Pages

Monday, October 29, 2007

မြင်အောင်ကြည့်ရင် မြင်ပါတယ် ...

မြင်အောင်ကြည့်ရင် မြင်ပါတယ် ...

အခုတော့ ခင်ဗျားမြင်သွားပြီ ...။ ဒီခေါင်းစဉ်လေးကိုမြင်တဲ့အခါ အချို့ရဲ့စိတ်ထဲမှာတော့ နေဘုန်းလတ် တစ်ယောက် လုပ်ချလိုက်ပြန်ပြီဆိုပြီး အမြင်ကပ်ချင်ကပ်နေလိမ့်မယ်။ ဒါမှမဟုတ် ... ဒီကောင် စာလုံးတွေကို အမဲရောင်နဲ့မှားပြီးရိုက်လိုက်ပြီလို့လဲ ထင်သူတွေထင်ကြလိမ့်မယ် ...။ အချို့ကျတော့လဲ ... အမဲရောင် မျက်နှာပြင်ကြီးကနေ ဘာတွေများ ဘွားကနဲပေါ်လာမလဲလို့ အသဲအမဲ စူးစိုက်ကြည့်ကြလိမ့်မယ်။ အချို့ ဆို အဲဒီ့ မြင်နေရတဲ့ အမဲရောင်ကိုပဲ အဓိပ္ပါယ်တွေအမျိုးမျိုးဖွင့်ချင်ဖွင့်နေကြလိမ့်မယ်။ အချို့ကျတော့လဲ လွယ်လွယ်ကူကူနဲ့ ကျွန်တော်ရေးထားတာတွေကို ခင်ဗျားလိုပဲ ဖတ်နေရတာမျိုးဖြစ်ချင်ဖြစ်မယ် ...။ ကျွန်တော်ပြောချင်တာက ဒီလိုပါ ...။ အခုဆို ခေါင်းစဉ်တစ်ခုမြင်တယ် နောက်ပြီး ... ဘာမှမရေးထားတဲ့ အမဲရောင် စာမျက်နှာကြီး ... အဲဒီ့မှာ ခင်ဗျားစိတ်ထဲမေးခွန်းတစ်ခုဝင်လာမယ် ... ဘာလဲဟပေါ့ ။ အဲဒီ့ မေးခွန်းကို ဖြေဖို့အတွက် ခင်ဗျားဘယ်လိုစဉ်းစားမလဲဆိုတာက ဒီနေရာမှာ အခရာကျတယ် ...။ အပေါ်မှာ ကျွန်တော်တင်ပြခဲ့သလိုပဲ လူအမျိုးမျိုးက ပုံသဏ္ဍာန်အမျိုးမျိုးစဉ်းစားကြလိ့မ်မယ် ...။ သူတို့ရဲ့စဉ်းစားပုံတွေကို မူတည်ပြီး ကျွန်တော်တင်ပြတဲ့ အနုပညာလက်ရာတစ်ခုရဲ့ သူတို့အပေါ်သက်ရောက်မှုက ကွာခြား သွားလိမ့်မယ်။ ကျွန်တော်ပြောချင်တာကို အသေအချာသိသွားသူလဲရှိကောင်းရှိလိမ့်မယ် ...။ ဘာမှမသိလိုက်ရပဲ လှည့်ပြန်သွားသူလဲရှိနိုင်တယ် ...။ ကျွန်တော်ပြောချင်တာမဟုတ်ပဲ အခြားတစ်ခုခုကိုသိသွားပြီး ကျေနပ်သွား တာမျိုးလဲ ဖြစ်နိုင်တယ်။ ဘယ်လိုအခြေအနေမျိုးကိုပဲဖြစ်ဖြစ် လက်ခံနိုင်ဖို့ကျွန်တော်ကတော့ပြင်ဆင်ထားတယ် ...။

လူနဲ့ သူရဲ့ အနုပညာကို ခွဲမြင်ပေးဖို့လိုတယ်လို့တော့ ခင်ဗျားတို့ကို ပြောချင်တယ် ...။ ဘယ်လိုမျိုးလဲ ...။
အနုပညာပစ္စည်းတစ်ခုကို ခံစားတဲ့နေရာမှာ ဒါဘယ်သူဖန်တီးတာလဲဆိုတာကို ဖယ်ထားပြီး ခံစားမှ အနှစ်သာရ ပြည့်ဝမယ်လို့ ကျွန်တော်မြင်တယ် ...။ အဲဒီ့လိုမှမဟုတ်ပဲ ... ဖန်တီးတဲ့သူရဲ့ စိတ်တွေနဲ့ ယှဉ်ပြီး အနုပညာပစ္စည်းတစ်ခုကိုကြည့်မယ်ဆိုရင် ... ခင်ဗျားတို့ဟာ အနုပညာကိုခံစားသူတွေ မဟုတ်ပဲ အဓိပ္ပါယ် ဖွင့်ဆို သူတွေပဲဖြစ်သွားလိ့မ်မယ် ...။ ဥပမာတစ်ခုပေးမယ် ... ကျွန်တော်အခု မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီး ထိန့်လန့်ခြောက်ခြားနေတယ် ... အဲဒီ့ အချိန်မှာ ကျွန်တော် ပန်းချီကား တစ်ချပ်ကို ဆွဲတယ် ... အဲဒီ့ ပန်းချီကားမှာ အနီ(သွေး)ပါတယ် ... အပြာ(ကောင်းကင်)ပါတယ် ... အနက် (ကတ္တရာလမ်း)ပါတယ် ...။ အဲဒီ့ အနုပညာပစ္စည်းတစ်ခုကို ခင်ဗျားကကြည့်တယ် ... အဲဒီ့ အခါမှာ ခင်ဗျားက ကျွန်တော့်ရဲ့ခံစားချက်တွေကို သိနေစရာမလိုဘူး ... ကျွန်တော်ခံစားသလိုလဲ လိုက်ခံစားစရာမလိုဘူး ... ခင်ဗျားရဲ့အမြင်မှာ အနီက သွေးဖြစ်ချင်မှဖြစ်မယ် ... အပြာက ကောင်းကင်ဖြစ်ချင်မှဖြစ်မယ် ... အနက်ကလဲ ကတ္တရာလမ်းဖြစ်ချင်မှဖြစ်မယ် ...။ အဲဒါက ကျွန်တော့်အတွက်ရော ခင်ဗျားအတွက်ပါ ပြဿနာမဟုတ်ဘူး ...။ ခင်ဗျားကြိုက်သလို ခံစားလို့ရတယ် ...။ အနုပညာကိုခံစားချင်ရင် ဘာတွေဆွဲထားတာလဲဆိုတာကို လာမမေးနဲ့ ...။ ဒီအနုပညာကို အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်ဆိုရင်တော့ ကျွန်တော်သိထားတဲ့ အဓိပ္ပါယ်တွေကို ကျွန်တော်ရှင်းပြလိုက်လို့ရတယ် ...။

အနုပညာဆိုတာဘာလဲ ... ခင်ဗျားတို့ မြင်အောင်ကြည့်ရင် မြင်နိုင်ပါတယ် ...။

21 comments:

ခွန်မြလှိုင် said...

Good idea and good presentation too...

Yaw Han Aung said...

အမှောင်ထဲမှာကတော့ဗျာ
ဘာမှ မြင်ရဘူး၊
မြင်တယ်လို့လည်း မညာချင်ဘူး၊

ဘုရင်ကြီး ကိုယ်လုံးတီးနဲ့ ဆိုတာမျိုး
အ၀တ်မရှိတာကို ညာမပြောချင်ဘူးဗျာ။

မှောင်မဲ မိုက်ကန်းနေတာတော့ သိပါတယ်၊

ခင်မင်းဇော် said...

မြင်အောင်ကြည့်ပေမယ့်လဲ မညာတမ်းပြောရရင် ဘာမှမြင်ရဘူး။
ဒါပေမဲ့ ဒါဟာဘာ လဲဆိုတာ ရင်ဘတ်ထဲက ခံစားသိနေတယ်။
သိနေတယ် ။
သိနေတယ်။

နှင်းပွင့်ဖြူ said...

ဘာမှ မမြင်တာကို မြင်တယ် :D

Anonymous said...
This comment has been removed by a blog administrator.
Winkabar said...

မြင်အောင်ကြိုးစားပြီးကြည့်သွားပါတယ်။

စိုးထက် - Soe Htet ! said...

ခံစား နားလည်သလို ရှိတာက လွဲလို့ အနက်ရောင် ကိုသာ မြင်ရပါကြောင်း

little moon said...

ခင်ဗျားပြောချင်တာတွေကို ခံစားကြည့်ရင်း ပုံပြင်လေးတစ်ပုဒ်ကို ပြန်သတိရမိတယ်။ အနုပညာကို ဖန်တီးသူနဲ့ ခွာပြီး ခံစားကြည့်ကြဖို့ဆိုတာလေးကို။

ရွာတစ်ရွာကအလှူကိုဧည့်သည်တစ်ယောက်လာပါတယ်။ အလှူရှင်ကလာပြီးဧည့်ခံတာပေါ့။ စားရင်းသောက်ရင်း ဧည့်သည်က စကားစမြည်ပြောရင်း အလှူမှာဖျော်ဖြေနေတဲ့ ဆိုင်းဝိုင်းနဲ့ သီချင်းဆိုနေတဲ့သူအကြောင်းပြောကြရင်း ဧည့်သည်က မကောင်းဘူးလို့ မှတ်ချက်ပေးပါတယ်။ အလှူ့ရှင်က အခုသီချင်းဆိုနေတာက သူ့သမီးပါတဲ့။ ဧည့်သည်လည်း တော်တော်အားနားသွားတယ်။ ဒါနဲ့ စကားစ ဖာထေးတဲ့အနေနဲ့ အင်း ဆိုတာလေးကတော့ ဒီလောက်မဆီုးရှာပါဘူး ဆိုင်းဝိုင်းမကောင်းတာဖြစ်မယ်လို့ထပ်ပြောပါတယ်။ အလှူရှင်ကလည်း ရိုးသားစွာနဲ့ အဲဒါသူ့ညီနဲ့ဆွေမျိုးသားချင်းများတီးတဲ့ဆိုင်းဝိုင်းဖြစ်ကြောင်း ဖြေရှာတယ်။ ဧည်သည်က ပိုပြီးအားနာသွားတယ်။ ဒါနဲ့ ဆိုတဲ့သူရော ဆိုင်းဝိုင်းပါ ဒီလောက်ကြိး အဆိုးကြီး မဟုတ်ပါဘူးဗျာတဲ့ အဓိက တရားခံတွေ့ပြီ.... သီချင်းရေးတဲ့သူပဲ။ တော်တော်ချာတာကိုးဗျလို့ ပြောမိပါတယ်။ အဲဒီအခါကြတော့ အလှူ့ရှင်ခမျာ မျက်စိမျက်နှာပျက်နဲ့ ... ကျွန်တော် ကြိုးစားပမ်းစားစပ်ထားတဲ့ သီချင်းလေးပါခင်ဗျာတဲ့ .....ကဲကောင်းကြသေးရဲ့လား။

ကိုနေဘုန်းလတ် ကြိုးစားပမ်းစားရေးထားတဲ့ မဲမဲကြီးပါခင်ဗျား ..... :D

su wai said...

အမည်းရောင်မျက်နှာပြင်တစ်ခုပေါ်က စာသားတွေကို မြင်အောင်ကြည့်သွားပါတယ်။ တချို့အနုပညာပစ္စည်းတွေဆို အဓိပ္ပါယ်ဖွင့်ဆိုလို့ကို မရပါဘူး…။ ခံစားကြည့်မှ သိနိုင်တာမျိုးတွေပါ…။ လူနဲ့သူ့ရဲ့အနုပညာကို ခွဲမြင်ဖို့ကတော့ တကယ့်ကို အရေးကြီးတယ်လို့ ထင်ပါတယ်နော်…။

Thet Htoo@Myat Lone said...

ကိုနေဘုန်းလတ်ရေ။ ပို့စ်ကိုလည်း မြင်ပါ့။ အနုပညာကိုလည်း မြင်တတ်သလို ကြည့်သွားပါတယ်ဗျာ :)

MELODYMAUNG said...

စစချင်းတော့ နာကပိန်းတယ်ကွ ဘာမှမြင်ဘူးဆိုပြီး ပြောရင်လဲ နာ့ကို ညက်ချိမှုံတယ်ပြောဦးမယ်။
အနုပညာပစ္စည်းတစ်ခုကို ခံစားတဲ့နေရာမှာ ဒါဘယ်သူဖန်တီးတာလဲဆိုတာကို ဖယ်ထားပြီး ခံစားမှ အနှစ်သာရ ပြည့်ဝမယ်ဆိုတဲ့ နင့် အမြင်ကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပို့စ်ကိုမြင်တာနဲ့ နင့်ကို တွေးပြီး ဒါတော့ ငါတို့ကို စဉ်းစားခိုင်းပြန်ပြီ အတွေးတွေ ပေးတွေးဦးမှာပဲလို့ ခံစားလိုက်တယ်။ အဲဒီမှာတင် အဖြေသိအောင်ပဲ ကြိုးစားမိတော့ (အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး) နင်ပေးချင်တဲ့ အနုပညာကို ငါ့အပေါ်သက်ရောက်မှုက ကွာခြားသွားပီကွ။
အိုကေ သူငယ်ချင်း လူနဲ့ သူရဲ့ အနုပညာကို ခွဲမြင်ပေးဖို့လိုတယ်လို့ နင်ပြောပြတဲ့ အတိုင်း “အနုပညာဆိုတာဘာလဲ ” မြင်နိုင်အောင် မြင်အောင်ကြည့်ဖို့ ဆက်ကြိုးစားဦးမယ်ကွာ။ Thanks for your valuable post. Cheers!

pandora said...

နဘလရေ မြွေမြွေချင်းမို့ ခြေမြင်တယ်ပြောပြော ရင်ဘတ်ချင်းတူလို့ ခံစားကြတယ်ပြောပြော
ကိုယ်ကတော့ စကားလုံးတွေကို select လုပ်ပြီး ချက်ချင်းသိလိုက်ပါရဲ့ ။

ခံစားချက်ဆိုတာ လိမ်ညာမရဘူး။ အမှန်တရားဆိုတာ ဖုံးထားလို့မရဘူး။ အနုပညာနဲ့ မျိုးစုံ ခံစားသရုပ်ဖော်ကြတာ ဘယ်လိုတားနိုင်မှာလဲ။

mo3s3t said...

Dude ... nice idea ... :)

Anonymous said...

I've been read your blog for long time over 6 mths, but then, now I can't stop myself not to leave comment for your this post. Bravo !!!!! Walk on !!!!!!!!!! I admire you for 'Eduaction Village' post as well.

Anonymous said...

Nice idea! :)

Mr.Pooh @ မောင်ပွတ် said...

ကိုနေဘုန်းလတ်ရေ - ပို့စ်တစ်ခုနဲ့ တစ်ခု မရိုးရအောင် ရေးနေရုံသာမက Creation ဆန်ဆန်လေးတွေပါ တွဲပြထားတာ လှပါတယ်။ Blogger တွေ ရေးအားနည်းနေတုန်း ပို့စ်ကောင်းလေးဖတ်လိုက်ရပြန်ပြီပေါ့။း) ကျေးဇူး။

NayPhoneLatt said...

ကျွန်တော့်ရဲ့ ဒီပို့စ်လေးမှာ အမည်မသိတစ်ယောက်ရဲ့ ကွန်မန့်လေးကို ကျွန်တော်ဖျက်ပစ်ခဲ့ပါတယ် …။ အဲဒီလိုဖျက်ပစ်လိုက်တဲ့အတွက် ဘယ်သူမှန်းမသိတဲ့ အဲဒီ့သူကို ကျွန်တော်တောင်းပန်ချင်ပါတယ် …။ သူရေးထားတဲ့ ကွန်မန့်က ကျွန်တော်ဖန်တီးထားတဲ့ အနုပညာပစ္စည်းရဲ့အနှစ်သာရကို ပျက်စီးစေသလိုဖြစ်နေတဲ့ အတွက် အခုလိုဖျက်ပစ်ခဲ့ခြင်းဖြစ်ပါတယ် …။ ကျွန်တော့်ဘလော့ဂ်ကို လာရောက်ဖတ်ရှုသူတွေမြင်နိုင်ဖို့ အနုပညာပစ္စည်းတစ်ခုကို ကျွန်တော်တင်ဆက်ပြတာဖြစ်ပါတယ် …။ ကျွန်တော် ပဟေဠိဖွက်နေတာမဟုတ်သလို၊ ဥာဏ်စမ်းနေတာလဲ မဟုတ်ပါဘူး …။ ကျွန်တော်ဖန်တီးထားတဲ့ အနုပညာပစ္စည်းတစ်ခုကို လာကြည့်ကြသူတွေက သူတို့ရဲ့လွတ်လပ်ခွင့်ကို အပြည့်အ၀အသုံးချပြီး သူတို့စိတ်တိုင်းကျ ခံစားသွား ကြတာကိုတွေ့ရပါတယ်…။ အနုပညာပစ္စည်းတစ်ခုကို ကြည့်ရှုခံစားသူတွေအနေနဲ့ ဖန်တီးသူက ဘာတွေပြောချင်တာလဲဆိုတာကို အတိအကျသိနိုင်ဖို့က အဓိကမကျဘူးလို့ ယူဆပါတယ် …။ ဒီပို့စ်လေးမှာ ဆိုရင်လဲ အမဲရောင် မျက်နှာပြင်ကြီးကို ကြည့်ပြီး … တစ်ခုခုခံစားမိသွားတယ်ဆိုလဲ ဖြစ်ပါတယ် …။ ကျွန်တော်ရေးထားတာတွေကို မြင်ပြီး တစ်ခုခုခံစားမိသွားတယ်ဆိုရင်လဲ ဖြစ်ပါတယ် …။ ကျွန်တော့်အနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုမှ ထိပါးဖို့ မကြိုးစားသလို … ကျွန်တော့်ရဲ့လွတ်လပ်ခွင့်ကိုလဲ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထိပါးလို့မရနိုင်ဘူးလို့ယုံကြည်ပါတယ် …။ ကျွန်တော်တို့ လွတ်လပ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ်ကို အသေအချာသိနိုင်အောင်ကြိုးစားကြရင်း … လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို အပြည့်အ၀ခံစား နိုင်ကြမယ်ဆိုရင် အားလုံးအတွက် အဆင်ပြေမယ်ထင်ပါတယ် …။

This is about... said...

အနီရောင်သွေးတွေကို သွေးလှူဘဏ်ကို ကောင်းကင်ကြီးအောက်က ကတ္တရာလမ်းမကြီးပေါ်က နေရောက်အောင်သွားပြီးလှူပေးသွားပါ၏။ ကိုနဘလ ရဲ.cerativity ကိုလေးစားပါတယ်။

Unknown said...

အဲဒီအမှောင်တွေ လင်းဖို့အတွက် ငါကြိုးစားနေတယ် သူငယ်ချင်း။

Anonymous said...

ကျွန်တောက တော့သူများနဲ့မတူတဲ့ အမြင်နဲ့မြင်မိပါတယ်။ တခါတလေ မှာမြင်ချင်းမှာ အတူတူပေမဲ့ စိတ်အတွင်းခံစားချက်နဲ့ မြင်ရတဲ့အမြင်ကစက္ခုအာရုံ အမြင်ထက်ပိုပြီး ကြည်လင်ပြီး ဘယ်တော့မှမေ့မပျောက်နိုင်အောင်စွဲထင်စေပါတယ်။ အရောင်တွေရဲ့သဘောတရားတွေက လူတွေ့ရဲ့စိတ်တွေကိုပြောင်းလဲစေပါတယ်။

Ngu Wah said...

ko nay,
ှုAt first I saw anything, later i saw by my mind and felt one feeling but I can't mention that.Thanks for so many good blogs.