Pages

Tuesday, August 14, 2007

ကျွန်တော်နှင့် တ၀က်တပျက်မေ့သူများ

နေဘုန်းလတ်တစ်ယောက် ဆားချက်နေတယ်လို့ အပြောခံရမှာစိုးလို့ ... ဘယ်မဂ္ဂဇင်းမှာမှ မပါဖူးသေးတဲ့ ... ဘယ်မှာမှဖော်ပြခြင်းမခံရသေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်။ MBS လိုဂိုကိစ္စနဲ့ရှုပ်နေလို့ ကျွန်တော့်စာလေးတွေမတင်ဖြစ်တာတောင်ကြာပါပြီ ...။ အခုတော့ အရင်ကလိုပဲ ကျွန်တော်ရေးထားတဲ့ စာလေးတွေကို ပုံမှန်တင်ပေးသွားနိုင်အောင်ကြိုးစားပါ့မယ်ခင်ဗျာ ...။



ကျွန်တော်နှင့် တ၀က်တပျက်မေ့သူများ

ကျွန်တော်ဒီအခန်းထဲကို စရောက်တဲ့အချိန်မှာ အခြားသူတစ်ယောက်မှမရှိဘူး။ အခန်းရဲ့လေးဘက်လေးလံနံရံတွေက အနီဖျော့ဖျော့ အရောင်တစ်ခုနဲ့ အေးစက်လှပနေကြတယ်။ အခန်းရဲ့အလယ်တည့်တည့်မှာ စားပွဲဝိုင်းကြီးတစ်လုံးရှိတယ်။ အဲဒီ့စားပွဲဝိုင်းကြီးရဲ့ တည်ဆောက်ပုံက နဲနဲဆန်းတယ်။ စားပွဲရဲ့ပတ်ပတ်လည်မှာ ထိုင်ခုံတွေရှိသလို စားပွဲရဲ့အလယ်တည့်တည့်မှာလဲ လူတစ်ယောက်ထိုင်စာအပေါက်တစ်ခုနဲ့ ထိုင်ခုံတစ်လုံးရှိတယ်။
အခု ကျွန်တော် အဲဒီအနီဖျော့ဖျော့အခန်းထဲကိုရောက်နေတယ် ...။ တိတိကျကျထပ်ပြောရရင် ... အဲဒီအခန်းထဲမှာရှိတဲ့ စားပွဲဝိုင်းကြီးရဲ့ အလယ်က ဆုံလည်ကုလားထိုင်တစ်ခုပေါ်မှာ ကျွန်တော်ရောက်နေရတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ ဟိုဟိုဒီဒီငေးရင်း ကျွန်တော်သီချင်း တစ်ပုဒ်ကို ဆိုညည်းနေမိတယ် ...။
` ရင်နာစရာတွေနဲ့ ပြည့်နှက်ကာနေတဲ့ အဆုံးအဖြတ်ကိုလက်ခံ အမှန်တရားကိုရွေးချယ်တွက်ချက်ကာ ... ဖြူစင်သူတွေ ရှုံးနိမ့်ထွက်ခွာတဲ့ ဘ၀စက်ဝိုင်းကို ချိန်ရွယ်ပါလေ အို...မြားဘုရင် ...´
` ကျွီ ...´
` ရှပ် ... ရှပ် ... ရှပ် ... ရှပ် ...´
` ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် ´
` ဖလပ် ... ဖလပ် ... ဖလပ် ... ဖလပ် ´
တံခါးဆွဲဖွင့်သံနောက်က အမျိုးအစားစုံလင်လှတဲ့ ခြေသံတွေနဲ့ အခန်းတစ်ခန်းလုံးရုတ်တရက်ဆူညံသွားတယ်။ အသံတွေ ၀ရုန်းသုန်းကားဝင်လာတော့မှ ခုနက တိတ်ဆိတ်နေတဲ့ တဒင်္ဂလေးရဲ့ လှပမှုကို ကျွန်တော်ခံစားမိလိုက်တယ်။ ဒါပေမယ့် ... အရာရာဟာ နောက်ကျသွားခဲ့ပါပြီ။ ၀င်လာကြသူတွေအားလုံး စားပွဲကြီးကိုဝိုင်းပြီး တစ်ယောက်တစ်နေရာဆီ နေရာယူလိုက်ကြပြီ။ သူတို့တွေ ကျွန်တော့်ကို ၀ိုင်းပတ်ပြီး စနစ်တကျစုစည်းလိုက်ကြပြီ ...။ ရှိနေတဲ့ခုံအရေအတွက်နဲ့ ၀င်လာတဲ့ လူအရေအတွက် အပိုအလိုမရှိကွက်တိဖြစ်နေတာကို ကြည့်ပြီး သူတို့ရဲ့ ကြိုတင်ကြံစည်မှုကို ကျွန်တော်ရိပ်မိလိုက်တယ်။
` အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် ခေါင်းတော့ နဲနဲ မူးတယ်ဗျာ ...´
ဆုံလည်ကုလားထိုင်ကို တစ်ပတ်ပြည့်အောင်လှည့်ပြီး ... ကျွန်တော် သူတို့အားလုံးကို ၀တ်ကျေတမ်းကျေနှုတ်ဆက်လိုက်တယ်။ ကုတ်အင်္ကျီ အနက်ရောင်ကြီးကိုဝတ်ပြီးလည်ပင်းမှာ ကြောင်လျှာသီးကြီးဆွဲထားတဲ့သူတစ်ယောက်က ကျွန်တော့်ကိုစကားစပြောတယ်။ သူ့အသံက လုပ်ယူထားလို့လားမသိဘူး နဲနဲတော့ကီးကြောင်နေတယ်။
` ငါတို့အားလုံးမှာ မင်းကိုမေးစရာမေးခွန်းတွေနဲ့ပြောစရာစကားတွေ အများကြီးပါလာတယ်။ မင်းစိတ်ကိုငြိမ်ငြိမ်လေးထားပြီးနားထောင်ပါ။´
စိတ်ကိုငြိမ်ငြိမ်ထားရမယ်တဲ့ ...။တကယ်တမ်းက စိတ်ကိုအေးအေးထား၊ စိတ်ကိုရှင်းရှင်းထား ဆိုတဲ့စကားလုံးတစ်ခုခုကိုသူသုံးသင့်တယ်။ ထားလိုက်ပါ ... သူ့ကြည့်ရတာ အချို့စကားစုတွေကို အလွတ်ကျက်လာပုံရတယ် ... ကျွန်တော် ခပ်ဖြည်းဖြည်းပဲခေါင်းကိုညိတ်ပြလိုက်တယ်။ ကျွန်တော့်ဆီက တုံ့ပြန်မှုတစ်ခုကိုလဲရရော ခုနကပုဂ္ဂိုလ်က သူ့ဘေးနားကအမျိုးသမီးကို ခင်ဗျားစပြောတော့ ဆိုတဲ့သဘောနဲ့ မေးငေါ့ပြတယ်။အမျိုးသမီးက သူရှေ့မှာရှိတဲ့ဖိုင်တွဲကြီးကို ဖွင့်ပြီးစာရွက်လွတ်တစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့် ဘက်ကိုထိုးပေးပြီး ...။
` ကျေးဇူးပြုပြီး ... လူကြီးမင်းထိုးနေကျလက်မှတ်လေးတစ်ခုကို ဒီစာရွက်ပေါ်မှာထိုးပေးလို့ရမလားရှင် ...´
လက်မှတ် ... ကျွန်တော်ထိုးနေကျလက်မှတ်တဲ့ ... လက်မှတ်ဆိုတာက ... လက်ကနေရေးပေးလိုက်တဲ့အမှတ်အသားတစ်ခုခု ...။ ကျွန်တော် စာရွက်အဖြူပေါ်မှာ ကြက်ခြေခတ်ခပ်ကြီးကြီးတစ်ခုကို ခြစ်ပေးလိုက်တယ်။
`ရော့ ... ဒီမှာ ကျွန်တော့်လက်မှတ် ...။ ကျွန်တော်ထိုးနေကျ ဟုတ်သလား ၊မဟုတ်ဘူးလားဆိုတာတော့ ကျွန်တော်လဲမမှတ်မိတော့ဘူး။´
အဲဒီအမျိုးသမီးက ကျွန်တော်ခြစ်ပေးလိုက်တဲ့ လက်မှတ်ကိုသူ့ဖိုင်တွဲထဲက စာရွက်တွေနဲ့တိုက်ကြည့်ပြီးနှာခေါင်းရှုံတယ် ... ပြီးတော့မှ သူ့မျက်နှာကိုအနိုင်နိုင်ပြင်ပြီး ... ကျွန်တော့်ကို လေပြေလေးနဲ့ပြောတယ်။
`လူတစ်ယောက်ရဲ့လက်မှတ်ဟာ ဘယ်လောက်ထိအရေးပါပြီး၊ အဲဒီအရေးပါမှုဟာဘယ်လောက်ထိ တာသွားတယ်ဆိုတာကို လူကြီးမင်းလဲသိသင့်သလောက်တော့ သိမှာပါ။ အဲဒီတော့ ... ဘာကိုမမှတ်မိတော့ရင်တောင် ကိုယ့်ထိုးမြဲလက်မှတ်ကိုတော့ ကိုယ်ပြန်မှတ်မိ အောင်ကြိုးစားသင့်ပါတယ်..။´
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ် ... သူပြောတာကိုကြားတယ်ဆိုတဲ့သဘောနဲ့ပါ....။ သူကတော့ ကျွန်တော်ခေါင်းညိတ်တာကို ဘယ်လိုယူဆသွားတယ်မသိပါဘူး ... သူ့ရဲ့ဖိုင်တွဲတွေကိုပြန်သိမ်းပြီး ... နောက်တစ်ယောက်ကိုအလှည့်ပေးလိုက်ပါတယ်..။
`အဟမ်း ... အဟမ်း ... အဟမ်း ...´
ချောင်းဟန့်သံက ကျွန်တော့်ရဲ့နောက်ကနေ ပေါ်လာတာနဲ့ ကျွန်တော်လည်း ထိုင်ခုံကို တစ်ပတ်ဆွဲလှည့်လိုက်ရတယ်။ ဒီတခါအလှည့် ကျတဲ့သူက ဂျူတီကုတ်အဖြူရောင်ကို ၀တ်ထားတဲ့ဆရာဝန်ကြီးတစ်ဦးပါ... သူကလည်းကျွန်တော့်ကို သူ့ရှေ့ကစာအုပ်ပုံကြီးနဲ့ဖိုင်တွဲကြီးကိုထိုး
ပြပြီး ...
` ဒီစာအုပ်တွေက အတိတ်မေ့ဝေဒနာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ငါရှာဖွေထားတဲ့စာအုပ်တွေပဲ ... ဒါတွေအားလုံးကိုလဲငါကျေနပ်တဲ့အထိအပြန်ပြန်အလှန်လှန်လေ့လာခဲ့ပြီးပြီး ...။ ဒီဖိုင်တွဲထဲမှာက ဒီနိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ဝေဒနာရှင်အားလုံးရဲ့ မှတ်တမ်းတွေပဲ..အဲဒါတွေကိုလဲ ငါအဖန်ဖန်အခါခါ စမ်းစစ်ခဲ့ပြီးပြီ။ အဲဒီလို စမ်းစစ်လေ့လာခဲ့အပြီးမှာ ငါတွေ့ရှိလိုက်တာက မင်းမှာ အတိတ်မေ့ဝေဒနာ မရှိဘူး ဆိုတာပဲ...။ ဖြစ်ခြင်းဖြစ် မင်းခံစားနေရတာဟာ စိတ်ဝေဒနာတစ်ခုပဲ ဖြစ်လိမ့်မယ်။´
` ဖြစ်နိုင်ပါတယ်...အများကြီး ဖြစ်နိုင်တယ်´
ကျွန်တော်က သူ အချက်အလက် ခိုင်ခိုင်မာမာနဲ့ တင်သွင်းလိုက်တဲ့ အဆိုပြုချက်ကို ရုတ်တရက်ကြီး ငြင်းလိုက်ရင် သူ ရှက်သွားမှာ စိုးတာနဲ့ သူကျေနပ်အောင် ထောက်ခံလိုက်တာပါ။ ဒါပေမယ့် ... အဲဒီလူက ကျွန်တော့်ရဲ့အသံကိုလည်း ကြားပြီးရော...နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ...
` ရူးနေတဲ့သူက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ရူးနေတယ်လို့ မပြောဘူးကွ...။ အဲဒီတော့ မင်းခံစားနေရတာ စိတ်ဝေဒနာလည်း မဖြစ်နိုင်တော့ပြန်ဘူး ...။ ´
အဲဒီလူက သူ့ရှေ့မှာရှိတဲ့ စာအုပ်အထူကြီးတွေကို တဖျပ်ဖျပ်လှန်ပြီး အလုပ်တွေရှုပ်နေတာနဲ့ ကျွန်တော်လည်း အလိုက်တသိပဲ ထိုင်စောင့်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ...
` ဆရာဝန်ကြီး ရောဂါဝေဒနာတွေ ရှာဖွေနေတုန်း ကျွန်တော် တစ်ခုလောက် ပြောချင်ပါတယ်...´
အသံက နောက်ဘက်က ပေါ်လာတာနဲ့ ကျွန်တော် ထိုင်ခုံကို တစ်ပတ်ပြန်လှည့်လိုက်ရတယ်။ နည်းနည်းမူးလာသလို ... ကျွန်တော် နည်းနည်းလည်း ညစ်လာတယ်...။
` ဒါက ဒီက လူကြီးမင်းရဲ့ ဆွေစဉ်မျိုးဆက်ဇယားနဲ့ ထူးခြားဖြစ်စဉ်တွေပါ...။ လူကြီးမင်းရဲ့ အဘိုးတော်သူဟာ တစ်ခါတုန်းက သူနေထိုင်တဲ့ရွာမှာ အကြွေးပတ်လည်ဝိုင်းပြီး မဆပ်နိုင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်သွားတာ သေတဲ့အထိပါပဲ။ ဒီလူကြီးမင်းရဲ့ ဖခင်ဖြစ်သူဟာလည်း ကုမ္ပဏီတစ်ခုမှာ ငွေအလွဲသုံးစားမှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ ရာဇ၀င်ရှိပါတယ်...။ နောက်ပြီး...ဒီလူကြီးမင်းရဲ့ အစ်ကိုတော်သူဟာလည်း သူ့ရဲ့ ကုမ္ပဏီကို ဒေ၀ါလီခံရကိန်း ရှိနေပါတယ်...။ ကျွန်တော် အခု တင်ပြတဲ့ အချက်အလက်တွေကို ထောက်ရှုခြင်းအားဖြင့် ဒီလူကြီးမင်းရဲ့ အခြေအနေကို အားလုံး အကြမ်းဖျဉ်း ခန့်မှန်းကြည့်လို့ ရနိုင်မယ် ထင်ပါတယ်။ ´
အဲဒီလူက သူ့ရဲ့ တင်ပြချက် အဆုံးမှာ စားပွဲဝိုင်းထဲက လူအားလုံးကို ဘယ်လိုသဘောရသလဲ ဆိုတဲ့ သဘောနဲ့ ဝေ့ကြည့်ပါတယ်။ အားလုံးကလည်း သူ့အလိုကျ ခေါင်းတွေကို ခပ်သွက်သွက် ငြိမ့်ပြကြတယ်။
` ခင်ဗျားက သင်္ချာနဲ့ ကျောင်းပြီးထားတာနဲ့ တူတယ် ... နောက်ပြီး ... နှစ်လုံးတို့၊ သုံးလုံးတို့ တွက်တာလည်း ၀ါသနာကြီးပုံ ရတယ်နော် ...´
ကျွန်တော်က အဲဒီလို ပြောလိုက်တော့ သူ ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး ပြန်ထိုင်သွားပါတယ်...။ ကျွန်တော်ကသာ လူတစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တော့ သူ့ရဲ့ သုံးသပ်ချက်က မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်...။ အခုတော့ ကျွန်တော်က လူတစ်ယောက်၊ ဒီထက်ပိုပြီး တိတိကျကျ ပြောရရင် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်ဖြစ်နေတယ် ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ သူ့တင်ပြချက်တွေကို ကျွန်တော် ချေဖျက်ပစ်လို့ ရပါတယ်။ ဒါပေမယ့် ... ကျွန်တော် ဘာမှ ဆက်မပြောဖြစ်ခဲ့ပါဘူး...။ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ကို ကိုယ်လိုရာ ဆွဲတွေးပြီး စိတ်တိုင်းကျ ဖွင့်ဆို လက်ခံပစ်လိုက်ဖို့ ၀န်မလေးတဲ့သူတွေရဲ့ အလယ်မှာ စကားများများပြောဖို့ ကျွန်တော့်မှာ ဆန္ဒမရှိပါဘူး...။
` ကျွန်မကတော့ ရှင်းရှင်းပဲ ပြောပါမယ်...။ကိုမင်းဝေရဲ့ ကုမ္ပဏီက ကျွန်မတို့ရဲ့ ကုမ္ပဏီကနေ ပစ္စည်းတွေ ယူထားတာ သိန်း ၅၀ ဖိုးလောက် ရှိပါတယ်...။ ဒါတွေကတော့ ... ယူထားတဲ့ ပစ္စည်းစာရင်းနဲ့ ကာလတန်ဖိုးပေါက်ဈေးတွေကို တွက်ထားတဲ့ စာရင်းတွေပါ...။ ကိုမင်းဝေ မမှတ်မိတော့မှာ စိုးရိမ်လို့ ကျွန်မ သတိပေးတာပါ... ´
အသက် ၂၈နှစ် ၀န်းကျင်လောက်သာ ရှိသေးတဲ့ အဲဒီ မိန်းကလေးကို ကျွန်တော် သေသေချာချာ ကြည့်ပြီး ပြုံးလိုက်မိတယ်။
` ကျွန်တော့်ကို မှတ်မိအောင် သတိပေးချင်တာ ဒီတစ်ခုတည်းပဲလား ... နောက်ထပ်များ တစ်ခုခု ရှိသေးသလား ဆိုတာ ညီမအစ်ကိုကို ပြန်မေးကြည့်ပါဦး ...´
` မရှိတော့ပါဘူး ... ဒီတစ်ခုတည်းပါပဲ ... ´
ကျွန်တော် မမှားဘူးဆိုရင် အဲဒီ မိန်းကလေးရဲ့ အစ်ကို ဒီလုပ်ငန်းကို စလုပ်တုန်းက ကျွန်တော့်ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်း ပါပါတယ်။ နောက်ပြီး ကျွန်တော်က အကျိုးအမြတ်ကို ပြန်ထုတ်လေ့မရှိတာကြောင့် သေသေချာချာသာ ပြန်တွက်ကြည့်ရင် သူတို့ရဲ့လုပ်ငန်းထဲမှာ ကျွန်တော့်ရှယ်ယာဟာ အခုလောက်ဆို ငါးဆယ်ရာခိုင်နှုန်းလောက် ရှိနေပါပြီ။ ဒါကို ဒီမိန်းကလေး တကယ်ပဲ မသိတာလား ဒါမှမဟုတ် ဒီအကြောင်းတွေတော့ ကျွန်တော့်ကို ပြန်မမှတ်မိစေချင်တာပဲလား ဆိုတာ သူမကိုယ်တိုင်ပဲ သိမှာပါ။
`ဒီလိုရှိပါတယ် ... ကိုမင်းဝေ...။ ခင်ဗျားရဲ့ကျန်းမာရေးကိုကျွန်တော်တို့အားလုံး သိပ်စိုးရိမ်နေကြတယ်။ ခင်ဗျားမှာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတာဝန်တွေလည်း အများကြီးရှိသေးတယ်။ အဲဒီတော့ခင်ဗျား အမြန်ဆုံးနေပြန်ကောင်းလာမှဖြစ်မှာပါ ...။ လူနဲ့လူ့အသိုင်းအ၀န်း ရဲ့ဆက်နွယ်နေမှုကို လျစ်လျူရှူပြီး ခင်ဗျား ဒီအတိုင်းကြီး အားလုံးကိုမေ့ပစ်လိုက်လို့မရပါဘူး ...။´
ဒီအသံက ကျွန်တော်တရင်းတနှီးကိုကြားဖူးနေကြအသံပါ ... သေသေချာချာစဉ်းစားကြည့်တော့မှ ကျွန်တော်နဲ့နှစ်အတော်ကြာအလုပ် တွဲလုပ်ဖူးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အသံမှန်းသိလိုက်ရတယ် ... အနောက်ဘက်ကထွက်လာတဲ့ အဲဒီစကားသံကို ... တုန့်ပြန်ဖို့ ကျွန်တော် ထိုင်ခုံကို တစ်ပတ်လှည့်ချင်စိတ်တောင်မရှိတော့ဘူး ... အဲဒါကြောင့်လည်းကျောခိုင်းနေရင်းကပဲ အဲဒီလူကို ကျွန်တော်ပြန်မေးလိုက်ပါတယ်။
`ခင်ဗျား ကျွန်တော့်ကိုတကယ်ပဲ အားလုံးကိုပြန်သတိရစေချင်တာလား ...။ ဒါမှမဟုတ် ... သက်သေသာဓက ခိုင်ခိုင်လုံလုံရှိနေတဲ့ ... စာရွက်စာတမ်းပေါ်ကကိစ္စတွေကိုပဲရည်ရွယ်ပြောနေတာလား ...´
ကျွန်တော်မှတ်မိသလောက်ဆိုရင်တော့ စာရွက်စာတမ်းနဲ့မဟုတ်ပဲ ယုံကြည်မှုတစ်ခုနဲ့ကျွန်တ်ာသူ့ကို ပေးခဲ့၊ချေးခဲ့ဖူးတဲ့ငွေပမာဏဟာ သူ့ရှေ့မှာချထားတဲ့စာရွက်စာတမ်းတွေထဲက ကျွန်တော်ကသူ့ကိုပေးစရာ ရှိတယ်ဆိုတဲ့ ပမာဏရဲ့သုံးဆနီးပါးလောက်ရှိပါတယ်၊ တကယ်တမ်းကျတော့ ကျွန်တော်က မေ့ချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး ... သူတို့တွေကသာပါးပါးနပ်နပ်နဲ့ မေ့ချင်တာကိုမေ့၊ သတိရချင်တာကိုသတိရဖြစ်နေကြတာပါ...။ ကျွန်တော်သူတို့တွေဆက်ပြောကြမယ့်စကားတွေကို ဆက်ပြီးကြားချင်စိတ်မရှိတော့ပါဘူး...။ ဒီလူတွေဆီကို ကျွန်တော်မလာခင်တုန်းက ကြိုသောက်ထားတဲ့ ဆေးရဲ့တန်ခိုးကလဲပြနေပါပြီ။
ဒီကိစ္စကိုမြန်မြန်အဆက်ဖြတ်မှဖြစ်မယ်လို့ ကျွန်တော်တွေးမိလိုက်တယ် ... အဲဒါနဲ့ ကျွန်တော်လည်းအားလုံးရဲ့ပါးစပ်ပေါက်တွေကို.. ရုတ်တရက်ရပ်တန့်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ထရပ်လိုက်ပါတယ်။
`ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုစိုးရိမ်နေကြပေမယ့် ... ကျွန်တော်ကံမကောင်းခဲ့ပါဘူး ... ကျွန်တော်ကမကြာခင်သေရတော့မှာပါ...။ အခုအချိန်မှာ ... ကျွန်တော်အားလုံးကိုတကယ်မေ့နေပါတယ်...။ ဒါကိုခင်ဗျားတို့မယုံရင်တော့လည်း ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး ... ဒါပေမယ့် စိတ်ချပါ ... ခင်ဗျားတို့တွေကို ... ကျွန်တော်ကသာအမှန်တကယ်... ပေးဆပ်စရာတွေရှိနေတယ်ဆိုတာသေချာရင် ... ကံကြမ္မာဆိုတဲ့ တရားသူကြီးကငြိမ်နေမှာမဟုတ်ပါဘူး ... သံသရာရဲ့တကွေ့ကွေ့မှာ ... တစ်စုံတရာသောပုံသဏ္ဍာန်တွေ အဖြစ်နဲ့ပြန်တွေ့ကြဦးမှာပါ...။ အဲဒီအခါကျမှ အဲဒီ့ကိစ္စတွေရှင်းကြတာပေါ့ဗျာ ...။ အခုတော့ အားလုံးကို ကျွန်တော်နှုတ်ဆက်ပါတယ် ... ကျွန်တော်သွားတော့မယ် ...။´
စကားဆုံးဆုံးခြင်းမှာပဲ ... ကျွန်တော်လဲကျသွားတယ် ...။အားလုံးပြာယာခတ်ပြီး ... ကျွန်တော့်ကို ဆေးရုံပို့ဖို့ပြင်ကြတယ်။ ဆေးရုံရောက်လို့ ကျွန်တော် အသက်မရှိတော့ဘူးဆိုတာကို သိသိခြင်း သူတို့တွေ ကျွန်တော်ပိုင်တဲ့ ခြံဝန်းနဲ့ အိမ်ကြီးဆီကို သွားကြလိမ့်မယ်...။ အဲဒီမှာ ... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို လွှဲပြောင်းလှူဒါန်းထားတဲ့ စာချုပ်လေးကို ကိုင်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးကို သူတို့ တွေ့ကြရလိမ့်မယ်။ အဲဒီအခါ သူတို့ ဘာတွေဆက်ဖြစ်ကြမလဲ...။ အဲဒါကိုတော့ ကျွန်တော် မသိတော့ပါဘူး ...။ ကျွန်တော်ကတော့ မနက်ဖြန်မနက်မှာ မင်းဝေလို့ အမည်ရခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ ဈာပနကို တခြားအမည်နာမတစ်ခုနဲ့ ကျွန်တော်ကိုယ်တိုင် လိုက်ပို့မယ် ...။ ပြီးတော့ ... ပြီးတော့ ... ပြီးတော့ ... ။ ။


နေဘုန်းလတ်

3 comments:

MELODYMAUNG said...

အမှန်တကယ်... ပေးဆပ်စရာတွေရှိနေတယ်ဆိုတာသေချာရင် ... ကံကြမ္မာဆိုတဲ့ တရားသူကြီးကငြိမ်နေမှာမဟုတ်ပါဘူး ... သံသရာရဲ့တကွေ့ကွေ့မှာ ... တစ်စုံတရာသောပုံသဏ္ဍာန်တွေ အဖြစ်နဲ့ပြန်တွေ့ကြဦးမှာ
ဆိုတဲ့ အတွေးလေးကြိုက်တယ် အဲဒီသဘောလေးကို တ၀က်တပျက်မေ့ချင်ယောင်ဆောင်တဲ့သူတွေ သိနားလည်သင့်ပါတယ်။ ဒီပို့စ်လေးလဲ ကောင်းပါတယ် :)

သန့်ဇော်မင်း said...

ဟုတ်တယ်ဗျို့.. ကောင်းတယ်.. ဒီဝတ္ထုတိုလေး..
"... စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ကို ကိုယ်လိုရာ ဆွဲတွေးပြီး စိတ်တိုင်းကျ ဖွင့်ဆို လက်ခံပစ်လိုက်ဖို့ ၀န်မလေးတဲ့သူတွေရဲ့ အလယ်မှာ စကားများများပြောဖို့ ကျွန်တော့်မှာ ဆန္ဒမရှိပါဘူး... " အဲဒါလေးကို တော်တော်ကြိုက်ပါတယ်ဗျို့...

tzm

Zin Ko Latt said...

ငါမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဘာတဲ့.... နေဘာလတ်ဆိုလား။ တ၀က်တပျက်ပဲ မှတ်မိတယ်ကွာ