လူ့လောကထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတွေကို လူသားတွေနေရာမှာ ကိန်းဂဏန်းလေးတွေကိုအစားထိုးပြီးရေးထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ကြပါဦး။
ကမ္ဘာ နှင့် ကိန်းဂဏန်းများ
လူသားတို့နေရာ လောကကမ္ဘာမှာ ကိန်းဂဏန်းတွေ ခန့်ညားထည်ဝါစွာနဲ့ အတူတကွကျင်လည်ခဲ့ ကြရာက တစ်နေ့မှာ သူတို့အချင်းချင်း စကားများကြပါတယ်။ ပြဿနာရဲ့ အစကတော့ ...
[ငါ့ရဲ့ရှေ့မှာဘာမှမရှိဘူးဆိုတဲ့စကားက ငါ့ရဲ့အရည်အချင်းကိုဖော်ပြနေတာပဲကွ။ လူတိုင်းရဲ့လိုချင် တောင့်တမှုတွေတိုင်းမှာ ငါကရှေ့ဆုံးကပါနေတာ မင်းတို့ အားလုံးအမြင်ပဲ မဟုတ်လား။ ကျောင်းတွေမှာ ဆိုရင်လည်း အဆင့်တစ်ကို အလုအယက် ...။ ပြိုင်ပွဲတွေမှာဆိုလည်းပထမဆိုတာကို အလုအယက် ...။
ငါ့ရဲ့ဂုဏ်ဟာ လူ့လောကကြီးမှာ ဘယ်လောက်မြင့်တက်နေတယ် ဆိုတာ မင်းတို့ကြည့်ကြစမ်းပါဦး ...။]
တစ် ရဲ့ စကားကြောင့် ကိန်းဂဏန်းတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ သူတို့ဟာ မာနတက်နေတဲ့ တစ် ရဲ့စကားကိုလက်မခံချင်ကြပေမယ့် ငြင်းဆန်ဖို့လည်း ခက်နေကြတယ်လေ။ သူတို့တွေအားလုံး ဘာလုပ်ကြရင်ကောင်းမလဲလို့ အပြင်းအထန်စဉ်းစားနေကြရင်း မလိုလားဖွယ်ရာ နောက်ဆက်တွဲ ပြဿနာတွေဟာ ဆက်ဆက်ပြီး ပေါ်ပေါက်လာပါတော့တယ်။
[အစ်ကိုကြီး တစ် ဟာ ကိန်းဂဏန်းတွေအားလုံးထဲမှာ အကြီးမြတ်ဆုံးဆိုတာကို ကျွန်တော်လက်ခံ ယုံကြည်ပါတယ်။ အစ်ကိုကြီးကိုမရနိုင်တဲ့ သူတွေအတွက်အားပေးနှစ်သိမ့်ရာအဖြစ် ကျွန်တော်ရှိနေခြင်းဟာ လည်းလူ့လောကကြီးအတွက် ဆုလာဒ်ကောင်းတစ်ခုပါပဲ။ လူသားတို့ရဲ့ စိတ်အာရုံထဲမှာ အစ်ကိုကြီးရဲ့ နောက်က ကြီးမြတ်မှုသင်္ကေတ တစ်ခုအဖြစ် ရှိနေရခြင်းကိုပဲ ကျွန်တော် ဂုဏ်ယူကျေနပ်လို့ မဆုံးပါဘူး။ ]
အကြီးမြတ်ဆုံးဆိုတဲ့ဂုဏ်ကိုမရနိုင်တော့တဲ့ နှစ် ဟာရေနစ်သူ ၀ါးကူထိုး ဆိုသလိုပဲ မောဟနွံထဲနစ်
နေတဲ့ တစ် ကို နားလည်အောင်ရှင်းပြနားချဖြောင်းဖြဖို့မကြိုးစားပဲ အနှစ်မဲ့စကားလုံးတွေကို မာယာတွေနဲ့ သီကုံးပြီး ဒုတိယ အကြီးမြတ်ဆုံးဆိုတဲ့ ဂုဏ်ကို အမိအရ ယူလိုက်ပါတယ်။
သုံး ဟာလည်း နှစ် နဲ့ ထပ်တူနီးပါးတူတဲ့စကားကို ချီးမြှင့်မှုမြှောက်ပင့်မှုတွေ ဖောဖောသီသီ နဲ့ထပြောပြန်ရော ...။ဒါဟာ အင်မတန်မှဆိုးရွားတဲ့ လွဲချော်မှုတစ်ခုပေါ့ ...။နဂိုကတည်းက အသိစိတ် ပျောက်သွေးနထင်ရောက်နေတဲ့ တစ် ဟာ နှစ် နဲ့ သုံး တို့ရဲ့ ထောက်ခံအားပေးမှုတွေကြောင့် ပိုလို့ တောင် ရောင့်တက်လာပါတော့တယ်။
အခြားကိန်းဂဏန်းတွေခမျာလည်း ကမ္ဘာပျက်လုမတတ်အောင်ကို ပွက်လောရိုက်ကုန်ကြပါပြီ။ တစ် နှစ် နဲ့ သုံး တို့က သူတိုရဲ့ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကို ကရားရေလွှတ် တတွတ်တွတ် ပြောနေနိုင်သလောက် သူတို့မှာတော့ ဘာမှထူးထူးခြားခြား ဂုဏ်ယူဝံ့ကြွားစရာ မရှိရကောင်းလားဆိုပြီး
ခြောက် နဲ့ ခုနှစ် တို့ဟာရှက်ရှက်နဲ့ အဝေးတစ်နေရာဆီကို ပြေးထွက်သွားကြပါတော့တယ်။
လေး ကလည်း သူညီလေးတစ်ယောက်လိုချစ်ခဲ့ရပေမယ့် သူနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတဲ့ သုံး ကို မျက်ရည်တ၀ဲဝဲနဲ့ ကြည့်ရင်း ...
[အဲဒီ့ စိတ်အလျှင်ရဲ့ ဂဏာမငြိမ်မှုဟာ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတရားတွေကိုတောင် မှေးမှိန်သွားအောင် စွမ်းဆောင်နိုင်တယ်နော်]ဆိုတဲ့ စကားကို တစ်ကိုယ်တည်းရေရွတ်နေတော့တယ်။
ငါး ကတော့ ကိန်းဂဏန်းတွေရဲ့ အလယ်မှာ ရပ်ရင်း ခေါင်းကို တဗျင်းဗျင်းကုတ် စိတ်တွေရှုပ်နေရဲ့ ...။
[ဖြစ်နိုင်ရင်လေ ငါ့ကိုယ်ငါ ညီမျှခြင်းတစ်ခု အဖြစ်တောင် ပြောင်းလဲပစ်လိုက်ချင်သေးတယ်ကွာ ...။ အဲဒါမှ ကိန်းဂဏန်းတွေအားလုံးညီမျှ ခွဲခြားမှုတွေ လျှော့ကျသွားမှာ ... ]
ငါး ရဲ့ စကားကိုထောက်ခံတဲ့ ကိုး က သူ့ရဲ့ အတွေ့အကြုံနဲ့ အမြင်ကို ၀င်ပြောပြန်တယ်။
[ဟုတ်တယ်ကွ ... အရင်ကဆို ငါလည်း ငါ့ကိုယ်ငါ တန်ဖိုးအကြီးဆုံးဆိုပြီးတော့ စိတ်ကြီးတွေဝင်ခဲ့တာ ငါ့ရဲ့အရှေ့ကို ဒသမလေး ရောက်မလာသေးခင်အထိပေါ့ကွာ ...။ တကယ်တော့ ငါတို့အားလုံးရဲ့ တန်ဖိုးဟာ ဘယ်လိုမှ ကြိုမမြင်နိုင်တဲ့ အကြောင်းတရားတွေအပေါ်မှာ လုံးလုံးလျားလျား မူတည်နေရရှာတဲ့ ခပ်ဝါးဝါး မသေချာမှုတစ်ခုပါပဲ ။]
တစ် ဟာ ကိုး ရဲ့စကားကို ဇွတ်အတင်းကို ၀င်ငြင်းပါတယ်။ သူရရှိထားတဲ့ ကြီးမြင့်မှုတစ်ခုကို ဘာမှမသေချာပါဘူးလို့ ပြောလိုက်တဲ့အတွက်လည်း ဒေါသပုန်ထသွားတယ် ထင်ပါရဲ့ ...။
[ဘာလို့မသေချာရမှာလဲဗျ။ အခုဆို တစ်လောကလုံးလိုလိုရဲ့ အတွေးတွေထဲမှာ ကျွန်တော်တို့တွေပဲ ရှိနေတာမဟုတ်ဘူးလား။ သူတစ်ပါးရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို အသိအမှတ်မပြုနိုင်
လောက်အောင်ကို ခင်ဗျားတို့ရဲ့ စိတ်ဓါတ်တွေနိမ့်ကျလွန်းနေပါလား ]
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ကိုး ဟာ တစ် ရဲ့ ဖြစ်ပျက်နေမှုကို ကိုယ်ချင်းစာ မိပုံပေါ်ပါတယ် ။ သူလည်းတစ်ချိန်က အဲဒီ့လိုပဲဖြစ်ခဲ့တာလေ။အဲဒီ့မှာ တချိန်လုံးဘာမှာမပြောပဲ ငြိမ်နေတဲ့သုညက ကိုး ကို တစ်ချက်ပြုံးပြပြီး ...
[ဘာမှမပူပါနဲ့ အစ်ကိုကြီးရယ်၊ ဒီလိုကိစ္စမျိုးကဖြစ်တတ်ပါတယ်။ ခုဏက အစ်ကို ငါး ပြောသလိုပဲ မနက်ဖြန်တွေက တစ် ကို ကောင်းကောင်းကြီး ပညာပြသွားပါလိမ့်မယ်။]
အဲဒီ့အချိန်မှာ တစ် နှစ် နဲ့ သုံး တို့ဟာ လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြွားလို့ ကောင်းနေတုန်းပါ။ အဲဒီ့လိုနဲ့ နေ့ရက်တွေ အတိုင်းအတာတစ်ခုအထိ ကြာသွားခဲ့တယ် ...။
တစ်နေ့မှာ တစ်ဟာ အခြားကိန်းဂဏန်းတွေရဲ့ ရှေ့ကိုပြန်ရောက်လာပါတယ်။ သူ့ရဲ့ မျက်နှာက ညှိုးငယ်လို့ ...။ သူ့ရဲ့ အ၀တ်အစားတွေကလည်း မီးကျွမ်းထားသလိုမျိုး အငွေ့တလူလူထွက်လို့ ...။ ဘယ်လို မနှစ်မြို့စရာတွေနဲ့များတွေ့လာခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ် ဟာ အားလုံးရဲ့
ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီး ချုံးပွဲချငိုပါတော့တယ်။ အားလုံးကလည်း သူဘာတွေဖြစ်လာပြီး၊ ဘာများ ပြောမလဲဆိုတာကို စိတ်ဝင်တစား နားစွင့်နေကြပါတယ်။
[အပူတွေလာလာဟပ်တာခံရလွန်းလို့ ကျွန်တော်ဖြင့် သေတော့မယ်ဗျာ ... ဟီး ... ဟီး ... ဟီး ]
အဲဒီ့အချိန်မှာ နှစ် နဲ့ သုံး တို့ဟာလည်း မျက်ရည်ပေါက်ကြီးငယ်ကျပြီး ပြေးလာကြပါတယ်။ ကိုး ကစိုးရိမ်တကြီးနဲ့ လှမ်းမေးပါတယ်။
[ဟ ... ဘယ်လိုဖြစ်လာကြတာလဲ။ သေသေချာချာလည်း ပြောပြကြပါဦး ]
ကိန်းဂဏန်းတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သူတို့ဘာတွေဖြစ်လာကြတယ်ဆိုတာကို အားလုံးက သိချင်စိတ်ပြင်းပြနေကြလေရဲ့ ... ။တစ် က မျက်ရည်တွေကိုသုတ်ဖယ်ပစ်နေရင်း စကားဆက်တယ်။
[ကျွန်တော်ကို အပြင်းအထန်လိုချင်နေကြတဲ့သူတွေရဲ့ တပ်မက်ခြင်းအပူတွေ ၊ ကျွန်တော်ကို ပိုင်ဆိုင်ထားကြသူတွေရဲ့ ဆုံးရှုံးကြရမှာကိုကြောက်ရွှံ့နေကြတဲ့ အပူတွေ၊ နောက်ပြီး ... ကျွန်တော်ကို လက်လွှတ်ဆုံးရှုံးလိုက်ဲရသူတွေရဲ့ ဝေဒနာအပူတွေ ...ကျွန်တော်ကို လာလာဟပ်နေတာ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့ဘူးဗျာ။ နောက် ... သူတို့တွေလေ ဘာမဟုတ်တဲ့ သတ်မှတ်ချက်လေးတစ်ခုအတွက်နဲ့ စိတ်ဓါတ်တွေ တဖြည်းဖြည်းယိုင်နဲ့လာကြပြီး လူစင်စစ်ကနေ ၀ံပုလွေတွေလိုဖြစ်ဖြစ်သွားကြတာ ကျွန်တော်
ကြည့်ရင်းနဲ့ ကြောက်လာပြီဗျာ။]
တစ် ဟာ စကားကိုပြောပြီးပြီးချင်းပဲ ရှိုက်ကြီးတငင်နဲ့ ထပ်ငိုပါတော့တယ်။ နှစ် နဲ့ သုံး တို့ကလည်းမျက်ရည်တွေကို ကမန်းကတန်းသုတ်ပြီး မျက်နှာငယ်လေးတွေနဲ့ ...
[ကျွန်တော်တို့လည်းသူ့လိုပါပဲ ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မီးလောင်ရာလေပင့် သူတွေလို့ ထင်လာမိတယ်။ ကျွန်တော်တို့ လူတွေနဲ့ အဝေးဆုံးကို ထွက်ပြေးသွားချင်နေပြီဗျာ။]
နှစ် ရဲ့ စကားကို အားလုံးက ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံခဲ့ကြတယ်။ အဲဒီ့အချိန်မှာ သုည ဟာမပြောမဆိုနဲ့ အားလုံးရဲ့ရှေ့ကိုထွက်လာပြီး စကားတစ်ခွန်းကိုပြောပါတယ်။
[လူတွေကလည်း သူတို့ဖာသာသူတို့နေရင် ကောင်းကြတယ် ၊ ကျွန်တော်တို့ကလည်း ကိုယ်ဖာသာကိုနေရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးကြဘူး။ အခုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် လူတွေနဲ့ ကျွန်တော်တို့နဲ့ပေါင်းစပ်လိုက်ခြင်းဟာ ကောင်းကျိုးတွေထက် ဆိုးကျိုးတွေကို ပိုဖြစ်စေတယ်ဆိုတာ ရှင်းနေပါပြီ။ အဲဒီ့တော့ နှစ် ပြောသလိုပဲ လူတွေနဲ့ အဝေးဆုံးဆိုတဲ့နေရာကိုထွက်သွားဖို့ ပြင်ဆင် ကြတာဟာ အားလုံးအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။]
အဲဒီ့နေ့တွင်းချင်းပါပဲ ကိန်းဂဏန်းတွေအားလုံးဟာ လူသားတို့ကမ္ဘာကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ကြပါတယ်။ ဘယ်သူ့ ဘယ်သူနဲ့မှ မပေါင်းစပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ပေါ့ ...။
အဲဒီ့လို ... အဲဒီ့လိုနဲ့ ... လူသားကမ္ဘာဟာ ငြိမ်းချမ်းအေးမြစွာနဲ့ ထောင်စုနှစ်များစွာကို ဖြတ်သန်းကျော်လွန်ခဲ့ ပြီးတဲ့နောက် . ... တစ်နေ့မှာ ........
အာကာသလွန်းပျံယာဉ် တစ်ခုကနေပြီး ကမ္ဘာကို သတင်းတစ်ခု လှမ်းပို့ပါတယ် ။
[အမည်မသိ ဂြိုဟ်တစ်ခုကနေ ကိန်းဂဏန်းတွေကို ပြန်လည်ရှာတွေ့ခဲ့ပြီ ...]
တဲ့ ။
ဟိုးအဝေးမှာ ... ငှက်ဆိုးထိုးသံတွေနဲ့အတူ တိမ်ညိုလက်တစ်ဆုပ်ဟာ အနာဂတ်ကို လွှမ်းအုပ်ဖို့ ဦးတည်လို့ လာနေရဲ့ ....။ ။
နေဘုန်းလတ်
2 comments:
It's cool Bro..!
Lovely blogg you have here
Post a Comment