Pages

Thursday, March 8, 2007

အဆိုးတရားတို့ရဲ့နောက်ကွယ် ...

စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်နေချိန်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ပတ်သက်ပြီး ခံပြင်းလွန်းလို့ရေးမိတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဒေါသသံလေးတွေ နဲနဲပါနေတာကိုတော့ သည်းခံပေးကြပါလို့ ...


အဆိုးတရားတို့ရဲ့နောက်ကွယ် ...

အမည်မသိ အလုပ်သမားတစ်ယောက်ရဲ့ မိခင်ထံသို့ပေးစာ
ချစ်လှစွာသော မိခင်

ငါတို့သင့်အတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ မင်းရဲ့သားဆီကနေ မင်းမျှော်လင့်နေမယ့် ငွေကြေးတွေဟာ ဒီလကုန်မှာ မင်းဆီကိုရောက်လာတော့မှာ မဟုတ်လို့ပါ။ မင်းရဲ့ချစ်လှစွာသောသားဟာ အခုအချိန်မှာ စင်ကာပူနိုင်ငံက အစိုးရဆေးရုံတစ်ခုရဲ့ တစ်ခုသော ရေခဲတိုက်ထဲမှာ မနိုးသောအိပ်ခြင်းနဲ့ လဲလျောင်းအိပ်စက်နေခဲ့ပါပြီ။ သူဟာ ဒီနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ လုပ်သားတစ်ယောက်ဖြစ်တယ် ဆိုတာကလွဲလို့ သူ့ရဲ့နာမည်လေးကိုတောင် ငါတို့မသိခဲ့ရပါဘူး။ သူ့ရဲ့အသက်ဝိဥာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ရုပ်ခန္ဓာကြီးဟာ အခုအချိန်အထိပိုင်ရှင်မဲ့စွာနဲ့ ရေခဲတိုက်ထဲမှာ ရှိနေဆဲပါ။ လွန်ခဲ့တဲ့တစ်ပတ်က သူ့ကို အသုံးမပြုတော့တဲ့ ကားရပ်နားရာနေရာတစ်ခုမှာ တွေ့ခဲ့တာပါ။ သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်မှာ ခြောက်သွေ့နေပြီဖြစ်တဲ့ သွေးအချို့နဲ့ အဖြူရောင် ဆေးစက်တွေစွန်းထင်းနေခဲ့ပါတယ်။ သူဟာ အဖြူရောင်အင်္ကျီရှည်နဲ့ ဘောင်းဘီအစိမ်းရင့်ရောင်ကိုဝတ်ထားပြီး ခြေထောက်မှာလဲ ဖိနပ်မပါပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း အိပ်ဆောင်ဓားလေးတစ်ချောင်းနဲ့ ဦးထုပ်တစ်လုံးကလွဲလို့ သူဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြနိုင်မယ့် ဘယ်လိုအထောက်အထားမျိုးမှ ရှိမနေခဲ့ပါဘူး။ မင်းလိုပဲ ... ငါတို့လဲ သူဘယ်လိုသေဆုံးခဲ့တယ်ဆိုတာနဲ့ သူ့ကိုဘယ်သူတွေက အဲဒီနေရာမှာလာထားသွားတယ်ဆိုတာကို သိချင်စိတ်အရမ်းပြင်းပြနေကြပါတယ်။ ဒါပေမယ့် ငါတို့မှာ မေးခွန်းတွေသာ ရှိပြီး သေချာတဲ့အဖြေတွေ ရှိမနေခဲ့ဘူးလေ။ အဖြစ်မှန်ဟာ မကြားဝံ့လောက်အောင်ကို ၀မ်းနည်းစရာလည်း ကောင်းနေနိုင်ပါတယ်။ ငါတို့တွေ အမှန်တကယ် ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ရဲတွေမြန်မြန် ရှာဖွေတွေ့ရှိပါစေလို့ပဲ ဆုတောင်းနေရမှာပေါ့။ အို ... မိခင်။ မြင့်မားတဲ့ဘ၀တခုကိုပိုင်ဆိုင်နိုင်ဖို့အတွက် မင်းရုန်းကန်မြှင့်တင်ပေးခဲ့တဲ့ မင်းရဲ့သားကို အခု တစိမ်းတရံတို့ရဲ့နယ်မြေမှာ မင်းစွန့် လွှတ်ပေးဆပ်ခဲ့ရပြီနော်။ မင်းသူ့ရဲ့ အသက်မဲ့ ခန္ဓာကိုတောင် ပြန်မြင်ခွင့်ရပါ့တော့မလား ...။
သူမင်းဆီကို ပို့နေတဲ့ငွေကြေးတွေကို သူဘယ်လိုရှာနေရတယ်ဆိုတာ မင်းကိုသူပြောများပြောခဲ့သလား။ မင်းကရော သူ့ဘ၀ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းတွေ အကြောင်းကို ဘယ်လောက်များသိနေခဲ့သလဲ။ ငါတို့ သိချင်နေမိတယ်။ သူဟာ singapore ဆိုတဲ့အိမ်နီးနားချင်း နိုင်ငံတစ်ခုမှာ အလုပ်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေဆီကနေ ပိုက်ဆံတွေချေးငှားခဲ့တယ် ဆိုတဲ့အကြောင်းကို မင်းသိကောင်းသိလိမ့်မယ်။ သူကလည်း တစ်နေ့နေ့မှာ ရွှေအိုးထမ်းပြီး အိမ်ကို အရောက်ပြန်လာပြီးရင် မင်းအတွက် အိမ်လေးတစ်လုံးလောက် ၀ယ်ပေးမယ် ဆိုတဲ့စကားမင်းကို ပြောကောင်းပြောခဲ့လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့သားဟာ ဒီနိုင်ငံမှာ တရားမ၀င်နေထိုင်ပြီး အလုပ်လုပ်နေခဲ့တယ်ဆိုတာကိုတော့ မင်းသိချင်မှ သိခဲ့မှာပါလေ။
ခင်ဗျားတို့အခုဖတ်လိုက်ရတာတွေဟာ ၂၀၀၆ခု၊ မေလ ၁၅ရက်နေ့ထုတ် စင်ကာပူနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ new papers မှာပါတဲ့ စင်ကာပူနိုင်ငံသား မစ်စတာ စင်ချီရင် (Sin Chi Yin) ရေးသားထားတဲ့ သတင်းဆောင်းပါး တစ်ပုဒ်ထဲက စာသား တွေပါ။ အဲဒီ့အထဲမှာပါတဲ့ သေဆုံးသွားတဲ့ အလုပ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျမသိကြရပေမယ့် အားလုံးကတော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ အဲဒီ့လူဟာ မြန်မာလူမျိုးတစ်ယောက် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ခဏထားလိုက်ပါ။ ကျွန်တော်တို့ စဉ်းစားရမှာက လူတစ်ယောက်၊ ကိုယ့် အမိမြေကိုစွန့်ခွာပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ဖြစ်တဲ့နည်းနဲ့ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူတစ်ယောက်ဟာ ဘယ်သူဘယ်ဝါမှန်းတောင်မသိရပဲ ဂုဏ်သိက္ခာမဲ့စွာနဲ့ ခွေးသေ၀က်သေ သေသွားရလောက်အောင်အထိ ဘယ်လိုအခြေအနေတွေကများ တွန်းပို့ခဲ့သလဲ။ ဘယ်လိုအကြောင်းရင်းတွေကများ ဒီလောက်နိမ့်ကျယုတ်ညံ့ လှတဲ့ အကျိုးဆက်တွေကို မွေးဖွားခဲ့ကြသလဲဆိုတာကိုပါ။ မြန်မာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော်က အဲဒီ့ လူကို မြန်မာတစ်ယောက် အဖြစ်နဲ့ပဲ ယူဆပြီး ဆွေးနွေးပါရစေ။
ခဏလေးသာဖြစ်တဲ့ လူ့ဘ၀ထဲမှာ ဘယ်သူမှ မိသားစုနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ မခွဲခွာချင်ကြဘူးဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဆိုးဝါးပြင်းထန်လှတဲ့ စနစ်ဆိုးတစ်ခုက အဝေးရောက်သားတွေကို မွေးဖွားပေးခဲ့ပါတယ်။ အချို့တွေက ပညာအတွက်၊ အချို့တွေက ငွေကြေးအတွက်၊ အချို့တွေက လွတ်လပ်ခွင့်တွေအတွက် ...။ အဲဒီ့လို ... အဲဒီ့လိုနဲ့ ... လူငယ်တော်တော်များများရဲ့ ခြေလှမ်းတွေဟာ အမိမြေရဲ့အဝေးဆီကို ဦးတည်ခဲ့ကြရပါတယ်။ ငွေရေးကြေးရေးအတော်အသင့် အဆင်ပြေကြတဲ့သူတွေကတော့ရှိသမျှတွေ ခြစ်ချုပ်စုပြီး မိမိတို့ရဲ့ ရင်သွေးတွေကို အခြားနိုင်ငံမှာ ပညာသင်ဖို့စေလွှတ်ကြပါတယ်။ ချို့တဲ့နွမ်းပါးသူ အချို့တို့ကလည်း ၀ိုးတ၀ါးမျှော်လင့်ချက်ကလေးတွေနဲ့ပဲ ရှိစုမဲ့စုတွေထုခွဲရောင်းချလို့တစ်နည်း၊ ဟိုလူဒီလူဆီက ချေးငှားလို့တစ်ဖုံနဲ့ နိုင်ငံခြားမှာအလုပ်လုပ်ကြဖို့ကြိုးစားကြပါတယ်။ ဒီနေရာမှာ ( Job Agent) အလုပ်ပွဲစားတွေအကြောင်းကိုနဲနဲ ပြောဖို့လိုလာပါပြီ။ ပွဲစားတွေဟာ အလုပ်သမားတစ်ယောက်ကို Work Permit(WP) နဲ့ အလုပ်ရဖို့ဆိုရင် စင်ကာပူဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ လောက်အထိ တောင်းတက်ကြပါတယ်။ အဲဒီ့ပွဲစားခဟာ ပြည်ပထွက်ပြီးအလုပ်ရှာချင်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ပထမဆုံးသော ၀န်ထုပ်ဝန်ပိုးဖြစ်သလို၊ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကိုလည်း ရွေးခြယ်ဆုံးဖြတ်ခွင့်တွေနည်းသွားအောင် ချည်နှောင်လိုက်တဲ့ ကြိုးတစ်ချောင်းလဲဖြစ်ပါတယ်။ ဘာမှရေရေရာရာ လက်ဆုပ်လက်ကိုင်မပြနိုင်သေးခင်မှာပဲ အကြွေးတွေနဲ့စရတဲ့ဘ၀ပါ။ ဒီနေရာမှာလဲ မှန်ကန်တဲ့ပွဲစားနဲ့တွေ့ပြီး WPတစ်ခုနဲ့အလုပ်ရသွားသူနဲ့ လူလိမ်ပွဲစားတွေနဲ့တွေ့ပြီး ဖွတ်မရဓားမဆုံးအဖြစ်မျိုးတွေနဲ့ ကြုံရတဲ့သူဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။
သိပ်ပြီးတော့အဖြစ်မဆိုးလှဘူးလို့ထင်ရတဲ့ ပထမလူမျိုးအကြောင်းကို စပြောပါမယ်။ တစ်ခုနဲ့ အလုပ်ရရခြင်းမှာပဲ ပွဲစားကို ငွေအပြည့်ပေးချေပြီး ဖြစ်တာကြောင့် အလုပ်ရရခြင်းမှာပဲသူ့မှာ အကေးကအနည်းဆုံး ၄၀၀၀ လောက်တင်နေပါပြီ။ WPသမားတွေဟာလခ အနေနဲ့ စင်ကာပူဒေါ်လာ ၁၀၀၀ အောက်မှာပဲ စရကြပါတယ်။ နေစရိတ်စားစရိတ်က ချွေချွေတာတာ ခြစ်ခြစ်ကုပ်ကုပ် သုံးပါမှ အနည်းဆုံး တစ်လကို ၃၀၀ လောက်နဲ့ ပြီးမှာပါ။ ၀င်ငွေရဲ့ ၁၀% ကိုလည်း အခွန်တော်အဖြစ်နဲ့ မြန်မာသံရုံးကို လစဉ်ပေးသွင်းရပါသေးတယ်။ အဲဒီ့တော့ WPနဲ့ လုပ်နေတဲ့ မြန်မာတစ်ယောက်အနေနဲ့က တစ်လကို ၄၀၀ လောက်စုမိဖို့ဆိုတာ အတော်အတန်ကိုကြိုးစားရမယ့်ကိစ္စပါ။ ၄၀၀ ပဲစုမိတယ်ထားလိုက်ပါ။ သူ့ရဲ့ပွဲစားခအကြွေးကျေဖို့က ၁၀လလောက်စုဖို့လိုပါတယ်။ အကြွေးဆိုတာကလည်း အတိုးက တဖြည်းဖြည်းတက်တက်နေတာဆိုတော့ အနည်းဆုံး၁နှစ်ကျော်လောက်မှ အကြွေးကင်းမယ့်ဘ၀ပါ။ ဒါကလည်းဒီတစ်နှစ်အတွင်းမှာ ဘယ်လိုအနှောင့်ပယောဂမှမ၀င်ဘူးလို့ယူဆပြီးတွက်ချက်ထားခြင်းပါ။ နောက်ပြီးဝင်ငွေကို အမြင့်ဆုံးမှာ ထားပြီး သုံးငွေကိုအနိမ့်ဆုံးအဆင့်နဲ့ တွက်ထားတာပါ။ အကယ်၍များ အကြွေးမကျေခင်မှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ပြုတ်သွားတာမျိုး ဖြစ်သွားပြီဆိုရင် အဲဒီ့လူအနေနဲ့ ကိုယ့်တိုင်းပြည်ပြန်ဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အလုပ်ထပ်ရှာဖို့ကလည်း ထင်သလောက် မလွယ်ပါဘူး။ ပွဲစားကလည်း သူနဲ့မဆိုင်တော့တဲ့အတွက် လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။ အဲဒီ့လိုနဲ့ပဲမြန်မာတော်တော်များများဟာ တရားမ၀င်အလုပ်လုပ်ရတဲ့ Overstay(O) တွေဖြစ်သွားတတ်ကြပါတယ်။
လူလိမ်ပွဲစားနဲ့ တွေ့တဲ့သူရဲ့ အဖြစ်ကတော့ပိုဆိုးပါတယ်။ အချို့ပွဲစားတွေကအလုပ်ရမယ်ဆို ကတိပေးပြီး Social Visit Passနဲ့ခေါ်သွင်းပြီး ဒီရောက်မှအလုပ်သွင်းမပေးနိုင်ပဲ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါတယ်။ အဲဒီ့အခါမျိုးဆိုရင်တော့ အဲဒီ့သူတွေဟာ နိုင်ငံကူးလက်မှတ် (Passport) မှာပါတဲ့ Social Visit သက်တမ်းကုန်တာနဲ့ အိမ်ပြန်ဖို့မဖြစ်နိုင်တာကြောင့် Overstay(O) ဘ၀ကို ချက်ချင်းတန်းရောက်သွားတော့တာပါပဲ။
စင်ကာပူနိုင်ငံမှာကလည်း အချို့သော ကုမ္ပဏီတွေက တရားမ၀င်အလုပ်သမားတွေကို ပိုလိုချင်တတ်ကြပါတယ်။ အကြောင်းကတော့ ပိုက်ဆံပေးရတာနည်းပြီး ဘာမှလည်းတာဝန်ယူစရာမလိုလို့ပါ။ စင်ကာပူနိုင်ငံမှာ တရားမ၀င်အလုပ်သမားအဖြစ်နဲ့ အလုပ်လုပ်ရတာဟာ တကယ့်ကိုအန္တရာယ်များတဲ့ ကိစ္စပါ။ တစ်ခုခုများ ထိခိုက်ဒဏ်ရာရသွားရင် အလုပ်ရှင်ကလည်း တာဝန်မယူသလို၊ ကိုကိုယ်တိုင်ကလည်းဘယ်ဆေးခန်းကိုမှ သွားပြလို့မရပါဘူး။ မတော်တဆများ အသက်ဆုံးရှုံးခဲ့လို့ရှိရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ လူမသိသူမသိနဲ့ လူပါစွန့်ပစ်ခံလိုက်ရရုံပဲရှိမှာပဲ။ ဒါပေမယ့် ဒီလောက် အန္တရာယ်များတဲ့၊ ဘယ်လိုအာမခံချက်မျိုးမှ မရှိတဲ့အလုပ်တွေကို ဘာလို့လုပ်နေကြသလဲ။ အရှင်းဆုံးပြောရရင်တော့ ရွေးစရာလမ်းမရှိလို့ပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကြောင့် သန်းခေါင်ထက်ညဥ့်မနက်နိုင်ပါဘူးလို့ တွေးဆနေကြရလို့ပါ။ မြန်မာနိုင်ငံကိုသာပြန်မယ်ဆိုရင် တင်နေတဲ့အကြွေး SGD၄၀၀၀ ၊မြန်မာငွေသိန်း ၂၀ကျော်ကို သာမန်လက်လုပ်လက်စားတစ်ယောက်အနေနဲ့ ဘယ်လိုမှပြန်ဆပ်ဖို့မလွယ်လို့ပါ။
အထက်မှာဖော်ပြခဲ့တဲ့သတင်းဆောင်းပါးထဲကလို မတော်တဆသေဆုံးပြီးလွှတ်ပစ်ခံထားရတဲ့ တရားမ၀င် အလုပ်သမား တစ်ယောက်ရဲ့ ရုပ်ခန္ဓာဟာ ပိုင်ရှင်မဲ့အဖြစ်နဲ့ ရေခဲတိုက်ထဲမှာပဲရှိနေပြီး ငိုကေးမယ့် သူမရှိပဲသဂြိုလ်လိုက်ရတဲ့ အဖြစ်မျိုးကို ကြားလိုက်ရတဲ့အခါ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ အခြားသောနိုင်ငံတွေမှာ နိုင်ငံကိုယ်စားပြုသံရုံးတစ်ခုကို ဘာကြောင့်ထားကြသလဲ ဆိုတဲ့မေးခွန်းက ကျွန်တော့်ခေါင်းထဲကိုဝင်လာပါတယ်။ သံရုံးတစ်ရုံးဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ ဆောင်ရွက်ရုံသက်သက်ပဲလား။ အခြားနိုင်ငံတစ်ခုမှာ ရှိနေတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ်တာဝန်ယူမှုနဲ့ အကူအညီပေးမှုတွေအတွက်ရော မပါဘူးလား။ ကိုယ်ရောစိတ်ပါ ဒုက္ခဆင်းရဲခံပြီးရှာဖွေထားရတဲ့ လစာငွေတွေထဲကနေ ၁၀ရာခိုင်နှုန်းကို လည်ပင်းညှစ်တောင်းဖို့ သက်သက်အတွက်ပဲလား...။ ကျွန်တော် ... စဉ်းစားရင်း၊ စဉ်းစားရင်း ... အော်ဂလီဆန်လာပါတယ်...။ အမှန်အတိုင်းပြောရမယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးကိုချစ်မြတ်နိုးစိတ်ရှိတဲ့နေရာမှာ ကျွန်တော့်တို့မြန်မာတွေက ရှေ့ဆုံးမှာပါပါတယ်။ တကယ်တမ်းသာကျွန်တော်တို့ ပေးဆောင်နေရတဲ့ အခွန်ငွေတွေကို အမှန်တကယ်ပဲတိုင်းပြည်နဲ့လူမျိုးကောင်းစားရေးအတွက်သာ အသုံးချတယ်ဆိုရင်မပေးချင်တဲ့ သူရှိမယ်မထင်ပါဘူး ...။ အခုတော့ သူတပါးတိုင်းပြည်၊ သူတပါးလူမျိုးရဲ့လက်အောက်မှာ အလုပ်လုပ်ပြီးခြစ်ခြစ်ကုပ်ကုပ်ရှာဖွေထားကြတဲ့ ချွေးနဲစာတွေရဲ့ ၁၀ရာခိုင်နှုန်းကို ဘာမဟုတ်တဲ့ လူနည်းစုလေး shopping ထွက်ဖို့၊ စိတ်အာသာဖြေဖို့တွေအတွက် သုံးနေကြတာကြောင့် အားလုံးကမသတီကြတာပါ...။ ကိုယ့်နိုင်ငံသားတွေအပေါ်တာဝန်ယူမှုတစ်စိုးတစ်စိမျှမရှိတဲ့ သံရုံးတွေကို အလှူခံဌာနလို့ ပြောတာတောင် တော်တော် ယဉ်ကျေးနေပါသေးတယ်။ တကယ်တမ်းက အဲဒီ့အဆင့်ထက်အများကြီး အောက်တန်းကျပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ သတင်းကိုကြားပြီး ၂လလောက်အကြာမှာပဲ မွန်ပြည်နယ်က အမျိုးသားတစ်ယောက်စင်ကာပူနဲ့ မလေးရှားကြားကမြစ်အတွင်းမှာ သစ်လုံးလေးဖက်ပြီး မျောလာတဲ့အကြောင်း၊ သဘောင်္တစ်စင်းရဲ့ အခန်းထဲမှာထားပြီးစင်ကာပူမှာ ရော၊ မလေးရှားမှာပါနေထိုင်ခွင့် မရှိတဲ့အတွက် မြန်မာနိုင်ငံကိုပြန်ပို့စီစဉ်နေတုန်းမှာပဲ... [မြန်မာနိုင်ငံကို မပြန်ဘူး...] လို့စာရွက်ပေါ်မှာ ရေးသွားပြီး မိမိကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ အကြောင်းစတဲ့သတင်းကိုပါ ထပ်ဖတ်လိုက်ရပါတယ်။ ကိုယ်နဲ့ ဆွေမျိုးနီးစပ်တော်သူမဟုတ်ပေမယ့်လဲ ကိုယ့်နိုင်ငံထဲကကိုယ့်လူမျိုးတွေရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်တွေက ကျွန်တော့်ရဲ့ နှလုံးသားကို လာထိပါတယ်။ ဒီလိုလူမျိုးတွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲလို့လဲ ကျွန်တော်ရဲ့ဦးနှောက်က မျိုးစုံစဉ်းစားဖြစ်ခဲ့ပါတယ်...။ ခေါင်းထဲမှာ ဦးနှောက်လဲမရှိ၊ ရင်ဘတ်ထဲမှာ နှလုံးသားလဲမရှိတဲ့ လူအရေခြုံမိစ္ဆာကောင်တွေကတော့ ဒီလိုကိစ္စမျိုးတွေအတွက် မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး ... သရေတမြားမြားနဲ့ ဆီဦးထောပတ်တွေကို ၀ါးမြိုတိတ်ဆိတ်နေကြဦးမှာပါပဲ... ။

3 comments:

ကိုဖြိုး said...

အင်း .. ခက်တယ်ဗျ။ ဘယ်ကစမှန်းမသိတဲ့ ပြဿနာတွေအတွက် ကျွန်တော်တို့တတွေ ခါးရောရင်ရော စီးစီးပြီး ခံနေရတာတော့ သိပ်မနိပ်ဘူးဗျ။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ဘယ်ကစခဲ့တယ်ဆိုတာအတွက်ကျွန်တော်တို့ဘာမှမျှမတတ်နိုင်ခဲ့ပဲ ဘယ်မှာဆုံးမယ်ဆိုတာအတွက်တော့ အားလုံးမှာတာဝန်ရှိတယ်လို့ယူဆပါတယ်။

ကိုငယ် said...

ဟေ့ကောင်...
အဲဒီစာမူက အာဟာရမှာပါပြီးသားလေ..