Pages

Monday, October 15, 2007

အတောင်ပံတွေရဲ့လမ်း

အတောင်ပံတွေရဲ့လမ်း
သူ၏အချိန်နာရီများ အဓိပ္ပါယ်မဲ့နေရသည့်အဖြစ်ကိုသူမသက်မသာထိုင်ကြည့်နေရသည်။ ပြင်းရိ ဖွယ် ကောင်းလှသည့် ပတ်ဝန်းကျင်ကသူ့စိတ်နှင့် သဟဇာတမဖြစ်ခဲ့။ ငွေကလွဲလို့ ကျန်တာဘာမှမရတဲ့ အလုပ်ဟာ အလကားပဲဆိုသည့်စကားကို သူအခါခါကြားနေမိသည်။ အဲဒီ့လိုတော့ သူအဖြစ်မခံနိုင်ပါ။ ကံကြမ္မာက ဖန်တီးပေးလိုက်သော အခြေအနေတစ်ခုတွင် အံဝင်ခွင်ကျဖြစ်နိုင်ရန်အတွက် သူ ရေလိုကျင့်ဖို့ ကြိုးစား ရပေတော့မည်။ ပုံစံခွက်အမျိုးမျိုးတို့တွင် လဲလှယ်ထည့်သွင်းခြင်းခံခဲ့ရသော ရေစင်တို့ ညစ်ညမ်းဖိတ်စင်သွားကြရသည့် အဖြစ်များကို သူမြင်ဖူး၊ ကြားဖူးခဲ့သည်။ သူကတော့ အမြဲတမ်း အေးမြသန့်စင် ချင်ခဲ့တာ အသေအချာပင်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပျော့ပြောင်းကွေးညွတ်ပေး နေရင်းက ပုံသဏ္ဍာန်အမှန်ကို ပြန်မရနိုင်တော့သည့် ဖလက်စေဘယ် (Flexible) ဖြစ်လွန်းသူများနှင့်လည်း သူဆုံဖူးခဲ့သည်။ သူကတော့ မြွေတစ်ကောင်ထက် မြားတစ်စင်းပိုဖြစ်ချင်ခဲ့သူဖြစ်သည်။ လမ်းကြောင်းတွေ ဘယ်လောက်ပဲ ရှည်လျားရှည်လျား ပစ်မှတ်စီကိုတော့ တစ်နေ့အရောက်သွားမည်ဟု သူယုံကြည်မျှော်လင့် ထားခဲ့သည်။ မျှော်လင့်ခြင်းများစုဝေးရာ အရပ်တစ်ခုတွင် သူယုံကြည်ရာကောင်းကင်က ဖြူစင်လင်းမြနေ လိမ့်မည်။ သူနှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ တိတ်တိတ်ကလေး ၀င်းပနေသည့် အနုပညာအလင်း တစ်စကို သူတယုတယထိန်းသိမ်းစောင့်ရှောက်ရပေမည်။ သူမျှော်ရည်ရာတစ်နေ့နေ့ကို အနာဂတ်ထဲတွင် သူတွေ့ကိုတွေ့ရမည်။
အရှင်သန်ဆုံးအပင်တစ်ပင်အတွက် အနက်ရှိုင်းဆုံးတွင်းတစ်တွင်းလိုအပ်ကောင်း လိုအပ်လိမ့်မည် ဟု သူတွေးသည်။ မြေကြီးများပိတ်လှောင်နေသည့် လေးဖက်လေးလံနံရံများက သူ့ကိုခြောက်ခြားစေကြတာ တော့အမှန်ပင် ...။ ရင်ထဲကမျိုးစေ့ကို အဆင့်အတန်းမြင့်မြင့် ပျိုးချင်နေသည့်စိတ်က သူ၏ အားငယ်ပျော့ညံ့မှု များကို ခါချသည်။ ဒီလိုနှင့်ပဲ ... သူ အနက်ရှိုင်းဆုံးထိုးဆင်း ခဲ့သည်။ လူတို့၏ သတ်မှတ်ချက် များတွင် သူ သုညအဆင့်ကမတက်ခဲ့ပေ။ အမြင့်ကိုတိုင်းချင်သူများကြားမှာ သူက ဘ၀ကိုအလျားလိုက် ဖြန့်ခင်းချလိုက်မိ ခြင်းကြောင့်ဖြစ်မည်။ မိုးသို့မျှော်ကြသူများ သူ့ကိုမြေပြင်နှင့်မှား၍ နင်းဖြတ်သွားကြသည်။ သူနားနှင့် မဆံ့အောင် ကြားခဲ့ရသည့် ဟားတိုက်ရယ်မောသံများ တဖြည်းဖြည်းနှင့် ပါးလျသွားပေလိမ့်မည်။ မပြည့်စုံ သည့်အပြုံးတစ်စကို စနစ်တကျတပ်ဆင်ရင်း သူ အားလုံးကိုကျောခိုင်းခဲ့သည်။ ``ငါ ... ပြန်လာမှာပါ ´´ သူ၏ ရင်ထဲကကြုံးဝါးသံကို သူတို့တွေဘယ်လိုမှ ကြားနိုင်မည်မထင် ...။ ``အတောင်ပံတွေရှိတာခြင်းတူရင် ငါကတော့ ငှက်တစ်ကောင်ပဲဖြစ်ချင်တယ်´´။ သတ်မှတ်ထားပြီးသားလမ်းမှာ ထပ်ခါထပ်ခါပျံသန်းနေရသည့် လေယာဉ်ပျံကြီးကသူကို စကားမပြန်ပေ။ ပြောချင်ရက်နဲ့ မပြောရပါများတဲ့အခါ ပါးစပ်တွေဟာ စွန့်အသွားတတ်ပါသလား။ သူစဉ်းစားသည် ...။ သူစဉ်းစားသည်။ အသံမပါသော စကားလုံးများစွာက သူ့ကိုအဖြေတွေတလဟော သွန်ထုတ်ပြကြ၏။ သူကတော့ ... တိတ်ဆိတ်ခြင်းတွေနဲ့ နေသားကျနေခဲ့သော ဘ၀များအတွက် အသံတွေကိုနှမြောနေခဲ့မိသည်။ ကျောက်တောင်ကိုပေါက်ဖို့ပန်းတွေ သူ့ရင်မှာအပြိုင်းအရိုင်းဝေနေသည်။ ကျောက်တောင်ကိုပန်းနဲ့ သွားပေါက်လို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုပြောကြ၏။ ပန်းနဲ့ပေါက်သူတွေများလာတဲ့အခါ ကျောက်တောင်က ပန်းတောင်ဖြစ်သွားနိုင်သည်ပဲလေ။ သူအများကြီးရှင်းပြမနေချင်တော့ပါ။ သေးငယ်လွန်း လှသော သဲမှုန်ကလေးများ၏အင်အားက ပင်လယ်ကြီးကိုအနားသတ်ပေးနေကြသည်လေ။ သူအများကြီး ရှင်းပြမနေချင်တော့ပါ။
အရာရာကိုစတေးခဲ့ပြီးမှ ရခဲ့သောတစ်စုံတစ်ခုသည်လည်းစတေးခံပစ္စည်းတစ်ခုပင်ပြန်ဖြစ်သွားလိမ့် မည်ဟု သူတစ်ခါမှ တွေးမထားခဲ့ဘူးပေ။ လောက က အမှန်တရားတွေကို တစ်ခုခြင်းစီခြွေချပြီး သူ့ကို သင်ခန်းစာတွေပို့ချနေရော့သလား ...။ ရင်ထဲက မျိုးစေ့လေးပျောက်ဆုံးမသွားတော့ရုံတမယ် သူအရာရာ ကို ဆုံးရှုံးခဲ့ရပြန်ပြီလေ။ တစ်ကပြန်စရပါများတဲ့ဘ၀မှာ တစ်ခါတစ်ခါ ကျတော့လည်း ကိန်းဂဏန်းများကို ဘေးချထားခဲ့ချင်သည်။ နောက်တစ်ခါ လူဖြစ်ခွင့်ရလျှင် အစာအိမ်ကိုထုတ်ထားခဲ့ပေးဖို့ အဘယ်နတ်ဘုရား ထံ သူတောင်းပန်ရမည်နည်း။ အမှောင်မိုက်ဆုံးနေရာအရောက်မှာ မီးအိမ်ကလေးငြိမ်းခဲ့ရသည့်အဖြစ်ပင်။ ကံကြမ္မာကအဆိပ်သုတ် ထားသောနှုတ်ခမ်းနှင့် သူ့ကိုလာလာနမ်းတိုင်း သူဘ၀တစ်ခုလုံး ပြာနှမ်းသွားတတ်သည်။ အရူးမီးဝိုင်းသည် ဟု သူ့ကိုပြောကြသူများရှိသည်။ မီးမ၀ိုင်းသူများကို သူ လက်ညှိုးထောင်ခိုင်းချင်သည်။ ကိုယ့်စိတ်ဓါတ်ကို ကိုယ်ပြန်ဆွဲတင်နေရသည်နှင့်ပင် သူ့အတွက်အတော်ကို ပင်ပန်းနေခဲ့ပြီ။ ကောင်း၎ပါး၊ ဆိုး၎ပါးရှိသော လောကဓံတရား တွေက သူ့ဆီကို အဆိုးတွေချည်းစုပြီးများရောက်လာကြသလား ...။ နာကျင်ခြင်းအမျိုးမျိုး တို့တွင် ရင်ထဲကအနာက အဆိုးဆုံးဖြစ်လိမ့်မည်။ သကြားအုပ်ထားသည့် ဆေးခါးများကလည်း အနာကို ခဏတာမျှသာ သက်သာစေကြ၏။ ဘာပဲဖြစ်ဖြစ် ... သူပြန်ထရမည်။ အဲဒိ့ကံကြမ္မာဆိုတာကို မျက်ရည် ကလွဲလို့ ကျန်တာသူဘာမှ မပေးနိုင်...။ တသောသောဝင်လာမယ့် ဘ၀အမောတွေ ခဏလောက် အိပ်စက်နေပါဦးကွယ်...။
အမှောင်တွေခင်း ထားတဲ့လမ်းမှာ စမ်းတ၀ါးဝါးလျှောက်နေရင်း သူ့စိတ်တွေ တဖြေးဖြေးလင်းလာသည်။ လျှောက်ပါ ... ဆက်လျှောက်စမ်းပါ... ဘယ်သူမှမလျှောက်ကြလည်း မင်းလမ်းမင်းဖောက်ပြီး မင်းတစ်ယောက်တည်း ဆက်လျှောက်စမ်းပါ။ ဘယ်သူမှမပြောတဲ့စကားကို သူနားနှင့်ဆက်ဆက်ကြားနေရ၏။ ခြေလှမ်းတွေကို သယ်ဆောင်ဖို့အားတွေ သူ့နှလုံးသားထဲကစီးဆင်းလာကြသည်။ သူတစ်စုံတစ်ခုကို ခပ်ဝါးဝါး လှမ်းမြင်နေရ ပြီ။ မျှော်လင့်ခြင်းအလင်းများနှင့်သက်ဝင်လှုပ်ရှားလာသည့်ကောင်းကင်က သူ၏ပျံသန်းချင်စိတ် များကို တို့ထိနှိုးဆွ၏။ အတောင်ပံတွေကိုတဖြန်းဖြန်းခတ်ရင်း သူ့ကိုယ်သူ လေထုထဲပစ်သွင်းကြည့်ချင်သည့် စိတ်များ ပေါ်လာသည်။ တိမ်ညစ်တွေကိုတိုးမိသည့် အမြင့်ပျံငှက်များ သူ့ရှေ့သို့တဖုတ်ဖုတ်ပြုတ်ကျလာ ကြ၏။ ကောင်းကင်တနံတလျားမှာ အဲဒီ့တိမ်ရောင်စုံတွေခမ်းနားနေကြပုံက ပြာလွင်ရှင်းသန့်ခဲ့ဖူးသည့် ကောင်းကင်ကို တသသလွမ်းစေသည်။ သူအနှစ်နှစ်အလလပြုစုပျိုးထောင်ယူခဲ့ရသည့် အတောင်ပံများကို တိမ်ညိုညစ်တွေက လွယ်လင့်တကူ တိုက်စားသွားကြမည်လား ...။ အခြေခံမြေထုကို အနက်ရှိုင်းဆုံး ထိုးဖောက်ပြီး မြင့်မားစွာ ရှင်သန်ကြီးထွားလာခဲ့သည့် သစ်ပင်က သူ့အရုဏ်ဦးအလှကို အပြည့်ဝဆုံးဖြစ်စေ သည်။ အသီးအပွင့်တွေ အလျှံအပယ်ပွင့်ဝေပစ်လိုက်ဖို့အတွက် သူအမွန်မြတ်ဆုံးစိတ်ကူးထားခဲ့ပြီးဖြစ်သည်။ မပွင့်ခင်ကြွေခဲ့ရသော ပန်းများနှင့် မမှည့်ခင်အခြွေခံခဲ့ရသော အသီးများက သူ့အတွေးစများကို ရှည်လျားစေကြ၏။ သူ့ရင်ခုန်သံများနှင့်ရင်းနှီးစိုက်ပျိုးခဲ့ရသည့် သစ်တစ်ပင်၏အသီး၊ အပွင့်များကို လေညစ်တွေကခြွေ၊ လူညစ်တွေကကြွေစေကြမည်လား ...။ သံစဉ်ညီနေခဲ့သော ရင်ခုန်သံစည်းချက်များက အတွေးများကြောင့် ကစဥ့်ကလျားဖြစ်ကုန်၏။ အားအင် အပြည့်စိမ့်ဝင်နေသည့် ပထမဆုံးခြေလှမ်းကိုပင် သူအခုအထိမကြွနိုင်ခဲ့သေး ...။ ဒီလိုနဲ့ပဲ ... ဝေးကြရ တော့မည်လား အဖြူရောင်ဆန္ဒတို့ရယ်။
အဝေးဆုံးအရပ်မှ ပြေးလာခဲ့ရ၍ အမောမပြေသေးသော သူ့ကို လောကမှော်ရုံတောက အမောတွေထပ်ပေးပြန်ပြီလေ။ နိုးလျက်နှင့်အိပ်နေကြသူများက မိုးခါးရေအတူသောက်ကြဖို့ သူ့ကိုလက်တို့ကြ၏။ သူကတော့ မျက်ကွယ်ပြုကျောခိုင်း ခပ်ရိုင်းရိုင်းပဲနေခဲ့သည်။ မြေမှုန်လက်တစ်ဆုပ်စာကို ကောက်ယူနမ်းရှိုက်ရင်း သူ့ စိတ်တွေကို အပြတ်သားဆုံးရှင်းထုတ်လိုက်သည်။ သူနိုးထကြီးပြင်းခဲ့သော ဤမြေပြင်တွင်ပဲ သူရုန်းကြွ ရှင်သန်ချင်သည်။ လေယာဉ်ပျံသံတ၀ူးဝူးက သူ့ကိုဤမြေမှ သယ်ဆောင်ယူသွားကြဖို့စိုင်းပြင်းနေကြ၏။ ခက်သည်က သူ့နှလုံးသား၏ တောင့်တရာသည် နံနက်တိုင်းရထားဥသြသံများဖြင့် ဝေစီနေတတ်သည့် ဤမြို့လေးဖြစ်နေခြင်းပင်။ အပြန်လက်မှတ်မပါပဲ ဤမြိုလေးမှသူမခွာရဲတော့ပါ။ ရွှေပုံပေါ်မှာတစ်ယောက် တည်း နေနေရခြင်းထက် မြေပြင်ပေါ်ဒူးထောက်ပြီး အမျိုးကောင်းသားများနှင့်အတူ ထမင်းရည်ပူပူကို သောက်မည်။ ရင်ခွင်မှာ ကွက်လပ်တွေအပြည့်အသိပ်နှင့် သူအထွတ်အထိပ်သို့မရောက်ချင်ပါ။ ကြည်နူးမှု တွေပြည့်ဝေနေသည့် နှလုံးသားတစ်စုံနှင့် ဘ၀များ၏လိုအပ်ချက်များကိုလိုက်ဖြည့် သူ့မေတ္တာတရားနှင့် ချမ်းမြေ့ချင်သည်။ ငါ့ကိုထားခဲ့ပြီး ... မင်းပျံပါတော့ လေယာဉ်ကြီးရယ်။ လောကအလိုကျ သူကပြခဲ့ပြီးသည့် အတိတ်နေ့အပိုင်းအစများရှိခဲ့ဖူးသည်။ ဤမျှနှင့် ကျေနပ်သင့် ပြီလေ။ သိပ်မကျန်တော့သည့် အနာဂတ်နေ့များသည်သူ့စိတ်ဝိဥာဉ်၏စေလိုရာအတိုင်းသာ ဖြစ်သင့်သည် မဟုတ်လား။ ရေဆန်မှာလည်းကူးခဲ့ပြီးပါပြီ၊ လေဆန်မှာလည်း ပျံခဲ့ပြီးပါပြီ။ အခုတော့ ဆန္ဒများနှင့်အတူ လွတ်လပ်ခြင်းရှိရာသို့ သူပျံချင်ပြီ။ အဖြူရောင်တွေ ကိုယ်မှာလိမ်းသုတ်ပြီး ဘ၀များကိုပွေ့ဖက်နှုတ်ဆက်မည်။ တတ်စွမ်းသမျှ အသိအမြင်နှင့် ကောင်းကင်ကိုပြာလွင်သန့်စင်စေမည်။ အနုပညာသစ်ပင်တွင် အလင်းပွင့်တွေပွင့်ဝေစေရင်း အမှောင်များကို တတိတိခွင်းမည်။ တစ်နေ့နေ့တွင် အက်ဆစ်တိမ်ခိုးတို့လွင့်ပျောက် ကြည်လင်သောမိုးစက် မိုးပေါက်တို့နှင့် ဤမြေသည် စိုပြည်ငြိမ်းချမ်းခြင်း အဖြစ်သို့ရောက်ရမည်။
သူ ... ယုံ ... ကြည် ... ခဲ့ ... သည် ...
သူ ... ယုံ ... ကြည် ... သည် ...
သူ ... ယုံ ... ကြည် ... နေ ... ဦး ... မည် ...။
နေဘုန်းလတ်

6 comments:

Anonymous said...

A snake is not aggressive and not a fighter. It's just a defender. I'd like to know your perception about a snake. If it's possible, please share your view about a snake cause you wrote that you prefer an arrow rather than a snake. Thanks for your attention!

Khunmyahlaing said...

တိမ်ညစ်တို့ ဖရိုဖရဲ . .. မိုးစက်တို့ စဲတဲ့တနေ့... ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်.. ငါတို့ပြန်တွေ့ကြမယ် သူငယ်ချင်း ... ဖြစ်နိုင်ရင်တော့ တိမ်ညစ်တို့ ဝေးလွင့် မိုးစက်တို့ ကြဲလွင့်စေတဲ့ လေပြင်းတစ်ခု ငါဖြစ်ခွင့် ရချင်တယ်.. ထိုင်မစောင့်ချင်တော့လို့

su wai said...

လေယာဉ်ပျံရဲ့ ခေါ်ဆောင်ရာကို ငြင်းဆန်ခဲ့တဲ့ ငှက်တစ်ကောင်... အမိမြေရဲ့ ပြာလွင်တဲ့ မိုးကောင်းသစ်တစ်ခုအောက်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အတောင်ပံတစ်စုံနဲ့ ဆန္ဒရှိတဲ့အတိုင်း လွတ်လပ်စွာ ပျံသန်းနိုင်တဲ့နေ့တွေကို အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

TharPhyu said...

ကျနော်လဲ ... ယုံ ... ကြည် ... ခဲ့ ... သည် ...
ခုထိ ... ယုံ ... ကြည် ... သည် ...
နောင်လဲ ... ယုံ ... ကြည် ... နေ ... ဦး ... မည် ...။

Mr.Pooh @ မောင်ပွတ် said...

Post တက်မလာတာကြာလို့ စိုးရိမ်နေတာဗျ။ Essay ကောင်းလေးတစ်ပုဒ်ပါ။ စကားလုံးလေးတွေကြိုက်တယ်။

MELODYMAUNG said...

စာကြောင်းတိုင်းက အတွေးနဲ့အရေးတွေ လေးစားပါတယ်ကွာ ကြည်လင်သော မိုးစက်မိုးပေါက်တို့နဲ့ အတူ စိုပြည်ငြိမ်းချမ်းလာမဲ့ ဤမြေပြင်ရဲ့ တနေ့နေ့ဆီကို တို့တွေ ဆက်လက်ယုံကြည်နေကြတာပေါ့ နော်