ဖြစ်ရပ် (၄)
ဆရာက ကျောင်းသားတွေအားလုံးရှေ့မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ဒီလိုပြောပါတယ်။
[မင်းတို့အားလုံး လက်ညှိုးထောင်လိုက်ပါ]
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစားကြည့်နေကြရာကနေ ဆရာလုပ်သလို လက်ညှိုးထောင်ကြ ပါတယ်။ အဲဒီအချိန်မှာပဲ ဆရာက သူ့ရဲ့နားထင်ကို လက်နဲ့လှမ်းထောက်ပြီး ...
[အဲဒီလက်ညှိုးနဲ့ ကိုယ့်နဖူးကိုယ် ထောက်လိုက်ကြပါ] လို့ ထပ်ပြောပါတယ်။
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက်ကြပါတယ်။ ခဏနေမှ သူတို့ မှားသွားကြမှန်း အားလုံးက သဘောပေါက် လိုက်ကြပါတယ်။ ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ။
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ့အမြင်ရဲ့ တစ်ထပ်တည်းမကျမှုကို ကျွန်တော်တို့ သိမြင်နိုင်ပါလိမ့်မယ်။ တစ်ပြိုင်တည်းလို့ ထင်ရပေမဲ့ တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို အရင်ရောက်သွားတဲ့သဘောပါ။ အမြင်အာရုံဟာ အလင်းမှာ အခြေခံပြီး အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်။ အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက် ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ရတာပါ။ မိုးကြိုးပစ်ရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီးနောက် ဆယ်စက္ကန့်လောက်ကြာမှ အသံကို ကြားရတာဟာလည်း ဒီသဘောအတိုင်းပါပဲ။ ဒီသဘောတရားလေးကို ကျွန်တော်တို့ သေသေချာချာ နားလည်မယ်ဆိုရင် စကားပြောတဲ့အခါမှာ ဟန်ပန်အမူအရာနဲ့ မျက်နှာနေမျက်နှာ ထားဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။ ကိုယ်ပြော မယ့်စကားနဲ့ သင့်တော်မယ့်၊ လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာနဲ့ မျက်နှာနေမျက်နှာထားကို ထားမှ သာလျှင် ကိုယ်ပြောမယ့်စကား အရာထင်မှာပါ။
အရမ်းဆိုးတဲ့ ကလေးတစ်ယောက်ကို [ငါ ရိုက်လိုက်ရ] လို့ မာန်ပြီး မျက်နှာက ပြုံးစိစိလုပ်နေမယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားဘဲ ဆက်ဆိုးနေမှာပါပဲ။ အဲဒီလိုပါပဲ၊ ကိုယ့်လက်အောက်ငယ်သားတွေကို [မင်းတို့ ငါ့ကို ပွင်းပွင်းလင်းလင်းဝေဖန်ကြပါ။ ငါ မှားတာရှိနေရင်လည်း ထောက်ပြကြပါ]လို့ ပြောနေပေမယ့် မျက်နှာက [ငါ့ကို မကောင်းဘူးလို့ ပြောလို့ကတော့ အလုပ်ထုတ်ပစ်မယ်] ဆိုတဲ့ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်။
အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ရိုးသားဖို့၊ ပြီးတော့ သတိထားဖို့ပါပဲ။ လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင် သူ့ရဲ့မျက်နှာကနေ သူ့ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်။
No comments:
Post a Comment