Pages

Monday, October 22, 2007

သက်ရှိကွက်လပ်များ …

လက်ဖက်ရည်ဆိုင်ထဲကို သူဝင်လိုက်တဲ့အချိန်မှာပဲ အသက် ၁၃ နှစ်လောက်သာရှိဦးမယ့် ကောင်လေးက သူ့အနားကိုရောက်လာပြီးမေးတယ် …။
“ ဘာ သောက်မလဲ အကို …”
“ ပေါ့စိမ့်တစ်ခွက်လုပ် ညီလေးရာ …”
သူ့ဆီကအဖြေတစ်ခုကိုရတာနဲ့ ကောင်လေးက အဖျော်ဆရာကြားအောင်လှမ်းအော်လိုက်တယ် …။
“ ရှယ် ပေါ့စိမ့် ၀မ်း … ”
သူ … စားပွဲဝိုင်းတွေတစ်ခုပြီး တစ်ခုကို မလစ်ဟင်းရအောင် ၀န်ဆောင်မှုတွေပေးနေတဲ့ ကောင်လေးကို လိုက်ငေးရင်း ဟိုဟိုဒီဒီတွေတွေးနေမိတယ် …။
“ ဟေ့ … ရှင်းမယ် … ဘယ်လောက်ကျလဲ”
အလွတ်နီးပါးရနေပြီဖြစ်တဲ့ ကိန်းဂဏန်းတွေကို ကောင်လေး စိတ်ထဲကနေပဲ သွက်သွက်လက်လက် ပေါင်းလိုက်တာ … သိပ်မကြာလိုက်ပါဘူး …
“ ၉၀၀ ပါ … ဆေးလိပ်တစ်လိပ်ထပ်ယူလိုက်ပါလား … တစ်ထောင်ဖြစ်သွားအောင် …”
ကောင်လေးက အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ သွက်သွက်လက်လက်လုပ်နေတယ် … သူကသာ သက်ပြင်းတွေ ခိုးခိုးချရင်း … စိတ်ထဲကနေ ကဗျာလေးတစ်ပုဒ် ဖန်ဆင်းနေမိတယ် …

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

အိမ်အပြန်လမ်းမှာ လိုင်းကားတွေမရှိတော့လို့ ကြားကားတစ်စီးစီးအလာကို သူစောင့်နေမိတယ် … ။ အဲဒီ့ အချိန်မှာပဲ ၁၀၅ နံပါတ် ကားတစ်စီး သူ့ရှေ့ကို ထိုးစိုက်လာတယ် …။
“ တာမွေ … တာမွေ … တစ်ယောက် ၁၅၀ ထဲနော် … သူများလို့ ၂၀၀ မတောင်းဘူး”
ကောင်လေးရဲ့ အသက်က ရှိလှ ၁၂ နှစ်ပေါ့ … စပါယ်ယာလုပ်နေတာများ တကယ့်ကို ၀ါ့ရင့်ကြီးတစ်ယောက်လို …။ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားလူကြီး စပါယ်ယာတွေရဲ့ ပေါက်တတ်ကရ စကားလုံးတွေကလည်း တခါတခါ အဲဒီ့ကောင်လေးရဲ့ ပါးစပ်ဖျား က ထွက်ထွက်ကျလာသေးတယ်။
“ x x x x x x x x x x x x x x”
လူကြီးတစ်ယောက်က ငါးရာတန်တစ်ရွက်ထုတ်ပေးတော့ …
“ အစ်ကိုကြီး ၅၀ တန်တစ်ရွက်လောက်ထည့်ပေးလေ ကျွန်တော် ၄၀၀ ပြန်အမ်းလိုက်မယ် … နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့”
ကောင်လေးက ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးပါပဲ … ကျွန်တော့်မှာသာ … ရင်ထဲက ကဗျာတစ်ပုဒ်အတွက် စကားလုံးတွေထပ်ပြီးထွက်ကျလာတယ် …

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

သက်ရှိကွက်လပ်များ …

စာတွေအော်ကျက်နေရမယ့် မင်းတို့နှုတ်ဖျားက
တူးတီး ပေါ့ကျတဲ့ …
တာမွေ တာမွေ တစ်ယောက် ၁၅၀ ပဲတဲ့ …
ညီလေးရယ် … ၀မ်းရေးဆိုတဲ့စကားလုံးအောက်မှာ
မင်းတို့ရဲ့အနာဂတ်တွေပျောက်
မင်းတို့ရဲ့စိတ်ထဲမှာတော့ …
ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့တည်ဆောက်ရာပေါ့
အပေါင်းအနှုတ်အမြှောက်အစား
ကိန်းဂဏန်းအက္ခရာတွေများစွာကို
ကိုယ်လိုရာအသုံးချနိုင်ဖို့
တွက်ချက်ရွတ်ဆိုနေရမယ့်အစား
မင်းတို့နှုတ်ဖျားက
ဖန်တရာတေနေတဲ့ ဈေးနှုန်းတွေကို
အသေမှတ်ထားတဲ့ ဈေးတွက်နဲ့တွက် …
မင်းတို့ရဲ့ နောက်တစ်နေ့ မနက်ဟာလဲ …
ဒီလို မပြည့်စုံတဲ့ ၀ဲဂယက်တစ်ခုပဲနော် …
စာသင်ကျောင်းတွေက မင်းတို့ကိုမျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံတွေက မင်းတို့ကိုခေါ်နေတယ်
ဆရာ၊ ဆရာမတွေက မင်းတို့ကိုမျှော်နေတယ်
စာသင်ခုံတွေက မင်းတို့ကိုခေါ်နေတယ်
နိုင်ငံရဲ့ အနာဂတ်ကို
မျိုးဆက်သစ်တွေရဲ့လက်ထဲကိုအပ်ဖို့
လူကြီးသူမတွေခမျာလဲ
မျက်ရည်စို့စို့နဲ့
မင်းတို့ကို မျှော်လင့်နေကြရဲ့ …။ ။

11 comments:

Khunmyahlaing said...

ကိုယ့်စရိတ် ကိုယ်ခံ ပြည်ပထွက် စာသင်နေတဲ့ ကျောင်းသား ကျောင်းသူ စစ်စစ် တွေကို မြန်မာပြည် ပြန် ချင်သေးရင် လုပ်ပေးလို့ ဗိုလ်ကျ ခြိမ်းခြောက်ပြီး သူတို့ရဲ့ assignments တွေကို အတင်း ရေးခိုင်းပြီး ဘွဲ့ရသွားတဲ့ အစိုးရက လွှတ်တဲ့ ပညာ တော်သင် တွေ၊ အဖွဲ့အစည်းတွေက လွှတ်တဲ့ ပညာ တော်သင် တွေအဖြစ်နဲ့ တချို့ လူကြီး ဆိုသူတွေက သူတို့ လိုချင်တဲ့ သတင်း အချက် အလက် တွေကို စုံစမ်း ခိုင်း တာကို အပျော်မယား အဖြစ်ပါ အဆစ်ထည့် ၀န်ဆောင်မှု ပေးနေရတဲ့ အယောင်ဆောင် ကျောင်းသူတွေ နိုင်ငံခြားဘွဲ့တွေပိုက်ပြီး ကိုယ့်တိုင်းပြည်မှာ ဆရာတွေ၊ တာဝန်ရှိသူတွေ ဖြစ်လာတဲ့အခါ သူတို့တွေရဲ့ အကျင့်စာရိတ္တတွေ အလွှမ်းမိုးခံရတဲ့ ကျောင်းသားလေးတွေ ဖြစ်လာကြမယ့်အစား သန့်ရှင်း နေသေးတဲ့ အကျင့် စာရိတ္တလေးတွေနဲ့ စပယ်ယာလေးတွေ စားပွဲထိုးလေးတွေ ဖြစ်နေရတာက ပိုကောင်းမလိုပါပဲ။ ကိုယ်သာဆိုရင်တော့ စားပွဲထိုး အဖြူထည်လေးရဲ့ ဘ၀ကိုပဲ ရွေးမိမှာပါ။

N3 said...

I like your poem..

little moon said...

ကဗျာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ လဘက်ရည်ဆိုင်မှာ၊ ဘတ်စ်ကားတွေ မြို့ပါတ်ရထားတွေပေါ်မှာ ကျူးကျော်ရပ်ကွက်တွေမှာ.. ရွှေပြည်သာလှိုင်သာယာ အလုပ်ခွင်တွေထဲမှာ ဘဲကျောင်း ကျွဲကျောင်း လယ်သူရင်းငှားလုပ်နေရသူလေးတွေ.... ကိုယ်တို့မျက်ကွယ်မှာ အများကြီးအများကြီးရှိဦးမှာ

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော် ရန်ကုန်မှာ ရှိကတည်းက အစ်ကိုရေးရဦးမယ်ဆိုပြီး ပြောပြောနေတဲ့ အကြောင်းအရာလေးပါ။ ခုမှဖတ်ရတယ်။ မအိမ်ချမ်းမြေ့ ပြောတဲ့စကားလေးပဲ သတိရတယ်။ “ ရင်နာနေတယ် ” တဲ့လေ။ ကျွန်တော်တို့ အားလုံး ရင်နာနေကြပြီ။

ညီညီ(သံလွင်) said...

ကဗျာလေး အရမ်းကောင်းတယ်။ မင်းကဗျာကို ဖတ်ပြီး ထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းကို ကြားယောင်လာတယ်။

Anonymous said...

ငိုချင်တယ် ='(

MELODYMAUNG said...

အရေးအသား သရုပ်ဖေါ်ရော ကဗျာကပါ ရင်ထဲကို တန်းထိသွားတယ် အဲဒီကလေးတွေက ကိုယ်နဲ့ အမျိုးမတော်ပေမဲ့ ရင်နာသလို ခံစားရတယ်ကွာ တတ်နိုင်သလောက် အဲလိုကွက်လပ်လေးတွေကို တို့တွေ နိုင်သလောက်ဖြည့်ဖို့ ကြိုးစားစွမ်းဆောင်နေပေမဲ့လဲ တစ်ဦးတစ်ယောက်ချင်းအားနဲ့ ပဲ ဆိုတော့လဲ .....

Anonymous said...

Like your writings. They awake us to do something good for our society.

ဂျစ်တူး - gyit_tu said...

ခံစားသွားတယ် နေဘုန်းလတ်ရေ ။

ခင်မင်းဇော် said...

ဟုတ်လိုက်လေ နေဘုန်းလတ်ရေ..
အမလည်း တနေ့က အသားကင်ဆိုင်မှာ ကလေးငယ်ငယ်လေး ၁၀ နှစ်ရွယ်လောက်ကလေးက
အသားကင်ဖို့ မီးဖိုကို မ လာတာ မြင်တော့ သားသမီးချင်း ကိုယ်ချင်းစာမိတယ်.. ဒီအရွယ်မိဘရင်ခွင် မိဘအရိပ်အောက်မှာ နေရမှာလေ.. တိုင်းတပါးမှာ ကိုယ်နားမလည်တဲ့စကားနဲ့ ခိုင်းနေတာကို သေချာမှတ်နေတဲ့ ကလေးလေးရဲ့ မျက်လုံးတွေကို ခုထိရင်ထဲက မထွက်သေးဘူး..
တကယ်ပဲ ရင်နာရပါတယ်..
အမတို့တွေ သူတို့လေးတွေအတွက် အများကြီး ကြိုးစားပေးရဦးမယ်.. တာဝန်လို့ခံယူထားပါတယ်။

mu2ng said...

မြန်မာပြည်မှာတော.sizeစုံပဂိုက်စုံပါပဲကွယ်။