Pages

Saturday, October 27, 2007

ဘုရင်ခဏဖြစ်သွားတဲ့ ကျွန်တော် ...

ဒီပုံလေးက စင်ကာပူမှာနေခဲ့စဉ်က ဇင်ကိုလတ်နဲ့ လျှောက်လည်ကြတုန်းရိုက်ခဲ့တဲ့ပုံလေးပါ ...။ ကျွန်တော်က ဘုရင်မကြီးရဲ့ဘေးနားမှာ ဘုရင်ကြီးအဖြစ်နဲ့ ခန့်ခန့်ကြီးရပ်နေတာပေါ့ ...။ တကယ်တမ်းပြောရရင် ... ချက်(Chess) ကစားဝိုင်းထဲက ဘုရင်တစ်ယောက်အဖြစ်ကို ကျွန်တော်မလိုချင်ပါဘူး ...။ သူက ဘေးဘီဝဲယာ တစ်ကွက်စီပဲရွေ့လို့ရတာလေ ...။ နောက်ပြီး အားလုံးက သူ့ကိုဝိုင်းဝန်းကာကွယ်နေကြရတာချည်းပဲ ... သူက ဘယ်သူ့ကိုမှ ဘာ အကာအကွယ်မှမပေးနိုင်သလို သူ့နားကို ရန်သူတွေကပ်လာရင် ဘယ်အပေါက်ကနေ ထွက်ပြေးရမလဲဆိုတာကို လိုက်ချောင်းနေရုံကလွဲလို့ ဘာမျှမှ မတတ်နိုင်တာလေ ...။ အမြင်တင့်တယ်ရုံလေး ထိုင်နေပေးရတယ်ဆိုတဲ့ အဖြစ်မျိုးလို့ပဲ ကျွန်တော်မြင်မိတယ် ...။ ဒါပေမယ့် တဘက်ကကြည့်မယ်ဆိုရင်တော့ ... ကျန်တဲ့သူတွေကို ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ သူက အမိန့်ပေးစေခိုင်းနေတယ်လို့တော့ မြင်လို့ရပါတယ် ...။ အဲဒီ့လို ... အမိန့်ပေးစေခိုင်းရုံကလွဲလို့ ဘာမှမလုပ်နိုင်တဲ့ ဘုရင်အဖြစ်မျိုးကို လဲ ကျွန်တော်ကတော့ သဘောမကျပါဘူး ...။ ဖွဟဲ့ ... လွဲပါစေ ... ပယ်ပါစေ ... မတော်တဆများ တိုင်းပြည်တစ်ပြည်ပြည်မှာ ကျွန်တော်သာ ဘုရင်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ... :-) (အားနေလို့ လျှောက်စဉ်းစားကြည့်တာပါ ...)

ကျွန်တော့်ရဲ့တိုင်းပြည်ထဲမှာ စိတ်ထားဖြူစင်သူတွေ၊ အမှန်အမှားကို ခွဲခြားဆုံးဖြတ်နိုင်လောက်အောင် အသိဥာဏ်ရှိသူတွေ၊ တရားမျှတမှုဆိုတဲ့စကားကို နားလည်ပြီး တရားတဲ့ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ရဲသူတွေ ၊ မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်တွေကို ဘယ်လိုအကြောင်းကြောင့်မှမလုပ်ဘူးလို့ စိတ်အားသတ္တိ ကောင်းကောင်းနဲ့ ငြင်းဆန်ရဲသူတွေ၊ အတွေးအခေါ်တွေအစွန်းမရောက်ပဲ နည်းမှန်လမ်းမှန်စဉ်းစားတွေးခေါ် နိုင်သူတွေ၊ အတတ်ပညာတွေကိုလဲကျွမ်းကျင်၊ အသိပညာတွေကိုလဲ အမှန်အတိုင်းသိမြင်ကြသူတွေ ၊ အမြင်အာရုံမှာ မောဟအမှောင်တွေမကာပဲ ... အစစအရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြသူတွေ၊ နည်းဟောင်းလမ်းဟောင်းကြီးတွေထဲမှာပဲ တ၀ဲလည်လည်လုပ်မနေပဲ နည်းလမ်းကျကျ ဖောက်ထွက်တွေးနိုင်ကြသူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားမျိုးမရှိပဲ အများအတွက် ရပ်တည်မယ် ဆိုတဲ့စိတ်ထားရှိသူတွေ၊ အများမိုးခါးရေသောက်တော့လဲ ကိုယ်လဲလိုက်သောက်ရုံပဲပေါ့ဆိုတဲ့ စကားကိုမပြောပဲ အငတ်ခံရဲတဲ့သူမျိုးတွေပဲ ရှိနေအောင် ကြိုးစားမယ် ...။ နောက်ပြီး Chess ကစားဝိုင်းထဲက ဘုရင်ကြီးလို ... ဟိုလူကို ဟိုလိုလုပ်၊ ဒီလူကို ဒီလိုလုပ်လို့ အမိန့်တွေထိုင်ပေးပြီး ... ပြေးပေါက်ကိုအမြဲတမ်းချောင်းနေရတဲ့ အဖြစ်မျိုးမဖြစ်ရအောင်လဲ ကြိုးစားမယ် ...။ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ခင်ဗျားတို့လဲ ၀ိုင်းစဉ်းစား ကြပေါ့ ...။ လူချင်းတွေ့ရင်လဲ ဆွေးနွေးကြ သေးတာပေါ့ဗျာ ...။

7 comments:

ညီညီ(သံလွင်) said...

ခေါင်ထိ အကုန်စားတဲ့။ ဘုရင်ကျတာနဲ့ ပွဲက ပြီးသွားပြီလေကွာ။ မင်းဆိုး မင်းယုတ်ဆိုရင်တော့ မြန်မြန်ပြုတ်ပါစေ ဆုတောင်းရမှာပဲပေါ့။

Chaos said...

အတွေးအများကြီးပေးတဲ့
essay လေးပါ အစ်ကို

ခင်မင်းဇော် said...

ဘယ်လိုလုပ်ရမလဲ မေးနေရသေးတယ် နဘလရယ်..
ခုလိုပဲ ကိုယ်သိတာတွေကို ဝေမျှ..
လူတိုင်းကို ကိုယ်သိတဲ့အတိုင်း လိုက်လုပ်နိုင်အောင်
ကိုယ်က ဦးဆောင် လုပ်ပြလိုက်..
ပြီးတာပဲဟာကိုကွယ်...
(တကယ်ပြောတာနော်။ လူချင်းတွေ့ရင်လဲ ဆွေးနွေးကြသေးတာပေါ့ ဟဟ)
တကယ်တွေးနိုင်နေပြီဆိုရင်ပဲ တ၀က်အောင်နေပြီ နေဘုန်းလတ်ရေ...

ခွန်မြလှိုင် said...

တကယ် ဆိုလိုချင်တဲ့ ဆိုလိုရင်းက သိပေမယ့် တင်ပြပုံက ဘုရင် စနစ်ကို ထင်ဟပ်သွားတာ ခက်နေတယ်။ ခက်တာက ဘုရင် စနစ်ကို တမ်းတစိတ် ရှိနေရင်ကို အာဏာရှင် ဆန်သွား တတ်ကြ တာပဲ… ဘုရင် စနစ် ကြီးကို ကမ္ဘာက ပစ်ချခဲ့ ကြတာ ကြာပါပြီ အာဏာရှင် အရိပ် သန်းတဲ့ စနစ်တွေကိုလဲ ကျော်ဖြတ် နေကြ ပါပြီ ဒါကြောင့် ဒီမိုကရေစီ စနစ်ကို လူတွေ တောင်းဆို နေကြ တာပေါ့။ မမ ခင်မင်းဇော် ပြောဖူးတဲ့ စကားလေး ကိုတော့ တအား ကြိုက်တယ်။ အားလုံးဟာ ပြည်သူပဲ။ အရင် သိသူက မသိသူကို လမ်းပြ တာပဲ ရှိတာ။ ခေါင်းဆောင်တွေ ငယ်သား နောက်လိုက်တွေ သတ်မှတ် ခွဲခြား နေစရာ မလိုဘူး အားလုံး ပြည်သူပဲ တဲ့။

MELODYMAUNG said...

ကစားဝိုင်းထဲက ဘုရင်တစ်ယောက်အဖြစ်က မကောင်းဘူးဆိုပေမဲ့ လက်တွေ့ဘ၀မှာ ကိုယ့်ကုသိုလ်နဲ့ ကိုယ်မို့ ဘုရင်ဖြစ်ဖို့ ကံပါလာခဲ့ရင်လဲ မင်းကျင့်တရား ၁၀ပါးရှိတာကို သေချာနားလည်ကျင့်သုံးလို့ (တိုင်းသူပြည်သားကို ရင်ဝယ်သားလို ကျင့်သုံးနိုင်မယ်ဆိုရင်ဲ နတ်ရွာစံရမှာသိသလို ပြောင်းပြန်ကျင့်သုံးရင်လဲ ငရဲမှာခံရမှာသိတဲ့ ) အဲဒီလို အသိဥာဏ်လေး ရှိမယ်ဆိုရင်တော့ သူ့ခေတ်နဲ့ သူ့အခါ ကြုံလာလို့ ဘုရင်လုပ်သင့်လဲ လုပ်ရမှာပေါ့ ။ တခါတလေမှာ ရွေးချယ်ခွင့် မရှိတဲ့ လူ့ဘ၀အခြေအနေထဲမှာ နေတတ်သေတတ်သူဖြစ်ဖို့ပဲ လိုတာလို့ ထင်ပါတယ်။ ဘယ်လိုကြိုးစားမလဲဆိုတာကို စဉ်းစားကြည့်တာပါ။

Good post, my dear. By the way, I've seen this chess setting in one of hotels in Ngwe Saung Beach. :P

Unknown said...

အေးကွ.... အခု အဲဒီအရုပ်တွေ မရှိတော့ဘူး။ အခုက ကျားကစားတဲ့ အရုပ်တွေ ဖြစ်နေပြီ။

စိုးဇေယျထွန်း said...

ဘုရင်မကြီး ဖြစ်ခဲ့တဲ့ နေဘုန်းလတ်