Pages

Friday, August 24, 2007

နှမြောတယ် …



နှမြောတယ် …

တိုင်းပြည် လူမျိုး

နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့

အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ

တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။


နှမြောတယ် …

ပြည်သူရဲ့ သွေးချွေးမျက်ရည်

တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်

ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့

အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။


နှမြောတယ် …

အဆင့်မြင့်ပညာရပ်တွေကို

အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ

အညွန့်တလူလူနဲ့ လူတော်တွေ …

လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။


နှမြောတယ် …

မတရားမှုတွေကို ထောက်ခံ

အမှန်ကိုအမှား အမှားကိုအမှန်

အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့

မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။

ဘုန်းမင်းဇွန်


7 comments:

Anonymous said...

အေးကွာ.. လူကောင်းဖြစ်မလာတဲ့ လူတော်တွေကို ငါလည်း နှမြောမိတယ်။ ငယ်ငယ်က တီဗီမှာ လူတော်လူကောင်း သီချင်းလာရင် ငါ့အဖိုးက လူတော်လူကောင်းထက် လူကောင်းလူတော်ဖြစ်အောင် ကြိုးစားလို့ ပြောဖူးတယ်။ တော်ဖို့ထက် ကောင်းဖို့က နံပါတ်တစ်.. ။

MELODYMAUNG said...

တော်တဲ့သူတွေက မကောင်းတဲ့ အပြင် ဆိုးသွားရင် ကျားကို အတောင်တပ်ပေးလိုက်သလိုဖြစ်တာပေါ့နော်
ဘာပဲဖြစ်ဖြစ် တို့တွေကတော့ လူကောင်းဖြစ်အောင် ကြိုးစားဆဲ
တချို့တွေကတော့ လူတော်အဖြစ်နဲ့ ဆိုးရွားဆဲ

Anonymous said...

နှမြောတယ်........

ကိုဖြိုး said...

ကျားကို အတောင်တပ်ပေးရင် တော်သေးတာပေါ့ဗျာ မျောက်လက်ထဲ အုန်းသီးနဲ့ ဗုန်းမှားထည့်ပေးတာမျိုးဖြစ်နေဦးမယ် .. နှမြောရလွန်းလို့ ကြာရင် ကိုယ်ပါ လုံးပါးပါးတော့မယ်

Aung said...

Many, many thanks to you for the poems..

Thelay said...

ကိုနေဘုန်းလတ်

သူတို့က သူတို့ အဖေ ကျွေးတဲ့ ထမင်းစားနေတဲ့ သူတွေ ဆိုတော့ သူတို့ အဖေ ကောင်းကြောင်းပြောမှ ရမှာပေါ့ .. သူ့ဆန်စား ရဲမှ ဖြစ်မှာပေါ့ .. နေပါစေ.. သူတို့ ဘာသာသူတို့ .. သူတို့ စစ်ဗိုလ်ဖြစ်မှ သူတို့ မိန်းမတွေ အထက်လူကြီး ကတော်တွေ ထမီ ခေါက်ပေးရမှ နာရင် နာလိမ့်မယ်.. ဒါတောင် နာချင်မှာ နာမှာ.. အောက်က လူတွေ ပြန်ခိုင်းရင် ခိုင်းနေမှာ

Anonymous said...

ကဗျာလေး တင်ထားချင်လို့ ယူသွားပါတယ်နော်...
နှမြောတယ်..ကိုနေဘုန်းလတ်ရေ...