှိနေပါတယ်။မိဘတိုင်း မိဘတိုင်းမှာသူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံး ထောက်ပံ့ ပေးချင်တဲ့စိတ်တွေရှိနေတယ်ဆိုတာသေချာပါတယ်။ စိတ်ရှိသလိုပဲ ... မိဘတွေဟာပေးဆပ်မှုတွေအထပ်ထပ်နဲ. သူတို.သားသမီးတွေရဲ့ဘ၀ကိုအစွမ်းကုန်မြှင့်တင်ပေးနိုင်ဖို့ကြိုးစားကြပါတယ်။ မိဘလုပ်သူတွေဟာ အလုပ်တွေကို အစွမ်းကုန်ကြိုးစား လုပ်ကြပြီး သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိကလိုအပ်တဲ့ ငွေကြေးဥစ္စာကို အသည်းအသန်ရှာဖွေကြလေ့ရှိပါတယ်။ ဒါပေမယ့် ... လွဲချော်မှုတစ်ချို့တစ်ဝက်နဲ့အတူ ... မိဘတွေရဲ့အထောက်အပံ့တွေ၊ ပံ့ပိုးပေးမှုတွေဟာအရာမရောက်ဖြစ်သွားရတာမျိုးတွေရှိလာပါတယ်။ ဘာဖြစ်လို.ပါလဲ ... မိဘတွေအနေနဲ့ သူတိုရဲ. ကလေးတွေ ဘာကိုအမှန်တကယ်လိုအပ်နေတယ်ဆိုတာကို နားလည်သဘောမပေါက်လို့ပဲဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေ အလျှံအပယ်နဲ့ မိဘမေတ္တာငတ်နေကြရရှာတဲ့ကလေးငယ်တွေ၊ ခေတ်မီဆန်းသစ်တဲ့ကစားစရာတွေအပုံအပင်ရဲ့ အလယ်မှာ မိဘတွေရဲ့အိမ်ပြန်အလာကို စောင့်မျှော်နေကြရရှာတဲ့ကလေးငယ်တွေ၊ ဟင်းအမယ်အစုံအလင်နဲ့ ပြည့်ပြည့်စုံစုံခင်းကျင်းပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကြီးအလယ်မှာ မိဘတွေနဲ့ ညစာအတူစားခွင့်ကို တောင့်တနေကြရရှာတဲ့ကလေးငယ်တွေ၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာကြီးပေါ်မှာ မိဘတွေပြောပြမယ့် အိပ်ရာဝင်ပုံပြင်တွေကို မျှော်လင့်နေကြရတဲ့ကလေးငယ်တွေ ... လောကကြီးထဲမှာ ဒီလိုပုံရိပ်တွေကိုကျွန်တော်တို့တွေ့နေရခြင်းဟာ မိဘတွေနဲ့သားသမီးတွေကြားက နားလည်မှုလွဲချော်ခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ ဖြည့်ဆည်းပေးမှုတွေဘယ်လောက်ပဲများများ ... အဲဒါတွေဟာလိုအပ်မှုတွေနဲ့ ထပ်တူကျမနေဘူးဆိုရင် ... ဒါတွေဟာဘာမှအရာမရောက်တဲ့အပိုစာသားတွေပဲဖြစ်နေမှာပါ။
ကျွန်တော်ကတော့ အလုပ်တွေအရမ်းများနေကြတဲ့မိဘတွေကို သူတို့ရဲ့ကလေးငယ်တွေကိုယ်စား တစ်ခုလောက်တောင်းဆိုချင်ပါတယ် ... တန်ဖိုးကြီးလှတဲ့ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေထဲက နဲနဲလောက်ဖြစ်ဖြစ်ကို ကလေးတွေအတွက် ပေးဖြစ်အောင်ပေးကြပါလို့ ...။


နေဘုန်းလတ်

6 comments:

Yan said...

ကောင်းလိုက်တဲ့မေတ္တာသရုပ်ဖော် ဇာတ်လမ်းလေးဗျာ.
ကိုနေဘုန်းလတ်က တစ်ခါဆို ဆိုသလောက် ရေးတာ ကျန်ခဲ့တယ်.
ကျွန်တော့်ရင်ထဲမှာတောင် ဆို့တို့တို့ဖြစ်သွားတယ်.
Two Thumbs Up!

:D

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

သူငယ်ချင်းတစ်ယောက်လှမ်းပို့ထားတဲ့ slide show လေးကို ကျွန်တော် ဘာသာပြန်ထားတာဗျ။ ဘယ်သူရေးထားတာလဲတော့မသိဘူး ... ။

Saturngod said...

ကြိုက်တယ်ဗျာ... အရမ်းကြိုက်တယ်... အရမ်းကောင်းတယ်..

mgthantzin said...

ခံစားမှုကို ဆွဲယူသွားနိုင်တဲ့ Post လေးတစ်ခုပါပဲ။

Min Thu said...

great translation and touching! :)

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

Thanks for ur comments.