Pages

Sunday, October 21, 2007

ကျွန်တော်နှင့် ပညာရွာ

ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရဖူးတဲ့ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ ...။ ဒီဝတ္ထုတိုလေးထဲမှာပါတဲ့ ပညာရွာလို့ နာမည်ရတဲ့ ရွာလေးထဲကရွာသားတွေရဲ့ တလွဲဆံပင်ကောင်းနေကြပုံလေးတွေက ခင်ဗျားတို့ကို ပြုံးစစဖြစ်စေလိမ့်မယ်လို့ထင်ပါတယ် ...။

ကျွန်တော်နှင့် ပညာရွာ


ဟိုးတစ်နေ့က ဘာရယ်ညာရယ်မဟုတ်ပဲဖတ်လိုက်ရတဲ့ဗေဒင်စာအုပ်လေးထဲမှာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရမယ်တဲ့။ ၉နှစ်မှတစ်ကြိမ်ရနိုင်တဲ့ ကံကောင်းခြင်းတွေ ကိုယ့်ဆီကို ရောက်လာလိမ့်မယ်တဲ့ ...။ အဲဒါလေးကိုဖတ်ပြီး သိပ်မကြာတဲ့တစ်နေ့မှာပဲ ကျွန်တော်ခရီးတစ်ခုထွက်ရဖို့ အကြောင်းဖန် လာတယ်။ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က အလည်လာဖို့လှမ်းခေါ်တာလေ။ အဲဒီ့လို့နဲ့ လေယာဉ်ပျံကြီးစီးပြီး ခရီးထွက်လာလိုက်တာ ကျွန်တော့်ရဲ့ထူးခြားဆန်းကြယ် တယ်ဆိုတဲ့ အဖြစ်အပျက်တွေက စတော့တာပဲ။ ကျွန်တော်စီးလာတဲ့လေယျာဉ်ကြီး ဘယ်နေရာမှာသွားဆိုက်ကပ်တယ် ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော့်သူငယ်ချင်းလှမ်းခေါ်တဲ့ နိုင်ငံကို မဟုတ်တာတော့ သေချာပါတယ်။ ခရီးဆုံးပြီဆိုလို့ ကျွန်တော်လည်း လေယာဉ်ပေါ်ကဆင်းလိုက်ရော ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးတစ်မြို့က ကျွန်တော့်ကို မားမားကြီး ရပ်ပြီးစောင့်ကြိုနေလေရဲ့ ...။ ကျွန်တော်လည်း ရှေ့ကလမ်းကလေးအတိုင်း ဟိုဟိုဒီဒီလျှောက်လာလိုက်တာ မြို့အ၀င်ဝမှာ ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုလဲတွေ့လိုက် ရရော အံ့သြခြင်း တွေနဲ့အတူ လှိုက်လှဲဝမ်းသာသွားမိတယ်။

`ပညာရွာ´ တဲ့ ...။

သူတို့ကရွာသာဆိုတယ် ခမ်းနားထည်ဝါနေလိုက်ပုံက မြို့ကြီးပြကြီးတွေတောင် သြချရလောက်တယ်။ သြော် ... ပညာရှင်တွေ၊ ပညာရှိကြီးတွေချည်းပဲ စုနေတာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လို့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ရှည်ရှည်ဝေးဝေးတွေတွေးမနေတော့ပဲ အဲဒီ့ပညာရွာကြီးထဲကို သိချင်နေတဲ့မေးခွန်းတွေ တပုံတခေါင်းကိုဆွဲပြီး ၀င်ခဲ့ လိုက်တော့တယ်။
ရွာထဲကိုဝင်ဝင်ခြင်းမှာပဲ ပထမဦးဆုံးစတွေ့တဲ့မြင်ကွင်းက ကျွန်တော့်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဖမ်းစား လိုက်တယ်။ လူတွေအယောက် နှစ်ရာလောက်နီးပါးဟာ အဆောက်အအုံကြီးတစ်ခုရဲ့ရှေ့မှာ တန်းစီ နေကြတာပဲ။ ကျွန်တော်လည်း ထူးဆန်းတာနဲ့ အဲဒီ့အဆောက်အအုံကြီးအနားကိုသွားပြီး အထဲကိုလှမ်းကြည့် လိုက်တော့ အထဲမှာ ခုဏက တန်းစီနေကြတဲ့သူတွေ အမည်စာရင်းတွေပေးသွင်း၊ နောက်တော့ ခွက်တစ်ခွက်ထဲကအရည်တွေကို သောက်သောက်ပြီး လဲလဲကျသွားကြတာ ကိုမြင်လိုက်ရတယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကိုအနောက်ကနေ လူတစ်ယောက်က လက်လာတို့တာနဲ့ လှည့်ကြည့်လိုက်တော့ ... ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ခရတ္တိ (Socrates) ... ။ ကျွန်တော်မမှားဘူးဆိုရင်ပေါ့ ... သူ့ပုံတွေကို ကျွန်တော်စာအုပ်တွေမှာ မြင်ဖူးနေတာပဲ ...။

`` ခင်ဗျား ... ဆော့ခရတ္တိမဟုတ်လား ´´

ကျွန်တော် အဲဒီလိုမေးလိုက်တော့သူက မအီမသာမျက်နှာနဲ့ ခေါင်းညိတ်ပြတယ်။ ကျွန်တော်လည်း ခုဏက ခေါင်းထဲမှာ ရှုပ်နေတဲ့ကိစ္စကို အမြန်အဆန်ပဲ ထုတ်မေးလိုက်တယ်။

``အဲဒီ့လူတန်းကြီးက ဘာလုပ်နေကြတာလဲဗျ ...´´

``အဆိပ်သောက်ဖို့ တန်းစီနေကြတာလေ ...´´

သူက ကလေးတွေကိုပြောမရလို့ဒီအတိုင်းလွှတ်ထားရတဲ့ ဖခင်တစ်ယောက်ရဲ့လေသံနဲ့ပြောတယ်။ သူ့အဖြေကို ကြားတော့ ကျွန်တော်လည်း တော်တော်လေးကို အူကြောင်ကြောင်ဖြစ်သွားတယ်။

``ဘယ်လိုဖြစ်ကြတာတုန်းဗျ ... ကျွန်တော့်ကိုလည်း သေသေချာချာရှင်းပြပါဦး ၊ အဆိပ်ခွက်ကိုသောက်ဖို့ အတွက် သူတို့တွေဘာလို့ဒီလောက်တောင်အလုအယက်ဖြစ်နေကြတာလဲဗျ ... ကျွန်တော်နားမလည် တော့ဘူး´´

`` နာမည်ကြီးချင်ကြလို့တဲ့ဟေ့ ...၊ ဆော့ခရတ္တိနာမည်ကြီးတာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးစီရင်ရဲလို့ဆိုပြီး သူတို့လဲ အဲဒီလိုလိုက်လုပ်နေကြတာလေ´´

``ဟိုက် ...´´

လွဲချက်ကတော့ တော်တော်လေးကိုဆိုးသွားပါပြီ။ ဆော့ခရတ္တိရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့လည်း လူပုံအလယ်မှာ အဆိပ်ခွက်ကိုသောက်ခဲ့မိတဲ့အတွက် နောင်တရနေပုံပါပဲ။

``အမှန်တရားအတွက် လိုအပ်ရင် အသက်ကိုစွန့်ဝံ့ရမယ်ဆိုတဲ့ ဥဒါန်းကို ငါကပြဠာန်းချင်ခဲ့တာ ... အခုတော့ ... လွဲကုန်ပြီ ... လွဲကုန်ပြီ ...´´

စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ညည်းတွားရေရွတ်နေတဲ့ သူကို့ကျွန်တော်လည်း ဘယ်လိုဖြောင်းဖျ ရမယ်မှန်းတောင်မသိတော့ပါဘူး။ သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း သူ့လိုပဲဝမ်းနည်းပတ်လက် ဖြစ်မိမှာပဲလေ။ အဲဒါနဲ့ ကျွန်တော်လည်း သူနဲ့လူတန်းကြီးကိုထားခဲ့ပြီး ရှေ့ဆက်လှမ်းခဲ့တော့တယ်။ ``ပညာရွာ´´ ကြီးရဲ့ပထမဆုံး ဆီးကြိုနှုတ်ဆက်မှု ကတော့ အဲဒီလိုမလှမပနဲ့ပြီးဆုံးသွားတယ်။ နောက်ထပ်ဘာတွေများ ဆန်းဆန်းပြားပြားတွေ ထပ်တွေ့ရဦးမလဲဆိုတဲ့ အတွေးနဲ့ ကျွန်တော်နဲနဲတော့ တက်ကြွနေခဲ့သေးတယ်။ သိပ်မကြာပါဘူး ... နောက်ထပ် ထူးခြားတဲ့ မြင်ကွင်းတစ်မျိုးနဲ့ ကျွန်တော်ဝင်တိုးမိပြန်ပါတော့တယ်။

လူတွေ ... လူတွေ ... နေ့ခင်းကြောင်တောင်ကြီးမှာ ဟိုနားတစ်ယောက်၊ ဒီနားတစ်ယောက် ၊ တချို့က လက်နှိပ်ဓါတ်မီးတွေနဲ့ ၊ တချို့က မီးလုံးတပ်ဦးထုပ်တွေနဲ့ ၊ တချို့က မီးအိမ်လေးတွေနဲ့ ဘာတွေကိုလိုက်ရှာ နေကြတယ် မသိပါဘူး။ ကျွန်တော်လည်း အဲဒီ့လူတွေထဲက ဘယ်သူ့ကိုများလှမ်းမေးရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ သူတို့တွေ အားလုံးကို ကျောက်တုံးကြီးတစ်တုံးပေါ်ကနေထိုင်ကြည့်ပြီး သက်ပြင်းတွေ မပြီးမစီး ချနေတဲ့ အဘိုးကြီးတစ်ယောက် ကိုတွေ့လိုက်တယ်။ သူ့ရဲ့နံဘေးမှာက မီးအိမ်တစ်လုံးနဲ့ တောင်ဝှေးတစ်ချောင်း ...။ ဟိုက်ပိုကလိုက်တပ်စ် ဆိုတဲ့ ပညာရှိကြီးပဲဖြစ်ရမယ်လို့ကျွန်တော်သိလိုက်တယ်။ သူ့ရဲ့မအီမသာ၊ မချမ်းမမြေ့ဖြစ်နေတဲ့ မျက်နှာကြီးကိုကြည့်နေရင်း ခုဏကလူတွေရဲ့အဖြစ်ကို ကျွန်တော်တဖြည်းဖြည်းနဲ့ရိပ်မိလာတယ်။

``သြော် ... သူတို့တွေလည်း အဘလိုပဲ အမှန်တရားကို လိုက်ရှာနေကြတာတဲ့လားဟင် ´´

ကျွန်တော်အဲဒီလိုမေးလိုက်တော့ သူက ကျွန်တော့်ကို ရီဝေေ၀ပြန်ကြည့်ရင်းဖြေတယ်။

``အေးလေကွာ ... ရွဲ့လို့ရွဲ့မှန်းလည်းမသိ ... အဟုတ်မှတ်ပြီးလိုက်လုပ်နေကြတယ်။ အမှန်တရားဆိုတာက ဒီလိုမီးထွန်းရှာရုံနဲ့ ဘယ်တွေ့မှာလဲကွ။ တကယ်တမ်းက ကိုယ့်ကိုယ်ကို အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိနိုင်မှ အမှန်တရားနဲ့ နီးစပ်နိုင်မှာလေ။ ဟင်း ... လွဲချက်ကတော့ဆိုးပါတယ်ကွာ ...´´

ဟုတ်တော့လည်း ဟုတ်တာပဲ။ သူ့အစားကျွန်တော်တောင် ငိုချင်လာတယ်။ ဒီလူတွေလုပ်နေပုံက သူ့ကိုပဲပြန်ပြီး အရွဲ့တိုက်နေသလိုကြီးလေ။

``အဘ ... သူတို့ကတကယ်ယုံယုံကြည်ကြည်နဲ့ ရှာနေကြတာလားဟင်´´

``ဟုတ်တယ်ကွ ... သူတို့တွေ အမှန်တရားကိုရှာနေကြတာပဲ။ ဒါပေမယ့် နည်းလမ်းတွေကလွဲနေတော့ အမှန်တရားကိုမတွေ့ကြပဲ အခြားမလိုလားအပ်တာတွေကိုပဲ တွေ့တွေ့နေကြတာပေါ့။ သူတို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေကြတာပါပဲကွာ ´´

သူ့ဒုက္ခကလည်း တော်တော်မသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ အခုလို မဟုတ်က ဟုတ်ကဇာတ်လမ်းကို သူကပဲစလှမ်းခဲ့သလိုဖြစ်နေတာကို ...။ နောက်ကျနေပြီဖြစ်တဲ့နောင်တကြီးကို ရင်မှာပိုက်ပြီး သူဆက်လက်ကြေကွဲနေတာနဲ့ ကျွန်တော်လည်း ရှေ့ဆက်ပြီးထွက်လာခဲ့လိုက်တယ်။ ပညာရှိကြီးတွေကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် အခြားရွာသားတွေက တော်တော်တုံးကြပါလားလို့ ကျွန်တော်စဉ်းစားမိတယ်။ အဲဒီလိုနဲ့ တစ်နေရာ အရောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်လန့်ဖြန့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ လူတွေလေ ... အ၀တ်မပါကိုယ်ဗလာနဲ့ အောင်ပြီ ... အောင်ပြီလို့ အော်အော်ပြီးလျှောက်ပြေးနေကြတာ ရှုပ်ယှက်ကိုခတ်နေတာပဲ။ အဲဒီ့အချိန်မှာပဲ ...

``အမလေးလေး ... ရှက်စရာကောင်းလိုက်တာ ... ရှက်စရာကောင်းလိုက်တာ ... ငါ့မျက်နှာကို ဘယ်နား သွားထားရပါ့မလဲ ´´

ကျွန်တော်အနားမှာ မျက်နှာကိုလက်ဝါးကြီးနဲ့အုပ်ပြီး အလန့်တကြားငိုညည်းနေတဲ့သူကို ကြည့်လိုက်တော့ ... အတွေးအခေါ်ပညာရှင်ကြီး အာခီမိဒိ (Archimedes) ... ။ ကျွန်တော်လည်း ရှက်နေတဲ့သူ့ကိုအားနာနာနဲ့ပဲမေးလိုက်ရတယ်။

``သူတို့တွေက ဘယ်လိုဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ တွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်လိုက်ကြလို့ အဲဒီ့လို အော်ပြီးလျှောက်ပြေးနေကြတာလဲဟင် ...´´

``ဘာမှလည်း ထွေထွေထူးထူးရှာတွေ့ကြတာမဟုတ်ပါဘူးကွာ ...။ ငါ့ရဲထူးခြားတဲ့ အပြုအမူတစ်ခုကို လိုက်လုပ်နိုင်ရုံနဲ့ ငါ့လိုဖြစ်ပြီလို့ထင်နေကြတဲ့သူတွေလေ။ သူတို့လုပ်မှပဲ ငါလည်း ငပေါကြီးလုံးလုံး ဖြစ်တော့တယ်။´´

ကျွန်တော် သူ့ကိုကြည့်ပြီး နဲနဲရယ်ချင်သွားတယ်။ တခါက သတိလက်လွတ်ဖြစ်ပြီး လွန်လွန်ကျူးကျူး ပျော်မြူးခဲ့မိတဲ့ သူ့ကိုယ်သူ မကျေမနပ်တွေဖြစ်နေတဲ့သူ့ကို ကြည့်ပြီး ပြုံးလိုက်မိတဲ့အတွက် ကျွန်တော် အားတော့နာသွားတယ်။ သူ့ကို ဘာပြောရမှန်းမသိပဲ အူကြောင်ကြောင်နဲ့ ကြည့်နေမိတဲ့ကျွန်တော့်ကိုသူက ထပ်ပြောတယ်။

``ဘယ်အရာကိုမဆို အပေါ်ယံကြောပဲ ရှပ်ပြီးကြည့်တတ်ကြတာ ဒီရွာသားတွေရဲ့အကျင့်ပဲကွ။ ငါနဲ့ ပတ်သက်ရင် ပဲကြည့်လေ ...။ ငါရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားတွေမှာ ဆက်ပြီးတွေးစရာတွေ၊ ထပ်ပြီးစူးစမ်း လေ့လာ စရာတွေ အများကြီးကျန်နေသေးတယ်ကွ။ တချို့တွေကတော့ အပေါ်ယံအမြင်တွေမှာတင်ရပ်မနေပဲ ဆက်တွေးကြ၊ ကြံဆကြ၊ တီထွင်ဖန်တီးကြတော့ ငါပေးချင်တဲ့အနှစ်သာရကို အပြည့်အ၀ရကြပြီး အဆင့်အတန်းတွေမြင့် ကုန်ကြတာပေါ့။ ဒီရွာလေးကတော့ မင်းမြင်တဲ့အတိုင်း ဒုံရင်းကဒုံရင်းပဲလေ။ ´´

သူလဲပြောချင်တာတွေပြောပြီး ကျွန်တော့်အနားကနေထွက်သွားတာနဲ့ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာလိုက်တယ်။ စိတ်ထဲမှာတော့ သံသယတချို့တ၀က်နဲ့အတူ ဒီရွာကို ဘာကြောင့်များ `ပညာရွာ´လို့ နာမည်ပေးထားတာလဲမသိဘူးလို့ စဉ်းစားနေမိတယ်။ ကျွန်တော် အဲဒီ့လိုစဉ်းစားနေတုန်းမှာပဲ လူတစ်ယောက်က ကျွန်တော့်ကို ၀င်တိုက်လိုက်လို့ ကျွန်တော်ဖင်ထိုင်ရက်ကြီးလဲကျသွားတယ်။ ကျွန်တော်လည်း ကမမ်းကတန်းပြန်ထပြီး ၀င်တိုက်တဲ့သူကို ရန်တွေ့မလို့လှမ်းကြည့်လိုက်တော့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း(Estein)ဖြစ်နေတယ်။

``ဟာ ... အန်ကယ်က အိုင်းစတိုင်းမဟုတ်လား ... ဘာတွေဖြစ်လာတာလဲဗျ ...´´

ကျွန်တော်ကအဲဒီလိုမေးလိုက်တော့ သူက ခေါင်းညိတ်ပြပြီး မောကြီးပမ်းကြီးနဲ့ပြန်ဖြေတယ်။

``ဟုတ်တယ် ... ငါကသူတို့ကို သိပ္ပံပညာရှင်တွေအဖြစ်နဲ့ လောကကောင်းကျိုးဆောင်ရွက်နိုင်အောင် ရှေ့ဆောင်လမ်းပြခဲ့တယ်။ အခု သူတို့က အဏုမြူဗုံးတွေပဲထွင်ပြီး တစ်ယောက်တစ်လုံးစီဆောင်ထားကြတယ်။ အဲဒါကြောင့် ငါလဲ သူတို့နားမှာမနေရဲတော့လို့ထွက်ပြေးလာတာကွ ...´´

သူလဲ ကျွန်တော့်ကိုရှင်းပြပြီးတာနဲ့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ဆက်ပြေးသွားတယ်။ ပထမတော့ ကျွန်တော်လည်း သူ့နောက်ကလိုက်ပြေးရရင်ကောင်းမလားလို့စဉ်းစားမိသေးတယ်။ နောက်တော့မှ ... ဒီရွာသားတွေ ကိုယ့်အသက်ကိုမနှမြောပဲနဲ့တော့ မိုက်ရူးရဲမလုပ်လောက်ပါဘူးလို့တွေးပြီး လေ့လာရအောင်ဆက်လျှောက် လာခဲ့တယ်။ အိုင်းစတိုင်းပြောသွားသလိုပါပဲ ... ရွာသားတွေက ခင်ခင်မင်မင်ရှိကြပေမယ့် အားလုံးလိုလိုရဲ့လက်ထဲမှာ လက်တစ်ဆုပ်စာ အဏုမြူဗုံးလေးတွေ ကိုင်ထား ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ရင်တောင် လက်နှစ်ဖက်နဲ့ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်နှုတ်ဆက်လို့မရကြဘူး။ အဏုမြူဗုံးတွေကိုင်ထားတဲ့လက်တွေကို နောက်ပစ်ပြီး ကျန်လက်တစ်ဖက်တည်းနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့တွေ ဘယ်လိုစိတ်ထားတွေကြောင့်များ ဒီလိုမျိုးဖြစ်နေကြရတာလဲဆိုတာကို သိချင်လာတာနဲ့ ... အနီးဆုံး လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။

``ဟေ့လူ ... ခင်ဗျားတို့ဟာက မဟုတ်သေးပါဘူးဗျာ ... ခင်ဗျားတို့ကိုကြည့်ရတာ အင်္ဂါမစုံတဲ့ ရင်းနှီးမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နေကြသလိုတောင်ဖြစ်နေပြီ ... ဘယ်လိုဖြစ်ကြတာလဲဗျာ ...´´

ကျွန်တော်က အဲဒီလိုပြောတော့ သူကတစ်ခွန်းမခံပါဘူး။ ကျွန်တော့်ဘက်ကို ဒေါကြီးမောကြီးနဲ့လှည့်လာပြီး အဏုမြူဗုံးကြီးတမြှောက်မြှောက်နဲ့ ကျွန်တော့်ကိုရှင်းပြပါတယ်။

``မင်းဘာနားလည်လို့လဲကွ ... လူဆိုတဲ့အမျိုးက ဘယ်လောက်ပဲခင်မင်ရင်းနှီးတယ်ပြောပြော ယုံရတာ မဟုတ်ဘူးကွ။ တစ်ခါတစ်ခါ ... ကိုယ့်ဒူးခေါင်းနဲ့ကိုယ်ပြန်တိုက်မိပြီး နှုတ်ခမ်းပေါက်တဲ့အဖြစ်မျိုးတောင် ရှိသေးတယ် မဟုတ်လားကွ။ အဲဒီ့တော့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတာ မမှားပါဘူးကွာ´´

တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကင်းမဲ့နေတာကို ဒီလိုနည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတဲ့အကြောင်း ...။ သံသယတွေကို ယုံကြည်မှုအသွင်ပြောင်းနိုင်မှ အနာဂတ်ဆက်ဆံရေးလမ်းကြောင်းတွေ ဖြောင့်ဖြူးနိုင်မယ်ဆိုတဲ့အကြောင်း ...။ ကာကွယ်ဖို့ ကာကွယ်ဖို့နဲ့ အင်အားကြီးမားလာတဲ့အခါ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှု၊ ကျူးကျော်ရန်စလိုမှုတွေ ဖြစ်လာနိုင်တဲ့အကြောင်း စတဲ့ ... စတဲ့ ... အကြောင်းတွေ သူ့ကိုကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။ တော်တော်ကြာ ပြောပြလိုက်လို့ ဒေါပွသွားပြီး သူ့လက်ထဲက အဏုမြူဗုံးကြီးနဲ့ ဆုံးမလွှတ်လိုက်မှ ဒုက္ခဖြစ်နေဦးမှာကို တွေးမိတာနဲ့ ကျွန်တော် သူတို့ကိုထားပြီး အိုင်းစတိုင်းရဲ့လမ်းစဉ်အတိုင်း ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။

အဲဒီလိုနဲ့ တစ်နေရာကိုအရောက်မှာ သူကိုယ်တိုင်ဖြတ်ပစ်ခဲ့တဲ့နားရွက်ကို သူ့ဖာသာသူ ပြန်တပ်ဖို့ကြိုးစား နေတဲ့ ဗင်းဆင့်ဗန်ဂိုး (Vincent Vangoe)နဲ့သွားတွေ့တယ်။ ကျွန်တော် အနားကပ်သွားတာတောင် ဂရုမစိုက်နိုင်အားပဲ နားရွက်တစ်ဖက်နဲ့ အလုပ်တွေရှုပ်နေတဲ့ သူ့ကို ကျွန်တော်ကပဲ စကားစလိုက်တယ်။

``ကိုဗန်ဂိုးကြီး ... ဘယ်လိုဖြစ်နေတာလဲဗျ ... အခုမှ နားရွက်ကိုပြန်တပ်ချင်စိတ်တွေပေါက်နေပြီလား´´

``နောင်လာနောင်သားတွေ အတုခိုးမှားကြမှာစိုးလို့ဟေ့ ...။ နုံနုံအအရွာသား ငတုံးတွေကတော့ နားရွက်တွေ မရှိကြတော့ဘူးကွ´´

သူပြောမှ ဘေးဘီဝဲယာကိုကျွန်တော်အကဲခတ်ကြည့်လိုက်တော့ ... ဟုတ်သားပဲ ... နားရွက်တစ်ဖက်ပြတ်နဲ့ ရွာသားတွေ ... မှင်နဲ့ မောင်းနဲ့ ဗန်ဂိုးစတိုင်ဖမ်းနေလိုက်ကြတာ သူတို့ကိုကြည့်ပြီး ကျွန်တော် တော်တော်ရယ်ချင် သွားတယ်။ ရွာသားတွေကတော့ ဘယ်လိုသဘောနဲ့ နားရွက်တွေဖြတ်ကြတယ်ဆိုတာကို ကျွန်တော်စိတ်မ၀င်စားပေမယ့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဗန်ဂိုးကိုတော့ တွေ့တုန်းတွေ့ခိုက်လေး ဘာ့ကြောင့် နားရွက်ဖြတ်ပစ်ရတာလဲဆိုတာမေးကြည့်ဖို့ ကျွန်တော်စဉ်းစားမိလိုက်တယ်။

``ဒါနဲ့ ... ခင်ဗျားက ... ဘာဖြစ်လို့ကိုယ့်နားရွက်ကိုယ် ဖြတ်ပစ်လိုက်ရတာလဲဗျ ...´´

``ဒီလိုပါပဲကွာ ... အချို့စကားလုံးတွေကိုလည်း မကြားချင်၊ သူတို့ရဲ့ပါးစပ်တွေကို ပိတ်ပစ်နိုင်ဖို့ကလည်း မတတ်နိုင်တော့ ... ကိုယ့်နားရွက်ကိုယ်ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ကွာလို့ ဂွကျကျတွေးမိလို့ပါ။ ဒါပေမယ့် ... နားရွက်ဖြတ်ပစ်လိုက်တာ အသံတွေကိုတားမြစ်နိုင်ခြင်းမှမဟုတ်တာပဲကွ။ နာတာပဲ အဖတ်တင်တာပဲ ...။ အဲဒါကြောင့်လည်း ငါနောက်နားရွက်တစ်ဖက်ကို ဆက်မဖြတ်တော့တာပေါ့ ´´

သူပြောတာကိုကြားတော့ ကျွန်တော်ပြုံးစိစိဖြစ်သွားတယ်။ နောင်တအရမြန်ပေလို့တော်သေးတယ်လို့လဲ စဉ်းစားမိတယ်။ နို့မို့ဆို ... နားရွက်လုံးဝမရှိတဲ့ သတ္တ၀ါကြီးဆိုပြီး ဒီ့ထက်တောင်နာမည်ကြီးသွားနိုင်သေးတယ်။ အဲဒီလိုနဲ့ ကျွန်တော်သူ့ကိုထားခဲ့ပြီး ပြန်ရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ နောက်ကြောင်းပြန်လှည့်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်စဉ်းစားတယ်။ ဒီရွာလေးက ရွာသားတွေဘာလို့များ ဒီလိုဖြစ်နေကြ ရတာလဲလို့ ...။ သေချာတာတစ်ခုကတော့ သူတို့တွေအားလုံး နာမည်ကြီးချင်ကြတယ်၊ ပညာရှိကြီးတွေ ဖြစ်ချင်ကြတယ်။ နောက်ပြီး သူတို့အားလုံး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေကို အတုခိုးကြတယ်။ ဒါပေမယ့် ... သူတို့လုံးဝမစဉ်းစားမိတာတစ်ခုက ကမ္ဘာကျော်ပညာရှိကြီးတွေ၊ အောင်မြင်ကျော်ကြားကြသူတွေ အားလုံးဟာ နာမည်ကြီးချင်တဲ့စိတ်၊ အောင်မြင်ကျော်ကြား ချင်တဲ့စိတ်တွေနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပဲ သူတို့အလုပ်ကိုပဲ သူတို့ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတယ် ဆိုတာပဲ။

ကျွန်တော့်ရဲ့အပြန်လမ်းမှာ တစ်နည်းမဟုတ်တစ်နည်း လွဲချော်နေကြတဲ့ ရွာသားတွေနဲ့ ပြန်တွေ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးစတွေအကြောင်း သူတို့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ တိတ်တိတ်လေးပဲ ကျွန်တော့်ကို စောင့်နေတဲ့ လေယာဉ်ကြီးပေါ်ကိုပြန်တက်ပြီး `ပညာရွာ´ လေးကို လက်ပြနှုတ်ဆက်လိုက်တယ်။ အဆင်ပြေရင်တော့ ရွာသားတွေနဲ့ စကားပြောဖို့ ဒီရွာလေးကို နောက်ထပ်တစ်ခေါက်ထပ် လာချင်ပါသေးတယ်။

နေဘုန်းလတ်

4 comments:

မျက်လုံး said...

ကိုနေဘုန်းလတ်ရေ။ အခွံတွေကို ကာရင်း အဆံတွေ မရှိတော့တဲ့သူတွေ အကြောင်း မိုက်တယ်ဗျာ။

သဉ္ဇာ said...

အရေးအသားရော အတွေးခေါ်ကော အရမ်းကြိုက်တယ်။ :)

ဂျစ်တူး - gyit_tu said...

သိပ်ကောင်းတာပဲ နေဘုန်းလတ်ရေ ။ တကယ်ချီးကျူးတယ်ကွာ ။

Anonymous said...

That's really nice !