Pages

Friday, August 17, 2007

ကျွန်တော်နှင့် သံလွင်အိပ်မက်



ကျွန်တော်နှင့် သံလွင်အိပ်မက်

ကျွန်တော်နဲ့ ၆တန်းကျောင်းသားဘ၀ကတည်းကစလို့ … အခုအချိန်အထိ စိတ်တူ၊ ကိုယ်တူ၊ ယုံကြည်ချက်တူစွာနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အထက်တန်းကျောင်းမှာ အတူတက်ခဲ့ကြနေစဉ်အတွင်း ဒြပ်မဲ့ကမ္ဘာ(၁) (၂) စတဲ့ကဗျာစာအုပ်လေးတွေကို သူနဲ့ ကျွန်တော်အတူတူစီစဉ်ခဲ့ကြဖူးပါတယ်။ သူက ၁၀ တန်းအောင်ပြီးကတည်းက စင်ကာပူကိုထွက်သွားပြီး … Polytechnic မှာကျောင်းသွားတက်ပါတယ်။ ကျွန်တော်ကတော့ RIT အမှတ်လေးမီတာနဲ့ Civil Engineer ဖြစ်တဲ့အထိဒီမှာပဲကျောင်းတက်ဖြစ်ခဲ့ပါတယ်။ စာပေအနုပညာကိုချစ်မြတ်နိုးတဲ့ကျွန်တော့်သူငယ်ချင်းက … စင်ကာပူမှာ သူ့ညီနဲ့ပေါင်းပြီး အွန်လိုင်းမဂ္ဂဇင်းလေးတစ်ခုလုပ်ထားတယ်လို့ သူရန်ကုန်ကိုပြန်လာတုန်း ကျွန်တော့်ကိုပြောပါတယ်။ အဲဒီ့ အွန်လိုင်းမဂ္ဂဇင်းလေးရဲ့ နာမည်က သံလွင်အိပ်မက်ပါတဲ့ …။ အဲဒီ့အချိန်တုန်းက သံလွင်အိပ်မက်က အမှတ်(၁)ထွက်ပြီးနေပြီ … ။ အဲဒီလိုနဲ့ သူနဲ့ ကျွန်တော် သံလွင်အိပ်မက် အမှတ်(၂)အတွက် ဆရာချစ်ဦးညိုကိုသွားဗျူးကြတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့ ဦးမင်းလူကိုလဲ သွားတွေ့ကြတယ်။ အဲဒီ့အချိန်ကစလို့ သံလွင်အိပ်မက်မှာ ကျွန်တော်ပါဝင်ပတ်သက်ခဲ့တယ်။ ။ ဆရာအော်ပီကျယ်နဲ့သွားတွေ့တယ် …။ ဆရာက သူ့ရဲ့ ပုံတွေကို အလိုရှိသလိုအသုံးချနိုင်တဲ့အကြောင်းနဲ့ သူဆွဲထားတဲ့ ကာတွန်းစီဒီတစ်ချပ် ကျွန်တော့်ကိုပေးလိုက်တယ်။ နောက်ပိုင်းလဲ … စာမူတွေရှာပေးတယ် …။ ကျွန်တော်လဲဝင်ရေးတယ် …။ သံလွင်အိပ်မက် အမှတ်(၂)မှာ ပထမဆုံးဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ စာတွေကတော့ ကိုငှက်ကြီး(ထူးအိမ်သင်)ရေးဆိုထားတဲ့ ရာဇ၀င်များရဲ့သတို့သမီး သီချင်းကိုခံစားရေးဖွဲ့ ထားတဲ့ တေးခံစားမှုဆောင်းပါး (နေဘုန်းလတ်) ခွဲခွာခြင်း ဆိုတဲ့ကဗျာ (နွေလေ) ခေါင်းဆောင်မှုဟူသည်ဆိုတဲ့ ဆောင်းပါး(ဘုန်းဦးမော်) တို့ပဲဖြစ်ပါတယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် အဲဒီ့အချိန်တုန်းက ကျွန်တော်တို့မှာ စာမူရှားပါးမှုပြဿနာရှိနေတဲ့အတွက် စာမူတွေ လိုသလောက်မရရင် ကိုယ်ရေးထားတာတွေကိုပဲ ကလောင်ခွဲတွေနဲ့ထည့်ရပါတယ်။ အခုတော့ အဲဒီ့ ပြဿနာကို ကျွန်တော်တို့ကျော်လွှားနိုင်ခဲ့ပါပြီ …။ အဲဒီ့လိုနဲ့ သံလွင်အိပ်မက်ကို အဝေးကနေ၀ိုင်းဝန်းပျိုးထောင်နေရင်း ကျွန်တော် စင်ကာပူကိုရောက်ခဲ့တယ် …။ သံလွင်အိပ်မက် အမှတ်(၃) မထွက်ခင်မှာပါ …။ သံလွင်အိပ်မက်ကို အနီးကပ်ဝိုင်းဝန်းရတော့မှ ကျွန်တော့်သူငယ်ချင်းတွေ ဘယ်လောက်ပင်ပင်ပန်းပန်းကြိုးစားကြရတယ်ဆိုတာကို မြင်လာပါတယ်။ အဲဒီ့အချိန်ကစပြီး အမိမြေရဲ့ အဝေးမှာ အချိန်တွေပိုနေတဲ့ကျွန်တော် သံလွင်အိပ်မက်ထဲကို စိတ်ရောကိုယ်ပါ နှစ်ထားလိုက်ပါတော့တယ် …။ အဲဒီ့လိုနဲ့ သံလွင်အိပ်မက် အမှတ် (၄)က စလို့ နေမျိုး(သံလွင်)ဆိုတဲ့ ကလောင်သစ်တစ်ခုနဲ့အတူ ကျွန်တော့်ရဲ့ သံလွင်အိပ်မက် အယ်ဒီတာဘ၀ဟာ တရားဝင်စတင်ခဲ့ပါတယ်။ နေမျိုး(သံလွင်) ကလောင်နဲ့ ကျွန်တော်စရေးတဲ့ အက်ဆေးကတော့ တောင်ရောက်မြောက်ရောက်အလွမ်းများ ပါ။ ညီညီ(သံလွင်)၊ စည်သူ(သံလွင်)၊ နေမျိုး(သံလွင်) ဆိုတဲ့နာမည်တွေနဲ့ ကျွန်တော်တို့သံလွင်အိပ်မက်ကို ကောင်သထက်ကောင်းအောင် ကြိုးစားခဲ့ကြပါတယ်။ ပျော်စရာကောင်းပါတယ် …။

စည်သူအောင် … စာမူတောင်းတဲ့မေးလ်တွေပို့ဦး …။

ဟေ့ကောင် … မင်း ဟိုဟာလုပ်ဦး …

မင်း ငါ့ကိုချည်းပြောမနေနဲ့ … မင်းလဲ အဲဒါတွေပြီးအောင်လုပ်ဦး …။

ဟေ့ ညီညီ… ငါတို့ အင်တာဗျူးကဏ္ဍမပြီးသေးဘူးနော် …။

ရွေးထားတဲ့ စာမူတွေမြန်မြန်စာစီပါဦးဟ …။

နေမျိုးကျော် … ကာတွန်းတွေဆွဲဖို့ ကိုစိုင်းကိုခေါ်ဦးလေ …။

သူ့ကို ကိုယ်တွန်း … ကိုယ့်ကိုသူတွန်းနဲ့ … ကျွန်တော်တို့တွေပျော်ပျော်ကြီး ရှေ့ဆက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သုံးယောက် အဲဒီ့လို ရှုပ်ယှက်ခတ်နေတာကို မကြည့်ရက်တဲ့ မန္တလေးသားကြီး ကိုငယ်ကလဲ
ဝင်ကူဝင်တွန်းဝင်ပွားရင်း သံလွင်အိပ်မက် အယ်ဒီတာတစ်ယောက်ဖြစ်လာပါတယ်။ အယ်ဒီတာ (၄)ယောက်ရှိတဲ့ မဂ္ဂဇင်း ဒီတစ်စောင်ပဲရှိမယ်ထင်ပါတယ်။ အဲဒီ့လို အဲဒီ့လိုနဲ့ … သံလွင်အိပ်မက်ဟာ ပုံမှန်ပရိတ်သတ်တွေ၊ ဝေဖန်အကြံပြုသူတွေ၊ စာမူပေးပို့သူတွေနဲ့ စည်စည်ကားကားဖြစ်လာပါတယ်။ သံလွင်အိပ်မက်အတွက် လိုအပ်တာတွေကို အကူအညီပေးနိုင်ဖို့ မလေးရှား၊ အမေရိကား၊ ထိုင်း၊ ကနေဒါ၊ သြစတေးလျ၊ ယူအေအီး၊ ယူနိုက်တက်ကင်းဒန်း စတဲ့ နိုင်ငံ (၇)နိုင်ငံမှာ သံလွင်အိပ်မက်ကိုယ်စားလှယ်တွေ အနေနဲ့ ကျွန်တော်တို့ ထားရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် … သံလွင်အိပ်မက်ဟာ အခုဆိုရင် (၃)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး… လာမယ့် အောက်တိုဘာလမှာ အမှတ် (၁၂) ထွက်ရှိဖို့စိုင်းပြင်းနေပါပြီ …။ ဘယ်အလုပ်မဆို စလုပ်ရတာထက် အဓွန့်ရှည်တည်တံ့အောင်ထိမ်းသိန်းရတာက ပိုခက်ခဲတယ်လို့ ကျွန်တော်ယူဆပါတယ် …။ အဲဒါကြောင့် ၀ိုင်းဝန်းကြသူ၊ အားပေးဖတ်ရှုကြသူ ညီအစ်ကိုမောင်နှမတွေရဲ့အားနဲ့ နောင်နှစ်ပေါင်းများစွာတိုင်အောင် … အနာဂတ်ကိုအတိုင်းအတာတစ်ခုအထိ အလင်းရောင်ပေးနိုင်တဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်ခုအဖြစ်တည်ရှိနေနိုင်ပါစေလို့ … သုံးနှစ်သားလေး သံလွင်အိပ်မက်အတွက် ကျွန်တော်တို့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ကြရအောင်လားဗျာ …။

8 comments:

demo said...

အမြဲအားပေးလျှက်ပါ.. သံလွင်အိပ်မက် ဒီထက်ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..
အကူအညီပေးရန် အဆင်သင့်ရှိ၏.. =)

Zin Ko Latt said...

ကောင်းတယ်ကွာ၊ အရေးအသားကတော့။

Tesla said...

ဟက်ပီးဘတ်ဒေး ပါ သံလွင်အိပ်မက်ရေ သံလွင်အိပ်မက်ရဲ့ မိခင်ဖခင်တွေလိုပဲ ၀မ်းမြောက်ဝမ်းသာ ရှိပါကြောင်း..။

Mr.Pooh said...

Thanlwin, a river in our heart !

pandora said...

၃ နှစ်ဆိုတာ မကြာသေးပေမယ့် နည်းတဲ့ကာလတော့ မဟုတ်ဘူး။
အမြဲအားပေးနေပါတယ်။
စီစဉ်သူတွေကိုယ်စားလည်း ဂုဏ်ယူမိပါတယ်။

သန့်ဇော်မင်း said...

happy birthday ပါ သံလွင်ရေ...
စည်းလုံးညီညွှတ်စွာနဲ့.. နှစ်ပေါင်းများစွာတိုင်.. အဓွန့်ရှည်တည်တံ့နေနိုင်ပါစေဗျာ..

အမြဲအားပေးလျှက်..

ညလေး said...

အားပေးနေပါတယ်။ သုံးနှစ်သားဘ၀မှသည် သက်တော်ရှည် ဘိုးဘိုးကြီး အဖြစ် အောင်မြင်မှုတွေ အမြဲ သရဖူဆောင်းနိုင်ပါစေ...
အကူအညီလိုရင်လဲ ပေးချင်ပါတယ်... :)

MELODYMAUNG said...

သံလွင်ရဲ့ မြစ်ဖျားခံရာအကြောင်းလေးလဲသိရတယ် ဘယ်အလုပ်မဆို စလုပ်ရတာထက် အဓွန့်ရှည်တည်တံ့အောင်ထိမ်းသိန်းရတာက ပိုခက်ခဲတယ်လို့ ယူဆပြီး ၀ိုင်းဝန်းကြသူ၊ အားပေးဖတ်ရှုကြသူ ညီအစ်ကိုမောင်နှမတွေရဲ့အားကိုလဲ တန်ဖိုးထားတဲ့ အတွက် ကျေနပ်ကြည်နူးစရာပါ သံလွင်အိမ်မက် အွန်လိုင်း မဂ္ဂဇင်းလေး နောင်နှစ်ပေါင်းများစွာတိုင်အောင် …အဓွန့်ရှည်တည်တံ့ ပြီး သံလွင်ကို မအိပ်ပဲ အိမ်မက်နိုင်ပါစေလို့ ဆုတောင်းပါတယ်နော်